- ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ
- ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်
- အထူးကြေညာချက်
Thursday, April 17, 2008
NLD ကြေညာချက်များ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ
အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၁၃၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၂)ရက်
သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ
၁။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို (၇) ရက် ကြိုတင် ကြေညာရမည်ဖြစ်ပါသည်။
၂။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မိမိတို့၏အမည် ပါ မပါ ကြိုတင်လေ့လာရပါမည်။
(က) မပါလျှင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်သို့ တင်ပြနိုင်သည်။
(ခ) ဖြစ်နိုင်လျှင် သေဆုံး/ပြောင်းရွှေ့ သွားသော ဆန္ဒမဲပေးသူများ စာရင်းကို ကြိုတင်ပြုစုထားပါ။
၃။ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်သည် လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်ခြင်း ရှိ/မရှိ ဂရုစိုက်ပါ။
၎။ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်၌ မဲပုံးများတွင် ဆန္ဒမဲလက်မှတ်နှင့် အခြားပစ္စည်း တစ်စုံတစ်ရာ မရှိကြောင်း (၅) ဦးထက်မနည်း မဲပေးခွင့်ရှိသူများအား ပြသရမည်။ မဲပုံးကို လုံခြုံစွာ ပိတ်ခြင်း ရှိ/မရှိ စစ်ဆေးကြည့်ရှုပါ။
၅။ ဆန္ဒမဲလက်မှတ်တိုင်းတွင် ကော်မရှင်အမှတ်အသားနှင့် မဲရုံမှူးလက်မှတ် ပါ/မပါ စစ်ဆေးပါ။ ယင်းအမှတ်အသားနှင့် လက်မှတ်မပါလျှင် ပယ်မဲ ဖြစ်လိမ့်မည်။
၆။ လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်စေသည့် အမှတ်အသားပါသည်ဟု ယူဆလျှင် ဆန္ဒမဲလက်မှတ်ကို ပြန်လည်လဲလှယ်ပေးရန် တောင်းဆိုပါ။
၇။ ဆန္ဒမဲပေးရာတွင် ထောက်ခံလျှင် အမှန် (√) အမှတ်အသားကိုလည်းကောင်း၊ ကန့်ကွက်လျှင် ကြက်ခြေခတ် (x) အမှတ်အသားကိုလည်းကောင်း ရေးသားဖော်ပြရမည် ဖြစ်သည်။ (မိမိ၏ လွတ်လပ်သော ဆန္ဒအရ ကန့်ကွက်ကြောင်း ကြက်ခြေခတ် (x) ခြင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် လုံးဝ ငြိစွန်းခြင်းမရှိပါ)။
၈။ ပယ်မဲ မဖြစ်စေရန် သတိပြုပါ။ သတ်မှတ်ထားသည့် အမှတ်အသားမပါသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒမဲလက်မှတ်အတုဖြစ်ကြောင်း မဲရုံအဖွဲ့က စိစစ်ဆုံးဖြတ်ထားသည့်လက်မှတ်နှင့် တစ်နည်းနည်းဖျက်ဆီး၍ မဲပုံးထဲထည့်ထားသည့် ဆန္ဒမဲလက်မှတ်တို့သည် ပယ်မဲဖြစ်သည်။
၉။ လျှို့ဝှက်ဆန္ဒပြုပြီးနောက် အများမြင်သာသောနေရာတွင် ထားရှိသည့် မဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်ကို ထည့်ပါ။
၁၀။ ကိုယ်စားလှယ်အဖြစ် မဲပေးခွင့်မရှိပါ။ မျက်မမြင်များနှင့် ကိုယ်လက်အင်္ဂါ မသန်မစွမ်းသူများ မဲပေးရာတွင် လျှို့ဝှက်မဲပေးစနစ်ကို မထိခိုက်စေပဲ မဲရုံအဖွဲ့က ကူညီခြင်း ဟုတ်/မဟုတ် စောင့်ကြည့်ပါ။
၁၁။ ဆန္ဒမဲပေးချိန်မှာ နံက် (၆) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်သည်။
၁၂။ မဲရုံမပိတ်မီ မဲရုံပရ၀ဏ်အတွင်း ရောက်ရှိနေသူများအနက် ဆန္ဒမဲမပေးရသေးသူများ ရှိပါက၊ ထိုသူများအား ဆန္ဒမဲပေးချိန် (၄) နာရီ ကျော်လွန်ပြီးဖြစ်စေကာမူ ဆန္ဒမဲပေးခွင့် ပြုရမည်ဖြစ်သည်။
၁၃။ မဲရုံပိတ်ချိန်၌ (၁၀) ဦးထက်မနည်းသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း၌ ပါဝင်နိုင်ရန်ကြိုးပမ်းပါ။
၁၄။
(က) မဲပုံးကို စစ်ဆေးခြင်း၊ မဲပုံးကိုဖွင့်ပြီး ဆန္ဒမဲများ ရေတွက်ခြင်း တို့ကို ကြည့်ရှုပါ။
(ခ) ထောက်ခံမဲ၊ ကန့်ကွက်မဲ နှင့် ပယ်မဲများကို ခွဲခြား၍ ရေတွက်ခြင်းနှင့် စာရင်းပြုစုခြင်းတို့ကို ကြည့်ရှုမှတ်သားပါ။
(ဂ) ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲ နှင့် လက်ကျန်ဆန္ဒမဲများကို တစ်ထုတ်စီ လုံခြုံစွာ ထုတ်ပိုးခြင်းတို့ကို လေ့လာမှတ်သားပါ။
၁၅။ ကြိုတင်ဆန္ဒမဲပေးသူသည်လည်း အလားတူပင်ဖြစ်သည်။ ကြိုတင်၍ ဆန္ဒပြုပြီးနောက်စာအိတ်ကို အလုံပိတ်၍ ချက်ခြင်းပြန်အပ်ပါ။
၁၆။ အထက်ပါအချက်များကို တစ်ဦးဦးကဖြစ်စေ၊ အသင်းအဖွဲ့ တစ်ခုခုကဖြစ်စေ၊ ချိုးဖောက်ပါက မဲရုံမှူးထံ နှုတ်ဖြင့် ဖြစ်စေ စာဖြင့် ဖြစ်စေ တရားဝင် ချက်ချင်းကန့်ကွက်ပါ။ (စာဖြင့် ကန့်ကွက်နိုင်လျှင် ပိုကောင်းပါသည်။)
၁၇။ ဤအချက်များကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ နားလည်သဘောပေါက်အောင် အဆင့်ဆင့် ရှင်းလင်းဆွေးနွေးပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၁၃၆၉ ခုနှစ် တပေါင်းလပြည့်ကျော် ၁၂ ရက်
၁။ ပြည်လုံးကျွတ်ဆန္ဒခံယူမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်း လုံးဝမဟုတ်ပါ။
၂။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ၄င်းတို့ဖာသာ ၄င်းတို့စိတ်ကြိုက် ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့်သာ တဖက်သတ်ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ဖြစ်ပါသည်။
၃။ ၄င်းအပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည် ဟူသော ဒီမိုကရေစီအခြေခံမူကြီးများနှင့် ညီညွတ်ခြင်းမရှိသဖြင့် တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် ပြည်သူတရပ်လုံးက အာသာပြင်းပြစွာ လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက် မပေးနိုင်ပါ။
၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူတု ထောက်ခံမှု မရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာ သမိုင်းများက သက်သေထူလျက်ရှိသည်။
၅။ သို့ပါသဖြင့် လူထုလူတန်းစား အလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများ အားလုံးနှင့် အဖွဲ့အစည်းများက သက်ဆိုင်ရာမဲရုံများသို့ မပျက်မကွက်သွားရောက်ကြ၍ ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပေးကြရန် ပန်ကြားအပ်ပါသည်။
၂၀-၃-၀၈ နှင့် ၃၁-၃-၀၈ ရက်နေ့များတွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ -
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန ၏ သတင်းထုတ်လွှင့်ချက်မှ
Wednesday, April 16, 2008
အထူးကြေညာချက်
အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၁၃၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၀)ရက်
အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီနှင့် စပ်လျဉ်း၍ -
“ x x x လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကိုလုပ်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီအစစ် မဖြစ်နိုင်ဘူး။ အတုတွေသာ ဖြစ်တယ်။”ဟု ၁၉၄၇ ခုနှစ် မေလ (၁၉) ရက်နေ့တွင် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ၌ မိန့်ကြားခဲ့ပါသည်။
“ဒီမိုကရေစီသစ်အရ လုပ်မဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုရင် တိုင်းသူပြည်သား လူအများစုတွေ အာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေ အထက်အထိ တိုင်းပြည်အုပ်ချုပ်ရေး၊ တိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။ x x x”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့တွင် စတင်တည်ထောင်စဉ်ကပင် ရည်ရွယ်ချက်အချို့အဖြစ် -
(က) အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာစေရန်၊
(ခ) အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်း မရှိစေရေး အတွက် ကြိုးပမ်းရန်၊
စသည်တို့ကို ချမှတ်ထားခဲ့ပြီး ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို လေ့လာကြည့်လျှင် -
(၁) နိုင်ငံတော်၏အခြေခံမူများ၌ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟု ချမှတ်ထားခြင်း၊
(၂) နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းများတွင် “စစ်ရေးအမြင်ရှိရမည်” ဟူသောအချက်ကို ထည့်သွင်းထားခြင်း၊
(၃) ဥပဒေပြုရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား (၂၅) ရာခိုင်နှုန်းပါဝင်နေခြင်း၊
(၄) လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရပါက၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်သည်ဟု သတ်မှတ်ထားပြီး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ခန့်အပ်ထားသော တပ်မတော်သား ကိုယ်စားလှယ်များကိုမူ အငြိမ်းစားယူရန် သို့မဟုတ် နှုတ်ထွက်ရန် မလိုဟု သတ်မှတ်ထားခြင်း၊
(၅) ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူရခြင်း၊
(၆) ရာထူးမှ နှုတ်ထွက်ရမည့် အထက်ပါ တပ်မတော်သားဝန်ကြီး ဒုတိယ၀န်ကြီးတို့နှင့် ပတ်သက်လျှင် နိုင်ငံတော် သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ခြင်း၊
(၇) အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းမည့် တပ်မတော်သားများ ပါဝင်နေခြင်း၊
(၈) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို (၁၁) ဦးဖြင့် ဖွဲ့စည်းထားရာ၊ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊ စုစုပေါင်း (၆) ဦးတို့ဖြင့် အများစုမဲ (majority vote) ကို တစ်ပါတည်း ရယူထားခြင်း၊
(၉) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊
(၁၀) တပ်မတော်နှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ထည့်သွင်းထားခြင်း၊
(၁၁) အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့် ရှိခြင်း၊
(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရနိုင်အောင် သတ်မှတ်ထားခြင်း၊
စသည်တို့ဖြင့် “အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်” ဟူသော ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်း မရှိဘဲ ရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အထက်ပါအချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့စဉ်ကတည်းက စာတမ်းအသီးသီးတွင် ရေးသား ဖော်ပြ၍ အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး ဖြစ်ပါသည်။
၎င်းပြင် အာဏာပိုင်တို့က ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် ၁/၉၀ အပိုဒ် - ၂၀ အရ၊ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ဤဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ရေးဆွဲခဲ့ရခြင်းလည်း မဟုတ်ပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်၏အခြေခံအကျဆုံးနှင့် အမြင့်ဆုံးဥပဒေဖြစ်သောကြောင့် တိုင်းပြည်၏ အသက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် ပြည်သူတို့၏ တန်းတူညီမျှသော အခြေခံအခွင့်အရေးများကို အာမခံချက်ပေးရပါသည်။ သို့ပါ၍ ယခုကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန် နှင့် အနာဂတ် အကျိုးစီးပွားများအတွက် အထူးသဖြင့် ပြည်သူလူထုသည် မိမိနှင့် နောင်လာနောက်သား မျိုးဆက်များအတွက် အလေးအနက်ထား စဉ်းစား၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးတည်လျက် ဆုံးဖြတ်ကြပြီး ဆန္ဒပြုကြရန် နှိုးဆော်လိုက်ပါသည်။ မဲရုံသို့ သွားကြပြီး ဆန္ဒပြုခြင်းသည် မိမိကိုယ်ပိုင်အခွင့်အရေးကို မဆုံးရှုံးစေရန် အသုံးပြုလိုက်ခြင်း မည်ပေသည်။
၂၀-၃-၀၈ နှင့် ၂၄-၃-၀၈ နေ့များတွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
Wednesday, April 2, 2008
ဆန္ဒခံယူပွဲမူဝါဒ အန်န်အယ်လ်ဒီ မကြာမီ ကြေညာမည်
၂၀၀၈ မတ် ၃၁
ဗွီအိုအေ
မကြာခင် လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုဖို့ မြန်မာစစ်အစိုးရက ပြင်ဆင်နေတဲ့ အခြေခံဥပဒေမူကြမ်းတရပ် ထွက်ပေါ်လာတာနဲ့အမျှ ဒီအပေါ်မှာ အခြေအတင် ဝေဖန် ပြောဆိုမှုတွေလည်း ထွက်ပေါ် လာနေပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံထဲက အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) လည်း အပါအ၀င် ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မေလထဲမှာ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲကတဆင့် အတည်ပြုဖို့ရှိတဲ့ ဒီအခြေခံဥပဒေမူကြမ်း အခု ရက်ပိုင်းအတွင်း ထွက်ပေါ်လာနေရာမှာ ဒီအထဲက အသေးစိတ် အချက်အလက်တွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) အနေနဲ့ သဘောမတူနိုင်စရာတွေ ရှိနေတာပါ။ ဒီအခြေခံဥပဒေမူကြမ်းအရဆိုရင် ပါတီခေါင်းဆောင်တဦးလည်းဖြစ်၊ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နိုင်ငံရေးမှာ အကန့်အသတ်တွေနဲ့ ကြုံတွေ့ရဖို့ ရှိနေပါတယ်။ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ဒီလိုချုပ်ချယ်ကန့်သတ်မှုဟာ အစဉ်အလာတော့ မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။
“အခြေခံဥပဒေမူကြမ်းကိုတော့ ကျနော် ယနေ့အထိ မဖတ်ရသေးပါဘူး။ သို့သော်လည်း ဒီဥစ္စာက အမျိုးသားညီလာခံက ဆုံးဖြတ်ထားတယ်ဆိုတဲ့ အသေးစိတ်အခြေခံမူတွေ၊ ဒီဟာကိုပဲ ပြန်ရေးတာ။ အဲဒီမှာ လေ့လာချက်အရပြောရရင် သမ္မတအရည်အချင်း ချို့ငဲ့သူအဖြစ် ဖော်ပြတဲ့နေရာမှာ မိမိသော်လည်းကောင်း၊ မိမိသားသမီးသော်လည်းကောင်း နိုင်ငံခြားသားနဲ့ လက်ထပ်ထားရင်၊ အိမ်ထောင်ပြုရင် အရည်အချင်း ချို့ငဲ့သူအဖြစ် သတ်မှတ်တယ်။ အဲဒါက သမ္မတအရည်အချင်းမှာပါ၊ ပြည်သူ့လွှတ်တော် အရည်အချင်းမှာ မဟုတ်ပါဘူး။”
“ဒီပြဋ္ဌာန်းချက်နဲ့ပတ်သက်ရင် ဗမာ့နိုင်ငံရေးသမိုင်းမှာ တကြိမ်တခါမှ ဒါမျိုး မပါဖူးဘူး။ ၁၉၄၈ ခုနှစ်ရွေးကောက်ပွဲ၊ ၄၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အဲဒီမှာ အသီးသီးမပါခဲ့ဘူး။ ဒါဟာ ပထမဦးဆုံးအကြိမ် ပြဋ္ဌာန်းတဲ့၊ ကန့်သတ်တဲ့အချက်အဖြစ် ကျနော်တို့မြင်ရပါတယ်။”
အခု အခြေခံဥပဒေမူကြမ်းမှာ မြန်မာစစ်အစိုးရက ကမကထလုပ် ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့အတိုင်း စစ်တပ်ရဲ့အခန်းကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းထားတာပါ။ နောက် တိုင်းပြည်မှာ အရေးပေါ်အခြေအနေ တစုံတရာ ပေါ်ပေါက်ရင်လည်း စစ်တပ်က အာဏာကို လွှဲပြောင်း ရယူခွင့်ရှိဖို့လည်း ပြဋ္ဌာန်းထားပါတယ်။ ဒီလို အနာဂတ် တိုင်းပြည်အုပ်ချုပ်ရေးမှာ စစ်တပ်က
ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမယ့်အပေါ် အန်န်အယ်လ်ဒီရဲ့ သဘောထားကတော့ …
“ကျနော်တို့လက်ခံထားတာက အချုပ်အခြာအာဏာက ပြည်သူ့ထံက ဆင်းသက်ရမယ်။ ပြည်သူတွေ တင်မြှောက်လိုက်တဲ့၊ ပြည်သူတွေ ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံ့အရေးအရာကို ဆောင်ရွက်ရမယ်။ အခု အဲဒီလို လေးပုံတပုံပါတာဟာ ဒီအခြေခံမူတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပထမတချက်အနေနဲ့ ပြောချင်တယ်။”
“ဒုတိယတချက်အနေနဲ့က ပါလီမန်မှာ လေးပုံတပုံက ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းသွင်းတဲ့လူ၊ ကျန်တဲ့လူတွေက အရွေးချယ်ခံ။ အဲဒီအရွေးချယ်ခံ ပုဂ္ဂိုလ်တွေက တကယ့်အုပ်ချုပ်ရေးမှာ အဓိကမကျဘူး။ အဓိကကျတာက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ။ အဲဒီကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း ဆယ့်တဦးမှာ ခြောက်ဦးက ကာကွယ်ရေးဦးစီးချုပ်ဆီက လာတဲ့လူတွေချည်းပဲ။ အဲတော့ ဒီအခြေခံဥပဒေအရဆိုရင် အချုပ်အခြာအာဏာသည် ကာကွယ်ရေးဦးစီးချုပ်ထံကလာသည်။ ပြည်သူ့ထံက မဟုတ်။ ကျနော်တို့ အဲဒီလိုမြင်ပါတယ်။ အာဏာသိမ်းတာကို တရားဥပဒေနဲ့အညီ သိမ်းတယ်လို့ ဒီလို ဖော်ပြလိုက်တာပဲ။ ဒါကလည်း သူတို့ဆုံးဖြတ်ချက်ပဲ။ အရေးပေါ်အခြေအနေ ကြေညာရန်ရှိမရှိဆိုတာ အဓိကအားဖြင့် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ရမယ်လို့ ဖော်ပြတယ်။ ဒါကြောင့် ပါလီမန်မှာ အာဏာမရှိဘူး။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အာဏာအပြည့်ရှိတယ်လို့ ပြောချင်
တယ်။”
အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့အခါ ပြင်ဆင်ချက်တွေ လုပ်ဖို့လိုတယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ % ကျော်ရဲ့ ထောက်ခံမှုနဲ့သာ ဆောင်ရွက်နိုင်ခွင့် ရှိရမယ်ဆိုပြီး မူကြမ်းထဲမှာ ထည့်သွင်းထားတာပါ။ ဒါဟာလည်း အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိအောင် ကြိုတင်ကန့်သတ်တဲ့သဘောလို့ အန်န်အယ်လ်ဒီက ရှုမြင်တာပါ။
“ဒါကလည်း လုံးဝ တပ်မတော်က မပါဘဲနဲ့ တပ်မတော်က အမည်စာရင်းပေးတဲ့ ကိုယ်စားလှယ်တွေ မပါဘဲနဲ့ လုံးဝ ပြင်ဆင်ခွင့်မရှိအောင် ပြဋ္ဌာန်းထားတဲ့ သတ်မှတ် ချက်တွေပဲဖြစ်တယ်။”
ဒီလို လက်မခံနိုင်တဲ့ အခြေအနေတွေ ရှိနေပေမယ့်လည်း အန်န်အယ်လ်ဒီအနေနဲ့ အာဏာပိုင်တွေက မေလထဲကြရင် ကျင်းပပေးဖို့ရှိတဲ့ ဆန္ဒခံယူပွဲကို ဆန့်ကျင် သပိတ်မှောက်မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့်လို့ လူထုတွေအနေနဲ့ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေအတွက် အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကို မကြာခင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်မှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
“ကျနော်တို့ ၁၉၉၃ နောက်ပိုင်းမှာ ဒါမျိုးကို လက်မခံဘူးဆိုတာ ပြောတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ချမှတ်မယ့် အခြေခံမူတွေဟာ အန်န်အယ်လ်ဒီက လုံးဝလက်မခံဘူးလို့ အတိအကျ ပြောပြီးသားဖြစ်ပါတယ်။ ကျနော်တို့ လုံးဝ Boycott မလုပ်ဘူး။ ဒီပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ပြည်သူတွေ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတာနဲ့ပတ်သက်တဲ့ အန်န်အယ်လ်ဒီရဲ့ မူဝါဒလမ်းစဉ်ကို သိပ်မကြာခင်အချိန်မှာ ကျနော်တို့ ထုတ်ပြန်ပါ့မယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကတော့ အခု မေလ လူထုဆန္ဒခံယူပွဲတွေပြီးရင် နောက် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးမယ် ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။
ဒါပေမယ့်လို့ အခြေခံဥပဒေတရပ်လည်း သတ်သတ်မှတ်မှတ် အတည်ပြုပြဋ္ဌာန်းထားတာ မရှိသေးတဲ့အချိန်မှာ ဒီလိုကြေညာတာဟာ အဓိပ္ပာယ်မရှိဘူးဆိုပြီးတော့လည်း အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကန့်ကွက်ပြောဆိုထားတာတွေလည်း ရှိပါတယ်။
Labels: NLD, တွေ့ဆုံမေးမြန်းချက်
