Friday, February 29, 2008

လူထုဆန္ဒခံယူပွဲသည် ဒီမိုကရေစီသို့ ဦးမတည်ဟု အန်အယ်ဒီပြော

မောင်ဒီး
၂၀၀၈ ဖေဖော်ဝါရီ ၁၈
မဇ္ဈိမ

နယူးဒေလီ။ ။ နအဖ က မေလတွင် ကျင်းပမည်ဆိုသော လူထုဆန္ဒ ခံယူပွဲသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မည်သို့မှ ဦးတည်နိုင်မည် မဟုတ်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ယနေ့တွင် ပြောဆိုလိုက်သည်။

ယခုလ ၉ ရက်နေ့တွင် နအဖ စစ်အစိုးရက လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲအသစ် ကျင်းပရေး ကြေညာချက်များ ထုတ်ပြန်ပြီးနောက်ပိုင်း အန်အယ်ဒီက ပထဆုံးအကြိမ် သဘောထား ထုတ်ပြန်ကာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကျင်းပမယ့် ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် ဆန္ဒခံယူပွဲ မဖြစ်နိုင်ဘူး ယူဆတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ၁/၉ဝ နဲ့လည်း ကွဲလွဲနေတယ်၊ ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိကဝတ်နဲ့လည်း ကွဲလွဲနေတယ်။ ဒါ့ကြောင့် ဒါတွေဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်တယ်” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွှန့်က ပြောသည်။

၁/၉ဝ ၌ ၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် အခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိသည်ဟု ဖော်ပြခဲ့သည်။

နအဖ က ၁/၂ဝဝ၈ နှင့် ၂/၂ဝဝ၈ ကြေညာချက်များ ထုတ်ပြန်ခြင်းဖြင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို ပိုမို ဆိုးရွားလာခြင်း၊ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးကို ပိုမိုထိခိုက်လာခြင်းနှင့် နိုင်ငံတကာအလယ်၌ နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းလာခြင်း စသည့် ပြဿနာများ ဖြစ်ပေါ်လာပါက တဖက်သတ် ဆောင်ရွက်သည့် အာဏာပိုင်များတွင်သာ တာဝန်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက တခဲနက် အားပေးထောက်ခံခဲ့သည့် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ မပါဘဲ ရေးဆွဲထားသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို တဖက်သတ်ရေးဆွဲကာ အတည်ပြုရန် ကြိုးစားနေခြင်းသည် ပြည်သူလူထု၏ ဆန္ဒကို လေးစားရာ မရောက်သည့်အပြင် နိုင်ငံ၏ အဓိက ပြဿနာဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အထောက်အကူ မပြုနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။

“ပြည်သူ့လွတ်တော် ရွေးကောက်ပွဲ ဥပဒေ ၁/၉ဝ ဥပဒေကို ထုတ်ပြန်တဲ့ အာဏာပိုင်တွေ ကိုယ်တိုင်က လေးစား လိုက်နာဖို့ လိုတယ်။ နောက်တခုက ပြည်သူ့ဆန္ဒကို လေးစားရမယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့ဆိုရင် ပြည်သူ့ဆန္ဒကို လေးစားရမှာပဲ” ဟု ဦးသိန်းညွှန့်က ပြောသည်။

နအဖ က ၁၉၉၃ ခုနှစ်မှ စတင်ကာ သူတို့စိတ်တိုင်းကျ ကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် ထွက်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို ပြည်သူလူထု အနေဖြင့် တစုံတရာ မှတ်ချက်ပေးခြင်း၊ ကန့်ကွက်ခြင်းတို့ ပြုလုပ်ပါက ပြစ်ဒဏ်ချနိုင်သည့် ၅၊၉၆ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းသည်လည်း ပြည်သူလူထု၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် အဆိုပါဥပဒေကို ပယ်ဖျက်သင့်ပြီဟု သူက ပြောသည်။

သူက “ပြည်သူလူထုက အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့ရဲ့ တာဝန် ဖြစ်တယ်ဆိုရင် အဲဒီဥပဒေကို ရုပ်သိမ်းလိုက်ပေါ့။ ရုပ်သိမ်းလိုက်မှ ပြည်သူတွေဟာ သူ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ပြနိုင်မှာပေါ့” ဟု ပြောသည်။

သမိုင်းဝင် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ခြင်း မရှိဘဲ ရွေးကောက်ပွဲသစ် ကျင်းပရသည့် အကြောင်းအရင်းကို မဲဆန္ဒရှင် ပြည်သူလူထုအား ဦးစွာ ရှင်းလင်းတင်ပြရန် လိုသည့်အပြင် ၅/၉၆ ကို ယခုအချိန်ထိ လက်ကိုင်စွဲထားခြင်းကြောင့် မေလတွင် ကျင်းပမည့် လူထုဆန္ဒ ခံယူပွဲသည် လွတ်လပ်ပြီး မျှတသည့် ဆန္ဒခံယူပွဲ ဖြစ်လာလိမ့်မည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။

No comments: