ကျော်မင်းနိုင်
၂၀၀၈ မတ် ၂၆
ခေတ်ပြိုင်
မတ်လ (၁၂) ရက်နေ့ ည (၈း၁၅) က ထုတ်လွှင့်သွားတဲ့ ဘီဘီစီ မြန်မာပိုင်း အသံလွှင့် အစီအစဉ်ကို နားထောင်ကြည့်ရင် စစ်အစိုးရက တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲစည်းပုံ အခြေခံ ဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး စစ်အစိုးရ အပါအ၀င် ပြည်တွင်းက အလိုတော်ရိတွေ ဘယ်လောက် ခြေလှမ်းကျဲနေကြသလဲဆိုတာ သိနိုင်ပါတယ်။
အဆိုပါအစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ အုပ်ချုပ်နေတာနဲ့စာရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတခု ရှိလာတာက ပိုပြီးတော့ ကောင်းလာမလား။ စစ်အစိုးရက တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိဘဲ အတည်ပြုပေးလိုက်ရင် ဘာတွေဖြစ်လာမလဲ စတာတွေကို ပြည်သူတွေ တိုက်ရိုက် ပါဝင်ဆွေးနွေးခွင့်ရတဲ့ အစီအစဉ် ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်အတွက် နိုင်ငံတကာရောက် မြန်မာတွေ ပါဝင်ဆွေးနွေးကြ သလို ပြည်တွင်းက စစ်အစိုးရ လိုလားသူ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းနဲ့ နေမျိုးဝေဆိုသူ နှစ်ဦး ပါဝင်ဆွေးနွေးတာ ကြားရပါတယ်။
တဖက်ဆွေးနွေးသူတွေထဲမှာတော့ ဥပဒေရေးရာကျွမ်းကျင်သူ ဦးအောင်ထူးလည်း ပါဝင်ပါ တယ်။ ဒီနေရာမှာ ဦးကြည်ဝင်း အဓိကဆွေးနွေးတာကတော့ လာမယ့်ဖွဲ့စည်းပုံဟာ စစ်တပ် က (၂၅) ရာခိုင်နှုန်းပဲ ယူထားမှာမို့ ဥပဒေပြုရေး အာဏာဟာ စစ်တပ်လက်ထဲမှာ မရှိဘူး။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရွေးပေးတဲ့ ဒု-သမ္မတ (၃)ဦးထဲကမှ (၁) ဦးကိုသာ သမ္မတအဖြစ် ရွေးချယ်ရမှာမို့ သမ္မတဟာ စစ်ဗိုလ်ချုပ် ဖြစ်ချင်မှဖြစ်မယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဆွေးနွေးသူ နောက်တယောက်ဖြစ်တဲ့ နေမျိုးဝေ ဆိုသူကတော့ အသံဖိုင်နဲ့ ပြည်တွင်းက ပေးပို့တယ်လို့ ဆိုပါတယ်။ သူကလည်း ဖွဲ့စည်းပုံ ရှိလာရင် သတင်းစာလွတ်လပ်ခွင့်တွေ နည်းနည်း ရလာမယ်။ ဒီမိုကရေစီ နည်းနည်း ရလာမယ်။ ဒီကမှ တဆင့် အရပ်ဘက် အဖွဲ့အစည်းတွေ လုပ်ပိုင်ခွင့် ပိုရလာမယ်။ ဒါဟာ Win-Win Situation ပဲ ဆိုတဲ့ ဂမ်ဘာရီကို ဗိုလ်မှူးချုပ်ကျော်ဆန်းပြောတဲ့ လေသံမျိုးပြော တာ ကြားရပါတယ်။
အစီအစဉ်မှာ နေမျိုးဝေဆိုတာ ဘယ်သူလို့မပါရှိပေမယ့် ပြည်တွင်းက စစ်အစိုးရကိုလိုလား တဲ့ နောင်လာမယ့် ဖွဲ့စည်းပုံအရ ကျင်းပမယ့်ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် စိတ် ကူးယဉ်နေကြတဲ့ တတိယလိုင်း ဆန်ဆန် ကိုယ်ကျိုးသမားအုပ်စုရဲ့ အသံကို ကိုယ်စားပြု တယ်ဆိုတာ ပြည်တွင်းက နိုင်ငံရေးသမားတွေအားလုံး သိကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် စစ်အစိုးရတဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ရေးကိစ္စမှာ ပြည်တွင်းက စစ်အစိုးရနဲ့ သူ့အလိုတော်ရိတွေ ခြေလှမ်း သွက်နေကြတာကတော့ အမှန်ပဲဖြစ်ပါ တယ်။
ပြည်တွင်းမှာတော့ မေလမှာ ပြုလုပ်မယ့် လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး စစ်အစိုးရဟာ အသည်းအသန် ပြင်ဆင်နေပါတယ်။ မဲပေးနိုင်သူ စာရင်းရဖို့ ယာယီ အိမ်ထောင်စုစာရင်းတွေ လုပ်ပေးနေသလို မှတ်ပုံတင်လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေကို ယာယီ သက်သေခံလက်မှတ်တွေ လုပ်ပေးနေပါတယ်။ (ဒီအခြေအနေကို ကြည့်ရင်ပဲ နိုင်ငံတွင်းမှာ နိုင်ငံသား အမြောက်အမြား မှတ်ပုံတင်မရှိတာ။ လူ့အခွင့်အရေးချိုးဖောက်ခံထားရ တာပေါ်လွင်ပေမယ့် ဒီအချက်ကို ဝေဖန်ထောက်ပြတဲ့ နိုင်ငံရေးသမား တစုံတယောက်တောင် ထွက်ပေါ်လာတာ မရှိသေးပါဘူး။ ပြည်သူတွေကတော့ ယခင်က အိမ်ထောင်စုစာရင်း မရှိ လို့၊ မှတ်ပုံတင် မရှိလို့ ဘယ်ကိုမှ မသွားရဲ၊ မလာရဲ၊ မလုပ်ရဲ၊ မကိုင်ရဲ ဖြစ်နေရာကနေ အိမ်ထောင်စုစာရင်းလေး ရတော့မယ်၊ ယာယီ သက်သေခံ လက်မှတ်လေး ရတော့မယ်ဆိုပြီး ၀မ်းသာ နေကြတော့မှာ အမှန်ပဲ ဖြစ်ပါတယ်။)
စစ်အစိုးရဟာ အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒနဲ့ အတည်ပြုဖို့ ဦးတည် လုပ်ကိုင်နေတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ကမှ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်က အတည်ပြုခဲ့တဲ့ တကယ့်အခြေခံဥပဒေ မူကြမ်းကို ပုံနှိပ်ထုတ်ဝေ ဖြန့်ချိပေးတာမျိုး မရှိသေးသလို ဘယ်ပြည်သူ တဦးတယောက်ကမှ ဖတ်ရှု လေ့လာခွင့်ရသေးတာလည်း မဟုတ်သေးပါဘူး။
ယခု နောက်ဆုံးခေါက် မြန်မာပြည်ကို ရောက်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီကိုသာ နမူနာသဘော ပေးအပ်ခဲ့တာရှိပြီး ကျနော်တို့က ယုံလို့ ပေးတာနော်၊ တစုံတရာ ပေါက်ကြားခဲ့ရင် ခင်ဗျား တာဝန်ပဲနော်ဆိုတဲ့ အထေ့အငေါ့ စကားလေးနဲ့ ပေးခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ စစ်အစိုးရနဲ့ အလိုတော်ရိတွေ ပြောဆိုဆွေးနွေးနေကြတာဟာ မကြာခင်ကမှ ထုတ်ဝေထားတဲ့ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရန် အမျိုးသား ညီလာခံ စုံညီအစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံ ရမည့် မူများ” ဆိုတဲ့ စာအုပ်ပါ အချက်အလက်တွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီစာအုပ်ထဲမှာတော့ အချက်အလက် တိတိကျကျ ခိုင်ခိုင်မာမာ မပါရှိသေးတော့ အကြမ်းဖျင်း သဘောလောက်သာ ဝေဖန်လို့ ရနိုင်ပါတယ်။ ဥပမာအားဖြင့် အရေးကြီးဆုံး ၀ိဝါဒ ကွဲပြားမှုတခုဆိုရင် ဒီမူကြမ်းကို အသက်(၁၈) နှစ်ပြည့်ပြီးသူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တွေရဲ့ ထက်ဝက်ကျော် မဲနဲ့ အတည်ပြုမလား။ ဒါမှမဟုတ် မဲရုံကို မဲလာပေးသူ အရည် အတွက်ရဲ့ ထက်ဝက်ကျော်က ထောက်ခံရင် အတည်ဖြစ်မလား ဆိုတဲ့ကိစ္စမျိုး ဖြစ်ပါတယ်။
အဆိုပါစာအုပ် အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ အပိုဒ်(၁)မှာ “ဤဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဋ္ဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တ၀န်း လုံး၌ အာဏာတည်သည်။” ဆိုပြီး ဖော်ပြထားပါတယ်။ ဒါပေမယ့် အရည်အတွက်နဲ့ ပတ် သက်ပြီးတော့ စစ်အစိုးရဟာ အမျိုးမျိုး ကလိန်ကကျစ် လုပ်နိုင်ပါသေးတယ်။ အကြောင်း ကတော့ လူဦးရေစာရင်း ပြုစုတာ၊ မဲရုံတွေကြီးကြပ်တာ၊ မဲရေတာ၊ မှတ်တမ်းတင်တာ အားလုံး စစ်အစိုးရ အမာခံယန္တယားတွေကပဲ လုပ်ကိုင်ကြမှာမို့ ဖြစ်ပါတယ်။၊
ဖွဲ့စည်းပုံကို လက်ညှိုးထိုးပြီး စစ်အစိုးရနဲ့ အလိုတော်ရိတွေ ၀ါဒဖြန့်နေတာ နောက်တခုက လွှတ်တော် အသီးသီးမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်းပဲ နေရာယူထားတယ်။ ဒါကြောင့် ဥပဒေပြုရေးအာဏာဟာ စစ်တပ်လက်ထဲမှာ ရှိမနေဘူးဆိုတဲ့ ကိစ္စပါ။၊ တဖက်က ကြည့်ရင် မှန်သလိုလို ရှိပါတယ်။ ဒါပေမယ့် အသေအချာကြည့်ရင် (၇၅) ရာခိုင်နှုန်း ရှိတယ်ဆိုတဲ့ လက်ရှိ စစ်သား မဟုတ်သူ အခြား လွှတ်တော် ကိုယ်စားလှယ်တွေဟာလည်း စစ်တပ်က သဘောမတူတဲ့ ဘာဥပဒေ ပြုခွင့်မှရမှာ မဟုတ်ပါဘူး။ သေချာတာ တခုကတော့ မကြာမီ ပြဋ္ဌာန်းမယ့်ဥပဒေကိုပဲ တနှစ်တခါစုံညီအစည်းအဝေးထိုင်ပြီး အမြီးတပ်တာ၊ မိတ်ကပ်လိမ်းတာအပြင် ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့ ယခင် မဆလခေတ် လွှတ်တော်ကိုယ်စားလှယ်တွေလို ဖြစ်နေမှာ ဖြစ်လို့ပါပဲ။
အဆိုပါဖွဲ့စည်းပုံကို အသေအချာဆန်းစစ်ကြည့်လိုက်ရင် သမ္မတက အုပ်ချုပ်ရေးအာဏာ ရော၊ တရားစီရင်ရေး အာဏာပါ အပြည့်အ၀ယူထားတဲ့ သမ္မတစနစ်ဆိုတာ တွေ့ရမှာဖြစ် ပါတယ်။ သမ္မတဖြစ်လာတဲ့သူဟာ ၀န်ကြီး၊ ဒုဝန်ကြီးကအစ အစိုးရတဖွဲ့လုံးသူ့စိတ်ကြိုက်ခန့် အပ်မှာ ဖြစ်ပါတယ်။ ဒါတင်မက တရားသူကြီးချုပ်ကိုလည်း သူပဲ ခန့်မှာ ဖြစ်ပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။၊ တိုင်းနဲ့ ပြည်နယ်အသီးသီးက တိုင်း၊ ပြည်နယ် ၀န်ကြီးချုပ်တွေကိုလည်း သူကပဲ ၀န်ကြီးချုပ်တွေခန့်ပါဦးမယ်၊ ဒီလောက်အာဏာကြီး တဲ့ သမ္မတကို စစ်အစိုးရရဲ့ဖွဲ့စည်းပုံမှာ ပြည်သူတွေ တိုက်ရိုက် ရွေးကောက်တင်မြှောက်ခွင့် မရှိပါဘူး။ ပြည်သူတွေ ရွေးကောက်တင်မြှောက်ခွင့် မရှိသလို ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြှောက်မှာလား ဆိုတော့လည်း မဟုတ်သေးပြန်ပါဘူး။
အဆိုပါစာအုပ်မှာဖော်ပြထားတာက (၂)ခုပဲရှိတဲ့ လွှတ်တော်ကို (၃)စု ခွဲလိုက်မယ်။ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တပ်မတော်သား အစု၊ တစုဆီကနေ ကိုယ်စားလှယ် တွေထပ်ရွေးပြီး သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဆိုတာ ဖွဲ့ရမယ်။
အဲဒီသမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့မှာပါတဲ့ (၃)စုက ဒုသမ္မတလောင်း တယောက်စီ ရွေးပေး၊ အဲဒီ ဒုသမ္မတလောင်း (၃) ယောက်ထဲကမှ တယောက်ကို သမ္မတအဖြစ်ရွေးမယ် ဆိုတာပါပဲ။ ဒါပေမယ့် (၃)ယောက်ထဲက နောက်ဆုံးပိတ် သမ္မတကို အဲဒီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်သား စုစုပေါင်း (၆၆၄) ဦးလုံးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ရမယ်လို့တော့ ပြဋ္ဌာန်းချက်မှာ မပါပါ ဘူး။ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကပဲ ရွေးချယ်ရမယ်လို့ အကြမ်းဖျင်းပဲပါပါတယ်။
စာအုပ်စာမျက်နှာ (၂၃) အခန်း(၃) ၅(စ)မှာ “ထိုသို့ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက် နိုင်ရန် လိုအပ်သည့်ဥပဒေကို ပြဋ္ဌာန်းပေးရမည်” ဆိုပြီးတော့သာ ပါပါတယ်။ ရှင်းလင်း အောင် ရေးမထားသေးပါဘူး။၊ မြန်မာနိုင်ငံသားတွေ အားလုံး နားလည်ထားတာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုဖြစ်စေ၊ အခြား စစ်အာဏာရှင် တဦးဦးကို ဖြစ်စေ၊ သမ္မတ ဖြစ် အောင် ဖန်တီးပေးပြီး လက်ရှိအနေအထားအတိုင်း စိတ်ကြိုက် ၀န်ကြီးတွေခန့်၊ တရားသူကြီး ခန့်ပြီး နိုင်ငံကို ရာနှုန်းပြည့် ထင်သလို ချယ်လှယ်ဦးမှာ ဖြစ်တယ်ဆိုတာပါပဲ။
ဒီလို အခြေအနေတွေ မရောက်မချင်း အာဏာကို လွှဲမပေးဘူးဆိုတာကိုလည်း ကူးပြောင်း ရေးကာလ ပြဋ္ဌာန်းချက်များဆိုတဲ့အခန်းမှာ အသေအချာဖော်ပြပြီး ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်အစိုးရကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ သူတို့ဖာသာသူတို့ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုဖို့ ကြိုးစားနေပါပြီ။ ပြီးခဲ့တဲ့ မတ်လ (၁၂) ရက်နေ့ကမှ မြန်မာ နိုင်ငံအတွင်းက ၀ါရင့်စာရေးဆရာ သတင်းစာဆရာ လူထုစိန်ဝင်းက ကြေညာချက်တရပ် ထုတ်ပြန်ခဲ့တယ်။ ဒီကြေညာချက်ထဲမှာ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေအနေနဲ့ ကိုယ့်ဖာသာကိုယ် စစ်အစိုးရနဲ့ ဒိုင်ယာလော့ဂ် လုပ်နိုင်မယ်။ ကုလသမဂ္ဂက ၀င်ကူနိုင်မယ် ဆိုပြီး စိတ်ကူးယဉ်မနေကြပါနဲ့တော့၊ အချိန်ကြာလာလေ၊ ပြည်သူတွေ ဆင်းရဲဒုက္ခရောက် ပြီး တိုင်းပြည်နာလေ ဖြစ်နေပါပြီ။ ပြည်သူ့အင်အားနဲ့ ဒီမိုကရေစီရရှိအောင် ကြိုးစားကြပါ။ ပြည်သူတွေဘက်ကို မျက်နှာမူပါ ဆိုတဲ့သဘော ဆရာက တိုက်တွန်းသွားပါတယ်။
ဆရာပြောတဲ့ အတိုင်းပါပဲ။ လက်ရှိ အချိန်ဟာ ပြည်သူလူထုကို စည်းရုံးပြီး စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အတည်ပြုရေး ကြိုးပမ်းချက် အောင်မြင်မှု မရအောင်၊ ဒီက တဆင့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာအောင် ကြိုးပမ်းကြဖို့ လိုပါပြီ။၊ စစ်အစိုးရက အတည် ပြုချင်တဲ့ လက်ရှိဖွဲ့စည်းပုံဟာဘာလဲဆိုတာ ပြည်သူတွေကို ပညာပေးဖို့ ဖွင့်ချဖို့ လိုအပ်နေ ပါပြီ။ တကယ့်မူကြမ်းအစစ် ထွက်လာမှ ဘာလုပ်မလဲ ဆုံးဖြတ်မယ်ဆိုရင် အတော်ကို နောက်ကျသွားပါလိမ့်မယ်။၊ ပြည်သူတွေဘက်ကို မျက်နှာမူဖို့ လိုနေပါပြီ။ ။
်
Wednesday, April 2, 2008
ပြည်သူတွေဘက်ကို မျက်နှာမူဖို့ အချိန်တန်ပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment