Wednesday, April 2, 2008

ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါရစေတော့

ဒေါက်တာလွဏ်းဆွေ
၂၀၀၈ မတ် ၂၆
ခေတ်ပြိုင်

ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာ အ၀၀ဟာ စစ်တပ်ကို ခြယ်လှယ်ပြီး ဗိုလ်ကျ နေတဲ့ နအဖစစ်အုပ်စုလို ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေက အာဏာလက်မလွှတ်ချင်လို့ ဖြစ်နေရတဲ့ နောက်ဆက်တွဲ ပြဿနာတွေချည်းပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အ၀ ပေါ်ထွန်းလာဖို့ဆိုတာ အဲသလို နိုင်ငံရေးမှာ ၀င်ရောက် ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင်တွေအားလုံးနဲ့ စစ်တပ်တခုလုံးကို စစ်တန်းလျား ပြန်ပို့ပြီး သူတို့ရဲ့မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုသာ ပြည့်ပြည့်၀၀ ထမ်းဆောင်အောင် နေရာချထားနိုင်မှ ဖြစ်မှာပါ။

ဒါပေမယ့် ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်မပေးဘဲ မျက်နှာပြောင်တိုက် မျက်ကွယ်ပြုနေခြင်း၊ အများ လက်မခံတဲ့ အမျိုးသားညီလာခံကို အချိန်ဆွဲပြီး တဖက်သတ် ဇွတ်ကျင်းပခြင်း၊ သူတို့စိတ်ကြိုက် ရွေးချယ်ထားတဲ့ လက်ညှိုးထောင်ခေါင်းညိတ် ကိုယ်စားလှယ်တွေက ရေးဆွဲတဲ့ စစ်အာဏာရှင်စနစ် အဓွန့်ရှည်တည်မြဲရေးကို ဦးတည်တဲ့ အခြေခံ ဥပဒေမူကြမ်းကြီးကို ဆန္ဒခံယူပွဲလုပ်ပြီး ဇွတ်အတည်ပြုဖို့ ကြံစည်နေခြင်း စတာတွေကိုကြည့်ရင် စစ်တပ်ကို ခြယ်လှယ်နေတဲ့ နအဖစစ်ခေါင်းဆောင်တွေဟာ စစ်တန်းလျားကို မပြန်ချင်ဘဲ မြန်မာ့နိုင်ငံရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ ဆက်လက် ပါဝင်စွက်ဖက် ခြယ်လှယ်ချင်နေ သေးတယ်ဆိုတာကို အထင်သား တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်တန်းလျားကိုပြန်ပြီး နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ အစီအစဉ် မရှိသရွေ့ကျနော်တို့ တိုင်းပြည်မှာ ပြဿနာတွေက မဆုံးနိုင်အောင်ကို ဆက်ဖြစ်နေဦး မှာပါ။ သူတို့မှာ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ဆန္ဒမရှိသရွေ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာလည်း ဖြစ်လာနိုင်မှာ မဟုတ်သလို သူတို့ ထပ်မံကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း စစ်ကျွန်သက် ရှည်ရေးကိုသာ ဦးတည်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်နေဦးမှာ သေချာနေပါတယ်။ အဲဒါကြောင့်မို့ အဲဒီလို စစ်တန်းလျားကို မပြန်ချင်ဘဲ ပေကပ်ကပ်လုပ်နေတဲ့ စစ်ခေါင်းဆောင် တွေကို ဖယ်ရှားဖို့ နောက်ဆုံးနည်းဟာ ဆရာလူထုစိန်ဝင်း တပ်လှန့်ခဲ့သလို လူထုအားနဲ့ပဲ တိုက်ပွဲဝင်ဖို့ ရှိပါတော့တယ်။ တခြားနည်း မရှိတော့ပါဘူး။ စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့ လူထုကြီးနဲ့ နအဖစစ်အုပ်စုဟာ မလွဲမသွေ ထိပ်တိုက် တွေ့ကြရဦးတော့မှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ ဒီလို လူထုနဲ့ နအဖစစ်အုပ်စု မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်ရမယ့် လမ်းကြောင်းပေါ် ရောက်လာခဲ့ရတာဟာ ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့ ကတိက၀တ် ပျက်ကွက်ပြီး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကို မျက်ကွယ်ပြုတဲ့၊ အာဏာကို ဆက်လက်ဆုပ် ကိုင်ဖို့ပဲ ဉာဏ်နီ ဉာဏ်နက်ထုတ် လုပ်ဆောင်နေတဲ့ နအဖ စစ်ခေါင်းဆောင်တွေရဲ့ မိုက်မဲမှု ကြောင့်လို့ပဲ တထစ်ချ ပြောရမှာ ဖြစ်ပါတယ်။

အဲဒီတော့ စစ်တန်းလျားကို မပြန်ရအောင်၊ စစ်အာဏာရှင်စနစ် ဆက်လက်အဓွန့်ရှည်ဖို့ သူတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတုအယောင် ဆန္ဒခံယူပွဲနဲ့ မဖြစ်မနေ အတည်ပြုမှာကို မဖြစ်မြောက်အောင် ဖျက်ပစ်ဖို့ လူထုအားကလွဲရင် တခြားနည်းမရှိတော့ပါဘူး။ ဒါဟာ လတ်တလော အခြေအနေမှာ အတိုက်အခံအင်အားစုတွေ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက လက်တွေ့လုပ်ဆောင်ရမယ့် လက်ငင်းတာဝန်တရပ် ဖြစ်လာပါတယ်။

အများစုကလည်း နအဖရဲ့ ဆန္ဒခံယူပွဲကို မဖြစ်မြောက်အောင် ဖျက်နိုင်ရင် အကောင်းဆုံးပဲလို့ သဘောထားရှိတာကို တွေ့ရပါတယ်။ အဲဒီလို ဖျက်နိုင်ဖို့အတွက် ကျနော်တို့မှာ ကိုင်စွဲတိုက်ပွဲဝင်ရမယ့် တိုက်ပွဲဝင်နိုင်တဲ့ လက်နက်ကောင်းတခုလည်း ကျနော်တို့ လက်ထဲမှာ အခိုင်အမာ ရှိနေပါတယ်။ အဲဒီလက်နက်ကို စွဲကိုင်ပြီး လူထုအားနဲ့ ပေါင်းစပ် တိုက်ပွဲဝင်ကာ အောင်ပွဲကို အရောက်သွားရမှာ ဖြစ်ပါတယ်။ အဲဒီလက်နက်ကတော့ ၉၀ ရွေးကောက်ပွဲရလဒ် ဆိုတဲ့ ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ တိုက်ပွဲဝင်လက်နက်ကြီးပဲ ဖြစ် ပါတယ်။

တချို့ကပြောသလို “၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်ကို ဖက်တွယ်ပြီး နေမယ်ဆိုရင် မြုပ်မယ့် လှေကို အသေဖက်တွယ်ထားသလိုဖြစ်နေမယ်”ဆိုတာကို ကျနော်လက်မခံသလို အရင်ပေါက် ပြီးသား ချဲလက်မှတ်က ဆုတ်ဖြဲခံလိုက်ရပြီဆိုတာကိုလည်း ကျနော်လက်မခံပါ။ ကျနော့်အမြင် အရတော့ ၉၀ ရွေးကောက်ပွဲရလဒ်သာ အောင်ပွဲကို အရောက်ပို့ဆောင်မယ့် လှေကြီးဖြစ်ပါ တယ်။ နအဖက ပို့ဆောင်မပေးတဲ့ အဲဒီလှေကြီး အောင်အောင်မြင်မြင် ရွက်လွှင့်နိုင်အောင် အဲန်အယ်လ်ဒီက မာလိန်မှူးအဖြစ် ဦးဆောင်ပြီး ပြည်သူလူထုအားနဲ့ ပန်းတိုင်ရောက်အောင် ၀ိုင်းဝန်း လှော်ခတ်ကြရတော့မှာ ဖြစ်ပါတယ်။ ဒီကနေ့အထိ နအဖကတောင် ပယ်ဖျက်တယ်လို့ တရားဝင် မပြောရဲသေးတဲ့ ၉၀ ရလဒ် (ချဲလက်မှတ်လို့ပဲ ဥပမာ ထားလိုက်ပါတော့) ကို ကိုယ့်ဘက်က လူတွေကပါ အလျော်ရမှာ မဟုတ်တော့ပါဘူးကွာ၊ လက်မှတ်က ဆုတ်ဖြဲခံရ သလို ဖြစ်နေပါပြီကွာလို့ စိတ်လျှော့နေရင်တော့ အောင်ပွဲနဲ့က ဝေးမြဲဝေးနေဦးမှာပါပဲ။ (ဒီအချိန်မှာ ၉၀ ရလဒ်ကို ကိုယ့်ဘာသာကိုယ် အသက်သွင်းပြီး မဖြစ်မနေ တိုက်ပွဲဝင်ဖို့က အရေးကြီးလာပြီဖြစ်သလို အဲန်အယ်လ်ဒီဗဟိုကော်မတီရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကလည်း လုံးဝဥဿုံ အရေးကြီးတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ မေလဆန္ဒခံယူပွဲ မတိုင်ခင် ၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုယ့်ဘာသာကိုယ် အသက်သွင်းပြီး နအဖကို စိန်ခေါ်တိုက်ပွဲဝင်ဖို့ ပျက်ကွယ်မယ်ဆိုရင်တော့ နအဖရဲ့ ဆန္ဒခံယူပွဲဟာ အလွယ်တကူ ဖြစ်မြောက်သွားတော့မှာ ဖြစ်သလို အဲန်အယ်လ်ဒီပါတီနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ နောက်ဆုံးနေ့ရက်တွေ ဟာလည်း တဖြည်းဖြည်းနီးကပ်လာနေပြီလို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ သမိုင်းမှတ်ကျောက်မှာလည်း ၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးဟာ သမိုင်းကွေးမယ့် အဖြစ်နဲ့ မလွဲမသွေ ကြုံကြရတော့မှာ ဖြစ်တယ်လို့ သတိပေး ပြောကြားလိုပါတယ်။)

နအဖဘက်ကနေ ၉၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပါပြီခင်ဗျားလို့ တရားဝင် ပြောရဲလာမယ့် အချိန်ကတော့ အတိုက်အခံအင်အားစုတွေအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက အချိန်မီမခုခံ မတိုက်ဖျက်နိုင်ရင် မကြာမီ လပိုင်းအတွင်း ရောက်လာတော့မှာပါ။ ဘယ်အချိန်မှာ သူတို့ပြော မလဲဆိုတော့ ဆန္ဒခံယူပွဲကြီး ဖြစ်မြောက်သွားပြီး နောက်ပိုင်းမှာ သူတို့ ပြောတော့မှာပါ။ စက်တင်ဘာရွှေဝါရောင်နဲ့ပတ်သက်ပြီး လူထုရဲ့အမုန်းကြောင့် သူတို့ရဲ့အခြေခံဥပဒကို မဲလိမ် ပြီး ဇွတ်အတည်ပြုဖို့ မဖြစ်နိုင်ဘူးဆိုတာကို နအဖတွေလည်းတွက်ဆထားမှာပါ။ ဇွတ်အတည် ပြုလိုက်ရင် လူထုအဓိကရုဏ်းတွေနဲ့ ရင်ဆိုင်တိုးရဖို့ ရှိနိုင်တာကြောင့် အဲဒီလမ်းကို စစ်ခေါင်း ဆောင်တွေ ရွေးချယ်ဖို့ လမ်းနည်းတယ်လို့ မြင်မိပါတယ်။
သူတို့ရွေးချယ်မယ့် ဖြစ်နိုင်ခြေ အများဆုံးလမ်းလို့ တွက်ဆမိတာကတော့ သူတို့ရေးဆွဲတဲ့ အခြေခံဥပေဒကို ပြည်လုံးကျွတ် ကန့်ကွက်မဲပေးတာကိုလက်ခံပြီး “ဟုတ်ကဲ့ ကျနော်တို့ဆွဲတဲ့ အခြေခံဥပဒေကို မကြိုက်တဲ့အတွက် သင့်လျော်တဲ့အချိန်မှာ အခြေခံဥပဒေကို ပြန်ဆွဲပါမယ်။ ဒါပေမယ့် ဆန္ဒခံယူပွဲကြီးကို မဲပေးပိုင်ခွင့်ရှိတဲ့ဦးရေရဲ့(ဥပမာ- ၈၀ ရာခိုင်နှုန်းပဲ ဆိုကျပါတော့) လာရောက်မဲပေးတဲ့အတွက် ဆန္ဒခံယူပွဲကြီး အောင်အောင်မြင်မြင်နဲ့ အထမြောက်သွားပြီ ဖြစ် ပါတယ်။ အဲဒါကြောင့်မို့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မပြောကြတော့ဘဲ ပြန်လည်ရေးဆွဲရမယ့် အခြေခံဥပဒေအတွက်သာ အာရုံစိုက်ကြရအောင်”လို့ ပြောလာရင် ကျနော်တို့ ဘာဆက် လုပ်ကြမလဲ။ ‘အခြေခံဥပေဒေကို ပြန်ဆွဲကြမယ်’ လို့လည်းသူတို့က ချွေးသိပ်ထားပြီးပြီ ဖြစ်လို့ လူထုတိုက်ပွဲကိုကော ချက်ချင်းလက်ငင်းဖော်ဆောင်ဖို့ ဖြစ်နိုင်ပါတော့မလား။ ကျနော်ကတော့ မထင်။ အဲဒီတော့ မဲသွားပေးခြင်း (ကန့်ကွက်မဲ ပေးပေး၊ ထောက်ခံမဲ ပေးပေး) ဟာ နအဖက ၉၀ ရလဒ် ပျက်ပြယ်တယ်လို့ တရားဝင် ပြောဆိုနိုင်အောင် အထောက်အကူ သွားပြုသလိုပဲ ဖြစ်လိမ့်မယ်လို့ အတိအလင်း ပြောချင်ပါတယ်။ မဲသွားမပေးဘဲ ၀ိုင်းဝန်းသပိတ်မှောက်အောင် လုပ်ဆောင်နိုင်ခဲ့ရင်တော့ အဲန်အယ်ဒီအနေနဲ့ မဲမပေးတဲ့ လူထုကြီးစည်းရုံးပြီး ၉၀ ရလဒ်နဲ့ ဆက်လက် တိုက်ပွဲဝင်ခွင့်ရဦးမှာ ဖြစ်ပါတယ်။

အဲဒီတော့ နအဖရဲ့ ဆန္ဒခံယူပွဲကို မဖြစ်မြောက်အောင် ဖျက်နိုင်ရင် အကောင်းဆုံးပဲလို့ ယူဆ ကြရင် အဲဒီရည်မှန်းချက်ကို ဖြစ်မြောက်အောင်အကောင်အထည်ဖော်ဖို့က ကျနော်တို့အတိုက် အခံတွေအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးရဲ့တာဝန်ပဲ မဟုတ်လား။ ဖြစ်နိုင်ဖို့ မလွယ်ကူပါဘူး လို့ စစ်မရောက်ခင် မြားကုန်တဲ့စကား ပြောနေမယ့်အစား ကိုယ်တတ်နိုင်တဲ့ထောင့်ကနေ ၀ိုင်းဝန်းတိုက်ဖျက်ဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ဖိနှိပ်မှုတွေများလို့ မဖြစ်နိုင်ပါဘူးဆိုတဲ့ စဉ်းစားချက်ကိုပဲ ထပ်တလဲလဲ တွေးနေရင်တော့ ၈၈ အရေးတော်ပုံလိုမျိုး၊ ရွှေဝါရောင် တော် လှန်ရေးလိုမျိုး၊ အခု တိဘက်ဘုန်းတော်ကြီးတွေ ဆန္ဒပြနေသလိုမျိုး၊ တိအန်မင်ရင်ပြင်အရေး အခင်းလိုမျိုး အရေးတော်ပုံတွေဟာ ဖြစ်လာစရာ အကြောင်းရှိမှာ မဟုတ်ပါဘူး။
“လူကြံရင် မခံနိုင်ဘူး အထူးပင် မှတ်ကြလေ” ဆိုတဲ့ ‘ပြည်တော်ဝင်’ သီချင်းထဲက စာသား အတိုင်း မဖြစ်နိုင်လောက်ဘူးဆိုတဲ့အရာတွေကိုပဲ အနာခံပြီး ဖြစ်အောင်လုပ်ခဲ့ကြလို့ ခေတ်ဆိုး စနစ်ဆိုးတွေဟာ ပြောင်းလဲခဲ့ကြရတာပါ။ အပြောင်းအလဲတိုင်းမှာတော့ ကံဆိုးသူတွေက ပေး ဆပ်ကြရစမြဲပါပဲ။ ဒါဟာ အပြောင်းအလဲမဖြစ်ခင် မလွဲမသွေကြုံတွေ့ရမယ့် အဖြစ်ဆိုးတွေပါ။ ဒီအဖြစ်ဆိုးတွေကိုကျော်လွှားနိုင်မှလည်း ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို အမိအရ လှမ်းကိုင် နိုင်မှာ မဟုတ်လား။ နိုင်ငံရေးဆိုတာ ကြွေတလှည့် ကြက်တခုန်ပါ။ နအဖက လူထုထပ်ပြီး အုံကြွမှာကို အကြီးအကျယ်ကြောက်ပြီး အတင်း ကျားကန်နေရတာကို ငါတို့တော့ လှုပ်လို့ မရ တော့ပါဘူးကွာဆိုပြီး စိတ်လျှော့နေမယ်ဆိုရင်တော့ လူထုတိုက်ပွဲဆိုတာလည်း ထပ်ဖြစ်လာ နိုင်မှာ မဟုတ်သလို အောင်ပွဲဆိုတာလည်း ဘယ်ဆီနေမှန်း သိနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အခုဆိုရင် ဆန္ဒပြပွဲကို လုံးဝဥဿုံ သပိတ်မှောက် တိုက်ဖျက်ဖို့ သာသနာ့ဥသျှောင် အဖွဲ့က ဦးဆောင်နှိုးဆော်နေပြီဖြစ်သလို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ဦးဆောင်တိုက်ပွဲဝင်ဖို့ ကြေညာနေပါပြီ။ အဲဒါအပြင် အဲန်အယ်လ်ဒီအဖွဲ့ချုပ်ကလည်း လူထု လှုပ်ရှားမှုကော်မတီဆိုပြီး တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းလိုက်ပြီဖြစ်သလို ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေကလည်း ဆန္ဒပြပွဲကို သပိတ်မှောက်ကြဖို့ ပျက် အောင်ဖျက်ကြဖို့ လူထုအကြားမှာ ပြောဆိုစည်းရုံးတာတွေ စတင်လုပ်ဆောင်နေကြပါပြီ။

အဲဒီတော့ နအဖရဲ့ ဆန္ဒခံယူပွဲကို မဖြစ်မြောက်အောင် ဖျက်နိုင်ရင် အကောင်းဆုံးပဲလို့ ယူဆ
ရင် “မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ၀ိုင်းဝန်းတိုက် ဖျက်မယ်ဆိုတဲ့ အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုနောက်ကို တညီတညွတ်တည်း လိုက်ပါလုပ် ဆောင်ဖို့ လိုသလို ကိုယ်နိုင်ရာပိုင်ရာ ပိတ်ဆို့တဲ့ လုပ်ရပ်တွေကိုလည်း တာဝန်သိသိ ပိပိရိရိ လုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲဒီကမှတဆင့် ၉၀ ရလဒ် ကိုယ့်ဘာသာကိုယ် အကောင်အထည်ဖော်ဖို့ အဲန်အယ်လ်ဒီဗဟိုကော်မတီကို ၀ိုင်းဝန်းတိုက်တွန်းရင်း လူထုအားနဲ့ အောင်ပွဲဆီကို အရောက်သွားကြပါစို့လို့ တပ်လှန့်နှိုးဆော်လိုက်ရပါတယ်။ ။

No comments: