Wednesday, April 2, 2008

ဆန့်ကျင်မဲ ရဲရဲပေးကြဖို့

လူထုအများစုလိုက်ပါနိုင်မယ့် နည်းလမ်း ညွှန်ပြဖို့
(သို့မဟုတ်)
ဆန့်ကျင်မဲ ရဲရဲပေးကြဖို့

တူမောင်ညို
၂၀၀၈ မတ် ၁၉
ခေတ်ပြိုင်

ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အကောင်းဆုံး မျှော်လင့်ပြီး အဆိုးဆုံး အတွက် အသင့်ပြင်ထားကြဖို့” ရတဲ့ အခိုက်အတန့် ကာလကလေးမှာ ကျနော်တို့ပြည်သူများကို သတိပေး နှိုးဆော်သွားခဲ့ပါတယ်။

ယခု ကျနော်တို့ အတွင်းမှာ တချို့က (နအဖ) စစ်အစိုးရက ပြုလုပ်လာမယ့် မေလ “ပြည်လုံး
ကျွတ် ဆန္ဒခံယူပွဲ” ကို သပိတ်မှောက်ကြဖို့ ပြောနေပါတယ်။ ကျနော်တို့ဟာ (နအဖ) စစ်အစိုးရ ရဲ့ ( ၅၄) ဦးကော်မရှင်က အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြမယ် ဆိုတဲ့ ဦးတည်ချက်မှာ တစိတ်တည်း တ၀မ်းတည်း ရှိကြပေမယ့် ဘယ်လိုနည်းနာ ကိုသုံးပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြမလဲ ဆိုတဲ့ကိစ္စမှာတော့ ဟိုလို ဒီလို ဖြစ်နေသေးတယ်။

ဒီလိုဖြစ်နေတာ ကျနော်တို့အတွက်၊ ကျနော်တို့ပြည်သူတွေအတွက် ကောင်းတဲ့ကိစ္စမဟုတ်ပါ ဘူး။ တူညီတဲ့ ဦးတည်ချက်ကို ပြတ်သားတဲ့ နည်းလမ်းနဲ့ ပြည်သူတွေ တစည်းတလုံးတည်း လိုက်ပါ ဆောင်ရွက်နိုင်အောင် ကျနော်တို့ ပြည်တွင်းပြည်ပ အင်အားစုတွေက တင်ပြနိုင်ဖို့ အလွန် အရေးကြီးပါတယ်။ ဒါမှသာ စစ်အာဏာရှင်စနစ်ကို အားရှိရှိ ထိုးနှက် တိုက်ခိုက်နိုင်မှာ ဖြစ်ပါ တယ်။

ခေါင်းဆောင်မှုဆိုတာ ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်ကို ညွှန်ပြနိုင်ရမှာဖြစ်သလို၊ ပြည်သူ တရပ်လုံးက လိုက်ပါ လုပ်ဆောင်ရမယ့် နည်းလမ်းကိုလည်း အချိန်ကိုက် ချပြပေးဖို့ လိုအပ်ပါ တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များဟာ ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်ကိုတော့ အထူးကြေညာချက်များထုတ်ပြန်ပြီး ညွှန်ပြထားပါတယ်။

ဒါပေမယ့် ယခုအချိန်အထိ ဘယ်လိုနည်းလမ်းကို ကျင့်သုံးရမယ်ဆိုတာကိုတော့ တိကျစွာချပြ
ပေးခြင်းမရှိသေးပါဘူး။ ဒီလိုထုတ်ပြန်မယ်ဆိုတဲ့ အရိပ်နိမိတ်ပြစကားတွေကိုတော့ ဒီချုပ်ပြော
ခွင့်ရ ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုချက်တွေထဲမှာ တွေ့မြင်ကြားသိနေရပါတယ်။ အချိန်ကိုက်၊ အချိန် မီ ထုတ်ပြန်ပေးဖို့လိုပါတယ်။

“ထုတ်ပြောလို့မဖြစ်သေးဘူး၊ ထုတ်မပြောနိုင်သေးဘူး”ဆိုရင်တော့ နောက်ကျသွားပါလိမ့်မယ်။
ဒီလိုသာ အချိန်မီထုတ်ပြန်ပေးနိုင်ရင် အထက်မှာပြောခဲ့တဲ့ ကျနော်တို့အတွင်း ဟိုလိုဒီလိုဖြစ်နေ တဲ့ ၀ိဝါဒကွဲမှုတွေလည်း ရပ်ဆိုင်းသွားပါလိမ့်မယ်။၊

ထို့အပြင် ပြည်သူတွေနဲ့တက်ကြွလှုပ်ရှားသူတွေအဖို့လည်း မိမိတို့လုပ်ဆောင်ရမယ့် နည်းလမ်း ကို ပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့ ရဲရဲဆောင်ရွက်နိုင်ကြမှာလည်းဖြစ်ပါတယ်။

မှန်ကန်တဲ့ ခေါင်းဆောင်မှုဟာ မိုက်ရူးရဲလုပ်မှု၊ ဆင်ကန်းတောတိုး လုပ်မှုနဲ့ ဘယ်လောက်ခြားနားတယ်ဆိုတာ လူတိုင်း သိပါတယ်။ မှန်ကန်တဲ့ ခေါင်းဆောင်မှုဆိုတာ အကျအဆုံး နည်းနိုင်သမျှ နည်းလမ်းကိုသုံးပြီး ရည်မှန်းချက် ပြည့်မြောက်အောင်မြင်အောင် လုပ်ရတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လူထုအုံကြွမှုမှာ အများစုဖြစ်တဲ့ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ မြို့နေ၀န်ထမ်း အများစုကြီး ပါမလာခဲ့တာကို အားလုံးသိပါတယ်။ ဒီ စက်တင်ဘာအုံကြွမှုကို နအဖ စစ်အစိုးရက ပက်ပက်စက်စက် အကြမ်းဖက် ချေမှုန်းခဲ့တာကိုလည်း တကမ္ဘာလုံးက မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။

ဒါကြောင့် ယခုအဆင့် (၄) ဖြစ်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ အများစုဖြစ်တဲ့ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ မြို့နေ၀န်ထမ်းတွေ၊ တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေ ပါဝင်လာနိုင် မယ့် နည်းလမ်းကို ကျနော်တို့ ရွေးချယ်ဖို့ သိပ်အရေးကြီးပါတယ်။ အဆုံးအဖြတ်လည်း ကျတဲ့ ကိစ္စပါ။ တောမဲ (သို့မဟုတ်) ကျေးလက်က လယ်သမားအများစုရဲ့ ဆန့်ကျင် ကန့်ကွက်မဲတွေ ရဖို့ သိပ်အရေးကြီးပါတယ်။

ဦးတည်ချက်၊ ရည်မှန်းချက် ဘယ်လောက်မှန်ကန်ပြတ်သားနေပါစေ။ လက်တွေ့လုပ်ဆောင်ရ မယ့် နည်းလမ်းက လူထုလိုက်ပါနိုင်မယ့် နည်းနာ၊ နည်လမ်းမဟုတ်ဘူးဆိုရင် အောင်ပွဲရဖို့ ခက် ခဲနေပါလိမ့်မယ်။

လူထုအများစုလက်တွေ့လိုက်ပါလုပ်ဆောင်နိုင်တဲ့နည်းလမ်းကို မညွှန်ပြဘူးဆိုရင် ဒါဟာကြီး လေးတဲ့ ရာဇ၀တ်မှုကျူးလွန်တာပဲဖြစ်ပါတယ်။

ပြီးတော့ နအဖ စစ်အစိုးရက အဖက်ဖက်က ဖိနှိပ်ထားတာ ဖြစ်ပါတယ်။ ပြည်သူလူထုကို ရှေ့ဆောင်နိုင်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ် မှန်သမျှကို ဖမ်းဆီးထားသလို၊ (၅/ ၉၆) စတဲ့ တည်ဆဲ ဥပဒေဆိုတဲ့ ဖိနှိပ်ရေး ပုဒ်မတွေ ရုပ်သိမ်းပေးခြင်း မရှိပါဘူး။ မဲရုံစနစ်၊ မဲပေးရမယ့် နည်းလမ်း၊ မဲရေတွက်မယ့် နည်းစနစ် အဆင့်ဆင့်ကိုလည်း သူတို့ စိတ်ကြိုက် ဆောင်ရွက်ထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေး၊ အမျိုးသမီးရေးရာ၊ မီးသတ်၊ စွမ်းအားရှင်စတဲ့ လက်ကိုင်တုတ်တွေကိုလည်း အသင့် ပြင်ထားပါတယ်။ ပြည်ပက ဘယ်လိုလေ့လာ စောင့်ကြည့်ရေး အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မှန် သမျှကိုလည်း စောင့်ကြည့်လေ့လာခွင့်ပေးမထားပါဘူး။၊

မစ္စတာ ဂမ်ဘာရီကတဆင့် အဆိုပြုခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အချက် (၅) ချက်ကို ပယ်ချခဲ့ပြီမဟုတ်ပါလား။ ဆန္ဒခံယူပွဲနဲ့ ပတ်သက်တဲ့ မစ္စတာဂမ်ဘာရီရဲ့ အကြံပြုချက်မှန်သမျှ ကိုလည်း ငြင်းပယ်ထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒီကိစ္စကို ယခုအချိန် မှာ ဘယ်လိုမှ ထိရောက်တဲ့ အရေးယူဆောင်ရွက်နိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း နအဖ စစ်အစိုးရက တွက်ချက်ထားပါတယ်။ ဒီတော့ နအဖစစ်အစိုးရဟာ ကုလသမဂ္ဂက အဆိုပြုချက် တွေကို မိုက်မိုက်ကန်းကန်းပယ်ချဝံ့တာပဲဖြစ်ပါတယ်။

အခုချိန်ဟာ လုံခြုံရေးကောင်စီက ဘယ်လိုအရေးယူမလဲ ဆိုတာကိုစောင့်နေရမယ့်အချိန် မဟုတ်ပါဘူး။

ဒီကနေ့လို နိုင်ငံတကာ အခြေအနေအောက်မှာ လုံခြုံရေးကောင်စီ (ဗီတိုအာဏာပိုင် (၅) နိုင်ငံ) မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တူညီတဲ့ ဆုံးဖြတ်ချက်ကျနိုင်တဲ့ အလားအလာမရှိပါဘူး။

နောက်ဆုံးမှာ နအဖ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတဲ့ အဓိက ဦးတည်ချက်ကနေ သွေ ဖည်သွားပြီး ရုရှနဲ့ တရုတ် ဆန့်ကျင်ရေး ဆိုတဲ့ဘက်ကို ဦးတည်ချက် လွဲသွားစေနိုင်ပါတယ်။ ဒါဆိုရင် နအဖ စစ်အစိုးရ စိတ်ကြိုက် ဖြစ်သွားစေပါလိမ့်မယ်။

ဒါကြောင့် ယခုလိုအချိန်မှာ ပြည်သူတွေ လိုက်ပါလုပ်ဆောင်နိုင်မယ့် နည်းလမ်းဖြစ်တဲ့ မဲရုံသွား ပြီး ဆန့်ကျင်မဲ ရဲရဲထည့်ဖို့ ဆိုတဲ့နည်းလမ်းကို ကျနော်တို့ တသံတည်း လှုံ့ဆော်ကြဖို့လိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့လည်း အချိန်ကိုက်၊ အချိန်မီ ချပြပေးဖို့လိုအပ်ပါတယ်။

- လူထုအားလုံးလိုက်ပါနိုင်မယ့်နည်းလမ်းညွှန်ပြစို့
- ဆန့်ကျင်မဲ ရဲရဲပေးကြစို့

No comments: