Friday, February 29, 2008

အလှည့်ကျ မနွဲ့ကြသူများ

အောင်မော်ဦး
၂၀၀၈ ဖေဖော်ဝါရီ ၉
ရွက်မွန်

စစ်အစိုးရက လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ်တရပ် ကျင်းပပြုလုပ်မည်ဟု ဆိုင်းမဆင့်ဗုံမဆင့် ထုတ်ပြန်ကြေညာ လိုက် သည်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုမှု ကာလအတန်အသင့် ရလာချိန်တွင်မှ ဤသို့သော (သို့မဟုတ်) ဤသည်နှင့် အလားသဏ္ဌာန်တူသော အချိုးအကွေ့မျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟူ၍ မယုံရဲရဲ ထင်ထားမိ သည်။ ဖြစ်ကား ဖြစ်၏။ သို့သော်ငြား ဖြစ်စဉ်သည် မူမမှန်။ ကုန်းအမြင့်ကြီးကို လီဗာကုန်နင်း၍ ဇွတ်တက်နေသည့် ကားတစီးနှယ်။

ဤအချိန်၊ ဤကာလ၊ ဤအခြေအနေတွင်မှ ကောက်ခါငင်ကာ ပြုလုပ်မည့် “လူထုဆန္ဒခံယူပွဲ”နှင့် “ရွေးကောက်ပွဲ”ဟူသည့် ကိစ္စနှစ်ခုကို ခေါင်းထဲထည့်ရသည်မှာ တော်တော်တော့ အူတူတူနိုင်လှသည်။ လူထုဆန္ဒခံယူပွဲဆိုသည်နှင့်ပတ်သက်၍ လူထု ဆီက ဘာဆန္ဒကိုများ ခံယူဦးမလို့ပါလဲဟု စဉ်းစားကြည့်မိသည်။ မုန့်လုံးစက္ကူကပ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးနှင့် လမ်း ပျောက်မြေပုံ (၇) ချက်ကို “ထောက်ခံပါသည်ခင်ဗျား”၊ “ထောက်ခံပါသည်ရှင့်”ဟူသည့်အသံကို ရယူဖို့ပဲဖြစ်ဖို့ များသည်။

လူထုဆန္ဒခံယူပွဲ

လူအများသည် ကိုယ့်ထမင်းထုပ်ကိုယ်ပိုက်၍ နေပူကျဲတဲ ကွင်းပြင်ကြီးငယ်များထဲတွင် ငုပ်တုတ်ထိုင်၍ ပြောသမျှကို အောင့်အီး နားထောင်ပေးရမည်။ ရှေ့ကတိုင်ပေးလျှင် စိတ်မပါ့တပါနှင့် လိုက်အော်ပေးရမည်။ အလိုတော်ရိများ၏ မျက်မုန်းကျိုးဘွယ် ဖော်လံဖားမှုနှင့် သတင်းပေးများ၏ မျက်စိဒေါက်ထောက်ကြည့်နေမှုများကို အံကြိတ်၍ ငုံ့ခံကြရမည်။ ဘယ်ရပ်ကွက်၊ ဘယ် မြို့နယ်၊ ဘယ်တိုင်း၊ ဘယ်ပြည်နယ် ... စသဖြင့်မှ တက်ရောက်သူ စုစုပေါင်း xxxxxx ဦး၏ တခဲနက် ထောက်ခံမှုကို ရရှိပါ သည်ခင်ဗျား ဟူသည့် အစီရင်ခံစာများအား ရုပ်မြင်သံကြားမှ နေ့စဉ်နှင့်အမျှ ထုတ်လွှင့်နေသည်ကို စိတ်မသက်မသာဖြင့် ကြည့်ကြရမည်။ ဆိုရလျှင် နီးရာဓားများ ၀င်းကနဲ၊ လက်ကနဲ ပြိုးပြက်နေသည့် နေ့ရက်များပင်။

လူထုဆန္ဒအမှန် (တောင်းဆိုသံများ) ကို နားနှင့်ဆတ်ဆတ် မကြားဝံ့၊ လူထုဆန္ဒအမှန် (ရေးသားဖော်ပြချက်များ) ကို မျက်စိ နှင့် တပ်အပ်မမြင်ရဲကြသူတို့က လူထုဆန္ဒခံယူပွဲ လုပ်မည်ဟုဆိုသဖြင့် ရယ်ချင်ပါလျှက် အောင့်ထားရသည့် ဒုက္ခကို အားလုံး လိုလို ခံစားကြရမည် ထင်သည်။ ကျနော့်အထင် တကဲ့လူထုဆန္ဒအမှန်မှာ “မောင်မင်းကြီးသားတို့ရယ် တော်ကြပါတော့ တိုင်း ပြည်ကြီး ချောက်ထဲကျရင်လည်း ကျပါစေတော့ အနစ်နာခံပြီး ကိုယ်ကျိုးစွန့်ပြီး ကယ်မနေကြပါနဲ့တော့ ရွှေနိုင်ငံကြီး လည်း မဖြစ်ချင်ကြပါနဲ့တော့ အနန္တော အနန္တငါးပါးထဲ တပ်မတော်ကို တပါးတိုးပြီး ထည့် မရှိခိုးပါရစေနဲ့ကွယ်” ဟူ၍ ဖြစ်နေမည်လား မပြောတတ်။ သေချာသည်မှာ ထောက်ခံပွဲမှ အော်သံများသည် ရင်ဘတ်ထဲမှ လာခြင်းမဟုတ်။

အကယ်၍ ရုပ်မြင်သံကြား သို့မဟုတ် ရေဒီယိုမှနေ၍ လမ်းပြမြေပုံ (၇) ချက်ကို ထောက်ခံလျှင် တတိုင်းတပြည်လုံး တိတ်တိတ် နေ၍၊ မထောက်ခံလျှင် သံပုံးတီးပါဟု ကြေညာသည်ဆိုပါစို့။ အဲသည် တိုင်းပြည်ကြီး အသံတိတ်နေမည်ဟု ကျနော်မထင်။ ဤအချက်ကို စစ်အစိုးရက မလုပ်လျှင် ကျနော်တို့က လုပ်ရပေမည်။ မြန်မာ့အသံမှ မလွှင့်လျှင် ဘီဘီစီမှ လွှင့်မည်၊ ဒီဗွီဘီမှ လွှင့်မည်၊ အာရ်အက်ဖ်အေမှလွှင့်မည်၊ ဗွီအိုအေမှလွှင့်မည်။ လူထုသည် နေ့ဘက်တွင် မတက်မနေရဟု အကျပ်ကိုင်သည့် ဆန္ဒခံယူပွဲများသို့ တက်၍၊ ညဘက်တွင် သံပုံးတီးခြင်းဖြင့် သူတို့၏ ဆန္ဒအမှန်ကို ဖော်ထုတ်နိုင်ပေသည်။ ဘာမျှရေးမထား သည့်၊ မည်သည့်သင်္ကေတမျှမပါရှိသည့် ဗလာစက္ကူများ (ဥပမာ-အ၀ါရောင်) ကို အပိုင်းငယ်လေးများဖြဲ၍ လမ်းများ ပေါ်တွင် ပြန့်ကျဲနေစေခြင်းဖြင့်လည်း ဆန္ဒအမှန်ကို ဖော်ထုတ်နိုင်သည်။ အခြားနည်းလမ်းများဖြင့်လည်း ဖော်ထုတ် နိုင်သေးသည်။

ရွေးကောက်ပွဲ

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးမျိုးသော ထင်မြင်ချက်များ၊ တုန့်ပြန်ချက်များ၊ တောင်းဆိုချက်များ၊ စိုးရိမ်ချက်များ စသဖြင့် အသီးသီးအသက ရှိကြပေမည်။ ဆိုကြပါစို့။ ဒါဆိုရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကြီးကို ဘယ်နားသွားထားရမလဲ၊ ဒီရွေးကောက်ပွဲက ၁၉၉၀ ရွေးကောက်ပွဲလို လွတ်လပ်ပြီး တရားမျှတမှု ရှိပါ့မလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရော ၀င်ရောက် ယှဉ်ပြိုင်မှာလား၊ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေး၍ မဲဆွယ်စည်းရုံးခွင့် ပေးမည်လား၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ လုံလောက်သည့် ကိုယ်စားလှယ်အရေအတွက် ရှိပါရဲ့လား၊ အခြားအတိုက်အခံပါတီတွေကိုရော ယှဉ်ပြိုင်ခွင့် ပြုမှာ လား … စသည်ဖြင့် လားပေါင်းများစွာ ရှိကြမည့်သူများထဲ၌ ကျနော်လည်း အပါအ၀င်ဖြစ်သည်ဟု ဆိုချင်သည်။

၁၉၉၀ ရွေးကောက်ပွဲကာလက ကျနော်တို့သည် မွန်ပြည်နယ်၊ ရေးဒေသ စစ်မျက်နှာဘက် စည်းရုံးရေးစစ်ကြောင်း ထွက်ခဲ့ ကြသည်။ နေ့စဉ်နှင့်အမျှ ရွေးကောက်ပွဲ သတင်းများကို ရေဒီယိုမှ ကြားနေရသည်။ NLD အသာရလာနေသည်ကို ကြိတ်၍ ပျော်နေသည်။ ကျနော်တို့က ကျေးရွာများ၌ လူထုဟောပြောပွဲများ လှည့်လည်ပြုလုပ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြရန် တိုက်တွန်းခြင်းဟုပြောလျှင် ပိုမှန်သည်။ ကျေးလက်တောသူတောင်သား လယ်သမားများဖြစ်ကြသဖြင့် ဒေါ် အောင်ဆန်းစုကြည်၏ အမည်ကို ပါးစပ်မှပြော၍ လက်မှ NLD ၏သင်္ကေတ “ခမောက်”ကို ထောင်ပြရသည်။ ကျနော်တို့ ခေါင်း တွင် ဆောင်းထားသည့ှ် စစ်ဦးထုပ်ကိုချွတ်၍ ခမောက်ဆောင်းပြီး တရားဟောကြရသည်။ ကျနော်တို့က တတိုင်း တပြည်လုံး လူထုလက်ခုပ်သံဖြင့် သောသောညံစေရမည်ဟုပြောသည်ကို မွန်တပ်မှူးကလည်း အားကျမခံ ဟောဒီ ရေးခွင် တကြောမှာ အမြောက်သံ၊ ဗုံးသံတို့ဖြင့် သောသောညံစေရမည်ဟု ပြောသည်။ ဤသို့ပင် ဆိုရခြိမ့်မည်။ အဘယ့်ကြောင့်မူ ကျနော်တို့သည် တပ်ပေါင်းစုဖြင့် အောင်ပွဲခံရေးမူကို ကိုင်စွဲ၍ ချီတက်နေကြသူများ မဟုတ်ပါ၏လော။

လူထုသည် သူ့တာဝန် သူကျေပွန်ခဲ့သည်။ သူပါဝင်ရမည့်အခန်း၌ အင်တိုက်အားတိုက် ပါဝင်ခဲ့သည်။ သို့ဖြင့် NLD အပြတ် အသတ်နိုင်၍ “တစည” ခွက်ခွက်လန်အောင် ရှုံးတော့သည်။ သို့သော် ထိုစဉ်က ပျော်ခဲ့ကြ၊ အောင်ပွဲခံခဲ့ကြခြင်း များသည် ရေပွက်ပမာ။ ဆောင်းအိပ်မက်နှယ် ပျယ်လွင့်ခဲ့ရသည်။ ခုဆိုလျှင် ဤအနိုင်နှင့် ဤအရှုံးသည် နှစ်ပေါင်း (၂၀) ကြာခဲ့ပြီ ဖြစ် သည်။ မည်သူမျှ (တကယ်) မပျော်ကြရ၊ မည်သူမျှ (တကယ်) အောင်ပွဲမခံကြရ။ သို့ဆိုလျှင် ကျနော်တို့၏ အောင်ပွဲကို (အစစ် အမှန် ဟုတ်သည် မှန်သော်ငြား) မည်သို့သော အောင်ပွဲမျိုးဟု ဆိုရပါမည်နည်း။

ကျနော်တို့၏အောင်ပွဲကို “တဘက်က လုံးလုံးနိုင်၍၊ တဘက်က လုံးလုံးရှုံးသည့်အောင်ပွဲ”မျိုးဟု အဓိပ္ပာယ်ဖွင့်လျှင် ရမည်ထင် သည်။ ဤရလဒ်ဖြင့် အနှစ် (၂၀) ကြာခဲ့သည်။ ယခုတခါ ရာဇ၀င်ဘီးသည် တကျော့ပြန်လည်လာသည်။ လူထုသည် သမိုင်း ကိုဖန်တီးသူများဖြစ်သဖြင့် ဤအကြိမ်တွင်လည်း လူထုပင်လျှင် အောင်ပွဲရရှိပေလိမ့်ဦးမည်။

သို့သော် ယခုတကြိမ်ရရှိမည့်အောင်ပွဲသည် ရှေးနည်းတူ “တဘက်က လုံးလုံးနိုင်၍၊ တဘက်က လုံးလုံးရှုံးသည့် အောင်ပွဲ” မျိုးပင် ဖြစ်လိမ့်ဦးမည်လော (သို့မဟုတ်) ဖြစ်သင့်ပါ၏လော။ အကယ်၍ ဖြစ်ခဲ့လိမ့်ဦးမည်ဆိုလျှင် ……………။

အပြောင်းအလဲကား အပြောင်းအလဲလိုသူတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဆိုက်ရောက်လာခဲ့ချေပြီ။ ထူးခြားသည်မှာ ပြင်ဆင် ချိန် (၂) နှစ်သာသာခန့် ရရှိသည့်အချက်နှင့် အဖိုးတန်လှသည်မှာ အပြောင်းအလဲ လိုလားသူတို့ကိုယ်တိုင် အပြောင်းအလဲ ဖြစ်စဉ်၌ ပါဝင်ခွင့် ရရှိကြခြင်းပင်ဖြစ်သည်။ နိုင်ငံ၏အနာဂတ်ကို နိုင်ငံသားများက ပြဌာန်းခွင့်ရရှိကြခြင်း။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ခြင်း (သို့) ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုပိုမိုထားရှိခြင်းဖြင့် ကောင်းသည့်အကျိုးရလဒ်များ မုချခံစားရရှိနိုင်ပေသည်။ သံဃာနှင့် စစ်တပ်အကြား၊ လူထုနှင့် စစ်တပ်အကြား၊ အတိုက်အခံများနှင့်စစ်တပ်အကြား၊ တိုင်းရင်းသားများနှင့် စစ်တပ်အကြား၊ နိုင်ငံတကာအစိုးရများနှင့် စစ် အစိုးရအကြား အပြုသဘောဆောင်သည့် နားလည်မှုများ ယခင်ကထက် ပိုမိုတည်ဆောက်နိုင်ပေလိမ့်မည်။

လက်ရှိ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဖယ်၍စဉ်းစားခြင်းနှင့် စစ်တပ်၏ အခန်း ကဏ္ဍကို ဖယ်၍စဉ်းစားခြင်းသည် ရှောင်လွှဲအပ်သည့် အစွန်းနှစ်ဘက်ဟု ထင်မိသည်။ ထို့အတူ အထူးအရေးပါသည့် တိုင်းရင်း သားများ၏ အခန်းကဏ္ဍကို ဖယ်၍စဉ်းစားလျှင်မူကား အဖြေမှန်နှင့် ဝေးရရုံမျှမက မမှားသင့်သည့် အမှားတခုပင် ကျူးလွန်ရာ ရောက်ပေဦးတော့မည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားညီညွတ်ရေးတို့နှင့် ဝေးရချေဦးတော့မည်။

ဤနေရာ၌ လူထုခေါင်းဆောင်နှင့် လူထု၏ အခန်းကဏ္ဍသည် အထူးအခရာကျစွာဖြင့် ရှေ့တန်းရောက်လာရတော့သည်။ လူထု ခေါင်းဆောင်၏ဆန္ဒနှင့် လူထု၏ဆန္ဒတို့ တထပ်တည်းကျမှု၊ တသဘောတည်းဖြစ်မှု၊ ရှေ့နောက်ဟန်ချက်ညီမှုတို့ သည် သမိုင်းအား ကြေကွဲဖွယ် ပုံဖော်လေမည်လား (သို့တည်းမဟုတ်) ကြည်နူးဖွယ် ပုံဖော်လေမည်လား မပြောတတ်။

လွန်ခဲ့သည့် အနှစ် (၂၀)ကကဲ့သို့ “တဘက်က လုံးလုံးနိုင်၍၊ တဘက်က လုံးလုံးရှုံးသည့်” ရလဒ်မျိုး မဖြစ်စေရုံမျှမက၊ တိုင်း ပြည်အခြေအနေနှင့်ကိုက်ညီ၍ သင့်တင့်မျှတသည့် ရလဒ်မျိုးထွက်ပေါ်လာစေရန်အတွက် စစ်အစိုးရအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် ကြိုတင်ညှိနှိုင်းမှုများ၊ သဘောတူညီမှုများ ပြုလုပ်သင့်သကဲ့သို့၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုနှင့် စကားပြောခွင့်ပေးသင့်သည်။ ပြင်ပသို့ထွက်၍ နယ်လှည့်စကားပြောခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အတွက် (လောလောဆယ်၌) အခက်အခဲရှိမည်ဆိုလျှင် ရုပ်မြင်သံကြားမှတဆင့် (နေ့စဉ်နေ့တိုင်း) လူထုနှင့် ပုံမှန် စကားပြောနိုင်ရန် စီစဉ်ပေးသင့်သည်။ ထိုမှ လူထုကြားလှည့်လည် စကားပြောခွင့် ပေးသင့်သည်။

သို့မှသာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တလျှောက်လုံးကိုင်စွဲလာခဲ့သည့် “အာဃာတကင်းစင်ရေးနှင့် သင်ပုန်းချေရေး” အယူအဆတို့ကို လူထုအကြားပျံ့နှံ့အောင် ရှင်းလင်းတင်ပြနိုင်မည်ဖြစ်ပေသည်။ ထို့ပြင်တ၀ မကြာသေးမီက ပြောင်းလဲ ကိုင်စွဲခဲ့သည့် “ပူးပေါင်းဆောင်ရွက်ရေး” အယူအဆအားလည်း လူထုများနှင့် အတိုက်အခံများကိုတင်မက တပ်မတော် အတွင်းရှိ တပ်မှူးတပ်သားမိသားစုများအကြားတွင်ပါ အကျယ်အပြန့်သိရှိစေရေးအတွက် ရှင်းလင်းတင်ပြနိုင်ပေလိမ့်မည်။

“တဘက်က လုံးလုံးနိုင်၍၊ တဘက်က လုံးလုံးရှုံးသည့်” ရလဒ်သည် မြန်မာပြည်နိုင်ငံရေးပဋိပက္ခ၏ တခုတည်းသော အဖြေ ဖြစ်သည်ဆိုလျှင် နောင်အနှစ် (၂၀) ကို ပုံဖော်ကြည့်ကြစေချင်သည်။

အောင်မော်ဦး
ဖေဖော်ဝါရီ၊ ၉၊ ၂၀၀၈။

Read More...

လူထု ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် အစီအစဉ် ပြန်ပြင်ရန် အကြံပြု

လူထု ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် အစီအစဉ် ပြန်ပြင်ရန် နအဖ ကို ၀ါရင့်နိုင်ငံရေးသမားကြီးများ အကြံပြု
၂၀၀၈ ဖေဖော်ဝါရီ ၂၁
ဆုံဆည်းရာဘလော့ဂ်

လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် ပြုလုပ်မည့် အစီအစဉ်တို့ကို ပြန်လည်စဉ်းစားပြုပြင်ရန် နအဖ စစ်အစိုးရကို ၀ါရင့်နိုင်ငံရေးသမားကြီးများက တိုက်တွန်းလိုက်သည်။

ထိုအစီအစဉ်များသည် နိုင်ငံတကာ၏ တိုက်တွန်းချက်များနှင့် လူထု၏ မျှော်လင့်ချက်များကို လျစ်လျူရှုကာ စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် အချိန် (၂) လကျော်သာ ကျန်ရှိပြီး လူထုလက်ဝယ်သို့ ဖွဲ့စည်းပုံမူကြမ်း ရောက်ဘဲ ဖြစ်နေသည်မှာ အတင်းအကျပ် ဆောင်ရွက်သလို ဖြစ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သည့် ၀ါရင့်နိုင်ငံရေးသမား ကြီးများ၏ အကြံပြုစာ၌ ပါရှိသည်။

အဆိုပါစာ၌ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေက “အတင်းအကျပ် အလျင်စလို ဆောင် ရွက်ခြင်းဖြင့် အနာဂတ် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးမရှိရုံမက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အမျိုးသား သွေးစည်း ညီညွတ်ရေးလည်း မတည်ဆောက်နိုင်၊ ငြိမ်းချမ်း မှုနှင့် တည်ငြိမ်မှုလည်း မရနိုင်၊ တွေ့ကြုံရင်ဆိုင်နေရသော စီးပွားရေး၊ လူမှုရေး၊ အခက်အခဲ အကျပ်အတည်းများကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေ ရမည့် နိုင်ငံအဖြစ်သို့ ကျရောက်နိုင်သည့် အကြောင်းများကြောင့် အလေးအနက်ထားစဉ်းစားကာ ပြုပြင်ပြောင်းလဲနိုင်ပါရန် မေတ္တာစေတနာဖြင့် ပန်ကြားအပ်ပါသည်” ဟု ပြောကြားသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးခြင်းမရှိဘဲ ရွေးကောက်ပွဲ အသစ်ကျင်းပမည် ဆိုခြင်းသည် တိုင်းပြည်၏ သမိုင်းကြောင်း၌ အမည်းကွက်ကြီး ထင်ကျန် နေခြင်းဖြစ်ပြီး ပြည်သူ့သဘောထားကို ပယ်ဖျက်ရာရောက်သဖြင့် ပြန်စဉ်းစားပြုပြင်ရန် ၎င်းတို့က တိုက်တွန်းထားသည်။

နအဖအနေဖြင့် စီစဉ်သည့်အတိုင်း ဆက်လုပ်မည်ဆိုပါက ဖွဲ့စည်းပုံမူကြမ်းကို အမြန်ဖြန့်ချိ၍ လူထုကို လုံလောက်သည့် အချိန်ပေးပြီး လေ့လာခွင့်ပေးရန်၊ မဲပေးခွင့်ရှိသူများကိုကြေညာပေးရန်၊ လျှို့ဝှက်စွာ မဲပေးနိုင်ရေး စီစဉ်ပေးရန်၊ ဆန္ဒမှန် လွတ်လပ်စွာပေးနိုင်ရေး မဲရုံစောင့်များက ကူညီရန်၊ ဆန္ဒခံယူပွဲကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအား လေ့လာခွင့်ပေးရန်လည်း အကြံပြု ထားသည်။

ထို့ပြင် ကန့်ကွက်မဲ ပေးသူကို ပြစ်ဒဏ်ချမှတ်နိုင်သော ၅/၉၆ ဥပဒေကို ရုပ်သိမ်းပေးရန်နှင့် မဲပေးနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများက တောင်းဆိုသည်။ ။

Read More...

နအဖ ဥပဒေမူကြမ်းကို ဆန့်ကျင်သွားမည်ဟု အတိုက်အခံများ သံဓိဋ္ဌာန်ပြု

၂၀၀၈ ဖေဖော်ဝါရီ ၁၁
ဆုံဆည်းရာဘလော့ဂ်

ချင်းမိုင်။ ။ စစ်အစိုးရက ဦးဆောင် ရေးဆွဲထားသော အခြေခံဥပဒေ မူကြမ်းကို ကန့်ကွက် ပယ်ချလိုက်ရန် ပြည်တွင်း ပြည်ပရှိ အတိုက်အခံများက တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦးက မေလအတွင်း ဖွဲ့စည်းပုံကို လူထုဆန္ဒ ခံယူပွဲဖြင့် အတည်ပြုပြီး ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ကြေညာခဲ့ပြီးနောက် “ကန့်ကွက်မဲ” များ ပုံအောပေးရန် ပြင်ဆင်နေကြသည်။

“ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ လှပဖို့၊ ကျနော်တို့ အဖိုး၊ အဖေ၊ အမေတွေ လက်ထက်က မပြောင်းလဲခဲ့ကြဘူး။ ဘဝတွေက ဆိုးသထက် ဆိုးလာနေပြီ။ အဲဒီတော့ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ ဆိုးသထက် မဆိုးရဖို့ အတွက်၊ အနာဂတ်ဘဝတွေ လှပဖို့အတွက်ကို ရဲရဲဝံ့ဝံ့နဲ့ တဦးချင်းတယောက်ချင်း တာဝန်ယူဖို့ ဖိတ်ခေါ်ချင်တယ်။ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲဖို့၊ ငြင်းပယ်ရဲကြဖို့ပဲ လိုပါတော့တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ ကိုစိုးထွန်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူက ရွေးချယ် တင်မြှောက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွတ်လပ်စွာ ပါဝင်ရေးဆွဲခွင့် မရှိသောကြောင့် ဒီမိုကရေစီ နည်းလမ်းတကျ ရေးဆွဲထားခြင်း မဟုတ်သည့်အပြင် ပြည်သူတရပ်လုံးကို ကိုယ်စားလည်း မပြုကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ၏ ယမန်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကလည်း နအဖ ကြေညာချက်ကို ဆန့်ကျင်ကြောင်း ပြောဆိုလိုက်ပြီး “ဒီမိုကရေစီကို ရည်ရွယ်တယ်လို့ သူတို့ ကြေညာချက်မှာ ပါတယ်နော်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ပတ်သက်လို့ လုပ်တာတခုမှ မရှိတဲ့အတွက် ကျနော်တို့ ယုံကြည်ဖို့ ခက်နေပါတယ်။” ဟု ပြောသည်။

“ဘာဖြစ်လို့ ကောက်ခါငင်ကာ ကြေညာလဲဆိုတာ သဘောမပေါက်ဘူးဗျ။ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် အဖြေက ထောက်ခံမယ်၊ ကန့်ကွက်မယ် အဖြေက နှစ်မျိုး ဖြစ်နိုင်တယ်။ ကန့်ကွက်တဲ့ ဘက်က ဖြစ်နေရင် ရွေးကောက်ပွဲ ဘယ်လုပ်လို့ ရမလဲ။ ရွေးကောက်ပွဲပါ တခါထဲ ကြေညာတဲ့အတွက် ထောက်ခံမဲ ဖြစ်အောင် တနည်းနည်းနဲ့ အတင်းအကျပ် လုပ်မှာကို ကျနော်တို့ စိုးရိမ်နေတယ်။ အခုလောလောဆယ် အများစု ပြည်သူလူထုဟာတော့ မညံ့ပါဘူး” ဟု သူက ဆက်ပြောသည်။

ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ သုတေသနနှင့် လေ့လာရေး ဌာန၏ ဖေဖော်ဝါရီလ ၁၀ နေ့ထုတ် ကြေညာချက်တွင်လည်း အတုအယောင် အမျိုးသားညီလာခံ၏ ရလဒ်ဖြစ်သော အခြေခံ ဥပဒေမူကြမ်း ဆိုသည်မှာလည်း အတုအယောင်သာ ဖြစ်သဖြင့် တပြည်လုံး လူထု ဆန္ဒပြပွဲများဖြင့် ဆန့်ကျင်သွားရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိကျရှင်းလင်းသည့် သဘောထား၊ နိုင်ငံတကာ၏ စောင့်ကြည့်လေ့လာမှု စသော အခြေအနေများကို လိုအပ်သည်ဟုလည်း လူ့ဘောင်သစ် နိုင်ငံရေး ပါတီက တောင်းဆိုထားသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရကလည်း သဘောထား ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် စစ်အစိုးရ၏ လူထုဆန္ဒခံယူပွဲ အကြံအစည်ကို ဆန့်ကျင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြား တိုင်းရင်းသား အင်အားစုများ အပါအဝင် နိုင်ငံရေး လုပ်ငန်းစဉ်တရပ် ပေါ်ပေါက်လာရေးအတွက် ဆက်လက် တွန်းအားပေးကြရန် တောင်းဆိုထားသည်။

ပြည်တွင်း အခြေစိုက် မျိုးဆက်သစ် လူငယ်များ အစည်းအရုံးကလည်း အခြေခံ ဥပဒေမူကြမ်းကို ပြည်သူ့ဆန္ဒ မပါဘဲ ဇွတ်အတင်း အတည်ပြုရန် ကြိုးပမ်းနေခြင်းသည် ပြည်သူများ ဆင်းရဲတွင်း၌ နစ်သထက် နစ်လာစေရန်၊ အသိဉာဏ်များ အမှောင်ဖုံးနေစေရန်နှင့် တိုင်းရေးပြည်ရာ အပေါ်တွင် စိတ်တိုင်းကျ ချယ်လှယ်စေရန် တဖက်သတ် ရေးဆွဲခြင်းဖြစ်၍ ဆန့်ကျင်ကြရန် လိုအပ်သည်ဟု ယခုလ ၈ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်က ဆိုသည်။

“ပြည်သူလူထု အနေနဲ့ ကျွန်ဖြစ်ချင်လား၊ သခင်ဖြစ်ချင်လား ဆိုတာ စဉ်းစားရမယ့် အခြေအနေ ရောက်နေပါပြီ။ ကျွန်ဖြစ်ချင်တယ်၊ အမြဲတမ်း စစ်တပ်ကျွန်အဖြစ် နေချင်တယ်ဆိုရင်တော့ ဒီအခြေခံဥပဒေကို လက်ခံကြ။ အကယ်၍ လူတွေက ကိုယ့်ဘဝကို ကိုယ်ဖန်တီးချင်တယ်၊ ကိုယ့်လွတ်လပ်မှု ကိုယ်ရချင်တယ်ဆိုရင် သခင်အဖြစ် သခင်ဆိုတဲ့ အနေအထားမျိုး ရချင်တယ်ဆိုရင် ဒီအခြေခံ ဥပဒေကို လက်မခံကြပါနဲ့လို့ ကျနော်တို့ ပြောချင်ပါတယ်” ဟု မျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်သူရွေးကောက် တင်မြောက်ထားသော လွှတ်တော် အမတ်များနှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ တန်းတူရည်တူ၊ တူညီစွာ ရေးဆွဲမည့် သခင်အခြေခံဥပဒေ ပေါ်ပေါက်ရေးကိုသာ မျှော်မှန်း ဖော်ဆောင်ရမည်ဟု ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

Read More...

လူထုတိုက်ပွဲသာ အခရာ

ဇော်မင်း (လူ့ဘောင်သစ်)
၂၀၀၈ ဖေဖော်ဝါရီ ၂၆
မဇ္ဈိမ

စစ်တပ်က ညစ်လာတာ တသက်လုံးကပါ။ ဘယ်တုံးကမှ သူတို့ပေးထားတဲ့ ကတိကို စောင့်ထိမ်းခြင်းမရှိတာ လူတိုင်း သိတဲ့ကိစ္စမို့ ထပ်ပြီးတော့လည်း အကျယ်ချဲ့ မပြောလိုပါ။

အခုမေလမှာ ကျင်းပမဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲကြီးဟာလည်း ညစ်ပွဲကြီးဖြစ်မှာ အသေအချာပါပဲ။ တရားမျှတတဲ့ ဆန္ဒခံယူပွဲကြီး ဖြစ်ရပါစေ့မယ်လို့ စစ်တပ်ကနေ အခုအထိ တရားဝင် ပြောဆိုခြင်းလည်း မရှိသေးပါ။ သေချာတာကတော့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုပဲ ချိမ်းခြောက်မှုတွေ မပါပဲ လုပ်ပေးမယ်ဆိုရင်လည်း ပြည်သူတွေက ကန့်ကွက်မဲ ပေးမှာ သေချာနေပြီးသား ဖြစ်ပါတယ်။ ဒါဆိုရင် စစ်တပ်လုပ်လိုတဲ့ သူတို့ရဲ့ ညစ်နည်းတထောင် အခြေခံ ဥပဒေကြီး ရေစုံ မျှောသွားမှာ ဖြစ်ပါတယ်။ သို့သော် ဒါကိုလည်း စစ်တပ်က သိနေတော့ အဲသလို မဖြစ်အောင် သူတို့ရဲ့ ဥပဒေအ ညစ်ထုပ်ကြီးကို ကာကွယ် ရတော့မှာပါပဲ။ ဒါ့ကြောင့် ညစ်ပတ်လိမ့်မယ်လို့ အတတ်ပြောရဲတာ ဖြစ်ပါတယ်။

မြန်မာပြည်သား အားလုံးရဲ့ တာဝန်ကတော့ မကြာခင် ပြုလုပ်တော့မဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုမဲ့ ဆန္ဒခံယူပွဲကြီးကို တနည်းနည်းနဲ့တော့ ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ အင်နဲ့အားနဲ့ ကိုယ့်ဖက်က မတိုက်ဖျက်နိုင်လို့ကတော့ အဲသည့် အခြေခံ ဥပဒေကြီးဟာ နောင်နှစ်ပေါင်းများစွာ အထိ မိမိတို့ရဲ့ နောင်လာ နောက်သားများကို ဂုတ်ဂွစီးထားမှာ ဖြစ်ပါတယ်။

တချို့ကလည်း ဟာ … သည်ဥစ္စာကြီးကို အခု မတိုက်ဖျက်နိုင်လည်း နောင်အခွင့်သာရင် ပြန်ပြင်ဖို့အတွက် တိုက်ယူ ကြတာပေါ့လို့ ပြောကောင်း ပြောနိုင်ပါတယ်။ အင်ဒိုနီးရှားမှာတုံးကလည်း အလားတူ ဖြစ်ခဲ့တာပဲ။ နောက်ပိုင်း ပြည်သူတွေက ပြန်တိုက်ခဲ့ကြလို့ နောက်ဆုံး ပြည်သူတွေ လိုလားတဲ့အတိုင်း အခြေခံဥပဒေကြီး ပြန်လည် ဖြစ်တည်လာခဲ့တာပဲလို့ ဆိုမဲ့သူတွေလည်း ရှိနိုင်ပါတယ်။ မှန်ပါတယ်။ သို့သော် ပြန်တိုက်ဖို့ ပေးဆပ်ခဲ့ရတဲ့ နှစ်တွေကလည်း မနည်းလှဖူး ဆိုတာတော့ သတိချပ်ဖို့ လိုပါတယ်။

အခု ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကြီးထဲမှာ ပါတဲ့ ရေရှည် စစ်တပ်လွှမ်းမိုးရေး အချက်များစွာထဲက တချက်ကို ပထမဆုံး ကောက်နုတ် တင်ပြချင်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းပြည်ကြီး ပြိုကွဲဖို့ အန္တရာယ်နဲ့ ရင်ဆိုင်ရရင် နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာနိုင်တယ်လို့ သူ့ကို အခွင့်အာဏာ ပေးထားပါတယ်။ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေငြာတယ် ဆိုတာကတော့ စစ်အာဏာ သိမ်းတာကို ယဉ်ယဉ်ကျေးကျေး စကားလုံးသုံးပြီး ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ဆိုတော့ကာ အဲသလို အာဏာ သိမ်းထားတဲ့အချိန်၊ နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာထားတဲ့ ကာလအတွင်းမှာ ကာကွယ်ရေး ဦးစီးချုပ်ဟာ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာနဲ့ အုပ်ချုပ်ရေး အာဏာများကို တစိတ်တပိုင်း (သို့မဟုတ်) တစုံလုံး စီမံ ကွပ်ကဲနိုင်သေးတယ်လို့လည်း အခွင့်အရေး ထပ်ပေးထားသေးတယ်။ တိုင်းပြည်တပြည်မှာ အသက်သွေးကြော ဖြစ်တဲ့ အဲသည့် မဏ္ဍိုင်ကြီး သုံးခုစလုံး ကို စစ်တပ်က ကြိုက်သလို စီမံနိုင်တယ် ဆိုမှတော့ ဒါဟာ စစ်တပ်လူတန်းစား ကောင်းစားဖို့က လွဲလို့ တခြား ရှိပါဦးမလား ဆိုတာ လူတိုင်း သဘောပေါက်ပါတယ်။

အဲသည်မှာပဲ တချို့က ဆိုလာပါတယ်။ ပါလီမန် အတွင်းကနေ တဖြည်းဖြည်း တိုက်ယူသွားမယ်လို့ ပြောကြပါတယ်။ အခြေခံ ဥပဒေထဲက အရေးကြီးတဲ့ အချက်များကို ပြင်ဆင်မယ်ဆိုရင် တည်ရှိနေတဲ့ လွှတ်တော် နှစ်ရပ်စလုံးကနေ အဆိုတင်သွင်းဖို့ လိုပါတယ်။ အဲသလို အဆိုတင်ဖို့အတွက် လွှတ်တော်နှစ်ရပ်မှာ ရှိတဲ့ အမတ်ဦးရေရဲ့ (၂ဝ%) ကျော် ကနေ တင်သွင်းဖို့ လိုပါတယ်။ (၂ဝ%) ကွက်တိပဲ ရှိတယ်ဆိုရင် အထ မမြောက်နိုင်ပါ။ (၂ဝ%) ကျော်ကို ကျော်နေမှ တင်သွင်းဖို့ သူတို့ ဥပဒေအရ ကိုက်ညီမှာ ဖြစ်ပါတယ်။ အဲသည်မှာ ပထမဆုံး တစ်နေနိုင်ပါတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ဖြစ်လာမဲ့ အမတ်တိုင်းဟာ ကိုယ့်ဖက်ပါမယ်လို့ အတိအကျ ပြောဖို့ ခက်ပါတယ်။ ဒီကြားထဲမှာ လွှတ်တော် နှစ်ရပ်စလုံးအတွင်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားမဲ့ စစ်ဗိုလ်တွေက (၂၅%) ရှိနေပါသေးတယ်။

ကောင်းပါပြီ အခြေခံ ဥပဒေကြီးကို ပြင်ဖို့ အဆိုတင်တာ (၂ဝ%) ကျော်သွားလို့ တင်နိုင်သွားပြီလို့ ဆိုနိုင်ပေမဲ့ ဒါဟာ ပြင်ဖို့ တင်ထားရုံသဘောပဲ ဖြစ်ပါတယ်။ တကယ် ပြင်ဆင်ဖို့အတွက် လွှတ်တော်နှစ်ရပ်စလုံးရဲ့ (၇၅%) ကျော် အရေအတွက်ရှိသော အမတ်များက ထောက်ခံမှ အဲသည့် အခြေခံ ဥပဒေတွေထဲက ကိုယ်မကြိုက်တာကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

စစ်ဗိုလ်တွေချည်းက ၂၅% ရှိနေတော့ ဘယ်လိုလုပ်ပြီး ကိုယ့်ဖက်က (၇၅%) ကျော် ရနိုင်ပါ့မလဲ။ သည်ကြားထဲ ကြံ့ဖွတ်ကနေ အမတ်ဖြစ်လာတဲ့ လူတွေ၊ စားဖားလို လူစားမျိုးတွေ၊ ကိုယ့်အကျိုးအတွက်ပဲ ကြည့်တဲ့ အမတ်တွေ၊ နှစ်ဖက် လွှလုပ်နေတဲ့ အမတ်တွေ၊ စိတ်ကောင်း ရှိသော်လည်း ခြောက်လိုက်ရင် ကြောက်သွားတဲ့ အမတ်တွေ၊ ငွေပေး အဝယ် ခံရတဲ့ အမတ်တွေ၊ အဲသလိုမျိုးတွေကလည်း သဘာဝတရားအရ ပါနေဦးမယ်။ ကိုယ့်ဖက်မှာ (၇၅%) ကွက်တိရဖို့တောင် မလွယ်နိုင်ပါဖူး။ ထားဦးတော့။

ဥပမာအားဖြင့် ခေတ်တွေ အတော်အတန် ပြောင်းလာလို့ စစ်ဗိုလ်အမတ် (၂၅%) ကလည်း ကိုယ့်ဖက်ပါလာပြီး အရပ်သား အမတ်တွေနဲ့ အတူ ပေါင်းလိုက်ကြလို့ (၁ဝဝ%) ကိုယ့်ဖက်ကရပြီ ဆိုပါစို့။ အခြေခံ ဥပဒေကြီးကို ပြင်ဆင်လို့ရပြီလို့ ထင်ရင်မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲသည့်တထစ် အောင်မြင်ရုံနဲ့ ပြင်လို့မရပါ။ ပြည်သူ့ဆန္ဒ ခံယူပွဲကြီး ထပ်မံ ကျင်းပပြီး ပြည်သူ (၅ဝ%) ကျော်က ထောက်ခံမှသာ ပြင်လိုတဲ့ အချက်များကို ပြင်နိုင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေက တချို့ အရေးအကြီးဆုံး အချက်တွေကို ပြင်ဆင်ချင်တယ် ဆိုတာတောင်မှ ကပ်တီးကပ်ဖဲ့ လုပ်ထားလို့ ရပါသေးတယ်။

ဘာဖြစ်လို့တုံးဆိုတော့ အခြေခံ ဥပဒေထဲမှာ ပါနေတဲ့ အချက်တခုက ဒီလို ဆိုထားပါတယ်။ တပ်မတော်၏ အဓိက တာဝန်သည် ပြည်သူလူထုက တခဲနက်ထောက်ခံ အတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ကာကွယ်ရန် ဖြစ်သည်တဲ့ဗျာ။ ပြည်သူက ထောက်ခံလို့ အတည်ဖြစ်ထားတဲ့ အခြေခံ ဥပဒေကြီးကို လွှတ်တော်နှစ်ရပ်က အမတ်တွေ သဘောတူယုံနဲ့တော့ ကမြင်းကြောထပြီး ပြင်ချင်လို့တော့ ဘယ်ရမလဲ။ ဆိုတော့ကာ သည်အခြေခံ ဥပဒေကြီးကို ကာကွယ်ဖို့ရယ်၊ အမတ်တွေ ရုန်းရင်းဆန်ခတ် လုပ်နေလို့ မျက်စေ့နောက်နေရာက တိုင်းပြည် မတည်ငြိမ်တော့ဖူး ဆိုတာကို အကြောင်းပြပြီး ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာနိုင်ခွင့် ရှိတယ် ဆိုတာကို အထက်မှာလည်း တင်ပြခဲ့ပြီးပါပြီ။ တရားမျှတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ တခုလုပ်ပေးဖို့အထိ စစ်တပ်က သဘောမနော ကောင်းလိမ့်မယ်လို့တော့ မထင်ပါ။

နောက်မှ ဖြေးဖြေးပြင်ယူမယ် ဆိုတဲ့သူများကို အကြံပေးလိုတာကတော့ နောက်ထပ် အနည်းဆုံး အနှစ်လေးဆယ်လောက်တော့ အရှိန်ယူမှ ပြင်ဆင်ဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုချင်ပါတယ်။
ဒီလိုညစ်စုပ်ပဲ့တဲ့ အခြေခံ ဥပဒေကြီးကို လာမဲ့ မေလမှာ ကျင်းပမဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ မှာ အတည်ဖြစ် မသွားအောင် နိုင်ငံသားတိုင်း ဝိုင်းဝန်း ဆောင်ရွက်ရပါလိမ့်မယ်။ ကိုယ့်ဖက်က အားကောင်းကောင်း နဲ့ မဆန့်ကျင်နိုင်ပါက စစ်တပ်က သည်တချီမှာလည်း အသာစီးရ သွားပါလိမ့်မယ်။

ဖြစ်နိုင်တာ မဖြစ်နိုင်တာကို ကျနော့်အနေနဲ့ အတတ်မပြောလိုပါ။ သို့သော် ညစ်မှာကို သိရဲ့သားနဲ့ မဲရုံသွား ကန့်ကွက်မဲ ထည့်မဲ့အစား၊ ဆန္ဒခံယူပွဲ မတိုင်ခင် နှစ်ရက်လောက်အလိုမှာ တပြည်လုံး ချိန်ကိုက်၍ အုံကြွနိုင်ပါက ထို ညစ်ပွဲကြီး သားလျှောသွားမည်မှာ အသေအချာပင် ဖြစ်သည်ဟု ဆိုချင်ပါတယ်။ စောစောဆန္ဒပြပါက စောစော နှိမ်နင်းလာမည်ကို သဘောပေါက်သည့်အတွက် နှစ်ရက်လောက်အလိုမှာ အုံကြွခြင်းက အုပ်စိုးသူ စစ်အာဏာရှင်များ၏ အစီအစဉ်များ အားလုံးပြိုကြ သွားနိုင်သည်ဟု တွက်ဆပါတယ်။
လူထုအုံကြွ ဆန္ဒပြတဲ့ နည်းနာများ အတွက် ဆွေးနွေးလိုသူများ ဝင်ရောက် ဆွေးနွေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ အားလုံးဝိုင်း စဉ်းစားရင် ဖြစ်နိုင်တဲ့ အချက်အလက်များ ပိုမို တွေ့ရှိလာမယ်လို့ ယူဆကြောင်းပါ။ လူထုတိုက်ပွဲ လူထုအုံကြွ ဆန္ဒပြတဲ့ နည်းနာက သည်တိုက်ပွဲအတွက် ပိုအကျိုးရှိတယ်လို့ ကျနော်အနေနဲ့ ထင်မြင်ယူဆပါတယ်။

ဗြိတိသျှတွေ လက်အောက်က တနှစ်အတွင်း လွတ်လပ်ရေး ရရမယ် ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုက်ပွဲခေါ်သံ နောက်ကွယ်မှာ လာသမျှရန် အကုန်ခံချဖို့ လူ၊ စိတ်ဓာတ်၊ လက်နက် ပြည်တွင်းမှာ အသင့် ဖြစ်နေတဲ့အတွက် နောက်ဆုံး ကိုယ်ထိလက်ရောက် တိုက်စရာမလိုပဲ အင်္ဂလိပ်များနဲ့ စကားပြောပြီး လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပါတယ်။ အဲသည်တုံးက နိုင်ငံတကာ အခြေအနေကလည်း ကိုယ့်ဖက်ကို ပိုအားသာစေခဲ့တာလည်း တဖက်မှာ ရှိခဲ့ပါတယ်။

ကျနော်တို့ကနေ့ အခြေအနေဟာ အဲသလို မဟုတ်တဲ့ အတွက် လူထုတိုက်ပွဲကိုသာ ဆက်တိုက်ခေါ်ဖို့ ဖော်ဆောင်ဖို့သာ အဓိက လိုအပ်ပါတယ်။ မဲရုံသွား ကန့်ကွက်မဲထည့် ဆိုတဲ့အပိုင်းကို ကျနော် မြင်တာကတော့ သွယ်ဝိုက်ပြီးတော့ သိုးများကို လည်စင်းပေးအောင် လုပ်တာမျိုးနဲ့ တူနေတယ်လို့ မြင်လို့ ဖြစ်ပါတယ်။ ဘယ်နည်းနာက ပိုကောင်းတယ်လို့ ကျနော့်အနေနဲ့ အငြင်းအခုန် လုပ်တာ မဟုတ်ပါ။ ကျနော့်ရဲ့ အမြင်ကို တင်ပြတာပဲ ဖြစ်ပါတယ်။

လွတ်မြောက်ရေးတိုင်းဟာ တန်ဖိုးကြီးကြီး တခုမဟုတ်တခု ပေးခဲ့ရတာချည်းပါပဲ။

Read More...

နအဖ ဥပဒေနဲ့ရွေးကောက်ပွဲပေါ် သဘောထားအမြင်များ

၂၀၀၈ ဖေဖော်ဝါရီ ၁၁
မဇ္ဈိမ

ချင်းမိုင်။ ။ စစ်အစိုးရက အခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလတွင် ပြုလုပ်မည်၊ ထိုမှ အခြေခံဥပဒေ အတည်ဖြစ်လာသောအခါ ရွေးကောက်ပွဲ တရပ်ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု ကြေညာခဲ့ခြင်းအပေါ် သူတို့၏ သဘောထားအမြင်များကို တင်ပြလိုက်ပါသည်။

နည်းမျိုးစုံဖြင့် မဲလိမ်ပါလိမ့်မည်

မေလကုန်ရက်များအတွင်း ပြည်သူဆန္ဒခံယူပွဲ လုပ်နိုင်ပေမည်။ တရုတ်ပြည်တွင် အိုလံပစ်ပွဲ လုပ်နေသော အချိန်များအတွင်း မြန်မာနိုင်ငံတွင် တည်ငြိမ်စေလိုသော ဆန္ဒရှိဟန် တူပေသည်။ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် “ကန့်ကွက်မဲ” မရနိုင်ဟု ယူဆထားဟန် ရှိသည်။ ကန့်ကွက်မဲများဖြင့် ပြည်သူလူထုက ပယ်ချလိုက်လျှင် ရုဒ်မက် ပျက်သွားမှာ ဖြစ်ရင် အစားထိုးမည့် နောက်အစီအစဉ် တခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေးကို ပြန်လည် အသက်သွင်းမှာ ဖြစ်သည်။ ထို့ကြောင့် ဆွေးနွေးပွဲ စထားဟန် တူပါသည်။ ရုဒ်မက်ပျက်သွားမှ အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးညှိနှိုင်းပွဲ အမှန်တကယ် ဖြစ်ပေါ်လာနိုင်စရာ ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ဆက်လက်စောင့်ရန် (သို့မဟုတ်) အခြေအနေကို လက်ခံရန် မလွယ်တော့မှန်း ဦးသန်းရွှေ သိရှိပြီး ဖြစ်သည်။ ယခု ဆန္ဒခံယူပွဲသည် ဆုံးဖြတ်ချက် အကြီးမားဆုံးတခု ဖြစ်သည်ဟု တပ်မတော် အစိုးရက ကြိတ်၍ လက်ခံထားပြီး ဖြစ်သည်။ အမျိုးစုံသော နည်းလမ်းဖြင့် လက်ခံအောင် ပြုလုပ်မည်သာ ဖြစ်သည်။ မဲလိမ်ခြင်း၊ ကန့်ကွက်မဲကို ထောက်ခံမဲ ဖြစ်အောင်လုပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

မောင်အောင်
ရန်ကုန်
-----------------------------------------------------

ဖဒိုမန်းရှာ (ကေအန်ယူ အထွေထွေအတွင်းရေးမှူး)


“ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ”
“စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။ ပြည်တွင်းမှာလည်း သူ့ကို သိပ်မခံမရပ် နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကုလသမဂ္ဂရဲ့ ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ Road Map ဟာ နိုင်ငံခြားကနေ ဖိအားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီးဖြစ်မှာ စိုးတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စက ရှင်းတယ်။ နိုင်ငံတကာက နေပြီးတော့ သူတို့ရဲ့ Road Map ကို ဝင်ပြီး နှောင့်ယှက်တာကို သူတို့ လက်မခံဘူး။ အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်”
“ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။ အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝ ခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်နေလို့ မဖြစ်ဘူး ထင်တယ်”
“မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေ မကိုက်ဘူး။ မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့ National Convention နဲ့ Road Map ကို စဉ်းစားတာ ဖြစ်တယ်။ အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့ လုပ်မှာဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့ သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ လုပ်ဖို့လိုတယ်”
-----------------------------------------------------

နန်းချန်တောင်း (Shan Women's Action Network)


“သိတဲ့အတိုင်းပဲ၊ မြန်မာပြည်သူတွေက နအဖ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကြား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုနေတာ။ ဒါပေမဲ့ ဒီနေ့ထက်တိုင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ဦးခွန်ထွန်းဦးနဲ့ တခြား ရှမ်းခေါင်းဆောင်တွေဟာ အဖမ်းခံထားရပြီး ဆေးဝါး ကုသပေးဖို့လည်း အငြင်းခံထားရတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းထားပြီး နိုင်ငံရေး အပြောင်းအလဲနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို လုပ်နိုင်မှာတဲ့လဲ”
“မြန်မာပြည်သူတွေ လက်မခံသလို နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး။ စစ်တပ်လုပ်နေတဲ့ အမျိုးသား ညီလာခံလို ဟာမျိုးကို တရားဝင်မှု မပေးလိုက်ဖို့ လိုပါတယ်”
-----------------------------------------------------

ဦးဉာဏ်ဝင်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြောရေးဆိုခွင့်ရှိသူ)

“ဒီမိုကရေစီကို ရည်ရွယ်တယ်လို့ သူတို့ ကြေညာချက်မှာ ပါတယ်နော်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ပတ်သက်လို့ လုပ်တာတခုမှ မရှိတဲ့အတွက် ကျနော်တို့ ယုံကြည်ဖို့ ခက်နေပါတယ်။ ဘာဖြစ်လို့ ကောက်ခါငင်ကာ ကြေညာလဲဆိုတာ သဘောမပေါက်ဘူးဗျ။ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် အဖြေက ထောက်ခံမယ်၊ ကန့်ကွက်မယ် အဖြေက နှစ်မျိုး ဖြစ်နိုင်တယ်။ ကန့်ကွက်တဲ့ဘက်က ဖြစ်နေရင် ရွေးကောက်ပွဲ ဘယ်လုပ်လို့ မရဘူး။ ရွေးကောက်ပွဲပါ တခါထဲ ကြေညာတဲ့အတွက် ထောက်ခံမဲဖြစ်အောင် တနည်းနည်းနဲ့ အတင်းအကျပ် လုပ်မှာကို ကျနော်တို့ စိုးရိမ်နေတယ်။ အခုလောလောဆယ် အများစု ပြည်သူလူထုဟာတော့ မညံ့ပါဘူး”
-----------------------------------------------------

ကိုစိုးထွန်း (၈၈ မျိုးဆက်ကျောင်းသား)

“ကျနော်တို့ ပြောချင်တာကတော့ နအဖ အစိုးရဟာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကိုတောင်မှ အကောင်အထည် မဖော်သေးဘဲနဲ့ သူတို့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းကို လုပ်မယ့် ဆန္ဒခံယူပွဲနဲ့ အမျိုးသားညီလာခံမှာ ကျနော်တို့ ပါသင့်ပါထိုက်တဲ့ လူတွေ၊ အနိုင်ရ ၉ဝ ရွေးကောက်ပွဲရလဒ် မှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အခြား ပါသင့်ပါထိုက်တဲ့ တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့က ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်မပြုဘဲနဲ့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းကို ကြည့်မယ်ဆိုရင် ဒါတွေဟာ လုံးဝ လက်မခံနိုင်ဘူး။ တဖက်သတ် လုပ်ဆောင်လို့ မရဘူး။ ဒါတွေကို ကျနော်တို့က ဒီနေ့ ကြေညာထားပြီး ဖြစ်တယ်။ ကျနော်တို့ ၈၈ ကျောင်းသားများအဖွဲ့က ဒီလုပ်ဆောင်ချက်မျိုးတွေကို လက်ခံမှာ မဟုတ်ဘူး။ လူအားလုံး လက်ခံနိုင်တဲ့၊ အများသဘောတူ ပါဝင် ရေးဆွဲထားတဲ့ နိုင်ငံသားတွေတိုင်းရဲ့ တဦးချင်းစီရဲ့ အခွင့်အရေးကို အာမခံနိုင်တဲ့ အနာဂတ်မှာ အရေးကြီးတဲ့ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရာမှာ အားလုံး ပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ဖို့ လိုတာကို တဖက်သတ် ရေးဆွဲမှုနဲ့ တဖက်သတ် ပြဋ္ဌာန်းတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းကို ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်”

“လမ်းပြမြေပုံ ၇ ရပ်အတိုင်း သွားမယ်လို့ သူတို့ ပြောခဲ့တာရှိတယ်။ အဲဒီအတိုင်း အကောင်အထည်ဖော်တာ ဖြစ်တာပေါ့။ ကျနော်တို့ မြန်မာပြည်တွင်းမှာ ရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်ကို အလေးအနက် ပြောနေတယ်။ ထပ်တလဲလဲ အကြိမ်များစွာ ပြောနေတယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ပါဆိုတဲ့ နိုင်ငံတကာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုရှိတဲ့ ဆန္ဒတွေကိုပါ ဆန့်ကျင်ပစ်ပယ်ရာ ရောက်တဲ့သဘော၊ ပြောင်ပြောင်တင်းတင်း ပြောလိုက်တဲ့ သဘောလည်း ဖြစ်တယ်ပေါ့ဗျာ”
“လူထုကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ငြိမ်းချမ်းစွာ သံဃာတော်တွေ မေတ္တာပို့ ဆန္ဒထုတ်ဖော်တဲ့ ပွဲမှာ သူတို့ အကြမ်းဖက်ပြီးတော့ တကယ် သတ်ဖြတ်တဲ့အတွက် ပြည်သူလူထုကတော့ အစိုးရအပေါ်မှာ နာနာကျင်ကျင်နဲ့ အနိဋ္ဌာရုံတွေဟာ ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။ ဒါနဲ့ သူတို့က ဒါကို လိုက်ပြီးတော့ ခြိမ်းခြောက်မူတွေ လုပ်တယ်။ သူတို့ ကြံ့ခိုင်ရေးတွေ၊ စွမ်းအားရှင်တွေ၊ မီးသတ်တွေ၊ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေ အင်အားသုံးပြီးတော့ လုပ်မယ်ဆိုရင်တော့ ပြည်သူလူထုက အဲဒီအချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ရဖို့ပဲ ရှိပါတော့တယ်။ အဲဒီအပေါ်မှာ အမှန်တရားဘက်က ရပ်မလား၊ အဓမ္မဘက်က ရပ်မလား။ ကျနော်တို့ ဆွေမျိုးတမျိုးလုံးကို ကျွန်ပြုအုပ်ချုပ်တော့မယ် အခြေခံဥပဒေ မူကြမ်းတခုကို ကျနော်တို့ လက်ခံမလား၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ကိုယ့်အခွင့်အရေးတခု ကိုယ့်ရဲ့ လွတ်လပ်မှု၊ ကိုယ့်ရဲ့ဘဝ၊ ရေရှည်အနာဂတ်၊ ကိုယ့်ရဲ့ သားစဉ်မြေးဆက် ဘဝတွေကို အာမခံနိုင်တဲ့၊ ကိုယ့်လိုချင်တဲ့ စနစ်ခေတ်သစ် တရပ်ကို ကိုယ်တိုင် ဖန်တီးရမလား၊ အဲဒီအတွက်ကို ကျနော်တို့ ဘယ်လောက် ကျနော်တို့ စွန့်လွတ်ဖို့ လိုတယ်။ ရဲရဲဝံ့ဝံ့ အမှန်တရားဘက်က ရပ်တည်ခဲ့ကြမလဲ။ ငြင်းပယ်ရဲကြမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်”

“ပြည်သူလူထုတရပ်လုံး အခုအချိန်မှာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရော၊ အန်အယ်ဒီ အဖွဲ့ချုပ် အပါအဝင် ကျနော်တို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးကလည်း အလေးအနက် တိုက်တွန်းနေကြတယ်။ သွေးမြေကျမှု အနည်းဆုံး၊ တိုင်းပြည်မှာ ငြိမ်းချမ်းစွာနဲ့ အမျိုးသား ကြေပြုန်းမှု အနည်းဆုံး၊ အားလုံး စုပေါင်းအဖြေရှာဖို့ လိုပါတယ်။ အခုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ပြောလိုက်တာကလည်း တွေ့ဆုံဆွေနွေးရေးဟာ အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ပြဿနာဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝဖြိုးစေဖို့ ပြည်ထောင်စုရဲ့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ရေရှည်ပညာရေးကို အာမခံချက် ပေးနိုင်ဖို့အတွက်က တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အရေးကြီးတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ဒါကို နအဖ အစိုးရက မျက်ကွယ်ပြုပြီးတော့ သွားနေတဲ့အတွက် ပြည်သူလူထုက အဆိုးဆုံး အတွက်ကို ရင်ဆိုင်ဖို့ ပြင်ထားကြရပါတော့မယ်။ အဲဒီအတွက် ကျနော်တို့ အခြေခံဥပဒေ မူကြမ်းအရ ဆိုရင်လည်း တပ်မတော်ကနေ အစစအရာရာ တတိုင်းပြည်လုံး အုပ်ချုပ်နိုင်တဲ့ သူ့ရဲ့ ဗျူဟာ၊ သူ့ရဲ့ စစ်ကျွန် ဇာတ်သွင်းရေးဟာ ဖြစ်နေပါပြီ။ အဲဒီအတွက်ကြောင့် ကျနော်တို့တွေဟာ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ လှပဖို့၊ ကျနော်တို့ အဖိုး၊ အဖေ၊ အမေတွေ လက်ထက်က မပြောင်းလဲခဲ့ကြဘူး။ ဘဝတွေက ဆိုးသထက် ဆိုးလာနေပြီ။ အဲဒီတော့ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ ဆိုးသထက် မဆိုးရဖို့အတွက်၊ အနာဂတ်ဘဝတွေ လှပဖို့အတွက်ကို ရဲရဲဝံ့ဝံ့နဲ့ တဦးချင်းတယောက်ချင်း တာဝန်ယူဖို့ ဖိတ်ခေါ်ချင်တယ်။ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲဖို့၊ ငြင်းပယ်ရဲကြဖို့ပဲ လိုပါတော့တယ်”

Read More...

ပြတ်ပြတ်သားသားကန့်ကွက်ကြပါစို့

အောင်ဒင်
၂၀၀၈ ဖေဖော်ဝါရီ ၂၂
မဇ္ဈိမ

(က) နိဒါန်း

၁။ စစ်အစိုးရက ၁၉၉ဝ ပြည့်နှစ် မေလမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး တရပ်ကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၃၉၂ နေရာ အနိုင်ရရှိပြီး အဖွဲ့ချုပ်ရဲ့ မဟာမိတ်များ ဖြစ်ကြတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား ပါတီများက လွှတ်တော် ကိုယ်စားလှယ် ၆၇ နေရာ အနိုင် ရရှိခဲ့ပါတယ်။ စစ်တပ်က ထောက်ခံ အားပေးတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီကတော့ လွှတ်တော် ကိုယ်စားလှယ် ၁ဝ နေရာပဲ ရွေးချယ် ခံခဲ့ရပါတယ်။ ဒါဟာဖြင့် ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများအား နိုင်ငံတော်ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများကို အာမခံချက်ပေးမယ့် နိုင်ငံတော်သစ်အဖြစ် တည်ဆောက် ဦးဆောင်သွားဖို့ တာဝန် အပ်နှင်းလိုက်တာပါပဲ ... ။

၂။ ဒါပေမဲ့လည်း “ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလြွှဲပီး စစ်တန်းလျားကို ပြန်ပ့ါမယ် ...” လို့ ကတိပေးခဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိကို ပျက်ကွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးဖို့ ငြင်းဆန်၊ အနိုင်ရပါတီကို အာဏာ လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ တိုင်းရင်းသား ပါတီများက စစ်အစိုးရနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ကျင်းပပြီး တိုင်းပြည် ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကမ်းလှမ်းတာကိုပါ ငြင်းပယ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ်ကိုလည်း ၁၉၉ဝ ရွေးကောက်ပွဲက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆန္ဒမပါ၊ စစ်မှန်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များရဲ့ ဆန္ဒ မပါဘဲ၊ တဖက်သတ် ရေးဆွဲခဲ့ပြီး အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ် မေလမှာ လူထုဆန္ဒ ခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်နေပါတယ်။

ဒါဟာဖြင့် စစ်အာဏာရှင်စနစ် အောက်က လွတ်မြောက်ပြီး အကြောက်တရားကင်းတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ နေထိုင်ချင်ကြတဲ့ ပြည်သူလူထု တရပ်လုံးကို စစ်အစိုးရက စိန်ခေါ်လိုက်တာပါပဲ။ ဒါဟာဖြင့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ငြင်းပယ်လိုက်တာပါပဲ။ စစ်အစိုးရက သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မတရားတဲ့ နည်းလမ်းများနဲ့ အတည် ပြုလိုက်နိုင်တာနဲ့ တပြိုင်နက် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ဟာ ပျက်ပြယ်သွားခဲ့ပါပြီ။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခန်းက ပြီးဆုံးသွားပါပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီ အဆင့်အတန်း ပျက်ပြယ်သွားပါပြီ။ အဆိုးဆုံးကတော့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အတူ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် အောက်ကို တရားဝင် ရောက်ရှိသွားမှာပါ။ ... ။

(ခ) အမျိုးသားညီလာခံနှင့် အခြေခံမူများ

၁။ စစ်တပ်ရဲ့ နိုင်ငံရေး အာဏာစိုးမိုးမှုကို တရားဝင်စေဖို့အတွက် ရည်ရွယ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရက နှစ်ပေါင်း ၁၄ နှစ်ကျော်ကြာအောင် အချိန်ယူပြီး စစ်တပ်က လက်ရွေးစင် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ရေးဆွဲခဲ့တာပါ။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့၊ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကိုယ်စားလှယ်အချို့ ပါဝင်ကြပေမယ့် သူတို့ဟာလည်း စစ်တပ်ရဲ့ ဖိအားပေး အကျပ်ကိုင်မှုတွေအပေါ် မလွန်ဆန်နိုင်ခဲ့ကြပါဘူး။

၂။ ဒါကြောင့် အမျိုးသားညီလာခံက ချမှတ်လိုက်တဲ့ အခြေခံမူတွေကို ထည့်သွင်း ရေးဆွဲထားတဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို အာမခံချက် ပေးမထားသလို တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ အပါအဝင် လူမျိုးစု အခွင့်အရေးများကိုလည်း ငြင်းပယ်ထားတာ တွေ့ရပါတယ်။ အထင်ရှားဆုံးကတော့ ဒီဖွဲ့စည်းပုံအရ စစ်တပ်ဟာ သီးခြား အခွင့်ထူးခံ လူတန်းစားတရပ်အဖြစ် တရားဝင် တည်ရှိလာမှာ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံရဲ့ အမြင့်ဆုံး အာဏာရှိပုဂ္ဂိုလ် ဖြစ်လာမှာပါ။ တပ်မတော် တခုလုံးကတော့ ဥပဒေရဲ့ အထက်မှာ တည်ရှိပြီး တိုင်းပြည်ရဲ့ အာဏာသုံးရပ် (-ဖြစ်တဲ့) အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ ဥပဒေပြု အာဏာတွေကို ထင်သလို ချယ်လှယ်ခွင့် ရမှာပါ။

ပြည်သူလူထု တရပ်လုံးကတော့ ဒုတိယတန်းစား နိုင်ငံသားတွေ အဖြစ်နဲ့ စစ်တပ်ကို အလုပ်အကျွေး ပြုရတော့မှာပါ။ အများနားလည်အောင် အသေးစိတ် ရှင်းပြချင်ပါတယ်။

(ဂ) ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သို့ အပ်နှင်းထားသော အာဏာများ

၁။ ကာကွယ်ရေး ဦးစီးချုပ်ဟာ စစ်တပ်ရဲ့ အရေးအရာ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်။ စစ်တပ်အင်အား တိုးချဲ့မှု၊ ရာထူး အပြောင်းအလဲ၊ စစ်တပ်နေရာ ချထားမှု၊ စစ်တပ်အတွက် နှစ်စဉ် ကုန်ကျစရိတ်၊ စစ်လက်နက် ဝယ်ယူမှု၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ စသဖြင့် စစ်တပ်ရဲ့ အရေးကိစ္စ အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်က လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိရမယ်လို့ အာဏာ အပ်နှင်းထားပါတယ်။ ဒီတော့ နိုင်ငံရဲ့ ဝန်ထမ်း အဖွဲ့အစည်း တခုသာ ဖြစ်ရမယ့် တပ်မတော်ဟာ နိုင်ငံတော် သမတရဲ့ အုပ်ချုပ်မှု အောက်မှာလည်း မရှိ၊ လွှတ်တော်ရဲ့ ဥပဒေပြုမှု အောက်မှာလည်း မရှိ၊ စစ်တပ်တွင်း ဖြစ်ပေါ်တဲ့ အမှုအခင်းများ၊ တပ်မတော်သား ရာဇဝတ်မှု ကျုးလွန်သူများကို ထောင်စစ်ခုံရုံးနဲ့ တရားစီရင်မှာ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ဟာ နိုင်ငံတော် တရားစီရင်ရေး စနစ်ရဲ့ အောက်မှာလည်း မရှိဘဲ၊ နိုင်ငံတော် အချုပ်အခြာအာဏာ သုံးရပ်စလုံးရဲ့ အထက်မှာ တည်ရှိနေပါတော့တယ်။

၂။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ အချုပ်အချာအာဏာ သုံးရပ်စလုံးရဲ့ အောက်မှာ မရှိပေမဲ့ အဲဒီအချုပ်အခြာအာဏာ သုံးရပ်စလုံးကို စိတ်တိုင်းကျ ဝင်ရောက် စွက်ဖက်ခွင့်လည်း ပေးထားပါတယ်။ အောက်မှာ အသေးစိတ် ရှင်းပြပါ့မယ်။

၃။ တကယ်လို့ တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာခဲ့ရင် တိုင်းပြည် တခုလုံးကို၎င်း၊ တစိတ်တဒေသကို၎င်း၊ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ သုံးရပ်ကို ကိုင်တွယ်ပြီး အုပ်ချုပ်ခွင့် ရှိတယ်လို့လည်း အာဏာ အပ်နှင်းထားပါတယ်။ အရေးပေါ် အခြေအနေ ဆိုတာကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတာကို ဆိုလိုတာပါ။ ဒါကြောင့် တချိန်မှာ နိုင်ငံရေး အင်အားစုတစုက ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားမယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော် အာဏာသုံးရပ်ကို ကိုင်တွယ်အုပ်ချုပ်ဖို့ တရားဝင် ခွင့်ပြုထားတာပါပဲ။ ရိုးရိုးရှင်းရှင်း ပြောရရင် စစ်တပ်ကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို အာဏာသိမ်းခွင့် တရားဝင် ပေးထားတာပါပဲ။

၎။ ပြီးတော့ အဲဒီလို စိတ်တိုင်းကျ အာဏာသိမ်းထားတဲ့ အချိန် ဖြစ်ပေါ်ခဲ့တဲ့ ပြစ်မှုများနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်နဲ့ သူက တာဝန်ပေးအပ်ထားတဲ့ တပ်မတော် အရာရှိများကို မည်သည့်နည်းနဲ့မျှ အရေးယူပိုင်ခွင့် မရှိလို့လည်း အကာအကွယ် ပေးထားပြန်ပါတယ်။

(ဃ) ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်၏ ဥပဒေပြု အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်မှာ ဗဟိုအဆင့်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော် ၂ ရပ်ရှိပြီး၊ အဲဒီလွှတ်တော် ၂ ရပ်ပေါင်းကို ပြည်ထောင်စု လွှတ်တော်လို့ ခေါ်ပါတယ်။ ပြည်သူ့လွှတ်တော်ကို မြို့နယ်များက ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး ကိုယ်စားလှယ် ၄၄ဝ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ် ၃၃ဝ ကိုသာ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပြီး၊ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိ ၁၁ဝ က ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာကြမှာပါ။ ဒီနည်းနဲ့ ပြည်သူ့လွှတ်တော်ရဲ့ လေးပုံတပုံကို ကာကွယ်ရေး ဦးစီးချုပ်က ထိန်းချုပ်ထားပါတယ်။

၂။ အမျိုးသား လွှတ်တော်ဆိုတာက ပြည်နယ်နဲ့ဒေသကြီး ၁၄ ခုက တခုကို ကိုယ်စားလှယ် ၁၆ ယောက်စီနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၂၂၄ ယောက်နဲ့ ဖွဲ့စည်းမှာပါ။ ဒါပေမဲ့ ပြည်နယ်နဲ့ ဒေသတခုကို ၁၂ ယောက်နှုန်းနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၁၆၈ ယောက်ကို လူထုက ရွေးချယ် တင်မြှောက်ခွင့်ရပြီး၊ ပြည်နယ်နဲ့ ဒေသတခုကို ၄ ယောက်နှုန်းနဲ့ ကိုယ်စားလှယ် ၅၆ ယောက်ကိုတော့ ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အရာရှိများကို ခန့်အပ် တာဝန်ပေးမှာပါ။ ဒီနည်းနဲ့ အမျိုးသားလွှတ်တော်ရဲ့ လေးပုံတပုံကို ကာကွယ်ရေး ဦးစီးချုပ်က ထိမ်းချုပ်ထားပါတယ်။

၃။ တကယ်လို့ နိုင်ငံဝန်ထမ်းများဟာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် သူတို့ရဲ့ လက်ရှိ အလုပ်အကိုင်က အနားယူရပါမယ်။ သူတို့ကို နိုင်ငံတော်က ပေးအပ်ထားတဲ့ နေအိမ်၊ ကား စတာတွေကိုလည်း စွန့်လွှတ်ရပါမယ်။ ဒါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ့် တပ်မတော် အရာရှိများကတော့ သူတို့ရဲ့ စစ်ဖက်ရာထူးများက နှုတ်ထွက်စရာ မလိုပြန်ဘူး။

၎။ တကယ်တော့ ပြည်ထောင်စု လွှတ်တော်ဆိုတာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအတွက် အမြင့်မားဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ရမှာပါ။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံအရ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဟာ စစ်တပ်ရဲ့ အရေးအရာတွေကို ဥပဒေပြဋ္ဌာန်းခွင့် မရှိပါဘူး။ စစ်တပ်ရဲ့ အရေးကိစ္စတွေနဲ့ စစ်တပ်ရဲ့ နှစ်စဉ် ဘတ်ဂျက်တွေကို တပ်မတော်အရာရှိ လွှတ်တော် ကိုယ်စားလှယ်များက သီးခြား ဆွေးနွေးကြမှာ ဖြစ်ပြီး၊ အဲဒီ တပ်မတော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကိုသာ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်များက အတည်ပြုပေးရမှာပါ။ အဲဒီလိုနဲ့ လွှတ်တော်ဟာ စစ်တပ်ရဲ့ အလိုရှိရာကို အတည်ပြုပေးရတဲ့ ရာဘာတံဆိပ်တုံး အဆင့်ကို ရောက်ရှိသွားမှာပါ။

၅။ ပြည်နယ်နဲ့ဒေသတွေမှာတော့ ပြည်နယ် (သို့) ဒေသလွှတ်တော် တရပ်သာ ရှိမှာပါ။ ပြည်နယ် (သို့) ဒေသတွင်းမှာရှိတဲ့ မြို့နယ်များက ကိုယ်စားလှယ် ၂ ယောက်စီ၊ ပြည်နယ် (သို့) ဒေသတွင်းမှာရှိတဲ့ ပြည်နယ်အဆင့် မရသေးတဲ့ တိုင်းရင်းသား လူမျိုးစုများက ကိုယ်စားလှယ် ၁ ယောက်စီနဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ် တာဝန်ပေးတဲ့၊ စုစုပေါင်း ကိုယ်စားလှယ် အရေအတွက်ရဲ့ လေးပုံတပုံရှိတဲ့ တပ်မတော် အရာရှိများနှင့် ပြည်နယ် (သို့) ဒေသ လွှတ်တော်ကို ဖွဲ့စည်းရမှာပါ။ ဒီလိုနဲ့ တပ်မတော် အရာရှိများက ရွေးကောက်ပွဲဝင်စရာ မလိုဘဲ ပြည်နယ် (သို့) ဒေသလွှတ်တော်ရဲ့ လေးပုံတပုံကို ထိမ်းချုပ်ထားမှာပါ။

၆။ ပြည်နယ်၊ ဒေသလွှတ်တော်တွေမှာလည်း ဒေသလုံခြုံရေးနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေ၊ နယ်စပ်ဒေသများနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တပ်မတော် ကိုယ်စားလှယ်များက သာလျှင် သီးခြား ဆွေးနွေးခွင့်ရှိပြီး၊ ၎င်းကိုယ်စားလှယ်များရဲ့ တင်ပြချက်ကိုသာ ပြည်နယ်၊ ဒေသလွှတ်တော်က အတည် ပြုပေးရမှာပါ။ ဒီလိုနဲ့ပဲ ပြည်နယ်၊ ဒေသလွှတ်တော်ဟာ စစ်တပ် အလိုဆန္ဒကို အတည်ပြုပေးရတဲ့ ရာဘာတံဆိပ်တုံး အဆင့်ကို ရောက်ရှိသွားမှာပါ။

(င) ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်၏ အုပ်ချုပ်ရေး အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ နိုင်ငံတော် သမတနဲ့ ဒု-သမတ နှစ်ယောက် ရှိပါလိမ့်မယ်။ လွှတ်တော်အုပ်စု သုံးစုက သမတလောင်း တယောက်စီ အမည်စာရင်း တင်သွင်းပြီး လွှတ်တော်တခုလုံး (ပြည်ထောင်စု လွှတ်တော်) က မဲပေး ရွေးချယ်ကြရမှာပါ။ မဲအများဆုံးရသူက သမတ ဖြစ်ပြီး၊ ကျန် နှစ်ယောက်က ဒု-သမတများ ဖြစ်လာမှာပါ။

၂။ လွှတ်တော်အုပ်စု ၃ စုကို ဒီလို ခွဲထားပါတယ်။

(က) ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ၃၃ဝ ဦး၊

(ခ) အမျိုးသား လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်များ ၁၆၈ ဦး၊

(ဂ) အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းမှ တပ်မတော် ကိုယ်စားလှယ်များ (၁၁ဝ + ၅၆) = ၁၆၆ ဦး၊

၃။ သမတနဲ့ ဒု-သမတ ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်း အချို့က ဒီလိုပါ

(က) လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရန်မလို။
(ခ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရင်းနှီးကျွမ်းကျင်သူ ဖြစ်ရမည်။
(ဂ) အနည်းဆုံး အသက် ၄၅ နှစ် ရှိရမည်။ နိုင်ငံအတွင်း အနည်းဆုံး အနှစ် ၂ဝ တဆက်တည်း နေထိုင်သူ ဖြစ်ရမည်။

၎။ ဒီရွေးချယ်ပုံအရ စစ်တပ်က အဆိုပြုတဲ့ ကိုယ်စားလှယ် တယောက်ဟာ သမတလောင်း ဖြစ်လာမှာပါ။ စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ရမည်ဆိုတဲ့ ကန့်သတ်ချက်အရ အခြားအုပ်စု ၂ စုက တင်သွင်းတဲ့ သမတလောင်းဟာလည်း တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ဖို့ အလားအလာ အများကြီး ရှိနေပါတယ်။ ပြီးတော့ ဒီသုံးယောက်ထဲက တယောက်ကို သမတ အဖြစ် ရွေးချယ်ကြတဲ့အခါ တပ်မတော် ကိုယ်စားလှယ်က သမတ ဖြစ်လာဖို့၊ အနိမ့်ဆုံး ဒု-သမတ ဖြစ်လာမှာပါ။ ပြည်ထောင်စု လွှတ်တော်မှာ တပ်မတော် ကိုယ်စားလှယ်က (၂၅ ရာခိုင်နှုန်း) ပါဝင်တာမို့ တပ်မတော်က ထောက်ခံတဲ့သူသာ သမတ ဖြစ်လာမှာကတော့ အသေအချာပါပဲ။

၅။ တပ်မတော် ကိုယ်စားလှယ် (သို့) တပ်မတော်က ထောက်ခံတဲ့သူသာ သမတဖြစ်လာမှာ ဆိုပေမယ့် အဲ့ဒီ နိုင်ငံတော် သမတဟာ ကာကွယ်ရေး ဦးစီးချုပ်ပေါ်မှာ သြဇာ သက်ရောက်မှု မရှိပါဘူး။ တပ်မတော်အပေါ်မှာ သြဇာ သက်ရောက်ခွင့် မရှိပါဘူး။ ပြောင်းပြန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကသာ နိုင်ငံတော်သမတ အပေါ်မှာ သြဇာသက်ရောက်မှု ရှိပါတယ်။

၆။ နိုင်ငံတော် သမတဟာ ဝန်ကြီးအဖွဲ့ကို ဖွဲ့ရာမှာ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနဲ့ နယ်စပ်ဒေသရေးရာ ဝန်ကြီး စတဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာ သုံးနေရာကို သူ့ဘာသာ ခန့်ခွင့် မရှိပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။ အလားတူပဲ ဒုတိယ ဝန်ြကီးများကို ခန့်အပ် တာဝန်ပေးရာမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးရာ ဒုတိယ ဝန်ကြီးများကို ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် သမတဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတယ်ဆိုတာ အထင်အရှားပါပဲ။

၇။ ဝန်ကြီး (သို့) ဒုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရသူဟာ နိုင်ငံဝန်ထမ်း တယောက်ဖြစ်ရင် သက်ဆိုင်ရာဌာနက အငြိမ်းစားယူရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီဝင်တယောက် ဖြစ်ရင်လည်း သက်ဆိုင်ရာ ပါတီကနေ ဝန်ကြီးသက်တမ်းတလျှောက် အနားယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် တပ်မတော်အရာရှိ ဝန်ကြီးများကတော့ စစ်ဘက်တာဝန်ကနေ အငြိမ်းစားယူစရာ မလိုပါဘူး။ ချွင်းချက် ပေးထားပါတယ်။

၈။ အလားတူပါပဲ၊ ပြည်နယ် (သို့) ဒေသဝန်ကြီးချုပ်ဟာ သူရဲ့ပြည်နယ် (သို့) ဒေသအစိုးရ အဖွဲ့မှာ လုံခြုံရေးနဲ့ နယ်စပ်ဒေသအရေး ဝန်ကြီးဌာနတွေကို ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။

၉။ အလားတူပါပဲ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံတွေမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က သက်ဆိုင်ရာ ဦးစီးအဖွဲ့ရဲ့ လေးပုံတပုံကို ခန့်အပ်မှာဖြစ်ပြီး ဒေသလုံခြုံရေးရာ အကြီးအကဲကိုလည်း ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ် တာဝန်ပေးမှာပါ။

၁ဝ။ ဒီလိုနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ နိုင်ငံတော် သမတထက် အာဏာပိုကြီးပြီး တိုင်းပြည်ရဲ့ ဗဟိုအဆင့်၊ ပြည်နယ်၊ ဒေသအဆင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းများ၊ ဇုံများအဆင့်အထိ အုပ်ချုပ်ရေးအာဏာကို လွှမ်းမိုး ဆုပ်ကိုင်ထားမှာပါ။

(စ) ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်၏ တရားစီရင်ရေး အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ နိုင်ငံတော်မှာ တရားစီရင်ရေးအာဏာဟာ အမြင့်မားဆုံး အာဏာသုံးရပ်ထဲက တခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော် တရားစီရင်ရေး အာဏာဟာ အဖိနှိပ်ခံ ပြည်သူများပေါ်သာ သက်ရောက်ပြီး တိုင်းပြည်ရဲ့ သီးခြားအခွင့်ထူးခံ လူတန်းစားဖြစ်တဲ့ တပ်မတော်အပေါ်မှာ သက်ရောက်ခြင်း မရှိပါဘူး။

၂။ ဒီဖွဲ့စည်းပုံအရ ကာကွယ်ရေး ဦးစီးချုပ်ဟာ တပ်မတော်ရေးရာ ကိစ္စအဝဝကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရှိပါတယ်။ အဲဒီ အရေးကိစ္စတွေမှာ တရားစီရင်ရေး ကိစ္စလည်း ပါပါတယ်။ တပ်မတော်သား တယောက်နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် စစ်ခုံရုံးကသာ ကိုင်တွယ်မှာ ဖြစ်ပြီး အရပ်ဖက် တရားရုံးများက စီရင်ခွင့် မရှိပါဘူး။ ဒီနည်းနဲ့ တပ်မတော်ဟာ ဥပဒေရဲ့ အထက်မှာ ရောက်ရှိနေပါတော့တယ်။

၃။ ဒီဖွဲ့စည်းပုံအရ နိုင်ငံတော်သမတက ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးများကို ခန့်အပ် တာဝန်ပေးရတာပါ။ နိုင်ငံတော် သမတဟာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးများကို ခန့်အပ်နိုင်သလို ဖြုတ်ချပိုင်ခွင့်လည်း ရှိပါတယ်။ တကယ်တော့ အုပ်ချုပ်မှု အာဏာနဲ့ တရားစီရင်ရေး အာဏာဟာ တန်းတူဖြစ်ပြီး တခုနဲ့တခု အပြန်အလှန် ထိန်းညှိပေးရမှာ၊ တရားစီရင်ရေးဟာ လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ရမှာက ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဒါပေမဲ့ ဒီ နအဖ ရဲ့ ဖွဲ့စည်းပုံ ဥပဒေမှာတော့ နိုင်ငံတော် သမတဟာ တရားသူကြီးများကို ခန့်အပ်ခွင့် ရှိသလို ဖြုတ်ချခွင့်လည်း ရှိတဲ့အတွက်ကြောင့် တရားစီရင်ရေး အာဏာဟာ အုပ်ချုပ်ရေး အာဏာရဲ့ လက်အောက်ခံ ဖြစ်နေပါပြီ။ တပ်မတော်ရဲ့ အရေးကိစ္စတွေကိုလည်း ကိုင်တွယ်ခွင့် မရှိတဲ့အပြင် သမတကိုယ်တိုင်က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာအောက်မှာ ရှိနေတဲ့အတွက် ကာကွယ်ရေး ဦးစီးချုပ်ဟာ တရားစီရင်ရေးမှာလည်း စိတ်တိုင်းကျ စွက်ဖက်ခွင့် ရနေပါတယ်။

(ဆ) တိုင်းရင်းသား လူမျိုးစုများအပေါ် ဖိနှိပ်ကန့်သတ်မှု

၁။ နိုင်ငံတော်ကို ဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုအဖြစ် ဖွဲ့စည်းထားတာကိုက တိုင်းရင်းသား လူမျိုးစုများ အားလုံး တန်းတူညီမျှရေးကို ငြင်းပယ်လိုက်တာပါ။

၂။ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသားများအတွက် ပြည်နယ် ၇ ခု (ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား၊ ချင်း)၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၁ ခု၊ (ဝ)နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုံ ၅ ခု (နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်) ခွဲခြား ပေးထားပါတယ်။

၃။ ဒီဖွဲ့စည်းပုံအရ ပြည်နယ်အားလုံးမှာ ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းထားရှိပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ လေးပုံတပုံက ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော် အရာရှိတွေ ဖြစ်မှာပါ။ တိုင်းရင်းသားများရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး မျှော်လင့်ချက်ဟာ ဒီမှာတင် ပျက်ပြယ်သွားပါပြီ။ ပြည်နယ်တွေရဲ့ အရေးကိစ္စကို တပ်မတော် အရာရှိများက ဝင်ရောက် ချယ်လှယ်နေကြမှာပါ။

၎။ ဒီဖွဲ့စည်းပုံမှာပဲ ပြည်နယ်ရဲ့ အကြီးအကဲဖြစ်တဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့် မရှိပါဘူး။ နိုင်ငံတော် သမတကသာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထဲမှ သူစိတ်တိုင်းကျသူ တယောက်ကို ခန့်အပ် တာဝန်ပေးမှာပါ။ တိုင်းရင်းသားတွေအဖို့ ကိုယ့်ခေါင်းဆောင်ကိုတောင် ရွေးချယ်ခွင့် မရဘဲ ပြည်မက ရွေးချယ် တာဝန်ပေးသူကိုသာ လက်ခံကြရမှာပါ။

၅။ ပြည်နယ် ဝန်ကြီးချုပ်ကလည်း ပြည်နယ် အစိုးရအဖွဲ့ကို သူ့စိတ်ကြိုက် ဖွဲ့စည်းခွင့် မရှိပါဘူး။ ပြည်နယ်ဝန်ကြီး ဖြစ်သင့်သူတွေကို ရွေးချယ်ပြီး နိုင်ငံတော် သမတထံ တင်ပြပြီး နိုင်ငံတော် သမတက သဘောတူညီမှ ခန့်အပ်ခွင့် ရှိတာပါ။ အဲဒီပြည်နယ် အစိုးရအဖွဲ့မှာလည်း လုံခြုံရေးနဲ့ နယ်စပ်ဒေသ အရေးကိစ္စတွေအတွက် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးအပ်တဲ့ တပ်မတော် အရာရှိတွေကိုပဲ ခန့်အပ်ရမှာပါ။

၆။ ပြည်နယ်တွေဟာ တရားသူကြီးတွေကိုလည်း ဒေသခံ တိုင်းရင်းသားများ ဆန္ဒနဲ့ ခန့်အပ်လို့ မရပြန်ပါဘူး။ နိုင်ငံတော် သမတကသာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တိုင်ပင်ပြီး ပြည်နယ် တရားသူကြီးများကို ခန့်အပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်များရဲ့ တရားစီရင်ရေး အာဏာဟာ ဗဟိုအစိုးရရဲ့ ကိုင်တွယ်မှု အောက်မှာပဲ ရှိပါတယ်။

၇။ အထက်မှာ ဖော်ပြခဲ့သလို ပြည်နယ်တွေမှာ လွှတ်တော်ရေးရာနဲ့ အုပ်ချုပ်ရေးရာတွေမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော် အရာရှိများက ဝင်ရောက် စွက်ဖက်နေမှာ ဖြစ်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ် တရားသူကြီးများကို နိုင်ငံတော် သမတက တိုက်ရိုက် ခန့်အပ်မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရေးများနဲ့ အဝေးကြီး ဖြစ်နေပါပြီ။

၈။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံများမှာတော့ လွှတ်တော်အစား ဦးစီးအဖွဲ့များ ဖွဲ့စည်းမှာ ဖြစ်ပြီး ဦးစီးအဖွဲ့များက အုပ်ချုပ်ရေးနဲ့ ဥပဒေပြု အာဏာကို ကိုင်တွယ်ကြမှာပါ။ ထုံးစံအတိုင်း ဦးစီးအဖွဲ့ဝင် လေးပုံတပုံဟာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော် အရာရှိများဖြစ်ပြီး လုံခြုံရေးနဲ့ နယ်စပ်ဒေသ ရေးရာများကို ကိုင်တွယ်ကြမှာပါ။ အဲဒီ ဦးစီးအဖွဲ့များရဲ့ ဥက္ကဋ္ဌများကိုလည်း နိုင်ငံတော် သမတက တိုက်ရိုက်ခန့်အပ် တာဝန်ပေးမှာပါ။

၉။ နောက်အရေးကြီးတဲ့ တချက်ကတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အခန်းကဏ္ဍပါ။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဟာ ဗဟိုအစိုးရရဲ့ လက်အောက်က ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်ပြီး ဗဟိုကနေ ပြည်နယ်၊ ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဇုံများ၊ မြို့နယ်များအထိ အဆင့်ဆင့် တည်ရှိမှာပါ။ ပြီးတော့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှာ ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ပြည်နယ်နဲ့ ဒေသ အကြီးအကဲဟာ ပြည်နယ်၊ ဒေသအစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်ပြီး သူ့ရဲ့အဖွဲ့က ပြည်နယ်၊ ဒေသအစိုးရရဲ့ ရုံးအဖွဲ့ ဖြစ်လာမှာပါ။ အလားတူပင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဇုံများက အထွေထွေ အုပ်ချုပ်ရေးဌာန အကြီးအကဲက အဲဒီ တိုင်းနဲ့ဇုံများ ဦးစီးအဖွဲ့များရဲ့ အတွင်းရေးမှူး ဖြစ်ပြီး သူ့ရုံးအဖွဲ့က ဦးစီးအဖွဲ့များရဲ့ ရုံးအဖွဲ့လည်း ဖြစ်ပါတယ်။

၁ဝ။ ဒီလိုနဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်များကို ငြင်းပယ်ထားပြီး ဗဟိုအစိုးရရဲ့ လက်အောက်ခံဘဝနဲ့ ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အရေးအရာအားလုံးမှာ ချုပ်ကိုင် ချယ်လှယ်တာကိုပဲ ခံကြရတော့မှာပါ။

(ဇ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

၁။ ဒီဖွဲ့စည်းပုံအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အဖွဲ့ဝင် ၁၁ ယောက်နဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီကောင်စီက နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခြင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသလို နိုင်ငံတော်မှာ အာဏာ အကြီးဆုံးဖြစ်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်ဖို့လည်း တာဝန်ရှိပါတယ်။

၂။ အဖွဲ့ဝင် ၁၁ ယောက်ကတော့

(၁) သမတ
(၂) ဒုသမတ-၁
(၃) ဒုသမတ-၂
(၄) ပြည်သူ့လွှတ်တော် အကြီးအကဲ
(၅) အမျိုးသား လွှတ်တော်အကြီးအကဲ
(၆) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
(၇) ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
(၈) ကာကွယ်ရေး ဝန်ကြီး
(၉) နိုင်ငံခြားရေး ဝန်ကြီး
(၁ဝ) ပြည်ထဲရေး ဝန်ကြီးနဲ့
(၁၁) နယ်စပ်ဒေသရေးရာ ဝန်ကြီးတို့ ဖြစ်ပါတယ်။

၃။ ဒီဖွဲ့စည်းမှုမှာ ကြည့်ရင် သမတဟာ တပ်မတော် ကိုယ်စားလှယ်များ ထောက်ခံမှ တက်လာမှာ ဖြစ်သလို၊ ဒု-သမတ တယောက်ဟာလည်း တပ်မတော် ကိုယ်စားလှယ်များက ရွေးချယ် တင်မြှောက်ထားသူပါ။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ဒေသ ဝန်ကြီးများဟာလည်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားသူတွေပါ။ နိုင်ငံခြားရေး ဝန်ကြီးဟာလည်း သမတက ခန့်အပ်ထားသူဆိုတော့ ဒီကောင်စီမှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အလိုဆန္ဒကို ထောက်ခံမယ့်သူက အနည်းဆုံး ၈ ယောက်ရှိပါတယ်။ ဒါကြောင့်မို့ ဒီကောင်စီဟာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အလိုဆန္ဒကို တံဆိပ်တုံးထု ထောက်ခံပေးရမယ့် အဖွဲ့သာ ဖြစ်ပါတယ်။

(ဈ) နောက်မှ ပြင်၍ မရနိုင်ပါ။

၁။ နအဖ စစ်အုပ်စုက ဒီဖွဲ့စည်းပုံကို အတည်ပြုပြီးရင် ပြန်လည်ပြင်ဆင်ဖို့ ခက်အောင် လုပ်ထားပါသေးတယ်။ ဒီလိုပါ ...

၂။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း) ကို တင်ရမှာပါ။ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် (၂ဝ ရာခိုင်နှုန်း) က ဥပဒေမူကြမ်း တရပ်အနေနဲ့ တင်ရမယ်လို့ ဆိုပါတယ်။

၃။ ဖွဲ့စည်းပုံရဲ့ အဓိက အခန်းတွေဖြစ်တဲ့ နိုင်ငံတော် အခြေခံမူဝါဒများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ၊ ဥပဒေပြု အာဏာဖွဲ့စည်းမှု၊ အုပ်ချုပ်မှု အာဏာဖွဲ့စည်းမှု၊ တရားစီရင်ရေး အာဏာဖွဲ့စည်းမှု၊ အရေးပေါ် အခြေအနေ စတဲ့ အခန်းတွေကို ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ လိုအပ်တဲ့အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ (၅ဝ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲလည်း လိုအပ်ပါတယ်။

အခြား အခန်းကဏ္ဍတွေကိုတော့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်များရဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲနဲ့ ပြင်နိုင်တယ်လို့ ဆိုပါတယ်။

၎။ လွှတ်တော် နှစ်ရပ်စလုံးမှာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော် အရာရှိများက (၂၅ ရာခိုင်နှုန်း) နေရာယူထားတာပါ။

သူတို့ မပါဘဲနဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ မရနိုင်သလို၊ သူတို့ ပါဝင် ထောက်ခံဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ အတွက်ကြောင့် ဒီဖွဲ့စည်းပုံကို နောက်မှ ပြန်ပြင်ကြတာပေါ့လို့ စဉ်းစားနေရင် အကြီးအကျယ် မှားပါလိမ့်မယ်။

၅။ တကယ်လို့များ ရွေးချယ်ခံ ကိုယ်စားလှယ်များ အားလုံးကလည်း တစိတ်တည်း တဝမ်းတည်းနဲ့ (၇၅ ရာခိုင်နှုန်း) ထောက်ခံကြမယ်၊ တပ်မတော် ကိုယ်စားလှယ်တချို့က ရွေးချယ်ခံ ကိုယ်စားလှယ်များ ဘက်ပါပြီး ဖွဲ့စည်းပုံပြင်ဖို့ ထောက်ခံလို့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ ရရင်တောင်မှ ကာကွယ်ရေး ဦးစီးချုပ်က ချက်ချင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး အာဏာသိမ်းမှာ အသေအချာပါပဲ။

(ည) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) ၏ စွက်ဖက်ချယ်လှယ်မှု

၁။ နအဖ စစ်အုပ်စုက ကြံ့ဖွံ့ကို လူထု အဖွဲ့အစည်းတရပ် အသွင်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမဲ့လည်း တဖြေးဖြေးနဲ့ ကြံ့ဖွံ့ဟာ နအဖ ရဲ့ လက်ရုံးတပ်တခု ဖြစ်လာပြီး တိုင်းသူပြည်သားများကို စောင့်ကြပ်ကြည့်ရှုရင်း နှိပ်စက် အနိုင်ကျင့်တဲ့ ယန္တယားတခု ဖြစ်လာပါတယ်။ ရပ်ကွက်ထဲ ဧည့်စာရင်းစစ်၊ ကင်းလှည့်တာကအစ ပါသလို ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စောင့်ကြည့် ထောက်လှမ်းရာမှာလည်း ပါပါတယ်။ အခုဆိုရင် ကြံ့ဖွံ့ဟာ နအဖ စစ်အာဏာရှင်များရဲ့ အားပေးမှုနဲ့ ဒီမိုကရေစီ လှုပ်ရှားသူများကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဖမ်းဆီး ထိမ်းသိမ်းခြင်းစတဲ့ ဥပဒေမဲ့ အပြုအမူများကို ရဲရဲတင်းတင်း ဆောင်ရွက်နေပါပြီ။ အဲဒီကြံ့ဖွံ့ အဖွဲ့က လာမယ့် လူထုဆန္ဒခံယူပွဲကို ကြီးကြပ် အကောင်အထည်ဖော်မှာ ဖြစ်ပြီး နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရ ရတဲ့နည်းနဲ့ အတည်ပြုမှာပါ။

၂။ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသဖြင့် အတည်ပြုပြီးရင် ဒီကြံ့ဖွံ့ဟာ နိုင်ငံရေးပါတီ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရွေးကောက်ပွဲ အသစ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ဒီနည်းနဲ့ နောက် ဖြစ်ပေါ်လာမယ့် လွှတ်တော် အသစ်တွေမှာ တပ်မတော် ကိုယ်စားလှယ် (၂၅ ရာခိုင်နှုန်း) အပြင် တပ်မတော်ရဲ့ သြဇာခံ အဖွဲ့အစည်းဖြစ်တဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်တွေကလည်း ရာခိုင်နှုန်း တစုံတရာ နေရာ ယူထားကြမှာပါ။ ဒီတော့ ဒီ နအဖ ရဲ့ မတရားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နောက်မှ ပြန်လည် ပြင်ဆင်ကြဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဘောင်ထဲကနေ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစုများ တန်းတူညီမျှရေးတွေကို တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်ကြဖို့ ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။

၃။ ရှေ့မှာ တင်ပြခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးသွားရင် စစ်တပ်ဟာ သီးခြားအခွင့်ထူးခံ လူတန်းစားတရပ် အဖြစ် တရားဝင် ပေါ်ပေါက်လာမှာ ဖြစ်ပြီး မြန်မာပြည်သူများကတော့ ဒုတိယတန်းစား နိုင်ငံသားများသာ ဖြစ်လာမယ်လို့ တင်ပြခဲ့ပါတယ်။ အမှန်တကယ်တော့ ဒီထက်ဆိုးပါတယ်။ စစ်တပ်က ထိပ်ဆုံးကနေ၊ ဥပဒေရဲ့ အထက်ကနေ သီးခြားအခွင့်ထူးခံ လူတန်းစားတရပ် ဖြစ်တည်နေသလို ကြံ့ဖွံ့နဲ့ လက်နက်ချ တိုင်းရင်းသား အဖွဲ့အစည်း တချို့ဟာလည်း စစ်တပ်ရဲ့ မျက်နှာသာပေးမှု၊ အားပေးထောက်ခံမှုနဲ့ လူထုတရပ်လုံးရဲ့ အထက်မှာ၊ ဥပဒေရဲ့ အထက်မှာ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သားများဟာ ဒုတိယတန်းတောင် မဟုတ်၊ တတိယတန်းစား နိုင်ငံသားများအဆင့်နဲ့ စစ်တပ်နဲ့ ကြံ့ဖွံ့ရဲ့ မတရားအနိုင်ကျင့်မှုတွေကို သားစဉ်မြေးဆက် ခံကြရတော့မှာပါ။

(ဋ) ဒီမိုကရေစီအင်အားစုများ ရွေးကောက်ပွဲ ဝင်ခွင့် မရနိုင်ပါ

၁။ တချို့ကလည်း မျှော်လင့်ကြပါတယ်။ ဒီမိုကရေစီ အင်အားစုများ တက်ညီလက်ညီနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ရင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစု ရနိုင်တယ်။ ပြီးတော့ လွှတ်တော်ကနေ တိုင်းပြည်ကို ကြိုးစား ကယ်တင်သင့်တယ်လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ယနေ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင် ကန့်သတ်ထားပါတယ်။

၂။ ဒီဖွဲ့စည်းပုံအရ ပြစ်မှုတခုခုနဲ့ အကျဉ်းကျဖူးသူ၊ တရားရုံးတခုခုက ပြစ်ဒဏ် ချမှတ်ခြင်း ခံရသူတွေဟာ ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ဒီကနေ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အဖွဲ့ဝင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အားလုံးနီးပါးဟာ အကျဉ်းထောင်ထဲ အကြိမ်ကြိမ် ရောက်ခဲ့ကြ၊ ရောက်နေကြတဲ့သူတွေပါ။ သူတို့တွေအတွက် ရွေးကောက်ပွဲ ဝင်နိုင်ခွင့် လုံးဝမရှိပါဘူး။

၃။ တာဝန်ရှိ အဖွဲ့အစည်းတခုခုက ရွေးကောက်ပွဲဝင်ရန် မသင့်လို့ ဆုံးဖြတ်ထားတဲ့ ပုဂ္ဂိုလ်တဦးဟာလည်း ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ၁၉၈၉ မှာ ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်မရှိလို့ ဆုံးဖြတ်ထားတဲ့အတွက် အဲဒီ ဆုံးဖြတ်ချက်ဟာ ဆက်လက် အတည်ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ခွင့်မရနိုင်ပါ။

၎။ ပြည်ပအစိုးရ တခုခုကို သြဇာခံသူတွေဟာလည်း ရွေးကောက်ပွဲ ဝင်ခွင့်မရလို့ ကန့်သတ်ထားပါတယ်။ ဒီတော့ နအဖ အစိုးရက ဒီနေ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အားလုံးကို ပြည်ပ သြဇာခံများလို့ အကြိမ်ကြိမ် စွပ်စွဲထားတာကို သတိရဖို့ပါပဲ။

၅။ ဒီဖွဲ့စည်းပုံမှာ နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ ဒီဖွဲ့စည်းပုံအရ နိုင်ငံရေးပါတီများ အားလုံးဟာ စည်းကမ်းကျတဲ့ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲ ဥပဒေများကို လိုက်နာရမယ်လို့ ဆိုပါတယ်။ နအဖ စစ်အုပ်စုရဲ့ စည်းကမ်းကျတဲ့ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ ဆိုတာကိုက အမှန်တကယ်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားတဲ့ စနစ်မို့လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီများ အနေနဲ့ လက်ခံနိုင်ဖို့ အတော်ခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဓိက အနှစ်သာရကလည်း နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အပ်နှံထးတာဖြစ်လို့ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီများအတွက် ဒီဖွဲ့စည်းပုံကို လိုက်နာဖို့ဆိုတာ အတော် ခက်ပါလိမ့်မယ်။

၆။ လက်ရှိ တည်ရှိဆဲပါတီများ အတွက်လည်း ကန့်သတ်ချက်တွေ ရှိပါသေးတယ်။ တကယ်လို့ နိုင်ငံရေး ပါတီတခုဟာ မတရားသင်း အဖွဲ့အစည်း တခုအဖြစ် ကြေညာခံရမယ် ဆိုရင်၊ သူပုန် အဖွဲ့အစည်းများကို ဆက်သွယ်တယ်၊ ထောက်ခံ အားပေးတယ်လို့ တွေ့ရှိရင်၊ နိုင်ငံရေး ပါတီတခုဟာ ပြည်ပနိုင်ငံတခုရဲ့ အစိုးရဆီက ဖြစ်စေ၊ အဖွဲ့အစည်း တခုဆီက ဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးဆီက ဖြစ်စေ၊ ငွေကြေးနဲ့ အခြား ထောက်ပံ့မှုများ ရယူရင် အဲဒီပါတီကို တရားဝင် တည်ရှိခွင့်မှ ရပ်စဲပစ်မယ်လို့ ဆိုပါတယ်။ ဒီတော့ နအဖ စစ်အုပ်စုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်ပအဖွဲ့များနဲ့ ဆက်သွယ်တယ်၊ နိုင်ငံခြားငွေကြေး အထောက်အပံ့တွေ ရယူတယ်၊ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပတ်သက်တယ် စသဖြင့် အကြိမ်ဖန်များစွာ စွပ်စွဲထားတာပါ။ ဒါကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးရင် နအဖ က အဖွဲ့ချုပ်ကို တရားဝင် တည်ရှိခွင့် ရုပ်သိမ်းလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ကျနော်တို့ ဘာကို ရွေးချယ်မလဲ

ကျနော်တို့ ပြည်သူများအတွက် ရွေးချယ်စရာ နှစ်ခုတော့ ရှိပါတယ်။ နအဖ ရဲ့ ဖွဲ့စည်းပုံကို ထောက်ခံပြီး ဘဝအဆက်ဆက်၊ သားစဉ်မျိုးဆက် စစ်တပ်ကျွန် အဖြစ်ခံမလား၊ နအဖ ရဲ့ ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသား ကန့်ကွက် ပယ်ချပြီး နအဖ ကို ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုမလား။ နအဖ ကတော့ ကျနော်တို့ကို စိမ်ခေါ်လိုက်ပါပြီ။

ကျနော်တို့ ရွေးချယ်ရမှာလည်း တခုပဲ ရှိသင့်ပါတယ်။ တသက်လုံး ကျနော်တို့ရဲ့ သားစဉ်မြေးဆက်များကို စစ်တပ်ကျွန် ဖြစ်ရမယ့် ဘဝကို မရွေးချယ်နိုင်ပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်ရတဲ့၊ တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးတွေကို ငြင်းပယ်ထားတဲ့၊ စစ်တပ်ကို သီးခြားအခွင့်ထူးခံ လူတန်းစား (သို့) အုပ်ချုပ်သူ လူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် သတ်မှတ်လိုက်တဲ့၊ ဒီ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ အားလုံး တိုင်းရင်းသား ညီအကို မောင်နှမများအားလုံး ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့။

လေးစားစွာ
အောင်ဒင်
အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂ဝဝ၈ ခုနှစ် (ပြည်ထောင်စုနေ့)

Read More...

အမျိုးသားညီလာခံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် မူများကို လေ့လာခြင်း

မောင်လူအေး
၂၀၀၈ ဖေဖော်ဝါရီ ၁၁

မဇ္ဈိမ

မြန်မာနိုင်ငံတော်တွင် ၁၉၈၈ ခုနှစ်၌ လူထူအုံကြွမှု ဖြစ်ပေါ်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်းယူပြီး န၀တခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုနောက် ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ကြွေးကြော်ကာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ပါသည်။ ထိုအချိန်က န၀တ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီအား အာဏာ လွှဲပြောင်းပေးမည်။ တပ်မတော်သည် သမိုင်းတရားခံ မဖြစ်ချင်ဘူး၊ ရွေးကောက်ပွဲပြီးလျှင် တပ်စခန်း (Barrack)သို့ ပြန်မည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးမှာ တပ်မတော်၏ တာဝန် မဟုတ်ပါ” ဟုပြောဆိုခဲ့သည်ကို ပြည်သူအများ သတိပြုမိ နေလိမ့်မည်ဟု ယူဆပါသည်။

သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၈၄% ကျော် မဲဖြင့် အနိုင်ရရှိခဲ့သော်လည်း ကတိအတိုင်း အာဏာ လွဲပြောင်းပေးခြင်း မပြုဘဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကတိက၀တ်ကို ဖောက်ဖျက်ကာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် တပ်မတော်မှ အနားယူခိုင်းခဲ့ပါသည်။ နိုင်ငံတော်ကို ဗိုလ်ချုပ်ကြီး သန်းရွှေ (ထိုစဉ်က)မှ ရယူ ချုပ်ကိုင်ခဲ့ပါသည်။ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အသိအမှတ် မပြုခဲ့ပါ။

၁၉၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိ၍ လက်မခံ ငြင်းပယ်ခြင်း ဖြစ်သည်ဟု အကြောင်းပြ ခဲ့ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိသည်ကို သိလျက်နှင့် မည်သို့သော ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပါသနည်း၊ ထိုရွေးကောက်ပွဲမှ ရွေးချယ် တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်တရပ် ရေးဆွဲဖို့ တောင်းဆိုချက်ကို လက်မခံနိုင်ဘဲ မိမိကိုယ်တိုင် မူချမှတ် ရေးဆွဲသည့် အခြေခံ ဥပဒေကိုမှ ဘာကြောင့် လိုချင်နေပါသနည်း ဆိုသော မေးခွန်းများ မေးစရာ ဖြစ်လာနေပါသည်။

မိမိ ချမှတ်ထားသော မူအတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကို ခေါ်ယူကျင်းပကာ အမျိုးသား ညီလာခံမှ ချမှတ်ပေးသော မူများ ဖြစ်သယောင် ပြည်သူလူထုကို ပုံမှားရိုက်ခဲ့ပါသည်။ ထင်ယောင်ထင်မှားလည်း ဖြစ်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံမှ နိုင်ငံတော်၏ ဦးတည်ချက် ၆ ချက်ကိုပါ မေတ္တာရှိ ချမှတ်ပေးခဲ့ပြန်ပါသည်။ ယင်းတို့မှာ

(၁) ပြည်ထောင်စုမပြိုကွဲရေး
(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(၄) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး
(၅) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေး
(၆) နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး တို့ ဖြစ်ပါသည်။

လေ့လာဆန်းစစ်ချက်များ

၁။ စစ်မှန်သော ပါတီစုံစနစ် ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်း

နိုင်ငံရေး ဦးတည်ချက် အမှတ်စဉ် (၄) တွင် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးဟု ဆိုထားသော်လည်း လက်တွေ့မူများတွင် ပါတီစုံစနစ် ပေါ်လွင်မှုမရှိဘဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ် အောင် သွယ်ဝိုက်သောနည်းဖြင့် အကောင်အထည်ဖော်ထားခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်တွေ့ရှိရပါသည်။

နိုင်ငံတော် အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်သည့် သမတကို ဒုတိယသမတ ရွေးချယ်ရေးအဖွဲ့ (၃)ဖွဲ့မှ ရွေးပေးရမည် ဖြစ်ပြီး ထိုအဖွဲ့ ၃ ဖွဲ့မှ ရွေးချယ်ပေးလိုက်သော ဒုတိယသမတ (၃)ဦးအနက်မှ တဦးဦးကို ပြည်ထောင်စု လွှတ်တော် (အထက်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ခုပေါင်း)မှ သမတအဖြစ် ရွေးချယ် တင်မြှောက်ရမည် ဖြစ်ပါသည်။ အဆိုပါ ဒုတိယသမတ ရွေးချယ်ရေး အစုအဖွဲ့များမှာ
၁။ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်)
၂။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်)
၃။ ကာကွယ်ရေး ဦးစီးချုပ်မှ ရွေးချယ်ပေးလိုက်သော တပ်မတော် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ဖြစ်ပါသည်။

ဤသို့ ရွေးချယ် တင်မြှောက်လိုက်သော သမတသည် နိုင်ငံတော် အကြီးအကဲ လည်းကောင်း၊ အစိုးရအဖွဲ့ အကြီးအကဲအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့် ပါတီက အစိုးရဖြစ်ပြီး မည်သည့်ပါတီက အတိုက်အခံ ဖြစ်သည်ဟု မပေါ်လွင်နိုင်တော့ပါ။ ဤကဲသို့ ပါတီစုံ ဒီမိုကရေစီ စနစ်၏ အနှစ်သာရဖြစ်သော အတိုက်အခံပါတီ မရှိခြင်းမှာ ပါတီစုံ ဒီမိုကရေစီစနစ် မဟုတ်ကြောင်း ထင်ရှားစေပါသည်။ ထို့အပြင် ဗဟိုအဆင့်တွင် မရှိသော်လည်း ပြည်နယ်/တိုင်း လွှတ်တော်များတွင် ပြည်နယ်/တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးများသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်း လွှတ်တော်၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်ဟု မူချမှတ်ထားသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။ ပါတီစုံစနစ်တွင် အမှန်တကယ် ကျင့်သုံးလျှက် ရှိသည်မှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီ (ကိုယ်စားလှယ် ထက်ဝက်ကျော် အနိုင်ရသည့်ပါတီ) က အစိုးရဖွဲ့ပြီး ဒုတိယ အများဆုံး အနိုင်ရရှိသည့် ပါတီက အတိုက်အခံပါတီ အဖြစ် ဆောင်ရွက်ကာ အစိုးရက မိမိ ကြိုက်သက်နှစ်သည့် ပုဂ္ဂိုလ်ကို လွှတ်တော်အတွင်းဝန် (အတွင်းရေးမှူး)အဖြစ် ခန့်အပ်လေ့ ရှိပါသည်။

သို့ရာတွင် ယခုချမှတ်ထားသော အခြေခံရမည့်မူတွင် တပါတီ အာရှင်စနစ်တွင် ကျင့်သုံးလေ့ရှိသည့် လွှတ်တော် အတွင်းရေးမှူးကို ပုံသေ သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြင့် ပါတီစုံ စနစ်၏ အနှစ်သာရနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။

၂။ စစ်မှန်သော ဒီမိုကရေစီ (သို့) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟုတ်မဟုတ် ဆန်းစစ်ခြင်း

လက်ရှိ စစ်အစိုးရသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေပါသည်ဟု နိုင်ငံတကာသို့ ထုတ်ဖော် ရှင်းပြနေပါသည်။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့်မူများ ချမှတ်ရာတွင်

(၁) လွှတ်တော် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅% ပါဝင်ရမည်ဟူ၍ လည်းကောင်း။
(၂) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် လွှတ်တော်ကိုယ်စားလှယ် သုံပုံတပုံ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည် ဟူ၍လည်းကောင်း။
(၃) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် မဲပေးပိုင်ခွင့် မရှိသူ၊ ပုဂ္ဂိုလ်တဦးဦးက အဆုံးအဖြတ်မဲ ပေးစေခြင်းဖြင့် အတည်ပြုခဲ့သော အချက်များကို နောက်နောင်မှ တွေ့ရှိရပါက သက်ဆိုင်ရာ လွှတ်တော်၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ ဟူ၍လည်းကောင်း မူချမှတ်ထားသည်ကို တွေ့ရှိရပါသည်။

တဖန် ယခုကျင့်သုံးမည့် ဒီမိုကရေစီသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဟု ဆိုထားပြန်ပါသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ကမ္ဘာတွင် မည်သည့်နိုင်ငံကမျှ မကျင့်သုံးသေးသည့် စနစ် ဖြစ်ပါသည်။ ဘယ်ဟာကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်သည်ဟု မည်သူကမျှ အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကို မတွေ့ရှိရသေးပါ။ ကျနော့် အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ပြိုလဲကျဆုံးခဲ့ပြီး ဖြစ်သော အင်ဒိုနီးရှားက ကျင့်သုံးခဲ့သည့် စစ်တပ်အာဏာရှင် (စစ်ဗျူရိုကရက်) စနစ် ဖြစ်သော လမ်းညွှန်ဒီမိုကရေစီ (Guided Democracy)ကို ရည်ညွှန်းဟန် ရှိသည်ဟု ယူဆရပါသည်။)

၃။ နိုင်ငံတော်အစိုးရ ဖွဲ့စည်းပုံကို လေ့လာခြင်း

အထက်တွင် ဖော်ပြပြီးသည့် အတိုင်း နိုင်ငံတော်အစိုးရ အကြီးအကဲသည် နိုင်ငံတော် သမတ ဖြစ်ပါသည်။ သို့ရာတွင် သမတသည် မိမိအစိုးရ အဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး တို့ကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ၀န်ကြီးအဖြစ် ခန့်အပ်ရမည် ဖြစ်ပါသည်။ မည်သည့် လွှတ်တော်၏ သဘောတူညီမှုကိုမျှ ရယူရန်လည်း မလိုပါ။ ထို့အပြင် အထက်ပါ ၀န်ကြီး (၃)ဦးသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်ပါလျှက် ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦး (ဦးစီးချုပ်နှင့် ဒုဦးစီးချုပ်)၏ လက်အောက်ခံ ဖြစ်နေပါသည်။ နိုင်ငံအများက ကျင့်သုံးနေသကဲ့သို့ ကာကွယ်ရေး ၀န်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်၏ အထက်တွင် ရှိသင့်ပါသည်။ ဤသို့ စစ်တပ်သည် နိုင်ငံတော်အစိုးရ အထက်တွင် ရှိနေခြင်းမှာ သဘာဝမကျဟု ဆိုချင်ပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီမှု မရှိပါ။ တဖန် ကာကွယ်ရေး ဦးစီးချုပ်သည် ဒုတိယ သမတများနှင့် အဆင့်အတန်း တူညီသည်ဟု ဆိုထားပြန်ရာ ကာကွယ်ရေး ဦးစီးချုပ်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများထက် အဆင့်အတန်း ပိုမို မြင့်မားနေကြောင်း ပေါ်လွင် ထင်ရှားစေပါသည်။

၎။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ပတ်သက်၍ လေ့လာ သုံးသပ်ချက်

အမျိုးသား ညီလာခံမှ ချမှတ်ထားသော အခြေခံရမူ (၁၀၄)ချက်အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတရပ် ထားရှိရမည် ဖြစ်ပါသည်။ ဤကောင်စီ (National Defence and Security Council) ကို အောက်ပါအတိုင်း ဖွဲ့စည်းရန် မူချမှတ်ထားပြန်ပါသည်။

၁။ နိုင်ငံတော်သမတ
၂။ နိုင်ငံတော် ဒုတိယသမတ (၁)
၃။ နိုင်ငံတော် ဒုတိယသမတ (၂)
၎။ ပြည်သူ့လွှတ်တော် ဥက္ကဌ
၅။ အမျိုးသားလွှတ်တော် ဥက္ကဌ
၆။ ကာကွယ်ရေး ဦးစီးချုပ်
၇။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်
၈။ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
၉။ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
၁၀။ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး
၁၁။ နိုင်ငံခြားရေးရာ ၀န်ကြီးဌာန ၀န်ကြီး
တို့ဖြင့် ဖွဲ့စည်းရန် မူချမှတ်ထားပါသည်။ ဤအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို လေ့လာ ကြည့်သည့်အခါ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပိုမို များပြားနေသည်ကို တွေ့ရပါသည်။

၁။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သော သမတ အဖွဲ့ဝင်တဦး
၂။ ကာကွယ်ရေး ဦးစီးချုပ်
၃။ ဒုတိယကာကွယ်ရေး ဦးစီးချုပ်
၎။ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
၅။ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
၆။ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး
စုစုပေါင်း ၆ ဦး ဖြစ်နေပါသည်။ ထို့အပြင် ဤအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty of Pardon) ပေးသင့် မပေးသင့်၊ နိုင်ငံတော် သမတကို အကြံပေးပိုင်ခွင့်နှင့် ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားရေးတွင်ပါ နိုင်ငံတော်သမတအား အကြံပြုပိုင်ခွင့် အာဏာပေးထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

ဤကဲ့သို့ မည်သည့်လွှတ်တော်၏ သဘောတူညီချက်ကိုမှ ရယူရန်မလိုဘဲ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အကြံပြုချက်ဖြင့်သာ နိုင်ငံတော်သမက ကာကွယ်ရေး ဦးစီချုပ်ကို ခန့်ထားရခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ကို ကြည့်မည်ဆိုလျှင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်နေပြီး နိုင်ငံတော် အစိုးရထက် အဆင့်မြင့်နေကြောင်း တွေ့ရပါသည်။
အမှန်တကယ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်မပေးသင့်၊ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ခြင်း တို့တွင် နိုင်ငံတော် သမတသည် မိမိအစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ လုပ်ဆောင်သင့်ပါသည်။ သို့ဖြစ်ရာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် ယခင် မဆလ လက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ နိုင်ငံတော် ကောင်စီနှင့် သဏ္ဍာန်တူနေပြီး အစိုးရအဖွဲ့အား Policy ချမှတ်ပေးသည့် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်နေပါသည်။
ထို့အပြင် ထိုကောင်စီသည် လွှတ်တော်၏ ထိန်းချုပ်မှုနှင့်လည်း ကင်းလွတ်ကာ သီးခြားရပ်တည် နေသော အဖွဲ့အစည်းမျိုး ဖြစ်နေပါသည်။ ဒီမိုကရေစီ နိုင်ငံများတွင် ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သော ပြည်သူ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကသာလျှင် အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ပါသည်။ နိုင်ငံတော်တွင် ရှိသည့် အဖွဲ့အစည်း မှန်သမျှ လွှတ်တော်၏ လက်အောက်ခံသာ ဖြစ်သင့်ပါသည်။ လွှတ်တော်များအား ရေးရာ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းနိုင်ခွင့်ကိုလည်း ပေးအပ်ထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် ဤကောင်စီသည် သမတ၏ အစိုးရအဖွဲ့ကို လည်းကောင်း၊ လွှတ်တော်ကို လည်းကောင်း၊ အကြံပေးရန် မဟုတ်ဘဲ လမ်းညွှန်မှု ပေးရန်သာ ရှိသည်ဟု ယူဆပါသည်။ သို့မှသာလျှင် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည် ဆိုသော အချက်နှင့် ကိုက်ညီမည် ဖြစ်ပါသည်။ မဆလခေတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျင့်သုံးခဲ့သည် နိုင်ငံတော် ကောင်စီ နှင့် ခပ်ဆင်ဆင် တူနေသည်ဟု ယူဆပါသည်။ ယင်းတွင် နိုင်ငံရေး ဦးဆောင်မှုဆိုရာ၌ တပါတီ အာဏာရှင်စနစ်ကိုသာ ကျင့်သုံးခဲ့ခြင်း ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ခြင်း မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံရေး အနေအထားအရ ကြည့်မည်ဆိုလျှင် ဤကောင်စီသည် တရုတ်မှ နိုင်ငံရေး ဦးဆောင်အဖွဲ့ (Polibureau)နှင့် တူနေသည်ကို တွေ့ရပြန်ပါသည်။ အုပ်ချုပ်ရေးဘက်မှ ကြည့်မည်ဆိုလျှင် အမြဲတမ်း ကော်မတီ (Standing Committee) နှင့်လည်း တူနေသည်။ ထိုအမြဲတမ်း ကော်မတီသည် အမျိုးသား ကွန်ဂရက် အစည်းအဝေး မရှိချိန်တွင် ထိုကွန်ဂရက်၏ တာဝန်ကိုပါ ရယူရပါသည်။ ယခု မြန်မာနိုင်ငံ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည်လည်း ထို့နည်းလည်းကောင်း ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။

၅။ ပြည်ထောင်စု ဟုတ်မဟုတ် လေ့လာသုံးသပ်ခြင်း

ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ဖွဲ့စည်းပုံကို ကြည့်လျှင် ပြည်ထောင်စု ပုံသဏ္ဍန် မဟုတ်ကြောင်း သိသာ နေပါသည်။ ပြည်နယ်/တိုင်း ၀န်ကြီးချုပ် (Chief Ministers) များကို နိုင်ငံတော် သမတက အမည်စာရင်း တင်သွင်း (Nominate) ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ သဘောတူညီချက်ကို ရယူကာ နိုင်ငံတော်သမက ခန့်အပ်ပေးရန် မူချမှတ်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။ ထို့အပြင် သမက အမည်စာရင်း တင်သွင်း ထားသော ပြည်နယ်/တိုင်း ၀န်ကြီးချုပ်လောင်းများကို အရည်အချင်း မပြည့်မီကြောင်း ခိုင်လုံသော အထောက်အထား မပြနိုင်ပါက အခြားနည်းဖြင့် ငြင်းပယ်ခွင့် မရှိကြောင်း အခြေခံ မူအဖြစ် ထပ်မံ ချမှတ်ထားပါသည်။ ထို့အပြင် ပြည်နယ်/တိုင်း ၀န်ကြီး ဌာနများကို တည်ထောင်ခွင့်နှင့် ၀န်ကြီးများ ခန့်အပ်ပိုင်ခွင့်ကိုလည်း သမတကိုပင် အာဏာ အပ်နှင်းထားပါသည်။ ဆိုလိုသည်မှာ ၀န်ကြီးဌာနများကို တိုးချဲ့ခြင်း၊ လျှော့ချခြင်း၊ ဖျက်သိမ်းခြင်းများနှင့် ၀န်ကြီးများကို ခန့်အပ်ခြင်း၊ ၀န်ကြီးအဖြစ်မှ ရပ်စဲခြင်း စသည့် အခွင့်အာဏာများကို သမတအား အပ်နှင်းထားခြင်း ဖြစ်ပါသည်။

အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့ကို သမက တိုက်ရိုက် ချုပ်ကိုင်ထားပြီး ပြည်နယ်/တိုင်း လွှတ်တော်များက သဘောထား ပေးရုံသက်သက်သာ အခွင့်အရေး ရှိသည်ကို တွေ့ရပါသည်။ သမတသည် တနိုင်ငံလုံးရှိ ၀န်ကြီးအားလုံး (ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်း ၀န်ကြီးများ) ကို ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ဤကဲ့သို့ သမတက ၀န်ကြီးအားလုံးကို ချုပ်ကိုင်ထားနိုင်သည့် စနစ်သည် မည်သို့မှ ပြည်ထောင်စုစနစ် မဟုတ်နိုင်တော့ပါ။ တပြည်ထောင် စနစ်သာ ဖြစ်ပါသည်။

ပြည်နယ်/တိုင်း ဥပဒေပြု လွှတ်တော် ရှိယုံမျှဖြင့် ပြည်ထောင်စုဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ သက်ဆိုင်ရာ လွှတ်တော် အသီးသီးသည် မိမိနှင့် သက်ဆိုင်သော အစိုးရအဖွဲ့ကို တိုက်ရိုက် စီမံခန့်ခွဲနိုင်ခွင့် ရှိရပါမည်။ ယခု ရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်နယ်/တိုင်း အစိုးရကို ဗဟိုမှ တိုက်ရိုက်ချုပ်ကိုင် ထားသည့် တပြည်ထောင်စနစ်ကို ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင် မလိမ့်တပတ်လုပ်၍ ပုံမှား ရိုက်ထားခြင်းသာ ဖြစ်ပါသည်။

အထက်ပါ အချက်များသည် လွတ်လပ်ကြိုးပမ်း ကာလကတည်းက သဘောတူညီထားသော ပင်လုံစိတ်ဓာတ်၊ ပင်လုံ ကတိက၀တ်ကို လျစ်လျူရှု ဖောက်ဖျက်ရာလည်း ရောက်နေပါသည်။ သို့ဖြစ်ရာ (Road Map) လမ်းပြ မြေပုံကြီးကို တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် လက်ခံရန် ခဲယဉ်းစေမည် ဖြစ်ပါသည်။ ထို့ကြောင့် ထိုမဟာ လမ်းပြမြေပုံကြီးသည် ယခု မျက်မှောက် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ထို့အပြင် စစ်အစိုးရသည် စစ်မှန်သော ပြည်ထောင်စု (Federal) မူကို ခွဲထွက်ရေးမူအဖြစ် သရုပ်ဖျက်ကာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုလည်း ငြင်းပယ်လျက် ရှိပြီး အလွန်နေချင့်စဖွယ် နိုင်ငံကို မည်သူမျှ မနေချင်တော့လောက်အောင် အကျဉ်းတန်သော နိုင်ငံ ဖြစ်သွားအောင် ဖန်တီးနေခြင်းမှာ အလွန် ၀မ်းနည်းဖွယ်ရာ ကောင်းလှပါသည်။

၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘာကြောင့် အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့ရသလဲ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ၄ နှစ်တိုင်တိုင် ကျင်းပခဲ့သော အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ သို့ရာတွင် ၁၉၉၆ ခုနှစ်တွင် အမျိုးသား ညီလာခံမှ ထွက်ခွာခဲ့ပြီး အမျိုးသား ညီလာခံလည်း ရပ်ဆိုင်းသွားခဲ့ပါသည်။ ဤသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံမှ နှုတ်ထွက်ခဲ့ ရခြင်းမှာ အောက်ပါ အချက်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

၁။ ပါတီစုံစနစ်နှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရှိရခြင်း၊
၂။ ဒီမိုကရေစီစနစ်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခြင်း (တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ၂၅% ပါဝင်နေခြင်း၊ လွှတ်တော် ကိုယ်စားလှယ် သုံးပုံတပုံ အစည်းအဝေး တက်လျှင် အစည်းအဝေး အထမြောက်သည်ဟု ဆိုထားခြင်း)
၃။ ပြည်ထောင်စုစနစ် မဟုတ်ဘဲ ပြည်နယ်/တိုင်း အစိုးရများကို ဗဟိုအစိုးရ အကြီးအကဲဖြစ်သည့် သမတ က တိုက်ရိုက် ချုပ်ကိုင်ထားနိုင်သည့် တပြည်ထောင် အစိုးရစနစ် ဖြစ်နေခြင်း
၎။ ညီလာခံတွင် ဘာမျှ တင်ပြဆွေးနွေးပိုင်ခွင့် မရှိဘဲ ၎င်းတို့မှ ရှင်းပြ ဖတ်ပြသမျှကိုသာ နားထောင်နေရခြင်း၊
၅။ အစုအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေး တင်ပြခွင့် ရှိသည်ဆိုသော်လည်း ဆွေးနွေး တင်ပြချက်များကို လုပ်ငန်း ကော်မတီကို ပထမဦးစွာ တင်ပြပြီးမှ ၎င်းတို့ ချမှတ်ထားသော ဖတ်ပြ၊ ရှင်းပြခဲ့သော စာတမ်းပါ အချက်အလက်များနှင့် မကိုက်ညီပါက လက်မခံ ပယ်ချခြင်း၊
၆။ တင်းကျပ်သော ဥပဒေ ပြဌာန်းထားပြီး လွတ်လပ်စွာ သုံးသပ် ပြောဆိုပိုင်ခွင့် မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
၇။ ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာ သုံးသပ်ချက်
နိုင်ငံတော် သမတက ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေရေး ကော်မတီတရပ် ထားရှိမည် ဖြစ်ပြီး ဤကော်မတီတွင် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များက ကော်မတီဝင်များအဖြစ် ပါဝင်မည် ဖြစ်ပါသည်။ ဤကော်မတီသည် ကောင်းမွန် သင့်တော်သည်ဟု ဆိုရမည် ဖြစ်သော်လည်း ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များကို နိုင်ငံတော် သမတက တိုက်ရိုက် ကိုင်တွယ် ခန့်ထားသူများ ဖြစ်ရာ သမတကို အာခံပြီး အတိုက်အခံ ပြောဆိုဆွေးနွေးနိုင်စရာ လမ်းမမြင်ရပါ။ ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သည့် အများစု အနိုင်ရပါတီ ခေါင်းဆောင် တဦးဦးကို သက်ဆိုင်ရာ လွှတ်တော်မှ ရွေးချယ် တင်မြှောက်လိုက်သော ၀န်ကြီးချုပ် ဖြစ်ပါက မည်သို့မျှ ဆိုဖွယ်ရာ မရှိပါဟု ယုံကြည်ပါသည်။

၈။ စစ်တပ်၏ အခန်းကဏ္ဍ

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် စစ်တပ် ပါဝင်နေခြင်းကို မည်သို့မျှ နားလည်နိုင်စရာ မရှိပါ။ စစ်တပ်သည် အခုမှ အခြေအနေအရ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခြင်း မဟုတ်ကြောင်းကို အောက်ပါ အချက်အလက်များ က သက်သေ ပြနေပါသည်။ စစ်တပ်သည် ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံရေး အာဏာကို ရယူထားခဲ့ပါသည်။ မဆလခေတ်တွင် ပါတီဥက္ကဌများသည် စစ်တပ်မှ ဗိုလ်ချုပ်များသာ ဖြစ်ခဲ့ပါသည်။ ဗဟိုတွင် ပါတီဥက္ကဌမှာ ဗိုလ်ချုပ်နေ၀င်း ဖြစ်ပြီး နယ်တွင် ဒေသပါတီ ဥက္ကဌများမှာ တိုင်းမှူးများ ဖြစ်ကြပါသည်။ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်/တိုင်း ကောင်စီများတွင်လည်း စစ်တပ်မှ ကိုယ်စားလှယ်များ ၂၅% မက ပါဝင်ခဲ့ပါသည်။ ထိုစဉ်က မဆလ ပါတီသည် နိုင်ငံရေး ဦးဆောင်အဖွဲ့လည်း ဖြစ်ပါသည်။ ဤသည်ကို လူထုက မလိုလား၍ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့ပြီး ထိုဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပျက်ပြားခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် စစ်တပ်သည် ယခုမှ နိုင်ငံရေးတွင် ပါဝင်လာခြင်း မဟုတ်ဘဲ စစ်တပ်အာဏာရှင်စနစ် ရေရှည် တရားဝင် ရပ်တည် နိုင်အောင် ပုံစံအသစ်တမျိုး တီထွင်လာခြင်းသာ ဖြစ်သည်ဟု ယူဆရမည် ဖြစ်ပါသည်။
အချို့က စစ်တပ်နှင့်ပြည်သူ အာဏာခွဲဝေ ကျင့်သုံးရေး (Power Sharing) ကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အချိန် အခိုက်အတန့်အထိသာ ပါဝင်လိမ့်မည်ဟု ထင်နေကြသည်ကိုလည်း တွေ့နေရပါသည်။ သို့ရာတွင် စစ်တပ်သည် အချိန်အခါ အခြေအနေအရ တစုံတရာသော အတိုင်းအတာ အထိသာ ပါဝင်လိုခြင်း ဟုတ်မဟုတ်ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းတွင် ဥပဒေကို လွယ်လွယ်နှင့် ပြင်ဆင်၍မရအောင် အခိုင်အမာ ပြုထားသည်ကို သတိပြုသင့်ပါသည်။

၉။ အရေးပေါ်ကာလပြဌာန်းချက်

နိုင်ငံတော်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော အစိုးရအကြီးအကဲ ဖြစ်သည့် နိုင်ငံတော် သမတနှင့် ဒုတိယသမတ များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ အပ်နှင်းထားသော တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခြင်းကြောင့် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲပေးရခြင်းမျိုး ဖြစ်ပါသည်။ မိမိတို့၏ ညံ့ဖျင်းမှုကြောင့် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲပြောင်းပေးရခြင်း ဖြစ်ရာ နိုင်ငံတော် သမတနှင့် ဒုတိယသမတ များသည်လည်း တာဝန်မှ နှုတ်ထွက်ပေးရမည် ဖြစ်ပါသည်။ သို့သော် ဤအခြေခံ ဥပဒေတွင် သမတနှင့် ဒုတိယ သမတများသည် မိမိတို့ရာထူးမှ နှုတ်ထွက်ပေးရန် မလိုသည်ကို တွေ့ရပါသည်။ ကာကွယ်ရေး ဦးစီးချုပ်သည် အရေးပေါ်ကာလ ပြီးဆုံးပါက မိမိအား လွှဲအပ်ထားသော အာဏာကို နိုင်ငံတော် သမတများထံ ပြန်လည် အပ်နှံပေးနိုင်ပါသည်။ သို့ဖြင့် နိုင်ငံတော် သမက မိမိထံ အပ်နှင်းထားသော အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား အငှားချထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့အပြင် လွှတ်တော်ကိုလည်း ယာယီ ရပ်ဆိုင်းထားခြင်းသာ ဖြစ်ပြီး အရေးပေါ်ကာလ ပြီးဆုံးပါက လွှတ်တော်လည်း အလိုအလျောက် ပြန်လည် အသက်ဝင်လာမည် ဖြစ်ပါသည်။
ဤအချက်သည် လွှတ်တော်ကို စစ်တပ်က နောက်ကွယ်မှ ကြိုးကိုင်ထားပြီး လူထုအုံကြွမှု ဖြစ်ပေါ်လာပါက စစ်တပ်မှ အာဏာသိမ်းရန် မလိုဘဲ တရားဝင် နှိမ်နင်းနိုင်ခွင့် ရရှိရေးကို ဖန်တီးထားခြင်းသာ ဖြစ်သည်ဟု သုံးသပ်မိပါသည်။

၁၀။ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို နောင်တွင် တဖြည်းဖြည်း ပြင်ဆင် ယူနိုင်ကောင်းသည်ဟု အချို့က မျှော်လင့် နေကြသည်။ ဥပဒေတခုကို တရားကိုယ်မှာ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လက်လှမ်းမီသမျှ ယိုပေါက်၊ ထွက်ပေါက်၊ ပျော့ကွက်ဟာကွက်၊ အားနည်းချက် မရှိအောင် ရေးဆွဲရသည်မျိုး ဖြစ်ပါသည်။ နောင်ကျမှ ပြင်ဆင် ယူမည်ဟု ပြီးစလွယ် ရေးသားရရိုး ထုံးစံမရှိပါ။ သို့နှင့်တိုင် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်ရသည်များ ရှိမြဲပင် ဖြစ်ပါသည်။ ယခုမူ စရေးကတည်းက ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် များစွာ ပါဝင်နေစေမည်ဆိုလျှင် နောင်တွင် ဆိုဖွယ်ရာ မရှိတော့ပါ။ ယင်းပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် များကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် ယခုရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းတွင် အလွန်အမင်း တင်းကြပ်သော အခြေခံမူများ ချမှတ်ထားခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ဤအခြေခံ ဥပဒေ၏ အရေးကြီးသော အခန်းများနှင့် ပတ်သက်၍ ပြင်ဆင်ရန် လိုအပ်လျှင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၏ ၇၅% ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း အခြေခံမူ ချမှတ်ထားသည်ကို တွေ့ရှိရပါသည်။

ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး ၏ ၂၀% လက်မှတ်ရေးထိုးအဆိုပြုတင်သွင်းမှသာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ချုပ်ထားပြန်ပါသည်။ ထို့ကြောင့် အပေါ်ယံကြည့်လျှင် လွယ်မယောင်နှင့် အလေးအနက် တွက်ချက်ကြည့်ပါက မည်သို့မျှ ပြင်ဆင်၍ ရနိုင်ဖွယ် မရှိသော အခြေခံဥပဒေ ဖြစ်မှန်းမသိ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
အတိအကျ ပြောရလျှင် လွှတ်တော်ကိုယ်စားလှယ် ၁၃၃ ဦး လက်မှတ်ရေးထိုး အဆိုပြု တင်ပြမှသာ ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးနိုင်မည့် အခြေအနေ ဖြစ်ပါသည်။ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၄၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး၊ ပေါင်း ၆၆၄ ဦး၏ ၂၀% သည် ၁၃၃ ဦး ဖြစ်နေသည်ကို သတိမူရန် လိုအပ်ပါမည်။)

ဤမျှ ပြင်ဆင်ရန် ခက်ခဲအောင် ပြုလုပ်ထားခြင်းမှာ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင် ထမ်းဆောင်ရေးကို အစဉ်တစိုက် မပယ်ဖျက်နိုင်စေရန် ကာကွယ်ထားခြင်း ဖြစ်သည်ဟု ခံစားမိပါသည်။ တဖက်တွင် နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ (အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) ပြင်ဆင်ရန် လိုလားပါက အလွယ်တကူ ပြင်ဆင်နိုင်သည်ကိုလည်း သတိမူသင့်ပါသည်။ ဥပမာ တရုတ်ပြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလားတူ ပြင်ဆင်ရန် အလွန်အမင်း ခက်ခဲအောင် ရေးဆွဲထားသော်လည်း ပေါလစ်ဗျူရို အဖွဲ့မှ ပြင်ဆင်လိုပါက အလွယ်တကူ ပြင်ဆင်နိုင်သည်ကို တွေ့ရသည်။

၁၁။ လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ယောက် ပိုင်သော ပုဂ္ဂိုလ်ကြီး

ယခုရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်သူလူထု တသောင်းမှ နှစ်သောင်းအထိ ရှိလျှင် လွှတ်တော် ကိုယ်စားလှယ်တဦး ရွေးချယ်ရမည် ဖြစ်သည်။ သို့ရာတွင် ပုဂ္ဂိုလ်ထူးကြီးတဦးက လွှတ်တော် ကိုယ်စား လှယ် ၁၆၆ ယောက် ပိုင်ဆိုင်ထားပြီး မိမိစိတ်ကြိုက် ညွှန်ကြားနိုင်ခွင့် ရှိသည်ကို တွေ့ရှိရပါသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ နိုင်ငံတော် အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးအချို့ (အထူးသဖြင့် ကာကွယ်ရေးဝန်ကြီး) ၏အထက် တွင်လည်း ရှိနေပါသည်။ ထို့ကြောင့် ပေါ်ထွက်လာဖွယ် ရှိသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မည်သို့သော ပုံသဏ္ဍာန် ရှိမည်ဆိုသည်ကို ခန့်မှန်းနိုင်ကြလောက်ပြီဟု ယူဆပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာ သုံးသပ်ကြပါကုန်။

၁၂။ လက်ရှိအာဏာရ အစိုးရ၏ လုပ်ဆောင်ချက်များအကြောင်း တစေ့တစောင်း

လက်ရှိ အခြေအနေတွင် နယကအစိုးရသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်နေပြီး တဖက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ဖွဲ့စည်းကာ ၎င်းတို့၏ လက်သပ်မွေးပါတီ တခုဖြစ်လာအောင် ဆောင်ရွက်လျက် ရှိနေပါသည်။ ထို့အပြင် ပြည်သူ့ စွမ်းအားရှင်အဖွဲ့ ဟူ၍ ဖွဲ့စည်းထားပါသည်။ ယင်း အဖွဲ့အစည်းများကို ငွေကြေး၊ အခွင့်အရေး၊ လုပ်ကိုင်ခွင့်များ ပေးပြီး စည်းရုံး ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ စစ်တပ်က မိမိပါတီကို လေ့ကျင့် တည်ထောင်ခွင့် ရှိပြီး ကျန်နိုင်ငံရေး အင်အားစု အားလုံးကို နှိပ်ကွပ်နေခြင်းမှာ အင်ဒိုနီးရှား ဆူဟာတို စစ်အစိုးရ၏ ဂေါ်(လ်)ကာပါတီကို အမှတ်ရစရာ ဖြစ်စေပါသည်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစေနိုင်သည့် နည်းလမ်းများဖြင့်သာ ရယူရန် လိုအပ်မည်ဟု ထင်ပါသည်။

၁၃။ ယခုရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ကဲ့သို့ အတည်ပြုချက် ရယူမည်နည်း။

ယခု ရေးဆွဲမည့် အခြေခံဥပဒေကို မဲပေးပိုင်ခွင့်ရှိသော ပြည်သူလူထု၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် အတည်ပြုမည်ဟု ဆိုထားပါသည်။ တဖက်တွင်လည်း ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရမည်ဟု ဆိုပြန်ပါသည်။ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ မည့်သို့သော ဥပဒေမျိုးကို ခေါ်ကြောင်း တွေးစရာ ဖြစ်လာပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုထောက်ခံမှု ၉၀.၁၉% ရရှိခဲ့သဖြင့် ခိုင်မာသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည်ဟု န၀တက ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ပြီးသည်အထိ ပြောဆို နေခဲ့သည်ကို အမှတ်ရကြဦးမည် ထင်ပါသည်။ သို့ဆိုလျှင် ဘယ်အတွက်ကြောင့် ထိုခိုင်မာလှသော အခြေခံဥပဒေကို ဖျက်သိမ်း ခဲ့ရပါသနည်း။ ထို့အတူ ယခုအသစ် ရေးဆွဲသော အခြေခံ ဥပဒေသစ်ကြီးကို ပြည်သူလူထု၏ ထောက်ခံမှု ရာခိုင်နှုန်း မည်မျှရရှိမှ ခိုင်မာသည်ဟု ဆိုဦးမည်နည်း။ ၉၀.၁၉% ထက် ကျော်လွန်ရမည်လော။ ၁၀၀%လော။ သို့မဟုတ် ရာခိုင်နှုန်း မည်မျှပင်ရရ အတည်ပြုမည်လော။ မေးစရာ မေးခွန်း တသီတတန်းကြီး ထွက်ပေါ်နေပြီ ဖြစ်ပါသည်။

ယခု ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ရှည်လျားထွေပြားလှသော ကျနော်တို့၏ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ပြေလည် ထွက်ပေါက်ရစေရန်အတွက် အခရာ ဖြစ်ပါသည်။ ဤအခြေခံဥပဒေကို ပြည်တွင်း အခြေအနေများနှင့် ကိုက်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်လည်း ညီညွတ်ပါက ပြည်သူအများကလည်း လေးစား လက်ခံနိုင်ကာ ပဋိပက္ခများကိုလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ သိုသော် ယခုရုပ်လုံး ပေါ်စပြုနေသည့် အတိုင်း မဟာလမ်းပြမြေပုံကို ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်အောင်ပြု၍ မိမိတစု၊ တဖွဲ့တည်း သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ထဲ၏ အကျိုးစီးပွားအတွက် ဦးတည်ရေးဆွဲမည် ဆိုပါက ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် အခြေအနေကို ပိုမို ဆိုးရွားလာစေမည် ဖြစ်ပါသည်။ အမျိုးသားညီလာခံမှ ချမှတ်ထားသော အခြေခံမူများအရ ရေးဆွဲထားသည့် အခြေခံဥပဒေကို အတည်ပြုနိုင်သည့်တိုင် ရေရှည်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ခက်ခဲပြီး နောင်တနေ့တွင် ပြန်လည် ပေါက်ကွဲကာ သွေးထွက်သံယိုမှုများနှင့် မလွဲမသွေ ကြုံတွေ့နိုင်ပါသည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာ ဖြေရှင်းခြင်းဖြင့်သာ တိုင်းပြည် အဓွန့်ရှည် တည်တံ့မည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါမည်။ တွေ့ဆုံ ဆွေးနွေးရေးကို သွေဖီကာ မိမိစိတ်ကြိုက် ဖန်တီးယူထားသည့် မူအတိုင်း လက်ခံရန် အတင်းအကြပ် ဆောင်ရွက်မည် ဆိုပါက တိုင်းပြည်၏ ပြဿနာကို ပိုမို ရှုပ်ထွေးလာစေမည် ဖြစ်ပါသည်။

အထက်ပါ အဖြစ်အပျက်များနှင့် ပတ်သက်၍ တရားရုံးချုပ်၊ ရှေ့နေချုပ် ရုံးတို့တွင်လည်း တာဝန်မကင်း ဟု ယူဆပါသည်။ သို့ဖြစ်၍ အချင်းချင်း အပြန်အလှန် အပြစ်ဖို့ စွတ်စွဲ ပုတ်ခတ် ပြောဆိုနေကြမည့်အစား အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဟု ထင်ပါသည်။ တိုင်းပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှုပြီး ယခု ကျင်းပလျက် ရှိသော အမျိုးသား ညီလာခံကြီးကို ပြုပြင်ပြောင်းလဲကာ ပိုမို လွတ်လပ်ခွင့် ပေးပြီး ပြည်သူတရပ်လုံးက လက်ခံနိုင်သည့် အဓွန့်ရှည် တည်တံ့ခိုင်မြဲသော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ပေါ်ပေါက်လာအောင် စိတ်ကောင်းစေတနာ ထားရှိ ဆောင်ရွက်ကြရန် လိုပြီဟု ယုံကြည်ပါသည်။ ဤနည်းဖြင့်သာလျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသော ပြဿနာ ပေါင်းစုံကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြအပ်ပါသည်။

Read More...

Thursday, February 28, 2008

ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာ

၂၀၀၈ ဖေဖော်ဝါရီ ၁၃
ဆုံဆည်းရာဘလော့ဂ်

(၁)
နေဝင်းဆီက ´အာဏာအမွေ`ရလိုက်သော နဝတ/နအဖ စစ်အုပ်စုသည် အာဏာကို နှစ် (၂၀) မျှ ထိန်းထားနိုင်ခဲ့သည်။ RM (လမ်းပြမြေပုံ) ချမှတ်ပြီး အာဏာကို ရာသက်ပန် သိမ်းပိုက်သွားဖို့ ပြင်နေပါသည်။ အခုတော့ ၂၀၀၈ - မေလတွင် "ဆန္ဒခံယူပွဲ" လုပ်မည်ဟု ကြေညာလိုက်ပါပြီ။

  • RM အဆင့် (၄) မြန်မြန်လုပ်ဖို့ အကြောင်းဖန်လာတာက အဓိကအားဖြင့် ပြည်တွင်းအကြောင်းအချက်ကြောင့် ဖြစ်ပါသည်၊ NLD ကို အပြတ်ဖိနှိပ်ပစ်ဖို့က ပိုပြီးအဓိကကျသည်။ NLD ရှိနေလျှင် လူထုအုံကြွမှုက အချိန်မရွေး ပေါက်ကွဲနိုင်သည်။ `၂၀၀၇/စက်တင်ဘာ အုံကြွမှု´ က `သန်းရွှေ ကြံ့/ဖွံ့ ခေါင်းမာဂိုဏ်း´ ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ NLD ကို အပြတ်ဖိနှိပ်ပစ်ဖို့ကလည်း `အခြေခံဥပဒေ´ ကို အဆင့် (၄) မှာ အတည်ပြုပြီးမှ အကြောင်းပြချက်ကောင်းမှာ ဖြစ်သည်။ "တပြည်လုံးက `အခြေခံဥပဒေ´ ကို အတည်ပြုပေးလိုက်ပြီ၊ NLD က `ရွေးကောက်ပွဲသစ်´ ဝင်မလား၊ မဝင်ဘဲ ဖျက်သိမ်းခံမလား" လို့ `နအဖ´ က ရာဇသံပေးလာလိမ့်မည်။ DASSK နဲ့ `စကားပြောပွဲ´ ကိုလည်း အပြီးအပိုင်ရပ်စဲပစ်လိမ့်မည်။
  • NLD သည် ကျွန်တော်တို့ `၁၉၈၈ အုံကြွမှု´ ရဲ့ အောင်သီးအောင်ပွင့် ဖြစ်သည်။ NLD ကို ကာကွယ်ကြရပါမည်။ NLD ကို ကာကွယ်ဖို့ ကျွန်တော်တို့ နည်းနာရှာကြရပါမည်၊ ဗကပ က ကြံဆထားတဲ့နည်းနာကို ဒီအစီရင်ခံစာမှာ တင်ပြပါမည်။ အားလုံးက ဝိုင်းဝန်းပြီး လိုတိုးပိုလျှော့လုပ်ကြဖို့ ဖြစ်ပါသည်။ သူများတွေ ကြံဆထားတဲ့နည်းနာများကိုလည်း ကျွန်တော်တို့ လေးလေးစားစား လေ့လာချင်ပါသည်။

(၂)
ဗကပ ၏ ကြံဆချက်။
`လွတ်လပ်ရေးတိုက်ပွဲ´ ကာလတုန်းက ဖတပလ/ဖဆပလ လုပ်ခဲ့သည့် နည်းနာကို အခု `လွတ်မြောက်ရေး တိုက်ပွဲ´ ကာလတွင် ယူသုံးသင့်ပါသည်။ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီးသုံးဖို့ ဖြစ်ပါသည်။

  • ၁၉၄၅ မှာ အင်္ဂလိပ်က `စက္ကူဖြူစီမံကိန်း´ နဲ့ ပြန်ဝင်လာတာ ဖြစ်သည်။ `စက္ကူဖြူစီမံကိန်း´ က ဗမာပြည်ကို အင်္ဂလိပ်ဘုရင်ခံရဲ့ ရှေ့ဆောင်မှုနဲ့ တဖြည်းဖြည်းချင်း ဒိုမီနီယံအဆင့်အတန်းပေးဖို့ ဖြစ်သည်။ (သန်းရွှေတို့ အခုလုပ်နေတဲ့ (RM) ကလည်း အဲဒီသဘောမျိုးပဲ ဖြစ်သည်။)
  • ဖဆပလ အဖွဲ့ချုပ်က ရွှေတိဂုံအလယ်ပစ္စယံညီလာခံလုပ်ပြီး စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်ပါသည်။ ညီလာခံ ဆုံးဖြတ်ချက်များမှာ လုံးဝလွတ်လပ်ရေး၊ မြေယာစနစ်ပြုပြင်ရေး၊ နယ်ချဲ့ကုမ္ပဏီများကို ပြည်သူပိုင်သိမ်းရေး၊ ၁၈ နှစ် ပြည့်သူတိုင်း မဲပေးရေး၊ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ရေး စတာတွေ ဖြစ်သည်။ ဤဆုံးဖြတ်ချက်များကို ထိုစဉ်က ဘုံအနိမ့်ဆုံးလုပ်ငန်းစဉ် Common Minimum Programmme (CMP) ဟု ခေါ်နိုင်ပါသည်။
  • ယခုလည်း ကျွန်တော်တို့က (CMP) ချမှတ်ရပါမည်။ (CMP) ထဲမှာ ဘာတွေပါသင့်သည်ဆိုတာကို ဝိုင်းဝန်းဆွေးနွေးကြရပါမည်။ အများစုကြီးက လက်ခံနိုင်မှ (ဘုံ) ဟု ခေါ်နိုင်ပါမည်။ အနိမ့်ဆုံးဖြစ်မှလည်း အများစုလက်ခံနိုင်မည် ဖြစ်ပါသည်။
  • ပါတီတိုင်းတွင် ချမှတ်ထားသော လုပ်ငန်းစဉ်များ ရှိကြသည်။ ဗကပ တွင်လည်း ရှိသည်။ အဲဒါတွေက အမြင့်ဆုံးလုပ်ငန်းစဉ် ဖြစ်ပါသည်။ ယခု ကြံဆရမှာက ဘယ်လောက်အထိ နှိမ့်မလဲဆိုတာ ဖြစ်ပါသည်၊ နိုင်ငံရေးလုပ်ငန်းစဉ်သာမက စက်မှု၊ မြေယာ၊ အုပ်ချုပ်ရေးစသဖြင့် ကဏ္ဍပေါင်းစုံက အနိမ့်ဆုံးလုပ်ငန်းများ ကိုလည်း ချမှတ်ရပါမည်။
  • (CMP) တွင် နအဖ RM ကို တိုက်ဖျက်ရေးက နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် ရှေ့ဆုံးက ပါသင့်ပါသည်။ စက်မှုကဏ္ဍတွင် စစ်တပ်က မဆီမဆိုင်ဝင်ပြီး နေရာယူထားသော စက်မှုလုပ်ငန်းများကို ပုံမှန်ဖြစ်အောင် ပြုပြင်ရေး ပါသင့်ပါသည်။ အုပ်ချုပ်ရေး၊ သံတမန်ရေး ကဏ္ဍများတွင် စစ်ဘက်မှလူများ မဆီမဆိုင် ဝင်နေရာယူထားတာတွေကိုလည်း သင့်တော်စွာ ရှင်းလင်းရေး ပါသင့်ပါသည်။
  • မုချပါသင့်တာက စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် (ကြားကာလ) ကူးပြောင်းရေး ကာလ သတ်မှတ်တာ ပါရမည်။ ကူးပြောင်းရာတွင် ချောမွေ့ပြေပြစ်စေရန် အခြေခံနည်းနာများ ပါသင့်ပါသည်။ ဒီကိစ္စ အရေးကြီးပါသည်။ သန်းရွှေတို့က စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် စစ်ဗိုလ်စစ်သားများကို နေရာချထားတာတွေ အများကြီးရှိပါသည်။ ဗဟိုမှ ကျေးလက်အထိ ဝင်ရောက်နေရာချထားတာ ဖြစ်ပါသည်။ ဤကိစ္စများကို လက်လွတ်စပယ် ဖြေရှင်းလို့ မဖြစ်ပါ။ နေဝင်း၊ သန်းရွှေတို့ကြောင့် နေရာမှားပြီး ရောက်နေသူများကို ညှာတာထောက်ထားရပါမည်။
  • ကြားဖြတ်ကာလအတွင်း ဖြေရှင်းရမည့် ကိစ္စများကို တပ်မတော်ခေါင်းဆောင်များ၏ စိတ်ရောကိုယ်ပါ အကူအညီမပါဘဲ ဖြေရှင်းလို့ မရနိုင်ပါ။ ဒါ့ကြောင့် အမြော်အမြင်ရှိသည့် အမြင်ကြည်လင်သည့် တပ်မတော် ခေါင်းဆောင်များကို ကြားဖြတ်ကာလတွင် သင့်တော်သည့်အဆင့်နေရာ ပေးထားရပါလိမ့်မည်။
  • ပြည်တွင်းငြိမ်းချမ်းရေး ပီပီပြင်ပြင် ဖြစ်စေဖို့ `စစ်ရပ်စဲထားသည့် အဖွဲ့များ´ နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရအောင်လည်း လုပ်ရပါဦးမည်။ ဒါကိုလည်း ကြားဖြတ်ကူးပြောင်းရေးကာလမှာ လုပ်ရပါမည်။

အချုပ်အားဖြင့် ပြောရလျှင် နှစ် (၅၀) နီးပါး ဖျက်ဆီးထားခဲ့တဲ့ဟာတွေကို ပြင်ရမှာ ဖြစ်သည်၊ ထိုသို့ ပြင်နိုင်ဖို့ ကြားဖြတ်ကူးပြောင်းရေး ကာလတခု လိုပါသည်၊ အချိန်လုံလောက်စွာယူတာကို သဘောတူပါသည်။ ဖျက်ဆီးထားတာ မှန်သမျှကိုတော့ ပြင်ရပါမည်။ မပြင်လျှင် ဗမာပြည်နိုင်ငံရေးက `ဂျာအေးသူ့အမေရိုက်´ နေပါလိမ့်မည်။ စစ်တပ်ကို နိုင်ငံရေးသမားနဲ့ ရန်တိုက်ပေးထားတာ ကြာပါပြီ။ နေဝင်းစစ်အုပ်စု စခဲ့တဲ့ မှားယွင်းတဲ့ လမ်းစဉ်ပေါ်လစီများကို ပြုပြင်ပစ်ဖို့ အရေးကြီးပါသည်။

(၃)
(CMP) မရှိလျှင် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်မှာ မဟုတ်ပါ။ (CMP) တခု ချမှတ်နိုင်ဖို့ဆိုလျှင် ဗကပ က မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်နဲ့မဆို ဆွေးနွေးညှိနှိုင်းလိုပါသည်။ အချိန်ယူပြီး ညှိနှိုင်းရလိမ့်မည် ထင်ပါသည်။ ၁၉၄၅/၄၆ ကလောက် လွယ်မည်မဟုတ်ပါ။ ဟိုတုန်းက ဒုတယကမ္ဘာစစ်ကြီးအတွင်း ဖြတ်သန်းမှု တူကြသည်။ ဘဝတွေကလည်း တူကြသည်။ အားလုံးကလည်း ပြည်တွင်းမှာ ဖြစ်သည်။ ဒါကြောင့် အတွေးတူကြပါသည်။ ကျွန်တော်တို့မှာကား တွေ့ကြသည့်အတိုင်း ဖြစ်သည်။ လုပ်ငန်းစဉ်တွေကလည်း အများကြီးခြားနားကြပြီး အတွေးအခေါ်တွေကလည်း ထွေပြားများပြားလှပါသည်။ (CMP) ကို ကြံဆနေဆဲမှာ အလုပ်တူလုပ်ကြဖို့ကိုလည်း စဉ်းစားသင့်ပါသည်။

အလုပ်တူလုပ်ဖို့ဆိုလျှင် RM အဆင့် (၄) `ဆန္ဒခံယူပွဲ´ မှာ ဘာလုပ်ကြမလဲဆိုတာက စသင့်ပါသည်။ ကျွန်တော်တို့ လုပ်စေချင်တာကို တင်ပြပါမည်။

  • သပိတ်မှောက်လို့ မဖြစ်ဟု ထင်ပါသည်။ သပိတ်မှောက်လျှင် နအဖ အကြိုက် ဖြစ်သွားလိမ့်မည်။ `ကန့်ကွက်မဲ´ ပေးကြဖို့ လူထုကို စည်းရုံးသင့်သည်။ ပြည်တွင်းက စည်းရုံးရေးလုပ်တာကို ပြည်ပက ထောက်ကူပံ့ပိုးဖို့ ဖြစ်သည်။
  • NLD က လူထုကို အခုကတည်းက (`ကန့်ကွက်မဲ´ ပေးကြဖို့) ဆော်သြသင့်သည်။ NLD က ရဲရဲရှေ့ဆောင်ဖို့ (၁၉၄၅/၄၆ က ဖဆပလ က ရှေ့ဆောင်ခဲ့သလို ရှေ့ဆောင်ဖို့) လိုပါသည်။
  • အတွေးအခေါ်အရ ရှေ့ဆောင်ဖို့ပြောတာ ဖြစ်သည်။ ဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ DASSK ၏ ထုတ်ပြန်ချက်သည် လည်းကောင်း၊ NLD ခေါင်းဆောင်များ အခါအားလျော်စွာ ထုတ်ပြန်နေတာသည်လည်းကောင်း အတွေးအခေါ်အရ ရှေ့ဆောင်မှုပေးတာ ဖြစ်ပါသည်။
  • လူထုအတွင်း ဆင်းပြီးစည်းရုံးတာကိုတော့ လူငယ်လူရွယ်များက လုပ်ပါလိမ့်မည်။ ၂၀၀၇/သြဂုတ် - စက်တင်ဘာ လှုပ်ရှားမှုတုန်းက သံဃာတွေ၊ လူငယ်တွေ ရှေ့တိုးထွက်လာတာ ရှိပါသည်။ နောက် ဒီတခါ ထူးခြားတာက ခေတ်မီနည်းပညာကို u4129 .သုံးပြုတာ ဖြစ်သည်။ ဘလော့ဂ်ဂါတွေတင်တဲ့ အတွေးအခေါ်လည်း စုံပါသည်။ NLD က `စေ့စပ်ဆွေးနွေးပွဲ´ ကျမှ ပြောမယ်ဆိုပြီး စောင့်နေလို့ မဖြစ်ပါ။ NLD က ထွက်ပြောသင့်ပါပြီ။ NLD တခွန်းပြောတာက သူများတွေ အခွန်းတရာ ပြောတာထက် တာသွားပါသည်။
(၄)
`ကန့်ကွက်မဲ´ အများအပြားရဖို့ အတော်လုပ်ရပါမည်။ NLD ဖြစ်ဖြစ်။ ဘယ်သူဖြစ်ဖြစ် တပါတီတည်းလုပ်လို့ မဖြစ်ပါ။ နအဖ က အာဏာနဲ့ ထောက်ခံမဲ များများရအောင် လုပ်မှာကို သံသယရှိစရာ မလိုပါ။ နိုင်ငံတကာက စောင့်ကြည့်တာကိုလည်း နအဖ က လက်ခံမည့်အခြေအနေ မရှိပါ။ နိုင်ငံတကာက သတင်းထောက်တချို့ကို သူတို့ ခေါ်ပြကြပါလိမ့်မည်။ UN ဂမ်ဘာရီကိုလည်း တနေရာ နှစ်နေရာ ခေါ်ပြစရာ ရှိသည်။ ၁၉၉၀ တုန်းကလောက်တောင်မှ လွတ်လပ်မှာ မဟုတ်ဟု ထင်ပါသည်။

ဘာပဲဖြစ်ဖြစ် `ကန့်ကွက်မဲများများပေးကြဖို့´ စည်းရုံးရပါလိမ့်မည်။ `ကန့်ကွက်မဲ´ က ၅၀% ကျော်ပြီး `အခြေခံဥပဒေ´ ကို ပယ်ချနိုင်လျှင်

  • `စေ့စပ်ဆွေးနွေးရေး´ တံခါးပွင့်သွားလိမ့်မည်။ စေ့စပ်ဆွေးနွေးချင်တဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေ ပေါ်လာနိုင်သည်။ NLD က ပေါ်လာတဲ့အခွင့်ကောင်းကို အမိအရဆုပ်ကိုင်ဖို့ လိုသည်။ ဘာပေးပြီး ဘာယူမည် ဆိုတာကို NLD ပဲ ဆုံးဖြတ်ရမှာ ဖြစ်သည်။ "CMP" ရှိထားလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
  • (၁၉၆၂) ခုနှစ်က စခဲ့သော `စစ်အာဏာရှင်စနစ် ဇာတ်သိမ်းခန်း´ ရဲ့ အစ ဖြစ်လာစရာ ရှိသည်။
  • ရေရှည်ဆွဲပြီး လုပ်လာခဲ့သော (RM) ထိုးရပ်သွားလိမ့်မည်။ (၁၉၉၀) က ရွေးချယ်ခဲ့သော `လွှတ်တော်´၏ အခန်း ပြန်ပေါ်လာလိမ့်မည်။
ဒါ့ကြောင့် RM အဆင့် (၄) မှာ `ကန့်ကွက်မဲ´ များများပေးကြဖို့ လူထုကို ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းစည်းရုံးရပါမည်။ ပါတီတွေရဲ့ အနေအထားက မတူပါ။ မတူတဲ့နည်းနာများနဲ့ပဲ လုပ်ကြရပါမည်။ `(နအဖ) အခြေခံဥပဒေ´ ကို ဆန့်ကျင်သူမှန်သမျှနှင့် ပူးပေါင်းလုပ်ဆောင်ကြရပါမည်။

`ဆန္ဒခံယူပွဲ´ မှာ အာဏာပြပြီး ထောက်ခံမဲပေးခိုင်းတဲ့နည်း ("ပြူစောထီးနည်း") ကိုတော့ ကျေးလက်တွင်လုပ်မှာ သေချာပါသည်။ `မဲခိုး မဲလိမ် မဲပုံးဖောက်တာတွေ´ ကတော့ ဒင်းကြမ်းဖြစ်လာစရာ ရှိပါသည်။ မိမိတို့က ကြိုတင်ပြီး ကြံ့ဖွံ့အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကျေးလက်အာဏာပိုင်များကို ရှင်းလင်းဖျောင်းဖျပန်ကြားတာတွေ လုပ်ရပါမည်။

မိမိတို့ပြည်သူများတွင် (၁၉၆၀) နဲ့ (၁၉၉၀) ရွေးကောက်ပွဲ အတွေ့အကြုံရှိပြီး ဖြစ်ပါသည်။ ပြည်သူတွေက တထွာပြလျှင် တတောင်မြင်တတ်ပါသည်။ ဒါကြောင့်ပဲ "NLD က ပြတ်ပြတ်သားသားရှေ့ဆောင်ပါ" လို့ ကျွန်တော်တို့ တိုက်တွန်းနေခြင်း ဖြစ်ပါသည်။

အထူးသတိပြုသင့်သည်မှာ စစ်အာဏာရှင်ကိုတိုက်လျှင် ပစ်မှတ်မကျယ်ဖို့ ဖြစ်ပါသည်။ သန်းရွှေစစ်အုပ်စုထဲက ခေါင်းမာသူများကိုပဲ ရွေးပြီးပစ်မှတ်ထားဖို့ ဖြစ်ပါသည်။ သန်းရွှေအတွင်းစည်းဝိုင်း (inner circle) ကို ပစ်မှတ်ထားဖို့ ဖြစ်ပါသည်။ နေဝင်းဖြစ်ဖြစ်၊ သန်းရွှေဖြစ်ဖြစ် လမ်းစဉ်ပေါ်လစီချမှတ်တာမှာ `အတွင်းစည်းဝိုင်း´ နှင့် ပထမဆုံးတိုင်ပင်မြဲ ဖြစ်သည်။ စည်းလားရိုက်ပြီးမှ ကျန်သည့် တပ်မတော်ခေါင်းဆောင်များကို ချပြတာ၊ လက်ခံစေတာ ဖြစ်သည်။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် `အာဏာသိမ်းပွဲ´တွေမှာ အဲဒီလို လုပ်ခဲ့တာ ဖြစ်သည်။ တချို့ဆိုလျှင် စစ်အုပ်စုထိပ်ပိုင်းမှာ ပါနေတာကို အာဏာသိမ်းကြေညာချက်ထွက်လာမှ သိကြတာ ဖြစ်ပါသည်။ DASSK ၏ ယာဉ်တန်းကို `ဒီပဲယင်း´ မှာ တိုက်ခိုက်တာလည်း `အတွင်းစည်းဝိုင်း´ က လုပ်သွားခြင်း ဖြစ်သည်။ အဲဒီကိစ္စကြီး ပြီးကတည်းက NLD ဗဟိုခေါင်းဆောင်မှု အားနည်း ကြဲကွဲသွားတာ ဖြစ်သည်ဟု ကျွန်တော်တို့ ယူဆပါသည်။ NLD ဗဟိုခေါင်းဆောင်မှုကို (ဖြစ်တဲ့နည်းနဲ့) ကြံ့ခိုင်အောင် ပြန်လည်တည်ဆောက်ဖို့ လိုပါသည်။ အတွေးအခေါ်ညှိတာကို ဘယ်လိုအခြေအနေမှာမဆို လုပ်လို့ရပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ခေါင်းဆောင်များ ဒီလိုပဲ အတွေးအခေါ်ညှိခဲ့ကြတာ ဖြစ်ပါသည်။ အတွေးအခေါ်ညှိပြီးလျှင် ကြံ့ခိုင်သည့် ခေါင်းဆောင်မှု ပေးနိုင်ပါလိမ့်မည်။

၂၀၀၇ သြဂုတ် - စက်တင်ဘာ လှုပ်ရှားမှုတွင် NLD လူရွယ်လူငယ်များ တက်ကြွသည့်အခန်းက ပါဝင်လာတာ တွေ့ရသဖြင့် အားတက်ရပါသည်။

(၅)
နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ
  • ဤအခွင့်အရေးမျိုး တခါမှ မပေါ်ဖူးပါ။ နောင်တွင်လည်း ပေါ်လာစရာ မရှိပါ။ စစ်အာဏာသိမ်းအစိုးရဖြစ်လို့ပဲ `ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ´ (Referendum) ကို လုပ်ရတာ ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်လည်း အသိအမှတ်မပြုချင် (လွှတ်တော်လည်း ခေါ်မပေးချင်၊ စေ့စပ်ဆွေးနွေးပွဲလည်း မလုပ်ချင်) လို့ (Referendum) နည်းကို မလုပ်မဖြစ်လို့ လုပ်ရတာ ဖြစ်ပါသည်။ ဤအခွင့်ကောင်းကို လက်လွတ်မခံသင့်ပါ။ အသုံးချသင့်ပါသည်။
  • `ဆန္ဒခံယူပွဲ´ ကို နအဖ က ကမန်းကတန်းလုပ်ဖို့ ကြံစည်လာခြင်းမှာ မိမိတို့ကို စည်းရုံးလှုံ့ဆော်ချိန် မပေးလို၍ ဖြစ်သည်။ `ဆန္ဒခံယူပွဲ´ ကို (၂၀၀၈) ခုနှစ်အကုန် (၂၀၀၉) ခုနှစ် နှစ်ဆန်းပိုင်းမှာလုပ်ဖို့ တောင်းဆိုသင့်မသင့် စဉ်းစားကြစေလိုသည်။
  • `ဆန္ဒခံယူပွဲ´ မှာ နအဖ စိတ်ကြိုက်ရသွားလျှင်လည်း "ဒီမိုကရေစီအရေးတော်ပုံ" က ရပ်တန့်သွားမှာ မဟုတ်ပါ။ လမ်းစဉ်သစ်၊ နည်းပရိယာယ်သစ်၊ တိုက်ပွဲသဏ္ဌန်သစ်ဖြင့် ဆက်လက်ချီတက်ဖို့ သန္နိဌာန်ချကြရမည် ဖြစ်ပါသည်။

Read More...

ရဲဘော် ဖိုးသံချောင်းနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းချက်

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းချက်

၂၀၀၈ ဖေဖော်ဝါရီ ၁၉
ခေတ်ပြိုင်

ခေတ်ပြိုင် - ဖေဖော်ဝါရီ (၉) ရက်မှာ နအဖက ထုတ်ပြန်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လာမယ့်မေလမှာ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတာရယ်၊ ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်ဆိုတဲ့ ကြေညာချက်နှစ်ခုအပေါ် ဘယ်လိုမြင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - ကျနော်တို့မြင်တာက သူတို့က အလစ်အငိုက်ယူတာလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်တခုက အဆောတလျင် အပူတပြင်း လုပ်ချလိုက်တာလည်း ဖြစ်မယ်။ ဖြစ်နိုင်တဲ့ အချက်က ဒီကိစ္စဟာ နအဖအနေနဲ့ နအဖထဲမှာတောင် ဆန့်ကျင်မှုရှိနေတဲ့အတွက် လက်ဦးမှုယူ လုပ်ချတဲ့သဘောရှိတယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေနဲ့ ကြံ့ဖွံ့ဂိုဏ်းကနေပြီးတော့ ကျန်တဲ့ နအဖခေါင်းဆောင်တွေကိုတောင်မှ သေသေချာချာမညှိနှိုင်းဘဲ လုပ်ချတဲ့ဟာမျိုး ဖြစ်နိုင်တယ်လို့ ယူဆစရာရှိတယ်။ နောက်တခုကလည်း အရေးကြီးတဲ့ အချက်တချက်က အခုခါ လမ်းပြမြေပုံကို အဓိက ဆန့်ကျင် သူလည်းဖြစ်၊ ပြည်သူလူထု ကြားမှာလည်း သြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ဦးတင်ဦး တို့လို၊ ကျောင်းသားခေါင်းဆောင်တွေ စက်တင်ဘာ အရေးအခင်းတုန်းက သံဃာ့ခေါင်းဆောင်တွေ အားလုံးဟာ ထောင်ထဲရောက်၊ အချို့လည်း ပြေးလွှားရှောင်ပြေးနေရတဲ့အနေအထားမှာ၊ ဆိုလိုတာက သူတို့ကို ဆန့်ကျင်ဖို့ ၀ါဒဖြန့်စည်းရုံးသူတွေ မရှိခင်ကာလမှာ ဒါကို လုပ်ပစ်လိုက် ခြင်းပါ။ ဒီလူတွေကို အကြာကြီး ချုပ်ထားလို့ မရဘူးဆိုတာ သူတို့သိတယ်။ ပြန်လွှတ်ရမှာ၊ အဲဒါ တွေ ပြန်လွှတ်ဖို့မတိုင်ခင် အမြန်ဆုံး လုပ်ချလိုက်ချင်းပါ။

ခေတ် - နအဖက ကြေညာချက် (၁) ရဲ့ ရလဒ်အဖြေမထွက်သေးဘဲ ရွေးကောက်ပွဲ လုပ်မယ် ဆိုပြီး ထုတ်ပြန်လိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - နအဖဟာ အကုန်လုံးပိုင်ပြီလို့ တွက်ထားတာနဲ့ တူပါတယ်။ သူတို့လုပ်လေ့ လုပ်ထရှိတဲ့ အကျင့်ပဲ။ သူတို့ကိုယ်သူတို့ ပိုင်ပြီလို့ ယူဆထားတယ်။ စီမံပြီးသားတွေပါ။ အဲဒါတွေ ချောချောမောမော ဖြစ်လိမ့်မယ်လို့ ထင်နေတယ်။ ကျနော်တို့လည်း ဒီနှစ်ခုဟာ နီးလိမ့်မယ်လို့ ထင်တာ၊ ခွာထားတယ်။ ဘာကြောင့် ခွာထားသလဲဆိုတာ စဉ်းစားစရာရှိတယ်။ ကျနော်ထင်တာ ကြံ့ဖွံ့ကို နိုင်ငံရေးပါတီအဖြစ် အသက်သွင်းဖို့အတွက် လူထုကြားထဲ ထပ်ပြီးဖြန့်သွားဖို့ အချိန်ယူ ထားတာလို့ ထင်တယ်။ အဲဒီတော့ သူတို့ကတော့ သူတို့ကိုယ်သူတို့ အပိုင်တွက်ပြီ။ အဲဒါကို ဘယ်လိုဖျက်ကြမလဲဆိုတာ ပြည်သူလူထုကြီးနဲ့ နိုင်ငံရေးအင်အားစုအားလုံး ဒီနေရာမှာ ခေါင်းအေးအေးလည်း ထားရမယ်၊ မြန်မြန်ဆန်ဆန်လည်း ဆုံးဖြတ်ရမယ့်ကိစ္စလို့ ကျနော် ထင်တယ်။ ကျနော့်အမြင်အရ သူတို့ရဲ့ Referendum ကို သပိတ်မှောက်တဲ့ဟာမျိုးဟာ ယေဘူယျ နိုင်ငံရေးလောကမှာ လုပ်လေ့လုပ် ထရှိတဲ့ဟာမျိုးပဲ။ ဒါပေမယ့် လက်တွေ့သဘောအရ ကြည့်ရင် သပိတ်မှောက်တဲ့ဟာက နအဖ အကြိုက်ဖြစ်သွားတာ။ ဘာလို့လည်းဆိုတော့ သပိတ်မှောက်တဲ့သူက သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဆန့်ကျင်တဲ့သူတွေချည်း ဖြစ်နေတယ်။ အဲဒီမဲတွေလျော့သွားရင် သူတို့က တရားဝင် ဥပမာ နိုင်ငံခြားကလူတွေ လာပြီး ကြီးကြပ်တဲ့သူတွေရဲ့မျက်စိအောက်မှာတင် မဲပုံးတွေ ဖွင့်ပြလိုက်မယ်။ သူတို့ထောက်ခံတဲ့သူတွေ များနေရင် သူတို့ သိပ်ကြိုက်သွားမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ကတော့ ဗမာပြည်သူလူထုကြီးအနေနဲ့ ဆန့်ကျင်မဲကို တခဲနက်ပေးကြဖို့၊ လှဲနေလှေအောင်း မြင်းဇောင်းမကျန် အကုန်ထွက်လာပြီးတော့၊ ဗမာပြည်မှာ ဒီလိုအစဉ်အလာ အမြဲရှိတာပဲ။ ၁၉၆၀ ခုနှစ်၊ သန့်ရှင်း-တည်မြဲ ရွေးကောက်ပွဲတုန်းကလည်း တည်မြဲနောက်မှာ စစ်အုပ်စု၊ စစ်အာဏာရှင်တွေ ရှိနေတယ်ဆိုတာ သိတဲ့အတွက် ပြည်သူလူထုကြီးဟာ အရင် ပမညတကို မဲပေးလာတဲ့သူတွေဟာ ပမညတကို မစဉ်းစားတော့ဘဲနဲ့ ပမညတကို မဲထည့်ရင် မဲတွေ ပြားကုန်လိမ့်မယ်ဆိုပြီး သန့်ရှင်းထဲကို တခဲနက်ထည့်ခဲ့တာ။ အဲလိုနဲ့ တည်မြဲ ခွက်ခွက်လန်အောင် ရှုံးသွားတာ။ လူထုကြီး အင်အားပြခဲ့တာ ရှိပါတယ်။ နောက်တခါ အများသိကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုကြီးဟာ မဲစနစ်နဲ့ အင်အား ပြခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာပဲ။ အခုလည်း အဲဒါမျိုး လုပ်ဖို့ ပြည်သူလူထုရဲ့ ခေါင်းပေါ်မှာ ဒီတာဝန်ကြီး ကျလာပြီလို့ ကျနော်တို့ထင်တယ်။ ဒီနေရာမှာ ကျနော်တို့ တိုက်တွန်းချင်တာတခုက ဒီလိုတိုင်းပြည်ရဲ့ အကွေ့အချိုးကြီးမှာ ပြည်သူလူထုကြီး ချီတက် တိုက်ပွဲဝင်တော့မယ့်အခါမှာ ပြည်သူလူထုကြီးရဲ့ ရှေ့ကနေပြီးတော့ ပြည်သူလူထုကြီးနဲ့ လူထုရဲ့ ရှေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရဲရဲရင့်ရင့် ခေါင်းဆောင်ပြီးတော့ အတူ ချီတက်ပါ။ လမ်းညွှန်မှုပေးပါ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုဟာ သူတို့ကို ရွေးထားပြီး ဖြစ်တယ်။ သူတို့ခေါင်းရှောင်လို့လည်း မရပါဘူး။ ပြည်သူလူထုအရှိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီအလံကို မြင့်မြင့်မားမားလွှင့်ထူပါ။ ဘာကြောင့်လဲဆိုတော့ တကယ်လို့သာ ဒီ Referendum ပြီးသွားလို့ရှိရင် နအဖရဲ့ နောက်စီမံချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ချေမှုန်းရေးဖြစ်မှာပါ။ ပြည်သူလူထုအတွက်ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်ပါ ဒီတကွေ့ဟာ အသေအရှင်တိုက်ရမယ့် တိုက်ပွဲပဲ ဖြစ်ပါတယ်။

ခေတ် - လူထုဆန္ဒခံယူပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက် (၁) နဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက် (၂) ကို တပြိုင်တည်း ထုတ်ခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - လှည့်ကွက်တွေရှိနိုင်ပါတယ်။ ဒါပေမယ့် နောက်စဉ်းစားစရာတခုက ဒီဟာကို ချပြတာဟာ နိုင်ငံတကာ ဖိအားတွေကို ရှင်းပြနေတာ။ အဲလိုစဉ်းစားလို့ရတယ်။ သူတို့ ရွေးကောက်ပွဲတွေ၊ လူထုဆန္ဒခံယူပွဲတွေ မြန်မြန်ဆန်ဆန် လုပ်စေချင်တဲ့ ပြည်ပက နိုင်ငံတွေကို ပြောပြနေတာ။ ကုလသမဂ္ဂအပါအ၀င်ပေါ့လေ။ ကျနော်တို့က အစီစဉ်ရှိပါတယ်ဆိုတဲ့ဟာ။ သူတို့ ရိုးသားပါတယ်ဆိုတာ ပြချင်တာလို့ စဉ်းစားစရာရှိတယ်။

ခေတ် - မေလမှာ လူထုဆန္ဒခံယူပွဲ လုပ်တော့မယ်ဆိုတော့ တိုတောင်းလှတဲ့အချိန်ကာလ အတွင်း လူထုရွေးကောက်ခံ အန်အယ်လ်ဒီအနေနဲ့ အခုလူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဘာတွေ ပြင်ဆင်လုပ်သင့်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - နအဖရဲ့လမ်းပြမြေပုံဟာ ဘာကိုရည်မှန်းပြီး လုပ်နေတယ်ဆိုတာကို အားလုံးသိပြီးသားမို့ ဒီနေရာမှာ မပြောတော့ပါဘူး။ ဒီအဆင့် (၄) အကြောင်းပဲ ပြောပါ့မယ်။ ဒီတခါနအဖရဲ့ ဆောင်ရွက်ချက်ဟာ သူတို့အကြံအစည်အားလုံးရဲ့ အခရာကျဆုံး ကွင်းဆက် ဖြစ်ပါတယ်။ နောက်ပြီး နအဖအကြောက်ဆုံး အဆင့်လည်း ဖြစ်ပါတယ်။ ညောင်နှစ်ပင် ညီလာ ခံအပါ၊ ကျန်တာအားလုံးဟာ သူတို့ခြေ၊ သူတို့လက်၊ မှောက်လိုမှောက်၊ လှန်လိုလှန် လုပ်ချင်တိုင်း လုပ်လို့ရတဲ့ အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒခံယူပွဲတို့၊ ရွေးကောက်ပွဲတို့ဆိုတာ တွေကတော့ သူတို့ချည်းလုပ်လို့ ရတာမဟုတ်ပါဘူး။ သူတို့ ဘယ်လိုပဲ ညစ်ပတ်ချင်ပေမယ့် လူထုအခန်းမပါဘဲ မပြီးပါဘူး။ တဘက်ကပြောရင်လည်း လူထုကြီးအနေနဲ့ သူတို့လုပ်နေတာ တွေကိုဟန့်တားနိုင်တာ ဒီတခါပဲရှိပါတယ်။ တခြားခြေလှမ်းတွေမှာ ဘာမှလုပ်ခွင့်မရှိပါဘူး။ ဒါကြောင့်မို့ လူထုကြီးဘက်ကလည်း အစွမ်းပြရမယ့်အချိန်ဖြစ်ပါတယ်။ နအဖရဲ့လမ်းပြမြေပုံမှာ တခြားရည်ရွယ်ချက်တွေအပြင် သူတို့ ပြောင်မကြေညာတဲ့ ရည်ရွယ် ချက်တွေလည်း ရှိပါတယ်။ အဲဒါတွေထဲက အဓိကကျတဲ့အချက်တခုကတော့ သူတို့ကိုယ်သူတို့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရဲ့ ကျိန်စာအောက်က လွတ်အောင်လုပ်ရေးနဲ့ အဲဒီကျိန်စာနဲ့အတူ သူတို့ရဲ့အာဏာကို ခြိမ်းခြောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်သွားစေဖို့၊ ဒါမှမဟုတ် အခုလို ခြိမ်းခြောက်နိုင်စွမ်းမရှိအောင် လုပ်ဖို့ဖြစ်တယ်။ ဒါကြောင့်မို့ ဒီတခါနအဖရဲ့ခြေလှမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အသက်ရှင် ရပ်တည်ရေး၊ နိုင်ငံရေးဂုဏ်သိက္ခာ စတာတို့နဲ့ တိုက်ရိုက်ဆက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလို တမျိုးသားလုံး၊ တနိုင်ငံလုံးအတွက်။ နောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စကြီးပေါ်လာချိန်မှာ ဒီချုပ်အနေနဲ့ ရှေ့တန်းက မားမား မတ်မတ်ရပ်ပြီး ရွပ်ရွပ်ချွံချွံဦးဆောင်လုပ်ကိုင်တာကို တွေ့လိုပါတယ်။ ဒီနေ့အခါမှာ စကား
တခွန်းကို၊ အထူးသဖြင့် နအဖရဲ့ဖွဲ့စည်းပုံဥပဒေကို ဆန့်ကျင်မဲပေးကြဆိုတဲ့ စကားမျိုးကို ဒီချုပ်ကပြောတာနဲ့ တခြားလူတွေပြောတာ ထိရောက်မှုချင်းမတူပါဘူး။ ဒီတကွေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစမ်းသပ်ခံရမယ့်၊ အစစ်ဆေးခံရမယ့် အကွေ့ဖြစ်ပါတယ်။

ခေတ် - ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဘာတွေ ပြင်ဆင်လုပ်သင့်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - ပြည်ပရောက်အဖွဲ့အစည်းတွေဟာ ပြည်တွင်းကလူတွေဆီကိုတူညီတဲ့ မက်ဆေ့ဂ်ျပေးနိုင်ဖို့ လုံးပန်းသင့်ပါတယ်။ ပြည်သူတွေ တစည်းတလုံးတည်း လုပ်ဆောင်နိုင်ဖို့ အတွက် ညှိနှိုင်းပေးတာ၊ ၀ါဒဖြန့်ပေးတာတွေ လုပ်သင့်ပါတယ်။ တခြားလည်း မြေအောက် လုပ်ငန်းသဘော အကူအညီ ပေးနိုင်တာတွေ အများကြီးလုပ်နိုင်ပါတယ်။

Read More...