Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, March 1, 2008

ကန့်ကွက်မဲများ တခဲနက်ပေးပါရန် ပြည်ပအဖွဲ့များ ပူးတွဲတိုက်တွန်း

နေသွင်
မဇ္ဈိမ
၂၀၀၈ ဖေဖော်ဝါရီ ၂၉

ချင်းမိုင်။ ။ ကန့်ကွက်မဲပေးခြင်းဖြင့် စစ်အာဏာရှင်စနစ် တည်မြဲစေမည့် အခြေခံဥပဒေ မူကြမ်းကို ပယ်ချလိုက်ပါရန် ပြည်ပအခြေစိုက် တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက စုပေါင်း တိုက်တွန်း လိုက်ကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ၊ တိုင်းရင်းသား လူမျိုးများကောင်စီ၊ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်၊ တိုင်းရင်းသား လူငယ်များ ဆုံရပ်တို့၏ ယမန်နေ့က ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် စစ်အစိုးရ၏ ခြေလှမ်းများသည် “တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဦးတည်ခြင်း မရှိဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးကိုသာ ရှေ့ရှုနေသောကြောင့်” လုံးဝ လက်မခံနိုင်ဟု ပါရှိသည်။

မေလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဆန္ဒခံယူပွဲ လုပ်မည်၊ ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ပြုလုပ်မည် ဆိုသော ကြေညာချက် ထွက်ပေါ်လာပြီးနောက် ပြည်ပ အတိုက်အခံများ၏ ပထမဆုံး စုပေါင်းကြေညာချက် ထွက်လာခဲ့ခြင်း ဖြစ်ရာ ဆန္ဒမဲ မပေးဘဲ နေရေးနှင့် ကန့်ကွက်မဲ ပေးရေး နည်းလမ်းပိုင်းဆိုင်ရာ အငြင်းပွားမှုများ အဆုံးသတ်သွားစေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီမှ ဝန်ကြီး ဒေါက်တာစန်းအောင်က “ပြည်သူဆန္ဒ ခံယူပွဲ တကယ်တမ်း ဖြစ်လာရင်၊ နအဖက မဖြစ်မနေ လုပ်မယ်ဆိုရင် ပြည်သူတွေကို ဒီလိုလုပ်ပါလို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ ထွက်ရပ်လမ်းတော့ မဟုတ်ဘူး” ဟု ပြောသည်။

စင်ပြိုင်အစိုးရ အနေဖြင့် သုံးပွင်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးသည် မရှိမဖြစ်ဟု စွဲစွဲမြဲမြဲ ယုံကြည်ထားဆဲ ဖြစ်ပြီး မြန်မာပြည်တွင် တွေ့ဆုံ ဆွေးနွေးရေးများ ပြန်စရန် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် တိုက်တွန်း လုပ်ဆောင်သွားမည်ဟု ဒေါက်တာ စန်းအောင်က ပြောသည်။

အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း စစ်အစိုးရ၏ မေလဆန္ဒခံယူပွဲ အစီအစဉ်သည် တဖက်သတ် အစီအစဉ် ဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်ကြောင်း ယမန့်နေ့က ဝေဖန်လိုက်သည်။

စစ်အစိုးရ၏ လုပ်ရပ်သည် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆို တိုက်တွန်းနေသော နိုင်ငံတော် ဖွဲ့စည်းပုံ ရေးဆွဲရေးနှင့် ပြုပြင်ပြောင်းလဲရေးတွင် သက်ဆိုင်သူအားလုံး ပါဝင်ရမည်ဆိုသော အချက်ကို ဆန့်ကျင်နေသည်ဟုလည်း ဝေဖန်ထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရထားသောပါတီ ဖြစ်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ကာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထားသည်။

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များသာ အခြေခံဥပဒေ မူကြမ်းသာ ရေးဆွဲရန် တာဝန်ရှိဆိုသော ဥပဒေ (၁/၉ဝ) ကို ကျောခိုင်းကာ၊ ဝေဖန် ကန့်ကွက်မှုများ ခွင့်မပြုသော၊ လွတ်လပ်စွာ ဆွေးနွေးခွင့် မပြုသော မူကြမ်း ရေးဆွဲရေးကို ၁၄ နှစ်ကြာ အချိန်ယူကာ စစ်အစိုးရ အလိုကျများဖြင့် ရေးဆွဲခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲ အသစ်တခု ထပ်မံလုပ်ရန် လိုသည်ဟုဆိုပြီး ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိဟု ကြိုတင် ကန့်သတ်ထားလိုက်ပြန်သည်။

Read More...

ကန့်ကွက်မဲဖြင့် “ဖွတ်မြီးနဲ့ဖွတ်ကို ချည်စို့” ဟု ကွန်မြူနစ်ပါတီပြော

နေသွင်
မဇ္ဈိမ
၂၀၀၈ ဖေဖော်ဝါရီ ၂၈

ချင်းမိုင်။ ။ မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးခြင်းနည်းဖြင့် စစ်အစိုးရကို အလဲထိုးနိုင်မည် ဖြစ်ကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီက ကြေညာလိုက်သည်။

စစ်ဗိုလ်ချုပ်များသည် လူထုဆန္ဒ ခံယူပွဲကို “မတတ်သာလို့” လုပ်ရခြင်း ဖြစ်ပြီး၊ လူထုအနေဖြင့် (၄၆) နှစ် သက်တမ်းရှည်နေသော စစ်အုပ်ချုပ်ရေးကို ယခုတကြိမ်တွင် “အလဲထိုး” ရမည်ဟု ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဆန္ဒခံယူပွဲ လုပ်မယ့်ရက် မကြေညာဘဲထားပြီး သူတို့တကောင်တည်း ပြေးနေပါတယ်။ လူထုကို ချည်ပြီးတုပ်ပြီး ပါးစပ်ပိတ် နားပိတ်ပြီး အနိုင်ယူဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ “ဖွတ်ကို ဖွတ်မြည်းနဲ့ ချည်တဲ့နည်း” ကျနော်တို့ လူထုကြီးက လုပ်ရပါမယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် စစ်အစိုးရ အနေဖြင့် အချိန်ဆွဲ နည်းဗျူဟာကို ပြန်လည် ကျင့်သုံးလာနိုင်သေးကြောင်း ဗကပ ပြောရေးဆိုခွင့် ရှိသူက ထပ်မံ သတိပေးလိုက်သည်။

ရဲဘော်ဖိုးသံချောင်းက “ဒါက နှိုင်းစာခြင်း ပြောတာပါ။ ဒီလို မဲပေးလိုက်ခြင်းဖြင့် နအဖ အလုံးစုံ ပြုတ်ကျသွားမယ်လို့ ပြောလို့ မရပါဘူး။ ဘာကြောင့်လဲဆိုရင် နအဖဟာ ဘာကိုမဆို တွက်ပြီး ပြင်ထားပြီးသားလို့ ကျနော်တို့ ထင်ပါတယ်။ အားလုံးက ကန့်ကွက်လို့ ဖွဲ့စည်းပုံကို ခေါက်ထား လိုက်တယ် ထားပါဦးတော့။ သူတို့က ညောင်နှစ်ပင် ထပ်ခေါ်ဦးကြစို့ကွာ ဆိုပြီး (၁၄) နှစ် ဆွဲနေဦးမယ်” ဟု မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

လောလောဆယ်တွင် စစ်အစိုးရ ထိပ်သီးပိုင်းတွင် သံဃာအရေးအခင်း နောက်ပိုင်းတွင် သဘောကွဲလွဲမှုများ ရှိနေပြီး ပြည်သူဘက်က ဆန္ဒပြင်းပြင်းပြပြ ဖော်ပြနိုင်လျှင် ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ကောင်းသော အလားအလာ ဖြစ်သည်ဟု သူကမြင်သည်။

ဆန္ဒခံယူပွဲတွင် သပိတ်မှောက်သည့်နည်းကို သုံးလျှင် နအဖအကြိုက်တွေ့မည် ဟုဆိုလိုက်ပြီး ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများဘက်က တသံတည်းထွက်ပြီး ပြည်သူလူထုကို အချိန်မီ လှုံ့ဆော်ရန် လိုအပ်ပြီ ဟု သတိပေးသည်။

ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးခြင်း နည်းလမ်းသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ မင်းကိုနိုင် လွတ်မြောက်ရေး၊ ၁၉၉ဝ လွတ်တော် ခေါ်ယူရေး၊ အဖမ်းခံထားရသော အမတ်များ လွတ်မြောက်ရေး စသော ပြဿနာများ ပြေလည်စေမည်ဟု ဗကပ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းမှ စီအာရ်ပီပီခေါ် ပြည်သူလွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင် ဦးအေးသာအောင်က ဆန္ဒခံယူပွဲ အစစ်အမှန် မဖြစ်နိုင်ဟု ယုံကြည်ထားပြီး အမှန်တကယ် မြန်မာပြည်နိုင်ငံရေး ပြဿနာ ပြေလည်သွားရေးအတွက် တွေ့ဆုံဆွေးနွေးရေး မရှိမဖြစ် လိုသည်ဟု ပြောသည်။

“ဒီကနေ့ အချိန်အခါမှာ တိုင်းပြည်မှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရ ယန္တယားရဲ့ အားက၊ လက်တံက ရှည်တော့ ပြည်သူတွေ အနေနဲ့ တကယ့်ကို စစ်မှန်တဲ့ ဆန္ဒကို ပေးနိုင်မပေးနိုင် ဆိုတာ မသေချာဘူး။ မြို့ပေါ်မှာ တကယ်ပေးနိုင်သည့် တိုင်အောင်၊ နယ်တွေ၊ ကျေးလက်တွေမှာ ပြည်သူတွေရဲ့ ဆန္ဒကို လွတ်လွတ်လပ်လပ် ပေးနိုင်မယ်လို့ အန်ကယ်တို့ မယူဆဘူး။ ထွက်လာတဲ့ တကယ် ရလဒ်ဟာလည်း ပြည်သူတွေက ပေးလိုက်တဲ့ ဆန္ဒ အစစ်အမှန် မဟုတ်နိုင်ဘူး။ အဲဒါကြောင့် ဒီဆန္ဒ ခံယူပွဲဟာ စစ်မှန်တဲ့ ပြည်သူတွေရဲ့ ဆန္ဒဖြစ်မယ်လို့ ယူဆနိုင်ဖွယ် အလွန့်ကို နည်းပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်၊

စစ်အစိုးရ၏ ဖွဲ့စည်းပုံတွင် တိုင်းရင်းသားများ၏ လိုလားချက်ဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ကို ပေးအပ်ထားခြင်း မရှိသဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်၊ ပြည်တွင်း ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်လျှင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ ကောင်းမွန်လာမည် မဟုတ်ဘဲ အဆိုးဘက်သို့သာ ဦးတည်နေသည်ဟု ဦးအေးသာအောင်က ဝေဖန်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်မဖြစ်ဘူးဆိုရင် ပြည်သူတွေ ဆန္ဒကို လက်လျှောမလား၊ ဒါ မသေချာဘူး။ ကောင်းပြီး အတည်ပြုခဲ့လို့ ဖွဲ့စည်းပုံအတိုင်း သွားရင် တိုင်းပြည် အကျိုးရှိမလား။ မရှိနိုင်ဘူး။ နိုင်ငံရေး အင်အားစုတွေရဲ့ ညီညွတ်မှု၊ တိုင်းရင်းသားတွေရဲ့ ညီညွတ်မှုကို မတည်ဆောက်နိုင်သမျှ ပြည်တွင်းမှာ နိုင်ငံရေး တည်ငြိမ်မှုရှိမှာ မဟုတ်ဘူး။ နိုင်ငံရေး မတည်ငြိမ်ရင် စီးပွားရေး တည်ငြိမ်မှု မရှိနိုင်ဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဇိုမီး အမျိုးသား ကွန်ဂရက် စသော ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရထားသော ပါတီတို့ဖြင့် ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Read More...

Friday, February 29, 2008

ပြည်သူ့ဆန္ဒခံယူပွဲသည် ဒီမိုကရေစီကျမည်မဟုတ်ဟု ၈၈ မျိုးဆက်ကျောင်းသားများပြောကြား

၂၀၀၈ ဖေဖော်ဝါရီ ၁၁
ဆုံဆည်းရာဘလော့ဂ်

တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အဓမ္မအတည်ပြုရန် ကြိုးစားမည့် ပြည်သူ့ဆန္ဒခံယူပွဲသည် ဒီမိုကရေစီကျမည်မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုထွန်းမြင့်အောင်က “လက်ရှိ နအဖ က ရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ ပြည်သူကရွေးချယ်ထားတဲ့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တွေ ပါဝင်မှုမရှိတဲ့အပြင် နအဖစိတ်တိုင်းကျ ရွေးချယ်ထားတဲ့ကိုယ်စား လှယ်တွေနဲ့ နအဖက ဖိအားပေးအကျပ်ကိုင်ထားတဲ့ တိုင်းရင်းသားအုပ်စုတွေ တင်ပြတဲ့ ပြည်ထောင်စုဆိုင်ရာ ဥပဒေကိုတောင်၊ တိုင်းရင်းသား အခွင့်အရေးတွေကိုတောင် နအဖက ဒီအထဲမှာ အသိအမှတ်ပြု ထည့်သွင်း ရေးဆွဲထားတာ မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးသားညီ လာခံကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်ကတည်းက ဒီမိုကရေစီလည်း မကျပါဘူး၊ တရားနည်းလမ်းလည်း မကျပါဘူး။ ဒီလိုဥပဒေကို အတည်ပြုမယ်ဆိုတဲ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဆိုတာဟာလည်း ဒီမိုကရေစီကျမှာမဟုတ်ပါဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရက ၎င်းတို့ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လာမည့်မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ခေါ်ယူသွားမည်ဖြစ်ပြီး ဆန္ဒခံယူပွဲပြုလုပ်ပြီးသည့်နောက် ၂၀၁၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ဆက်လက်ကျင်းပသွားမည်ဟု ပြီးခဲ့သည့်စနေနေ့ညတွင် ကြေညာ ခဲ့သည်။

ယခုနအဖရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ရေးဆွဲသည့် ပုံသဏ္ဌာန်ရော၊ ဥပဒေပါ အကြောင်းအရာများပါ လူထုအကျိုးထက် စစ်ဗိုလ်ချုပ်များ၏အကျိုးကို ဖော်ဆောင် ထားသည်ကများကြောင်း ကိုထွန်းမြင့်အောင်က ပြောသည်။

“ဒါကြောင့် ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်ဖော်ဆောင်နိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို အာမခံနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးအတွက် လူထုဟာ ညီညီညွတ်ညွတ် ရဲရဲဝံ့ဝံ့နဲ့ လှုပ်ရှား ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကမ္ဘာ့ကြီးကြပ်မှုတွေမပါဘဲ တိကျတဲ့ အချိန်ဇယားတွေ၊ တိကျတဲ့အဆင့်တွေ မပါဘဲနဲ့ ဆန္ဒခံယူပွဲလုပ်မယ့်အပေါ် ကျနော်တို့ လုံးဝကို အယုံအကြည် မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီအင်အားစုများအနေဖြင့် ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား လမ်းညွှန်ချက်များ၊ ဆုံးဖြတ် ချက်များချပြီး ပြည်သူ လူထုအပေါ် ထင်သာမြင်သာသည့် ဦးဆောင်မှုများ ပေးသွားရန် လိုအပ် သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ဆန္ဒခံယူပွဲကို နိုင်ငံတကာကြီးကြပ်မှုအောက်တွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ပါက ပြည်သူလူထုအနေဖြင့် သူတို့၏သဘောထားကို မည်သို့ ထုတ်ဖော်မည်ဆိုသည်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မည်ဖြစ်သည်ဟုလည်း ကိုထွန်းမြင့် အောင်က ပြောသည်။

“အခုလည်း နအဖဟာ ဘယ်လိုပဲ ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေ၊ အကျပ်ကိုင်မှုတွေ ရှိနေပေမယ့် သံဃာတော်တွေကို မကြာသေးမီကမှ ပူပူနွေးနွေးသတ်ထားတဲ့ စစ်အစိုးရကို ကျနော်တို့ပြည်သူလူထုဟာ မိမိတို့အနာဂတ်အတွက် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တဦး ဖြစ်သည့် ဦးအောင်သိန်းကလည်း နအဖ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းဆိုသည်မှာ မည်သူမှမသိရှိရသေးဘဲ ထွက်မလာသေး သည့် မူကြမ်းအပေါ် ထောက်ခံပွဲ အရင်လုပ်မည် ဆိုသည့်ကိစ္စသည် မဖြစ်သင့်ကြောင်း ပြောဆို သည်။

၎င်းက “အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုတောင် ပြည်သူလူထုက မသိသေးဘဲနဲ့ ထောက်ခံပွဲလုပ်ပြီးတော့ ၂၀၁၀ ခုမှာပါ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ ၁၉၉၀ ခုရွေး ကောက်ပွဲကို သိက္ခာရှိရှိနဲ့ ဘယ်လိုဆောင်ရွက်မလည်းဆိုတာ ကြည့်ရမှာပေါ့” ဟု ပြောသည်။

ပြည်သူလူထုအနေဖြင့် အခြေခံဥပဒေမူကြမ်းကို လွတ်လပ်စွာ ပြောဆိုဝေဖန်နိုင်ခွင့် ရှိရမည် ဖြစ်ကြောင်း၊ သို့သော် ဆွေးနွေးပြောဆိုဝေဖန်ခွင့်ကို အမိန့်ကြေညာချက် ၅/၉၆ ဖြင့် စစ်အစိုးရက တားမြစ်ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ထောင်ဒဏ် အနှစ် (၂၀) လောက်တောင် အရေးယူခံနိုင်ရဖွယ် ရှိတယ်လို့ဆိုထားတယ်။ ဒီဖွဲ့ စည်းပုံကြီးကို မတို့ရဲမထိရဲတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ပြည်သူ လူထုရဲ့ဆန္ဒအမှန်ဆိုတာ ဘယ်လိုဖြစ်ပေါ်စေနိုင်မလဲ၊ ဒါက အဓိကကျတဲ့ကိစ္စရပ်ပါ” ဟု ဦးအောင်သိန်းက ပြောသည်။

အန်အယ်လ်ဒီပါတီ ပြန်ကြားရေးမှ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဥာဏ်ဝင်းက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုထားသည့် အခြေခံမူများသည် ဒီမိုကရေစီနည်းမကျကြောင်း၊ စစ်အစိုးရက ယခုကဲ့သို့ အခြေခံဥပဒေအသစ်ကို အတည်ပြုရန် ဆန္ဒခံယူပွဲ လုပ်မည်ဆိုခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်အောင် ကြိုးစားသော ဆောင်ရွက်ချက်အဖြစ် မြင်ကြောင်း သတင်းဌာနများကို ပြောကြားခဲ့သည်။

နအဖစစ်အစိုးရသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုကာ ၎င်းတို့၏ အဆင့်(၇) ဆင့်ပါ လမ်းပြမြေပုံအရ ဒီမိုကရေစီကို ဖော်ဆောင်မည်ဟု ကြွေးကြော်ခဲ့ပြီး အဆင့် (၃) ဖြစ်သည့် အခြေခံဥပဒေမူကြမ်းရေးဆွဲရေး ညီလာခံကို မကြာသေးခင်က ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများကမူ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသည်။ ။

Read More...

လွတ်လပ်သော ဆန္ဒခံယူပွဲဖြစ်ရန် ပြည်တွင်းအတိုက်အခံများ တောင်းဆို

၂၀၀၈ ဖေဖော်ဝါရီ ၂၁
မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ မေလတွင် ကျင်းပမည့် ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် ပြည်သူများထံ လွတ်လပ်ခွင့်များ ပေးရန် လိုအပ်ကြောင်း ပြည်တွင်း အခြေစိုက် ဒီမိုကရေစီ လိုလားသော နိုင်ငံရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့ကြီးတခုက ယနေ့ ပြောဆိုလိုက်ကြသည်။

ပြည်သူများကို လွတ်လပ်စွာ ဝေဖန်ခွင့်၊ ဟောပြောခွင့်၊ စည်းရုံးခွင့်များ ပေးအပ်ရန် လိုအပ်သလို၊ နိုင်ငံတကာကို လွတ်လပ်စွာ လေ့လာခွင့်ပြုရေး၊ ပြည်သူများက ယုံကြည်သူများနှင့် ဆန္ဒခံယူပွဲ ကော်မရှင် ဖွဲ့စည်းပေးရေး၊ သန့်ရှင်းမျှတသော မဲပုံးစနစ်၊ ရေတွက်မှု စနစ်ကို စိတ်ချရသော ပတ်ဝန်းကျင်တွင် ပြုလုပ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave - GW) က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

“ကျနော်တို့က ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်မယ့် လမ်းကို ရွေးရတာပါ။ ဆန္ဒခံယူပွဲကို တိုက်ရင် နအဖ ကို တိုက်ရာ မရောက်ဘဲ၊ လမ်းဖွင့်ပေးရာ ရောက်သွားမှာ စိုးတယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှုနဲ့ လိုက်လျော ညီထွေမှုတို့ကို ထည့်စဉ်းစားရမယ်။ ကျနော်တို့ ပြည်သူတွေကို စည်းရုံးခွင့် ကျဉ်းသွားမလား စတဲ့ အချက်တွေကြောင့် နိုင်ငံတကာနဲ့ ပြည်သူ တသားထဲဖြစ်မယ့် ဒီလမ်းကို ရွေးရတာပါ” ဟု GW အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို မျက်ကွယ်ပြုပြီး အန်အယ်ဒီနှင့် တိုင်းရင်းသားအများ မပါရှိဘဲ ရေးဆွဲထားသော ဖွဲ့စည်းပုံဥပဒေကို အတည်ပြုမည့် ဆန္ဒခံယူပွဲ ပြုလုပ်သည်ကို လက်မခံကြောင်း GW က ဆိုသည်။
နအဖ အနေနှင့် မတ်လကုန် နောက်ဆုံးထား၍ တောင်းဆိုချက်ကို မလိုက်လျောလျှင် ဆန္ဒခံယူပွဲကို လူထု လူတန်းစားပေါင်းစုံ ပါဝင်သည့် တော်လှန်ရေးနှင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ခြင်း မရှိပါ။

အလားတူပင် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော် အစိုးအရ အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ဆန္ဒခံယူပွဲကို ကျင်းပပေးရန် လိုအပ်ကြောင်းနှင့် ပြည်သူတရပ်လုံး ပါဝင်ပြီး မိမိတို့၏ ဆန္ဒသဘောထား အစစ်အမှန်ကို ဒီမိုကရေစီ နည်းလမ်းတကျ လွတ်လပ်စွာ ဖော်ပြကြရန် လိုအပ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂွမ်မော်က “အဓိကတော့ လွတ်လပ်ပြီး တရားမျှတဲ့ စကားမှာ အကုန်လုံး ပြည့်စုံပြီ။ သိပ်အရှည်ကြီး ပြောနေရင်လည်း စည်းကမ်းချက်တွေ အများကြီးပေါ့နော်။ အဓိကတော့ လွတ်လပ်ပြီး တရားမျှတသော ဆန္ဒခံယူပွဲ ဖြစ်ရမယ်။ ဆန္ဒခံယူပွဲ ပေးသူတွေမှာလည်း လက်ရှိ အာဏာရှိသူတွေကလည်း ရွေးချယ်မှုဆိုတာ ရှိတယ်လေ။ အဲဒါကြောင့် ကျနော်တို့ လိုချင်တာက လွတ်လပ်ရမယ်၊ တရားမျှတရမယ် ဆိုတဲ့ ဘောင်ထဲမှာ ကျနော်တို့ အားလုံးက ချိန်ထိုးယူဖို့ ရှိတယ်လေ” ဟု ပြောသည်။

၂ဝ၁ဝ ခုနှစ်တွင် နအဖ မှ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း တရားမျှတမှု ရှိ၊ မရှိ သိရှိနိုင်ရန် သင့်တော်သော အကဲခတ် အဖွဲ့တဖွဲ့ ဖွဲ့စည်းပေးရန်နှင့် ပေါ်ထွက်လာသော ရွေးကောက်ပွဲ ရလဒ်ကို အားလုံးက လေးစား အသိအမှတ် ပြုရန် ဆိုသည့် အချက်များပါ အေအိုင်အို ကြေညာချက်တွင် တောင်းဆိုထားသည်။

ဗိုလ်မှူးကြီး ဂွမ်မော်က “ပါတီလုပ်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုတာ ဘာမှ ဆုံးဖြတ်ထားတာ မရှိသေးပါ။ အခုတော့ အခြေအနေကို ကြည့်ပြီးတော့ လက်ရှိ အာဏာကို ရယူထားတဲ့ စစ်အစိုးရအနေနဲ့ ဘယ်လိုလုပ်မလဲ၊ အဲဒီအချိန်မှာ ပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိမလဲ၊ ကေအိုင်အိုရဲ့ အနေအထားနဲ့ တခြားအခြေအနေတွေ ဘယ်လိုရှိမလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်ကလည်း GW ၏ ထုတ်ပြန်ကြေညာချက်အတိုင်း နအဖ အနေနှင့် အကောင်အထည် ဖော်သင့်ကြောင်း ထောက်ခံ ပြောဆိုသည်။
သူက ဆက်ပြီး “လူထုက စစ်အစိုးရရဲ့ အုပ်ချုပ်မှု၊ သူတို့ရဲ့ ဖွဲ့စည်းပုံကို မလိုချင်ဘူးဆိုတာ စက်တင်ဘာ လှုပ်ရှားမှုကြီးက ထင်ထင်ရှားရှား ပြသခဲ့ပြီးပြီ။ အသက်တွေ ဘာတွေပေးပြီးတော့။ အခုလည်း လူထုက ကန့်ကွက်မဲ ပေးချင်နေကြပါတယ်။ ဒါကို ထောက်ခံမဲပေးအောင် လုပ်သွားမယ်ဆိုရင်၊ yes အဖြေ ထွက်လာရင် အဲဒါ လိမ်တာပဲ။ အဲဒါ ညစ်ပတ်မှုပဲ။ မှန်ကန်တဲ့၊ မျှတတဲ့ ဆန္ဒခံယူပွဲဆိုရင် ကျိန်းသေပေါက် ကန့်ကွက်မဲ ထွက်ကို ထွက်ရမယ်” ဟု ပြောသည်။

Read More...

လူထုဆန္ဒခံယူပွဲသည် ဒီမိုကရေစီသို့ ဦးမတည်ဟု အန်အယ်ဒီပြော

မောင်ဒီး
၂၀၀၈ ဖေဖော်ဝါရီ ၁၈
မဇ္ဈိမ

နယူးဒေလီ။ ။ နအဖ က မေလတွင် ကျင်းပမည်ဆိုသော လူထုဆန္ဒ ခံယူပွဲသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မည်သို့မှ ဦးတည်နိုင်မည် မဟုတ်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ယနေ့တွင် ပြောဆိုလိုက်သည်။

ယခုလ ၉ ရက်နေ့တွင် နအဖ စစ်အစိုးရက လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲအသစ် ကျင်းပရေး ကြေညာချက်များ ထုတ်ပြန်ပြီးနောက်ပိုင်း အန်အယ်ဒီက ပထဆုံးအကြိမ် သဘောထား ထုတ်ပြန်ကာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကျင်းပမယ့် ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် ဆန္ဒခံယူပွဲ မဖြစ်နိုင်ဘူး ယူဆတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ၁/၉ဝ နဲ့လည်း ကွဲလွဲနေတယ်၊ ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိကဝတ်နဲ့လည်း ကွဲလွဲနေတယ်။ ဒါ့ကြောင့် ဒါတွေဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်တယ်” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွှန့်က ပြောသည်။

၁/၉ဝ ၌ ၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် အခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိသည်ဟု ဖော်ပြခဲ့သည်။

နအဖ က ၁/၂ဝဝ၈ နှင့် ၂/၂ဝဝ၈ ကြေညာချက်များ ထုတ်ပြန်ခြင်းဖြင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို ပိုမို ဆိုးရွားလာခြင်း၊ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးကို ပိုမိုထိခိုက်လာခြင်းနှင့် နိုင်ငံတကာအလယ်၌ နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းလာခြင်း စသည့် ပြဿနာများ ဖြစ်ပေါ်လာပါက တဖက်သတ် ဆောင်ရွက်သည့် အာဏာပိုင်များတွင်သာ တာဝန်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက တခဲနက် အားပေးထောက်ခံခဲ့သည့် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ မပါဘဲ ရေးဆွဲထားသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို တဖက်သတ်ရေးဆွဲကာ အတည်ပြုရန် ကြိုးစားနေခြင်းသည် ပြည်သူလူထု၏ ဆန္ဒကို လေးစားရာ မရောက်သည့်အပြင် နိုင်ငံ၏ အဓိက ပြဿနာဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အထောက်အကူ မပြုနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။

“ပြည်သူ့လွတ်တော် ရွေးကောက်ပွဲ ဥပဒေ ၁/၉ဝ ဥပဒေကို ထုတ်ပြန်တဲ့ အာဏာပိုင်တွေ ကိုယ်တိုင်က လေးစား လိုက်နာဖို့ လိုတယ်။ နောက်တခုက ပြည်သူ့ဆန္ဒကို လေးစားရမယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့ဆိုရင် ပြည်သူ့ဆန္ဒကို လေးစားရမှာပဲ” ဟု ဦးသိန်းညွှန့်က ပြောသည်။

နအဖ က ၁၉၉၃ ခုနှစ်မှ စတင်ကာ သူတို့စိတ်တိုင်းကျ ကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် ထွက်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို ပြည်သူလူထု အနေဖြင့် တစုံတရာ မှတ်ချက်ပေးခြင်း၊ ကန့်ကွက်ခြင်းတို့ ပြုလုပ်ပါက ပြစ်ဒဏ်ချနိုင်သည့် ၅၊၉၆ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းသည်လည်း ပြည်သူလူထု၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် အဆိုပါဥပဒေကို ပယ်ဖျက်သင့်ပြီဟု သူက ပြောသည်။

သူက “ပြည်သူလူထုက အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့ရဲ့ တာဝန် ဖြစ်တယ်ဆိုရင် အဲဒီဥပဒေကို ရုပ်သိမ်းလိုက်ပေါ့။ ရုပ်သိမ်းလိုက်မှ ပြည်သူတွေဟာ သူ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ပြနိုင်မှာပေါ့” ဟု ပြောသည်။

သမိုင်းဝင် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ခြင်း မရှိဘဲ ရွေးကောက်ပွဲသစ် ကျင်းပရသည့် အကြောင်းအရင်းကို မဲဆန္ဒရှင် ပြည်သူလူထုအား ဦးစွာ ရှင်းလင်းတင်ပြရန် လိုသည့်အပြင် ၅/၉၆ ကို ယခုအချိန်ထိ လက်ကိုင်စွဲထားခြင်းကြောင့် မေလတွင် ကျင်းပမည့် လူထုဆန္ဒ ခံယူပွဲသည် လွတ်လပ်ပြီး မျှတသည့် ဆန္ဒခံယူပွဲ ဖြစ်လာလိမ့်မည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။

Read More...

စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းကို အင်ဒိုနီးရှား ဝေဖန်

၂၀၀၈ ဖေဖော်ဝါရီ ၂၂
ခေတ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအတိုက်အခံခေါင်းဆောင်မျာကို ပိတ်ပင်ထားပြီး စစ်အုပ်ချုပ်ရေးကို အရေခြုံထားသည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံက ပထမဆုံး ဝေဖန်လိုက်သည်။

အတိုက်အခံများ အကျိုးနှင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့များ ဆုံရှုံးနစ်နာမှု မရှိစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပမည့် မေလ မတိုင်မီ ကာလအတွင်း ပြန်လည် သုံးသပ်ကြည့်သင့်သည်ဟု အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ီရာယုဒက ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ် ထားသူဖြစ်သောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်အရွေးခံခွင့်မှ တားမြစ်လိုက်သည်ဟု နအဖမှ လူသိရှင်ကြား ကြေညာပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်လိုက်ခြင်းဖြစ်သည်။

“အခုအချိန်ကနေ မေလ မတိုင်မီ အတောအတွင်းမှာ အဲဒီအဖွဲ့အစည်းတွေပါ ပါဝင်ဆွေးနွေး တိုင်ပင်နိုင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ ပိုပြီး ပြည့်စုံသွားမယ်လို့ ကျနော်တို့ မျှော်လင့်မိတယ်။ တခြားအဖွဲ့တွေရဲ့ အကျိုးကိုလည်း ထည့်သွင်း စဉ်းစားတယ်ဆိုတဲ့ သဘောလည်း ရောက်သွားမယ်” ဟု မစ္စတာဟာဆန်က Financial Times သတင်းစာကို ပြောကြားသည်။

အရှေ့တောင်အာရှ နိုင်ငံများအတွင်း အင်ဒိုနီးရှားနိုင်ငံတခုကသာလျှင် စစ်အစိုးရ၏ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြားအတိုက်အခံများဘက်မှကြည့်ပြီး ဝေဖန်မှု ပြုလုပ်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကတော့ စစ်အစိုးရ၏ ကြေညာချက်ကို ထောက်ခံခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် စစ်အစိုးရ၏ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲနှင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ရပ်အား ထောက်ခံသကဲ့သို့ သက်ဆိုင်ရာ ပါတီများအကြား ဆွေးနွေး ပြောဆို မှုများကိုလည်း ထောက်ခံကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လီဒန်းက ဖေဖော်ဝါရီ (၂၁) တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော့ပဒွန်ပက်တမားက ထိုင်းနိုင်ငံအနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ပေါ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည်ဆိုသည့် စစ်အစိုးရ၏ အစီအစဉ် အကောင်အထည် ပေါ်ပေါက်လာနိုင်ပြီး ယုံကြည်အားထားဖွယ် ဖြစ်လာရန် မျှော်လင့်သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုသည် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်ခွင့် မရရန် စစ်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိကြချေ။

ဖိလစ်ပိုင်နိုင်ငံသမ္မတ အာရိုယိုသည် စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြန်မလွှတ်ပေးပါက သူမ၏ လွှတ်တော်အနေနှင့် အာဆီယံပဋိညာဉ်စာတမ်းကို အတည်ပြု လက်မှတ်ရေးထိုးမည် မဟုတ်ဟု ပြောကြားခဲ့သည်။ ။

Read More...

ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု စစ်အစိုးရကို အာဆီယံ ပြောကြား

၂၀၀၈ ဖေဖော်ဝါရီ ၂၁
ခေတ်ပြိုင်

မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို အများက ယုံကြည်မှုရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့က ယမန်နေ့၌ ပြောကြားခဲ့ပြီး ယုံကြည်စိတ်ချ ဖွယ်မရှိပါက ရလဒ်သည် အာဆီယံ (၁၀) နိုင်ငံကိုပါ ထိခိုက်နိုင်သည်ဟု ပြောဆိုလိုက်သည်။

စစ်အစိုးရက မေလအတွင်း ဆန္ဒခံယူပွဲကျင်းပမည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ယခုလဆန်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အကယ်၍ ကျင်းပဖြစ်ပါက ထိုရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လျစ်လျူရှုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည်။

“ကျနော်တို့တွေ စိုးရိမ်ပူပန်နေကြတာက ဒီဖြစ်စဉ်ကို အများက ယုံကြည်လက်ခံနိုင်မှုပဲ။ လွတ် လပ်ပြီး အမှန်အကန်ဖြစ်ဖို့အတွက် စည်းကမ်းချက်တွေရှိသင့်သလို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ
တကာ ရှုထောင့်ကို လျစ်လျူရှုလို့မရကြောင်း ပြောပြထားပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေး
ဝန်ကြီး ဂျော့ခ်ျယိုက စင်ကာပူနိုင်ငံတွင်ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲနောက်ပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားတယောက်နှင့် လက်ထပ်ထားသူ ဖြစ်သောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရက ခွင့်ပြုမည်မဟုတ်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးကို ကိုးကားပြီး ယမန်နေ့ထုတ် စင်ကာပူ စထရိတ်တိုင်းမ်သတင်းစာတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ ခုတွင် ကွယ်လွန်ခဲ့သည့် ဗြိတိန်နိုင်ငံသား မိုက်ကယ်
အဲရစ်ကို အိမ်ထောင်ပြုထားသူဖြစ်ပြီး သားသမီးများမှာလည်း နိုင်ငံခြားသား နိုင်ငံကူး လက်မှတ်များကို ကိုင်ဆောင်ထားသောကြောင့် ယခုဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ ရွေးကောက်ပွဲ မ၀င်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြုလုပ်သည့် ဒေသတွင်း အစည်းအဝေးတခု၌ ပြောကြားခဲ့ကြောင်း ဂျော့ခ်ျယိုက ထပ်လောင်းပြောကြား
ခဲ့သည်။

အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဒွန် ဂျွန်ဒရိုးကလည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်မလွယ်ကူကြောင်း စစ် အစိုးရအနေနှင့် တကယ်စစ်မှန်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲရန်လိုအပ်
ကြောင်း ပြောကြားသည်။

နယူးယော့ခ်ရှိ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာရီအိုကဘီကမူ “မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို ယုံကြည်လက်ခံနိုင်မှုဆိုတာကတော့ အားလုံးပါဝင်နိုင်မယ့် ပါဝင်ခွင့် ရှိ မရှိဆိုတဲ့အပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအတွက် မြန်မာ့အရေး အတိုင်ပင်ခံဖြစ်သည့် ဒေးဗစ်စကော့ ကလည်း မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် တနေရာမှ မပေးနိုင်ကြောင်း စစ်အစိုးရက ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီတော့ ပြောရမယ်ဆိုရင် ပြည်တွင်းနိုင်ငံရေး လုပ်ရပ်အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်
မပါဝင်ရေးအတွက် စစ်အစိုးရဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး နည်းလမ်းတွေ ရှာဖွေ နေခဲ့တာဖြစ်တယ်။ ဒီတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးက လံကြုတ်ကြီးပေါ့” ဟု ဒေးဗစ်စကော့က ထိုင်းနိုင်ငံရှိ ရိုက်တာရုပ်သံတွင် ပြောကြားသွားခဲ့သည်။

Read More...

လူထုဆန္ဒခံယူပွဲ နှင့် ရွေးကောက်ပွဲသစ် ဥပဒေနှင့် မညီဟု အန်အယ်ဒီ ကြေညာ

ပီတာအောင်
၂၀၀၈ ဖေဖော်ဝါရီ ၁၉
ဆုံဆည်းရာ

နအဖစစ်အစိုးရကကျင်းပရန် စီစဉ်နေသည့် လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ်တို့သည်
စစ်အစိုးရကိုယ်တိုင် ထုတ်ပြန်ထားသည့် ကြေညာချက်ဥပဒေများနှင့် ကိုက်ညီမှုမရှိဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကြေညာသည်။

နအဖစစ်အစိုးရက အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲကို လာမည့်မေလတွင် ကျင်းပ၍ ၂၀၁၀ ပြည့်နှစ်၌ ရွေးကောက်ပွဲသစ် ပြုလုပ်မည်ဟု ယခုလဆန်းတွင် ကြေညာခဲ့သည့်အပေါ် အန်အယ်လ်ဒီ က ယမန်နေ့တွင် အထူးကြေညာချက်ထုတ်ပြန်၍ ဝေဖန်လိုက်ခြင်းဖြစ်သည်။

လူထုဆန္ဒခံယူပွဲ ပြုလုပ်မည့် စစ်အစိုးရ၏ အခြေခံဥပဒေမူကြမ်းသည် လွှတ်တော်ကိုယ်စားလှယ် များက ရေးဆွဲထားခြင်းမဟုတ်သဖြင့် န၀တ စစ်အစိုးရလက်ထက်က ကြေညာထားသော ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေရေးဆွဲရန် တာဝန်ရှိဆိုသည့်အချက်နှင့် ကွဲလွဲနေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ဖြစ်ခြင်း လုံးဝမရှိသေးဘဲ ရွေးကောက်ပွဲသစ် ကျင်းပပေးမည်ဟု ကြေညာခြင်းသည်လည်း ဥပဒေနှင့် မကိုက်ညီကြောင်း အန်အယ်လ်ဒီက ထောက်ပြသည်။

အန်အယ်လ်ဒီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “ဆန္ဒခံယူပွဲလုပ်ဖို့ဆိုရင် အခုအချိန်
အထိ မူကြမ်းလည်း မထုတ်ပြန်သေးဘူး။ ဘယ်နည်းဘယ်ပုံ အတည်ပြုမယ်ဆိုတဲ့ ဥပဒေလည်း ပြဋ္ဌာန်းပေးထားခြင်းမရှိဘူး။ ဒီမူကြမ်းကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရေးဆွဲထားတဲ့ ဥပဒေလည်းမဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က ပြောကြားချက်အရ ပြည်သူ့ကိုယ်စားလှယ် မဟုတ်ရင် အခြေခံဥပဒေ မရေးဆွဲနိုင်ဘူး၊ ရေးဆွဲရင် တရားခံဖြစ်မယ်ဆိုတဲ့ အပိုဒ်တွေကို သမိုင်းရေးရာ အထောက်အထားတွေကို ပြပြီးတော့ အဖွဲ့ချုပ်ရဲ့ သဘော ထားက ပြည်သူ့ဆန္ဒခံယူပွဲအတွက် မဖြစ်နိုင်သေးဘူးဆိုတဲ့ အချက်တွေကို တင်ပြလိုက်တာပါ။ ဥပဒေနဲ့မကိုက်ဘူးဆိုရင် တရားဝင်မှုနဲ့ပတ်သက်ပြီး စိန်ခေါ်ခံရမှာဖြစ်ပါတယ်” ဟု ပြောသည်။

အခြေခံဥပဒေသည် နိုင်ငံသားအားလုံး၏ သေရေးရှင်ရေး ပြဿနာဖြစ်သည့်အတွက် ပြည်သူ လူထုအနေဖြင့် အခြေခံဥပဒေအပေါ် ၎င်းတို့၏အမြင်များ လွတ်လပ်စွာထုတ်ဖော်ခွင့် ပြောဆိုခွင့်၊ ဆန္ဒသဘောထားများ စုဝေးဖော်ပြခွင့်များ ရရှိရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုအခွင့်အရေးများရရှိရန် စစ်အစိုးရအနေဖြင့် အမျိုးသားညီလာခံကို နှောင့်ယှက်ဟန့်တားမှုမှ ကာကွယ်သည့် ဥပဒေ အမှတ် ၅/၉၆ ကို ပြန်ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း၊ ထိုဥပဒေ အတည် ဖြစ်နေသမျှကာလပတ်လုံး လွတ်လပ်ပြီးတရားမျှတသည့် ပြည်သူ့ဆန္ဒခံယူပွဲ လုံးဝမဖြစ်နိုင် ကြောင်း အန်အယ်လ်ဒီက ပြောသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့အကြား စကားပြောဆို နေသည့် အဆင့်မှသည် နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲပေါ်ပေါက်လာပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာ အဖြေရှာနိုင်ရန် ဆက်လက်ရပ်တည် လုပ်ဆောင်သွား မည်ဟု ဦးသိန်းညွန့်က ပြောသည်။

အန်အယ်လ်ဒီ၏ ကြေညာချက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကြိုဆိုကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်ပြီး ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်များ မပါဝင်ပဲ ရေးဆွဲချပြလာမည့် အခြေခံဥပဒေမူကြမ်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သွားကြရန် ပြည်သူတို့အား တိုက်တွန်းလိုက်သည်။

Read More...

အတိုက်အခိုက်များကြားက စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ

ကိုမိုးသီးဘလော့ဂ်
၂၀၀၈ ဖေဖော်ဝါရီ ၂၂


ဘန်ကောက်၊ ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၂

အင်ဒိုနီးရှားနိုင်ငံဟာ မနေ့က ဗမာစစ်အစိုးရ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပထမဆုံး အကြီးအကျယ် ဝေဖန် တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရနဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေ ကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေတွေကို ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်ဝီရာဝုဓက “မေလမှာကျင်းပမယ့် ပြည်သူ့ဆန္ဒခံယူပွဲကို မလုပ်ခင်မှာ စစ်အစိုးရ အနေနဲ့ ၎င်းတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတိုက်အခံအင်အားစုတွေနဲ့ ကျန်တိုင်းရင်းသားအုပ်စုတွေရဲ့ စိတ်ဝင်စားမှု ရှိလား၊ မရှိဘူးလားဆိုတာကို ပြန်လည်ဆန်းစစ်သင့်တယ်” လို့ ပြောသွားပါတယ်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားတစ်ယောက်ကို လက်ထက်ခဲ့တဲ့အတွက်ကြောင့် ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ လူသိရှင်ကြား ကြေငြာပြီးနောက်ပိုင်းမှာ ဟတ်ဆန် ဟာ ဗမာစစ်အစိုးရပေါ်ဝေဖန်မှုများ ပြုလုပ်ခဲ့ပါတယ်။

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ထောက်ခံဖို့ဆိုရင် ၎င်းတို့နေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးဖို့ နည်းလမ်းတစ်ခုကို အခုအချိန်ကနေ လာမယ့် မေလအတွင်းမှာ ထည့်သွင်းမှ ပြည့်စုံလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တယ်။ ဒါမှ သာ အတိုက်အခံအင်အားစုတွေကို လည်း အခွင့်အရေး ပေးရာရောက်ပါတယ်” လို့ မစ္စတာ ဟတ်ဆန်က Financial Times သို့ မနေ့က ပြောကြားသွားပါ တယ်။

ဗမာစစ်အစိုးရကတော့ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပာာ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ စည်းကမ်းကျနတဲ့ ဒီမိုကရေစီစနစ်တစ်ခု ပေါ်ထွန်းရေးအတွက် သင့်လျှော်တဲ့ အခြေခံ အုတ်မြစ် ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။

ဒါပေမယ့် အတိုက်အခံအင်အားစုများဘက်ကတော့ ဒါဟာ စစ်အစိုးရက ၎င်းတို့ရဲ့တရားမ၀င်တဲ့ စစ်ဥပဒေကို တရားဝင်ဖြစ် လာအောင် ကြိုးစားခြင်းသာဖြစ်တယ်လို့ ရှုံ့ချကြပါတယ်။ အဲဒီအချိန်မှာဘဲ NLD ပါတီက စစ် အစိုးရ ရဲ့ တဖက်သတ်ဆန်တဲ့ ပြည်သှူှ့ဆန္ဒခံယူပွဲဟာ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးစေ့စပ်ဆွေးနွေးပွဲတွေ (သို့မဟုတ်) အမျိုးသား ပြန်လည် သင့်မြတ် ရေး လမ်းစဉ် ကို အထောက်အကူ မပေးနိုင်ပါဘူး လို့ပြောပါတယ်။

စစ်အစိုးရရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းဟာ စစ်တပ် ကဘဲဖြစ်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီတော့ စစ်အစိုးရက အဓိကကျတဲ့ ၀န်ကြီးနေရာတွေကို သူတို့ စစ်တပ် အသိုင်းအ၀န်းထဲက ရွေးချယ်ပြီး နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေကြောင့်လို့ ကြေငြာပြီး အာဏာ သိမ်းနိုင်ပါတယ်။ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးဖို့နဲ့ ပြည်သူတွေ ရဲ့လွတ်လပ်ခွင့်ကို တော့ အခြေအနေပေါ်ကို မှုတည်ပြီးတော့မှ စဉ်းစားမှာပါ။ ပြီးတော့ သူတို့ထင်သလို လှည့်ကွက်တွေနဲ့ လိမ်လည်ဦးမှာပါ။ သူတို့နဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေကိုလည်း ရွေးကောက် ပွဲ မှာ ပါဝင်ခွင့် ရှိ၊ မရှိကို လည်း သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆုံးဖြတ်ဦးမှာပါ။

“ဒါဟာ နဂိုကတည်းက သူတို့ဘာသာသူတို့ စည်းဝါးကိုက်ထားပြီးသားပါ။ ဒီမိုကရေစီအတွက် တက်တက် ကြွကြွ ပါဝင်လှုပ်ရှား ဖူးသူ မည်သူမဆို (သို့မဟုတ်) စစ်အစိုးရကို တနည်းနည်း နဲ့ ဆန့်ကျင်ဖူးသူ (သို့မ ဟုတ်) ဆန့်ကျင်ဖို့အလားအလာရှိတဲ့သူတွေ အဲဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရှိမှာမဟုတ်ဘူး” လို့ ပြည်ပ ရောက် နိုင်ငံရေးသုတေသီ တစ်ဦးဖြစ်သူ ကိုအောင်နိုင်ဦး က ပြောပါတယ်။

နိုင်ငံခြားသား တစ်ယောက်ကို လက်ထပ်သူ မည်သူမဆို (သို့မဟုတ်) ၎င်းရဲ့ ခင်ပွန်း (သို့) ဇနီး၊ သားသမီး များဟာ အခြားနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသား ဖြစ်နေလျှင်၊ ဒါတင်မကသေးဘူး သံဃာတော်တွေနဲ့ ဘာ သာရေးဆိုင်ရာပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေ နဲ့ အစိုးရအမှုထမ်းတွေလည်း ပါဝင် ခွင့်မရှိပါဘူး။

ဒါပေမယ့် ရွေးကောက်ပွဲမှာ စစ်သားတွေ ပါဝင်ရွေးကောက်ခံပိုင်ခွင့်မရှိဘူးလို့တော့ မပါပါဘူး။

လွှတ်တော်အမတ်နေရာ လျှောက်ထားမယ့်သူတွေဟာ ဗမာပြည်မှာ ၁၀ နှစ်ဆက်တိုက်နေလာတဲ့သူလည်း ဖြစ်ရမယ်လို့ စစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မှာ ထည့်သွင်းရေးဆွဲထားပါသေးတယ်။

Read More...

ဘီဘီစီ မြန်မာပိုင်းမှာ ဦးအောင်သူငြိမ်း ပြောခဲ့တဲ့ မှတ်ချက်

ဘီဘီစီ တပတ်အတွင်း မြန်မာနိုင်ငံသတင်း သုံးသပ်ချက်
၂၀၀၈ ဖေဖော်ဝါရီ ၂၃

သောတရှင်များရှင် ဒီသတင်းပတ်ထဲမှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲပြီးစီးသွားပြီလို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလို ပြောဆိုကြေညာမှု ထွက်ပေါ်ပြီးပြီးချင်းမှာပဲ မြန်မာနိုင်ငံရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့်ရှိတဲ့ အခြေအနေ ဖြစ်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မယ်ရီ အိုဂါဘီ က ပြောဆိုထုတ်ပြန်လိုက်ပါတယ်။

“ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံကို သွားခွင့်ရရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ လုပ်ငန်းစဉ်ကိစ္စကို ပထမဦးစားပေးအနေနဲ့ အာဏာပိုင်တွေနဲ့ကော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား သက်ဆိုင်သူ အားလုံးနဲ့ပါ ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ဟာ ဘယ်လောက်အထိ ယုံကြည် စိတ်ချရမလဲ ဆို တာ ဒီလုပ်ငန်းစဉ်ထဲ အားလုံးပါဝင်ပတ်သက်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”

အမေရိကန် ပြည်ထောင်စုကတော့ အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို လက်မခံနိုင်တဲ့ အကြောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ဖို့ ကြေညာထားတာကိုလည်း ကန့်ကွက်တဲ့အကြောင်း ထုတ်ဖော်ပြော ခဲ့ပါ တယ်။ မြန်မာအစိုးရ အပေါ် အစဉ်အမြဲ ပြတ်ပြတ်သားသား ပြောလေ့ရှိတဲ့ အမေရိကန်ဘက်က ဒီလိုပြောတာဟာ မထူးခြား လှပေမယ့် အမြဲတမ်း ဖေးဖေးမမရှိလှတဲ့ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာစီယံဘက်ကတောင်မှ စစ်အစိုးရ က ဆန္ဒခံယူပွဲ ခေါ်ယူမယ့်ကိစ္စ၊ ရွေးကောက်ပွဲ ပြုလုပ်မယ့်ကိစ္စတွေဟာ သမာသမတ်မှ ရှိပါ့မလားဆိုတာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ အတိ အလင်း ထုတ်ဖော်ပြောလာ ခဲ့တာကတော့ ထူးခြားလှပါတယ်။ အလှည့်ကျ လက်ရှိ အာစီယံ ဥက္ကဋ္ဌ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခြား ရေးဝန်ကြီး ဂျော့ရှ်ရိုး ပြောသွားတာက ....

“နအဖ အနေနဲ့ နိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုတွေကိုလည်း လစ်လျူရှုလို့ မရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ မြန်မာ နိုင်ငံဟာ အာစီယံအဖွဲ့ထဲမှာ ပါနေပါတယ်။ အဲဒီအတွက်ကြောင့်မို့လို ဒီဆန္ဒခံယူပွဲတွေကို ကိုယ့်ပြည်တွင်းကိစ္စပဲဆိုပြီး တော့ ကိုယ်လုပ် ချင်သလိုလုပ် အကာအကွယ်ယူလို့ မရပါဘူး”

ဆန္ဒခံယူပွဲကိစ္စဟာ ပြည်တွင်းကိစ္စ သက်သက် သဘောမထားသင့်ဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသွား သလို အင်ဒိုနီးရှားနိုင်ငံ ဘက်ကလည်း ဒီလုပ်ငန်းစဉ်မှာ အများယုံကြည်မှု ရှိရမယ့်အပြင် အဖွဲ့ပေါင်းစုံပါဝင်ခွင့်ရတဲ့ လုပ်ငန်းစဉ် ဖြစ်သင့်တယ်လို့ အခိုင်အမာ ပြောလာပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ခရစ်တီရာတို လက်ဂို ကို က....

“ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေအားလုံးနဲ့ လူမျိုးစုအဖွဲ့တွေအားလုံး ပါဝင်ဆွေးနွေးခွင့် ရဖို့ ကျနော်တို့က ဆက်ပြီး တိုက်တွန်းသွားမှာပါ။ အာစီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရကို ဆက်ပြီးဖြောင်းဖြစည်းရုံး သွားမှာပါ”

ဒီပြောဆိုမှုတွေကိုကြည့်ရင် မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒေသတွင်းမှာ စိုးရိမ်ကြောင့်ကြမှုတွေ ဘယ်လောက်ရှိနေ တယ်ဆို တာ မြင်သာပါတယ်။ ဒီလိုဖြစ်နေတဲ့ တချိန်တည်းမှာပဲ လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် ပြုမှာ မဟုတ်ဘူးလို့ စစ်အစိုးရဘက်က လေသံထွက်ပေါ်လာပြန်လေတော့ အာစီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီကိစ္စရပ်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြရပါတယ်။ အခုလောလောဆယ် အာရှဒေသတွင်း လှည့် လည်ပြီး မြန်မာ့အရေး ဆွေးနွေးနေတဲ့ ကုလသမဂ္ဂ အထူးအကြံပေးအရာရှိ အီဗရာဟင် ဂမ်ဘာရီကလည်း အစိုးရက ရက်သတ်မှတ် ပေးထားတဲ့ ဧပြီလထက် စောပြီး လာမယ့်မတ်လဆန်း မြန်မာနိုင်ငံကိုသွားတဲ့အခါ ဒေါ်အောင်ဆန်းစု ကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့် မပေးဘူးဆိုတဲ့ကိစ္စကို ဆွေးနွေးမယ်လို့ သိရပါတယ်။ မြန်မာအစိုးရရဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ ကြေညာချက်တို့အပေါ် နိုင်ငံ တကာက ဒီလိုတုံ့ပြန်နေတဲ့အချိန်မှာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက ပြည်တွင်းက NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တုန့်ပြန်မှုပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က NLD က ထုတ်ပြန်ခဲ့တဲ့ အထူး ကြေညာချက်မှာ လူထုဆန္ဒခံယူမယ့် စစ်အစိုးရရဲ့ အခြေခံ ဥပဒေမူကြမ်းဟာ ၁၉၉၀ ရွေးကောက်ပွဲ က ပေါ်ပေါက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရေးတာ မဟုတ်တဲ့အတွက် တရားမ၀င်ဘူးလို့ ပြောလာပါတယ်။ NLD အထူး ပြန်ကြားရေး တာဝန်ခံ ဦးသိန်းညွန့်ထောက်ပြတာက ...

“ဒီ အခြေခံဥပဒေကို ရေးဆွဲတဲ့အခါမှာ ၁/၉၀ အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရေးဆွဲရပါလိမ့်မယ်။ ဒါ ကျနော်တို့ ဥပဒေအပေါ်မှာ ရပ်တည်ထားတဲ့အချက်ပါ။ ရပ်တည်တာလည်း တခြားမဟုတ်ဘူး။ ဒီ ဥပဒေဟာ သက်ဆိုင်ရာ အာဏာပိုင် တွေ ထုတ်ပြန်ထားတဲ့အတွက် အာဏာပိုင်တွေဘက်ကလည်း ဒီဥပဒေအတိုင်း လိုက်နာရဖို့ တာဝန်ရှိပါတယ်။ ကြေညာချက် အမှတ် ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ မှာ ပြည်သူ့လွှတ်တော် ဥပဒေ ရွေးကောက်ပွဲနဲ့ကော ကြေညာချက် အမှတ် ၁/၉၀ နဲ့ကော လုံးဝကိုက်ညီခြင်း မရှိဘဲ ဖြစ်နေတယ်။ အဲဒီလို ကိုက်ညီခြင်းမရှိတဲ့အတွက်၊ ပေးထားတဲ့ ကတိက၀တ် တွေနဲ့လည်း ကွဲလွဲနေ တဲ့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ကျနော်တို့ မီးမောင်း ထိုးပြထားပြီးဖြစ်ပါတယ်”

အရင်တုန်းက မြန်မာစစ်အစိုးရ ထုတ်ပြန်ပြောဆိုခဲ့တာတွေအပေါ် NLD ဘက်က ပထမဆုံးအကြိမ် ယှဉ်ပြီးချပြခဲ့တဲ့ ကြေညာ ချက်ကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ထောက်ခံကြပါတယ်။ NLD က ဒီကြေညာချက်ကို ထုတ်ပြန်ပြီး နောက်တနေ့မှာပဲ (KIO) ကချင်လွတ်မြောက်ရေးအဖွဲ့က စစ်အစိုးရရဲ့ ကြေညာချက်ကို ထောက်ခံလိုက်ပါတယ်။ လက်ရှိအနေအထားမှာ စစ်အစိုးရ ကကြေညာခဲ့တဲ့ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲလမ်းကြောင်းက ဖြစ်နိုင်ချေအရှိဆုံးလို့ ယူဆတဲ့အတွက် ထောက်ခံရ တာလို့ KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိန်းလွန်းဒေါင် က ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် အခုဦးဆောင်သွားနေတဲ့ဥစ္စာကို ဒါ အခုလက်တွေ့ရှိနေတဲ့ဟာတွေကို ဒါကတော့ ထောက်ခံတဲ့ပုံစံ အနေနဲ့ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့အမြင်ကတော့ ၁၉၆၂ ခုနှစ်ကနေ ဒီနေ့အထိ ဘယ်တခုမှ ၀ိုင်းအော်တာပဲ ရှိတယ်၊ တခုမှ လက်တွေ့ကျမလာဘူး။ အဲ့တော့ ဒါတွေဟာ လက်တွေ့ကျတဲ့ တခုခုပုံစံနဲ့စဖို့ကောင်းတယ်ဆိုတဲ့ ခံယူချက်ရှိတယ်”

စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားရှိတဲ့ KIO အဖွဲ့က NLD ရဲ့ ကြေညာချက်ထွက်လာအပြီး နောက်တရက်မှာ အစိုးရဘက်ကို ထောက်ခံလိုက်တာဟာလည်း ထူးခြားလှပါတယ်။ ဒီလို အခြေအနေမျိုးမှာပဲ NLD ပါတီအနေနဲ့ အခုထက်ပိုပြီး လူထုကို ပြတ်ပြတ်သားသား ဦးဆောင်ပြဖို့ လိုတယ်လို့ မြင်နေကြသူ တွေလည်း အများအပြားရှိပါတယ်။ အဲဒီအထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပါပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းရဲ့အမြင်က ...

“ဒီတကွေ့ဟာ ဗမာပြည်ပြည်သူလူထုကြီးအတွက်ကော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ရော အင်မတန် အရေးကြီး တဲ့ အကွေ့အချိုးကြီးဖြစ်ပါတယ်။ ဒီအကွေ့အချိုးကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ် တုန်းက ပြည်သူလူထုကြီး တရပ်လုံးက ပုံအောပြီး မဲပေးခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ထားပြီးတော့ သူတို့ဟာ ရှေ့ကထွက်ပြီးတော့ ဦးဆောင်ရတော့ မယ့် အချိန်ဖြစ်တယ်လို့ ထင်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ဒါဟာ Do or Die အခြေအနေပါ။ အဲ့တော့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို အားကိုးရမယ်၊ ကျန်တဲ့ အမျိုးသား နိုင်ငံရေး အင်အားစုတွေအားလုံးကို စည်းရုံးပြီးတော့ အတူချီတက်ပြီးတော့ ရင်ဆိုင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ခေါင်းရှောင်လို့ မရတော့ပါဘူး”

ရဲဘော်ဖိုးသံချောင်းက ဒီလိုမြင်သလိုပဲ NLD ရွေးကောက်ခံအမတ်တယောက်ဖြစ်ပြီး MPU ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များအဖွဲ့က တွဲဖက်အတွင်းရေးမှူး ခွန်မြင့်ထွန်းကလည်း NLD ဟာ မူအားဖြင့်သာမက လှုပ်ရှားမှုအပိုင်းကိုပါ ပြတ်ပြတ် သားသား ပိုပြီးဦးဆောင်မှုပေးစေချင်တယ်လို့ ဆိုပါတယ်။

“အဖွဲ့ချုပ်အနေနဲ့က ပြည်သူလူထုကို ဒီထက်ကို ပိုမိုရှင်းလင်းတဲ့ဟာကို ပြောစေချင်တယ်၊ မူပိုင်းဆိုင်ရာကို ပြတ်ပြတ် သား သား ဦးဆောင်မှုပေးသလို လှုပ်ရှားမှုအပိုင်းကိုလည်းပဲ အဖွဲ့ချုပ်အနေနဲ့က ပြတ်ပြတ်သားသား ဦးဆောင်မှုပေး စေချင်ပါ တယ်။ ဒီထက်ပိုမိုပြီး ပေးစေချင်တာပါ”

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား။ ကန့်ကွက်မဲထည့် ကြ မလားဆိုတာနဲ့ပတ်သက်လို့လည်း အမြင်တွေအမျိုးမျိုးရှိနေကြပါတယ်။ ဒီတော့ ဘယ်လမ်းကိုရွေးရင် ဘယ်လို ရိုက်ခတ်မှု တွေ ရှိလာနိုင်ပါသလဲ။ သူ သတိထားမိတဲ့ အချက်တချက်ပေါ် မူတည်ပြီး ခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။

“ကျနော်တဦးတည်းအမြင်အရပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံ အသွင်ကူးပြောင်းရေးကာလဆိုတဲ့ အချက်ထဲမှာ အချက်တချက်က ဘာပါလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ အတည်ပြု ပြဋ္ဌာန်းမယ်လို့ ပါတယ်၊ ဟို မဲလာပေးတဲ့လူ ထက်ဝက်ကျော် မဟုတ်ဘူးနော်၊ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော့် တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူ လူထုအနေနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့်တဦးတည်းသဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမယ့်လို့ ပြည်သူလူထုကတော့ သူ့ ဘ၀ လက်တွေ့အခြေအနေမှာတော့ရင် သေနတ်နဲ့ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါ ဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေး သွားမှာပါပဲ။ အဲဒီအခြေအနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ ကျနော်တို့ မြင်ပါတယ်”

ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်းကတော့ လူထုက ဆန္ဒမဲမပေးဘဲ နေကြမယ်ဆိုရင်လည်း စစ်အစိုးရက သူ့နည်း သူ့ဟန် နဲ့ ထောက်ခံမှုရအောင်လုပ်နိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။

“စစ်အစိုးရမှာပေါ့နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကလည်း အင်အား ၁၁ သန်းလောက်ရှိပါတယ်။ (အမှား ပြင်ဆင်ချက်။ ကြံ့ဖွံ့မှာ အင်အား ၂၄ သန်း ရှိတယ်လို့ သိရပါတယ်။ သို့သော်လည်း ကျောင်းသားအရွယ် ကလေးငယ်များပါ ပါဝင်တဲ့အတွက် မဲပေး နိုင်သူ ဦးရေ တ၀က်ခန့် ခန့်မှန်းတွက်ချက်ပြောခဲ့ခြင်း ဖြစ်ပါတယ်။) နောက်တခါ သူ့ဝန်ထမ်း တွေလည်း ရှိတယ်၊ စစ်တပ် လည်းရှိတယ်ပေါ့၊ ဆိုတော့ အဲ့ဒီအနေအထားမှာ တခုက ကျနော်တို့ပြည်သူအားလုံးက သပိတ်မှောက်တယ်ထားဦး၊ သူ့လူနဲ့သူ မဲထည့်ခိုင်းပြီးတော့ အတည်ðပလိုက်နိုင်တဲ့အနေအထားရှိပါတယ်။ ဆိုတော့ နောက်တခုက ဒါက ကျနော် အားနည်းချက်လို့ မြင်တာပေါ့နော်၊ တခုက ကျနော်တို့က မဲရုံကိုသွားပြီးတော့ ကန့်ကွက်မဲပေးမယ် ဆိုပါစို့၊ ဒါပေမယ့် အခုအချိန်ကြတော့လည်း ပြောရခက်တာက ပြည်သူ့ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး တော့ ဥပဒေတွေက ဘယ်လိုထွက်လာ မလဲဆိုတာလည်း တိတိကျကျ မသိရသေးတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် လူတွေက ကိုယ်ဖာသာကိုယ် မဲရုံထဲသွားပြီးတော့ လျို့ဝှက်ဆန္ဒမဲနဲ့ ကန့်ကွက် မဲ ပေးခွင့်ရမယ်ဆိုရင်တော့ ကျနော် ထင်တယ်၊ ကျနော်တို့ပြည်သူတွေက လုပ်ရဲတယ်လို့ ယူဆပါတယ်။ ညစ်နိုင်တာတော့ ညစ်နိုင်တာပေါ့ခင်ဗျ၊ အဲဒီအနေအထားမှာလည်း ဖြစ်နိုင်ရင်တော့ နိုင်ငံတကာက စောင့်ကြည့်လေ့လာမှု စသည်ဖြင့် ရမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ”

ဘယ်နည်းနဲ့ပဲမဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာအစိုးရဘက်က အတည်ပြုနိုင်မယ်ဆိုရင် အဓိက ဘယ်သူတွေ ထိခိုက် နစ်နာ နိုင်ဖွယ်ရှိပါသလဲ။ ဦးအောင်သူငြိမ်းသုံးသပ်တာက ....

“အဓိက နစ်နာမှာတော့ ကျနော်တို့ပြည်သူတွေပဲ ခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်း အကျပ် အတည်ပြုခိုင်းလိုက်တယ်ဆိုရင် နောက်တခါကျတော့ ဖွဲ့စည်းပုံရဲ့သဘောမှာ သူတို့ လုပ်ထားတာကလည်း ပြန်ပြင်ဆင်ဖို့ ခက်တဲ့အနေအထား လုပ်ထားတော့ ဒီလိုပုံစံမျိုးနဲ့ ရေရှည်သွားလို့ရှိရင် တိုင်းပြည်ပြဿနာတွေ က ပိုကြီးပြီးတော့ ကျနော်တို့ တိုင်းပြည် ပြည်သူလူထုတွေပဲ ပိုနစ်နာဖို့ရှိပါတယ်”

မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ဒီလိုအမြင်တွေရှိနေကြတဲ့အချိန်မှာ ပြည်တွင်းက ၀ါရင့်နိုင်ငံသမားကြီးများအဖွဲ့ ကတော့ အဆိုးဆုံးကိုတွက်ထားတဲ့ လက္ခဏာဆောင်တဲ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအဖွဲ့က မြန်မာနိုင်ငံမှာ ဖြစ် နေတဲ့ လက်ရှိနိုင်ငံရေး ပြဿနာကို သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနည်းနဲ့သာ ဖြေရှင်းနိုင်လိမ့်မယ် လို့ အခိုင်အမာ စွဲကိုင် ထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က နိုင်ငံတကာနဲ့ ဒီမိုကရေစီအင်အားစုတွေ တောင်း ဆိုနေကြတာတွေကို ထည့်သွင်း မစဉ်းစားဘဲ ဆန္ဒခံယူပွဲကို ဆက်လုပ်မယ်ဆိုရင်လည်း နည်းမှန်လမ်းမှန်နဲ့ လုပ်ဆောင် ဖို့လိုတယ်လို့ ထောက်ပြ တောင်းဆို လိုက်တာပါ။ အခြေခံဥပဒေမူကြမ်းကို လူထုလေ့လာနိုင်လောက်တဲ့ အချိန်ပေးဖို့၊ လွတ်လွတ်လပ်လပ် မဲပေးနိုင်ရေး အတွက် စနစ်တကျ ကူညီဆောင်ရွက်ပေးဖို့၊ ဆန္ဒခံယူပွဲပြုလုပ်တာကို ကုလသမဂ္ဂ အဖွဲ့ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာလေ့လာသူ တွေနဲ့ သတင်းသမားတွေကို လေ့လာခွင့်ပြုဖို့ စတဲ့အချက်တွေ အပါအ၀င် အချက် ၇ ချက်ကို ထောက်ပြ ပန်ကြားထားတာပါ။ ဒါကြောင့် ဒီတပတ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက ထုတ်ဖော် ပြောလာတဲ့ အချက်တွေအားလုံးကို ပြန် ကြည့်ရရင် မြန်မာစစ်အစိုးရအနေနဲ့ ပြည်သူ လူထုရဲ့ဆန္ဒအစစ်အမှန်ကို ပစ်ပယ် ထားဖို့မသင့်ဘူး၊ မိမိရဲ့ဆန္ဒသဘောအတိုင်း ဇွတ်ရှေ့တိုး မလုပ်ဆောင်ဘဲ လူထုဆန္ဒ ကိုလည်း ထည့်သွင်းဖို့အတွက် ပြန်လည် သုံးသပ်သင့်ပါတယ်လို့ အားလုံးက ထောက်ပြ နေတာကို တွေ့ရပါတယ်ရှင်။

Read More...

လူထု ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် အစီအစဉ် ပြန်ပြင်ရန် အကြံပြု

လူထု ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် အစီအစဉ် ပြန်ပြင်ရန် နအဖ ကို ၀ါရင့်နိုင်ငံရေးသမားကြီးများ အကြံပြု
၂၀၀၈ ဖေဖော်ဝါရီ ၂၁
ဆုံဆည်းရာဘလော့ဂ်

လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် ပြုလုပ်မည့် အစီအစဉ်တို့ကို ပြန်လည်စဉ်းစားပြုပြင်ရန် နအဖ စစ်အစိုးရကို ၀ါရင့်နိုင်ငံရေးသမားကြီးများက တိုက်တွန်းလိုက်သည်။

ထိုအစီအစဉ်များသည် နိုင်ငံတကာ၏ တိုက်တွန်းချက်များနှင့် လူထု၏ မျှော်လင့်ချက်များကို လျစ်လျူရှုကာ စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် အချိန် (၂) လကျော်သာ ကျန်ရှိပြီး လူထုလက်ဝယ်သို့ ဖွဲ့စည်းပုံမူကြမ်း ရောက်ဘဲ ဖြစ်နေသည်မှာ အတင်းအကျပ် ဆောင်ရွက်သလို ဖြစ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သည့် ၀ါရင့်နိုင်ငံရေးသမား ကြီးများ၏ အကြံပြုစာ၌ ပါရှိသည်။

အဆိုပါစာ၌ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေက “အတင်းအကျပ် အလျင်စလို ဆောင် ရွက်ခြင်းဖြင့် အနာဂတ် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးမရှိရုံမက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အမျိုးသား သွေးစည်း ညီညွတ်ရေးလည်း မတည်ဆောက်နိုင်၊ ငြိမ်းချမ်း မှုနှင့် တည်ငြိမ်မှုလည်း မရနိုင်၊ တွေ့ကြုံရင်ဆိုင်နေရသော စီးပွားရေး၊ လူမှုရေး၊ အခက်အခဲ အကျပ်အတည်းများကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေ ရမည့် နိုင်ငံအဖြစ်သို့ ကျရောက်နိုင်သည့် အကြောင်းများကြောင့် အလေးအနက်ထားစဉ်းစားကာ ပြုပြင်ပြောင်းလဲနိုင်ပါရန် မေတ္တာစေတနာဖြင့် ပန်ကြားအပ်ပါသည်” ဟု ပြောကြားသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးခြင်းမရှိဘဲ ရွေးကောက်ပွဲ အသစ်ကျင်းပမည် ဆိုခြင်းသည် တိုင်းပြည်၏ သမိုင်းကြောင်း၌ အမည်းကွက်ကြီး ထင်ကျန် နေခြင်းဖြစ်ပြီး ပြည်သူ့သဘောထားကို ပယ်ဖျက်ရာရောက်သဖြင့် ပြန်စဉ်းစားပြုပြင်ရန် ၎င်းတို့က တိုက်တွန်းထားသည်။

နအဖအနေဖြင့် စီစဉ်သည့်အတိုင်း ဆက်လုပ်မည်ဆိုပါက ဖွဲ့စည်းပုံမူကြမ်းကို အမြန်ဖြန့်ချိ၍ လူထုကို လုံလောက်သည့် အချိန်ပေးပြီး လေ့လာခွင့်ပေးရန်၊ မဲပေးခွင့်ရှိသူများကိုကြေညာပေးရန်၊ လျှို့ဝှက်စွာ မဲပေးနိုင်ရေး စီစဉ်ပေးရန်၊ ဆန္ဒမှန် လွတ်လပ်စွာပေးနိုင်ရေး မဲရုံစောင့်များက ကူညီရန်၊ ဆန္ဒခံယူပွဲကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအား လေ့လာခွင့်ပေးရန်လည်း အကြံပြု ထားသည်။

ထို့ပြင် ကန့်ကွက်မဲ ပေးသူကို ပြစ်ဒဏ်ချမှတ်နိုင်သော ၅/၉၆ ဥပဒေကို ရုပ်သိမ်းပေးရန်နှင့် မဲပေးနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများက တောင်းဆိုသည်။ ။

Read More...

နအဖ ဥပဒေမူကြမ်းကို ဆန့်ကျင်သွားမည်ဟု အတိုက်အခံများ သံဓိဋ္ဌာန်ပြု

၂၀၀၈ ဖေဖော်ဝါရီ ၁၁
ဆုံဆည်းရာဘလော့ဂ်

ချင်းမိုင်။ ။ စစ်အစိုးရက ဦးဆောင် ရေးဆွဲထားသော အခြေခံဥပဒေ မူကြမ်းကို ကန့်ကွက် ပယ်ချလိုက်ရန် ပြည်တွင်း ပြည်ပရှိ အတိုက်အခံများက တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦးက မေလအတွင်း ဖွဲ့စည်းပုံကို လူထုဆန္ဒ ခံယူပွဲဖြင့် အတည်ပြုပြီး ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ကြေညာခဲ့ပြီးနောက် “ကန့်ကွက်မဲ” များ ပုံအောပေးရန် ပြင်ဆင်နေကြသည်။

“ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ လှပဖို့၊ ကျနော်တို့ အဖိုး၊ အဖေ၊ အမေတွေ လက်ထက်က မပြောင်းလဲခဲ့ကြဘူး။ ဘဝတွေက ဆိုးသထက် ဆိုးလာနေပြီ။ အဲဒီတော့ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ ဆိုးသထက် မဆိုးရဖို့ အတွက်၊ အနာဂတ်ဘဝတွေ လှပဖို့အတွက်ကို ရဲရဲဝံ့ဝံ့နဲ့ တဦးချင်းတယောက်ချင်း တာဝန်ယူဖို့ ဖိတ်ခေါ်ချင်တယ်။ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲဖို့၊ ငြင်းပယ်ရဲကြဖို့ပဲ လိုပါတော့တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ ကိုစိုးထွန်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူက ရွေးချယ် တင်မြှောက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွတ်လပ်စွာ ပါဝင်ရေးဆွဲခွင့် မရှိသောကြောင့် ဒီမိုကရေစီ နည်းလမ်းတကျ ရေးဆွဲထားခြင်း မဟုတ်သည့်အပြင် ပြည်သူတရပ်လုံးကို ကိုယ်စားလည်း မပြုကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ၏ ယမန်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကလည်း နအဖ ကြေညာချက်ကို ဆန့်ကျင်ကြောင်း ပြောဆိုလိုက်ပြီး “ဒီမိုကရေစီကို ရည်ရွယ်တယ်လို့ သူတို့ ကြေညာချက်မှာ ပါတယ်နော်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ပတ်သက်လို့ လုပ်တာတခုမှ မရှိတဲ့အတွက် ကျနော်တို့ ယုံကြည်ဖို့ ခက်နေပါတယ်။” ဟု ပြောသည်။

“ဘာဖြစ်လို့ ကောက်ခါငင်ကာ ကြေညာလဲဆိုတာ သဘောမပေါက်ဘူးဗျ။ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် အဖြေက ထောက်ခံမယ်၊ ကန့်ကွက်မယ် အဖြေက နှစ်မျိုး ဖြစ်နိုင်တယ်။ ကန့်ကွက်တဲ့ ဘက်က ဖြစ်နေရင် ရွေးကောက်ပွဲ ဘယ်လုပ်လို့ ရမလဲ။ ရွေးကောက်ပွဲပါ တခါထဲ ကြေညာတဲ့အတွက် ထောက်ခံမဲ ဖြစ်အောင် တနည်းနည်းနဲ့ အတင်းအကျပ် လုပ်မှာကို ကျနော်တို့ စိုးရိမ်နေတယ်။ အခုလောလောဆယ် အများစု ပြည်သူလူထုဟာတော့ မညံ့ပါဘူး” ဟု သူက ဆက်ပြောသည်။

ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ သုတေသနနှင့် လေ့လာရေး ဌာန၏ ဖေဖော်ဝါရီလ ၁၀ နေ့ထုတ် ကြေညာချက်တွင်လည်း အတုအယောင် အမျိုးသားညီလာခံ၏ ရလဒ်ဖြစ်သော အခြေခံ ဥပဒေမူကြမ်း ဆိုသည်မှာလည်း အတုအယောင်သာ ဖြစ်သဖြင့် တပြည်လုံး လူထု ဆန္ဒပြပွဲများဖြင့် ဆန့်ကျင်သွားရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိကျရှင်းလင်းသည့် သဘောထား၊ နိုင်ငံတကာ၏ စောင့်ကြည့်လေ့လာမှု စသော အခြေအနေများကို လိုအပ်သည်ဟုလည်း လူ့ဘောင်သစ် နိုင်ငံရေး ပါတီက တောင်းဆိုထားသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရကလည်း သဘောထား ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် စစ်အစိုးရ၏ လူထုဆန္ဒခံယူပွဲ အကြံအစည်ကို ဆန့်ကျင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြား တိုင်းရင်းသား အင်အားစုများ အပါအဝင် နိုင်ငံရေး လုပ်ငန်းစဉ်တရပ် ပေါ်ပေါက်လာရေးအတွက် ဆက်လက် တွန်းအားပေးကြရန် တောင်းဆိုထားသည်။

ပြည်တွင်း အခြေစိုက် မျိုးဆက်သစ် လူငယ်များ အစည်းအရုံးကလည်း အခြေခံ ဥပဒေမူကြမ်းကို ပြည်သူ့ဆန္ဒ မပါဘဲ ဇွတ်အတင်း အတည်ပြုရန် ကြိုးပမ်းနေခြင်းသည် ပြည်သူများ ဆင်းရဲတွင်း၌ နစ်သထက် နစ်လာစေရန်၊ အသိဉာဏ်များ အမှောင်ဖုံးနေစေရန်နှင့် တိုင်းရေးပြည်ရာ အပေါ်တွင် စိတ်တိုင်းကျ ချယ်လှယ်စေရန် တဖက်သတ် ရေးဆွဲခြင်းဖြစ်၍ ဆန့်ကျင်ကြရန် လိုအပ်သည်ဟု ယခုလ ၈ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်က ဆိုသည်။

“ပြည်သူလူထု အနေနဲ့ ကျွန်ဖြစ်ချင်လား၊ သခင်ဖြစ်ချင်လား ဆိုတာ စဉ်းစားရမယ့် အခြေအနေ ရောက်နေပါပြီ။ ကျွန်ဖြစ်ချင်တယ်၊ အမြဲတမ်း စစ်တပ်ကျွန်အဖြစ် နေချင်တယ်ဆိုရင်တော့ ဒီအခြေခံဥပဒေကို လက်ခံကြ။ အကယ်၍ လူတွေက ကိုယ့်ဘဝကို ကိုယ်ဖန်တီးချင်တယ်၊ ကိုယ့်လွတ်လပ်မှု ကိုယ်ရချင်တယ်ဆိုရင် သခင်အဖြစ် သခင်ဆိုတဲ့ အနေအထားမျိုး ရချင်တယ်ဆိုရင် ဒီအခြေခံ ဥပဒေကို လက်မခံကြပါနဲ့လို့ ကျနော်တို့ ပြောချင်ပါတယ်” ဟု မျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်သူရွေးကောက် တင်မြောက်ထားသော လွှတ်တော် အမတ်များနှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ တန်းတူရည်တူ၊ တူညီစွာ ရေးဆွဲမည့် သခင်အခြေခံဥပဒေ ပေါ်ပေါက်ရေးကိုသာ မျှော်မှန်း ဖော်ဆောင်ရမည်ဟု ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

Read More...

နအဖ ဥပဒေနဲ့ရွေးကောက်ပွဲပေါ် သဘောထားအမြင်များ

၂၀၀၈ ဖေဖော်ဝါရီ ၁၁
မဇ္ဈိမ

ချင်းမိုင်။ ။ စစ်အစိုးရက အခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလတွင် ပြုလုပ်မည်၊ ထိုမှ အခြေခံဥပဒေ အတည်ဖြစ်လာသောအခါ ရွေးကောက်ပွဲ တရပ်ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု ကြေညာခဲ့ခြင်းအပေါ် သူတို့၏ သဘောထားအမြင်များကို တင်ပြလိုက်ပါသည်။

နည်းမျိုးစုံဖြင့် မဲလိမ်ပါလိမ့်မည်

မေလကုန်ရက်များအတွင်း ပြည်သူဆန္ဒခံယူပွဲ လုပ်နိုင်ပေမည်။ တရုတ်ပြည်တွင် အိုလံပစ်ပွဲ လုပ်နေသော အချိန်များအတွင်း မြန်မာနိုင်ငံတွင် တည်ငြိမ်စေလိုသော ဆန္ဒရှိဟန် တူပေသည်။ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် “ကန့်ကွက်မဲ” မရနိုင်ဟု ယူဆထားဟန် ရှိသည်။ ကန့်ကွက်မဲများဖြင့် ပြည်သူလူထုက ပယ်ချလိုက်လျှင် ရုဒ်မက် ပျက်သွားမှာ ဖြစ်ရင် အစားထိုးမည့် နောက်အစီအစဉ် တခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေးကို ပြန်လည် အသက်သွင်းမှာ ဖြစ်သည်။ ထို့ကြောင့် ဆွေးနွေးပွဲ စထားဟန် တူပါသည်။ ရုဒ်မက်ပျက်သွားမှ အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးညှိနှိုင်းပွဲ အမှန်တကယ် ဖြစ်ပေါ်လာနိုင်စရာ ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ဆက်လက်စောင့်ရန် (သို့မဟုတ်) အခြေအနေကို လက်ခံရန် မလွယ်တော့မှန်း ဦးသန်းရွှေ သိရှိပြီး ဖြစ်သည်။ ယခု ဆန္ဒခံယူပွဲသည် ဆုံးဖြတ်ချက် အကြီးမားဆုံးတခု ဖြစ်သည်ဟု တပ်မတော် အစိုးရက ကြိတ်၍ လက်ခံထားပြီး ဖြစ်သည်။ အမျိုးစုံသော နည်းလမ်းဖြင့် လက်ခံအောင် ပြုလုပ်မည်သာ ဖြစ်သည်။ မဲလိမ်ခြင်း၊ ကန့်ကွက်မဲကို ထောက်ခံမဲ ဖြစ်အောင်လုပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

မောင်အောင်
ရန်ကုန်
-----------------------------------------------------

ဖဒိုမန်းရှာ (ကေအန်ယူ အထွေထွေအတွင်းရေးမှူး)


“ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ”
“စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။ ပြည်တွင်းမှာလည်း သူ့ကို သိပ်မခံမရပ် နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကုလသမဂ္ဂရဲ့ ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ Road Map ဟာ နိုင်ငံခြားကနေ ဖိအားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီးဖြစ်မှာ စိုးတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စက ရှင်းတယ်။ နိုင်ငံတကာက နေပြီးတော့ သူတို့ရဲ့ Road Map ကို ဝင်ပြီး နှောင့်ယှက်တာကို သူတို့ လက်မခံဘူး။ အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်”
“ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။ အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝ ခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်နေလို့ မဖြစ်ဘူး ထင်တယ်”
“မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေ မကိုက်ဘူး။ မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့ National Convention နဲ့ Road Map ကို စဉ်းစားတာ ဖြစ်တယ်။ အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့ လုပ်မှာဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့ သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ လုပ်ဖို့လိုတယ်”
-----------------------------------------------------

နန်းချန်တောင်း (Shan Women's Action Network)


“သိတဲ့အတိုင်းပဲ၊ မြန်မာပြည်သူတွေက နအဖ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကြား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုနေတာ။ ဒါပေမဲ့ ဒီနေ့ထက်တိုင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ဦးခွန်ထွန်းဦးနဲ့ တခြား ရှမ်းခေါင်းဆောင်တွေဟာ အဖမ်းခံထားရပြီး ဆေးဝါး ကုသပေးဖို့လည်း အငြင်းခံထားရတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းထားပြီး နိုင်ငံရေး အပြောင်းအလဲနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို လုပ်နိုင်မှာတဲ့လဲ”
“မြန်မာပြည်သူတွေ လက်မခံသလို နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး။ စစ်တပ်လုပ်နေတဲ့ အမျိုးသား ညီလာခံလို ဟာမျိုးကို တရားဝင်မှု မပေးလိုက်ဖို့ လိုပါတယ်”
-----------------------------------------------------

ဦးဉာဏ်ဝင်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြောရေးဆိုခွင့်ရှိသူ)

“ဒီမိုကရေစီကို ရည်ရွယ်တယ်လို့ သူတို့ ကြေညာချက်မှာ ပါတယ်နော်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ပတ်သက်လို့ လုပ်တာတခုမှ မရှိတဲ့အတွက် ကျနော်တို့ ယုံကြည်ဖို့ ခက်နေပါတယ်။ ဘာဖြစ်လို့ ကောက်ခါငင်ကာ ကြေညာလဲဆိုတာ သဘောမပေါက်ဘူးဗျ။ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် အဖြေက ထောက်ခံမယ်၊ ကန့်ကွက်မယ် အဖြေက နှစ်မျိုး ဖြစ်နိုင်တယ်။ ကန့်ကွက်တဲ့ဘက်က ဖြစ်နေရင် ရွေးကောက်ပွဲ ဘယ်လုပ်လို့ မရဘူး။ ရွေးကောက်ပွဲပါ တခါထဲ ကြေညာတဲ့အတွက် ထောက်ခံမဲဖြစ်အောင် တနည်းနည်းနဲ့ အတင်းအကျပ် လုပ်မှာကို ကျနော်တို့ စိုးရိမ်နေတယ်။ အခုလောလောဆယ် အများစု ပြည်သူလူထုဟာတော့ မညံ့ပါဘူး”
-----------------------------------------------------

ကိုစိုးထွန်း (၈၈ မျိုးဆက်ကျောင်းသား)

“ကျနော်တို့ ပြောချင်တာကတော့ နအဖ အစိုးရဟာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကိုတောင်မှ အကောင်အထည် မဖော်သေးဘဲနဲ့ သူတို့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းကို လုပ်မယ့် ဆန္ဒခံယူပွဲနဲ့ အမျိုးသားညီလာခံမှာ ကျနော်တို့ ပါသင့်ပါထိုက်တဲ့ လူတွေ၊ အနိုင်ရ ၉ဝ ရွေးကောက်ပွဲရလဒ် မှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အခြား ပါသင့်ပါထိုက်တဲ့ တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့က ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်မပြုဘဲနဲ့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းကို ကြည့်မယ်ဆိုရင် ဒါတွေဟာ လုံးဝ လက်မခံနိုင်ဘူး။ တဖက်သတ် လုပ်ဆောင်လို့ မရဘူး။ ဒါတွေကို ကျနော်တို့က ဒီနေ့ ကြေညာထားပြီး ဖြစ်တယ်။ ကျနော်တို့ ၈၈ ကျောင်းသားများအဖွဲ့က ဒီလုပ်ဆောင်ချက်မျိုးတွေကို လက်ခံမှာ မဟုတ်ဘူး။ လူအားလုံး လက်ခံနိုင်တဲ့၊ အများသဘောတူ ပါဝင် ရေးဆွဲထားတဲ့ နိုင်ငံသားတွေတိုင်းရဲ့ တဦးချင်းစီရဲ့ အခွင့်အရေးကို အာမခံနိုင်တဲ့ အနာဂတ်မှာ အရေးကြီးတဲ့ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရာမှာ အားလုံး ပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ဖို့ လိုတာကို တဖက်သတ် ရေးဆွဲမှုနဲ့ တဖက်သတ် ပြဋ္ဌာန်းတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းကို ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်”

“လမ်းပြမြေပုံ ၇ ရပ်အတိုင်း သွားမယ်လို့ သူတို့ ပြောခဲ့တာရှိတယ်။ အဲဒီအတိုင်း အကောင်အထည်ဖော်တာ ဖြစ်တာပေါ့။ ကျနော်တို့ မြန်မာပြည်တွင်းမှာ ရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်ကို အလေးအနက် ပြောနေတယ်။ ထပ်တလဲလဲ အကြိမ်များစွာ ပြောနေတယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ပါဆိုတဲ့ နိုင်ငံတကာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုရှိတဲ့ ဆန္ဒတွေကိုပါ ဆန့်ကျင်ပစ်ပယ်ရာ ရောက်တဲ့သဘော၊ ပြောင်ပြောင်တင်းတင်း ပြောလိုက်တဲ့ သဘောလည်း ဖြစ်တယ်ပေါ့ဗျာ”
“လူထုကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ငြိမ်းချမ်းစွာ သံဃာတော်တွေ မေတ္တာပို့ ဆန္ဒထုတ်ဖော်တဲ့ ပွဲမှာ သူတို့ အကြမ်းဖက်ပြီးတော့ တကယ် သတ်ဖြတ်တဲ့အတွက် ပြည်သူလူထုကတော့ အစိုးရအပေါ်မှာ နာနာကျင်ကျင်နဲ့ အနိဋ္ဌာရုံတွေဟာ ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။ ဒါနဲ့ သူတို့က ဒါကို လိုက်ပြီးတော့ ခြိမ်းခြောက်မူတွေ လုပ်တယ်။ သူတို့ ကြံ့ခိုင်ရေးတွေ၊ စွမ်းအားရှင်တွေ၊ မီးသတ်တွေ၊ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေ အင်အားသုံးပြီးတော့ လုပ်မယ်ဆိုရင်တော့ ပြည်သူလူထုက အဲဒီအချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ရဖို့ပဲ ရှိပါတော့တယ်။ အဲဒီအပေါ်မှာ အမှန်တရားဘက်က ရပ်မလား၊ အဓမ္မဘက်က ရပ်မလား။ ကျနော်တို့ ဆွေမျိုးတမျိုးလုံးကို ကျွန်ပြုအုပ်ချုပ်တော့မယ် အခြေခံဥပဒေ မူကြမ်းတခုကို ကျနော်တို့ လက်ခံမလား၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ကိုယ့်အခွင့်အရေးတခု ကိုယ့်ရဲ့ လွတ်လပ်မှု၊ ကိုယ့်ရဲ့ဘဝ၊ ရေရှည်အနာဂတ်၊ ကိုယ့်ရဲ့ သားစဉ်မြေးဆက် ဘဝတွေကို အာမခံနိုင်တဲ့၊ ကိုယ့်လိုချင်တဲ့ စနစ်ခေတ်သစ် တရပ်ကို ကိုယ်တိုင် ဖန်တီးရမလား၊ အဲဒီအတွက်ကို ကျနော်တို့ ဘယ်လောက် ကျနော်တို့ စွန့်လွတ်ဖို့ လိုတယ်။ ရဲရဲဝံ့ဝံ့ အမှန်တရားဘက်က ရပ်တည်ခဲ့ကြမလဲ။ ငြင်းပယ်ရဲကြမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်”

“ပြည်သူလူထုတရပ်လုံး အခုအချိန်မှာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရော၊ အန်အယ်ဒီ အဖွဲ့ချုပ် အပါအဝင် ကျနော်တို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးကလည်း အလေးအနက် တိုက်တွန်းနေကြတယ်။ သွေးမြေကျမှု အနည်းဆုံး၊ တိုင်းပြည်မှာ ငြိမ်းချမ်းစွာနဲ့ အမျိုးသား ကြေပြုန်းမှု အနည်းဆုံး၊ အားလုံး စုပေါင်းအဖြေရှာဖို့ လိုပါတယ်။ အခုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ပြောလိုက်တာကလည်း တွေ့ဆုံဆွေနွေးရေးဟာ အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ပြဿနာဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝဖြိုးစေဖို့ ပြည်ထောင်စုရဲ့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ရေရှည်ပညာရေးကို အာမခံချက် ပေးနိုင်ဖို့အတွက်က တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အရေးကြီးတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ဒါကို နအဖ အစိုးရက မျက်ကွယ်ပြုပြီးတော့ သွားနေတဲ့အတွက် ပြည်သူလူထုက အဆိုးဆုံး အတွက်ကို ရင်ဆိုင်ဖို့ ပြင်ထားကြရပါတော့မယ်။ အဲဒီအတွက် ကျနော်တို့ အခြေခံဥပဒေ မူကြမ်းအရ ဆိုရင်လည်း တပ်မတော်ကနေ အစစအရာရာ တတိုင်းပြည်လုံး အုပ်ချုပ်နိုင်တဲ့ သူ့ရဲ့ ဗျူဟာ၊ သူ့ရဲ့ စစ်ကျွန် ဇာတ်သွင်းရေးဟာ ဖြစ်နေပါပြီ။ အဲဒီအတွက်ကြောင့် ကျနော်တို့တွေဟာ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ လှပဖို့၊ ကျနော်တို့ အဖိုး၊ အဖေ၊ အမေတွေ လက်ထက်က မပြောင်းလဲခဲ့ကြဘူး။ ဘဝတွေက ဆိုးသထက် ဆိုးလာနေပြီ။ အဲဒီတော့ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ ဆိုးသထက် မဆိုးရဖို့အတွက်၊ အနာဂတ်ဘဝတွေ လှပဖို့အတွက်ကို ရဲရဲဝံ့ဝံ့နဲ့ တဦးချင်းတယောက်ချင်း တာဝန်ယူဖို့ ဖိတ်ခေါ်ချင်တယ်။ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲဖို့၊ ငြင်းပယ်ရဲကြဖို့ပဲ လိုပါတော့တယ်”

Read More...

Thursday, February 28, 2008

နအဖ၏ ဆန္ဒခံယူပွဲဥပဒေကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဝေဖန်

ကျော်ထင်
၂၀၀၈ ဖေဖော်ဝါရီ ၂၇
ခေတ်ပြိုင်

စစ်အစိုးရက ထုတ်ပြန်လိုက်သော ပြည့်သူ့ဆန္ဒခံယူပွဲ ဥပဒေအား (စီအာပီပီ) ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က လာမည့်မေလတွင် ပြုလုပ်မည့် ပြည်သူ့ဆန္ဒ ခံယူပွဲသည် လက်ရှိကြုံတွေ့နေသော နိုင်ငံရေး၊ စီးပွားရေးအပါအ၀င် တိုင်းရင်းသား ပြဿနာ များကို ဖြေရှင်းမည့် အဆင့်တခု မဟုတ်ဘဲ မလုပ်သင့် မလုပ်ထိုက်သည်များကို လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “တကယ် လုပ်သင့် လုပ်ထိုက်တဲ့အလုပ်ကို မလုပ်ဘဲနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ကိုလုပ်နေတာ။ တကယ်လုပ်ရမှာက ဒီနေ့ တွေ့ဆုံဆွေးနွေးရေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို တကယ် အလေးအနက်ထား လုပ်ဆောင်ရမယ့်အစား တဖက်သတ်ချထားတဲ့ ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွေကို ဟန်ပြ လုပ်နေတယ်လို့ပဲ ကျနော် ပြောချင်တယ်” ဟု ပြောသည်

ယမန်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၃/၂၀၀၈တွင် လာမည့်မေလ၌ ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် ဦးအောင်တိုး ခေါင်းဆောင်သည့် အဖွဲ့ဝင် (၄၅) ဦးပါ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်ကြောင်းနှင့် မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ပြထားသည်။
ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးအေးသာအောင်က “သူတို့ အခုလုပ်နေတာက ကိုယ့်ဖဲကို ကိုယ်ချိုး၊ ကိုယ့်ဟာကိုယ် ကုလားဖန်ထိုးနေတာကို သက်သက် လူတွေကိုခေါ်ပြီး လုပ်နေတဲ့ ကိစ္စတခုပဲ ဖြစ်တယ်။ အခုဟာက ခေါင်းပန်းလှန်မယ်ဆိုပြီး ခေါင်းပဲကျကျ၊ ပန်းပဲကျကျ စားမယ့်အလုပ်လေ” ဟု ပြောသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံကိုသာ အတည်ပြုလိုက်ပါက တိုင်းရင်းသားပြည်သူတရပ်လုံး စစ်တပ် စိုးမိုးမှု အောက်သို့ ရောက်သွားမည်ဖြစ်သောကြောင့် မည်သို့ပင် အချိန်ဇယားများ၊ ကော်မရှင်များနှင့် ဆောင်ရွက်စေကာမူ အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

၎င်းက ဆက်၍ “ပြည်တွင်းမှာရှိတဲ့ အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ သဘောတူညီမှုကို မရတဲ့အတွက် ပြည်သူတွေရဲ့ထောက်ခံမှုကိုလည်း မရနိုင်ပါဘူး။ ပြည်တွင်း နိုင်ငံရေး ငြိမ်သက်မှုကို မရတဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုကိုလည်း တကယ်လုပ်မယ်လို့ မယူဆပါဘူး။ နောက်တခုက တိုင်းရင်းသားတွေ လိုလားနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုံးဝဆန့်ကျင်နေတဲ့အတွက် ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခု အတည်ပြုရန် ပြင်ဆင်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် (၁၄) နှစ်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ပေါ်လာသည့် မူများအပေါ် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။ ။

Read More...

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပြုခြင်းသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေကို ဖျက်ဆီးခြင်းဖြစ်

၂၀၀၈ ဖေဖော်ဝါရီ ၂၁
ကိုမိုးသီးဘလော့ဂ်

အေဖက်ဖ်ပီ၊ ဘန်ကောက် ၂၀၊ ၂၊ ၂၀၀၈။

“စစ်အစိုးရ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မရှိဘူးဆိုတဲ့ စစ်အစိုးရရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်ဟာ ၄င်းတို့ကြေငြာထားတဲ့ လမ်းပြမြေပုံ အပေါ်မှာရှိတဲ့ ယုံကြည်မှုတွေ ကို ဖျက်ဆီး လိုက်တာဘဲ” လို့ မြန်မာ့အရေး လေ့လာ သူ တစ်ဦး က ဗုဒ္ဓဟူးနေ့ က ပြောဆို လိုက်ပါတယ်။

စစ်အစိုးရက အံ့သြစရာကောင်းတဲ့ကြေငြာချက်တစ်ခုကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေငြာ လိုက် ပါတယ်။ အဲဒီကြေငြာချက်အရ လာမယ့်မေလအတွင်းမှာ ၄င်းတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အ ပေါ်ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီး၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အချက်ပါဘဲ။ ဒါဟာ အနှစ်နှစ် ဆယ်အတွင်းမှာ စစ်အစိုးရဘက်က ရွေးကောက်ပွဲနဲ့ပက်သက်လို့ ပထမဆုံးအကြိမ် ကြေ ငြာတဲ့အချက်ပါဘဲ။

ဒါပေမယ့်ပြီးခဲ့တဲ့ အင်္ဂါနေ့နောက်ပိုင်းမှာ စင်္ကာပူမှာ ကျင်းပပြုလုပ်တဲ့ ဒေသဆိုင်ရာအစည်းအဝေးတစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက “ဖွဲ့စည်းပုံအခြေခံဥပဒေသစ် မူကြမ်းကတော့ပြီးပါပြီ။ ဒါပေမယ့် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုဖို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တားမြစ်ထားပါတယ်” လို့ပြောသွားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ သုတေသီတစ်ဦးဖြစ်သူ ဆူနိုင်းဖာဆက် က အဲဒီကိစ္စနဲ့ပက်သက်ပြီး

“သူတို့ခေါင်းထဲထည့်ထားတာ တစ်ခုပဲရှိတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ကိုသူတို့ရဲ့ နေရာယူမှာကို ကြောက် လို့ တားမြစ်ပိတ်ပင်တာပဲါဖြစ်တယ်။ သူမကို ရွေးကောက်ပွဲမှာ ပါဝင်မလာအောင်၊် အကြောင်းပြချက် အမျိုးမျိုးပေးလို့ရအောင် ဥပဒေတွေထဲမှာ ထည့်သွင်းရေးဆွဲထားပြီးဖြစ်တယ်၊ တကယ်လို့ စစ်အစိုးရက ဒေါ် အောင်ဆန်းစုကြည် နဲ့ စေ့စပ်ဆွေးနွေးမှု မလုပ်ဘဲ သူတို့ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ လမ်းပြ မြေပုံဟာလည်း ရှေ့ဆက်သွားလို့ရတော့မှာ မဟုတ်ဘူး”

“ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေဟာ တိုးတက်လာတယ်လို့ ဆိုလို့မရပါဘူး။ ဘာကြောင့်လဲဆို တော့ ဒီမိုကရေစီအင်အားစုတွေကို ချန်လှပ်ထားပြီး၊ ညှင်းပန်းနှိပ်စက်မှုတွေ ဆက်လက်ပြုလုပ်နေလို့ဘဲ ဖြစ်တယ်။”

“ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင်တောင် ၁၉၉၀ မှာ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရခဲ့တဲ့ ရွေးကောက် ပွဲရ လာဒ်ကို အရင် အကောင်အထည်ဖော်ရမှာပါ။” လို့ အေဖက်ဖ်ပီ ကို ပြောသွားပါတယ်။

စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်းကို ၁၄ နှစ်ကြာကြာရေးဆွဲခဲ့ပြီး စက်တင်ဘာလမှာအပြီး သတ်ခဲ့ ပါတယ်။ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားတစ်ယေက်ကို လက်ထက်လို့ ရွေး ကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူး လို့ စစ်အစိုးရဘက် က ဆိုပါတယ်။

သူမရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ ၉ နှစ်က ကင်ဆာရောဂါ နဲ့ ကွယ်လွန်ခဲ့ပြီး၊ သူမရဲ့သားနှစ်ယေက်ဟာလည်း အင်္ဂလန်နိုင်ငံသားတွေပါ။

ပြီးခဲ့တဲ့နှစ်က သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နှင်းမှုပေါ် နိုင်ငံတကာရဲ့ ဖိအား ပေးမှုတွေကြားကဘဲ မြန်မာစစ်အစိုးရဟာ လမ်းညွှန်ချက်တွေပေးပြီး ရှေ့ကို ဆက်သွားနေပါတယ်။ စက်တင်ဘာလ ဆန္ဒပြပွဲတွေဟာ ရာစုနှစ်နှစ်ခုအတွင်းမှာ စစ်အစိုးရကို အကြီးမားဆုံး စိန်ခေါ်မှုတွေဖြစ်ခဲ့ ပါ တယ်။ စစ်သားတွေကလည်း ဆန္ဒပြ လူအုပ်ကြားထဲ သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြပွဲမှာ ပစ်ခတ်သတ်ဖြတ်ခံရ သူ အနည်းဆုံး ၃၁ ယောက် ရှိပါတယ်။

အဲဒီလိုအကြမ်းဖက်နှိမ်နှင်းပြီးနောက်ပိုင်းမှာပဲ စစ်အစိုးရဟာ ကုလသမဂ္ဂကို အထူးအခွင့်အရေးတွေ ပေး သယောင်နဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အေဗရာဟမ် ဂမ်ဘာရီကို မြန်မာနိုင်ငံကို နှစ်ကြိမ်လည် ပတ်ခွင့် ပေးခဲ့ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးဖို့ ဆက်သွယ်ရေးအရာရှိတစ်ယောက် ခန့်ခဲ့ ပါသေးတယ်။

“အဲဒါတွေဟာ စစ်အစိုးရရဲ့ ၎င်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာ အများစိတ်ဝင်စားလာအောင် သွေး ဆောင်
ဖြားယောင်းခြင်းဘဲဖြစ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိဘူးလို့ အတည်ပြုပြောကြားချက်ဟာ၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အင်န်အယ်လ်ဒီ တောင် ပါဝင်ခွင့် မရှိဘူး ဆိုတာ အသိပေးလိုက်တာပါဘဲ” လို့ ဘန်ကောက် အခြေစိုက် မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းက ပြောသွား တာပါ။

ဂမ်ဘာရီက တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောသွားရာမှာ သူဟာ မြန်မာပြည်ကို မကြာခင်မှာ သွားခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့အရေးလေ့လာသူများ က ဂမ်ဘာရီဟာ စစ်အစိုးရကို သဘောထားပြောင်းလဲသွားအောင် စည်းရုံးနိုင်ပါ့မလားဆိုတဲ့ သံသယတွေတော့ ရှိနေပါတယ်။

“ကျနော်ကတော့ စစ်အစိုးရ ဟာ သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ချပြလိမ့်မယ်လို့ မမြင်ဘူး။ ပြီးတော့ ဂမ်ဟာရီဟာ စစ်အစိုးရကို ခက်ခက်ခဲခဲကိုယ်တွယ်နေတယ်။ သူ့လုပ်ဆောင်ချက်တွေကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူ့မှာ မြန်မာနိုင်ငံရေးအခြေအနေကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင် စွမ်းတော့ သိပ်မရှိပါဘူး။” လို့ နိုင်ငံတကာ အကြပ်အတည်း လေ့လာရေးအဖွဲ့၊ အရှေ့တောင်အာရှ စီမံကိန်း ဒါရိုက်တာ ဖြစ်သူ ဂျွန်ဗားဂိုးက ပြောပါတယ်။ ၎င်းကပင်ဆက်လက်ပြီး “မေးစရာမေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအင်အားစုတွေက စစ်အစိုးရ နဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေး ဖို့ နည်းလမ်း တစ်ခုကို ရှာတွေ့ဖို့ ဘယ် လောက် အချိန်ယူမှာလဲ၊ မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံမှာ သင်တို့ အသုံးချနိုင် တဲ့ အချက် အလက် တွေပါရဲ့ လားဆိုတာပါဘဲ။” လို့ မေးခွန်းသဘောမျိုး သုံးသပ်ပြသွားပါတယ်။
အခုအချိန်မှာတော့ အင်န်အယ်လ်ဒီ အနေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို စောင့်ကြည့်နေရတာပဲရှိပါတယ်။ ဒါပေမယ့် အင်န်အယ်လ်ဒီက မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်လဲရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုတော့ စစ်အစိုးရအနေနဲ့ လေးစားရမယ်လို့ သတိပေးပြောကြားပြီးဖြစ်ပါတယ်။

အင်န်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ တရာမျှတမှု ရှိမှာ မဟုတ်ကြောင်း နဲ့ စစ်အစိုးရက ပြည်သူ့ ဆန္ဒခံယူပွဲရလာဒ်ကိုတောင် မသိသေးပဲ ရွေးကောက်ပွဲလုပ် ဖို့ ပြင်ဆင် နေခြင်းကို ၎င်းအနေ နှင့် ရှုံ့ချကြောင်း ပြောကြားလိုက်ပါတယ်။

Read More...

ဒေါ်စု ရွေးကောက်ပွဲ မ၀င်ရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်

နေသွင်
၂၀၀၈ ဖေဖော်ဝါရီ ၂၅
မဇ္ဈိမ

ချင်းမိုင်။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင် အရွေးခံခွင့်မရှိ ဟူသော ပြောဆိုချက်အပေါ် “ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်” ဟု ဆိုကာ စစ်အစိုးရအ နေဖြင့် ပြောပိုင်ခွင့် မရှိဘဲ ပြောခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ တုံ့ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာသော မြန်မာနိုင်ငံသားတဦး ဖြစ်သဖြင့် ယခု ပြောဆိုမှုသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး ထိုးချက်နှက် ဖြစ်သည်ဟု အဖွဲ့ချုပ်က ပြောသည်။

အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ဒီလို ပြောကြားခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မရှိ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလည်း မရှိသေးတဲ့ အချိန်မှာ ပြောပိုင်ခွင့် မရှိတဲ့ ပုဂ္ဂိုလ်တဦးက ပြောတာ ဖြစ်တယ်။ အခုလို ပြောကြားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကို ပြောဆိုတဲ့ ပြောဆိုချက် ဖြစ်တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိခြင်း၊ မရှိခြင်း ကိစ္စသည် ရွေးကောက်ပွဲ ဥပဒေအရ (သို့မဟုတ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောမည်ဖြစ်ပြီး ဥပဒေ မရှိသေးသော အချိန်တွင် ပြောကြားခြင်းသည် ပြောပိုင်ခွင့်မရှိဘဲ ပြောခြင်းဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။

ထို့အပြင် စစ်အစိုးရ၏ ကန့်သတ်ချက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၂) နှင့် (၂၁) တို့တွင် ပါဝင်သော အချက်များကို ချိုးဖောက်မှု ဖြစ်ရုံမျှမက၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း အန်အယ်ဒီက သတိပေးသည်။

ဦးဥာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့၏ တိုင်းပြည်အကျိုးအတွက် စကားပြောနေတဲ့ အချိန်မှာ အခုလို မပြောသင့်၊ မပြောထိုက်တဲ့ဟာကို ပြောတာ ဖြစ်တဲ့အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တယ်” ဟု ပြောသည်။
ယနေ့ ထုတ်ပြန်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးပါက အန်အယ်ဒီက ရွေးကောက် ပွဲဝင်မည့် သဘောလား ဟူသော မေးမြန်းချက်အပေါ် ဦးဥာဏ်ဝင်းက “အဲဒီအဆင့်က ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံက အတည်ဖြစ်လား၊ မဖြစ်လား မသိသေးဘူး။ ရွေးကောက်ပွဲဆိုတာ အဝေးကြီးပါ။ ဒီအချိန်မှာ ဒီဥစ္စာကို ဘာမှ ပြောစရာ မရှိသေးပါဘူး” ဟု တုံ့ပြန်သည်။

“ကျနော်တို့ အခုထိရှိတဲ့ ဥပဒေထဲမှာ လုံးဝမပါဘူး။ အမျိုးသား ညီလာခံက ထုတ်တဲ့ အခြေခံမူထဲမှာ သမတ အရည်အချင်းနဲ့ ပတ်သက်လို့ ပါတယ်။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲမှာ မပါဘူး” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

Read More...