Friday, February 29, 2008

အလှည့်ကျ မနွဲ့ကြသူများ

အောင်မော်ဦး
၂၀၀၈ ဖေဖော်ဝါရီ ၉
ရွက်မွန်

စစ်အစိုးရက လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ်တရပ် ကျင်းပပြုလုပ်မည်ဟု ဆိုင်းမဆင့်ဗုံမဆင့် ထုတ်ပြန်ကြေညာ လိုက် သည်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုမှု ကာလအတန်အသင့် ရလာချိန်တွင်မှ ဤသို့သော (သို့မဟုတ်) ဤသည်နှင့် အလားသဏ္ဌာန်တူသော အချိုးအကွေ့မျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟူ၍ မယုံရဲရဲ ထင်ထားမိ သည်။ ဖြစ်ကား ဖြစ်၏။ သို့သော်ငြား ဖြစ်စဉ်သည် မူမမှန်။ ကုန်းအမြင့်ကြီးကို လီဗာကုန်နင်း၍ ဇွတ်တက်နေသည့် ကားတစီးနှယ်။

ဤအချိန်၊ ဤကာလ၊ ဤအခြေအနေတွင်မှ ကောက်ခါငင်ကာ ပြုလုပ်မည့် “လူထုဆန္ဒခံယူပွဲ”နှင့် “ရွေးကောက်ပွဲ”ဟူသည့် ကိစ္စနှစ်ခုကို ခေါင်းထဲထည့်ရသည်မှာ တော်တော်တော့ အူတူတူနိုင်လှသည်။ လူထုဆန္ဒခံယူပွဲဆိုသည်နှင့်ပတ်သက်၍ လူထု ဆီက ဘာဆန္ဒကိုများ ခံယူဦးမလို့ပါလဲဟု စဉ်းစားကြည့်မိသည်။ မုန့်လုံးစက္ကူကပ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးနှင့် လမ်း ပျောက်မြေပုံ (၇) ချက်ကို “ထောက်ခံပါသည်ခင်ဗျား”၊ “ထောက်ခံပါသည်ရှင့်”ဟူသည့်အသံကို ရယူဖို့ပဲဖြစ်ဖို့ များသည်။

လူထုဆန္ဒခံယူပွဲ

လူအများသည် ကိုယ့်ထမင်းထုပ်ကိုယ်ပိုက်၍ နေပူကျဲတဲ ကွင်းပြင်ကြီးငယ်များထဲတွင် ငုပ်တုတ်ထိုင်၍ ပြောသမျှကို အောင့်အီး နားထောင်ပေးရမည်။ ရှေ့ကတိုင်ပေးလျှင် စိတ်မပါ့တပါနှင့် လိုက်အော်ပေးရမည်။ အလိုတော်ရိများ၏ မျက်မုန်းကျိုးဘွယ် ဖော်လံဖားမှုနှင့် သတင်းပေးများ၏ မျက်စိဒေါက်ထောက်ကြည့်နေမှုများကို အံကြိတ်၍ ငုံ့ခံကြရမည်။ ဘယ်ရပ်ကွက်၊ ဘယ် မြို့နယ်၊ ဘယ်တိုင်း၊ ဘယ်ပြည်နယ် ... စသဖြင့်မှ တက်ရောက်သူ စုစုပေါင်း xxxxxx ဦး၏ တခဲနက် ထောက်ခံမှုကို ရရှိပါ သည်ခင်ဗျား ဟူသည့် အစီရင်ခံစာများအား ရုပ်မြင်သံကြားမှ နေ့စဉ်နှင့်အမျှ ထုတ်လွှင့်နေသည်ကို စိတ်မသက်မသာဖြင့် ကြည့်ကြရမည်။ ဆိုရလျှင် နီးရာဓားများ ၀င်းကနဲ၊ လက်ကနဲ ပြိုးပြက်နေသည့် နေ့ရက်များပင်။

လူထုဆန္ဒအမှန် (တောင်းဆိုသံများ) ကို နားနှင့်ဆတ်ဆတ် မကြားဝံ့၊ လူထုဆန္ဒအမှန် (ရေးသားဖော်ပြချက်များ) ကို မျက်စိ နှင့် တပ်အပ်မမြင်ရဲကြသူတို့က လူထုဆန္ဒခံယူပွဲ လုပ်မည်ဟုဆိုသဖြင့် ရယ်ချင်ပါလျှက် အောင့်ထားရသည့် ဒုက္ခကို အားလုံး လိုလို ခံစားကြရမည် ထင်သည်။ ကျနော့်အထင် တကဲ့လူထုဆန္ဒအမှန်မှာ “မောင်မင်းကြီးသားတို့ရယ် တော်ကြပါတော့ တိုင်း ပြည်ကြီး ချောက်ထဲကျရင်လည်း ကျပါစေတော့ အနစ်နာခံပြီး ကိုယ်ကျိုးစွန့်ပြီး ကယ်မနေကြပါနဲ့တော့ ရွှေနိုင်ငံကြီး လည်း မဖြစ်ချင်ကြပါနဲ့တော့ အနန္တော အနန္တငါးပါးထဲ တပ်မတော်ကို တပါးတိုးပြီး ထည့် မရှိခိုးပါရစေနဲ့ကွယ်” ဟူ၍ ဖြစ်နေမည်လား မပြောတတ်။ သေချာသည်မှာ ထောက်ခံပွဲမှ အော်သံများသည် ရင်ဘတ်ထဲမှ လာခြင်းမဟုတ်။

အကယ်၍ ရုပ်မြင်သံကြား သို့မဟုတ် ရေဒီယိုမှနေ၍ လမ်းပြမြေပုံ (၇) ချက်ကို ထောက်ခံလျှင် တတိုင်းတပြည်လုံး တိတ်တိတ် နေ၍၊ မထောက်ခံလျှင် သံပုံးတီးပါဟု ကြေညာသည်ဆိုပါစို့။ အဲသည် တိုင်းပြည်ကြီး အသံတိတ်နေမည်ဟု ကျနော်မထင်။ ဤအချက်ကို စစ်အစိုးရက မလုပ်လျှင် ကျနော်တို့က လုပ်ရပေမည်။ မြန်မာ့အသံမှ မလွှင့်လျှင် ဘီဘီစီမှ လွှင့်မည်၊ ဒီဗွီဘီမှ လွှင့်မည်၊ အာရ်အက်ဖ်အေမှလွှင့်မည်၊ ဗွီအိုအေမှလွှင့်မည်။ လူထုသည် နေ့ဘက်တွင် မတက်မနေရဟု အကျပ်ကိုင်သည့် ဆန္ဒခံယူပွဲများသို့ တက်၍၊ ညဘက်တွင် သံပုံးတီးခြင်းဖြင့် သူတို့၏ ဆန္ဒအမှန်ကို ဖော်ထုတ်နိုင်ပေသည်။ ဘာမျှရေးမထား သည့်၊ မည်သည့်သင်္ကေတမျှမပါရှိသည့် ဗလာစက္ကူများ (ဥပမာ-အ၀ါရောင်) ကို အပိုင်းငယ်လေးများဖြဲ၍ လမ်းများ ပေါ်တွင် ပြန့်ကျဲနေစေခြင်းဖြင့်လည်း ဆန္ဒအမှန်ကို ဖော်ထုတ်နိုင်သည်။ အခြားနည်းလမ်းများဖြင့်လည်း ဖော်ထုတ် နိုင်သေးသည်။

ရွေးကောက်ပွဲ

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးမျိုးသော ထင်မြင်ချက်များ၊ တုန့်ပြန်ချက်များ၊ တောင်းဆိုချက်များ၊ စိုးရိမ်ချက်များ စသဖြင့် အသီးသီးအသက ရှိကြပေမည်။ ဆိုကြပါစို့။ ဒါဆိုရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကြီးကို ဘယ်နားသွားထားရမလဲ၊ ဒီရွေးကောက်ပွဲက ၁၉၉၀ ရွေးကောက်ပွဲလို လွတ်လပ်ပြီး တရားမျှတမှု ရှိပါ့မလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရော ၀င်ရောက် ယှဉ်ပြိုင်မှာလား၊ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေး၍ မဲဆွယ်စည်းရုံးခွင့် ပေးမည်လား၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ လုံလောက်သည့် ကိုယ်စားလှယ်အရေအတွက် ရှိပါရဲ့လား၊ အခြားအတိုက်အခံပါတီတွေကိုရော ယှဉ်ပြိုင်ခွင့် ပြုမှာ လား … စသည်ဖြင့် လားပေါင်းများစွာ ရှိကြမည့်သူများထဲ၌ ကျနော်လည်း အပါအ၀င်ဖြစ်သည်ဟု ဆိုချင်သည်။

၁၉၉၀ ရွေးကောက်ပွဲကာလက ကျနော်တို့သည် မွန်ပြည်နယ်၊ ရေးဒေသ စစ်မျက်နှာဘက် စည်းရုံးရေးစစ်ကြောင်း ထွက်ခဲ့ ကြသည်။ နေ့စဉ်နှင့်အမျှ ရွေးကောက်ပွဲ သတင်းများကို ရေဒီယိုမှ ကြားနေရသည်။ NLD အသာရလာနေသည်ကို ကြိတ်၍ ပျော်နေသည်။ ကျနော်တို့က ကျေးရွာများ၌ လူထုဟောပြောပွဲများ လှည့်လည်ပြုလုပ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြရန် တိုက်တွန်းခြင်းဟုပြောလျှင် ပိုမှန်သည်။ ကျေးလက်တောသူတောင်သား လယ်သမားများဖြစ်ကြသဖြင့် ဒေါ် အောင်ဆန်းစုကြည်၏ အမည်ကို ပါးစပ်မှပြော၍ လက်မှ NLD ၏သင်္ကေတ “ခမောက်”ကို ထောင်ပြရသည်။ ကျနော်တို့ ခေါင်း တွင် ဆောင်းထားသည့ှ် စစ်ဦးထုပ်ကိုချွတ်၍ ခမောက်ဆောင်းပြီး တရားဟောကြရသည်။ ကျနော်တို့က တတိုင်း တပြည်လုံး လူထုလက်ခုပ်သံဖြင့် သောသောညံစေရမည်ဟုပြောသည်ကို မွန်တပ်မှူးကလည်း အားကျမခံ ဟောဒီ ရေးခွင် တကြောမှာ အမြောက်သံ၊ ဗုံးသံတို့ဖြင့် သောသောညံစေရမည်ဟု ပြောသည်။ ဤသို့ပင် ဆိုရခြိမ့်မည်။ အဘယ့်ကြောင့်မူ ကျနော်တို့သည် တပ်ပေါင်းစုဖြင့် အောင်ပွဲခံရေးမူကို ကိုင်စွဲ၍ ချီတက်နေကြသူများ မဟုတ်ပါ၏လော။

လူထုသည် သူ့တာဝန် သူကျေပွန်ခဲ့သည်။ သူပါဝင်ရမည့်အခန်း၌ အင်တိုက်အားတိုက် ပါဝင်ခဲ့သည်။ သို့ဖြင့် NLD အပြတ် အသတ်နိုင်၍ “တစည” ခွက်ခွက်လန်အောင် ရှုံးတော့သည်။ သို့သော် ထိုစဉ်က ပျော်ခဲ့ကြ၊ အောင်ပွဲခံခဲ့ကြခြင်း များသည် ရေပွက်ပမာ။ ဆောင်းအိပ်မက်နှယ် ပျယ်လွင့်ခဲ့ရသည်။ ခုဆိုလျှင် ဤအနိုင်နှင့် ဤအရှုံးသည် နှစ်ပေါင်း (၂၀) ကြာခဲ့ပြီ ဖြစ် သည်။ မည်သူမျှ (တကယ်) မပျော်ကြရ၊ မည်သူမျှ (တကယ်) အောင်ပွဲမခံကြရ။ သို့ဆိုလျှင် ကျနော်တို့၏ အောင်ပွဲကို (အစစ် အမှန် ဟုတ်သည် မှန်သော်ငြား) မည်သို့သော အောင်ပွဲမျိုးဟု ဆိုရပါမည်နည်း။

ကျနော်တို့၏အောင်ပွဲကို “တဘက်က လုံးလုံးနိုင်၍၊ တဘက်က လုံးလုံးရှုံးသည့်အောင်ပွဲ”မျိုးဟု အဓိပ္ပာယ်ဖွင့်လျှင် ရမည်ထင် သည်။ ဤရလဒ်ဖြင့် အနှစ် (၂၀) ကြာခဲ့သည်။ ယခုတခါ ရာဇ၀င်ဘီးသည် တကျော့ပြန်လည်လာသည်။ လူထုသည် သမိုင်း ကိုဖန်တီးသူများဖြစ်သဖြင့် ဤအကြိမ်တွင်လည်း လူထုပင်လျှင် အောင်ပွဲရရှိပေလိမ့်ဦးမည်။

သို့သော် ယခုတကြိမ်ရရှိမည့်အောင်ပွဲသည် ရှေးနည်းတူ “တဘက်က လုံးလုံးနိုင်၍၊ တဘက်က လုံးလုံးရှုံးသည့် အောင်ပွဲ” မျိုးပင် ဖြစ်လိမ့်ဦးမည်လော (သို့မဟုတ်) ဖြစ်သင့်ပါ၏လော။ အကယ်၍ ဖြစ်ခဲ့လိမ့်ဦးမည်ဆိုလျှင် ……………။

အပြောင်းအလဲကား အပြောင်းအလဲလိုသူတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဆိုက်ရောက်လာခဲ့ချေပြီ။ ထူးခြားသည်မှာ ပြင်ဆင် ချိန် (၂) နှစ်သာသာခန့် ရရှိသည့်အချက်နှင့် အဖိုးတန်လှသည်မှာ အပြောင်းအလဲ လိုလားသူတို့ကိုယ်တိုင် အပြောင်းအလဲ ဖြစ်စဉ်၌ ပါဝင်ခွင့် ရရှိကြခြင်းပင်ဖြစ်သည်။ နိုင်ငံ၏အနာဂတ်ကို နိုင်ငံသားများက ပြဌာန်းခွင့်ရရှိကြခြင်း။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ခြင်း (သို့) ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုပိုမိုထားရှိခြင်းဖြင့် ကောင်းသည့်အကျိုးရလဒ်များ မုချခံစားရရှိနိုင်ပေသည်။ သံဃာနှင့် စစ်တပ်အကြား၊ လူထုနှင့် စစ်တပ်အကြား၊ အတိုက်အခံများနှင့်စစ်တပ်အကြား၊ တိုင်းရင်းသားများနှင့် စစ်တပ်အကြား၊ နိုင်ငံတကာအစိုးရများနှင့် စစ် အစိုးရအကြား အပြုသဘောဆောင်သည့် နားလည်မှုများ ယခင်ကထက် ပိုမိုတည်ဆောက်နိုင်ပေလိမ့်မည်။

လက်ရှိ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဖယ်၍စဉ်းစားခြင်းနှင့် စစ်တပ်၏ အခန်း ကဏ္ဍကို ဖယ်၍စဉ်းစားခြင်းသည် ရှောင်လွှဲအပ်သည့် အစွန်းနှစ်ဘက်ဟု ထင်မိသည်။ ထို့အတူ အထူးအရေးပါသည့် တိုင်းရင်း သားများ၏ အခန်းကဏ္ဍကို ဖယ်၍စဉ်းစားလျှင်မူကား အဖြေမှန်နှင့် ဝေးရရုံမျှမက မမှားသင့်သည့် အမှားတခုပင် ကျူးလွန်ရာ ရောက်ပေဦးတော့မည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားညီညွတ်ရေးတို့နှင့် ဝေးရချေဦးတော့မည်။

ဤနေရာ၌ လူထုခေါင်းဆောင်နှင့် လူထု၏ အခန်းကဏ္ဍသည် အထူးအခရာကျစွာဖြင့် ရှေ့တန်းရောက်လာရတော့သည်။ လူထု ခေါင်းဆောင်၏ဆန္ဒနှင့် လူထု၏ဆန္ဒတို့ တထပ်တည်းကျမှု၊ တသဘောတည်းဖြစ်မှု၊ ရှေ့နောက်ဟန်ချက်ညီမှုတို့ သည် သမိုင်းအား ကြေကွဲဖွယ် ပုံဖော်လေမည်လား (သို့တည်းမဟုတ်) ကြည်နူးဖွယ် ပုံဖော်လေမည်လား မပြောတတ်။

လွန်ခဲ့သည့် အနှစ် (၂၀)ကကဲ့သို့ “တဘက်က လုံးလုံးနိုင်၍၊ တဘက်က လုံးလုံးရှုံးသည့်” ရလဒ်မျိုး မဖြစ်စေရုံမျှမက၊ တိုင်း ပြည်အခြေအနေနှင့်ကိုက်ညီ၍ သင့်တင့်မျှတသည့် ရလဒ်မျိုးထွက်ပေါ်လာစေရန်အတွက် စစ်အစိုးရအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် ကြိုတင်ညှိနှိုင်းမှုများ၊ သဘောတူညီမှုများ ပြုလုပ်သင့်သကဲ့သို့၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုနှင့် စကားပြောခွင့်ပေးသင့်သည်။ ပြင်ပသို့ထွက်၍ နယ်လှည့်စကားပြောခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အတွက် (လောလောဆယ်၌) အခက်အခဲရှိမည်ဆိုလျှင် ရုပ်မြင်သံကြားမှတဆင့် (နေ့စဉ်နေ့တိုင်း) လူထုနှင့် ပုံမှန် စကားပြောနိုင်ရန် စီစဉ်ပေးသင့်သည်။ ထိုမှ လူထုကြားလှည့်လည် စကားပြောခွင့် ပေးသင့်သည်။

သို့မှသာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တလျှောက်လုံးကိုင်စွဲလာခဲ့သည့် “အာဃာတကင်းစင်ရေးနှင့် သင်ပုန်းချေရေး” အယူအဆတို့ကို လူထုအကြားပျံ့နှံ့အောင် ရှင်းလင်းတင်ပြနိုင်မည်ဖြစ်ပေသည်။ ထို့ပြင်တ၀ မကြာသေးမီက ပြောင်းလဲ ကိုင်စွဲခဲ့သည့် “ပူးပေါင်းဆောင်ရွက်ရေး” အယူအဆအားလည်း လူထုများနှင့် အတိုက်အခံများကိုတင်မက တပ်မတော် အတွင်းရှိ တပ်မှူးတပ်သားမိသားစုများအကြားတွင်ပါ အကျယ်အပြန့်သိရှိစေရေးအတွက် ရှင်းလင်းတင်ပြနိုင်ပေလိမ့်မည်။

“တဘက်က လုံးလုံးနိုင်၍၊ တဘက်က လုံးလုံးရှုံးသည့်” ရလဒ်သည် မြန်မာပြည်နိုင်ငံရေးပဋိပက္ခ၏ တခုတည်းသော အဖြေ ဖြစ်သည်ဆိုလျှင် နောင်အနှစ် (၂၀) ကို ပုံဖော်ကြည့်ကြစေချင်သည်။

အောင်မော်ဦး
ဖေဖော်ဝါရီ၊ ၉၊ ၂၀၀၈။

No comments: