မင်းဟန်
၂၀၀၈ မတ် ၁၁
မဇ္ဈိမ
"အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ် ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာဟာ ကစားရမယ့်အရာ မဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့် အရာသာဖြစ်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်
၁၉၉၈၊မေ (၂၈)ရက်။
(၁)
နအဖစစ်အုပ်စုက ဖေဖော်ဝါရီလ တတိယအပါတ်အတွင်းမှာ ကြေညာချက် အမှတ် ၁/၀၈ ကို ထုတ်ပြန်ခဲ့တယ်။ အကြောင်းအရာကတော့္ဇ၂၀၀၈ခုနှစ် မေလအတွင်းမှာ စစ်အုပ်စုက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း)ကို လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီး အတည်ပြုရန် ဖြစ်တယ်။ လူထုက ဆန္ဒမဲပေးကြရမှာ ဖြစ်တယ်။ လူထုက ထောက်ခံမဲပေးရင်္ဇ္ဇစစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ဟာ အတည်ဖြစ်မယ်။ လူထုက ကန့်ကွက်မဲပေးပြီး ဆန့်ကျင်ရင်တော့ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စက္ကူစုတ်အဖြစ် အမှိုက်ခြင်းထဲကို ရောက်သွားမယ်။ လူထုက အဆုံးအဖြတ်ပေးရမှာ ဖြစ်တယ်။ လူထုသည်သာ အခရာ။
(၂)
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတခုရဲ့ နှလုံးအိမ်သဖွယ် အရေးပါတဲ့ ဥပဒေတရပ်လို့ ဆိုရမှာ ဖြစ်တယ်။ ပြည်သူ့အုပ်ချုပ်ရေးက ဘယ်လို ...။ တရားဥပဒေပြုရေးက ဘယ်သို့ ...။ တရားစီရင်ရေးက ဘယ်ပုံ ...။ လူသားတဦးချင်း ပုဂ္ဂိလက လွတ်လပ်ခွင့်များက ဘယ်မျှ ...။ တိုင်းရင်းသား လူမျိုးစုများနဲ့ ပြည်ထောင်စု ဖွဲ့စည်းမှုက မည်သို့ ...။ စတဲ့ ...။ အရေးတွေကို ရေးဆွဲ ပြဌာန်းထားတာ ဖြစ်တယ်။ ပြဌာန်းချက်အားလုံးဟာ လူထုအကျိုးဖက်က ရှိဖို့လိုသလို နိုင်ငံသားတိုင်းကို ကိုယ်စားပြု အကာအကွယ် ပေးထားတာတွေ ဖြစ်ဖို့လည်း လိုပါတယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံသဘောပါ။ ထားတော့။
အခု စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကရော ဘယ်လိုလဲ ….ကြည့်ရအောင်ပါ။
၁၉၉၃-ခု ဇန်န၀ါရီလမှာ စစ်အုပ်စုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့အတွက် အခြေခံမူ ချမှတ်ဖို့ အမျိုးသားညီလာခံဆိုင်္ပြီး ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကို ဦးတည်ချက် (၆)ရပ်နဲ့ အညီ ပြုလုပ်ဖို့လည်း အမိန့်ပေးပါတယ်။ ဒီ ဦးတည်ချက် (၆)ရပ်ထဲက အဓိကအချက်ကတော့ ….." အနာဂါတ် မြန်မာနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ရေး " ဆိုတဲ့ ဦးတည်ချက်ပဲဖြစ်ပါတယ်။ ဒီတော့ …. အခု စစ်အုပ်စုက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း) ဆိုတာဟာလည်း အနှစ်သာရကတော့ ….. စစ်တပ်က အနာဂါတ် မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ပြဌာန်း ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပါပဲ။ ဥပဒေအရ စစ်အာဏာရှင်စနစ်ကို မြန်မာ့နိုင်ငံရေးမှာ တရားဝင် တည်တံ့ခိုင်မြဲရေးပါ။
အချက်အလက်အရ ကြည့်ရင် ….နိုင်ငံတော်ရဲ့ အမြင့်ဆုံးအုပ်ချုပ်ရေး အဖွဲ့ဖြစ်တဲ့ သမ္မတအဖွဲ့မှာ စစ်တပ်က စစ်ဗိုလ်ချုပ် တယောက် ပါဝင်နေမယ်။ အစိုးရရဲ့ ၀န်ကြီးဌာန ၄-ဌာနမှာလဲ စစ်တပ်က စစ်ဗိုလ်တွေဟာ ၀န်ကြီးအဖြစ် နေရာယူမယ်။ ဒီအတိုင်းပဲ ပြည်နယ်၊ တိုင်းဒေကြီး ….၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ……၊ ခရိုင်…..။ မြို့နယ်အဆင့်ဆင့်ရဲ့ အုပ်ချုပ်ရေး တိုင်းမှာလဲ စစ်တပ်ဟာ ပါဝင်နေရာယူထားမှာဖြစ်ပါတယ်။
ဥပဒေပြုရေးနဲ့ ပါတ်သတ်လို့လဲ ….ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်စတဲ့ နေရာတိုင်းမှာလဲ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေဟာ ၂၅% ပါဝင်နေရာယူကြမှာ ဖြစ်ပါတယ်။
တပ်မတော်ရေးရာနဲ့ ပါတ်သတ်လို့ ဆိုပြန်ရင်လည်း ကာကွယ်ရေးဦးစီချုပ်ဟာ အစိုးရအဖွဲ့ကို တာဝန်ခံစရာမလိုဘဲ သူ့သဘောဆန္ဒအတိုင်း စိတ်တိုင်းကျ လုပ်ကိုင်ခွင့်ကို ရယူထားပါတယ်။
ချုပ်ကြည့်ရင် …..ဖွဲ့စည်းပုံအရပေါ်လာမယ့် ရုပ်ပုံလွှာကိုကြည့်ရင် …..တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ အနာဂါတ်မြန်မာ့နိုင်ငံရေးမှာ အာဏာအရှိဆုံး စစ်အာဏာရှင်ကြီးအနေနဲ့ မြင်ရမှာပဲ ဖြစ်ပါတယ်။
တောင်ပို့ကတော့ တွေ့နေရပါပြီ ……။
(၃)
မေလ ဆန္ဒခံယူပွဲကို ဘယ်လိုပြုလုပ်မယ်ဆိုတာ အသေးစိတ်အတိအကျ မထုတ်ပြန်သေးပေမယ့် …… အတည်ပြုမဲကိုတော့ မဲပေးပိုင်ခွင့်ရှိသူရဲ့ (၅၀)% အထက် လို့ ဆိုပါတယ်။ သာမန်ဆန္ဒမဲအများရရှိမှုကို ရယူတဲ့ ဆန္ဒခံယူမှုပါ။ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဥပဒေပြဌာန်းချက်မျိုးကို အတည်ပြုရာမှာ သာမန် ဆန္ဒမဲအများစုရယူတဲ့ ဆန္ဒခံယူမှုမျိုးနဲ့ မပြုလုပ်သင့်ပါဘူး။ ၁၉၇၄-ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ဆန္ဒခံယူပွဲ ပြုလုပ်တဲ့အခါမှာတောင် ဗိုလ်နေ၀င်းဟာ (၇၅)% အထက် ဆန္ဒခံယူမှုနဲ့ ဆန္ဒခံ ယူခဲ့ပါသေးတယ်။ ဒါကိုကြည့်ရင် …… ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလောက်တောင် သွေးမရဲဘူးဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအသစ်ကို အတည်ပြုရာမှာ လူထုဆန္ဒမဲရဲ့ (၅၀)% အထက်နှင့် အတည်ပြုမှု ရယူထားပေမယ့် အတည်ဖြစ်သွားတဲ့ ဖွဲ့စည်းပုံကိုတော့ ပြန်လည် ပြင်ဆင်ဖို့ မလွယ်ကူပါဘူး။
ရွေးကောက်ပွဲဝင် ….. လွှတ်တော်ထဲရောက်မှ တဖြည်းဖြည်း ပြင်ဆင်သွားတာပေါ့…… ဆိုရင်တော့ စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်…..။ ဘာလို့လဲ ဆိုတော့….ဖွဲ့စည်းပုံသစ်ရဲ့ " ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း" အခန်းမှာ ဖော်ပြထားတာက …….
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၀)% က လွှတ်တော်မှာ တင်ပြရပါမယ် …..တင်ပြလာတဲ့ ပြင်ဆင်ချက်မူကြမ်းဟာ နိုင်ငံတော်ရဲ့ အခြေခံမူများ၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ အခန်းတို့ ဖြစ်ရင်တော့ ……. ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ (၇၅)%က ပြင်ဆင်ရန် သဘောတူ လက်ခံကြရပါမယ်။ ပြီးလျှင် …. ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ၅၀%ကျော် ဆန္ဒမဲပေးမှ ပြန်လည် ပြင်ဆင်လို့ ရပါတယ်။
ပြည်ထောင်စု လွှတ်တော်ထဲမှာက စစ်တပ်က ၂၅%ပါဝင်နေတော့ …..ပြည်ထောင်စု လွှတ်တော်ထဲမှာ ပြင်ဆင်ရေးအတွက် (၇၅)%ကျော် သဘောတူမှုရဖို့ ဆိုတာ မလွယ်ပါဘူး။
ဒီတော့ ….. အတည်ဖြစ်သွားပြီး ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်က သဘောမတူရင် ပြင်ဆင်လို့ မရတော့ဘူးဆိုတာပါပဲ …..။ စစ်တပ်မကြိုက်ရင် ဘယ်လောက်မတရားမှုပဲဖြစ်ဖြစ် တိုက်ဖျက်လို့ မရအောင် လုပ်တာပါ။
စစ်အာဏာရှင်စနစ်နဲ့ လမ်းခွဲဟာ ပြည်ထောင်စု လွှတ်တော်ထဲမှာမရှိပါဘူး…..။ "မေ" မှာပဲ ရှိပါတယ်။ မေလ ဆန္ဒခံယူပွဲကသာ စစ်အာဏာရှင်စနစ်ကို အနာဂါတ် မြန်မာ့နိုင်ငံရေးက ဖြုတ်ချ ကျောခိုင်းထားခဲ့နိုင်မှာပါ။ မေဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးနိုင်သူ ၂၆-သန်းခန့်ရှိပါတယ်……၁၃သန်းက မဲဆန္ဒမပေးပဲ ကန့်ကွက် သပိတ်မှောက်ခဲ့ကြရင် …..စစ်အုပ်စုရဲ့ လမ်းပြမြေပုံဟာလည်း ရှေ့ဆက်လို့ မရတော့ပါဘူး…….။ "မေ"ဟာ လူထုနဲ့ အာဏာရှင်တို့ရဲ့ လမ်းခွဲပါ……။ လူထုရဲ့ ကတ္တီပါ တော်လှန်ရေး ……။ ကတ္တီပါ လမ်းခွဲ……။ လူထုသည်သာ အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်…..။
လူထုသည်သာ အာဏာရှင်……။
No comments:
Post a Comment