Showing posts with label တွေ့ဆုံမေးမြန်းချက်. Show all posts
Showing posts with label တွေ့ဆုံမေးမြန်းချက်. Show all posts

Wednesday, April 2, 2008

ဆန္ဒခံယူပွဲမူဝါဒ အန်န်အယ်လ်ဒီ မကြာမီ ကြေညာမည်

၂၀၀၈ မတ် ၃၁
ဗွီအိုအေ

မကြာခင် လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုဖို့ မြန်မာစစ်အစိုးရက ပြင်ဆင်နေတဲ့ အခြေခံဥပဒေမူကြမ်းတရပ် ထွက်ပေါ်လာတာနဲ့အမျှ ဒီအပေါ်မှာ အခြေအတင် ဝေဖန် ပြောဆိုမှုတွေလည်း ထွက်ပေါ် လာနေပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံထဲက အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) လည်း အပါအ၀င် ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မေလထဲမှာ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲကတဆင့် အတည်ပြုဖို့ရှိတဲ့ ဒီအခြေခံဥပဒေမူကြမ်း အခု ရက်ပိုင်းအတွင်း ထွက်ပေါ်လာနေရာမှာ ဒီအထဲက အသေးစိတ် အချက်အလက်တွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) အနေနဲ့ သဘောမတူနိုင်စရာတွေ ရှိနေတာပါ။ ဒီအခြေခံဥပဒေမူကြမ်းအရဆိုရင် ပါတီခေါင်းဆောင်တဦးလည်းဖြစ်၊ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နိုင်ငံရေးမှာ အကန့်အသတ်တွေနဲ့ ကြုံတွေ့ရဖို့ ရှိနေပါတယ်။ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ဒီလိုချုပ်ချယ်ကန့်သတ်မှုဟာ အစဉ်အလာတော့ မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။

“အခြေခံဥပဒေမူကြမ်းကိုတော့ ကျနော် ယနေ့အထိ မဖတ်ရသေးပါဘူး။ သို့သော်လည်း ဒီဥစ္စာက အမျိုးသားညီလာခံက ဆုံးဖြတ်ထားတယ်ဆိုတဲ့ အသေးစိတ်အခြေခံမူတွေ၊ ဒီဟာကိုပဲ ပြန်ရေးတာ။ အဲဒီမှာ လေ့လာချက်အရပြောရရင် သမ္မတအရည်အချင်း ချို့ငဲ့သူအဖြစ် ဖော်ပြတဲ့နေရာမှာ မိမိသော်လည်းကောင်း၊ မိမိသားသမီးသော်လည်းကောင်း နိုင်ငံခြားသားနဲ့ လက်ထပ်ထားရင်၊ အိမ်ထောင်ပြုရင် အရည်အချင်း ချို့ငဲ့သူအဖြစ် သတ်မှတ်တယ်။ အဲဒါက သမ္မတအရည်အချင်းမှာပါ၊ ပြည်သူ့လွှတ်တော် အရည်အချင်းမှာ မဟုတ်ပါဘူး။”

“ဒီပြဋ္ဌာန်းချက်နဲ့ပတ်သက်ရင် ဗမာ့နိုင်ငံရေးသမိုင်းမှာ တကြိမ်တခါမှ ဒါမျိုး မပါဖူးဘူး။ ၁၉၄၈ ခုနှစ်ရွေးကောက်ပွဲ၊ ၄၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အဲဒီမှာ အသီးသီးမပါခဲ့ဘူး။ ဒါဟာ ပထမဦးဆုံးအကြိမ် ပြဋ္ဌာန်းတဲ့၊ ကန့်သတ်တဲ့အချက်အဖြစ် ကျနော်တို့မြင်ရပါတယ်။”

အခု အခြေခံဥပဒေမူကြမ်းမှာ မြန်မာစစ်အစိုးရက ကမကထလုပ် ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့အတိုင်း စစ်တပ်ရဲ့အခန်းကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းထားတာပါ။ နောက် တိုင်းပြည်မှာ အရေးပေါ်အခြေအနေ တစုံတရာ ပေါ်ပေါက်ရင်လည်း စစ်တပ်က အာဏာကို လွှဲပြောင်း ရယူခွင့်ရှိဖို့လည်း ပြဋ္ဌာန်းထားပါတယ်။ ဒီလို အနာဂတ် တိုင်းပြည်အုပ်ချုပ်ရေးမှာ စစ်တပ်က
ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမယ့်အပေါ် အန်န်အယ်လ်ဒီရဲ့ သဘောထားကတော့ …

“ကျနော်တို့လက်ခံထားတာက အချုပ်အခြာအာဏာက ပြည်သူ့ထံက ဆင်းသက်ရမယ်။ ပြည်သူတွေ တင်မြှောက်လိုက်တဲ့၊ ပြည်သူတွေ ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံ့အရေးအရာကို ဆောင်ရွက်ရမယ်။ အခု အဲဒီလို လေးပုံတပုံပါတာဟာ ဒီအခြေခံမူတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပထမတချက်အနေနဲ့ ပြောချင်တယ်။”

“ဒုတိယတချက်အနေနဲ့က ပါလီမန်မှာ လေးပုံတပုံက ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းသွင်းတဲ့လူ၊ ကျန်တဲ့လူတွေက အရွေးချယ်ခံ။ အဲဒီအရွေးချယ်ခံ ပုဂ္ဂိုလ်တွေက တကယ့်အုပ်ချုပ်ရေးမှာ အဓိကမကျဘူး။ အဓိကကျတာက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ။ အဲဒီကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း ဆယ့်တဦးမှာ ခြောက်ဦးက ကာကွယ်ရေးဦးစီးချုပ်ဆီက လာတဲ့လူတွေချည်းပဲ။ အဲတော့ ဒီအခြေခံဥပဒေအရဆိုရင် အချုပ်အခြာအာဏာသည် ကာကွယ်ရေးဦးစီးချုပ်ထံကလာသည်။ ပြည်သူ့ထံက မဟုတ်။ ကျနော်တို့ အဲဒီလိုမြင်ပါတယ်။ အာဏာသိမ်းတာကို တရားဥပဒေနဲ့အညီ သိမ်းတယ်လို့ ဒီလို ဖော်ပြလိုက်တာပဲ။ ဒါကလည်း သူတို့ဆုံးဖြတ်ချက်ပဲ။ အရေးပေါ်အခြေအနေ ကြေညာရန်ရှိမရှိဆိုတာ အဓိကအားဖြင့် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ရမယ်လို့ ဖော်ပြတယ်။ ဒါကြောင့် ပါလီမန်မှာ အာဏာမရှိဘူး။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အာဏာအပြည့်ရှိတယ်လို့ ပြောချင်
တယ်။”

အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့အခါ ပြင်ဆင်ချက်တွေ လုပ်ဖို့လိုတယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ % ကျော်ရဲ့ ထောက်ခံမှုနဲ့သာ ဆောင်ရွက်နိုင်ခွင့် ရှိရမယ်ဆိုပြီး မူကြမ်းထဲမှာ ထည့်သွင်းထားတာပါ။ ဒါဟာလည်း အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိအောင် ကြိုတင်ကန့်သတ်တဲ့သဘောလို့ အန်န်အယ်လ်ဒီက ရှုမြင်တာပါ။

“ဒါကလည်း လုံးဝ တပ်မတော်က မပါဘဲနဲ့ တပ်မတော်က အမည်စာရင်းပေးတဲ့ ကိုယ်စားလှယ်တွေ မပါဘဲနဲ့ လုံးဝ ပြင်ဆင်ခွင့်မရှိအောင် ပြဋ္ဌာန်းထားတဲ့ သတ်မှတ် ချက်တွေပဲဖြစ်တယ်။”

ဒီလို လက်မခံနိုင်တဲ့ အခြေအနေတွေ ရှိနေပေမယ့်လည်း အန်န်အယ်လ်ဒီအနေနဲ့ အာဏာပိုင်တွေက မေလထဲကြရင် ကျင်းပပေးဖို့ရှိတဲ့ ဆန္ဒခံယူပွဲကို ဆန့်ကျင် သပိတ်မှောက်မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့်လို့ လူထုတွေအနေနဲ့ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေအတွက် အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကို မကြာခင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်မှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“ကျနော်တို့ ၁၉၉၃ နောက်ပိုင်းမှာ ဒါမျိုးကို လက်မခံဘူးဆိုတာ ပြောတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ချမှတ်မယ့် အခြေခံမူတွေဟာ အန်န်အယ်လ်ဒီက လုံးဝလက်မခံဘူးလို့ အတိအကျ ပြောပြီးသားဖြစ်ပါတယ်။ ကျနော်တို့ လုံးဝ Boycott မလုပ်ဘူး။ ဒီပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ပြည်သူတွေ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတာနဲ့ပတ်သက်တဲ့ အန်န်အယ်လ်ဒီရဲ့ မူဝါဒလမ်းစဉ်ကို သိပ်မကြာခင်အချိန်မှာ ကျနော်တို့ ထုတ်ပြန်ပါ့မယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကတော့ အခု မေလ လူထုဆန္ဒခံယူပွဲတွေပြီးရင် နောက် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးမယ် ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။

ဒါပေမယ့်လို့ အခြေခံဥပဒေတရပ်လည်း သတ်သတ်မှတ်မှတ် အတည်ပြုပြဋ္ဌာန်းထားတာ မရှိသေးတဲ့အချိန်မှာ ဒီလိုကြေညာတာဟာ အဓိပ္ပာယ်မရှိဘူးဆိုပြီးတော့လည်း အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကန့်ကွက်ပြောဆိုထားတာတွေလည်း ရှိပါတယ်။

Read More...

Friday, February 29, 2008

စစ်အစိုးရက ပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲအပေါ် ဒူးဝါးဇော်အောင် နှင့် ဦးအောင်သူငြိမ်းတို့၏ အမြင်

ဘီဘီစီ အင်တာဗျူး
၂၀၀၈ ဖေဖော်ဝါရီ ၁၉ (နံနက်ပိုင်း)

မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ဟာ စစ်အစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေနဲ့ မကိုက်ညီဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ပြောကြားလိုက်ပါတယ်။ စစ်အစိုးရ က ၁၉၉၀ ပြည့် ရွေးကောက်ပွဲကနေ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံဥပဒေ ရေးဆွဲဖို့ တာဝန်ရှိတယ်လို့ ကြေညာခဲ့ကြောင်း၊ အခု စစ်အစိုးရက လူထုဆန္ဒခံယူမယ့် အခြေခံဥပဒေကို လွှတ်တော် ကိုယ်စား လှယ်တွေ ရေးဆွဲထားတာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အခြေခံဥပဒေကို လူထုကြားထဲ ချပြဆွေးနွေးတာ မရှိသေး သလို လူထုအနေနဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ မရနိုင် အောင် တားဆီးထားတဲ့ ကန့်သတ် ချက်တွေလည်း ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် နအဖအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့အညီ ပြည်သူ့လွတ်တော်ခေါ်ယူပေးဖို့ တာဝန်ရှိကြောင်း ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ပြထားပါတယ်။ မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းကို ဒီနှစ်ထဲမှာ လူထုဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်သလို ၂၀၁၀ ခုနှစ်ကျရင် ရွေးကောက်ပွဲအသစ် ကျင်းပမယ်လို့ ဒီလအစော ပိုင်းတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

နအဖရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီက မနေ့က သူတို့ဘက်က သဘောထားကို ထုတ်ပြန်ကြေညာ ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြည်ပရောက် နိုင်ငံရေးအင်အားစုတချို့ရဲ့ သဘောထား အမြင် တွေကို နားဆင်ကြည့်ပါမယ်။ အခုအရင်ဆုံး အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀ိုင်းမော် လွှတ်တော် ကိုယ်စားလှယ် ဒူးဝါးဇော်အောင်က ပြည်သူ့ဆန္ဒခံယူပွဲကို သပိတ်မှောက်ရမယ်ဆိုပြီးတော့ ယူဆတာကို နားဆင်ကြည့်ပါခင်ဗျ။

ဒူးဝါးဇော်အောင် ။ ။ စစ်အစိုးရက သူရေးဆွဲတဲ့ အခြေခံဥပဒေမူကြမ်းကလည်းပဲ ပြည်သူလူထုဆန္ဒ မပါဘူးလေ၊ မကြာခင် Refrendum လုပ်မယ်ဆိုတာ ပြည်သူလူထုက ဘာလုပ်ထားမှန်းလည်း မသိဘူး။ ဒါ မတရားဘူးပေါ့၊ ရွေးကောက်ပွဲမှာ နိုင်တဲ့ သူတွေကို သူရဲ့ ၁/၉၀ အရ ကျနော်တို့ပဲ ရေးဆွဲရမယ့်ဥစ္စာ အခု သူဟာနဲ့သူ လုပ်ချင်တယ် ဆိုတာ မတရားဘူးပေါ့လေ။

ဘီဘီစီ ။ ။ မတရားဘူးဆိုတာတော့ ဟုတ်ပါပြီ။ အခု အစိုးရကနေပြီးတော့ အတင်းဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ခေါ်နေတဲ့ အခါမှာ အန်ကယ်လ်တို့ဘက်ကနေပြီးတော့ အစိုးရကနေပြီးတော့ခေါ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်လို လုပ်ဖို့ အစီအစဉ် ရှိလဲ။

ဒူးဝါး ။ ။ အဲဒါက ဟိုဒင်းလေ ပြည်မမှာလည်း အန်အယ်လ်ဒီ ဌာနချုပ်ရှိတယ်လေ၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် တဦးချင်းအနေနဲ့တော့ ကျနော်တို့ ဘယ်လိုမှ မလုပ်တတ်ဘူးလေ၊ ဒါပေမယ့် ကန့်ကွက်ရမှာပေါ့၊ သူတို့ပဲ လုပ်တဲ့အခါမှာ ဘယ်သူမှ မဲရုံမသွားနဲ့ပေါ့၊

ဘီဘီစီ ။ ။ ရွေးကောက်ပွဲမသွားဘဲ သပိတ်မှောက်ကြရမယ်ပေါ့။

ဒူးဝါး ။ ။ ဆန္ဒခံယူပွဲရောက်လာတဲ့အခါမှာ ဘယ်သူမှမဲရုံကို မသွားရုံပဲလေ။ တချို့ တခါတလေ တီဗွီတွေမှာကြား တာက အေး သွားမယ်တဲ့ ထည့်မယ်တဲ့ ကန့်ကွက်မဲထည့်မယ်တဲ့၊ ကန့်ကွက်မဲဆိုရင်လည်း အဲဒီ မဲပုံးဟာ တယောက်တည်း ရှိတယ်၊ စစ် အစိုးရပဲရှိတော့တာ၊ ဟို မဆလတုန်းကလည်းပဲ ကန့်ကွက်မဲက မဲပြားကို ဘယ်သူမှမရှိတော့အခါ ကျတော့၊ မဲထည့်တဲ့သူ တွေ ပြန်သွားတဲ့အခါကျတော့ အားလုံးထောက်ခံမဲမှာ ထည့်လိုက်တယ်လေ။ နောက် ကမ္ဘာကို အားလုံးက ထောက်ခံတယ်လို့ လိမ်တယ်လေ။ အခုလည်း ဒီလိုလုပ်မှာပဲ။ ဒါကြောင့် ကန့်ကွက်မဲလည်း မထည့်နဲ့ ထောက်ခံမဲလည်းပဲ ဘယ်သူမှ မဲမထည့်တာ အကောင်းဆုံးပဲ။ ဒါက ကျနော်အမြင်ပြောတာပါ။ ကုလသမဂ္ဂလို စောင့်ကြပ်ပေးတဲ့ အဖွဲ့ရှိရင် တော့ ကန့်ကွက်မဲထည့်ရင် တော့ ရမှာပဲလို့ ယူဆတယ်။

ဒါကတော့ အန်အယ်လ်ဒီ ၀ိုင်းမော်လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးဇော်အောင်က သူ့ရဲ့အမြင်ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာ အမေရိကန်နိုင်ငံမှာပဲရှိနေတဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်းကတော့ ပြည်သူလူထု ကို အန်အယ်လ်ဒီ အနေနဲ့ အဆုံးအဖြတ်ပေးခိုင်းသင့်ပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ အန်အယ်လ်ဒီက ကျနော်မြင်တာကတော့ လူထုတွေလှုပ်ရှားဖို့တို့ ဘာတို့ အဲဒီလိုခေါ်ရင် မဖြစ်နိုင်ဘူး ထင်တယ်။ အခြေအနေအရပေါ့၊ သူတို့လုပ်သင့်တာကတော့ Referendum ဖြစ်လာမယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး တရားမျှတ အောင်ဖြစ်မလဲ အဲလို ၅/၉၆ ကို ရုတ်ခိုင်းတာတို့ ဘာတို့ ဒီလောက်ပဲလုပ်နိုင်မယ် ထင်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ ဒါပေမယ့် အန်အယ်လ်ဒီပြောတဲ့ဟာက အဲလောက်အထိ ပြတ်ပြတ်သားသားမရှိဘူးနဲ့ တူတယ်။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်တယ်။ မရှိဘူး။ သူ့ကြေညာချက်မှာ ကျနော်ဖတ်ကြည့်တော့ အဲလိုသဘော မပါဘူး။

ဘီဘီစီ ။ ။ အန်အယ်လ်ဒီအနေနဲ့က သူ့ရပိုင်ခွင့်တွေတောင်းဆိုတာအပြင် ဒီထက်ပိုပြီးတော့ ဘာများလုပ်ဆောင်နိုင် သေးလဲ လို့ အပြင်လူတယောက်အနေနဲ့ မြင်မိလဲခင်ဗျ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာက အန်အယ်လ်ဒီက ဒီ အခု ၂၀၀၈ အစမှာကတည်းက သူတို့နှစ်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကို သူတို့အာဂျင်တာ အနေနဲ့ ဆုံးဖြတ်ထားတဲ့ သဘောမျိုးလုပ်ထားတာလည်း ရှိပါတယ်။ ဆိုတော့ အဲဒီ အနေအထားမှာတော့ အန်အယ်လ်ဒီအနေနဲ့ ဒီဥစ္စာကို ဖျက်ပြီးတော့ နောက်ထပ် ပြည်သူလူထုကို လှုံ့ဆော်ဖို့ ဘာဖို့ စသည် ဖြင့် လုပ်ဖို့လည်း ခက်ပါတယ်။ နောက်တခုကတော့ အခု ပြည်သူ့ဆန္ဒခံ ယူပွဲလုပ်မယ် ဘာမယ် ဆိုတာကလည်း ကျနော် ထင်တယ် လာမယ့် ရက် ၉၀ လောက်အတွင်းမှာ ဖြစ်မယ်ဆိုတော့ အချိန်က သိပ်တိုတောင်းနေပါပြီ။ အဲတော့ အန်အယ်လ်ဒီ အနေနဲ့ လုပ်နိုင်တာကတော့ ကျနော်မြင်တာ ဒီဆန္ဒခံယူပွဲ ကို လူထုကို အဆုံးဖြတ်ခံခိုင်းတာကတော့ ကျနော်ထင်တယ် အကောင်းဆုံးပဲထင်ပါတယ်။ အခုဟာက န၀တက မညှိနှိုင်းတော့ဘဲနဲ့ သူ့ဖာသာနဲ့သူ သွားတော့မယ့် ပုံစံမျိုးလည်း ဖြစ်နေ ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တော့ မဲမလိမ်အောင် မညစ်အောင် စသည်ဖြင့် ဒါမျိုး ဘယ်လိုလုပ်နိုင်မလဲပေါ့၊ နောက်တခုက နိုင်ငံတကာ စောင့်ကြည့်မှုတွေရအောင် တောင်းဆိုတာမျိုးတို့၊ နောက်တခုက ဒါ အနိမ့်ဆုံး လုပ်နိုင်မယ် လို့ တော့ ထင်ပါတယ်။

ဘီဘီစီ ။ ။ အန်အယ်လ်ဒီက စောစောကပြောသလို အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်က သိပ်ပြီးတော့ ရှင်းရှင်း လင်းလင်းမရှိ သေးဘူးဆိုတဲ့အခါကျတော့ ပြည်သူလူထုက အန်အယ်လ်ဒီဆီကနေပြီးတော့ clear message ပေါ့၊ တိကျပြတ်သားတဲ့ သင်္ကေတ တခုခု ထွက်မလာတဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့က ပြည်သူ့ဆန္ဒခံယူပွဲကို ရင်ဆိုင်ဖို့ အနေအထားမှာ အခက်အခဲများရှိမနေနိုင်ဘူးလား။

ဦးအောင်သူငြိမ်း ။ ။ အဲလိုမျိုးဆိုရင်တော့ ရှိနိုင်ပါတယ်ခင်ဗျ၊ ဒါပေမယ့် ကျနော်မြင်တာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း ကျနော်တို့ အင်အားစုတွေက သိပ်ပြီးတော့ မတွန်းသင့်ဘူးလို့ထင်ပါတယ်။ ကျနော်ထင်တာကတော့ ပြည်ပ ရောက်နေတဲ့ အဖွဲ့အစည်းတွေရော တခြားဒီမိုကရေစီအင်အားစုအသီးသီးကတော့ ဒီဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့၊ နောက်တခါ ဖွဲ့စည်းပုံအသစ်နဲ့ပတ်သက်လို့ ကျနော်တို့သဘောထားတွေကို ကျနော်တို့ဘာသာ ကျနော်တို့ ထုတ်ဖော်ပြီး ပြောတာတော့ ပိုကောင်းတယ် ထင်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျနော်အစောပိုင်းတုန်းက အန်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးဇော်အောင် ကို ကျနော် ဖုန်းဆက်ပြီးမေးကြည့်တော့ သူ့တဦးတည်းအမြင်ကို ပြောတယ်ခင်ဗျ၊ အဲဒါကတော့ ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်သူ့မှ မသွားကြဘဲနဲ့ ကန့်ကွက်သပိတ်မှောက်ကြ ဆိုပြီးတော့ သူက သူ့ရဲ့တဦးတည်းအမြင်ကို ပြောတယ်ပေါ့ လေ၊ အကယ်၍ တခြားသူတွေကလည်း အမြင်အမျိုးမျိုး ရှိနေမယ်ဆိုလို့ရှိရင် ညီညီညွတ်ညွတ်ရှိတဲ့ မဟာဗျူဟာ တခုမျိုး ပေါ်လာဖို့ ခက် မနေ ပေဘူးလား၊ အဲဒီအခါကျလို့ရှိရင် ဒီမိုကရေစီအင်အားစုတွေဘက်က အားနည်းသလိုမျိုး ဖြစ်မနေဘူးလား။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်ပါတယ်ခင်ဗျ၊ အခုလက်ရှိ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တသံတည်းထွက်ပြီးတော့ အားလုံးညီညီညွတ်ညွတ်နဲ့ ဘာလုပ်ပါဆိုတဲ့ဟာမျိုး လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်မြင်တာကတော့ မတူတဲ့အင်အားစုတွေ အသီးသီးမှာ မတူတဲ့နည်းနဲ့ ဆန့်ကျင် နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဥပမာအားဖြင့် ရှေ့နေတွေ တရားရေးဥပဒေ ကျမ်းကျင်သူတွေဘက်ကလည်း ဒီ ဖွဲ့စည်းပုံအသစ်ရဲ့ အားနည်းချက်ကို ထောက်ပြ ဆွေးနွေးတာမျိုး လုပ်နိုင်သလို၊ နောက်တခုက လူ့အခွင့်အရေးအဖွဲ့ တွေ၊ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေကလည်း သူတို့ရဲ့ အခွင့်အရေးကဏ္ဍနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံမှာ ဘယ်လို အားနည်းချက်တွေရှိတယ် စသည်ဖြင့် ကျနော်တို့ ရှင်းပြစည်းရုံးတာ တွေလည်း လုပ်နိုင်ပါတယ်။ နောက်တခုက တိုင်းရင်းသားတွေဘက်က အခွင့်အရေးပေါ့၊ ဒါ တိုင်းရင်းသားတွေဘက်လည်း သူ့အမြင် ရှုထောင့်က ပြောနိုင်တာ တွေ လည်းရှိပါတယ်။ ဆန္ဒခံယူပွဲကို လုံးဝ မသွားတာထက်စာရင်တော့ လူကိုယ်တိုင် သွား ပြီးတော့ ကန့်ကွက်မဲပေး တာက ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ယူဆပါတယ်။

ဘီဘီစီ ။ ။ တချို့ လေ့လာတဲ့သူတွေကလည်း ပြောကြတယ်၊ ဗမာပြည်သူလူထုကို တခါတလေကျလို့ရှိရင် တချို့က လျှော့တွက် မိကြတယ်ပေါ့လေ၊ ဒီမိုကရေစီအင်အားစုတွေဘက်ကပဲဖြစ်ဖြစ်၊ နအဖဘက်ကပဲဖြစ်ဖြစ်။ တခါတလေကျ လို့ရှိရင် ပြည်သူ လူထုက မထင်မှတ်ဘဲနဲ့ သူတို့ဖာသူတို့ ရှေ့ရောက်နေတတ်တယ်။ ဥပမာ စက်တင်ဘာအရေး အခင်းဆိုလို့ရှိရင်လည်း ပြည်သူလူထုက သူဟာနဲ့သူ သူလိုချင်တာရအောင်လို့ ထုတ်ပြီးတော့ ပြောလာတာမျိုး ရှိတယ်။ အဲလို အလားအလာမျိုးရော ကျနော်တို့တွေ့လာရနိုင်တဲ့ အလားအလာမျိုးရှိနိုင်လား။

ဦးအောင်သူငြိမ်း ။ ။ ဖြစ်နိုင်ပါတယ်ခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ထင်တာ တခါတလေကျတော့ လူထု တွေက စစ်အစိုးရအပေါ်မှာ မကြိုက်တဲ့ဟာကို သူတို့ နည်းမျိုးစုံနဲ့ပြတဲ့ဟာမျိုး။ ကျနော်တို့ အထင်ရှားဆုံးကတော့ ပြီးခဲ့တဲ့ စက်တင် ဘာသံဃာ့ လှုပ်ရှားမှုက ကျနော်ထင်တယ် အထူးခြားဆုံးပါပဲ။ အခုလို လာမယ့် ပြည့်သူ့ဆန္ဒခံယူပွဲ တွေ ဘာတွေ လုပ်မယ် ဆိုရင်လည်း ကျနော်ထင်တာကတော့ ပြည်သူလူထုကတော့ သူတို့ဘယ်လိုရပ်တည်ရမလဲ ဆိုတာ ကောင်းကောင်းသိတယ်လို့ ထင်ပါတယ်။

အန်အယ်လ်ဒီရဲ့ သဘောထားထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်တဲ့ တုန့်ပြန်ချက်တွေကို ကြားခဲ့ရတာဖြစ်ပါတယ်။

Read More...

နအဖ ဥပဒေနဲ့ရွေးကောက်ပွဲပေါ် သဘောထားအမြင်များ

၂၀၀၈ ဖေဖော်ဝါရီ ၁၁
မဇ္ဈိမ

ချင်းမိုင်။ ။ စစ်အစိုးရက အခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလတွင် ပြုလုပ်မည်၊ ထိုမှ အခြေခံဥပဒေ အတည်ဖြစ်လာသောအခါ ရွေးကောက်ပွဲ တရပ်ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု ကြေညာခဲ့ခြင်းအပေါ် သူတို့၏ သဘောထားအမြင်များကို တင်ပြလိုက်ပါသည်။

နည်းမျိုးစုံဖြင့် မဲလိမ်ပါလိမ့်မည်

မေလကုန်ရက်များအတွင်း ပြည်သူဆန္ဒခံယူပွဲ လုပ်နိုင်ပေမည်။ တရုတ်ပြည်တွင် အိုလံပစ်ပွဲ လုပ်နေသော အချိန်များအတွင်း မြန်မာနိုင်ငံတွင် တည်ငြိမ်စေလိုသော ဆန္ဒရှိဟန် တူပေသည်။ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် “ကန့်ကွက်မဲ” မရနိုင်ဟု ယူဆထားဟန် ရှိသည်။ ကန့်ကွက်မဲများဖြင့် ပြည်သူလူထုက ပယ်ချလိုက်လျှင် ရုဒ်မက် ပျက်သွားမှာ ဖြစ်ရင် အစားထိုးမည့် နောက်အစီအစဉ် တခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေးကို ပြန်လည် အသက်သွင်းမှာ ဖြစ်သည်။ ထို့ကြောင့် ဆွေးနွေးပွဲ စထားဟန် တူပါသည်။ ရုဒ်မက်ပျက်သွားမှ အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးညှိနှိုင်းပွဲ အမှန်တကယ် ဖြစ်ပေါ်လာနိုင်စရာ ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ဆက်လက်စောင့်ရန် (သို့မဟုတ်) အခြေအနေကို လက်ခံရန် မလွယ်တော့မှန်း ဦးသန်းရွှေ သိရှိပြီး ဖြစ်သည်။ ယခု ဆန္ဒခံယူပွဲသည် ဆုံးဖြတ်ချက် အကြီးမားဆုံးတခု ဖြစ်သည်ဟု တပ်မတော် အစိုးရက ကြိတ်၍ လက်ခံထားပြီး ဖြစ်သည်။ အမျိုးစုံသော နည်းလမ်းဖြင့် လက်ခံအောင် ပြုလုပ်မည်သာ ဖြစ်သည်။ မဲလိမ်ခြင်း၊ ကန့်ကွက်မဲကို ထောက်ခံမဲ ဖြစ်အောင်လုပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

မောင်အောင်
ရန်ကုန်
-----------------------------------------------------

ဖဒိုမန်းရှာ (ကေအန်ယူ အထွေထွေအတွင်းရေးမှူး)


“ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ”
“စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။ ပြည်တွင်းမှာလည်း သူ့ကို သိပ်မခံမရပ် နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကုလသမဂ္ဂရဲ့ ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ Road Map ဟာ နိုင်ငံခြားကနေ ဖိအားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီးဖြစ်မှာ စိုးတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စက ရှင်းတယ်။ နိုင်ငံတကာက နေပြီးတော့ သူတို့ရဲ့ Road Map ကို ဝင်ပြီး နှောင့်ယှက်တာကို သူတို့ လက်မခံဘူး။ အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်”
“ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။ အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝ ခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်နေလို့ မဖြစ်ဘူး ထင်တယ်”
“မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေ မကိုက်ဘူး။ မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့ National Convention နဲ့ Road Map ကို စဉ်းစားတာ ဖြစ်တယ်။ အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့ လုပ်မှာဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့ သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ လုပ်ဖို့လိုတယ်”
-----------------------------------------------------

နန်းချန်တောင်း (Shan Women's Action Network)


“သိတဲ့အတိုင်းပဲ၊ မြန်မာပြည်သူတွေက နအဖ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကြား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုနေတာ။ ဒါပေမဲ့ ဒီနေ့ထက်တိုင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ဦးခွန်ထွန်းဦးနဲ့ တခြား ရှမ်းခေါင်းဆောင်တွေဟာ အဖမ်းခံထားရပြီး ဆေးဝါး ကုသပေးဖို့လည်း အငြင်းခံထားရတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းထားပြီး နိုင်ငံရေး အပြောင်းအလဲနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို လုပ်နိုင်မှာတဲ့လဲ”
“မြန်မာပြည်သူတွေ လက်မခံသလို နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး။ စစ်တပ်လုပ်နေတဲ့ အမျိုးသား ညီလာခံလို ဟာမျိုးကို တရားဝင်မှု မပေးလိုက်ဖို့ လိုပါတယ်”
-----------------------------------------------------

ဦးဉာဏ်ဝင်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြောရေးဆိုခွင့်ရှိသူ)

“ဒီမိုကရေစီကို ရည်ရွယ်တယ်လို့ သူတို့ ကြေညာချက်မှာ ပါတယ်နော်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ပတ်သက်လို့ လုပ်တာတခုမှ မရှိတဲ့အတွက် ကျနော်တို့ ယုံကြည်ဖို့ ခက်နေပါတယ်။ ဘာဖြစ်လို့ ကောက်ခါငင်ကာ ကြေညာလဲဆိုတာ သဘောမပေါက်ဘူးဗျ။ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် အဖြေက ထောက်ခံမယ်၊ ကန့်ကွက်မယ် အဖြေက နှစ်မျိုး ဖြစ်နိုင်တယ်။ ကန့်ကွက်တဲ့ဘက်က ဖြစ်နေရင် ရွေးကောက်ပွဲ ဘယ်လုပ်လို့ မရဘူး။ ရွေးကောက်ပွဲပါ တခါထဲ ကြေညာတဲ့အတွက် ထောက်ခံမဲဖြစ်အောင် တနည်းနည်းနဲ့ အတင်းအကျပ် လုပ်မှာကို ကျနော်တို့ စိုးရိမ်နေတယ်။ အခုလောလောဆယ် အများစု ပြည်သူလူထုဟာတော့ မညံ့ပါဘူး”
-----------------------------------------------------

ကိုစိုးထွန်း (၈၈ မျိုးဆက်ကျောင်းသား)

“ကျနော်တို့ ပြောချင်တာကတော့ နအဖ အစိုးရဟာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကိုတောင်မှ အကောင်အထည် မဖော်သေးဘဲနဲ့ သူတို့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းကို လုပ်မယ့် ဆန္ဒခံယူပွဲနဲ့ အမျိုးသားညီလာခံမှာ ကျနော်တို့ ပါသင့်ပါထိုက်တဲ့ လူတွေ၊ အနိုင်ရ ၉ဝ ရွေးကောက်ပွဲရလဒ် မှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အခြား ပါသင့်ပါထိုက်တဲ့ တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့က ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်မပြုဘဲနဲ့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းကို ကြည့်မယ်ဆိုရင် ဒါတွေဟာ လုံးဝ လက်မခံနိုင်ဘူး။ တဖက်သတ် လုပ်ဆောင်လို့ မရဘူး။ ဒါတွေကို ကျနော်တို့က ဒီနေ့ ကြေညာထားပြီး ဖြစ်တယ်။ ကျနော်တို့ ၈၈ ကျောင်းသားများအဖွဲ့က ဒီလုပ်ဆောင်ချက်မျိုးတွေကို လက်ခံမှာ မဟုတ်ဘူး။ လူအားလုံး လက်ခံနိုင်တဲ့၊ အများသဘောတူ ပါဝင် ရေးဆွဲထားတဲ့ နိုင်ငံသားတွေတိုင်းရဲ့ တဦးချင်းစီရဲ့ အခွင့်အရေးကို အာမခံနိုင်တဲ့ အနာဂတ်မှာ အရေးကြီးတဲ့ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရာမှာ အားလုံး ပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ဖို့ လိုတာကို တဖက်သတ် ရေးဆွဲမှုနဲ့ တဖက်သတ် ပြဋ္ဌာန်းတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းကို ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်”

“လမ်းပြမြေပုံ ၇ ရပ်အတိုင်း သွားမယ်လို့ သူတို့ ပြောခဲ့တာရှိတယ်။ အဲဒီအတိုင်း အကောင်အထည်ဖော်တာ ဖြစ်တာပေါ့။ ကျနော်တို့ မြန်မာပြည်တွင်းမှာ ရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်ကို အလေးအနက် ပြောနေတယ်။ ထပ်တလဲလဲ အကြိမ်များစွာ ပြောနေတယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ပါဆိုတဲ့ နိုင်ငံတကာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုရှိတဲ့ ဆန္ဒတွေကိုပါ ဆန့်ကျင်ပစ်ပယ်ရာ ရောက်တဲ့သဘော၊ ပြောင်ပြောင်တင်းတင်း ပြောလိုက်တဲ့ သဘောလည်း ဖြစ်တယ်ပေါ့ဗျာ”
“လူထုကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ငြိမ်းချမ်းစွာ သံဃာတော်တွေ မေတ္တာပို့ ဆန္ဒထုတ်ဖော်တဲ့ ပွဲမှာ သူတို့ အကြမ်းဖက်ပြီးတော့ တကယ် သတ်ဖြတ်တဲ့အတွက် ပြည်သူလူထုကတော့ အစိုးရအပေါ်မှာ နာနာကျင်ကျင်နဲ့ အနိဋ္ဌာရုံတွေဟာ ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။ ဒါနဲ့ သူတို့က ဒါကို လိုက်ပြီးတော့ ခြိမ်းခြောက်မူတွေ လုပ်တယ်။ သူတို့ ကြံ့ခိုင်ရေးတွေ၊ စွမ်းအားရှင်တွေ၊ မီးသတ်တွေ၊ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေ အင်အားသုံးပြီးတော့ လုပ်မယ်ဆိုရင်တော့ ပြည်သူလူထုက အဲဒီအချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ရဖို့ပဲ ရှိပါတော့တယ်။ အဲဒီအပေါ်မှာ အမှန်တရားဘက်က ရပ်မလား၊ အဓမ္မဘက်က ရပ်မလား။ ကျနော်တို့ ဆွေမျိုးတမျိုးလုံးကို ကျွန်ပြုအုပ်ချုပ်တော့မယ် အခြေခံဥပဒေ မူကြမ်းတခုကို ကျနော်တို့ လက်ခံမလား၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ကိုယ့်အခွင့်အရေးတခု ကိုယ့်ရဲ့ လွတ်လပ်မှု၊ ကိုယ့်ရဲ့ဘဝ၊ ရေရှည်အနာဂတ်၊ ကိုယ့်ရဲ့ သားစဉ်မြေးဆက် ဘဝတွေကို အာမခံနိုင်တဲ့၊ ကိုယ့်လိုချင်တဲ့ စနစ်ခေတ်သစ် တရပ်ကို ကိုယ်တိုင် ဖန်တီးရမလား၊ အဲဒီအတွက်ကို ကျနော်တို့ ဘယ်လောက် ကျနော်တို့ စွန့်လွတ်ဖို့ လိုတယ်။ ရဲရဲဝံ့ဝံ့ အမှန်တရားဘက်က ရပ်တည်ခဲ့ကြမလဲ။ ငြင်းပယ်ရဲကြမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်”

“ပြည်သူလူထုတရပ်လုံး အခုအချိန်မှာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရော၊ အန်အယ်ဒီ အဖွဲ့ချုပ် အပါအဝင် ကျနော်တို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးကလည်း အလေးအနက် တိုက်တွန်းနေကြတယ်။ သွေးမြေကျမှု အနည်းဆုံး၊ တိုင်းပြည်မှာ ငြိမ်းချမ်းစွာနဲ့ အမျိုးသား ကြေပြုန်းမှု အနည်းဆုံး၊ အားလုံး စုပေါင်းအဖြေရှာဖို့ လိုပါတယ်။ အခုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ပြောလိုက်တာကလည်း တွေ့ဆုံဆွေနွေးရေးဟာ အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ပြဿနာဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝဖြိုးစေဖို့ ပြည်ထောင်စုရဲ့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ရေရှည်ပညာရေးကို အာမခံချက် ပေးနိုင်ဖို့အတွက်က တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အရေးကြီးတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ဒါကို နအဖ အစိုးရက မျက်ကွယ်ပြုပြီးတော့ သွားနေတဲ့အတွက် ပြည်သူလူထုက အဆိုးဆုံး အတွက်ကို ရင်ဆိုင်ဖို့ ပြင်ထားကြရပါတော့မယ်။ အဲဒီအတွက် ကျနော်တို့ အခြေခံဥပဒေ မူကြမ်းအရ ဆိုရင်လည်း တပ်မတော်ကနေ အစစအရာရာ တတိုင်းပြည်လုံး အုပ်ချုပ်နိုင်တဲ့ သူ့ရဲ့ ဗျူဟာ၊ သူ့ရဲ့ စစ်ကျွန် ဇာတ်သွင်းရေးဟာ ဖြစ်နေပါပြီ။ အဲဒီအတွက်ကြောင့် ကျနော်တို့တွေဟာ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ လှပဖို့၊ ကျနော်တို့ အဖိုး၊ အဖေ၊ အမေတွေ လက်ထက်က မပြောင်းလဲခဲ့ကြဘူး။ ဘဝတွေက ဆိုးသထက် ဆိုးလာနေပြီ။ အဲဒီတော့ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ ဆိုးသထက် မဆိုးရဖို့အတွက်၊ အနာဂတ်ဘဝတွေ လှပဖို့အတွက်ကို ရဲရဲဝံ့ဝံ့နဲ့ တဦးချင်းတယောက်ချင်း တာဝန်ယူဖို့ ဖိတ်ခေါ်ချင်တယ်။ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲဖို့၊ ငြင်းပယ်ရဲကြဖို့ပဲ လိုပါတော့တယ်”

Read More...

Thursday, February 28, 2008

ရဲဘော် ဖိုးသံချောင်းနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းချက်

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းချက်

၂၀၀၈ ဖေဖော်ဝါရီ ၁၉
ခေတ်ပြိုင်

ခေတ်ပြိုင် - ဖေဖော်ဝါရီ (၉) ရက်မှာ နအဖက ထုတ်ပြန်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လာမယ့်မေလမှာ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတာရယ်၊ ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်ဆိုတဲ့ ကြေညာချက်နှစ်ခုအပေါ် ဘယ်လိုမြင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - ကျနော်တို့မြင်တာက သူတို့က အလစ်အငိုက်ယူတာလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်တခုက အဆောတလျင် အပူတပြင်း လုပ်ချလိုက်တာလည်း ဖြစ်မယ်။ ဖြစ်နိုင်တဲ့ အချက်က ဒီကိစ္စဟာ နအဖအနေနဲ့ နအဖထဲမှာတောင် ဆန့်ကျင်မှုရှိနေတဲ့အတွက် လက်ဦးမှုယူ လုပ်ချတဲ့သဘောရှိတယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေနဲ့ ကြံ့ဖွံ့ဂိုဏ်းကနေပြီးတော့ ကျန်တဲ့ နအဖခေါင်းဆောင်တွေကိုတောင်မှ သေသေချာချာမညှိနှိုင်းဘဲ လုပ်ချတဲ့ဟာမျိုး ဖြစ်နိုင်တယ်လို့ ယူဆစရာရှိတယ်။ နောက်တခုကလည်း အရေးကြီးတဲ့ အချက်တချက်က အခုခါ လမ်းပြမြေပုံကို အဓိက ဆန့်ကျင် သူလည်းဖြစ်၊ ပြည်သူလူထု ကြားမှာလည်း သြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ဦးတင်ဦး တို့လို၊ ကျောင်းသားခေါင်းဆောင်တွေ စက်တင်ဘာ အရေးအခင်းတုန်းက သံဃာ့ခေါင်းဆောင်တွေ အားလုံးဟာ ထောင်ထဲရောက်၊ အချို့လည်း ပြေးလွှားရှောင်ပြေးနေရတဲ့အနေအထားမှာ၊ ဆိုလိုတာက သူတို့ကို ဆန့်ကျင်ဖို့ ၀ါဒဖြန့်စည်းရုံးသူတွေ မရှိခင်ကာလမှာ ဒါကို လုပ်ပစ်လိုက် ခြင်းပါ။ ဒီလူတွေကို အကြာကြီး ချုပ်ထားလို့ မရဘူးဆိုတာ သူတို့သိတယ်။ ပြန်လွှတ်ရမှာ၊ အဲဒါ တွေ ပြန်လွှတ်ဖို့မတိုင်ခင် အမြန်ဆုံး လုပ်ချလိုက်ချင်းပါ။

ခေတ် - နအဖက ကြေညာချက် (၁) ရဲ့ ရလဒ်အဖြေမထွက်သေးဘဲ ရွေးကောက်ပွဲ လုပ်မယ် ဆိုပြီး ထုတ်ပြန်လိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - နအဖဟာ အကုန်လုံးပိုင်ပြီလို့ တွက်ထားတာနဲ့ တူပါတယ်။ သူတို့လုပ်လေ့ လုပ်ထရှိတဲ့ အကျင့်ပဲ။ သူတို့ကိုယ်သူတို့ ပိုင်ပြီလို့ ယူဆထားတယ်။ စီမံပြီးသားတွေပါ။ အဲဒါတွေ ချောချောမောမော ဖြစ်လိမ့်မယ်လို့ ထင်နေတယ်။ ကျနော်တို့လည်း ဒီနှစ်ခုဟာ နီးလိမ့်မယ်လို့ ထင်တာ၊ ခွာထားတယ်။ ဘာကြောင့် ခွာထားသလဲဆိုတာ စဉ်းစားစရာရှိတယ်။ ကျနော်ထင်တာ ကြံ့ဖွံ့ကို နိုင်ငံရေးပါတီအဖြစ် အသက်သွင်းဖို့အတွက် လူထုကြားထဲ ထပ်ပြီးဖြန့်သွားဖို့ အချိန်ယူ ထားတာလို့ ထင်တယ်။ အဲဒီတော့ သူတို့ကတော့ သူတို့ကိုယ်သူတို့ အပိုင်တွက်ပြီ။ အဲဒါကို ဘယ်လိုဖျက်ကြမလဲဆိုတာ ပြည်သူလူထုကြီးနဲ့ နိုင်ငံရေးအင်အားစုအားလုံး ဒီနေရာမှာ ခေါင်းအေးအေးလည်း ထားရမယ်၊ မြန်မြန်ဆန်ဆန်လည်း ဆုံးဖြတ်ရမယ့်ကိစ္စလို့ ကျနော် ထင်တယ်။ ကျနော့်အမြင်အရ သူတို့ရဲ့ Referendum ကို သပိတ်မှောက်တဲ့ဟာမျိုးဟာ ယေဘူယျ နိုင်ငံရေးလောကမှာ လုပ်လေ့လုပ် ထရှိတဲ့ဟာမျိုးပဲ။ ဒါပေမယ့် လက်တွေ့သဘောအရ ကြည့်ရင် သပိတ်မှောက်တဲ့ဟာက နအဖ အကြိုက်ဖြစ်သွားတာ။ ဘာလို့လည်းဆိုတော့ သပိတ်မှောက်တဲ့သူက သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဆန့်ကျင်တဲ့သူတွေချည်း ဖြစ်နေတယ်။ အဲဒီမဲတွေလျော့သွားရင် သူတို့က တရားဝင် ဥပမာ နိုင်ငံခြားကလူတွေ လာပြီး ကြီးကြပ်တဲ့သူတွေရဲ့မျက်စိအောက်မှာတင် မဲပုံးတွေ ဖွင့်ပြလိုက်မယ်။ သူတို့ထောက်ခံတဲ့သူတွေ များနေရင် သူတို့ သိပ်ကြိုက်သွားမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ကတော့ ဗမာပြည်သူလူထုကြီးအနေနဲ့ ဆန့်ကျင်မဲကို တခဲနက်ပေးကြဖို့၊ လှဲနေလှေအောင်း မြင်းဇောင်းမကျန် အကုန်ထွက်လာပြီးတော့၊ ဗမာပြည်မှာ ဒီလိုအစဉ်အလာ အမြဲရှိတာပဲ။ ၁၉၆၀ ခုနှစ်၊ သန့်ရှင်း-တည်မြဲ ရွေးကောက်ပွဲတုန်းကလည်း တည်မြဲနောက်မှာ စစ်အုပ်စု၊ စစ်အာဏာရှင်တွေ ရှိနေတယ်ဆိုတာ သိတဲ့အတွက် ပြည်သူလူထုကြီးဟာ အရင် ပမညတကို မဲပေးလာတဲ့သူတွေဟာ ပမညတကို မစဉ်းစားတော့ဘဲနဲ့ ပမညတကို မဲထည့်ရင် မဲတွေ ပြားကုန်လိမ့်မယ်ဆိုပြီး သန့်ရှင်းထဲကို တခဲနက်ထည့်ခဲ့တာ။ အဲလိုနဲ့ တည်မြဲ ခွက်ခွက်လန်အောင် ရှုံးသွားတာ။ လူထုကြီး အင်အားပြခဲ့တာ ရှိပါတယ်။ နောက်တခါ အများသိကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုကြီးဟာ မဲစနစ်နဲ့ အင်အား ပြခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာပဲ။ အခုလည်း အဲဒါမျိုး လုပ်ဖို့ ပြည်သူလူထုရဲ့ ခေါင်းပေါ်မှာ ဒီတာဝန်ကြီး ကျလာပြီလို့ ကျနော်တို့ထင်တယ်။ ဒီနေရာမှာ ကျနော်တို့ တိုက်တွန်းချင်တာတခုက ဒီလိုတိုင်းပြည်ရဲ့ အကွေ့အချိုးကြီးမှာ ပြည်သူလူထုကြီး ချီတက် တိုက်ပွဲဝင်တော့မယ့်အခါမှာ ပြည်သူလူထုကြီးရဲ့ ရှေ့ကနေပြီးတော့ ပြည်သူလူထုကြီးနဲ့ လူထုရဲ့ ရှေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရဲရဲရင့်ရင့် ခေါင်းဆောင်ပြီးတော့ အတူ ချီတက်ပါ။ လမ်းညွှန်မှုပေးပါ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုဟာ သူတို့ကို ရွေးထားပြီး ဖြစ်တယ်။ သူတို့ခေါင်းရှောင်လို့လည်း မရပါဘူး။ ပြည်သူလူထုအရှိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီအလံကို မြင့်မြင့်မားမားလွှင့်ထူပါ။ ဘာကြောင့်လဲဆိုတော့ တကယ်လို့သာ ဒီ Referendum ပြီးသွားလို့ရှိရင် နအဖရဲ့ နောက်စီမံချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ချေမှုန်းရေးဖြစ်မှာပါ။ ပြည်သူလူထုအတွက်ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်ပါ ဒီတကွေ့ဟာ အသေအရှင်တိုက်ရမယ့် တိုက်ပွဲပဲ ဖြစ်ပါတယ်။

ခေတ် - လူထုဆန္ဒခံယူပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက် (၁) နဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက် (၂) ကို တပြိုင်တည်း ထုတ်ခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - လှည့်ကွက်တွေရှိနိုင်ပါတယ်။ ဒါပေမယ့် နောက်စဉ်းစားစရာတခုက ဒီဟာကို ချပြတာဟာ နိုင်ငံတကာ ဖိအားတွေကို ရှင်းပြနေတာ။ အဲလိုစဉ်းစားလို့ရတယ်။ သူတို့ ရွေးကောက်ပွဲတွေ၊ လူထုဆန္ဒခံယူပွဲတွေ မြန်မြန်ဆန်ဆန် လုပ်စေချင်တဲ့ ပြည်ပက နိုင်ငံတွေကို ပြောပြနေတာ။ ကုလသမဂ္ဂအပါအ၀င်ပေါ့လေ။ ကျနော်တို့က အစီစဉ်ရှိပါတယ်ဆိုတဲ့ဟာ။ သူတို့ ရိုးသားပါတယ်ဆိုတာ ပြချင်တာလို့ စဉ်းစားစရာရှိတယ်။

ခေတ် - မေလမှာ လူထုဆန္ဒခံယူပွဲ လုပ်တော့မယ်ဆိုတော့ တိုတောင်းလှတဲ့အချိန်ကာလ အတွင်း လူထုရွေးကောက်ခံ အန်အယ်လ်ဒီအနေနဲ့ အခုလူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဘာတွေ ပြင်ဆင်လုပ်သင့်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - နအဖရဲ့လမ်းပြမြေပုံဟာ ဘာကိုရည်မှန်းပြီး လုပ်နေတယ်ဆိုတာကို အားလုံးသိပြီးသားမို့ ဒီနေရာမှာ မပြောတော့ပါဘူး။ ဒီအဆင့် (၄) အကြောင်းပဲ ပြောပါ့မယ်။ ဒီတခါနအဖရဲ့ ဆောင်ရွက်ချက်ဟာ သူတို့အကြံအစည်အားလုံးရဲ့ အခရာကျဆုံး ကွင်းဆက် ဖြစ်ပါတယ်။ နောက်ပြီး နအဖအကြောက်ဆုံး အဆင့်လည်း ဖြစ်ပါတယ်။ ညောင်နှစ်ပင် ညီလာ ခံအပါ၊ ကျန်တာအားလုံးဟာ သူတို့ခြေ၊ သူတို့လက်၊ မှောက်လိုမှောက်၊ လှန်လိုလှန် လုပ်ချင်တိုင်း လုပ်လို့ရတဲ့ အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒခံယူပွဲတို့၊ ရွေးကောက်ပွဲတို့ဆိုတာ တွေကတော့ သူတို့ချည်းလုပ်လို့ ရတာမဟုတ်ပါဘူး။ သူတို့ ဘယ်လိုပဲ ညစ်ပတ်ချင်ပေမယ့် လူထုအခန်းမပါဘဲ မပြီးပါဘူး။ တဘက်ကပြောရင်လည်း လူထုကြီးအနေနဲ့ သူတို့လုပ်နေတာ တွေကိုဟန့်တားနိုင်တာ ဒီတခါပဲရှိပါတယ်။ တခြားခြေလှမ်းတွေမှာ ဘာမှလုပ်ခွင့်မရှိပါဘူး။ ဒါကြောင့်မို့ လူထုကြီးဘက်ကလည်း အစွမ်းပြရမယ့်အချိန်ဖြစ်ပါတယ်။ နအဖရဲ့လမ်းပြမြေပုံမှာ တခြားရည်ရွယ်ချက်တွေအပြင် သူတို့ ပြောင်မကြေညာတဲ့ ရည်ရွယ် ချက်တွေလည်း ရှိပါတယ်။ အဲဒါတွေထဲက အဓိကကျတဲ့အချက်တခုကတော့ သူတို့ကိုယ်သူတို့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရဲ့ ကျိန်စာအောက်က လွတ်အောင်လုပ်ရေးနဲ့ အဲဒီကျိန်စာနဲ့အတူ သူတို့ရဲ့အာဏာကို ခြိမ်းခြောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်သွားစေဖို့၊ ဒါမှမဟုတ် အခုလို ခြိမ်းခြောက်နိုင်စွမ်းမရှိအောင် လုပ်ဖို့ဖြစ်တယ်။ ဒါကြောင့်မို့ ဒီတခါနအဖရဲ့ခြေလှမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အသက်ရှင် ရပ်တည်ရေး၊ နိုင်ငံရေးဂုဏ်သိက္ခာ စတာတို့နဲ့ တိုက်ရိုက်ဆက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလို တမျိုးသားလုံး၊ တနိုင်ငံလုံးအတွက်။ နောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စကြီးပေါ်လာချိန်မှာ ဒီချုပ်အနေနဲ့ ရှေ့တန်းက မားမား မတ်မတ်ရပ်ပြီး ရွပ်ရွပ်ချွံချွံဦးဆောင်လုပ်ကိုင်တာကို တွေ့လိုပါတယ်။ ဒီနေ့အခါမှာ စကား
တခွန်းကို၊ အထူးသဖြင့် နအဖရဲ့ဖွဲ့စည်းပုံဥပဒေကို ဆန့်ကျင်မဲပေးကြဆိုတဲ့ စကားမျိုးကို ဒီချုပ်ကပြောတာနဲ့ တခြားလူတွေပြောတာ ထိရောက်မှုချင်းမတူပါဘူး။ ဒီတကွေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစမ်းသပ်ခံရမယ့်၊ အစစ်ဆေးခံရမယ့် အကွေ့ဖြစ်ပါတယ်။

ခေတ် - ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဘာတွေ ပြင်ဆင်လုပ်သင့်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း - ပြည်ပရောက်အဖွဲ့အစည်းတွေဟာ ပြည်တွင်းကလူတွေဆီကိုတူညီတဲ့ မက်ဆေ့ဂ်ျပေးနိုင်ဖို့ လုံးပန်းသင့်ပါတယ်။ ပြည်သူတွေ တစည်းတလုံးတည်း လုပ်ဆောင်နိုင်ဖို့ အတွက် ညှိနှိုင်းပေးတာ၊ ၀ါဒဖြန့်ပေးတာတွေ လုပ်သင့်ပါတယ်။ တခြားလည်း မြေအောက် လုပ်ငန်းသဘော အကူအညီ ပေးနိုင်တာတွေ အများကြီးလုပ်နိုင်ပါတယ်။

Read More...