Showing posts with label သုံးသပ်ချက်. Show all posts
Showing posts with label သုံးသပ်ချက်. Show all posts

Saturday, April 12, 2008

ဒါဖတ်ပြီးမှ မဲပေးပါ (၁)


ဦးစိန်ကျော်လှိုင်

ခေတ်ပြိုင် သတင်းဂျာနယ်မှ ရယူသည်။

၂၀၀၈ ဧပြီ ၇

ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဟာ လူတယောက်၊ ပါတီတဖွဲ့၊ အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မကြာခင်က ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောတာ မှန်မမှန် စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို မြေလှန် ဆန်းစစ်ဖို့ လိုလာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲဖို့ အမျိုးသား ညီလာခံ စကျင်းပတဲ့ လွန်ခဲ့တဲ့ (၁၄) နှစ်ကို ပြန်ကြည့်ရင် ညီလာခံဦးတည်ချက် (၆) ချက် သတ် မှတ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတွက် အခြေခံမူတွေ အမျိုးသားညီလာခံက တဆင့် ရေးဆွဲရာမှာ ဒီဦးတည်ချက် (၆) ချက်နဲ့ မလွတ်စေဖို့ စစ်အစိုးရက ကြိုတင် ဘောင်ခတ် ထားတာပါ။

ညီလာခံဦးတည်ချက် နံပါတ် (၆) အချက်မှာ အနာဂတ် နိုင်ငံတော် အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်ပါဝင်ထမ်းဆောင်ရေးလို့ အတိအလင်း ရေးထားပါတယ်။ ဒါကြောင့် စကတည်းက စစ်တပ် အကျိုးအတွက် ရည်ရွယ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဆိုတာ ရှင်းနေပါတယ်။ ဒီအချက်ကို ညီလာခံတက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အတော်များများ လက်မခံပေမယ့် နောက်ဆုံးအလျှော့ပေးခဲ့ရပါတယ်။

ဒိနောက် အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ကြိုးကိုင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ထဲမှာ စစ်တပ်ကဏ္ဍတွေကို ပြဋ္ဌာန်းနိုင်အောင် ညီလာခံကိုယ်စားလှယ် (၆) ဦးပါတဲ့ အဖွဲ့တခုက အဆိုအမျိုးမျိုး တင်သွင်းခဲ့ပါတယ်။ ဒီကိုယ်စားလှယ်တွေကတော့ တချိန်က အန်အယ်လ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေ ဖြစ်ပါတယ်။

မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၁) က ဦးကြည်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၂) က ဦးတင် ထွန်းမောင်၊ တွံတေး မဲဆန္ဒနယ် အမှတ် (၂) က ဦးမြလှိုင်၊ ကျိုက်လတ် မဲဆန္ဒနယ် အမှတ် (၂) က ဦးတင်ဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ် အမှတ် (၁) က ဦးသိန်းကြည်နဲ့ မင်းဘူး မဲဆန္ဒနယ် အမှတ် (၂) က ဦးလှစိုးတို့ (၆) ဦးဖြစ်ပါတယ်။ အန်အယ်လ်ဒီက ထုတ်ပယ်ထားတဲ့ ဒီအမတ် (၆) ဦးဟာ အမျိုးသားညီလာခံမှာ တပ်မတော်အခန်းကဏ္ဍ သမ္မတလုပ်ပိုင်ခွင့်စတဲ့ အရေးပါတဲ့ ကဏ္ဍတွေကို အကြံပြုခဲ့သူတွေ ဖြစ်ပါတယ်။

စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရာမှာ ညီလာခံ ဦးတည်ချက် (၆) ချက်နဲ့ ဘောင်ခတ်ရုံသာမက စစ်တပ်ကဏ္ဍ ပစ်ပယ်သွားတာမျိုး မဖြစ်ရအောင် အခြေခံမူ (၁၀၄) ချက် ဆိုတာပါ မူလကတည်းက သတ်မှတ်ပြီး ဒီဘောင်ထဲက ရေးရမယ်လို့ ထပ်ပြီး ပြဋ္ဌာန်းပြန်ပါတယ်။ စစ်အစိုးရ သတ်မှတ်တဲ့ အခြေခံမူ (၁၀၄) ချက်ကို ဆင့်ပွားပြီး အမျိုးသားညီလာခံ အဆင့်ဆင့်မှာ ညီလာခံကိုယ်စားလှယ်တွေ အသေးစိတ် အဆိုပြုတာကိုတော့ အသေးစိတ် အခြေခံရမယ့်မူတွေ လို့ သုံးနှုန်းပါတယ်။ အမျိုးသားညီလာခံက အတည်ပြုထားတဲ့ အသေးစိတ်အခြေခံရမယ့်မူတွေကို အခြေခံပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းဆိုပြီး စစ်အစိုးရက ပုဒ်မတတ် ထုတ်ပြန်တာ ဖြစ်ပါ တယ်။

ဒါကြောင့် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ကြည့်ရင် အနာဂတ်နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင်အောင် ခုလို အဆင့်ဆင့် ခြေကုတ်ယူ ပြဋ္ဌာန်းထားတာ တွေ့ရမှာဖြစ်ပါတယ်။

-နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အခန်း (၃)၊ ပုဒ်မ ၅၉ (ဃ) မှာ ပြဋ္ဌာန်းပါတယ်။ မူလက နိုင်ငံတော်သမ္မတကို စစ်ရေးအတွေ့ အကြုံရှိသူ ဖြစ်ရမယ်လို့ အဆိုပြုပြီးကာမှ ညီလာခံတွင်း ဝေဖန်မှုတွေ မကျေနပ်မှုတွေဖြစ်ပြီးနောက် နိုင်ငံတော်သမ္မတကို စစ်ရေးအမြင် ရှိသူဖြစ်ရမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တနည်းပြောရရင် လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေထဲက အငြိမ်းစားယူပြီး သမ္မတလုပ်ချင်သူ လုပ်နိုင်အောင် လမ်းဖွင့်ပေးထားတဲ့ အချက်လို့ တချို့လေ့လာသူတွေက တွက်ပါတယ်။

-လွှတ်တော်ကိုကြည့်ရင်လဲ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာနှုန်းပါရမယ်လို့ ဥပဒေ ပြုရေး အခန်း (၄) ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ (၁၀၉) မှာ ပြဋ္ဌာန်းထားပါတယ်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄၄၀) အနက် စစ်တပ်က တင်မြှောက်လိုက်တဲ့ စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၁၀) ရှိရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းနဲ့တွက်ရင် စစ်တပ်က လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း ပါဝင်တဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။

-အခြေခံမူ (၁၀၄) ချက် အရေးပေါ်ကာလ အခန်းကို ကြည့်ရင် စစ်တပ်ကို အာဏာသိမ်းခွင့်ရှိ တယ်လို့ မူချထားပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ် ညီလာခံကာလ ဝေဖန်ဆန့်ကျင်မှုတွေ များခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ထွက်လာတဲ့အခါ တိုင်းပြည်အရေး ကြုံလာရင် စစ်တပ်က တိုက်ရိုက် အာဏာသိမ်းခွင့်ရှိတယ်လို့ မသုံးနှုန်းတော့ဘဲ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို တိုင်းပြည် တည်ငြိမ် အေးချမ်းသည်ထိ အများဆုံး တနှစ်တိတိ အာဏာလွှဲနိုင်တယ်ဆိုတဲ့သဘောနဲ့ နားလှည့်ပါးရိုက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ (အခန်း (၁၁) အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ)

ဒိထက်ဆိုးတာက အဲသလို တိုင်းပြည်ငြိမ်ဝပ်ပိပြားအောင် ကာကွယ်ရေးဦးစီးချုပ်က တာဝန်ယူ ထားတဲ့ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်း၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် တွေကို လုံးဝတရားစွဲဆိုခွင့်မရှိလို့ ပုဒ်မ (၄၃၂) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သဘော ကတော့ ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းလို ကိစ္စမျိုး၊ ၈၈ အရေးအခင်းမျိုး အနာဂတ်မှာ ဖြစ်လာလို့ စစ်တပ်က လူသတ်သတ်၊ ဓားပြတိုက်တိုက် ဘယ်လို နှိမ်နင်းနှိမ်နင်း အရေးယူခွင့်မရှိဆိုပြီး အခြေခံဥပဒေနဲ့ ကြိုတင် အကာအကွယ်ယူထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

-အရေးပေါ်အခြေအနေ ကြေညာတဲ့နေရာမလည်း သမ္မတဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီနဲ့ တိုင်ပင်ပြီး လိုအပ်သလို အမိန့်ထုတ်ပြန်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ (ပုဒ်မ ၄၁၀၊ ၄၁၁၊ ၄၁၂ )။ ဒီနေရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဘယ်သူတွေနဲ့ ဖွဲ့ထားသလဲကြည့်ဖို့လိုပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ် (ပုဒ်မ ၂၀၁) ။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၁) ဦးကိုကြည့်ရင် သမ္မတက စစ်ရေး အမြင်ရှိသူ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ်နှစ်ဦးက စစ်သား၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကိုလည်း စစ်တပ်ကပဲ ကိုင်ထား မှာဆိုတော့ (၁၁) မဲမှာ စစ်တပ်က (၆) မဲအပိုင်ရထားတာမို့ တိုင်းပြည်အရေးပေါ်ကာလ ဆုံးဖြတ် ချက်တွေကို စစ်တပ်လိုချင်သလို ခြယ်လှယ်ခွင့်ရှိမှာ ဖြစ်ပါတယ်။

-နိုင်ငံရေးအပိုင်းကို ကြည့်ပြန်တော့ နိုင်ငံ ၀န်ထမ်းချင်းအတူတူ အရပ်သား ၀န်ထမ်းကိုတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း
ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည ) မှာ ပြဋ္ဌာန်းထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ် စစ်သားပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ်ဘက်ဝန်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ်အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရ မယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ပုဒ်မ ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတာ တွေ့ရပါတယ်။

-စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ (၃၄၀) ကို ကြည့်ရင်လည်း စစ်တပ်ဦးဆောင်
မှုနဲ့ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

-စစ်ဘက်တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်စေရမယ်။ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ဆိုထားပြန်ပါတယ်။ (ပုဒ်မ ၃၄၃ ) သဘောကတော့ စစ်သားက ရာဇ၀တ်မှုကျူးလွန်ရင် အရပ်ဘက် တရားစီရင်ရေးက အရာမရောက်တော့ဘူးလို ဖြစ်နေတဲ့ အတွက် အနာဂတ် တရားစီရင်ရေးဟာ ရင်လေးစရာဖြစ်တယ်လို့ ရန်ကုန်ရှေ့နေ အသိုင်းအ၀ိုင်းက ထောက်ပြပါတယ်။

ထူးခြားတဲ့အချက်က သမ္မတအပါအ၀င် နိုင်ငံဝန်ထမ်း အကြီးအကဲတွေကို စစ်အစိုးရ အသုံး အနှုန်းအရ စွပ်စွဲပြစ်တင်ခွင့် သတ်မှတ်ပြဌာန်းထားပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ ဘာလုပ်လုပ် ကွင်းလုံးကျွတ်ဖြစ်အောင် အခြေခံဥပဒေနဲ့ ကာကွယ်ပေးထားပါတယ်။ ဒါတင်မက ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်အတန်းဟာ ဒု-သမ္မတအဆင့်နဲ့ တပြေးညီဖြစ်ရမယ်လို့ အသေးစိတ် အခြေခံရမယ့်မူတွေမှာ ပြဋ္ဌာန်းထားပြန်ပါတယ်။

-စစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘက်စုံက ကျားကန်ထားရုံမက စစ်တပ်မိသားစုတွေရဲ့
စားဝတ်နေရေးကိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကာကွယ်ပေးထားပြန်ပါတယ်။ ကျဆုံးသွားတဲ့ စစ်သားရဲ့ ကလေးတွေကို နိုင်ငံတော်က တာဝန်ယူစောင့်ရှောက်ရမယ်။ မသန်စွမ်းတဲ့ စစ်သား တွေအတွက် အသက်မွေးပညာ အခမဲ့သင်ယူခွင့်ပေးရမယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၃၂ (က)(ခ) မှာ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန် ထမ်းတာချင်းအတူတူ အရပ်ဘက်ဝန်ထမ်းထက် စစ်ဘက်ဝန်ထမ်းက ပိုအရေးပါတယ်ဆိုပြီး အခြေခံဥပဒေသုံး အလွဲသုံးစားလုပ်၊ ပြောင်ကျကျ ခွဲခြားပြီး တိုင်းပြည်ဘဏ္ဍာ ဖြုန်းဖို့ အခွင့်အရေး ယူထားတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးပါ အချက်တွေကို စစ်အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းနဲ့တိုက် မင်နီတား ဖတ်ကြည့်မယ်ဆိုရင် ဘယ်သူ့အကျိုးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလဲဆိုတာ မျက်ဝါးထင်ထင် မြင်ရမှာဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ပြောနေပေမယ့် တကယ်တမ်း စစ်အစိုးရလုပ်ရပ်က (ဆရာကြီး သခင်ကိုယ်တော်မှိုင်းစကားနဲ့ပြောရရင်) ဗြဟ္မာ့ဘုံ နွားခုန်တက်သလို ဖြစ်နေတယ်ဆိုတာ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။

Read More...

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) အပေါ် သုံးသပ်ချက်

မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) အပေါ် သုံးသပ်ချက်

စောကပီ

မဇ္ဈိမ သတင်းဌာနမှ ရယူသည်။

၂၀၀၈ ဧပြီ ၁၂

ပြည်ထောင်စုစနစ် အစစ်အမှန်လား၊ ဒါမှမဟုတ် တပ်မတော် ကြိုးကိုင် တပြည်ထောင်စနစ်လား

မြန်မာစစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ဖို့ အတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကို လာမည့် မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ မူကြမ်းကိုတော့ ဧပြီလ ၈ ရက်နေ့ကစပြီး စတင်ဖြန့်ဝေတယ်လို့ သိရပါတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းဟာ အင်တာနက်ပေါ်မှာတော့ အတော့်ကို ပြန့်နှံ့နေခဲ့တာ ရက်အနည်းငယ် ရှိခဲ့ပါပြီ။ ပုံနှိတ်ထုတ်ဝေဖို့ ပေးလိုက်တဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်အချို့ကနေတဆင့် ပြန့်ပွားခဲ့တာလို့လဲ ဆိုကြပါတယ်။ ယခု တရားဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်တဲ့ ဒီနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတိုချုပ် လေ့လာ သုံးသပ်လိုပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း အခန်း (၁) နိုင်ငံတော် အခြေခံမူများ ဆိုတဲ့အခန်းမှာ "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်" ဆိုပြီး ပါရှိတာကို တွေ့ရပါတယ်။ ပြီးတော့တခါ "နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည်" ဟူ၍ အတိအလင်း ပြဌာန်းထားပါတယ်။ ဒီနေရာမှာ "ပြည်ထောင်စု" (Union) ဆိုတဲ့ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ လက္ခဏာနဲ့ ပတ်သက်ပြီး အနည်းငယ် အဓိပ္ပါယ်ဖွင့်ဆို ဆွေးနွေးလိုပါတယ်။

"ပြည်ထောင်စု" ဆိုတဲ့ စကားလုံးရဲ့ အရိုးဆုံးနဲ့ အရှင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ ပြည်နယ်များ ပေါင်းစုပြီး သဘောတူညီချက် တရပ်ဖြင့် အချုပ်အခြာ အာဏာရှိတဲ့ တိုင်းပြည်တခုအဖြစ် တည်ထောင် ထားတဲ့ တိုင်းပြည်မျိုးပါ။ အဲဒီ ပြည်ထောင်စုနဲ့ ဆန့်ကျင်ဖက် (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံတော်ရဲ့ အသွင်လက္ခဏာ မရှိပဲ ဗဟိုအစိုးရ တရပ်ကသာ ကြိုးကိုင်အုပ်ချုပ်တဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မျိုးကိုတော့ တပြည်ထောင်နိုင်ငံလို့ ခေါ်ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှား နိုင်ငံဟာ "တပြည်ထောင်စနစ်" (Unitary System) နဲ့ တည်ထောင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် နိုင်ငံထဲမှာရှိတဲ့ နယ်မြေဒေသ (သို့မဟုတ်) ပြည်နယ်တွေဟာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာသာ ရှိပြီး သူတို့မှာ အုပ်ချုပ်ရေးရာ ကိစ္စရပ်များ၊ တရားဥပဒေပြုရေးရာနဲ့ တရားစီရင်ရေးတွေမှာ ဗဟိုအစိုးရရဲ့ သဘောတူညီမှု၊ ညွှန်ကြားမှုမပါပဲ ဆုံးဖြတ်နိုင်ခွင့် မရှိပါဘူး။

ပြည်ထောင်စု နိုင်ငံရဲ့ အဓိက အင်္ဂါရပ်ကတော့ ဒီပြည်ထောင်စုထဲမှာ ရှိတဲ့ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသတွေဟာ ပြည်ထောင်စု အစိုးရရဲ့ လက်အောက်မှာ တိုက်ရိုက် ထိမ်းချုပ်ခံထားမှုမျိုး မဟုတ်ဘဲ ကိုယ်ပိုင်ပြဌါန်းခွင့် အာဏာဆိုတာ ရှိရပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်ထောင်စုနိုင်ငံတွေမှာ ပြည်ထောင်စု အစိုးရဟာ ပါဝင်ဖွဲ့ထားတဲ့ ပြည်နယ်များရဲ့ အပေါ်မှာ အချုပ်အခြာအာဏာ အားလုံးမရှိပါဘူး။ နိုင်ငံတော်ရဲ့ အဓိက အချုပ်အခြာ အာဏာခက်မကြီး သုံးခုဖြစ်တဲ့ ဥပဒေပြုရေး အာဏာ (Legislative Power)၊ အုပ်ချုပ်ရေး အာဏာ (Executive Power) နဲ့ တရားစီရင်ရေး အာဏာ (Judiciary Power) တွေဟာ ပြည်နယ်က လူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေရဲ့ လက်ထဲမှာလဲ ရှိရပါတယ်။ ပို၍ တိကျအောင် ပြောရရင် ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတွေကြားမှာ အထက်က ပြောခဲ့တဲ့ အာဏာသုံးရပ်ကို ခွဲဝေထားရှိရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတွေကြား အာဏာ ခွဲဝေအပ်နှင်းမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စု နိုင်ငံတော်တွေရဲ့ အမျိုးအစားနဲ့ အဆင့်အတန်းတွေဟာလဲ အမျိုးမျိုး ကွဲပြားကြတာကိုတွေ့နိုင်ပါတယ်။

ယခု မြန်မာစစ်အစိုးရရဲ့ တင်းကြပ်စွာ ထိမ်းချုပ်မှု၊ ပိတ်ပင်မှုတွေ အမျိုးမျိုးနဲ့ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်တဲ့ အခြေခံ မူတွေအတိုင်း ရေးဆွဲခဲ့တဲ့ အနာဂတ် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းထဲမှာတော့ "နိုင်ငံတော်၏ အာဏာသုံးရပ်လုံးကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်" ဟူ၍ ပါရှိပါတယ် [အခန်ုး (၁) ပုဒ်မ ၁၁ (ခ)]။ ယေဘူယျအားဖြင့်တော့ ဒါဟာ ပြည်ထောင်စု နိုင်ငံတော်တခုရဲ့ ဖွဲ့စည်းပုံမှာရှိရမဲ့ သဘောလက္ခဏာကို ထည့်သွင်း ပြဌါန်းထားခြင်း ဖြစ်ပါတယ်။

သို့သော် ဒီအခြေခံဥပဒေ မူကြမ်းမှာပါရှိတဲ့ အသေးစိတ် အာဏာခွဲဝေရေး (power sharing) ဆိုင်ရာ ပုဒ်မတွေကို ကြည့်တဲ့ အခါမှာတော့ နိုင်ငံတော် ဗဟိုအစိုးရက နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ အများစုကို ရယူထားပြီး၊ အရေးမကြီးလှတဲ့ အာဏာ အစိတ်အပိုင်းများကိုသာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရဲ့ လက်ထဲမှာ ထားတာကို တွေ့ရပါတယ်။

ဥပဒေပြုခွင့် အာဏာ (Legislative Power) ဆိုင်ရာ ပြဌါန်းချက်များကို ကြည့်မယ်ဆိုရင်၊ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အဓိက ကိစ္စရပ်များမှာ ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုခွင့် အာဏာ ရရှိမှာ ဖြစ်တယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော်ကသာလျှင် ရဲတပ်ဖွဲ့၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် စသည့် အဆင့်မြင့် ပညာဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် သင်တန်းများ၊ စာပေရုပ်ရှင်ဆိုင်ရာ ဥပဒေပြုခွင့် အာဏာများကို ရရှိထားတာ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်း ဒေသကြီး လွှတ်တော်များကတော့ စည်ပင်သာယာရေး၊ အိမ်တွင်း အသေးစား စက်မှုလက်မှုလုပ်ငန်း၊ အပန်းဖြေစခန်း၊ တိရိစ္ဆာန် ဥယျာဉ်အစရှိတဲ့ အရေး သိပ်မပါလှသော ကိစ္စရပ်များတွင်သာ ဥပဒေပြုခွင့် အာဏာရှိတာ ဖြစ်ပါတယ်။ အမည်အားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ခေါ်တွင်ရန် ပြဌါန်းထားသော်လည်း ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းပါ ဥပဒေပြုရေးဆိုင်ရာ ပြဌါန်းချက်များအရ ဗဟိုကြိုးကိုင် တပြည်ထောင်နိုင်ငံကိုသာ အသားပေး တည်ဆောက်နေခြင်း ဖြစ်ပါတယ်။

အုပ်ချုပ်ရေးအာဏာ (Executive Power) အပိုင်းကို ကြည့်ပြန်တော့လည်း၊ နိုင်ငံတော်သမ္မတ လုပ်သူကသာ အာဏာအများစုကို ရယူထားပြီး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရဲ့ ၀န်ကြီးချုပ်တွေကိုလည်း ရွေးချယ် ခန့်ထားနိုင်တဲ့ အာဏာတွေကို ပေးထားတာ တွေ့ရပါတယ်။ အဲဒီတော့ အုပ်ချုပ်ရေးအပိုင်းမှာ ပြည်ထောင်စု အစိုးရလို့ခေါ်တဲ့ ဗဟို အစိုးရကသာ ပြည်နယ်နဲ့တိုင်း ဒေသကြီးများကို ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများရဲ့ ၀န်ကြီးချုပ်များ ကနေတဆင့် ဆင့်ကဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်တွေမှာ သူတို့ပြည်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာ လုံးဝ မရှိသလောက်ပါ။

ထိုသို့ ခန့်အပ်ရာမှာ (ပုဒ်မ ၂၆၁၊ အပိုဒ် ၈ အရ) နိုင်ငံတော်သမ္မတဟာ ပြည်နယ်လွှတ်တော်၏ သဘောတူညီမှုကို ရယူရန် လိုအပ်သော်လည်း အပိုဒ် (ဃ) မှာတော့ "တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ၀န်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ" လို့ ဆိုထားပြန်ပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ ပြည်နယ်လွှတ်တော် အမတ်များထဲမှာ ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူရန် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံမည့်သူ တဦးထက်ပို၍ ရှိနိုင်သော်လည်းပဲ၊ နိုင်ငံတော် သမ္မတသာ စိတ်ကြိုက် ရွေးချယ် ခန့်အပ်နိုင်တာကို တွေ့ရပါတယ်။

အလားတူစွာပင် နိုင်ငံတော်သမတဟာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများအတွက် တရားသူကြီးချုပ်ကို စိတ်ကြိုက် ရွေးချယ်ခန့်ထားနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်သမတက ပြည်နယ် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းတဲ့အခါမှာ ပြည်နယ် လွှတ်တော် အမတ်အများစုရဲ့ ထောက်ခံမဲကို ရရှိစရာ မလိုဘဲ၊ "သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်းကို ပြည်နယ်လွှတ်တော်မှ အထင်အရှား မပြသနိုင်ပါက အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့် မရှိစေရ" လို့ အတိအလင်း ပြဌါန်းထားပါတယ်။ ဒီတော့ တရားစီရင်ရေး အာဏာ (Judiciary Power) အပိုင်းမှာလဲ နိုင်ငံတော် သမတကသာ အာဏာကို ထိမ်းချုပ်ထားပြီး တိုင်းရင်းသား ပြည်နယ်များရဲ့ တရား စီရင်ရေး ကိစ္စတွေမှာ တိုက်ရိုက် ဩဇာ သက်ရောက်နေနိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အစရှိတဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ အမတ်များထဲမှ လေးပုံတပုံဟာလည်း နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းပြီး ခန့်အပ်ထားတဲ့ တပ်မတော်သားများ ဖြစ်ရမယ်လို့ ဆိုထားပြန်ပါတယ်။ ဒီတော့ သတ်မှတ်ထားသော နိုင်ငံတော် သမ္မတရဲ့ ရှိရမည့် အရည်အချင်းများအရ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များထဲမှ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရဖို့ သေချာသလောက် ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ ပြည်နယ် ၀န်ကြီးချုပ်တွေဟာလည်း နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်း ခန့်အပ်နိုင်တာဖြစ်လို့ တပ်မတော်သားများထဲကပဲ ဖြစ်လာဖို့ များပါတယ်။

အတိုချုပ်ပြီး ပြောရရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ တပ်မတော် ကြိုးကိုင်ဗဟိုအစိုးရဲ့ လုံးဝ လက်အောက်ခံသဖွယ် ဖြစ်ပြီး၊ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာ အားလုံးတို့မှာ နိုင်ငံတော် သမ္မတရဲ့ တိုက်ရိုက်ကြိုးကိုင်မှုကို ခံရမှာ ဖြစ်တယ်။ ဒီတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ကိုယ်ပိုင် ပြဌါန်းခွင့် ဆိုတာဟာလဲ အနှစ်သာရအားဖြင့် လုံးဝမရှိနိုင်ဘူးလို့ ဆိုရမှာ ဖြစ်တယ်။ တနည်းအားဖြင့်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုများ လိုလားတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ပြဌါန်းခွင့်ရှိတဲ့ ပြည်ထောင်စုမျိုးကို ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းက လုံးဝ ဆန့်ကျင် မျက်ကွယ်ပြုထားတာ ဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

Read More...

Wednesday, April 2, 2008

ကိုယ့်လူတို့... လူထုက ဘာလုပ်ရမှာလဲ

အောင်သာ
ခေတ်ပြိုင်

နအဖက ဖွဲ့စည်းပုံအသစ်ကို မေလတွင်လူထုဆန္ဒခံယူပွဲ လုပ်မည်ဟု အမှတ်မထင် ကြေညာလိုက်သောအခါ။ အားလုံးက နဲနဲတော့အံ့အားသင့်သွားခဲ့ကြပါသည်၊ လာတော့လာမည် ကြာမည်ဟု ထင်ထားနေကြဆဲ ဆိုင်းမဆင့် ဗုံမဆင့် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့် အချိန်ကိုပါ ခန့်မှန်းပြောဆိုလိုက်သောအခါ နည်းနည်းတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြပါသည်၊

ပြီးခဲ့သည့် စက်တင်ဘာသံဃာလှုပ်ရှားမှုကြီးနှင့် မရှေးမနှောင်းအချိန်၊ ပြည်တွင်းတွင်လည်း သွေးပူနွေးနေဆဲ ကာလ၊ ပြည်ပတွင်လည်း မျက်နှာကောင်းမရ ဖြစ်နေသေးသော ယခုလိုအချိန်အခါမျိုးတွင် နအဖကလည်း သူ့တွက်ကိန်းနဲ့ သူ ယုံကြည်မှု လွန်ကဲနေသလား။ နောက်ကွယ်ကဆရာ့ ဆရာကြီးများကပဲ အကွက်ရိုက် အကြံပေးနေကြသည်လား မဆိုနိုင်ပါ၊

မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူလူထုကြီးအတွက်တော့ နောက်ထပ် စိန်ခေါ်မှု အသစ်တရပ်နှင့် ထိပ်တိုက် တိုးရပြန်ခြင်းပင်။ ယေဘုယျ အားဖြင့်တော့ မြန်မာပြည်သူလူထုကြီးမှာ ဖိနှိပ်မှုယန္တရားအောက်တွင် ကာလရှည်ကြာ နေခဲ့ရခြင်း၊ မျက်စိပိတ်နားပိတ်ခံထားရခြင်း စသည့်အခြေအနေများကြောင့် နအဖ ကြိးဆွဲရာသို့ မလွှဲမရှောင်သာ က,ကောင်း က,ကြရလိမ့်မည်ဟု ထင်မြင်ယူဆစရာ အကြောင်းရှိပါသည်၊ သို့ရာတွင် မြန်မာလူထုကြီးသည် မိမိတို့ မအ,ကြောင်းကို အခါအခွင့်သင့်တိုင်း ထုတ်ဖေါ် ပြသခဲ့ကြသည်ချည်းသာ ဖြစ်ပါသည်၊

စစ်တပ်က သေနတ်ထောက်ထားသည့်ကြားက ၁၉၆၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲခေတ်တွင် မည်သည့်ရလဒ်မျိုး ထွက်လာခဲ့သနည်း၊ အတိုက်အခံများကို မီးကုန် ယမ်းကုန်ဖိနှိပ်ပြီး တ စ ည ပါတီကို အစွမ်းကုန်မျက်နှာသာပေး ဘက်လိုက်နေသည့်ကြားမှ ၁၉၉၀ ပြည့်နှစ်တွင် မည်သည့်ရလာဒ်မျိုး ပေါ်ခဲ့လေသနည်း၊ ကျနော်တို့ပြည်သူများ မအကြပါ၊

အရေးတကြီးအခြေအနေဖြစ်လာတိုင်း လူထုအနေဖြင့် သူ့တာဝန်ကိုသူကျေခဲ့သည်ချည်းသာဖြစ်ပါသည်၊ လူထုသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးတွင် သူ့တာဝန်ကိုသူ ကျေပွန်အောင်ထမ်းခဲ့သည်၊ ၁၉၉၀ပြည့် ရွေးကောက်ပွဲကြီးတွင်လည်း တာဝန်ကျေခဲ့သည်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်လာသောအခါတွင်လည်း အလှည့်ကျလာတော့ မနွဲကြစတမ်း။

သို့သော် လူထုရဲ့လုပ်နိုင်စွမ်းအား၊ ဆောင်ရွက်ပါဝင်နိုင်သည့် နယ်ခြားစည်းမျဉ်းက ဒါအကုန်နီးပါးဖြစ်ပါသည်၊ လက်တွေ့နိုင်ငံရေး အခြေအနေကို အလှည့်အပြောင်းလုပ်ရသူများ အဆင့်တခုအထိမြင့်တက်လာအောင် မြှင့်တင်ရ၊ ချိုးကွေ့ရသူများမှာ လူထုခေါင်းဆောင်များ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်ဆိုသူများသာ ဖြစ်ပါသည်၊ ဘယ်နိုင်ငံရဲ့ အချိုးအကွေ့ အလှည့်အပြောင်းမှာဘဲဖြစ်ဖြစ် လူထုကို အားယူပြီးလျှင် နိုင်ငံရေးခေါင်းဆောင်ဆိုသူများက ထိုလူထုကံကြမ္မာကို ဦးဆောင်ဖန်တီးကြရစမြဲဖြစ်ပါသည်၊ သဘောတရားအရတော့ လူထုအာဏာဟု ဆိုကောင်းဆိုနိုင်ပါသည်၊

မြန်မာပြည်တွင်လည်း ဆိုခဲ့ပါ အချိုးအကွေ့ကြီးများ အထင်ကရဖြစ်ပွားခဲ့ပါသည်၊ လူထုကလည်း တာဝန်ကျေခဲ့ကြသည်ဟု ဆိုနိုင်ပါသည်၊ ဒါပေမင့် လူထုအာဏာက လူထုလက်ဝယ်သို့ ယခုထက်တိုင် ရောက်မလာနိုင်သေး။ လက်တွေ့ လိုအပ်ချက်ကဘာများဖြစ်ခဲ့လေသနည်း၊ အစွဲအလမ်းကင်းကင်းနှင့် အဖြေရှာသင့်ကြပါသည်၊ “လူထုတိုက်ပွဲ - လူထု တိုက်ပွဲ” ဟု ကျနော်တို့ အငမ်းမရ တောင်းဆိုကြပါသည်၊ သူတပါးအားကိုး၊ ဟိုမျှော် ဒီမျှော်နည်းတွေထက် ဒီနည်းက သဘာဝအကျဆုံး၊ လက်တွေ့အကျဆုံး၊ အဖြစ်သင့်ဆုံးနည်းဖြစ်ကြောင်း သဘောမတူမျှနိုင်စရာ အကြောင်းစိုးစဉ်းမျှ မရှိကြပါ၊

သို့သော်... ဒီသို့သော်ကို အပြုသဘောဖြင့်သာရေးလိုပါသည်၊ အာဏာရှိသူနှင့် အာဏာလက်မဲ့တို့၏ တိုက်ပွဲ၊ ယန္တရားခိုင်မာသူနှင့် ယန္တရားချို့တဲ့သူတို့၏ စစ်မြေပြင်တွင် လက်နက်မဲ့နေသူတို့၏ အားနည်းချက်တို့အပေါ် ကျနော်တို့ စာနာနားလည်နိုင်ကြပါသည်၊

အခြေအနေကြီးတခုလုံးကို လှည့်ပြောင်းရန် ခက်ခဲနေသည့်အခြေအနေကို ကျနော်တို့မမြင်ကြ၍ မဟုတ်ပါ။ မြင်ပါသည်၊ သိပါသည်၊ နားလည်မှုပေးနိုင်ပါသည်၊ ရွှေဝါရောင် သံဃာနှင့် လူထုတိုက်ပွဲကြီး ပေါ်ပေါက်လာသောအခါ နိုင်ငံရေး သမားဆိုသူများ၌ အစီအစဉ် ကောင်းများ ရှိမနေကြောင်း ပေါ်လွင်သွားပါတော့သည်၊ သို့သော် ဒါဟာ... အဖြေတခုလား။ ဒီလိုအပ်နေသောကွက်လပ်ကို ဖြည့် တင်းဖို့ အရေးတကြီးလိုအပ်နေသည်ဟု ကျနော်တို့လူတွေလည်း တွေးမိပြီးသား ဖြစ်မည်ဟု ယုံကြည်ပါသည်၊ နောက်တကြိမ်လူထုက သူ့အင် သူ့အား ထပ်ပြလာခဲ့ပါလျှင် ကျနော်တို့က မည်သို့မည်ပုံ (အရပ်စကားနှင့် ပြောရလျှင်) အမြတ်ထုတ်ကြမည်နည်း၊ ကျနော်တို့ ဘယ်လောက် ပြင်ဆင်ပြီးကြပြီလဲ။

ဒီထက်ပိုပြီး စိုးရိမ်စရာကောင်းနေသောအချက်မှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့်ပါတ်သက်၍ လူထုခေါင်းဆောင် ဆိုသူများ (တနည်း ဆိုရလျှင်) နိုင်ငံရေးသမားများက လူထုကိုမတူကွဲပြားသော သတင်းစကားများပေးနေကြ ခြင်းပင်တည်း၊ နအဖက နိုင်ငံရေးအရ ထိုးစစ်တခုခုဆင်လိုက်တိုင်း ကျနော်တို့ဘက်တွင်လည်း အမြဲတစေ ဆန့်ကျင်ဘက် နည်းလမ်းအနည်းဆုံး ၂ ခုလောက်တော့ ပေါ်လာ တတ်ခြင်းပေတည်း။ ရှေ့မီနောက်မီ ပုဂ္ဂိုလ်များအားလုံးက ဒီအချက်ကို သဘောတူနိုင်ကြလိမ့်မည်ဟုတော့မျှော်လင့်ပါသည်၊

န အ ဖ ကတစ်သက်လုံး သူ့သဘောထားကို ဘယ်တုန်းကမျှမပြောင်း။ သူ့သေနင်္ဂဗျူဟာကို သူဘယ်တော့မှ သစ္စာမဖေါက်။ သူ့ဖါသာသူ အ၀ီစိပဲ ရောက်ရောက်။ ကျနော်တို့လူတွေမှာသာ ကွေ့လိုက်ကောက်လိုက်။ နအဖ ကို ချော့ ရကောင်းနိုး လှန့်ရကောင်းနိုး။ ပူးသတ်မယ်ဆိုတဲ့လူတွေလဲ နိုင်ငံရေးရော၊ လူပါ သေတဲ့လူက သေကုန်ကြပါပြီ၊ အချို့ကလည်း နအဖကို ဆန့်ကျင်မှ ဖြစ်မည်ဆိုသော အခြေခံပေါ်မှာ တော့ တူညီကြပါသည်၊ သို့သော် တပြိုင်နက်တည်းမှာပင် ကိုယ်နှင့် သိပ်သဘောထားချင်း မတိုက်ဆိုင်လှသော ကိုယ့်လူ အချင်းချင်း နှင့်လည်း နည်းနည်းဖြစ်ဖြစ် ဆန့်ကျင်လိုက်ရမှ။ ဒီလိုနဲ့ပဲ ဘုံလုပ်ငန်းစဉ်များကိုလည်း စာရွက်တွေပေါ်မှာသာ ရခဲ့တတ်ကြပါသည်၊

မေလမှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲက မဖြစ်မနေ လုပ်တော့မည်ဟုတော့ ယူဆရပါသည်၊ လူထုက ဒီတိုက်ပွဲမှာ ဘယ်အခန်းက ပါကြ ရမှာလဲ။ ဒီမေးခွန်းကအရေးကြီးသလို ဒီမေးခွန်းရဲ့ အဖြေကလည်း အရေးကြီးပါသည်၊

အချို့က ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်ကြရမည်၊ မဲသွားပေးစရာမလိုဟု လှုံ့ဆော်ကြပါသည်၊ အချို့ကမူ မဲရုံကို ရောက်အောင်သွားကြရမည်။ ကန့်ကွက်မဲထည့်ဖြစ်အောင် ထည့်ရမည်ဟု တိုက်တွန်းကြပါသည်၊ အချို့ကလည်း ကန့်ကွက်မဲ ပေးတယ်ဆိုတာ သပိတ်မှောက်တာပေါ့လို့။ လုံးလားထွေးလား ပြောသူလည်းရှိပါသည်၊

ကိုင်း...လူထုက ဘာလုပ်ရမှာလဲ၊

ကျနော်တို့ကတော့ နိုင်ငံရေးခေါင်းဆောင်ဆိုသူများသည် လူထုကိုစည်းရုံးရာတွင် Clear message (ရှင်းလင်းသော သတင်းစကား) ပေးဖို့ လိုပါသည်၊ အခြေအနေက အရေးကြီးလေ သတင်းစကားက ပိုပြီးရှင်းလင်းရလေဖြစ်ရပါမည်၊ ဒီကိစ္စကသိပ်အရေးကြီးပါသည်၊ ဒီတိုက်ပွဲကလည်း သိပ်အရေးကြီးပါသည်၊ နိုင်ငံရေးအရလူထုအကျိုးစီးပွားကို သေသေ ချာချာတွက်ချက်ဆုံးဖြတ်ပြီးမှ အမှန်ကန်နိုင်ဆုံး။ အကောင်းဆုံးနည်းကိုရွေးကြရပါမည်။

ကျနော်တို့ အင်အားစုများဘက်က မဲက တစုတစည်းထဲ ဖြစ်ဖို့လိုပါသည်၊ ကိုယ့်မဲကို ကိုယ်ခွဲသလို ဖြစ်နေလျှင် ကိုယ့်လည်ပင်းကို ကိုယ်ကြိုးကွင်းစွပ်သလို ဖြစ်နေပါလိမ့်မည်၊ အချိန်က နည်းနည်းပဲ ကျန်ပါတော့သည်၊ အားလုံးမှာ ကိုယ့်အယူအဆအတွက် ခိုင်လုံသော အချက်အလက်များတော့ ရှိကြပါလိမ့်မည်၊ သို့သော် ဘယ်နည်းက အကောင်းဆုံးနည်းလဲ။

ကျနော်တို့ကတော့ နိုင်ငံရေးဆိုတာ အရှိတရားကို ဖြစ်နိုင်ခြေနဲ့ သဘာဝကျကျပေါင်းစပ်ပြီး ပန်းတိုင်ဆီသို့ ရောက်အောင်သွားရသည့် အနုပညာတရပ်လို့ ယုံကြည်ပါသည်၊ ကျနော်တို့က လူထုကိုလည်း ယုံကြည်ကြရပါမည်၊ သမိုင်းကို ပြန်ကြည့်ပါ။ ကျနော်တို့လူထုက မအ, ကြပါ၊ ပုန်းလျှိုးကွယ်လျှိုး သရော်စာများ ဟာသများကိုပင် တမုဟုတ်ချင်း သိမြင်လွယ်ကြသူများဖြစ်ပါသည်၊ ဒီ အခြေခံဥပဒေ ဘာလဲဆိုတာ သူတို့သိပါသည်၊ ပညာရှင်စကားဖြင့် မပြောတတ်လျှင်ပင် ခံစားသိဖြင့်သူတို့ သိမြင်နိုင်ပါသည်။

မသိနိုင်သေးသူများကို တိုတိုရှင်းရှင်းသတင်းစကားများဖြင့် အသိပေးကြရပါမည်၊ ဒီအခြေခံဥပဒေကို ဘယ်လိုမှ လက်သင့်မခံနိုင်သော အဓိက အကြောင်းက ၂ ချက်ရှိပါသည်၊ တစ်- ရေးဆွဲပုံ ရေးဆွဲခဲ့တဲ့နည်းက လုံးဝလက်ခံနိုင်စရာမရှိ။ နှစ်- ရေးဆွဲထားတဲ့ အချက်အလက် တွေကလည်း လုံးဝ လက်ခံနိုင်စရာမရှိ။ ဒါကြောင့် ဆန့်ကို ဆန့်ကျင်ရမည်။

အချိန်တိုအတွင်း လူထုကိုစည်းရုံးကြရာတွင် နိုင်ငံရေးကဲသော ပြောဆိုမှုများထက် အခြေခံလူထုပင်လျှင် လွယ်ကူစွာနားလည်နိုင်သော စကားလုံးမျိုးဖြစ်ဖို့ လိုပါသည်၊ အခြေခံမူ (၁၀၄)ချက်တို့၊ နံပါတ်(၆)အချက်တို့၊ အဆင့် လေးဆင့်တို့၊ လူလက်တဆုပ်စာလေးသာသိမည့် စကားလုံးများကို ခဏတော့ သိမ်းထားကြရပါလိမ့်မည်၊ ဒါဆို ဘယ်နည်းက အကောင်းဆုံးလဲ။

ကျနော်တို့အမြင်မှာတော့ မဲရုံသို့ လူထုကိုယ်တိုင် သွား၍ ကန့်ကွက်မဲပေးသောနည်း က ပို၍ကောင်းမွန်သည်ဟု လက်ခံကြပါသည်၊ လူထုက ငါတို့လည်း ငါတို့နိုင်သလောက် ၀င်တိုက်ခွင့်ရနေပြီဟု ခံစားစေနိုင်သော နည်းဖြစ်၍ တိုက်ပွဲ အဓိပ္ပာယ်ကိုလည်း ပိုမိုပေါ်လွင်စေပါသည်၊ မဲမပေးပဲ အိမ်မှာထိုင်နေလျှင် နအဖက ပိုပြီး ကြိုက်မှာ သေချာပါသည်၊ လူ ၅၀ ရာခိုင်နှုန်းကျော် မဲမပေးကြရအောင် ကျနော်တို့ လှုံ့ဆော်နိုင်သည့် အခွင့်အလမ်းက နဲနဲလေးသာ ရှိသည်ကို လက်ခံကြရပါမည်၊ “နိုင်လဲရှုံးမယ်- ရှုံးလဲရှုံးမယ်” ဆိုသောစကားက န-အ-ဖ က ခြောက်ရမည့် စကားမျိုးသာ ဖြစ်၍ ကျနော်တို့ လူများက မသုံးသင့်ကြောင်း မေတ္တာရပ်ခံလိုပါသည်၊

ဘာပဲဖြစ်ဖြစ် အရေးကြီးသောအချိန်တွင်ကျနော်တို. common message က ရှင်းလင်းဖို့ အရေးကြီးပါသည်၊ “မဲရုံကိုသွားကြ၊ ကန့်ကွက်မဲ ပေးကြ” လို့သာ ကျနော်တို့ ညီညီညာညာ အင်တိုက်အားတိုက် လှုံ့ဆော်နိုင်ခဲ့လျှင် စစ်အုပ်စုရဲ့ အခြေခံဥပဒေ ဆိုတာ။ စက္ကူစုတ် ဖြစ်သွားလိမ့်မည်ဟု ကျနော်တို့ တပ်အပ် သေချာပြောရဲပါသည်၊

Read More...

Friday, February 29, 2008

၁၉၉၀ ပြည့် စိတ်ဓါတ်ကို နောက်တကြိမ် မြင်တွေ့ကြရဦးတော့မည်

အောင်မော်ဦး
၂၀၀၈ ဖေဖော်ဝါရီ ၂၃
ရွက်မွန်

ကျနော့်အနေနှင့်သာဆိုလျှင် ထောက်ခံမဲပုံးနှင့် ကန့်ကွက်မဲပုံး တို့၏အကြား၌ “အကြံပြုစာပုံး” တပုံးကိုပါ ယှဉ်တွဲ၍ ထားလိုက်စေ ချင် သေးတော့သည်။ ဗိုလ်ချုပ် (၁၀၀) လောက် ခေါင်းခဲအောင်စဉ်းစားနေရသည့် အကျပ်အတည်းကို သန်း (၅၀) မျှသော ပြည်သူများက ရိုးရှင်းစွာ ဖြင့် ၀ိုင်းဝန်းစဉ်းစားပေးကြပါလိမ့်မည်။ သို့မှသာ လူထု၏ တကဲ့ဆန္ဒအစစ်အမှန်ကိုလည်း ရရှိနိုင်ပါ လိမ့်မည်။ တိုင်းပြည်ကောင်းစားရေးအတွက် သန်းနှင့်ချီသည့် အကြံပြုစာများကိုလည်း ရရှိနိုင်ပါလိမ့်မည်။ တိုင်းပြည်၏ တကဲ့ အခြေအနေမှာ လူထု၏ ဆန္ဒတခုတည်းကို ခံယူရုံမျှဖြင့် အလုံးစုံပြည့်စုံပြီဟု မဆိုသာ။ လူထု၏ အမြင်၊ လူထု၏ သဘောထား တို့ကို ရယူရုံမျှမက၊ လူထု၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိပါမှသာ ပြီးပြည့်စုံနိုင်မည်ဟု ထင်မိသည်။

လူအများကြားတွင် လာမည့် လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ခံစားချက် (၁) ခုနှင့် အယူအဆ (၂) ခု တပြိုင်တည်း ဖြစ်ပေါ် နေသည်ကို တွေ့ရှိရပါသည်။ ခံစားချက်(၁)ခု ဆိုသည်မှာ စစ်အစိုးရက စိဉ္စမာနဉာဏ်ကိုသုံး၍ အကောက်ကြံဦး တော့မည် ဆိုသည်ကို ဒက်ကနဲသိ၍ ကြိတ်မနိုင်ခဲမရ ဒေါသသင့်ကြရခြင်းဖြစ်ပါသည်။ အယူအဆ(၂) ခုမှာ တခုက ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ “လုံးဝမသွားဘဲနေခြင်း”ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်းဖြစ်ပါသည်။ အခြားတခုမှာ ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ သွား၍ “ကန့်ကွက်မဲပေးကြခြင်း”ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့်နည်းလမ်းဖြစ်ပါသည်။

ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ လုံးဝမသွားဘဲနေခြင်းဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်းကို ဦးစွာဆွေးနွေးလိုပါသည်။ ဤနည်းအတိုင်းဆိုပါက လူထုသည် စစ်အစိုးရကို ဗြောင်ဆန့်ကျင်ရမည့်သဘော (တနည်း) ထိပ်တိုက်ရင်ဆိုင်ရမည့် သဘော သက်ရောက်နေမည်လားဟု မဆိုနိုင်။ ပြည်တွင်းမှ မိတ်ဆွေတဦး၏အဆိုအရ လုံးဝမသွားဘဲနေပါက စစ်အစိုးရ၏ ဆင်ကွက် ထဲသို့ ၀င်သွားပေလိမ့်မည်၊ သူ့လူများချည်းမဲပေး၍ ဤမဲများဖြင့် အတည်ပြုသွားလိမ့်မည်ဟူသည့် သဘောမျိုး ဖော်ပြထား ပါသည်။ သူထောက်ပြထားပုံက ဤအတိုင်းပင် ဖြစ်ကိုဖြစ်လိမ့်မည်ဟု ပြောရမလောက်အောင် ထောင့်စေ့လွန်း နေသည်ကို တွေ့ရှိရသည်မှာ “ဘ၀က အသိကို ပြဌာန်းသည်”ဟု ဆိုရမည်လောမပြောတတ်။

ကျနော်က နည်းနည်းဖြည့်၍ ဆွေးနွေးလိုပါသည်။ (၁) လူထုအနေဖြင့် လုံးဝမသွားဘဲ နေမည်ဆိုပါက မုချပင် စစ်တပ်နှင့် ထိပ်တိုက်တွေ့ရပါလိမ့်မည်။ ကျနော့်အထင် လူထုအနေဖြင့် (ယခုလောလောဆယ်) ဤလို ထိပ်တိုက်တွေ့မည့် နည်းလမ်း မျိုး ထက် သူတို့၏ တကဲ့ဆန္ဒကိုလည်း ဖော်ပြနိုင်မည့်၊ အန္တရာယ်လည်းနည်းမည့် နည်းလမ်းမျိုးကို ရွေးချယ်ကြလိမ့်မည်ဟု ထင်ပါ သည်။ တပွဲတိုက်၍ တတပ်လုံးပြုတ်မည့်နည်းလမ်းမျိုးဖြင့် အကျိုးမရှိနိုင်ဟူသည်ကို တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝ သည့် လူထု က သိနှင့်နေပြီးဖြစ်ပေလိမ့်မည်။ (၂) လုံးဝမသွားဘဲနေခြင်းကြောင့် စကတည်းက မိမိတို့၏အခန်းကဏ္ဍကို မိမိတို့ဘာသာ ပစ်ပယ်လိုက်ရာ ရောက်ပေလိမ့်မည်။ ဤသို့ပစ်ပယ်လိုက်ခြင်းကြောင့် တဘက်လူဘာလုပ်လုပ် လုပ်သမျှ အကြုံးဝင်သွား ပေ လိမ့်မည်။ (၃) ဘက်တဘက်တည်းကို ပုံအပ်လိုက်သလိုဖြစ်သွားခြင်းကြောင့် မှန်ကန်မှုနှင့် တရားမျှတမှု ရှိ/မရှိ စစ်ဆေးနိုင် ခွင့်ကိုလည်း ဆုံးရှုံးသွားနိုင်ပါသည်။ (ဆိုလိုသည်မှာ ဤဆန္ဒခံယူပွဲကို လွတ်လပ်မှုရှိ/မရှိ၊ တရားမျှတမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး နိုင်မည့် တတိယအင်အားစု (နိုင်ငံတကာဖြစ်စေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့ဖြစ်စေ) တစုစု၏ ပါဝင်နိုင်မှုကို မရရှိနိုင် တော့ခြင်းဖြစ်ပါသည်။) (၄) ဤအမြင်အတိုင်း မဲရုံသို့မသွားကြရန် လှုံ့ဆော်/တောင်းဆိုသော်လည်း လူထုအနေဖြင့် မတတ် သာသဖြင့် မသွားမဖြစ်သွားကြရသည်ဆိုပါစို့။ ဤလှုံ့ဆော်မှု၊ ဤတောင်းဆိုမှုသည် စကတည်းက အရေးနိမ့်ရပေလိမ့်မည်။ (လူထုအဖို့ အလွယ်တကူ လိုက်ပါလုပ်ဆောင်ရန် ခက်ခဲသည့် နည်းလမ်းများသည် မသေချာလှ)

ဒုတိယအမြင်ဖြစ်သည့် မဲရုံသို့သွား၍ ကန့်ကွက်မဲထည့်သည့်နည်းလမ်းကို ဆက်လက်ဆွေးနွေးလိုပါသည်။ (၁) ဤနည်း ဖြင့် လူထုကို အန္တရာယ်နည်းစေပါသည်။ လူတိုင်းလူတိုင်း အလွယ်တကူ လိုက်ပါ လုပ်ဆောင်နိုင်ပါသည်။ (၂) လူထု အနေဖြင့် မိမိတို့ဆန္ဒကို မိမိတို့ဘာသာ ဖော်ပြနိုင်ခွင့် အခွင့်အလမ်း (တနည်း) မိမိတို့၏အခန်းကဏ္ဍကို မိမိတို့ရရှိနိုင်မည် ဖြစ်ပါသည်။ (၃) တရားမျှတမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးမည့် တတိယအင်အားစုတစု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ရရှိနိုင် ပါသည်။ (၄) လူထုအနေဖြင့် ကန့်ကွက်မဲထည့်ပြီးပါက “ငါတို့တိုင်းပြည်အတွက် ငါတို့တတ်နိုင်တဲ့ ဘက်ကနေ ငါတို့ လုပ်ခဲ့ ကြတယ်” ဟူ သည့် မိမိတို့ကိုယ်မိမိတို့၊ မိမိတို့၏ အခန်းကဏ္ဍကို မိမိတို့ ယုံကြည်မှုမျိုး ရရှိနိုင်ကြပါလိမ့်မည်။ (၅) လူထုသည် အဆုံးအဖြတ် အခန်းမှ ပါဝင်ခွင့်ရရှိကြသည့်အလျောက် ဆုံးဖြတ်နိုင်စွမ်းလည်းရှိကြသည်ဟူသည့်အချက်ကို တကမ္ဘာလုံး မျက်ဝါးထင်ထင် မြင်ကြတွေ့ကြရပေလိမ့်မည်။ (“၁၉၉၀ ပြည့် စိတ်ဓာတ်”ကို မျိုးဆက်သစ်များအကြားတွင် အခိုင်အမာ စိုက်ထူနိုင်လိုက်ခြင်းဟု ဆိုချင်သည်)

အထက်၌ မတူသည့် အမြင်(၂) ခုကို တင်ပြခဲ့ပြီးပါပြီ။ ယခု ထပ်မံတင်ပြလိုသည်မှာ ကျနော်တို့အနေဖြင့် လူထု၏ ပကတိ အခြေ အနေအမှန်ကို တိတိကျကျသိရှိအောင် ချဉ်းကပ်လေ့လာကြည့်ရှုကြရန်ဖြစ်ပါသည်။ လောလောဆယ်၌ လူထုသည် (၂)ခုအနက် (၁)ခုကို မလွဲမသွေ ရွေးချယ်ကြရမည့် နယ်နိမိတ်မျဉ်းပေါ်တွင် ရောက်ရှိနေပါသည်။ ဤအခြေအနေမျိုးကို ယခုမှ နဖူးတွေ့ဒူးတွေ့ ကြုံဖူးကြသည်တော့မဟုတ်။ ကြီးကြီးမားမားတကြိမ် (၁၉၉၀ ပြည့်ရွေးကောက်ပွဲ)နှင့် အကြိမ်ငယ် ငယ်များ (နေပူခံ ဆန္ဒ ဖော်ထုတ်ပွဲများ) အခါခါ ကြုံဖူးခဲ့ကြပြီးပေပြီ။ ဘယ်အချိန်၌ ဘာလုပ်ရမည်ကို ဆင်ခြင်တုံတရားရှိစွာ ခွဲခြားသိ၍ သိသည့်အတိုင်းလည်း မှန်မှန်ကန်ကန် ရွေးချယ်လုပ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာပြည်သူများကို စစ်အစိုးရ ကိုယ်တိုင်ပင် အထင်မသေးဝံ့။ လျှော့မတွက်ရဲ။ သွေးတိုးစမ်းကြည့်သမျှတိုင်းလည်း ခံခဲ့ရသည်ချည်းပင်။

သို့သော်ငြား မသွားဘဲနေ၍ မရသည့် လက်ငင်းခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများကလည်း ရှိနေကြပါသည်။ ဤခြိမ်း ခြောက် မှု များနှင့် အကျပ်ကိုင်မှုများသည် လူထုနှင့် စစ်အစိုးရအကြား နှစ်ပဋိစ္ဆေဒကြာမြင့်စွာ တည်ရှိနေခဲ့သည့် နှောင်ကြိုး တချောင်းဟု ဆိုမည်ဆိုက ဆိုနိုင်မည်ထင်ပါသည်။ Domestic Violence “အိမ်တွင်းအကြမ်းဖက်မှု”ဟု သုံးနှုန်းလေ့ရှိကြ သည့် မိသားစုတွင်း အကြမ်းဖက်မှုများတွင် တချို့အချက်များသည် လက်ဆုပ်လက်ကိုင်ပြရခက်သကဲ့သို့၊ “နိုင်ငံတွင်း အကြမ်းဖက် မှု”ဟု သုံးနှုန်းနိုင်သည့် စစ်အစိုးရ၏ အကြမ်းဖက်မှုများတွင်လည်း တချို့အချက်များသည် လက်ဆုပ်လက်ကိုင် ပြရန် ခက်သည် များ ရှိကောင်းရှိနိုင်ပါသည်။ (ဥပမာ-ဂမ်ဘာရီကို ပြသခဲ့သည့် နေပူခံဆန္ဒဖော်ထုတ်ပွဲများ)

ကျနော့်အထင် လူထုအနေဖြင့် မသွားဘဲနေခြင်းကြောင့် ဖြစ်လာနိုင်ဘွယ်ရှိသည့် ဆိုးကျိုးများထက်၊ သွား၍ သူတို့ လုပ်နိုင် သည်ကို လုပ်ခဲ့ကိုင်ခဲ့ကြသည့်နည်းကို ရွေးလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲ။ ထို့ကြောင့် ကန့်ကွက်မဲပေး၍ ဆန္ဒမှန် ဖော်ပြ သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်မည့် လူထုလှုပ်ရှားမှုကို တရားမျှတမှုရှိစေရေးအတွက် အကူအညီ ပေးသင့် သည်။ ကျနော်တို့အနေဖြင့် လွတ်လပ်၍ တရားမျှတမှု ရှိစေရေးအတွက် “တတိယအင်အားစုတစု၏ ကြီးကြပ်မှု အောက်၌ ပြုလုပ်ရေး”ဟူသည့်အချက်ကို လူထုကိုယ်စား တောင်းဆိုပေးသင့်သည်။ ကျနော်တို့အနေဖြင့်လည်း လူထု အတွက် ဤအချက်ကို တောင်းဆိုပေးခြင်းဖြင့် ကျနော်တို့၏ တသံတည်းထွက်မှု၊ တသဘောတည်းရှိမှု၊ စည်းလုံးညီညွတ်မှု အစရှိသည် တို့ကို ခိုင်ခိုင်မာမာဖော်ပြရာရောက်ပေလိမ့်မည်။ လူထုကို အားရှိစေပေလိမ့်မည်။

ယုတ်စွအဆုံး မေလဆန္ဒခံယူပွဲ၌ လိမ်လည်ညစ်ပတ်မှုဖြင့် “ခေတ်သစ်ကျေးကျွန်ဥပဒေ အတည်ပြုပွဲ”ကြီးကို ပြုလုပ်နိုင်ခဲ့သည် ဆိုစေဦးတော့ တိုက်ပွဲငယ်တပွဲအရေးနိမ့်ရခြင်းမျှသာ ဖြစ်ပေလိမ့်မည်။ ၂၀၁၀ ပြည့်ရွေးကောက်ပွဲ၌ ၁၉၉၀ ပြည့် ရွေးကောက် ပွဲကဲ့သို့ တိုက်ပွဲကြီးတပွဲထပ်တိုက်၍ အောင်ပွဲကြီးတပွဲ ပြန်လည်ရယူနိုင်ရန် အခွင့်အလမ်းရှိနေပေသေးသည်။ “လူထု က လုံးလုံး အရှုံးမပေးမချင်း မရှုံး”ဟု ဆိုနိုင်သကဲ့သို့ မိမိတို့က “အရှုံးပေးချင်သော်တောင်မှ မရှုံး”ဟု ဆိုရမည့် ဖြစ်စဉ် တခု ဖြစ် နေသည်။ အဘယ့်ကြောင့်ဆိုသော် လူထုသည် “ဓမ္မ”အင်အားစုဖြစ်နေသဖြင့် “အဓမ္မ”က မည်သည့်အခါတွင်မျှ အောင်ပွဲမခံ နိုင်ရာ။ လူထုသည် အဆုံးအဖြတ်အခန်းမှ ပါဝင်နေသရွေ့ လူထုသည် မရှုံး၊ သမိုင်းသည် မဆုံး။

အောင်မော်ဦး
ဖေဖော်ဝါရီ၊ ၂၃၊ ၂၀၀၈။

Read More...

တော်လှန်ရေးအသိ၊ နိုင်ငံရေးသတိနဲ့ ရှေ့ဆက် ချီတက်ကြပါစို့

မျိုးဆက်သစ်လူငယ်များအစည်းအရုံး
၂၀၀၈ ဖေဖော်ဝါရီ ၂၀
ကိုမိုးသီးဘလော့ဂ်

ကျနော်တို့ မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ နဲ့ ပတ်သတ်လို့ မရှင်း မလင်းဖြစ်နေတယ် ထင်မိလို့ ကျနော် အမြင်တွေကို တင်ပြပါရစေ..၊၊ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ နအဖရဲ့ ကျေညာချက်၂စောင်နဲ့ ပတ်သတ်ပြီး တယောက်တမျိုးဝေဖန် ပြောဆိုသံတွေ၊တုန့့်ပြန်မှုတွေ တော်တော်လေး ဆူဆူညံညံ ထွက်လာပါတယ်၊၊ အဲဒီ ဝေဖန်ပြောဆိုသံတွေကို(၄) ပိုင်း ခွဲပြီး မြင်မိပါတယ်။

နံပါတ် (၁) အပိုင်းက အမေရိကန်၊ ဗြိတိန် စတဲ့ အနောက်အုပ်စု ဒီမိုကရေစီများ ဘက်က ပြတ်သားတဲ့ ကန့် ကွက် တုန့် ပြန်မှုပါ။

နံပါတ် (၂) အပိုင်းက အာဆီယံနဲ့  အိမ်နီးချင်း နိုင်ငံတွေ ဘက်က ပြတ်သားတဲ့ ကြိုဆို ထောက်ခံမှုပါ။

နံပါတ်(၃) က အန်အယ်လ်ဒီ၊(၈၈)မျိုးဆက်ကျောင်းသားများ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်တကွ ပြည်တွင်း ပြည်ပမှ ဒီမိုကရေစီ အင်အားစုများရဲ့ အသံတွေ ဖြစ်ပြီး။

နံပါတ် (၄) အပိုင်းက ပြည်သူတွေရဲ့ ထင်မြင်ယူဆချက် လူထုထဲက အသံတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကတော့ သူ့ ရဲ့ ပြောရေးဆိုခွင့် လမ်းကြောင်းထဲကနေပြီး တော့ ထိန်းထိန်းသိမ်းသိမ်း ပြောဆို သွားပါတယ်။ နံပါတ် ၁ နဲ့  ၂ ကတော့ ပြည်ပ နိုင်ငံတွေရဲ့ သဘောထားတွေ သာ ဖြစ်လို့ ကျနော်တို့ အတွက် ထွေထွေထူးထူး အားတက်စရာ စိတ်ဓာတ်ကျစရာ မရှိပါဘူး။ သူတို့ က နှုတ်၏ စောင့်မ ခြင်းနဲ့ ပဲ ၀တ္တရားအရ လောကွတ်လုပ်တာ လို့ ပဲ မြင်ပါတယ်။ တကယ်လို့ နအဖ ထင်တိုင်းကြဲပြီး လုပ်တဲ့အခါ သူတို့ ဘာမှ မတတ်နိုင်ပါဘူး။

အဓိက အရေးကြီးတဲ့ အပိုင်းတွေ ကတော့ နံပါတ် ၃ အပိုင်း နဲ့  ၄ အပိုင်း ပဲ ဖြစ်ပါတယ်။ နံပါတ် ၃ အပိုင်း ဖြစ်တဲ့ ပြည်တွင်းပြည်ပ က ဒီမိုကရေစီ အင်အားစု တွေရဲ့ အပိုင်းနဲ့ ပြောရရင် အားလုံးရဲ့ အာရုံ စူးစိုက်မှုဟာ လူထုဆန္ဒခံယူပွဲ ဆိုတဲ့ Road Map ရဲ့ အဆင့်(၄) ဆီကို ရောက်နေကြတာ တွေ့ရပါတယ်။ ၈၈မျိုးဆက် ကျောင်း သားများအဖွဲ့ ၊ ရခိုင်ပြည်နယ် အန်အယ်လ်ဒီ အဖွဲ့ ချုပ်၊ ဦးပူကျင့်ရှင်းထန် ခေါင်းဆောင်တဲ့ ဇိုမီး အမျိုး သားများ အဖွဲ့  စတဲ့ အဖွဲ့ တချို့ ဆီကသာ ဒီကြေညာချက်တွေဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး၊ ပြည်သူ တရပ် လုံးကို ကိုယ်စား မပြုလို့ လုံးဝလက်မခံနိုင်ပါဘူးဆိုတဲ့ အသံတချို့ ကလွဲရင် ကျန်တဲ့အင်အားစု အတော် များများ ရဲ့  တုန့် ပြန်မှုတွေဟာ လူထုဆန္ဒ ခံယူပွဲကို ဘယ်လို ကျင်းပပေးမှာလည်း၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်  ဘယ်လောက်ထိ ပေးမှာလည်း၊ နိုင်ငံတကာ ကြီးကြပ်ခွင့်ရော ပါဝင်ခွင့် ပြုမှာလား၊ မဲရေတွက်ပုံစနစ်ဘယ်လို သွားမှာလည်း၊ ပြီးတော့ ပြည်သူတွေကိုလည်း လက်မခံကြပါနဲ့ ကန့် ကွက်မဲထည့်ကြပါ စတဲ့ အသံတွေပဲ လ္ဂမ်းမိုးနေတယ်လို့ မြင်ပါတယ်။

ပြဿနာက အဲဒီမှာ စတယ်လို့ ပြောခြင်ပါတယ်။ ဒီကြေညာချက်တွေရဲ့ ဆိုလိုရင်းဟာ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရေး၊ သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စတဲ့ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကြီးမှာ ရဟန်းရှင်လူ ပြည်သူကျောင်းသား တွေ အသက်နဲ့ ရင်းပြီး ထုတ်ဖော် တောင်းဆိုခဲ့ကြရတဲ့ ပေးဆပ်ရင်းနှီးမှုတွေ၊ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ အစစ် အမှန်တွေကို နအဖဘက်က လုံးဝ (လုံးဝ) ဂရုမစိုက်ဘူးဆိုတဲ့ သူရဲ့ ရပ်တည်ချက်ကို ထုတ်ပြစိန်ခေါ်လိုက် တယ် ဆိုတာကို မေ့သွားပြီလားလို့ မေးခြင်ပါတယ်။

နအဖက ပြည်သူတရပ်လုံးရဲ့ ရင်ထဲက တမြေ့မြေ့ကျွမ်းလောင်နေတဲ့ နာကျည်းမှုတွေ၊ တော်လှန်ရေးမီးတောက် တွေနဲ့ သူတို့ ကို ဇာတ်သိမ်းခန်း မလှမပ ကျဆုံးစေမဲ့ လူထုအင်အားနဲ့ နောက်တကြိမ် ပေါ်ထွက်လာမဲ့ အုံ့ ကြွ တော်လှန်မှုကြီးကို ရင်မဆိုင်ရဲလို့ ၊ ရင်မဆိုင်ခြင်လို့ ပြည်သူတွေရော နိုင်ငံတကာကပါ မျှော်လင့် မထားတဲ့ လှည့်ကွက်၊ တနည်းပြောရရင် သူ့ ဘက်က အပိုင် ပြင်ဆင်ထားတဲ့ ကစားကွင်းထဲကို ကျနော်တို့ ကို ရွေ့ ပြီး ကစားဖို့ ကြိုးစားလိုက်တာပါ။ ဒီနည်းနဲ့ သူ့ ရဲ့ ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေတဲ့ နိုင်ငံရေးကို ပြန်ကုဖို့ ကြိုးစားကြည့်တာပါ။

အခုကြားနေရတဲ့ အသံတွေ အရဆိုရင် လူထု ဆန္ဒခံယူပွဲ ရဲ့ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာ စည်းရုံးပြောဆိုမှု စကားတွေကို ကျနော်တို့ ဘက်က ပြောဆိုနေတယ်ဆိုရင် နအဖက တဖွဖွ ပြောဆိုနေတဲ့ တစိုက်မတ်မတ် ချီတက်ခဲ့တဲ့ Road Map ကို ဒီမိုကရေစီတွေ အင်အားစုတွေ ဘက်က ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မိပြီ ဆိုတာကိုတော့ မေ့မသွားဖို့  ပြင်းပြင်းထန်ထန် သတိပေးခြင်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီကိစ္စတွေနဲ့ အချိန်တွေကုန်၊ လူထုကို ကန့် ကွက်မဲထည့်ဖို့ တယောက်တပေါက်အော်ရင်း အလုပ်တွေရှုပ်၊ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ ဘာညာ၊ အသေးစိပ်အခြေခံရမည့် မူ(၁၀၄) ချက်က ဘယ်လို မှားနေတာ စတာ တွေ နဲ့ နပန်းလုံးနေချိန်မှာ နအဖက သူတို့ စိတ်ကြိုက်ရေးထားတဲ့ စာအုပ်ကြီးကို သူတို့ စိတ်ကြိုက် စည်းကမ်းတွေနဲ့ သူတို့ လိုခြင်တဲ့ ရလဒ်တွေ ထွက်လာအောင် ဖော်ဆောင်ဖို့ အပြင်းအထန် ကြိုးစားနေကြပါပြီ။
ကျနော်တို့ က စည်းကမ်းတွေ၊နည်းလမ်းတွေ၊တရားမျှတမှုတွေ၊ နိုင်ငံတကာကြီးကြပ်မှုတွေ ဘယ်လိုပဲ အာခေါင်ကွဲအောင် အော်နေပစေ ထွက်လာမဲ့အဖြေက ဗိုလ်ချုပ်နေ၀င်းလက်ထက်ကလိုပဲ သူတို့ စိတ်ကြိုက်ဖြစ်လာဖို့  သေချာသလောက်ရှိတာလည်း အတော်များများက မျှော်လင့်နေပြီးသားလို့ ထင်ပါတယ်။ ကလိန်ကကျစ်နည်းတွေနဲ့ ပဲပေါ့။

ဒီနေရာမှာ ကျနော်တို့ ပြန်စဉ်းစားရမှာက ကျနော်တို့ ပြည်သူလူထုကြီးလိုခြင်တာဘာလည်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊တွေ့ ဆုံဆွေးနွေးရေ စတဲ့ ကြွေးကြော်သံတွေနဲ့ တဆင့်ပြီးတဆင့် ချီတက်သွားရမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးပါ။ ဒါပေမဲ့ ဒီတောင်းဆိုချက်တွေအပေါ် နအဖရဲ့ တုန့် ပြန်မှုက ဘာလည်း။ လုံးဝဂရုမစိုက်ဘူး ငါတို့  Road Map အတိုင်းဆက်သွားမယ်။ အခု အဆင့်၎ကို ရအောင် ကျော်မယ်။ ပြီးရင် ကျန်တာက လွယ်လွယ်လေးပဲ အဖြေက ရှင်းနေပါပြီ။ ရှင်းလွန်းလို့ ကျနော်တို့ ဘက်မှာ ရှုတ်ယှက်ခတ်သွား ရတာလို့ ထင်ပါတယ်။

နအဖကို သိပ်တော်တယ်လို့ မပြောခြင်ရင်တောင် သိပ်ကောက်ကျစ်စဉ်းလဲတယ်။ သိပ်ပါးနပ်တယ်လို့ တော့ ဆိုခြင်ပါတယ်။ သူတို့ ပစ်လိုက်တဲ့ ခဲတလုံးက ငှက်ဘယ်နှစ်ကောင်ထိသွားမှန်းတောင် မသိလိုက်ရပါဘူး။
သူတို့  သွားခြင်တဲ့ Road Mapအဆင့်(၄)ကိုလည်းရောက်မယ် အတိုက်အခံတွေဘက်မှာလည်း လူထု ဆန္ဒခံ ယူပွဲ သပိတ်မှောက်ရေး၊ကန့် ကွက်မဲပေးပြီး အသံတိတ်ဆန္ဒ ဖော်ထုတ်ပြရေး ( no vote နဲ့ vote no) ဆိုပြီး လမ်းကြောင်းတွေေ၀၀ါးသွားမယ်။မူလကတောင်းဆိုနေတဲ့ တွေ့ ဆုံဆွေးနွေးရေးတို့ ၊လူထုအင်အားနဲ့ အပြတ် ချေမှုန်းရေးတို့ ဆိုတာတွေလည်း အနည်းဆုံး ခဏလောက်တော့ ရပ်သွားမယ် သို့ မဟုတ် နှေးသွားမယ်။ ဒွိဟတွေဖြစ်ကုန်မယ်၊ ပြည်သူတွေ မျက်စိလည် သွားမယ်။ နိုင်ငံတကာကလည်း တိုင်းရင်းသားအားလုံး နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ခွင့် ရှိရမယ်ဆိုပြီး တောင်းဆို လာရင်းနဲ့ သူတို့  Road Map ကိုထောက်ခံပြီး သားဖြစ်သွားမယ်။

ဒီလိုနဲ့ ၃လ ဆိုတဲ့ အချိန်ကုန်မှန်း မသိကုန်ပြီး လူထု ဆန္ဒခံယူပွဲကြီးလည်း တကယ်ဖြစ်လာပြီး နအဖစီစဉ်ထားတဲ့ အတိုင်း သူတို့ ရဲ့ အခြေခံ ဥပဒေကြီး အတည်ဖြစ်သွားပြီဆိုရင်တော့ သူတို့ ကစစ်တန်းလျားကို မပြန်ရပဲ ကျနော်တို့  အားလုံးသာ ကိုယ့်နဖားကြိုး ကိုယ်တပ်ပြီး နွားတင်းကုပ်တွေထဲရောက်ကုန်ပါလိမ့်မယ်။

ဒီအဆင့် (၄) မှာ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ပဲ ကန့် ကွက်မဲပေးပစေ သူတို့ လိုခြင်တဲ့ အဖြေရအောင် လုပ်လိမ့်မယ်ဆိုတာကို သိလျက်နဲ့တော့ ဒီကိစ္စကို ခေါင်းရှုတ်ခံပြီး မစဉ်းစားကြစေခြင်တော့ပါဘူး။ ပြည်သူတွေက သူတို့ ရဲ့  တကယ့်ဆန္ဒအရရော ဒီမိုကရေစီ အင်အားစုတွေရဲ့ နှိုးဆော်အသိပေးမှုအရပါ ကန့် ကွက်မဲ တွေထည့်ကြမယ်ဆိုတာ သံသယ ဖြစ်စရာ သိပ်ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ ဒီလို ကန့် ကွက်နေတဲ့ကြားက နအဖ ကလိန်ကျလို့ အတည်ဖြစ်သွားပြီ ဆိုပါတော့ ကျနော်တို့ ဘာဆက်လုပ်ကြရမှာလည်း၊ သူတို့ လက်ထဲမှာ သူတို့ စိတ်ကြိုက်တီထွင်ထားတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတဲ့ နိုင်ငံရေးလက်နက်ကြီး ရသွားပြီ။

အတိုက်အခံတွေရောပြည်သူလူထုတွေပါ တခုခု အသံထွက်တာနဲ့  အဲဒီလက်နက်ကြီးနဲ့ ထုတ်ထုတ်ပစ်တော့မှာ သေနတ် နဲ့ ပစ်တာထက် တုတ်နဲ့ ရိုက်တာထက် ပိုဆိုးတဲ့ အထိနာမှုတွေအောက်မှာ လည်စင်းပေးရတော့မှာ။ အဲဒီလို အခြေအနေဆိုရင် ကုလသမဂ္ဂတို့ ၊အီးယူတို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ဘာမှဝင်ပြောလို့ မရတော့ပါဘူး။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း(ဘယ်လောက်)၊ အပိုဒ် (ဘယ်လောက်) အရဆိုတဲ့ အမိန့် ကြေညာချက်တွေကိုပဲ ပါးစပ်အဟောင်းသား ထိုင်ငေးနေရတော့မှာပါ။

အကယ်၍များ နအဖက ဇာတာ စန်းလဂ် အလွန်ကျပြီး ကျွန်တော်တို့ ပြည်သူတွေက အင်မတန် ကံ ကောင်းလွန်းလို့  အခြေခံဥပဒေကြီး အတည်မဖြစ်ခဲ့ဘူးဆိုပါတော့။ ဒါဆိုရင်ရော ဘာ ဆက်လုပ်ကြမှာပါ လည်း။
တွေ့ ဆုံဆွေးနွေးရေး ပြန်သွားမှာလား၊ လွှတ်တော်ခေါ်ပြီး ကြားဖြတ်အစိုးရဖွဲ့ ကြမလား၊ ဒါမှမဟုတ်သူတို့ ကပဲ မျက်နှာပြောင်တိုက်ပြီး နောက်တခေါက် ပြန်ဆွဲပေးပါမယ်ဆိုတာကို ထိုင်ကြည့်ရမှာလား၊ အဲဒီအချိန်ကျမှ လူထုတိုက်ပွဲ ဖော်ထုတ်ရမယ်ဆိုပြီး လမ်းမပေါ် ပြန်ထွက်ကြရမှာလား၊ စဉ်းစားစရာတွေ အများကြီး ဖြစ်လာပါပြီ။ နအဖကတော့ ဒါတွေ စဉ်းစားထားပြီး ဖြစ်မှာပါ။ ဒီလို ဖြစ်လာရင်လည်း ထုံးစံအတိုင်း ဖက်စစ် လူသတ်သမားတွေ ထုံးနှလုံးမူပြီး ပွဲကြမ်းပစ်အုံးမှာပါ။ ကျွန်တော်တို့ ဘက်ကလည်း အဆင်သင့် မဖြစ်လို့ လူထုမပါတော့လို့ ဆိုတာ တွေနဲ့ ပဲ အလဲလဲအကွဲကွဲ ဖရိုဖရဲ ဖြစ်ရအုံးမှာလား။ ကြို ပြီးတွက်ချက်ထားကြဖို့ လိုအပ်နေပါပြီ။

မေးခွန်းတခု မေးခြင်ပါတယ်။ အဲဒီလို အချိန်တွေအတွက် ဒီမိုကရေစီအင်အားစုတွေဘက်က ဘာတွေ ပြင်ဆင် ပြီးပြီလဲ?

ဒီမေးခွန်းကို အန်အယ်လ်ဒီရော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ရော တိုင်းရင်းသားအဖွဲ့ အစည်းအား လုံးရော၊ ပြည်သူလူထု တရပ်လုံးပါ လေးလေးနက်နက် စဉ်းစားစေခြင်ပါတယ်။ အရမ်းလည်း အရေး ကြီးမယ်လို့ ထင်ပါတယ်။

အခု ကျွန်တော်တင်ပြခဲ့တာတွေက အပိုင်း ၃ အထိပါ။ အပိုင်း (၄)ဆိုတဲ့ ပြည်သူထဲက သဘောထားတချို့ နဲ့  အသံတချို့ ရှိပါသေးတယ်။ အခု ပြည်တွင်းမှာရော ပြောကြဆိုကြအသံတွေအရ ပြည်သူတချို့ က ဒီကြေညာ ချက် ၂ခုကို စက်တင်ဘာတော်လှန်ရေးကြီးရဲ့ ရလဒ် ရွှေဝါရောင်တော်လှန်ရေးကြီးကြောင့် နအဖက တထစ်လျှော့ပြီး လိုက်လျော ပေးလိုက်တာလို့ မြင်နေကြပါတယ်။ တချို့ ဆိုရင် လူထုဆန္ဒခံယူပွဲကို ရွေးကောက် ပွဲလို့ တောင် မြင်ပါတယ်။ တချို့ က အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာက ပိုကောင်းမှာပဲဆိုပြီး ကောင်း တဲ့ လက္ခဏာလို့ ထင်နေကြပါတယ်။ အင်မတန်မှကို ကြောက်စရာ စိုးရိမ်စရာကောင်းတဲ့ အမြင်တွေပါ။ ကိုယ့်တိုင်းပြည်ရော၊ တမျိုးသားလုံးရော၊ ကိုယ်ကိုယ်တိုင် ပါ အသူတရာ နက်တဲ့ ချောက်ကြီးထဲ ထိုးဆင်းနှစ်မြုပ်သွားကြမှာကို မသိကြနားမလည်ကြသူတွေလည်း အများကြီးပါ။ ဒါသူတို့ အပြစ်လည်း မဟုတ် ပါဘူး။ မြန်မာပြည်သူတွေ အနေနဲ့ က မဲပေးခွင့် ရတယ်ဆိုတာကိုက အင်မတန် ကံကောင်းလို့  ဆယ်စုနှစ် တွေချီမှ တခါ ကြုံခွင့်ရသလို ဖြစ်နေကြတာကိုး။အဲဒီလောက်ထိ နိုင်ငံရေးသေနေတဲ့တိုင်းပြည်မှာ သူတို့ ဒီလို မြင်ကြတယ် ဆိုတာကလည်း မဆန်းဘူးလို့ ထင်ပါတယ်။ အဲဒီအမြင်တွေနဲ့ ပတ်သတ်လို့ ရော ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ ဘက်က ဘယ်လို အသိပညာတွေ ပေးပြီး ဘယ်လို ရှင်းပြကြမှာလည်း၊ ပြဿနာ တွေ အများကြီး ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော့် ရဲ့ အမြင်၊ ခံယူချက် နဲ့ ကျွန်တော်တို့ ဦးတည်ချီတက်ရမဲ့ လမ်းကြောင်းကို ဒီမိုကရေ စီ အင်အားစုတွေကိုရော ပြည်သူလူထု တရပ်လုံးကိုပါ ပြတ်ပြတ်သားသားထုတ်ဖော်ကြေညာခြင်ပါတယ်။
နံပါတ် (၁) ကျွန်ုပ်တို့ ပြည်သူတရပ်လုံး လိုအပ်နေတာ၊ လိုခြင်နေတာ၊ ရယူဖို့ အတွက် ကြိုးစားနေတာ စစ်မှန် တဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ တရားမျှတမှု ကြီးစိုးတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကြီးပါ။ ဒီပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်တို့  တနိုင်ငံလုံး တိုင်းရင်းသားအားလုံး အသက်၊ သွေး၊ ချွေး၊ ဘ၀တွေ ရင်းပြီး ချီတက်နေကြတာပါ။ တိုက်ပွဲဝင်နေကြတာပါ။ ပန်းတိုင်ရောက်ဖို့ လည်းနီးလာပြီလို့ ယုံကြည်ပါတယ်။ ဒီလို ယုံကြည်ရတဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ အခုအခြေအနေဟာ လွန်ခဲ့တဲ့အနှစ် ၂၀နဲ့ မတူတော့ပါဘူး။ လက်ရှိအခြေအနေမှာ ပြည်တွင်းအင်အားစုတွေ ပြည်သူလူထုတွေ အပြင် တိုင်းရင်းသားအဖွဲ့ အစည်းတွေ အပါအ၀င်တမျိုးသားလုံးဟာ ဆုံ ရည်မှန်းချက် ပန်းတိုင်တစ်ခု၊ တူညီတဲ့လမ်းကြောင်းတစ်ခုပေါ်မှာ တစ်စုတစ်စည်းထဲရှိနေကြပါပြီ။ အာဏာရှင်စနစ်ဆိုးကို အပြီးအပြတ် တိုက်ဖျက်ရေး၊ လူမျိုးအားလုံး ပြည်နယ်၊ ပြည်မ တန်းတူ အားလုံးတန်းတူညီမျှ ခံစားခွင့်ရှိရေးစတဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေး တွေအတွက် တသွေးထဲ၊ တသံတည်း၊ တစိတ်တ၀မ်းထဲရှိနေကြပါပြီ။ ဒီတော့ ကျွန်တော်တို့ လုပ်ရမှာက တခုထဲပါ။ ပြည်သူလူထု တရပ်လုံး၊ တောရောမြို့ ပါမကျန် လူထုအင်အားနဲ့ အာဏာရှင်စနစ်ကို သမိုင်း စာမျက်နှာတွေပေါ်က မောင်းထုတ်ပစ်ရေးပါပဲ။အဲဒီအတွက်ပဲ ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်ခြင်ပါတယ်။ ဒါဟာကျွန်ုပ်တို့ အားလုံး တစိုက်မတ်မတ် နောက်မဆုတ်တမ်း ချီတက်တိုက်ပွဲ ၀င်ရမဲ့ တခုတည်းသော လွတ် မြောက်ရေး လမ်းကြောင်းကြီးပါပဲ။

နံပါတ် (၂) Road Map ဆိုတာက ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီပန်းတိုင်ဆီ ချီတက်ရာ လမ်းကြောင်း မှာ ခြေထိုးဖို့ ကြိုးစားတဲ့ အာဏာရုးတွေရဲ့ နအဖ ဖက်ဆစ်အုပ်စုရဲ့ ခံစစ်ဗျူဟာတွေထဲက ဆူးညှောင့် ခလုတ်တွေပါ။ အထူးသဖြင့် ဒီ အဆင့်(၄) နဲ့ ပတ်သတ်တဲ့ ကြေညာချက်တွေဟာ ကျွန်တော်တို့ ကို လမ်း ကြောင်းလွှဲဖို့  အတွေးအခေါ်အရ သွေးကွဲစေဖို့ ကောကျစ်စဉ်းလဲစွာ ထိုးထည့်လိုက်တဲ့ သပ်တစ်ချောင်းပါ။ ဒါပေမဲ့ ဒါဟာလည်း သတိထားစရာ အချက်တခုပါ။ ဒီအတွက်လည်း တဖက်ကနေ ပြီးတော့ ပြည်သူတရပ်လုံး နားလည်သဘောပေါက်အောင် ရှင်းလင်း တင်ပြပေးဖို့ အရေးကြီး ပါတယ်။ Road Map အဆင့် (၄) ကို ရောက်ရင်လည်း လုံးဝဆန့် ကျင် ကန့် ကွက်ကြဖို့ ပြည်သူတွေကို ခုထဲက ရှင်းပြထားပြီး တိုက်တွန်းနှိုးဆော် ထားရပါမယ်။ အဲဒီအချိန်မှာလည်း မူလလမ်းကြောင်းကြီး ဖြစ်တဲ့ လူထုတိုက်ပွဲကြီး ပေါ်ပေါက်လာနိုင် ပါတယ်။ ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါတွေအတွက် အထူး သတိကြီးစွာ ပြင်ဆင်ထားဖို့ လိုပါတယ်။
မရှင်းမှာစိုးလို့ အရှင်းဆုံးထပ်ပြောခြင်ပါတယ်။ ကျွန်တော်တို့ အတွက် မဟာဗျူဟာ လမ်းကြောင်းကြီးတခုထဲ ရှိပါ တယ်။ အဲဒါကတော့ လူတုတိုက်ပွဲကြီးဆင်နွှဲရေး ပါပဲ။ ဆန္ဒခံယူပွဲကို ကန့် ကွက်မဲပေးရေးတို့ ၊ သပိတ်မှောက်ရေးတို့  ဆိုတာ နည်းဗျူဟာတွေထဲက အစိတ်အပိုင်းအချို့ ပဲ ဖြစ်ပါတယ်။ ဒါတွေလည်း အရေးကြီးပါတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးက တခုထဲ ရှိပါတယ်။ “လူထုအင်အားနဲ့ အာဏာရှင်စနစ်ဆိုးကို အပြတ်ချေမှုန်း ရေး” ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ “တော်လှန်ရေးအသိနဲ့ နိုင်ငံရေးသတိ” မပြတ် ရှိဖို့ လို ပါတယ်။ နိုးကြားကြပါလို့  တောင်းဆိုခြင်ပါတယ်။

တော်လှန်ရေးကြီးအဓွန့် ရှည်ပါစေလို့ ဆုမတောင်းကြပါနဲ့ တော့။

“တော်လှန်ရေးကြီး ဒီနှစ်အတွင်း အောင်ရမယ်” လို့ အဓိဌာန် ပြုပြီး အတူတူ တိုက်ပွဲဝင်ကြပါစို့ ။

17.Feb.2008
5.35 AM
Generation Wave
မျိုးဆက်သစ်လူငယ်များ အစည်းအရုံး

Read More...

ဒီအချိန်မှာ ကျနော်တို့ ဘာလုပ်သင့်သလဲ၊ ဘယ်လိုပြင်ဆင်ကြမလဲ

မောင်ငြိမ်းချမ်း
၂၀၀၈ ဖေဖော်ဝါရီ ၁၉
ဒေါက်တာလွဏ်းဆွေဘလော့ဂ်

လက်ရှိအခြေအနေနဲ့ ပတ်သတ်လို့ ကျနော် ဥာဏ်မီသမျှ သုံးသပ် တင်ပြဆွေးနွေပါရစေ …။

နအဖ စစ်အစိုးရမှ ဖေဖေါ်ဝါရီ (၁၀)ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး လမ်းပြမြေပုံအတိုင်း လူထုဆန္ဒခံယူပွဲ ကို မေလအတွင်း ပြုလုပ်သွားမည်ဟု ကြေညာပြီးဖြစ်သည်မှာ အားလုံးအသိပင် ဖြစ်သည်။ ဒီအခြေခံဥပဒေမှာ စစ်တပ်မှ ၂၅% ပါဝင်ရုံမျှမက အမျိုးသားလုံခြုံရေးကောင်စီ (National Security Council) ဟုခေါ်သော စစ် အာဏာရှင်တို့ စိုးမိုးခြယ်လှယ်ထားသည့်အဖွဲ့ လွတ်တော်၏အထက်တွင် အမြဲတစေ နေရာယူထားသည်ဖြစ်၍ တပါတီဆန်ဆန်၊ ဒီမိုကရေစီနှင့် လုံးဝမကိုက်ညီသော စစ်အာဏာရှင်တို့ စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥ ပဒေကြီးဖြစ်သည်။ တော်လှန်ရေးကောင်စီမှ မဆလပါတီ တဖြစ်လဲပုံစံမျိုး မဆလ သမိုင်းဆိုးကြီး တပတ်လည် ခံရမည့် အခြေခံဥပဒေကြီး ဖြစ်သည်ဟု နားလည်သဘောပေါက်မိပေသည်။

ဒီအခြေခံဥပဒေကြီး အတည်ပြုနိုင်ခဲ့ရင် မြန်မာနိုင်ငံဒီမိုကရေစီအရေးမှာ အတော်ကလေး အလှမ်းဝေးနေပေဦး မည်။ စက်တင်ဘာမှာ စတေးခဲ့တဲ့ ရဟန်းရှင်လူတွေရဲ့ အသက်သွေးတွေကို မပြောနဲ့ ၈၈မှာပေးခဲ့ရတဲ့ အသက် သွေးတွေတောင်မှ အလကားဖြစ်ပေတော့မည်။ အခေါ်အဝေါ်ပြောင်း နားလှည့်ပါးရိုက်ခံရကာ အာဏာရှင်ဆန် တဲ့ သမိုင်ဆိုးကြီး တပတ်လည်ခံရမည်ကို အားလုံးသတိပြုကြစေလိုပါသည်။

ကျနော်၏အမြင်မှာ ဤဆန္ဒခံယူပွဲ ပြုလုပ်မည်ဆိုသည်ကို “မထောက်ခံပါဘူး။ အယုံအကြည် မရှိပါဘူး”ဟ ပြော နေရုံဖြင့် သူတို့ကို ရပ်တန့်နိုင်လိမ့်မည်ဟု မယုံကြည်။ နိုင်ငံတကာမှ မည်သို့ပင်ပြောစေ … အဖွဲ့အစည်းအသီး သီးမှ မည်သို့ပင် ကန့်ကွက်ကြပစေ ... နအဖ စစ်အစိုးရ၏ ထုံးစံအတိုင်း ဆက်လက်ခေါင်းမာစွာ လုပ်ဆောင် သွားမည်မှာ အသေအချာပင် ဖြစ်သည်။ မည်သူမှ တာဆီးနိုင်မည် မဟုတ်။ အဘယ်ကြောင့် မိမိတို့အနေဖြင့် မည်သို့ လုပ်ဆောင်သင့်သနည်း။ မည်သို့ ပြင်ဆင်သင့်သနည်း။

လူထုလှုပ်ရှားမှု

လက်ရှိအနေအထားမှာ ဖန်တီးနိုင်လောက်သည့် အခြေအနေမရှိပါဟု ပြောရပါမည်။ အကြောက်တရားအောက် က နှစ်ရှည်လများနေလာသော ပြည်သူတွေဖြစ်ခြင်း၊ နိုင်ငံရေးကို ကြောက်ရွံ့နေအောင် ဖန်တီးထားခြင်း၊ စား ၀တ်နေရေးအတွက် နေ့တဓူဝ ရုန်းကန်လှုပ်ရှား နေရခြင်းတို့ကြောင့် မကျေနပ်ပေမယ့် လက်ရှိအခြေအနေမှာ ရုတ်တရက် လူထုလှုပ်ရှားမှုကြီး ပေါ်ထွတ်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ နောက်တခုက ရှိတဲ့ အင်အားဖြင့် လှုပ်ရှားမည်ဆိုလျှင်လည်း နိုင်ငံရေးတကကြွလှုပ်ရှားသူ Activists များသာ တစတစ ဆုံးရှုံးရဖွယ် ရှိပါသည်။ မြင်သာအောင် ပြောရလျှင် လက်ရှိပြည်တွင်းအနေအထားမှာ တယောက်ဆုံးရှုံးလျှင် (၃)ယောက် လောက်က ပြည်ပကို ထွက်ပြေးရသည်။ ကျန် (၁၀)ယောက်လောက်က တွန့်သွားတတ်ကြသည်ကို သတိပြုစေ လိုပါသည်။

နအဖ၏ ၁/၂၀၀၈ နှင် ၂/၂၀၀၈ ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်း (boycott)

ဒီနည်းကိုသုံးမှာလား။ သပိတ်မှောက်ပြီး သူတို့ဆန္ဒခံယူပွဲကို မဲမပေးဘဲနေရင် လျစ်လျူရှုပြီးနေရင် သူတို့အ ကြိုက်ဖြစ်သွားမည်။ ထောက်ခံသူများနှင့်သာ မဲပေးပြီး ဥပဒေကို အတည်ပြုသွားမည်။

ပြည်သူတို့၏ အားနည်းချက်

၁။ အသိပညာ ဗဟုသုတနည်းခြင်း
၂။ အပြောင်အလဲကို လိုလားတောင့်တနေခြင်း
၃။ အေးအေးဆေးဆေး နေထိုင်လိုခြင်း
၎။ အာဏာရှင်အောက်မှာ အနေကြာလာသောကြောင့် မိမိဆန္ဒကို ရဲရဲတင်းတင်း မဖေါ်ထုတ်ရဲခြင်း၊ စိတ်ဓာတ် ပိုင်းအရ အားပျော့နေခြင်း

ဤသည်ကို နအဖအာဏာရှင်တို့က ကောင်းစွာသိနေပြီးဖြစ်၍ အားနည်းချက်များကို နင်းကာ တမျိုး၊ မသမာမှု များသုံးကာ တဖုံ အသုံးချသွားပေမည်။ ဥပမာ ၁ နှင် ၂ အရ ပြောရမည်ဆိုလျှင် အခြေခံဥပဒေဆိုတာ ဖြူလား မည်းလားမသိ၊ ထောက်ခံလိုက်လို့ နောက်တခု ပြောင်းသွားရင်တော့ ဒီထက်တော့ ကောင်းမှာပဲလေဆိုတဲ့ အ တွေးမျိုးနဲ့ ထောက်ခံမှုများ ရှိလာနိုင်သည်။

မည်သို့ ပြင်ဆင်ရမည်နည်း။ နည်းလမ်းရှာရမည်။ နအဖရဲ့ ဖွင့်တိုက်လာတဲ့ တိုက်ပွဲကို မလွဲမရှောင်သာ ရင်ဆိုင် ရတော့မည်။ ကျနော်အမြင်အရ ပြင်ဆင်ရာတွင် ပြည်တွင်းအင်အားနှင့် ပြည်ပအင်အား နှစ်ပိုင်းခွဲ၍ အကြမ်းဖျဉ်း တာဝန်ယူစေချင်ပါသည်။

၁။ ပြည်တွင်းအင်အား

နိုင်ငံရေးပါတီများ၊ တိုင်းရင်သားပါတီများ၊ ရဟန်းသံဃာများ၊ ကျောင်းသားလူငယ်များနှင့် လက်ရှိနိုင်ငံရေးတက် ကြွလှုပ်ရှားသူများ Activists များက မိမိတတ်အားသရွေ့ ဒီအခြေခံဥပဒေကို ကန့်ကွက်ကြရန် ပြည်သူလူထု အား နီးစပ်ရာအလိုက် အစွမ်းကုန်စည်ရုံးသင့်ပါသည်။ ထိုသို့ စည်းရုံးရာတွင် ဥပဒေဘောင်အတွင်းက အန္တရာယ် ကင်းနိုင်ဆုံး သတိထား၍ စည်းရုံးကာ ပြည်သူလူထုအတွင်း နိုင်ငံရေး အသိစိတ်တွေကို ၀င်လာရဲအောင် ဖန်တီး ရင် ဒီအခြေခံဥပဒေကို ကန့်ကွက်ရမည်။ ကန့်ကွက်ရမည။် ကန့်ကွက်ရမည် ဆိုသည့် အသိကို ၀င်လာအောင် စွမ်းဆောင်ပေးရမည်။

၂။ ပြည်ပအင်အား

နိုင်ငံတကာရှိ နိုင်ငံရေးအဖွဲ့အစည်း အသီးသီး၊ တိုင်းရင်းသားအဖွဲအစည်း အသီးသီးအနေဖြင့် နိုင်ငံတကာအစိုး ရများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးဆီသို့ ဒီလူထုဆန္ဒခံယူပွဲကို အတတ်နိုင်ဆုံး လွတ်လပ်ပြီး တရားမျှတမှု ရှိ စေရန် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ခွင့်ပြုရမည်ဟူသော ဖိအားမျိုးကို နအဖစစ်အစိုး ရအား ပေးနိုင်ရန် အစွမ်းကုန် ကြိုးစား တောင်းဆိုသင့်သည်။ ဤသို့တောင်းဆိုရာတွင် တဖွဲ့ချင်းအလိုက် ဆို သည်ထက် အဖွဲ့ပေါင်းစုံ (ဒုတိယ ပင်လုံကဲ့သို့) သဘောတူ လက်မှတ်ရေးထိုးကာ တင်ပြတောင်းဆိုသင့်သည်။
၎င်းအပြင် ပြည်တွင်းလှုပ်ရှားဆောင်ရွက် စည်ရုံးသူတို့အား တပ်အားသမျှ နည်းပညာ၊ ငွေကြေး အထောက်အ ပံ့များကို ပေးသွားရမည်။

ဤသို့ ပြည်တွင်းပြည်ပ အင်အားများ အချိန်တိုတိုအတွင်း တက်ညီလက်ညီ ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်မှ သာ ရလဒ်ကောင်းများ ရရှိလာပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုကြီး အရှိန်တန့်မသွားမှာ ဖြစ်သည်။

ဖြစ်နိုင်ဖွယ် ရလဒ်ကောင်းများမှာ …

၁။ နအဖက မသမာမှုဖြင့် ဇွတ်လုပ်၍ အတည်ပြုသွားခဲ့လျှင် ပူပူနွေးနွေး နိုင်ငံရေးအသိ နိုးကြားပြီးဖြစ်သော၊ ပြည်သူလူထုနှင့် စည်းလုံးပြီးဖြစ်သော အင်းအားစုတို့မှ ကန့်ကွက်ကာ နောက်တကြိမ် ကြီးမာသည့် ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးအတွက် အသင့်အနေအထား ရှိနေမည်။
၂။ နိုင်ငံတကာဖိအား ပိုမိုရရှိလာမည်။
၃။ သို့တည်းမဟုတ် စစ်အုပ်စု၏ လမ်းပြမြေပုံမှာ အားလုံးပါဝင်သည့် ဆွေးနွေးပွဲသို့ ငြိမ်းချမ်းစွာ ဦးတည်သွားနိုင် ပေသည်။

လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်းနှင့် ဒီမိုကရေစီပြည့်ဝမှု ပန်းတိုင်ကို မုချရောက်ရမည်။

ကျေးဇူးတင်စွာဖြင့် …
မောင်ငြိမ်းချမ်း (မျိုးဆက်သစ်)

Read More...

စစ်အစိုးရက ပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲအပေါ် ဒူးဝါးဇော်အောင် နှင့် ဦးအောင်သူငြိမ်းတို့၏ အမြင်

ဘီဘီစီ အင်တာဗျူး
၂၀၀၈ ဖေဖော်ဝါရီ ၁၉ (နံနက်ပိုင်း)

မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ဟာ စစ်အစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေနဲ့ မကိုက်ညီဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ပြောကြားလိုက်ပါတယ်။ စစ်အစိုးရ က ၁၉၉၀ ပြည့် ရွေးကောက်ပွဲကနေ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံဥပဒေ ရေးဆွဲဖို့ တာဝန်ရှိတယ်လို့ ကြေညာခဲ့ကြောင်း၊ အခု စစ်အစိုးရက လူထုဆန္ဒခံယူမယ့် အခြေခံဥပဒေကို လွှတ်တော် ကိုယ်စား လှယ်တွေ ရေးဆွဲထားတာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အခြေခံဥပဒေကို လူထုကြားထဲ ချပြဆွေးနွေးတာ မရှိသေး သလို လူထုအနေနဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ မရနိုင် အောင် တားဆီးထားတဲ့ ကန့်သတ် ချက်တွေလည်း ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် နအဖအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့အညီ ပြည်သူ့လွတ်တော်ခေါ်ယူပေးဖို့ တာဝန်ရှိကြောင်း ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ပြထားပါတယ်။ မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းကို ဒီနှစ်ထဲမှာ လူထုဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်သလို ၂၀၁၀ ခုနှစ်ကျရင် ရွေးကောက်ပွဲအသစ် ကျင်းပမယ်လို့ ဒီလအစော ပိုင်းတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

နအဖရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီက မနေ့က သူတို့ဘက်က သဘောထားကို ထုတ်ပြန်ကြေညာ ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြည်ပရောက် နိုင်ငံရေးအင်အားစုတချို့ရဲ့ သဘောထား အမြင် တွေကို နားဆင်ကြည့်ပါမယ်။ အခုအရင်ဆုံး အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀ိုင်းမော် လွှတ်တော် ကိုယ်စားလှယ် ဒူးဝါးဇော်အောင်က ပြည်သူ့ဆန္ဒခံယူပွဲကို သပိတ်မှောက်ရမယ်ဆိုပြီးတော့ ယူဆတာကို နားဆင်ကြည့်ပါခင်ဗျ။

ဒူးဝါးဇော်အောင် ။ ။ စစ်အစိုးရက သူရေးဆွဲတဲ့ အခြေခံဥပဒေမူကြမ်းကလည်းပဲ ပြည်သူလူထုဆန္ဒ မပါဘူးလေ၊ မကြာခင် Refrendum လုပ်မယ်ဆိုတာ ပြည်သူလူထုက ဘာလုပ်ထားမှန်းလည်း မသိဘူး။ ဒါ မတရားဘူးပေါ့၊ ရွေးကောက်ပွဲမှာ နိုင်တဲ့ သူတွေကို သူရဲ့ ၁/၉၀ အရ ကျနော်တို့ပဲ ရေးဆွဲရမယ့်ဥစ္စာ အခု သူဟာနဲ့သူ လုပ်ချင်တယ် ဆိုတာ မတရားဘူးပေါ့လေ။

ဘီဘီစီ ။ ။ မတရားဘူးဆိုတာတော့ ဟုတ်ပါပြီ။ အခု အစိုးရကနေပြီးတော့ အတင်းဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ခေါ်နေတဲ့ အခါမှာ အန်ကယ်လ်တို့ဘက်ကနေပြီးတော့ အစိုးရကနေပြီးတော့ခေါ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်လို လုပ်ဖို့ အစီအစဉ် ရှိလဲ။

ဒူးဝါး ။ ။ အဲဒါက ဟိုဒင်းလေ ပြည်မမှာလည်း အန်အယ်လ်ဒီ ဌာနချုပ်ရှိတယ်လေ၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် တဦးချင်းအနေနဲ့တော့ ကျနော်တို့ ဘယ်လိုမှ မလုပ်တတ်ဘူးလေ၊ ဒါပေမယ့် ကန့်ကွက်ရမှာပေါ့၊ သူတို့ပဲ လုပ်တဲ့အခါမှာ ဘယ်သူမှ မဲရုံမသွားနဲ့ပေါ့၊

ဘီဘီစီ ။ ။ ရွေးကောက်ပွဲမသွားဘဲ သပိတ်မှောက်ကြရမယ်ပေါ့။

ဒူးဝါး ။ ။ ဆန္ဒခံယူပွဲရောက်လာတဲ့အခါမှာ ဘယ်သူမှမဲရုံကို မသွားရုံပဲလေ။ တချို့ တခါတလေ တီဗွီတွေမှာကြား တာက အေး သွားမယ်တဲ့ ထည့်မယ်တဲ့ ကန့်ကွက်မဲထည့်မယ်တဲ့၊ ကန့်ကွက်မဲဆိုရင်လည်း အဲဒီ မဲပုံးဟာ တယောက်တည်း ရှိတယ်၊ စစ် အစိုးရပဲရှိတော့တာ၊ ဟို မဆလတုန်းကလည်းပဲ ကန့်ကွက်မဲက မဲပြားကို ဘယ်သူမှမရှိတော့အခါ ကျတော့၊ မဲထည့်တဲ့သူ တွေ ပြန်သွားတဲ့အခါကျတော့ အားလုံးထောက်ခံမဲမှာ ထည့်လိုက်တယ်လေ။ နောက် ကမ္ဘာကို အားလုံးက ထောက်ခံတယ်လို့ လိမ်တယ်လေ။ အခုလည်း ဒီလိုလုပ်မှာပဲ။ ဒါကြောင့် ကန့်ကွက်မဲလည်း မထည့်နဲ့ ထောက်ခံမဲလည်းပဲ ဘယ်သူမှ မဲမထည့်တာ အကောင်းဆုံးပဲ။ ဒါက ကျနော်အမြင်ပြောတာပါ။ ကုလသမဂ္ဂလို စောင့်ကြပ်ပေးတဲ့ အဖွဲ့ရှိရင် တော့ ကန့်ကွက်မဲထည့်ရင် တော့ ရမှာပဲလို့ ယူဆတယ်။

ဒါကတော့ အန်အယ်လ်ဒီ ၀ိုင်းမော်လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးဇော်အောင်က သူ့ရဲ့အမြင်ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာ အမေရိကန်နိုင်ငံမှာပဲရှိနေတဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်းကတော့ ပြည်သူလူထု ကို အန်အယ်လ်ဒီ အနေနဲ့ အဆုံးအဖြတ်ပေးခိုင်းသင့်ပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ အန်အယ်လ်ဒီက ကျနော်မြင်တာကတော့ လူထုတွေလှုပ်ရှားဖို့တို့ ဘာတို့ အဲဒီလိုခေါ်ရင် မဖြစ်နိုင်ဘူး ထင်တယ်။ အခြေအနေအရပေါ့၊ သူတို့လုပ်သင့်တာကတော့ Referendum ဖြစ်လာမယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး တရားမျှတ အောင်ဖြစ်မလဲ အဲလို ၅/၉၆ ကို ရုတ်ခိုင်းတာတို့ ဘာတို့ ဒီလောက်ပဲလုပ်နိုင်မယ် ထင်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ ဒါပေမယ့် အန်အယ်လ်ဒီပြောတဲ့ဟာက အဲလောက်အထိ ပြတ်ပြတ်သားသားမရှိဘူးနဲ့ တူတယ်။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်တယ်။ မရှိဘူး။ သူ့ကြေညာချက်မှာ ကျနော်ဖတ်ကြည့်တော့ အဲလိုသဘော မပါဘူး။

ဘီဘီစီ ။ ။ အန်အယ်လ်ဒီအနေနဲ့က သူ့ရပိုင်ခွင့်တွေတောင်းဆိုတာအပြင် ဒီထက်ပိုပြီးတော့ ဘာများလုပ်ဆောင်နိုင် သေးလဲ လို့ အပြင်လူတယောက်အနေနဲ့ မြင်မိလဲခင်ဗျ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာက အန်အယ်လ်ဒီက ဒီ အခု ၂၀၀၈ အစမှာကတည်းက သူတို့နှစ်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကို သူတို့အာဂျင်တာ အနေနဲ့ ဆုံးဖြတ်ထားတဲ့ သဘောမျိုးလုပ်ထားတာလည်း ရှိပါတယ်။ ဆိုတော့ အဲဒီ အနေအထားမှာတော့ အန်အယ်လ်ဒီအနေနဲ့ ဒီဥစ္စာကို ဖျက်ပြီးတော့ နောက်ထပ် ပြည်သူလူထုကို လှုံ့ဆော်ဖို့ ဘာဖို့ စသည် ဖြင့် လုပ်ဖို့လည်း ခက်ပါတယ်။ နောက်တခုကတော့ အခု ပြည်သူ့ဆန္ဒခံ ယူပွဲလုပ်မယ် ဘာမယ် ဆိုတာကလည်း ကျနော် ထင်တယ် လာမယ့် ရက် ၉၀ လောက်အတွင်းမှာ ဖြစ်မယ်ဆိုတော့ အချိန်က သိပ်တိုတောင်းနေပါပြီ။ အဲတော့ အန်အယ်လ်ဒီ အနေနဲ့ လုပ်နိုင်တာကတော့ ကျနော်မြင်တာ ဒီဆန္ဒခံယူပွဲ ကို လူထုကို အဆုံးဖြတ်ခံခိုင်းတာကတော့ ကျနော်ထင်တယ် အကောင်းဆုံးပဲထင်ပါတယ်။ အခုဟာက န၀တက မညှိနှိုင်းတော့ဘဲနဲ့ သူ့ဖာသာနဲ့သူ သွားတော့မယ့် ပုံစံမျိုးလည်း ဖြစ်နေ ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တော့ မဲမလိမ်အောင် မညစ်အောင် စသည်ဖြင့် ဒါမျိုး ဘယ်လိုလုပ်နိုင်မလဲပေါ့၊ နောက်တခုက နိုင်ငံတကာ စောင့်ကြည့်မှုတွေရအောင် တောင်းဆိုတာမျိုးတို့၊ နောက်တခုက ဒါ အနိမ့်ဆုံး လုပ်နိုင်မယ် လို့ တော့ ထင်ပါတယ်။

ဘီဘီစီ ။ ။ အန်အယ်လ်ဒီက စောစောကပြောသလို အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်က သိပ်ပြီးတော့ ရှင်းရှင်း လင်းလင်းမရှိ သေးဘူးဆိုတဲ့အခါကျတော့ ပြည်သူလူထုက အန်အယ်လ်ဒီဆီကနေပြီးတော့ clear message ပေါ့၊ တိကျပြတ်သားတဲ့ သင်္ကေတ တခုခု ထွက်မလာတဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့က ပြည်သူ့ဆန္ဒခံယူပွဲကို ရင်ဆိုင်ဖို့ အနေအထားမှာ အခက်အခဲများရှိမနေနိုင်ဘူးလား။

ဦးအောင်သူငြိမ်း ။ ။ အဲလိုမျိုးဆိုရင်တော့ ရှိနိုင်ပါတယ်ခင်ဗျ၊ ဒါပေမယ့် ကျနော်မြင်တာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း ကျနော်တို့ အင်အားစုတွေက သိပ်ပြီးတော့ မတွန်းသင့်ဘူးလို့ထင်ပါတယ်။ ကျနော်ထင်တာကတော့ ပြည်ပ ရောက်နေတဲ့ အဖွဲ့အစည်းတွေရော တခြားဒီမိုကရေစီအင်အားစုအသီးသီးကတော့ ဒီဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့၊ နောက်တခါ ဖွဲ့စည်းပုံအသစ်နဲ့ပတ်သက်လို့ ကျနော်တို့သဘောထားတွေကို ကျနော်တို့ဘာသာ ကျနော်တို့ ထုတ်ဖော်ပြီး ပြောတာတော့ ပိုကောင်းတယ် ထင်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျနော်အစောပိုင်းတုန်းက အန်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးဇော်အောင် ကို ကျနော် ဖုန်းဆက်ပြီးမေးကြည့်တော့ သူ့တဦးတည်းအမြင်ကို ပြောတယ်ခင်ဗျ၊ အဲဒါကတော့ ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်သူ့မှ မသွားကြဘဲနဲ့ ကန့်ကွက်သပိတ်မှောက်ကြ ဆိုပြီးတော့ သူက သူ့ရဲ့တဦးတည်းအမြင်ကို ပြောတယ်ပေါ့ လေ၊ အကယ်၍ တခြားသူတွေကလည်း အမြင်အမျိုးမျိုး ရှိနေမယ်ဆိုလို့ရှိရင် ညီညီညွတ်ညွတ်ရှိတဲ့ မဟာဗျူဟာ တခုမျိုး ပေါ်လာဖို့ ခက် မနေ ပေဘူးလား၊ အဲဒီအခါကျလို့ရှိရင် ဒီမိုကရေစီအင်အားစုတွေဘက်က အားနည်းသလိုမျိုး ဖြစ်မနေဘူးလား။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်ပါတယ်ခင်ဗျ၊ အခုလက်ရှိ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တသံတည်းထွက်ပြီးတော့ အားလုံးညီညီညွတ်ညွတ်နဲ့ ဘာလုပ်ပါဆိုတဲ့ဟာမျိုး လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်မြင်တာကတော့ မတူတဲ့အင်အားစုတွေ အသီးသီးမှာ မတူတဲ့နည်းနဲ့ ဆန့်ကျင် နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဥပမာအားဖြင့် ရှေ့နေတွေ တရားရေးဥပဒေ ကျမ်းကျင်သူတွေဘက်ကလည်း ဒီ ဖွဲ့စည်းပုံအသစ်ရဲ့ အားနည်းချက်ကို ထောက်ပြ ဆွေးနွေးတာမျိုး လုပ်နိုင်သလို၊ နောက်တခုက လူ့အခွင့်အရေးအဖွဲ့ တွေ၊ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေကလည်း သူတို့ရဲ့ အခွင့်အရေးကဏ္ဍနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံမှာ ဘယ်လို အားနည်းချက်တွေရှိတယ် စသည်ဖြင့် ကျနော်တို့ ရှင်းပြစည်းရုံးတာ တွေလည်း လုပ်နိုင်ပါတယ်။ နောက်တခုက တိုင်းရင်းသားတွေဘက်က အခွင့်အရေးပေါ့၊ ဒါ တိုင်းရင်းသားတွေဘက်လည်း သူ့အမြင် ရှုထောင့်က ပြောနိုင်တာ တွေ လည်းရှိပါတယ်။ ဆန္ဒခံယူပွဲကို လုံးဝ မသွားတာထက်စာရင်တော့ လူကိုယ်တိုင် သွား ပြီးတော့ ကန့်ကွက်မဲပေး တာက ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ယူဆပါတယ်။

ဘီဘီစီ ။ ။ တချို့ လေ့လာတဲ့သူတွေကလည်း ပြောကြတယ်၊ ဗမာပြည်သူလူထုကို တခါတလေကျလို့ရှိရင် တချို့က လျှော့တွက် မိကြတယ်ပေါ့လေ၊ ဒီမိုကရေစီအင်အားစုတွေဘက်ကပဲဖြစ်ဖြစ်၊ နအဖဘက်ကပဲဖြစ်ဖြစ်။ တခါတလေကျ လို့ရှိရင် ပြည်သူ လူထုက မထင်မှတ်ဘဲနဲ့ သူတို့ဖာသူတို့ ရှေ့ရောက်နေတတ်တယ်။ ဥပမာ စက်တင်ဘာအရေး အခင်းဆိုလို့ရှိရင်လည်း ပြည်သူလူထုက သူဟာနဲ့သူ သူလိုချင်တာရအောင်လို့ ထုတ်ပြီးတော့ ပြောလာတာမျိုး ရှိတယ်။ အဲလို အလားအလာမျိုးရော ကျနော်တို့တွေ့လာရနိုင်တဲ့ အလားအလာမျိုးရှိနိုင်လား။

ဦးအောင်သူငြိမ်း ။ ။ ဖြစ်နိုင်ပါတယ်ခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ထင်တာ တခါတလေကျတော့ လူထု တွေက စစ်အစိုးရအပေါ်မှာ မကြိုက်တဲ့ဟာကို သူတို့ နည်းမျိုးစုံနဲ့ပြတဲ့ဟာမျိုး။ ကျနော်တို့ အထင်ရှားဆုံးကတော့ ပြီးခဲ့တဲ့ စက်တင် ဘာသံဃာ့ လှုပ်ရှားမှုက ကျနော်ထင်တယ် အထူးခြားဆုံးပါပဲ။ အခုလို လာမယ့် ပြည့်သူ့ဆန္ဒခံယူပွဲ တွေ ဘာတွေ လုပ်မယ် ဆိုရင်လည်း ကျနော်ထင်တာကတော့ ပြည်သူလူထုကတော့ သူတို့ဘယ်လိုရပ်တည်ရမလဲ ဆိုတာ ကောင်းကောင်းသိတယ်လို့ ထင်ပါတယ်။

အန်အယ်လ်ဒီရဲ့ သဘောထားထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်တဲ့ တုန့်ပြန်ချက်တွေကို ကြားခဲ့ရတာဖြစ်ပါတယ်။

Read More...

ပြတ်ပြတ်သားသားကန့်ကွက်ကြပါစို့

အောင်ဒင်
၂၀၀၈ ဖေဖော်ဝါရီ ၂၂
မဇ္ဈိမ

(က) နိဒါန်း

၁။ စစ်အစိုးရက ၁၉၉ဝ ပြည့်နှစ် မေလမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး တရပ်ကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၃၉၂ နေရာ အနိုင်ရရှိပြီး အဖွဲ့ချုပ်ရဲ့ မဟာမိတ်များ ဖြစ်ကြတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား ပါတီများက လွှတ်တော် ကိုယ်စားလှယ် ၆၇ နေရာ အနိုင် ရရှိခဲ့ပါတယ်။ စစ်တပ်က ထောက်ခံ အားပေးတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီကတော့ လွှတ်တော် ကိုယ်စားလှယ် ၁ဝ နေရာပဲ ရွေးချယ် ခံခဲ့ရပါတယ်။ ဒါဟာဖြင့် ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများအား နိုင်ငံတော်ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများကို အာမခံချက်ပေးမယ့် နိုင်ငံတော်သစ်အဖြစ် တည်ဆောက် ဦးဆောင်သွားဖို့ တာဝန် အပ်နှင်းလိုက်တာပါပဲ ... ။

၂။ ဒါပေမဲ့လည်း “ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလြွှဲပီး စစ်တန်းလျားကို ပြန်ပ့ါမယ် ...” လို့ ကတိပေးခဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိကို ပျက်ကွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးဖို့ ငြင်းဆန်၊ အနိုင်ရပါတီကို အာဏာ လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ တိုင်းရင်းသား ပါတီများက စစ်အစိုးရနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ကျင်းပပြီး တိုင်းပြည် ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကမ်းလှမ်းတာကိုပါ ငြင်းပယ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ်ကိုလည်း ၁၉၉ဝ ရွေးကောက်ပွဲက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆန္ဒမပါ၊ စစ်မှန်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များရဲ့ ဆန္ဒ မပါဘဲ၊ တဖက်သတ် ရေးဆွဲခဲ့ပြီး အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ် မေလမှာ လူထုဆန္ဒ ခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်နေပါတယ်။

ဒါဟာဖြင့် စစ်အာဏာရှင်စနစ် အောက်က လွတ်မြောက်ပြီး အကြောက်တရားကင်းတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ နေထိုင်ချင်ကြတဲ့ ပြည်သူလူထု တရပ်လုံးကို စစ်အစိုးရက စိန်ခေါ်လိုက်တာပါပဲ။ ဒါဟာဖြင့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ငြင်းပယ်လိုက်တာပါပဲ။ စစ်အစိုးရက သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မတရားတဲ့ နည်းလမ်းများနဲ့ အတည် ပြုလိုက်နိုင်တာနဲ့ တပြိုင်နက် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ဟာ ပျက်ပြယ်သွားခဲ့ပါပြီ။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခန်းက ပြီးဆုံးသွားပါပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီ အဆင့်အတန်း ပျက်ပြယ်သွားပါပြီ။ အဆိုးဆုံးကတော့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အတူ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် အောက်ကို တရားဝင် ရောက်ရှိသွားမှာပါ။ ... ။

(ခ) အမျိုးသားညီလာခံနှင့် အခြေခံမူများ

၁။ စစ်တပ်ရဲ့ နိုင်ငံရေး အာဏာစိုးမိုးမှုကို တရားဝင်စေဖို့အတွက် ရည်ရွယ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရက နှစ်ပေါင်း ၁၄ နှစ်ကျော်ကြာအောင် အချိန်ယူပြီး စစ်တပ်က လက်ရွေးစင် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ရေးဆွဲခဲ့တာပါ။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့၊ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကိုယ်စားလှယ်အချို့ ပါဝင်ကြပေမယ့် သူတို့ဟာလည်း စစ်တပ်ရဲ့ ဖိအားပေး အကျပ်ကိုင်မှုတွေအပေါ် မလွန်ဆန်နိုင်ခဲ့ကြပါဘူး။

၂။ ဒါကြောင့် အမျိုးသားညီလာခံက ချမှတ်လိုက်တဲ့ အခြေခံမူတွေကို ထည့်သွင်း ရေးဆွဲထားတဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို အာမခံချက် ပေးမထားသလို တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ အပါအဝင် လူမျိုးစု အခွင့်အရေးများကိုလည်း ငြင်းပယ်ထားတာ တွေ့ရပါတယ်။ အထင်ရှားဆုံးကတော့ ဒီဖွဲ့စည်းပုံအရ စစ်တပ်ဟာ သီးခြား အခွင့်ထူးခံ လူတန်းစားတရပ်အဖြစ် တရားဝင် တည်ရှိလာမှာ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံရဲ့ အမြင့်ဆုံး အာဏာရှိပုဂ္ဂိုလ် ဖြစ်လာမှာပါ။ တပ်မတော် တခုလုံးကတော့ ဥပဒေရဲ့ အထက်မှာ တည်ရှိပြီး တိုင်းပြည်ရဲ့ အာဏာသုံးရပ် (-ဖြစ်တဲ့) အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ ဥပဒေပြု အာဏာတွေကို ထင်သလို ချယ်လှယ်ခွင့် ရမှာပါ။

ပြည်သူလူထု တရပ်လုံးကတော့ ဒုတိယတန်းစား နိုင်ငံသားတွေ အဖြစ်နဲ့ စစ်တပ်ကို အလုပ်အကျွေး ပြုရတော့မှာပါ။ အများနားလည်အောင် အသေးစိတ် ရှင်းပြချင်ပါတယ်။

(ဂ) ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သို့ အပ်နှင်းထားသော အာဏာများ

၁။ ကာကွယ်ရေး ဦးစီးချုပ်ဟာ စစ်တပ်ရဲ့ အရေးအရာ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်။ စစ်တပ်အင်အား တိုးချဲ့မှု၊ ရာထူး အပြောင်းအလဲ၊ စစ်တပ်နေရာ ချထားမှု၊ စစ်တပ်အတွက် နှစ်စဉ် ကုန်ကျစရိတ်၊ စစ်လက်နက် ဝယ်ယူမှု၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ စသဖြင့် စစ်တပ်ရဲ့ အရေးကိစ္စ အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်က လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိရမယ်လို့ အာဏာ အပ်နှင်းထားပါတယ်။ ဒီတော့ နိုင်ငံရဲ့ ဝန်ထမ်း အဖွဲ့အစည်း တခုသာ ဖြစ်ရမယ့် တပ်မတော်ဟာ နိုင်ငံတော် သမတရဲ့ အုပ်ချုပ်မှု အောက်မှာလည်း မရှိ၊ လွှတ်တော်ရဲ့ ဥပဒေပြုမှု အောက်မှာလည်း မရှိ၊ စစ်တပ်တွင်း ဖြစ်ပေါ်တဲ့ အမှုအခင်းများ၊ တပ်မတော်သား ရာဇဝတ်မှု ကျုးလွန်သူများကို ထောင်စစ်ခုံရုံးနဲ့ တရားစီရင်မှာ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ဟာ နိုင်ငံတော် တရားစီရင်ရေး စနစ်ရဲ့ အောက်မှာလည်း မရှိဘဲ၊ နိုင်ငံတော် အချုပ်အခြာအာဏာ သုံးရပ်စလုံးရဲ့ အထက်မှာ တည်ရှိနေပါတော့တယ်။

၂။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ အချုပ်အချာအာဏာ သုံးရပ်စလုံးရဲ့ အောက်မှာ မရှိပေမဲ့ အဲဒီအချုပ်အခြာအာဏာ သုံးရပ်စလုံးကို စိတ်တိုင်းကျ ဝင်ရောက် စွက်ဖက်ခွင့်လည်း ပေးထားပါတယ်။ အောက်မှာ အသေးစိတ် ရှင်းပြပါ့မယ်။

၃။ တကယ်လို့ တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာခဲ့ရင် တိုင်းပြည် တခုလုံးကို၎င်း၊ တစိတ်တဒေသကို၎င်း၊ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ သုံးရပ်ကို ကိုင်တွယ်ပြီး အုပ်ချုပ်ခွင့် ရှိတယ်လို့လည်း အာဏာ အပ်နှင်းထားပါတယ်။ အရေးပေါ် အခြေအနေ ဆိုတာကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတာကို ဆိုလိုတာပါ။ ဒါကြောင့် တချိန်မှာ နိုင်ငံရေး အင်အားစုတစုက ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားမယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော် အာဏာသုံးရပ်ကို ကိုင်တွယ်အုပ်ချုပ်ဖို့ တရားဝင် ခွင့်ပြုထားတာပါပဲ။ ရိုးရိုးရှင်းရှင်း ပြောရရင် စစ်တပ်ကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို အာဏာသိမ်းခွင့် တရားဝင် ပေးထားတာပါပဲ။

၎။ ပြီးတော့ အဲဒီလို စိတ်တိုင်းကျ အာဏာသိမ်းထားတဲ့ အချိန် ဖြစ်ပေါ်ခဲ့တဲ့ ပြစ်မှုများနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်နဲ့ သူက တာဝန်ပေးအပ်ထားတဲ့ တပ်မတော် အရာရှိများကို မည်သည့်နည်းနဲ့မျှ အရေးယူပိုင်ခွင့် မရှိလို့လည်း အကာအကွယ် ပေးထားပြန်ပါတယ်။

(ဃ) ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်၏ ဥပဒေပြု အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်မှာ ဗဟိုအဆင့်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော် ၂ ရပ်ရှိပြီး၊ အဲဒီလွှတ်တော် ၂ ရပ်ပေါင်းကို ပြည်ထောင်စု လွှတ်တော်လို့ ခေါ်ပါတယ်။ ပြည်သူ့လွှတ်တော်ကို မြို့နယ်များက ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး ကိုယ်စားလှယ် ၄၄ဝ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ် ၃၃ဝ ကိုသာ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပြီး၊ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိ ၁၁ဝ က ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာကြမှာပါ။ ဒီနည်းနဲ့ ပြည်သူ့လွှတ်တော်ရဲ့ လေးပုံတပုံကို ကာကွယ်ရေး ဦးစီးချုပ်က ထိန်းချုပ်ထားပါတယ်။

၂။ အမျိုးသား လွှတ်တော်ဆိုတာက ပြည်နယ်နဲ့ဒေသကြီး ၁၄ ခုက တခုကို ကိုယ်စားလှယ် ၁၆ ယောက်စီနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၂၂၄ ယောက်နဲ့ ဖွဲ့စည်းမှာပါ။ ဒါပေမဲ့ ပြည်နယ်နဲ့ ဒေသတခုကို ၁၂ ယောက်နှုန်းနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၁၆၈ ယောက်ကို လူထုက ရွေးချယ် တင်မြှောက်ခွင့်ရပြီး၊ ပြည်နယ်နဲ့ ဒေသတခုကို ၄ ယောက်နှုန်းနဲ့ ကိုယ်စားလှယ် ၅၆ ယောက်ကိုတော့ ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အရာရှိများကို ခန့်အပ် တာဝန်ပေးမှာပါ။ ဒီနည်းနဲ့ အမျိုးသားလွှတ်တော်ရဲ့ လေးပုံတပုံကို ကာကွယ်ရေး ဦးစီးချုပ်က ထိမ်းချုပ်ထားပါတယ်။

၃။ တကယ်လို့ နိုင်ငံဝန်ထမ်းများဟာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် သူတို့ရဲ့ လက်ရှိ အလုပ်အကိုင်က အနားယူရပါမယ်။ သူတို့ကို နိုင်ငံတော်က ပေးအပ်ထားတဲ့ နေအိမ်၊ ကား စတာတွေကိုလည်း စွန့်လွှတ်ရပါမယ်။ ဒါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ့် တပ်မတော် အရာရှိများကတော့ သူတို့ရဲ့ စစ်ဖက်ရာထူးများက နှုတ်ထွက်စရာ မလိုပြန်ဘူး။

၎။ တကယ်တော့ ပြည်ထောင်စု လွှတ်တော်ဆိုတာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအတွက် အမြင့်မားဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ရမှာပါ။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံအရ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဟာ စစ်တပ်ရဲ့ အရေးအရာတွေကို ဥပဒေပြဋ္ဌာန်းခွင့် မရှိပါဘူး။ စစ်တပ်ရဲ့ အရေးကိစ္စတွေနဲ့ စစ်တပ်ရဲ့ နှစ်စဉ် ဘတ်ဂျက်တွေကို တပ်မတော်အရာရှိ လွှတ်တော် ကိုယ်စားလှယ်များက သီးခြား ဆွေးနွေးကြမှာ ဖြစ်ပြီး၊ အဲဒီ တပ်မတော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကိုသာ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်များက အတည်ပြုပေးရမှာပါ။ အဲဒီလိုနဲ့ လွှတ်တော်ဟာ စစ်တပ်ရဲ့ အလိုရှိရာကို အတည်ပြုပေးရတဲ့ ရာဘာတံဆိပ်တုံး အဆင့်ကို ရောက်ရှိသွားမှာပါ။

၅။ ပြည်နယ်နဲ့ဒေသတွေမှာတော့ ပြည်နယ် (သို့) ဒေသလွှတ်တော် တရပ်သာ ရှိမှာပါ။ ပြည်နယ် (သို့) ဒေသတွင်းမှာရှိတဲ့ မြို့နယ်များက ကိုယ်စားလှယ် ၂ ယောက်စီ၊ ပြည်နယ် (သို့) ဒေသတွင်းမှာရှိတဲ့ ပြည်နယ်အဆင့် မရသေးတဲ့ တိုင်းရင်းသား လူမျိုးစုများက ကိုယ်စားလှယ် ၁ ယောက်စီနဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ် တာဝန်ပေးတဲ့၊ စုစုပေါင်း ကိုယ်စားလှယ် အရေအတွက်ရဲ့ လေးပုံတပုံရှိတဲ့ တပ်မတော် အရာရှိများနှင့် ပြည်နယ် (သို့) ဒေသ လွှတ်တော်ကို ဖွဲ့စည်းရမှာပါ။ ဒီလိုနဲ့ တပ်မတော် အရာရှိများက ရွေးကောက်ပွဲဝင်စရာ မလိုဘဲ ပြည်နယ် (သို့) ဒေသလွှတ်တော်ရဲ့ လေးပုံတပုံကို ထိမ်းချုပ်ထားမှာပါ။

၆။ ပြည်နယ်၊ ဒေသလွှတ်တော်တွေမှာလည်း ဒေသလုံခြုံရေးနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေ၊ နယ်စပ်ဒေသများနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တပ်မတော် ကိုယ်စားလှယ်များက သာလျှင် သီးခြား ဆွေးနွေးခွင့်ရှိပြီး၊ ၎င်းကိုယ်စားလှယ်များရဲ့ တင်ပြချက်ကိုသာ ပြည်နယ်၊ ဒေသလွှတ်တော်က အတည် ပြုပေးရမှာပါ။ ဒီလိုနဲ့ပဲ ပြည်နယ်၊ ဒေသလွှတ်တော်ဟာ စစ်တပ် အလိုဆန္ဒကို အတည်ပြုပေးရတဲ့ ရာဘာတံဆိပ်တုံး အဆင့်ကို ရောက်ရှိသွားမှာပါ။

(င) ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်၏ အုပ်ချုပ်ရေး အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ နိုင်ငံတော် သမတနဲ့ ဒု-သမတ နှစ်ယောက် ရှိပါလိမ့်မယ်။ လွှတ်တော်အုပ်စု သုံးစုက သမတလောင်း တယောက်စီ အမည်စာရင်း တင်သွင်းပြီး လွှတ်တော်တခုလုံး (ပြည်ထောင်စု လွှတ်တော်) က မဲပေး ရွေးချယ်ကြရမှာပါ။ မဲအများဆုံးရသူက သမတ ဖြစ်ပြီး၊ ကျန် နှစ်ယောက်က ဒု-သမတများ ဖြစ်လာမှာပါ။

၂။ လွှတ်တော်အုပ်စု ၃ စုကို ဒီလို ခွဲထားပါတယ်။

(က) ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ၃၃ဝ ဦး၊

(ခ) အမျိုးသား လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်များ ၁၆၈ ဦး၊

(ဂ) အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းမှ တပ်မတော် ကိုယ်စားလှယ်များ (၁၁ဝ + ၅၆) = ၁၆၆ ဦး၊

၃။ သမတနဲ့ ဒု-သမတ ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်း အချို့က ဒီလိုပါ

(က) လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရန်မလို။
(ခ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရင်းနှီးကျွမ်းကျင်သူ ဖြစ်ရမည်။
(ဂ) အနည်းဆုံး အသက် ၄၅ နှစ် ရှိရမည်။ နိုင်ငံအတွင်း အနည်းဆုံး အနှစ် ၂ဝ တဆက်တည်း နေထိုင်သူ ဖြစ်ရမည်။

၎။ ဒီရွေးချယ်ပုံအရ စစ်တပ်က အဆိုပြုတဲ့ ကိုယ်စားလှယ် တယောက်ဟာ သမတလောင်း ဖြစ်လာမှာပါ။ စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ရမည်ဆိုတဲ့ ကန့်သတ်ချက်အရ အခြားအုပ်စု ၂ စုက တင်သွင်းတဲ့ သမတလောင်းဟာလည်း တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ဖို့ အလားအလာ အများကြီး ရှိနေပါတယ်။ ပြီးတော့ ဒီသုံးယောက်ထဲက တယောက်ကို သမတ အဖြစ် ရွေးချယ်ကြတဲ့အခါ တပ်မတော် ကိုယ်စားလှယ်က သမတ ဖြစ်လာဖို့၊ အနိမ့်ဆုံး ဒု-သမတ ဖြစ်လာမှာပါ။ ပြည်ထောင်စု လွှတ်တော်မှာ တပ်မတော် ကိုယ်စားလှယ်က (၂၅ ရာခိုင်နှုန်း) ပါဝင်တာမို့ တပ်မတော်က ထောက်ခံတဲ့သူသာ သမတ ဖြစ်လာမှာကတော့ အသေအချာပါပဲ။

၅။ တပ်မတော် ကိုယ်စားလှယ် (သို့) တပ်မတော်က ထောက်ခံတဲ့သူသာ သမတဖြစ်လာမှာ ဆိုပေမယ့် အဲ့ဒီ နိုင်ငံတော် သမတဟာ ကာကွယ်ရေး ဦးစီးချုပ်ပေါ်မှာ သြဇာ သက်ရောက်မှု မရှိပါဘူး။ တပ်မတော်အပေါ်မှာ သြဇာ သက်ရောက်ခွင့် မရှိပါဘူး။ ပြောင်းပြန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကသာ နိုင်ငံတော်သမတ အပေါ်မှာ သြဇာသက်ရောက်မှု ရှိပါတယ်။

၆။ နိုင်ငံတော် သမတဟာ ဝန်ကြီးအဖွဲ့ကို ဖွဲ့ရာမှာ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနဲ့ နယ်စပ်ဒေသရေးရာ ဝန်ကြီး စတဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာ သုံးနေရာကို သူ့ဘာသာ ခန့်ခွင့် မရှိပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။ အလားတူပဲ ဒုတိယ ဝန်ြကီးများကို ခန့်အပ် တာဝန်ပေးရာမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးရာ ဒုတိယ ဝန်ကြီးများကို ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် သမတဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတယ်ဆိုတာ အထင်အရှားပါပဲ။

၇။ ဝန်ကြီး (သို့) ဒုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရသူဟာ နိုင်ငံဝန်ထမ်း တယောက်ဖြစ်ရင် သက်ဆိုင်ရာဌာနက အငြိမ်းစားယူရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီဝင်တယောက် ဖြစ်ရင်လည်း သက်ဆိုင်ရာ ပါတီကနေ ဝန်ကြီးသက်တမ်းတလျှောက် အနားယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် တပ်မတော်အရာရှိ ဝန်ကြီးများကတော့ စစ်ဘက်တာဝန်ကနေ အငြိမ်းစားယူစရာ မလိုပါဘူး။ ချွင်းချက် ပေးထားပါတယ်။

၈။ အလားတူပါပဲ၊ ပြည်နယ် (သို့) ဒေသဝန်ကြီးချုပ်ဟာ သူရဲ့ပြည်နယ် (သို့) ဒေသအစိုးရ အဖွဲ့မှာ လုံခြုံရေးနဲ့ နယ်စပ်ဒေသအရေး ဝန်ကြီးဌာနတွေကို ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။

၉။ အလားတူပါပဲ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံတွေမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က သက်ဆိုင်ရာ ဦးစီးအဖွဲ့ရဲ့ လေးပုံတပုံကို ခန့်အပ်မှာဖြစ်ပြီး ဒေသလုံခြုံရေးရာ အကြီးအကဲကိုလည်း ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ် တာဝန်ပေးမှာပါ။

၁ဝ။ ဒီလိုနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ နိုင်ငံတော် သမတထက် အာဏာပိုကြီးပြီး တိုင်းပြည်ရဲ့ ဗဟိုအဆင့်၊ ပြည်နယ်၊ ဒေသအဆင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းများ၊ ဇုံများအဆင့်အထိ အုပ်ချုပ်ရေးအာဏာကို လွှမ်းမိုး ဆုပ်ကိုင်ထားမှာပါ။

(စ) ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်၏ တရားစီရင်ရေး အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ နိုင်ငံတော်မှာ တရားစီရင်ရေးအာဏာဟာ အမြင့်မားဆုံး အာဏာသုံးရပ်ထဲက တခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော် တရားစီရင်ရေး အာဏာဟာ အဖိနှိပ်ခံ ပြည်သူများပေါ်သာ သက်ရောက်ပြီး တိုင်းပြည်ရဲ့ သီးခြားအခွင့်ထူးခံ လူတန်းစားဖြစ်တဲ့ တပ်မတော်အပေါ်မှာ သက်ရောက်ခြင်း မရှိပါဘူး။

၂။ ဒီဖွဲ့စည်းပုံအရ ကာကွယ်ရေး ဦးစီးချုပ်ဟာ တပ်မတော်ရေးရာ ကိစ္စအဝဝကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရှိပါတယ်။ အဲဒီ အရေးကိစ္စတွေမှာ တရားစီရင်ရေး ကိစ္စလည်း ပါပါတယ်။ တပ်မတော်သား တယောက်နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် စစ်ခုံရုံးကသာ ကိုင်တွယ်မှာ ဖြစ်ပြီး အရပ်ဖက် တရားရုံးများက စီရင်ခွင့် မရှိပါဘူး။ ဒီနည်းနဲ့ တပ်မတော်ဟာ ဥပဒေရဲ့ အထက်မှာ ရောက်ရှိနေပါတော့တယ်။

၃။ ဒီဖွဲ့စည်းပုံအရ နိုင်ငံတော်သမတက ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးများကို ခန့်အပ် တာဝန်ပေးရတာပါ။ နိုင်ငံတော် သမတဟာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးများကို ခန့်အပ်နိုင်သလို ဖြုတ်ချပိုင်ခွင့်လည်း ရှိပါတယ်။ တကယ်တော့ အုပ်ချုပ်မှု အာဏာနဲ့ တရားစီရင်ရေး အာဏာဟာ တန်းတူဖြစ်ပြီး တခုနဲ့တခု အပြန်အလှန် ထိန်းညှိပေးရမှာ၊ တရားစီရင်ရေးဟာ လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ရမှာက ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဒါပေမဲ့ ဒီ နအဖ ရဲ့ ဖွဲ့စည်းပုံ ဥပဒေမှာတော့ နိုင်ငံတော် သမတဟာ တရားသူကြီးများကို ခန့်အပ်ခွင့် ရှိသလို ဖြုတ်ချခွင့်လည်း ရှိတဲ့အတွက်ကြောင့် တရားစီရင်ရေး အာဏာဟာ အုပ်ချုပ်ရေး အာဏာရဲ့ လက်အောက်ခံ ဖြစ်နေပါပြီ။ တပ်မတော်ရဲ့ အရေးကိစ္စတွေကိုလည်း ကိုင်တွယ်ခွင့် မရှိတဲ့အပြင် သမတကိုယ်တိုင်က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာအောက်မှာ ရှိနေတဲ့အတွက် ကာကွယ်ရေး ဦးစီးချုပ်ဟာ တရားစီရင်ရေးမှာလည်း စိတ်တိုင်းကျ စွက်ဖက်ခွင့် ရနေပါတယ်။

(ဆ) တိုင်းရင်းသား လူမျိုးစုများအပေါ် ဖိနှိပ်ကန့်သတ်မှု

၁။ နိုင်ငံတော်ကို ဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုအဖြစ် ဖွဲ့စည်းထားတာကိုက တိုင်းရင်းသား လူမျိုးစုများ အားလုံး တန်းတူညီမျှရေးကို ငြင်းပယ်လိုက်တာပါ။

၂။ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသားများအတွက် ပြည်နယ် ၇ ခု (ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား၊ ချင်း)၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၁ ခု၊ (ဝ)နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုံ ၅ ခု (နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်) ခွဲခြား ပေးထားပါတယ်။

၃။ ဒီဖွဲ့စည်းပုံအရ ပြည်နယ်အားလုံးမှာ ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းထားရှိပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ လေးပုံတပုံက ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော် အရာရှိတွေ ဖြစ်မှာပါ။ တိုင်းရင်းသားများရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး မျှော်လင့်ချက်ဟာ ဒီမှာတင် ပျက်ပြယ်သွားပါပြီ။ ပြည်နယ်တွေရဲ့ အရေးကိစ္စကို တပ်မတော် အရာရှိများက ဝင်ရောက် ချယ်လှယ်နေကြမှာပါ။

၎။ ဒီဖွဲ့စည်းပုံမှာပဲ ပြည်နယ်ရဲ့ အကြီးအကဲဖြစ်တဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့် မရှိပါဘူး။ နိုင်ငံတော် သမတကသာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထဲမှ သူစိတ်တိုင်းကျသူ တယောက်ကို ခန့်အပ် တာဝန်ပေးမှာပါ။ တိုင်းရင်းသားတွေအဖို့ ကိုယ့်ခေါင်းဆောင်ကိုတောင် ရွေးချယ်ခွင့် မရဘဲ ပြည်မက ရွေးချယ် တာဝန်ပေးသူကိုသာ လက်ခံကြရမှာပါ။

၅။ ပြည်နယ် ဝန်ကြီးချုပ်ကလည်း ပြည်နယ် အစိုးရအဖွဲ့ကို သူ့စိတ်ကြိုက် ဖွဲ့စည်းခွင့် မရှိပါဘူး။ ပြည်နယ်ဝန်ကြီး ဖြစ်သင့်သူတွေကို ရွေးချယ်ပြီး နိုင်ငံတော် သမတထံ တင်ပြပြီး နိုင်ငံတော် သမတက သဘောတူညီမှ ခန့်အပ်ခွင့် ရှိတာပါ။ အဲဒီပြည်နယ် အစိုးရအဖွဲ့မှာလည်း လုံခြုံရေးနဲ့ နယ်စပ်ဒေသ အရေးကိစ္စတွေအတွက် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးအပ်တဲ့ တပ်မတော် အရာရှိတွေကိုပဲ ခန့်အပ်ရမှာပါ။

၆။ ပြည်နယ်တွေဟာ တရားသူကြီးတွေကိုလည်း ဒေသခံ တိုင်းရင်းသားများ ဆန္ဒနဲ့ ခန့်အပ်လို့ မရပြန်ပါဘူး။ နိုင်ငံတော် သမတကသာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တိုင်ပင်ပြီး ပြည်နယ် တရားသူကြီးများကို ခန့်အပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်များရဲ့ တရားစီရင်ရေး အာဏာဟာ ဗဟိုအစိုးရရဲ့ ကိုင်တွယ်မှု အောက်မှာပဲ ရှိပါတယ်။

၇။ အထက်မှာ ဖော်ပြခဲ့သလို ပြည်နယ်တွေမှာ လွှတ်တော်ရေးရာနဲ့ အုပ်ချုပ်ရေးရာတွေမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော် အရာရှိများက ဝင်ရောက် စွက်ဖက်နေမှာ ဖြစ်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ် တရားသူကြီးများကို နိုင်ငံတော် သမတက တိုက်ရိုက် ခန့်အပ်မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရေးများနဲ့ အဝေးကြီး ဖြစ်နေပါပြီ။

၈။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံများမှာတော့ လွှတ်တော်အစား ဦးစီးအဖွဲ့များ ဖွဲ့စည်းမှာ ဖြစ်ပြီး ဦးစီးအဖွဲ့များက အုပ်ချုပ်ရေးနဲ့ ဥပဒေပြု အာဏာကို ကိုင်တွယ်ကြမှာပါ။ ထုံးစံအတိုင်း ဦးစီးအဖွဲ့ဝင် လေးပုံတပုံဟာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော် အရာရှိများဖြစ်ပြီး လုံခြုံရေးနဲ့ နယ်စပ်ဒေသ ရေးရာများကို ကိုင်တွယ်ကြမှာပါ။ အဲဒီ ဦးစီးအဖွဲ့များရဲ့ ဥက္ကဋ္ဌများကိုလည်း နိုင်ငံတော် သမတက တိုက်ရိုက်ခန့်အပ် တာဝန်ပေးမှာပါ။

၉။ နောက်အရေးကြီးတဲ့ တချက်ကတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အခန်းကဏ္ဍပါ။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဟာ ဗဟိုအစိုးရရဲ့ လက်အောက်က ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်ပြီး ဗဟိုကနေ ပြည်နယ်၊ ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဇုံများ၊ မြို့နယ်များအထိ အဆင့်ဆင့် တည်ရှိမှာပါ။ ပြီးတော့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှာ ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ပြည်နယ်နဲ့ ဒေသ အကြီးအကဲဟာ ပြည်နယ်၊ ဒေသအစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်ပြီး သူ့ရဲ့အဖွဲ့က ပြည်နယ်၊ ဒေသအစိုးရရဲ့ ရုံးအဖွဲ့ ဖြစ်လာမှာပါ။ အလားတူပင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဇုံများက အထွေထွေ အုပ်ချုပ်ရေးဌာန အကြီးအကဲက အဲဒီ တိုင်းနဲ့ဇုံများ ဦးစီးအဖွဲ့များရဲ့ အတွင်းရေးမှူး ဖြစ်ပြီး သူ့ရုံးအဖွဲ့က ဦးစီးအဖွဲ့များရဲ့ ရုံးအဖွဲ့လည်း ဖြစ်ပါတယ်။

၁ဝ။ ဒီလိုနဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်များကို ငြင်းပယ်ထားပြီး ဗဟိုအစိုးရရဲ့ လက်အောက်ခံဘဝနဲ့ ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အရေးအရာအားလုံးမှာ ချုပ်ကိုင် ချယ်လှယ်တာကိုပဲ ခံကြရတော့မှာပါ။

(ဇ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

၁။ ဒီဖွဲ့စည်းပုံအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အဖွဲ့ဝင် ၁၁ ယောက်နဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီကောင်စီက နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခြင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသလို နိုင်ငံတော်မှာ အာဏာ အကြီးဆုံးဖြစ်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်ဖို့လည်း တာဝန်ရှိပါတယ်။

၂။ အဖွဲ့ဝင် ၁၁ ယောက်ကတော့

(၁) သမတ
(၂) ဒုသမတ-၁
(၃) ဒုသမတ-၂
(၄) ပြည်သူ့လွှတ်တော် အကြီးအကဲ
(၅) အမျိုးသား လွှတ်တော်အကြီးအကဲ
(၆) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
(၇) ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
(၈) ကာကွယ်ရေး ဝန်ကြီး
(၉) နိုင်ငံခြားရေး ဝန်ကြီး
(၁ဝ) ပြည်ထဲရေး ဝန်ကြီးနဲ့
(၁၁) နယ်စပ်ဒေသရေးရာ ဝန်ကြီးတို့ ဖြစ်ပါတယ်။

၃။ ဒီဖွဲ့စည်းမှုမှာ ကြည့်ရင် သမတဟာ တပ်မတော် ကိုယ်စားလှယ်များ ထောက်ခံမှ တက်လာမှာ ဖြစ်သလို၊ ဒု-သမတ တယောက်ဟာလည်း တပ်မတော် ကိုယ်စားလှယ်များက ရွေးချယ် တင်မြှောက်ထားသူပါ။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ဒေသ ဝန်ကြီးများဟာလည်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားသူတွေပါ။ နိုင်ငံခြားရေး ဝန်ကြီးဟာလည်း သမတက ခန့်အပ်ထားသူဆိုတော့ ဒီကောင်စီမှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အလိုဆန္ဒကို ထောက်ခံမယ့်သူက အနည်းဆုံး ၈ ယောက်ရှိပါတယ်။ ဒါကြောင့်မို့ ဒီကောင်စီဟာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အလိုဆန္ဒကို တံဆိပ်တုံးထု ထောက်ခံပေးရမယ့် အဖွဲ့သာ ဖြစ်ပါတယ်။

(ဈ) နောက်မှ ပြင်၍ မရနိုင်ပါ။

၁။ နအဖ စစ်အုပ်စုက ဒီဖွဲ့စည်းပုံကို အတည်ပြုပြီးရင် ပြန်လည်ပြင်ဆင်ဖို့ ခက်အောင် လုပ်ထားပါသေးတယ်။ ဒီလိုပါ ...

၂။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း) ကို တင်ရမှာပါ။ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် (၂ဝ ရာခိုင်နှုန်း) က ဥပဒေမူကြမ်း တရပ်အနေနဲ့ တင်ရမယ်လို့ ဆိုပါတယ်။

၃။ ဖွဲ့စည်းပုံရဲ့ အဓိက အခန်းတွေဖြစ်တဲ့ နိုင်ငံတော် အခြေခံမူဝါဒများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ၊ ဥပဒေပြု အာဏာဖွဲ့စည်းမှု၊ အုပ်ချုပ်မှု အာဏာဖွဲ့စည်းမှု၊ တရားစီရင်ရေး အာဏာဖွဲ့စည်းမှု၊ အရေးပေါ် အခြေအနေ စတဲ့ အခန်းတွေကို ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ လိုအပ်တဲ့အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ (၅ဝ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲလည်း လိုအပ်ပါတယ်။

အခြား အခန်းကဏ္ဍတွေကိုတော့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်များရဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲနဲ့ ပြင်နိုင်တယ်လို့ ဆိုပါတယ်။

၎။ လွှတ်တော် နှစ်ရပ်စလုံးမှာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော် အရာရှိများက (၂၅ ရာခိုင်နှုန်း) နေရာယူထားတာပါ။

သူတို့ မပါဘဲနဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ မရနိုင်သလို၊ သူတို့ ပါဝင် ထောက်ခံဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ အတွက်ကြောင့် ဒီဖွဲ့စည်းပုံကို နောက်မှ ပြန်ပြင်ကြတာပေါ့လို့ စဉ်းစားနေရင် အကြီးအကျယ် မှားပါလိမ့်မယ်။

၅။ တကယ်လို့များ ရွေးချယ်ခံ ကိုယ်စားလှယ်များ အားလုံးကလည်း တစိတ်တည်း တဝမ်းတည်းနဲ့ (၇၅ ရာခိုင်နှုန်း) ထောက်ခံကြမယ်၊ တပ်မတော် ကိုယ်စားလှယ်တချို့က ရွေးချယ်ခံ ကိုယ်စားလှယ်များ ဘက်ပါပြီး ဖွဲ့စည်းပုံပြင်ဖို့ ထောက်ခံလို့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ ရရင်တောင်မှ ကာကွယ်ရေး ဦးစီးချုပ်က ချက်ချင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး အာဏာသိမ်းမှာ အသေအချာပါပဲ။

(ည) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) ၏ စွက်ဖက်ချယ်လှယ်မှု

၁။ နအဖ စစ်အုပ်စုက ကြံ့ဖွံ့ကို လူထု အဖွဲ့အစည်းတရပ် အသွင်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမဲ့လည်း တဖြေးဖြေးနဲ့ ကြံ့ဖွံ့ဟာ နအဖ ရဲ့ လက်ရုံးတပ်တခု ဖြစ်လာပြီး တိုင်းသူပြည်သားများကို စောင့်ကြပ်ကြည့်ရှုရင်း နှိပ်စက် အနိုင်ကျင့်တဲ့ ယန္တယားတခု ဖြစ်လာပါတယ်။ ရပ်ကွက်ထဲ ဧည့်စာရင်းစစ်၊ ကင်းလှည့်တာကအစ ပါသလို ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စောင့်ကြည့် ထောက်လှမ်းရာမှာလည်း ပါပါတယ်။ အခုဆိုရင် ကြံ့ဖွံ့ဟာ နအဖ စစ်အာဏာရှင်များရဲ့ အားပေးမှုနဲ့ ဒီမိုကရေစီ လှုပ်ရှားသူများကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဖမ်းဆီး ထိမ်းသိမ်းခြင်းစတဲ့ ဥပဒေမဲ့ အပြုအမူများကို ရဲရဲတင်းတင်း ဆောင်ရွက်နေပါပြီ။ အဲဒီကြံ့ဖွံ့ အဖွဲ့က လာမယ့် လူထုဆန္ဒခံယူပွဲကို ကြီးကြပ် အကောင်အထည်ဖော်မှာ ဖြစ်ပြီး နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရ ရတဲ့နည်းနဲ့ အတည်ပြုမှာပါ။

၂။ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသဖြင့် အတည်ပြုပြီးရင် ဒီကြံ့ဖွံ့ဟာ နိုင်ငံရေးပါတီ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရွေးကောက်ပွဲ အသစ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ဒီနည်းနဲ့ နောက် ဖြစ်ပေါ်လာမယ့် လွှတ်တော် အသစ်တွေမှာ တပ်မတော် ကိုယ်စားလှယ် (၂၅ ရာခိုင်နှုန်း) အပြင် တပ်မတော်ရဲ့ သြဇာခံ အဖွဲ့အစည်းဖြစ်တဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်တွေကလည်း ရာခိုင်နှုန်း တစုံတရာ နေရာ ယူထားကြမှာပါ။ ဒီတော့ ဒီ နအဖ ရဲ့ မတရားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နောက်မှ ပြန်လည် ပြင်ဆင်ကြဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဘောင်ထဲကနေ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစုများ တန်းတူညီမျှရေးတွေကို တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်ကြဖို့ ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။

၃။ ရှေ့မှာ တင်ပြခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးသွားရင် စစ်တပ်ဟာ သီးခြားအခွင့်ထူးခံ လူတန်းစားတရပ် အဖြစ် တရားဝင် ပေါ်ပေါက်လာမှာ ဖြစ်ပြီး မြန်မာပြည်သူများကတော့ ဒုတိယတန်းစား နိုင်ငံသားများသာ ဖြစ်လာမယ်လို့ တင်ပြခဲ့ပါတယ်။ အမှန်တကယ်တော့ ဒီထက်ဆိုးပါတယ်။ စစ်တပ်က ထိပ်ဆုံးကနေ၊ ဥပဒေရဲ့ အထက်ကနေ သီးခြားအခွင့်ထူးခံ လူတန်းစားတရပ် ဖြစ်တည်နေသလို ကြံ့ဖွံ့နဲ့ လက်နက်ချ တိုင်းရင်းသား အဖွဲ့အစည်း တချို့ဟာလည်း စစ်တပ်ရဲ့ မျက်နှာသာပေးမှု၊ အားပေးထောက်ခံမှုနဲ့ လူထုတရပ်လုံးရဲ့ အထက်မှာ၊ ဥပဒေရဲ့ အထက်မှာ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သားများဟာ ဒုတိယတန်းတောင် မဟုတ်၊ တတိယတန်းစား နိုင်ငံသားများအဆင့်နဲ့ စစ်တပ်နဲ့ ကြံ့ဖွံ့ရဲ့ မတရားအနိုင်ကျင့်မှုတွေကို သားစဉ်မြေးဆက် ခံကြရတော့မှာပါ။

(ဋ) ဒီမိုကရေစီအင်အားစုများ ရွေးကောက်ပွဲ ဝင်ခွင့် မရနိုင်ပါ

၁။ တချို့ကလည်း မျှော်လင့်ကြပါတယ်။ ဒီမိုကရေစီ အင်အားစုများ တက်ညီလက်ညီနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ရင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစု ရနိုင်တယ်။ ပြီးတော့ လွှတ်တော်ကနေ တိုင်းပြည်ကို ကြိုးစား ကယ်တင်သင့်တယ်လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ယနေ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင် ကန့်သတ်ထားပါတယ်။

၂။ ဒီဖွဲ့စည်းပုံအရ ပြစ်မှုတခုခုနဲ့ အကျဉ်းကျဖူးသူ၊ တရားရုံးတခုခုက ပြစ်ဒဏ် ချမှတ်ခြင်း ခံရသူတွေဟာ ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ဒီကနေ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အဖွဲ့ဝင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အားလုံးနီးပါးဟာ အကျဉ်းထောင်ထဲ အကြိမ်ကြိမ် ရောက်ခဲ့ကြ၊ ရောက်နေကြတဲ့သူတွေပါ။ သူတို့တွေအတွက် ရွေးကောက်ပွဲ ဝင်နိုင်ခွင့် လုံးဝမရှိပါဘူး။

၃။ တာဝန်ရှိ အဖွဲ့အစည်းတခုခုက ရွေးကောက်ပွဲဝင်ရန် မသင့်လို့ ဆုံးဖြတ်ထားတဲ့ ပုဂ္ဂိုလ်တဦးဟာလည်း ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ၁၉၈၉ မှာ ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်မရှိလို့ ဆုံးဖြတ်ထားတဲ့အတွက် အဲဒီ ဆုံးဖြတ်ချက်ဟာ ဆက်လက် အတည်ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ခွင့်မရနိုင်ပါ။

၎။ ပြည်ပအစိုးရ တခုခုကို သြဇာခံသူတွေဟာလည်း ရွေးကောက်ပွဲ ဝင်ခွင့်မရလို့ ကန့်သတ်ထားပါတယ်။ ဒီတော့ နအဖ အစိုးရက ဒီနေ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အားလုံးကို ပြည်ပ သြဇာခံများလို့ အကြိမ်ကြိမ် စွပ်စွဲထားတာကို သတိရဖို့ပါပဲ။

၅။ ဒီဖွဲ့စည်းပုံမှာ နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ ဒီဖွဲ့စည်းပုံအရ နိုင်ငံရေးပါတီများ အားလုံးဟာ စည်းကမ်းကျတဲ့ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲ ဥပဒေများကို လိုက်နာရမယ်လို့ ဆိုပါတယ်။ နအဖ စစ်အုပ်စုရဲ့ စည်းကမ်းကျတဲ့ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ ဆိုတာကိုက အမှန်တကယ်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားတဲ့ စနစ်မို့လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီများ အနေနဲ့ လက်ခံနိုင်ဖို့ အတော်ခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဓိက အနှစ်သာရကလည်း နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အပ်နှံထးတာဖြစ်လို့ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီများအတွက် ဒီဖွဲ့စည်းပုံကို လိုက်နာဖို့ဆိုတာ အတော် ခက်ပါလိမ့်မယ်။

၆။ လက်ရှိ တည်ရှိဆဲပါတီများ အတွက်လည်း ကန့်သတ်ချက်တွေ ရှိပါသေးတယ်။ တကယ်လို့ နိုင်ငံရေး ပါတီတခုဟာ မတရားသင်း အဖွဲ့အစည်း တခုအဖြစ် ကြေညာခံရမယ် ဆိုရင်၊ သူပုန် အဖွဲ့အစည်းများကို ဆက်သွယ်တယ်၊ ထောက်ခံ အားပေးတယ်လို့ တွေ့ရှိရင်၊ နိုင်ငံရေး ပါတီတခုဟာ ပြည်ပနိုင်ငံတခုရဲ့ အစိုးရဆီက ဖြစ်စေ၊ အဖွဲ့အစည်း တခုဆီက ဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးဆီက ဖြစ်စေ၊ ငွေကြေးနဲ့ အခြား ထောက်ပံ့မှုများ ရယူရင် အဲဒီပါတီကို တရားဝင် တည်ရှိခွင့်မှ ရပ်စဲပစ်မယ်လို့ ဆိုပါတယ်။ ဒီတော့ နအဖ စစ်အုပ်စုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်ပအဖွဲ့များနဲ့ ဆက်သွယ်တယ်၊ နိုင်ငံခြားငွေကြေး အထောက်အပံ့တွေ ရယူတယ်၊ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပတ်သက်တယ် စသဖြင့် အကြိမ်ဖန်များစွာ စွပ်စွဲထားတာပါ။ ဒါကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးရင် နအဖ က အဖွဲ့ချုပ်ကို တရားဝင် တည်ရှိခွင့် ရုပ်သိမ်းလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ကျနော်တို့ ဘာကို ရွေးချယ်မလဲ

ကျနော်တို့ ပြည်သူများအတွက် ရွေးချယ်စရာ နှစ်ခုတော့ ရှိပါတယ်။ နအဖ ရဲ့ ဖွဲ့စည်းပုံကို ထောက်ခံပြီး ဘဝအဆက်ဆက်၊ သားစဉ်မျိုးဆက် စစ်တပ်ကျွန် အဖြစ်ခံမလား၊ နအဖ ရဲ့ ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသား ကန့်ကွက် ပယ်ချပြီး နအဖ ကို ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုမလား။ နအဖ ကတော့ ကျနော်တို့ကို စိမ်ခေါ်လိုက်ပါပြီ။

ကျနော်တို့ ရွေးချယ်ရမှာလည်း တခုပဲ ရှိသင့်ပါတယ်။ တသက်လုံး ကျနော်တို့ရဲ့ သားစဉ်မြေးဆက်များကို စစ်တပ်ကျွန် ဖြစ်ရမယ့် ဘဝကို မရွေးချယ်နိုင်ပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်ရတဲ့၊ တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးတွေကို ငြင်းပယ်ထားတဲ့၊ စစ်တပ်ကို သီးခြားအခွင့်ထူးခံ လူတန်းစား (သို့) အုပ်ချုပ်သူ လူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် သတ်မှတ်လိုက်တဲ့၊ ဒီ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ အားလုံး တိုင်းရင်းသား ညီအကို မောင်နှမများအားလုံး ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့။

လေးစားစွာ
အောင်ဒင်
အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂ဝဝ၈ ခုနှစ် (ပြည်ထောင်စုနေ့)

Read More...

အမျိုးသားညီလာခံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် မူများကို လေ့လာခြင်း

မောင်လူအေး
၂၀၀၈ ဖေဖော်ဝါရီ ၁၁

မဇ္ဈိမ

မြန်မာနိုင်ငံတော်တွင် ၁၉၈၈ ခုနှစ်၌ လူထူအုံကြွမှု ဖြစ်ပေါ်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်းယူပြီး န၀တခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုနောက် ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ကြွေးကြော်ကာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ပါသည်။ ထိုအချိန်က န၀တ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီအား အာဏာ လွှဲပြောင်းပေးမည်။ တပ်မတော်သည် သမိုင်းတရားခံ မဖြစ်ချင်ဘူး၊ ရွေးကောက်ပွဲပြီးလျှင် တပ်စခန်း (Barrack)သို့ ပြန်မည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးမှာ တပ်မတော်၏ တာဝန် မဟုတ်ပါ” ဟုပြောဆိုခဲ့သည်ကို ပြည်သူအများ သတိပြုမိ နေလိမ့်မည်ဟု ယူဆပါသည်။

သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၈၄% ကျော် မဲဖြင့် အနိုင်ရရှိခဲ့သော်လည်း ကတိအတိုင်း အာဏာ လွဲပြောင်းပေးခြင်း မပြုဘဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကတိက၀တ်ကို ဖောက်ဖျက်ကာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် တပ်မတော်မှ အနားယူခိုင်းခဲ့ပါသည်။ နိုင်ငံတော်ကို ဗိုလ်ချုပ်ကြီး သန်းရွှေ (ထိုစဉ်က)မှ ရယူ ချုပ်ကိုင်ခဲ့ပါသည်။ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အသိအမှတ် မပြုခဲ့ပါ။

၁၉၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိ၍ လက်မခံ ငြင်းပယ်ခြင်း ဖြစ်သည်ဟု အကြောင်းပြ ခဲ့ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိသည်ကို သိလျက်နှင့် မည်သို့သော ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပါသနည်း၊ ထိုရွေးကောက်ပွဲမှ ရွေးချယ် တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်တရပ် ရေးဆွဲဖို့ တောင်းဆိုချက်ကို လက်မခံနိုင်ဘဲ မိမိကိုယ်တိုင် မူချမှတ် ရေးဆွဲသည့် အခြေခံ ဥပဒေကိုမှ ဘာကြောင့် လိုချင်နေပါသနည်း ဆိုသော မေးခွန်းများ မေးစရာ ဖြစ်လာနေပါသည်။

မိမိ ချမှတ်ထားသော မူအတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကို ခေါ်ယူကျင်းပကာ အမျိုးသား ညီလာခံမှ ချမှတ်ပေးသော မူများ ဖြစ်သယောင် ပြည်သူလူထုကို ပုံမှားရိုက်ခဲ့ပါသည်။ ထင်ယောင်ထင်မှားလည်း ဖြစ်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံမှ နိုင်ငံတော်၏ ဦးတည်ချက် ၆ ချက်ကိုပါ မေတ္တာရှိ ချမှတ်ပေးခဲ့ပြန်ပါသည်။ ယင်းတို့မှာ

(၁) ပြည်ထောင်စုမပြိုကွဲရေး
(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(၄) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး
(၅) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေး
(၆) နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး တို့ ဖြစ်ပါသည်။

လေ့လာဆန်းစစ်ချက်များ

၁။ စစ်မှန်သော ပါတီစုံစနစ် ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်း

နိုင်ငံရေး ဦးတည်ချက် အမှတ်စဉ် (၄) တွင် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးဟု ဆိုထားသော်လည်း လက်တွေ့မူများတွင် ပါတီစုံစနစ် ပေါ်လွင်မှုမရှိဘဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ် အောင် သွယ်ဝိုက်သောနည်းဖြင့် အကောင်အထည်ဖော်ထားခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်တွေ့ရှိရပါသည်။

နိုင်ငံတော် အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်သည့် သမတကို ဒုတိယသမတ ရွေးချယ်ရေးအဖွဲ့ (၃)ဖွဲ့မှ ရွေးပေးရမည် ဖြစ်ပြီး ထိုအဖွဲ့ ၃ ဖွဲ့မှ ရွေးချယ်ပေးလိုက်သော ဒုတိယသမတ (၃)ဦးအနက်မှ တဦးဦးကို ပြည်ထောင်စု လွှတ်တော် (အထက်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ခုပေါင်း)မှ သမတအဖြစ် ရွေးချယ် တင်မြှောက်ရမည် ဖြစ်ပါသည်။ အဆိုပါ ဒုတိယသမတ ရွေးချယ်ရေး အစုအဖွဲ့များမှာ
၁။ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်)
၂။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်)
၃။ ကာကွယ်ရေး ဦးစီးချုပ်မှ ရွေးချယ်ပေးလိုက်သော တပ်မတော် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ဖြစ်ပါသည်။

ဤသို့ ရွေးချယ် တင်မြှောက်လိုက်သော သမတသည် နိုင်ငံတော် အကြီးအကဲ လည်းကောင်း၊ အစိုးရအဖွဲ့ အကြီးအကဲအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့် ပါတီက အစိုးရဖြစ်ပြီး မည်သည့်ပါတီက အတိုက်အခံ ဖြစ်သည်ဟု မပေါ်လွင်နိုင်တော့ပါ။ ဤကဲသို့ ပါတီစုံ ဒီမိုကရေစီ စနစ်၏ အနှစ်သာရဖြစ်သော အတိုက်အခံပါတီ မရှိခြင်းမှာ ပါတီစုံ ဒီမိုကရေစီစနစ် မဟုတ်ကြောင်း ထင်ရှားစေပါသည်။ ထို့အပြင် ဗဟိုအဆင့်တွင် မရှိသော်လည်း ပြည်နယ်/တိုင်း လွှတ်တော်များတွင် ပြည်နယ်/တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးများသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်း လွှတ်တော်၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်ဟု မူချမှတ်ထားသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။ ပါတီစုံစနစ်တွင် အမှန်တကယ် ကျင့်သုံးလျှက် ရှိသည်မှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီ (ကိုယ်စားလှယ် ထက်ဝက်ကျော် အနိုင်ရသည့်ပါတီ) က အစိုးရဖွဲ့ပြီး ဒုတိယ အများဆုံး အနိုင်ရရှိသည့် ပါတီက အတိုက်အခံပါတီ အဖြစ် ဆောင်ရွက်ကာ အစိုးရက မိမိ ကြိုက်သက်နှစ်သည့် ပုဂ္ဂိုလ်ကို လွှတ်တော်အတွင်းဝန် (အတွင်းရေးမှူး)အဖြစ် ခန့်အပ်လေ့ ရှိပါသည်။

သို့ရာတွင် ယခုချမှတ်ထားသော အခြေခံရမည့်မူတွင် တပါတီ အာရှင်စနစ်တွင် ကျင့်သုံးလေ့ရှိသည့် လွှတ်တော် အတွင်းရေးမှူးကို ပုံသေ သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြင့် ပါတီစုံ စနစ်၏ အနှစ်သာရနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။

၂။ စစ်မှန်သော ဒီမိုကရေစီ (သို့) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟုတ်မဟုတ် ဆန်းစစ်ခြင်း

လက်ရှိ စစ်အစိုးရသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေပါသည်ဟု နိုင်ငံတကာသို့ ထုတ်ဖော် ရှင်းပြနေပါသည်။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့်မူများ ချမှတ်ရာတွင်

(၁) လွှတ်တော် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅% ပါဝင်ရမည်ဟူ၍ လည်းကောင်း။
(၂) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် လွှတ်တော်ကိုယ်စားလှယ် သုံပုံတပုံ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည် ဟူ၍လည်းကောင်း။
(၃) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် မဲပေးပိုင်ခွင့် မရှိသူ၊ ပုဂ္ဂိုလ်တဦးဦးက အဆုံးအဖြတ်မဲ ပေးစေခြင်းဖြင့် အတည်ပြုခဲ့သော အချက်များကို နောက်နောင်မှ တွေ့ရှိရပါက သက်ဆိုင်ရာ လွှတ်တော်၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ ဟူ၍လည်းကောင်း မူချမှတ်ထားသည်ကို တွေ့ရှိရပါသည်။

တဖန် ယခုကျင့်သုံးမည့် ဒီမိုကရေစီသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဟု ဆိုထားပြန်ပါသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ကမ္ဘာတွင် မည်သည့်နိုင်ငံကမျှ မကျင့်သုံးသေးသည့် စနစ် ဖြစ်ပါသည်။ ဘယ်ဟာကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်သည်ဟု မည်သူကမျှ အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကို မတွေ့ရှိရသေးပါ။ ကျနော့် အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ပြိုလဲကျဆုံးခဲ့ပြီး ဖြစ်သော အင်ဒိုနီးရှားက ကျင့်သုံးခဲ့သည့် စစ်တပ်အာဏာရှင် (စစ်ဗျူရိုကရက်) စနစ် ဖြစ်သော လမ်းညွှန်ဒီမိုကရေစီ (Guided Democracy)ကို ရည်ညွှန်းဟန် ရှိသည်ဟု ယူဆရပါသည်။)

၃။ နိုင်ငံတော်အစိုးရ ဖွဲ့စည်းပုံကို လေ့လာခြင်း

အထက်တွင် ဖော်ပြပြီးသည့် အတိုင်း နိုင်ငံတော်အစိုးရ အကြီးအကဲသည် နိုင်ငံတော် သမတ ဖြစ်ပါသည်။ သို့ရာတွင် သမတသည် မိမိအစိုးရ အဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး တို့ကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ၀န်ကြီးအဖြစ် ခန့်အပ်ရမည် ဖြစ်ပါသည်။ မည်သည့် လွှတ်တော်၏ သဘောတူညီမှုကိုမျှ ရယူရန်လည်း မလိုပါ။ ထို့အပြင် အထက်ပါ ၀န်ကြီး (၃)ဦးသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်ပါလျှက် ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦး (ဦးစီးချုပ်နှင့် ဒုဦးစီးချုပ်)၏ လက်အောက်ခံ ဖြစ်နေပါသည်။ နိုင်ငံအများက ကျင့်သုံးနေသကဲ့သို့ ကာကွယ်ရေး ၀န်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်၏ အထက်တွင် ရှိသင့်ပါသည်။ ဤသို့ စစ်တပ်သည် နိုင်ငံတော်အစိုးရ အထက်တွင် ရှိနေခြင်းမှာ သဘာဝမကျဟု ဆိုချင်ပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီမှု မရှိပါ။ တဖန် ကာကွယ်ရေး ဦးစီးချုပ်သည် ဒုတိယ သမတများနှင့် အဆင့်အတန်း တူညီသည်ဟု ဆိုထားပြန်ရာ ကာကွယ်ရေး ဦးစီးချုပ်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများထက် အဆင့်အတန်း ပိုမို မြင့်မားနေကြောင်း ပေါ်လွင် ထင်ရှားစေပါသည်။

၎။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ပတ်သက်၍ လေ့လာ သုံးသပ်ချက်

အမျိုးသား ညီလာခံမှ ချမှတ်ထားသော အခြေခံရမူ (၁၀၄)ချက်အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတရပ် ထားရှိရမည် ဖြစ်ပါသည်။ ဤကောင်စီ (National Defence and Security Council) ကို အောက်ပါအတိုင်း ဖွဲ့စည်းရန် မူချမှတ်ထားပြန်ပါသည်။

၁။ နိုင်ငံတော်သမတ
၂။ နိုင်ငံတော် ဒုတိယသမတ (၁)
၃။ နိုင်ငံတော် ဒုတိယသမတ (၂)
၎။ ပြည်သူ့လွှတ်တော် ဥက္ကဌ
၅။ အမျိုးသားလွှတ်တော် ဥက္ကဌ
၆။ ကာကွယ်ရေး ဦးစီးချုပ်
၇။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်
၈။ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
၉။ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
၁၀။ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး
၁၁။ နိုင်ငံခြားရေးရာ ၀န်ကြီးဌာန ၀န်ကြီး
တို့ဖြင့် ဖွဲ့စည်းရန် မူချမှတ်ထားပါသည်။ ဤအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို လေ့လာ ကြည့်သည့်အခါ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပိုမို များပြားနေသည်ကို တွေ့ရပါသည်။

၁။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သော သမတ အဖွဲ့ဝင်တဦး
၂။ ကာကွယ်ရေး ဦးစီးချုပ်
၃။ ဒုတိယကာကွယ်ရေး ဦးစီးချုပ်
၎။ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
၅။ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
၆။ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး
စုစုပေါင်း ၆ ဦး ဖြစ်နေပါသည်။ ထို့အပြင် ဤအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty of Pardon) ပေးသင့် မပေးသင့်၊ နိုင်ငံတော် သမတကို အကြံပေးပိုင်ခွင့်နှင့် ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားရေးတွင်ပါ နိုင်ငံတော်သမတအား အကြံပြုပိုင်ခွင့် အာဏာပေးထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

ဤကဲ့သို့ မည်သည့်လွှတ်တော်၏ သဘောတူညီချက်ကိုမှ ရယူရန်မလိုဘဲ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အကြံပြုချက်ဖြင့်သာ နိုင်ငံတော်သမက ကာကွယ်ရေး ဦးစီချုပ်ကို ခန့်ထားရခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ကို ကြည့်မည်ဆိုလျှင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်နေပြီး နိုင်ငံတော် အစိုးရထက် အဆင့်မြင့်နေကြောင်း တွေ့ရပါသည်။
အမှန်တကယ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်မပေးသင့်၊ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ခြင်း တို့တွင် နိုင်ငံတော် သမတသည် မိမိအစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ လုပ်ဆောင်သင့်ပါသည်။ သို့ဖြစ်ရာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် ယခင် မဆလ လက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ နိုင်ငံတော် ကောင်စီနှင့် သဏ္ဍာန်တူနေပြီး အစိုးရအဖွဲ့အား Policy ချမှတ်ပေးသည့် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်နေပါသည်။
ထို့အပြင် ထိုကောင်စီသည် လွှတ်တော်၏ ထိန်းချုပ်မှုနှင့်လည်း ကင်းလွတ်ကာ သီးခြားရပ်တည် နေသော အဖွဲ့အစည်းမျိုး ဖြစ်နေပါသည်။ ဒီမိုကရေစီ နိုင်ငံများတွင် ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သော ပြည်သူ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကသာလျှင် အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ပါသည်။ နိုင်ငံတော်တွင် ရှိသည့် အဖွဲ့အစည်း မှန်သမျှ လွှတ်တော်၏ လက်အောက်ခံသာ ဖြစ်သင့်ပါသည်။ လွှတ်တော်များအား ရေးရာ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းနိုင်ခွင့်ကိုလည်း ပေးအပ်ထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် ဤကောင်စီသည် သမတ၏ အစိုးရအဖွဲ့ကို လည်းကောင်း၊ လွှတ်တော်ကို လည်းကောင်း၊ အကြံပေးရန် မဟုတ်ဘဲ လမ်းညွှန်မှု ပေးရန်သာ ရှိသည်ဟု ယူဆပါသည်။ သို့မှသာလျှင် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည် ဆိုသော အချက်နှင့် ကိုက်ညီမည် ဖြစ်ပါသည်။ မဆလခေတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျင့်သုံးခဲ့သည် နိုင်ငံတော် ကောင်စီ နှင့် ခပ်ဆင်ဆင် တူနေသည်ဟု ယူဆပါသည်။ ယင်းတွင် နိုင်ငံရေး ဦးဆောင်မှုဆိုရာ၌ တပါတီ အာဏာရှင်စနစ်ကိုသာ ကျင့်သုံးခဲ့ခြင်း ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ခြင်း မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံရေး အနေအထားအရ ကြည့်မည်ဆိုလျှင် ဤကောင်စီသည် တရုတ်မှ နိုင်ငံရေး ဦးဆောင်အဖွဲ့ (Polibureau)နှင့် တူနေသည်ကို တွေ့ရပြန်ပါသည်။ အုပ်ချုပ်ရေးဘက်မှ ကြည့်မည်ဆိုလျှင် အမြဲတမ်း ကော်မတီ (Standing Committee) နှင့်လည်း တူနေသည်။ ထိုအမြဲတမ်း ကော်မတီသည် အမျိုးသား ကွန်ဂရက် အစည်းအဝေး မရှိချိန်တွင် ထိုကွန်ဂရက်၏ တာဝန်ကိုပါ ရယူရပါသည်။ ယခု မြန်မာနိုင်ငံ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည်လည်း ထို့နည်းလည်းကောင်း ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။

၅။ ပြည်ထောင်စု ဟုတ်မဟုတ် လေ့လာသုံးသပ်ခြင်း

ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ဖွဲ့စည်းပုံကို ကြည့်လျှင် ပြည်ထောင်စု ပုံသဏ္ဍန် မဟုတ်ကြောင်း သိသာ နေပါသည်။ ပြည်နယ်/တိုင်း ၀န်ကြီးချုပ် (Chief Ministers) များကို နိုင်ငံတော် သမတက အမည်စာရင်း တင်သွင်း (Nominate) ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ သဘောတူညီချက်ကို ရယူကာ နိုင်ငံတော်သမက ခန့်အပ်ပေးရန် မူချမှတ်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။ ထို့အပြင် သမက အမည်စာရင်း တင်သွင်း ထားသော ပြည်နယ်/တိုင်း ၀န်ကြီးချုပ်လောင်းများကို အရည်အချင်း မပြည့်မီကြောင်း ခိုင်လုံသော အထောက်အထား မပြနိုင်ပါက အခြားနည်းဖြင့် ငြင်းပယ်ခွင့် မရှိကြောင်း အခြေခံ မူအဖြစ် ထပ်မံ ချမှတ်ထားပါသည်။ ထို့အပြင် ပြည်နယ်/တိုင်း ၀န်ကြီး ဌာနများကို တည်ထောင်ခွင့်နှင့် ၀န်ကြီးများ ခန့်အပ်ပိုင်ခွင့်ကိုလည်း သမတကိုပင် အာဏာ အပ်နှင်းထားပါသည်။ ဆိုလိုသည်မှာ ၀န်ကြီးဌာနများကို တိုးချဲ့ခြင်း၊ လျှော့ချခြင်း၊ ဖျက်သိမ်းခြင်းများနှင့် ၀န်ကြီးများကို ခန့်အပ်ခြင်း၊ ၀န်ကြီးအဖြစ်မှ ရပ်စဲခြင်း စသည့် အခွင့်အာဏာများကို သမတအား အပ်နှင်းထားခြင်း ဖြစ်ပါသည်။

အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့ကို သမက တိုက်ရိုက် ချုပ်ကိုင်ထားပြီး ပြည်နယ်/တိုင်း လွှတ်တော်များက သဘောထား ပေးရုံသက်သက်သာ အခွင့်အရေး ရှိသည်ကို တွေ့ရပါသည်။ သမတသည် တနိုင်ငံလုံးရှိ ၀န်ကြီးအားလုံး (ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်း ၀န်ကြီးများ) ကို ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ဤကဲ့သို့ သမတက ၀န်ကြီးအားလုံးကို ချုပ်ကိုင်ထားနိုင်သည့် စနစ်သည် မည်သို့မှ ပြည်ထောင်စုစနစ် မဟုတ်နိုင်တော့ပါ။ တပြည်ထောင် စနစ်သာ ဖြစ်ပါသည်။

ပြည်နယ်/တိုင်း ဥပဒေပြု လွှတ်တော် ရှိယုံမျှဖြင့် ပြည်ထောင်စုဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ သက်ဆိုင်ရာ လွှတ်တော် အသီးသီးသည် မိမိနှင့် သက်ဆိုင်သော အစိုးရအဖွဲ့ကို တိုက်ရိုက် စီမံခန့်ခွဲနိုင်ခွင့် ရှိရပါမည်။ ယခု ရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်နယ်/တိုင်း အစိုးရကို ဗဟိုမှ တိုက်ရိုက်ချုပ်ကိုင် ထားသည့် တပြည်ထောင်စနစ်ကို ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင် မလိမ့်တပတ်လုပ်၍ ပုံမှား ရိုက်ထားခြင်းသာ ဖြစ်ပါသည်။

အထက်ပါ အချက်များသည် လွတ်လပ်ကြိုးပမ်း ကာလကတည်းက သဘောတူညီထားသော ပင်လုံစိတ်ဓာတ်၊ ပင်လုံ ကတိက၀တ်ကို လျစ်လျူရှု ဖောက်ဖျက်ရာလည်း ရောက်နေပါသည်။ သို့ဖြစ်ရာ (Road Map) လမ်းပြ မြေပုံကြီးကို တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် လက်ခံရန် ခဲယဉ်းစေမည် ဖြစ်ပါသည်။ ထို့ကြောင့် ထိုမဟာ လမ်းပြမြေပုံကြီးသည် ယခု မျက်မှောက် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ထို့အပြင် စစ်အစိုးရသည် စစ်မှန်သော ပြည်ထောင်စု (Federal) မူကို ခွဲထွက်ရေးမူအဖြစ် သရုပ်ဖျက်ကာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုလည်း ငြင်းပယ်လျက် ရှိပြီး အလွန်နေချင့်စဖွယ် နိုင်ငံကို မည်သူမျှ မနေချင်တော့လောက်အောင် အကျဉ်းတန်သော နိုင်ငံ ဖြစ်သွားအောင် ဖန်တီးနေခြင်းမှာ အလွန် ၀မ်းနည်းဖွယ်ရာ ကောင်းလှပါသည်။

၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘာကြောင့် အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့ရသလဲ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ၄ နှစ်တိုင်တိုင် ကျင်းပခဲ့သော အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ သို့ရာတွင် ၁၉၉၆ ခုနှစ်တွင် အမျိုးသား ညီလာခံမှ ထွက်ခွာခဲ့ပြီး အမျိုးသား ညီလာခံလည်း ရပ်ဆိုင်းသွားခဲ့ပါသည်။ ဤသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံမှ နှုတ်ထွက်ခဲ့ ရခြင်းမှာ အောက်ပါ အချက်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

၁။ ပါတီစုံစနစ်နှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရှိရခြင်း၊
၂။ ဒီမိုကရေစီစနစ်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခြင်း (တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ၂၅% ပါဝင်နေခြင်း၊ လွှတ်တော် ကိုယ်စားလှယ် သုံးပုံတပုံ အစည်းအဝေး တက်လျှင် အစည်းအဝေး အထမြောက်သည်ဟု ဆိုထားခြင်း)
၃။ ပြည်ထောင်စုစနစ် မဟုတ်ဘဲ ပြည်နယ်/တိုင်း အစိုးရများကို ဗဟိုအစိုးရ အကြီးအကဲဖြစ်သည့် သမတ က တိုက်ရိုက် ချုပ်ကိုင်ထားနိုင်သည့် တပြည်ထောင် အစိုးရစနစ် ဖြစ်နေခြင်း
၎။ ညီလာခံတွင် ဘာမျှ တင်ပြဆွေးနွေးပိုင်ခွင့် မရှိဘဲ ၎င်းတို့မှ ရှင်းပြ ဖတ်ပြသမျှကိုသာ နားထောင်နေရခြင်း၊
၅။ အစုအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေး တင်ပြခွင့် ရှိသည်ဆိုသော်လည်း ဆွေးနွေး တင်ပြချက်များကို လုပ်ငန်း ကော်မတီကို ပထမဦးစွာ တင်ပြပြီးမှ ၎င်းတို့ ချမှတ်ထားသော ဖတ်ပြ၊ ရှင်းပြခဲ့သော စာတမ်းပါ အချက်အလက်များနှင့် မကိုက်ညီပါက လက်မခံ ပယ်ချခြင်း၊
၆။ တင်းကျပ်သော ဥပဒေ ပြဌာန်းထားပြီး လွတ်လပ်စွာ သုံးသပ် ပြောဆိုပိုင်ခွင့် မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
၇။ ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာ သုံးသပ်ချက်
နိုင်ငံတော် သမတက ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေရေး ကော်မတီတရပ် ထားရှိမည် ဖြစ်ပြီး ဤကော်မတီတွင် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များက ကော်မတီဝင်များအဖြစ် ပါဝင်မည် ဖြစ်ပါသည်။ ဤကော်မတီသည် ကောင်းမွန် သင့်တော်သည်ဟု ဆိုရမည် ဖြစ်သော်လည်း ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များကို နိုင်ငံတော် သမတက တိုက်ရိုက် ကိုင်တွယ် ခန့်ထားသူများ ဖြစ်ရာ သမတကို အာခံပြီး အတိုက်အခံ ပြောဆိုဆွေးနွေးနိုင်စရာ လမ်းမမြင်ရပါ။ ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သည့် အများစု အနိုင်ရပါတီ ခေါင်းဆောင် တဦးဦးကို သက်ဆိုင်ရာ လွှတ်တော်မှ ရွေးချယ် တင်မြှောက်လိုက်သော ၀န်ကြီးချုပ် ဖြစ်ပါက မည်သို့မျှ ဆိုဖွယ်ရာ မရှိပါဟု ယုံကြည်ပါသည်။

၈။ စစ်တပ်၏ အခန်းကဏ္ဍ

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် စစ်တပ် ပါဝင်နေခြင်းကို မည်သို့မျှ နားလည်နိုင်စရာ မရှိပါ။ စစ်တပ်သည် အခုမှ အခြေအနေအရ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခြင်း မဟုတ်ကြောင်းကို အောက်ပါ အချက်အလက်များ က သက်သေ ပြနေပါသည်။ စစ်တပ်သည် ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံရေး အာဏာကို ရယူထားခဲ့ပါသည်။ မဆလခေတ်တွင် ပါတီဥက္ကဌများသည် စစ်တပ်မှ ဗိုလ်ချုပ်များသာ ဖြစ်ခဲ့ပါသည်။ ဗဟိုတွင် ပါတီဥက္ကဌမှာ ဗိုလ်ချုပ်နေ၀င်း ဖြစ်ပြီး နယ်တွင် ဒေသပါတီ ဥက္ကဌများမှာ တိုင်းမှူးများ ဖြစ်ကြပါသည်။ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်/တိုင်း ကောင်စီများတွင်လည်း စစ်တပ်မှ ကိုယ်စားလှယ်များ ၂၅% မက ပါဝင်ခဲ့ပါသည်။ ထိုစဉ်က မဆလ ပါတီသည် နိုင်ငံရေး ဦးဆောင်အဖွဲ့လည်း ဖြစ်ပါသည်။ ဤသည်ကို လူထုက မလိုလား၍ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့ပြီး ထိုဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပျက်ပြားခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် စစ်တပ်သည် ယခုမှ နိုင်ငံရေးတွင် ပါဝင်လာခြင်း မဟုတ်ဘဲ စစ်တပ်အာဏာရှင်စနစ် ရေရှည် တရားဝင် ရပ်တည် နိုင်အောင် ပုံစံအသစ်တမျိုး တီထွင်လာခြင်းသာ ဖြစ်သည်ဟု ယူဆရမည် ဖြစ်ပါသည်။
အချို့က စစ်တပ်နှင့်ပြည်သူ အာဏာခွဲဝေ ကျင့်သုံးရေး (Power Sharing) ကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အချိန် အခိုက်အတန့်အထိသာ ပါဝင်လိမ့်မည်ဟု ထင်နေကြသည်ကိုလည်း တွေ့နေရပါသည်။ သို့ရာတွင် စစ်တပ်သည် အချိန်အခါ အခြေအနေအရ တစုံတရာသော အတိုင်းအတာ အထိသာ ပါဝင်လိုခြင်း ဟုတ်မဟုတ်ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းတွင် ဥပဒေကို လွယ်လွယ်နှင့် ပြင်ဆင်၍မရအောင် အခိုင်အမာ ပြုထားသည်ကို သတိပြုသင့်ပါသည်။

၉။ အရေးပေါ်ကာလပြဌာန်းချက်

နိုင်ငံတော်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော အစိုးရအကြီးအကဲ ဖြစ်သည့် နိုင်ငံတော် သမတနှင့် ဒုတိယသမတ များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ အပ်နှင်းထားသော တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခြင်းကြောင့် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲပေးရခြင်းမျိုး ဖြစ်ပါသည်။ မိမိတို့၏ ညံ့ဖျင်းမှုကြောင့် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲပြောင်းပေးရခြင်း ဖြစ်ရာ နိုင်ငံတော် သမတနှင့် ဒုတိယသမတ များသည်လည်း တာဝန်မှ နှုတ်ထွက်ပေးရမည် ဖြစ်ပါသည်။ သို့သော် ဤအခြေခံ ဥပဒေတွင် သမတနှင့် ဒုတိယ သမတများသည် မိမိတို့ရာထူးမှ နှုတ်ထွက်ပေးရန် မလိုသည်ကို တွေ့ရပါသည်။ ကာကွယ်ရေး ဦးစီးချုပ်သည် အရေးပေါ်ကာလ ပြီးဆုံးပါက မိမိအား လွှဲအပ်ထားသော အာဏာကို နိုင်ငံတော် သမတများထံ ပြန်လည် အပ်နှံပေးနိုင်ပါသည်။ သို့ဖြင့် နိုင်ငံတော် သမက မိမိထံ အပ်နှင်းထားသော အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား အငှားချထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့အပြင် လွှတ်တော်ကိုလည်း ယာယီ ရပ်ဆိုင်းထားခြင်းသာ ဖြစ်ပြီး အရေးပေါ်ကာလ ပြီးဆုံးပါက လွှတ်တော်လည်း အလိုအလျောက် ပြန်လည် အသက်ဝင်လာမည် ဖြစ်ပါသည်။
ဤအချက်သည် လွှတ်တော်ကို စစ်တပ်က နောက်ကွယ်မှ ကြိုးကိုင်ထားပြီး လူထုအုံကြွမှု ဖြစ်ပေါ်လာပါက စစ်တပ်မှ အာဏာသိမ်းရန် မလိုဘဲ တရားဝင် နှိမ်နင်းနိုင်ခွင့် ရရှိရေးကို ဖန်တီးထားခြင်းသာ ဖြစ်သည်ဟု သုံးသပ်မိပါသည်။

၁၀။ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို နောင်တွင် တဖြည်းဖြည်း ပြင်ဆင် ယူနိုင်ကောင်းသည်ဟု အချို့က မျှော်လင့် နေကြသည်။ ဥပဒေတခုကို တရားကိုယ်မှာ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လက်လှမ်းမီသမျှ ယိုပေါက်၊ ထွက်ပေါက်၊ ပျော့ကွက်ဟာကွက်၊ အားနည်းချက် မရှိအောင် ရေးဆွဲရသည်မျိုး ဖြစ်ပါသည်။ နောင်ကျမှ ပြင်ဆင် ယူမည်ဟု ပြီးစလွယ် ရေးသားရရိုး ထုံးစံမရှိပါ။ သို့နှင့်တိုင် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်ရသည်များ ရှိမြဲပင် ဖြစ်ပါသည်။ ယခုမူ စရေးကတည်းက ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် များစွာ ပါဝင်နေစေမည်ဆိုလျှင် နောင်တွင် ဆိုဖွယ်ရာ မရှိတော့ပါ။ ယင်းပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် များကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် ယခုရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းတွင် အလွန်အမင်း တင်းကြပ်သော အခြေခံမူများ ချမှတ်ထားခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ဤအခြေခံ ဥပဒေ၏ အရေးကြီးသော အခန်းများနှင့် ပတ်သက်၍ ပြင်ဆင်ရန် လိုအပ်လျှင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၏ ၇၅% ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း အခြေခံမူ ချမှတ်ထားသည်ကို တွေ့ရှိရပါသည်။

ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး ၏ ၂၀% လက်မှတ်ရေးထိုးအဆိုပြုတင်သွင်းမှသာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ချုပ်ထားပြန်ပါသည်။ ထို့ကြောင့် အပေါ်ယံကြည့်လျှင် လွယ်မယောင်နှင့် အလေးအနက် တွက်ချက်ကြည့်ပါက မည်သို့မျှ ပြင်ဆင်၍ ရနိုင်ဖွယ် မရှိသော အခြေခံဥပဒေ ဖြစ်မှန်းမသိ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
အတိအကျ ပြောရလျှင် လွှတ်တော်ကိုယ်စားလှယ် ၁၃၃ ဦး လက်မှတ်ရေးထိုး အဆိုပြု တင်ပြမှသာ ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးနိုင်မည့် အခြေအနေ ဖြစ်ပါသည်။ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၄၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး၊ ပေါင်း ၆၆၄ ဦး၏ ၂၀% သည် ၁၃၃ ဦး ဖြစ်နေသည်ကို သတိမူရန် လိုအပ်ပါမည်။)

ဤမျှ ပြင်ဆင်ရန် ခက်ခဲအောင် ပြုလုပ်ထားခြင်းမှာ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင် ထမ်းဆောင်ရေးကို အစဉ်တစိုက် မပယ်ဖျက်နိုင်စေရန် ကာကွယ်ထားခြင်း ဖြစ်သည်ဟု ခံစားမိပါသည်။ တဖက်တွင် နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ (အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) ပြင်ဆင်ရန် လိုလားပါက အလွယ်တကူ ပြင်ဆင်နိုင်သည်ကိုလည်း သတိမူသင့်ပါသည်။ ဥပမာ တရုတ်ပြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလားတူ ပြင်ဆင်ရန် အလွန်အမင်း ခက်ခဲအောင် ရေးဆွဲထားသော်လည်း ပေါလစ်ဗျူရို အဖွဲ့မှ ပြင်ဆင်လိုပါက အလွယ်တကူ ပြင်ဆင်နိုင်သည်ကို တွေ့ရသည်။

၁၁။ လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ယောက် ပိုင်သော ပုဂ္ဂိုလ်ကြီး

ယခုရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်သူလူထု တသောင်းမှ နှစ်သောင်းအထိ ရှိလျှင် လွှတ်တော် ကိုယ်စားလှယ်တဦး ရွေးချယ်ရမည် ဖြစ်သည်။ သို့ရာတွင် ပုဂ္ဂိုလ်ထူးကြီးတဦးက လွှတ်တော် ကိုယ်စား လှယ် ၁၆၆ ယောက် ပိုင်ဆိုင်ထားပြီး မိမိစိတ်ကြိုက် ညွှန်ကြားနိုင်ခွင့် ရှိသည်ကို တွေ့ရှိရပါသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ နိုင်ငံတော် အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးအချို့ (အထူးသဖြင့် ကာကွယ်ရေးဝန်ကြီး) ၏အထက် တွင်လည်း ရှိနေပါသည်။ ထို့ကြောင့် ပေါ်ထွက်လာဖွယ် ရှိသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မည်သို့သော ပုံသဏ္ဍာန် ရှိမည်ဆိုသည်ကို ခန့်မှန်းနိုင်ကြလောက်ပြီဟု ယူဆပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာ သုံးသပ်ကြပါကုန်။

၁၂။ လက်ရှိအာဏာရ အစိုးရ၏ လုပ်ဆောင်ချက်များအကြောင်း တစေ့တစောင်း

လက်ရှိ အခြေအနေတွင် နယကအစိုးရသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်နေပြီး တဖက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ဖွဲ့စည်းကာ ၎င်းတို့၏ လက်သပ်မွေးပါတီ တခုဖြစ်လာအောင် ဆောင်ရွက်လျက် ရှိနေပါသည်။ ထို့အပြင် ပြည်သူ့ စွမ်းအားရှင်အဖွဲ့ ဟူ၍ ဖွဲ့စည်းထားပါသည်။ ယင်း အဖွဲ့အစည်းများကို ငွေကြေး၊ အခွင့်အရေး၊ လုပ်ကိုင်ခွင့်များ ပေးပြီး စည်းရုံး ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ စစ်တပ်က မိမိပါတီကို လေ့ကျင့် တည်ထောင်ခွင့် ရှိပြီး ကျန်နိုင်ငံရေး အင်အားစု အားလုံးကို နှိပ်ကွပ်နေခြင်းမှာ အင်ဒိုနီးရှား ဆူဟာတို စစ်အစိုးရ၏ ဂေါ်(လ်)ကာပါတီကို အမှတ်ရစရာ ဖြစ်စေပါသည်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစေနိုင်သည့် နည်းလမ်းများဖြင့်သာ ရယူရန် လိုအပ်မည်ဟု ထင်ပါသည်။

၁၃။ ယခုရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ကဲ့သို့ အတည်ပြုချက် ရယူမည်နည်း။

ယခု ရေးဆွဲမည့် အခြေခံဥပဒေကို မဲပေးပိုင်ခွင့်ရှိသော ပြည်သူလူထု၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် အတည်ပြုမည်ဟု ဆိုထားပါသည်။ တဖက်တွင်လည်း ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရမည်ဟု ဆိုပြန်ပါသည်။ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ မည့်သို့သော ဥပဒေမျိုးကို ခေါ်ကြောင်း တွေးစရာ ဖြစ်လာပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုထောက်ခံမှု ၉၀.၁၉% ရရှိခဲ့သဖြင့် ခိုင်မာသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည်ဟု န၀တက ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ပြီးသည်အထိ ပြောဆို နေခဲ့သည်ကို အမှတ်ရကြဦးမည် ထင်ပါသည်။ သို့ဆိုလျှင် ဘယ်အတွက်ကြောင့် ထိုခိုင်မာလှသော အခြေခံဥပဒေကို ဖျက်သိမ်း ခဲ့ရပါသနည်း။ ထို့အတူ ယခုအသစ် ရေးဆွဲသော အခြေခံ ဥပဒေသစ်ကြီးကို ပြည်သူလူထု၏ ထောက်ခံမှု ရာခိုင်နှုန်း မည်မျှရရှိမှ ခိုင်မာသည်ဟု ဆိုဦးမည်နည်း။ ၉၀.၁၉% ထက် ကျော်လွန်ရမည်လော။ ၁၀၀%လော။ သို့မဟုတ် ရာခိုင်နှုန်း မည်မျှပင်ရရ အတည်ပြုမည်လော။ မေးစရာ မေးခွန်း တသီတတန်းကြီး ထွက်ပေါ်နေပြီ ဖြစ်ပါသည်။

ယခု ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ရှည်လျားထွေပြားလှသော ကျနော်တို့၏ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ပြေလည် ထွက်ပေါက်ရစေရန်အတွက် အခရာ ဖြစ်ပါသည်။ ဤအခြေခံဥပဒေကို ပြည်တွင်း အခြေအနေများနှင့် ကိုက်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်လည်း ညီညွတ်ပါက ပြည်သူအများကလည်း လေးစား လက်ခံနိုင်ကာ ပဋိပက္ခများကိုလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ သိုသော် ယခုရုပ်လုံး ပေါ်စပြုနေသည့် အတိုင်း မဟာလမ်းပြမြေပုံကို ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်အောင်ပြု၍ မိမိတစု၊ တဖွဲ့တည်း သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ထဲ၏ အကျိုးစီးပွားအတွက် ဦးတည်ရေးဆွဲမည် ဆိုပါက ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် အခြေအနေကို ပိုမို ဆိုးရွားလာစေမည် ဖြစ်ပါသည်။ အမျိုးသားညီလာခံမှ ချမှတ်ထားသော အခြေခံမူများအရ ရေးဆွဲထားသည့် အခြေခံဥပဒေကို အတည်ပြုနိုင်သည့်တိုင် ရေရှည်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ခက်ခဲပြီး နောင်တနေ့တွင် ပြန်လည် ပေါက်ကွဲကာ သွေးထွက်သံယိုမှုများနှင့် မလွဲမသွေ ကြုံတွေ့နိုင်ပါသည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာ ဖြေရှင်းခြင်းဖြင့်သာ တိုင်းပြည် အဓွန့်ရှည် တည်တံ့မည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါမည်။ တွေ့ဆုံ ဆွေးနွေးရေးကို သွေဖီကာ မိမိစိတ်ကြိုက် ဖန်တီးယူထားသည့် မူအတိုင်း လက်ခံရန် အတင်းအကြပ် ဆောင်ရွက်မည် ဆိုပါက တိုင်းပြည်၏ ပြဿနာကို ပိုမို ရှုပ်ထွေးလာစေမည် ဖြစ်ပါသည်။

အထက်ပါ အဖြစ်အပျက်များနှင့် ပတ်သက်၍ တရားရုံးချုပ်၊ ရှေ့နေချုပ် ရုံးတို့တွင်လည်း တာဝန်မကင်း ဟု ယူဆပါသည်။ သို့ဖြစ်၍ အချင်းချင်း အပြန်အလှန် အပြစ်ဖို့ စွတ်စွဲ ပုတ်ခတ် ပြောဆိုနေကြမည့်အစား အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဟု ထင်ပါသည်။ တိုင်းပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှုပြီး ယခု ကျင်းပလျက် ရှိသော အမျိုးသား ညီလာခံကြီးကို ပြုပြင်ပြောင်းလဲကာ ပိုမို လွတ်လပ်ခွင့် ပေးပြီး ပြည်သူတရပ်လုံးက လက်ခံနိုင်သည့် အဓွန့်ရှည် တည်တံ့ခိုင်မြဲသော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ပေါ်ပေါက်လာအောင် စိတ်ကောင်းစေတနာ ထားရှိ ဆောင်ရွက်ကြရန် လိုပြီဟု ယုံကြည်ပါသည်။ ဤနည်းဖြင့်သာလျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသော ပြဿနာ ပေါင်းစုံကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြအပ်ပါသည်။

Read More...