ဦးစိန်ကျော်လှိုင်
ခေတ်ပြိုင် သတင်းဂျာနယ်မှ ရယူသည်။
၂၀၀၈ ဧပြီ ၇
ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဟာ လူတယောက်၊ ပါတီတဖွဲ့၊ အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မကြာခင်က ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောတာ မှန်မမှန် စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို မြေလှန် ဆန်းစစ်ဖို့ လိုလာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲဖို့ အမျိုးသား ညီလာခံ စကျင်းပတဲ့ လွန်ခဲ့တဲ့ (၁၄) နှစ်ကို ပြန်ကြည့်ရင် ညီလာခံဦးတည်ချက် (၆) ချက် သတ် မှတ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတွက် အခြေခံမူတွေ အမျိုးသားညီလာခံက တဆင့် ရေးဆွဲရာမှာ ဒီဦးတည်ချက် (၆) ချက်နဲ့ မလွတ်စေဖို့ စစ်အစိုးရက ကြိုတင် ဘောင်ခတ် ထားတာပါ။
ညီလာခံဦးတည်ချက် နံပါတ် (၆) အချက်မှာ အနာဂတ် နိုင်ငံတော် အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်ပါဝင်ထမ်းဆောင်ရေးလို့ အတိအလင်း ရေးထားပါတယ်။ ဒါကြောင့် စကတည်းက စစ်တပ် အကျိုးအတွက် ရည်ရွယ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဆိုတာ ရှင်းနေပါတယ်။ ဒီအချက်ကို ညီလာခံတက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အတော်များများ လက်မခံပေမယ့် နောက်ဆုံးအလျှော့ပေးခဲ့ရပါတယ်။
ဒိနောက် အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ကြိုးကိုင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ထဲမှာ စစ်တပ်ကဏ္ဍတွေကို ပြဋ္ဌာန်းနိုင်အောင် ညီလာခံကိုယ်စားလှယ် (၆) ဦးပါတဲ့ အဖွဲ့တခုက အဆိုအမျိုးမျိုး တင်သွင်းခဲ့ပါတယ်။ ဒီကိုယ်စားလှယ်တွေကတော့ တချိန်က အန်အယ်လ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေ ဖြစ်ပါတယ်။
မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၁) က ဦးကြည်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၂) က ဦးတင် ထွန်းမောင်၊ တွံတေး မဲဆန္ဒနယ် အမှတ် (၂) က ဦးမြလှိုင်၊ ကျိုက်လတ် မဲဆန္ဒနယ် အမှတ် (၂) က ဦးတင်ဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ် အမှတ် (၁) က ဦးသိန်းကြည်နဲ့ မင်းဘူး မဲဆန္ဒနယ် အမှတ် (၂) က ဦးလှစိုးတို့ (၆) ဦးဖြစ်ပါတယ်။ အန်အယ်လ်ဒီက ထုတ်ပယ်ထားတဲ့ ဒီအမတ် (၆) ဦးဟာ အမျိုးသားညီလာခံမှာ တပ်မတော်အခန်းကဏ္ဍ သမ္မတလုပ်ပိုင်ခွင့်စတဲ့ အရေးပါတဲ့ ကဏ္ဍတွေကို အကြံပြုခဲ့သူတွေ ဖြစ်ပါတယ်။
စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရာမှာ ညီလာခံ ဦးတည်ချက် (၆) ချက်နဲ့ ဘောင်ခတ်ရုံသာမက စစ်တပ်ကဏ္ဍ ပစ်ပယ်သွားတာမျိုး မဖြစ်ရအောင် အခြေခံမူ (၁၀၄) ချက် ဆိုတာပါ မူလကတည်းက သတ်မှတ်ပြီး ဒီဘောင်ထဲက ရေးရမယ်လို့ ထပ်ပြီး ပြဋ္ဌာန်းပြန်ပါတယ်။ စစ်အစိုးရ သတ်မှတ်တဲ့ အခြေခံမူ (၁၀၄) ချက်ကို ဆင့်ပွားပြီး အမျိုးသားညီလာခံ အဆင့်ဆင့်မှာ ညီလာခံကိုယ်စားလှယ်တွေ အသေးစိတ် အဆိုပြုတာကိုတော့ အသေးစိတ် အခြေခံရမယ့်မူတွေ လို့ သုံးနှုန်းပါတယ်။ အမျိုးသားညီလာခံက အတည်ပြုထားတဲ့ အသေးစိတ်အခြေခံရမယ့်မူတွေကို အခြေခံပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းဆိုပြီး စစ်အစိုးရက ပုဒ်မတတ် ထုတ်ပြန်တာ ဖြစ်ပါ တယ်။
ဒါကြောင့် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ကြည့်ရင် အနာဂတ်နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင်အောင် ခုလို အဆင့်ဆင့် ခြေကုတ်ယူ ပြဋ္ဌာန်းထားတာ တွေ့ရမှာဖြစ်ပါတယ်။
-နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အခန်း (၃)၊ ပုဒ်မ ၅၉ (ဃ) မှာ ပြဋ္ဌာန်းပါတယ်။ မူလက နိုင်ငံတော်သမ္မတကို စစ်ရေးအတွေ့ အကြုံရှိသူ ဖြစ်ရမယ်လို့ အဆိုပြုပြီးကာမှ ညီလာခံတွင်း ဝေဖန်မှုတွေ မကျေနပ်မှုတွေဖြစ်ပြီးနောက် နိုင်ငံတော်သမ္မတကို စစ်ရေးအမြင် ရှိသူဖြစ်ရမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တနည်းပြောရရင် လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေထဲက အငြိမ်းစားယူပြီး သမ္မတလုပ်ချင်သူ လုပ်နိုင်အောင် လမ်းဖွင့်ပေးထားတဲ့ အချက်လို့ တချို့လေ့လာသူတွေက တွက်ပါတယ်။
-လွှတ်တော်ကိုကြည့်ရင်လဲ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာနှုန်းပါရမယ်လို့ ဥပဒေ ပြုရေး အခန်း (၄) ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ (၁၀၉) မှာ ပြဋ္ဌာန်းထားပါတယ်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄၄၀) အနက် စစ်တပ်က တင်မြှောက်လိုက်တဲ့ စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၁၀) ရှိရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းနဲ့တွက်ရင် စစ်တပ်က လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း ပါဝင်တဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။
-အခြေခံမူ (၁၀၄) ချက် အရေးပေါ်ကာလ အခန်းကို ကြည့်ရင် စစ်တပ်ကို အာဏာသိမ်းခွင့်ရှိ တယ်လို့ မူချထားပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ် ညီလာခံကာလ ဝေဖန်ဆန့်ကျင်မှုတွေ များခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ထွက်လာတဲ့အခါ တိုင်းပြည်အရေး ကြုံလာရင် စစ်တပ်က တိုက်ရိုက် အာဏာသိမ်းခွင့်ရှိတယ်လို့ မသုံးနှုန်းတော့ဘဲ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို တိုင်းပြည် တည်ငြိမ် အေးချမ်းသည်ထိ အများဆုံး တနှစ်တိတိ အာဏာလွှဲနိုင်တယ်ဆိုတဲ့သဘောနဲ့ နားလှည့်ပါးရိုက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ (အခန်း (၁၁) အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ)
ဒိထက်ဆိုးတာက အဲသလို တိုင်းပြည်ငြိမ်ဝပ်ပိပြားအောင် ကာကွယ်ရေးဦးစီးချုပ်က တာဝန်ယူ ထားတဲ့ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်း၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် တွေကို လုံးဝတရားစွဲဆိုခွင့်မရှိလို့ ပုဒ်မ (၄၃၂) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သဘော ကတော့ ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းလို ကိစ္စမျိုး၊ ၈၈ အရေးအခင်းမျိုး အနာဂတ်မှာ ဖြစ်လာလို့ စစ်တပ်က လူသတ်သတ်၊ ဓားပြတိုက်တိုက် ဘယ်လို နှိမ်နင်းနှိမ်နင်း အရေးယူခွင့်မရှိဆိုပြီး အခြေခံဥပဒေနဲ့ ကြိုတင် အကာအကွယ်ယူထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
-အရေးပေါ်အခြေအနေ ကြေညာတဲ့နေရာမလည်း သမ္မတဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီနဲ့ တိုင်ပင်ပြီး လိုအပ်သလို အမိန့်ထုတ်ပြန်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ (ပုဒ်မ ၄၁၀၊ ၄၁၁၊ ၄၁၂ )။ ဒီနေရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဘယ်သူတွေနဲ့ ဖွဲ့ထားသလဲကြည့်ဖို့လိုပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ် (ပုဒ်မ ၂၀၁) ။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၁) ဦးကိုကြည့်ရင် သမ္မတက စစ်ရေး အမြင်ရှိသူ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ်နှစ်ဦးက စစ်သား၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကိုလည်း စစ်တပ်ကပဲ ကိုင်ထား မှာဆိုတော့ (၁၁) မဲမှာ စစ်တပ်က (၆) မဲအပိုင်ရထားတာမို့ တိုင်းပြည်အရေးပေါ်ကာလ ဆုံးဖြတ် ချက်တွေကို စစ်တပ်လိုချင်သလို ခြယ်လှယ်ခွင့်ရှိမှာ ဖြစ်ပါတယ်။
-နိုင်ငံရေးအပိုင်းကို ကြည့်ပြန်တော့ နိုင်ငံ ၀န်ထမ်းချင်းအတူတူ အရပ်သား ၀န်ထမ်းကိုတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း
ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည ) မှာ ပြဋ္ဌာန်းထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ် စစ်သားပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ်ဘက်ဝန်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ်အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရ မယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ပုဒ်မ ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတာ တွေ့ရပါတယ်။
-စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ (၃၄၀) ကို ကြည့်ရင်လည်း စစ်တပ်ဦးဆောင်
မှုနဲ့ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
-စစ်ဘက်တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်စေရမယ်။ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ဆိုထားပြန်ပါတယ်။ (ပုဒ်မ ၃၄၃ ) သဘောကတော့ စစ်သားက ရာဇ၀တ်မှုကျူးလွန်ရင် အရပ်ဘက် တရားစီရင်ရေးက အရာမရောက်တော့ဘူးလို ဖြစ်နေတဲ့ အတွက် အနာဂတ် တရားစီရင်ရေးဟာ ရင်လေးစရာဖြစ်တယ်လို့ ရန်ကုန်ရှေ့နေ အသိုင်းအ၀ိုင်းက ထောက်ပြပါတယ်။
ထူးခြားတဲ့အချက်က သမ္မတအပါအ၀င် နိုင်ငံဝန်ထမ်း အကြီးအကဲတွေကို စစ်အစိုးရ အသုံး အနှုန်းအရ စွပ်စွဲပြစ်တင်ခွင့် သတ်မှတ်ပြဌာန်းထားပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ ဘာလုပ်လုပ် ကွင်းလုံးကျွတ်ဖြစ်အောင် အခြေခံဥပဒေနဲ့ ကာကွယ်ပေးထားပါတယ်။ ဒါတင်မက ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်အတန်းဟာ ဒု-သမ္မတအဆင့်နဲ့ တပြေးညီဖြစ်ရမယ်လို့ အသေးစိတ် အခြေခံရမယ့်မူတွေမှာ ပြဋ္ဌာန်းထားပြန်ပါတယ်။
-စစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘက်စုံက ကျားကန်ထားရုံမက စစ်တပ်မိသားစုတွေရဲ့
စားဝတ်နေရေးကိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကာကွယ်ပေးထားပြန်ပါတယ်။ ကျဆုံးသွားတဲ့ စစ်သားရဲ့ ကလေးတွေကို နိုင်ငံတော်က တာဝန်ယူစောင့်ရှောက်ရမယ်။ မသန်စွမ်းတဲ့ စစ်သား တွေအတွက် အသက်မွေးပညာ အခမဲ့သင်ယူခွင့်ပေးရမယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၃၂ (က)(ခ) မှာ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန် ထမ်းတာချင်းအတူတူ အရပ်ဘက်ဝန်ထမ်းထက် စစ်ဘက်ဝန်ထမ်းက ပိုအရေးပါတယ်ဆိုပြီး အခြေခံဥပဒေသုံး အလွဲသုံးစားလုပ်၊ ပြောင်ကျကျ ခွဲခြားပြီး တိုင်းပြည်ဘဏ္ဍာ ဖြုန်းဖို့ အခွင့်အရေး ယူထားတာ ဖြစ်ပါတယ်။
ဒီဆောင်းပါးပါ အချက်တွေကို စစ်အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းနဲ့တိုက် မင်နီတား ဖတ်ကြည့်မယ်ဆိုရင် ဘယ်သူ့အကျိုးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလဲဆိုတာ မျက်ဝါးထင်ထင် မြင်ရမှာဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ပြောနေပေမယ့် တကယ်တမ်း စစ်အစိုးရလုပ်ရပ်က (ဆရာကြီး သခင်ကိုယ်တော်မှိုင်းစကားနဲ့ပြောရရင်) ဗြဟ္မာ့ဘုံ နွားခုန်တက်သလို ဖြစ်နေတယ်ဆိုတာ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။
Saturday, April 12, 2008
ဒါဖတ်ပြီးမှ မဲပေးပါ (၁)
Labels: သုံးသပ်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment