Friday, February 29, 2008

မေလဖွဲ့စည်းပုံသစ် ပြည်သူ့ဆန္ဒခံယူပွဲအတွက် ဘာလုပ်ကြမလဲ

အောင်သူငြိမ်း
၂၀၀၈ ဖေဖော်ဝါရီ ၂၁
မဇ္ဈိမ

မြန်မာစစ်အစိုးရက ပြီးခဲ့သည့် အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၁၉၊ ၂၀၀၈) မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲ ပြီးစီးကြောင်း ကြေငြာခဲ့သည်။ ဤသတင်းအရ ဆိုလျှင်ဖြင့် ကမ္ဘာ့အကြာဆုံး ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ ဥပဒေ ပြီးစီးခဲ့ပြီဟု ဆိုနိုင်သည်။ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှ စတင်၍ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ ပြီးပေတော့မည်။ စစ်အစိုးရက ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးအတွက် (၁၅) နှစ် (၁) လနှင့် (၉) ရက် အချိန်ယူ ရေးဆွဲခဲ့ရသည်။ ကမ္ဘာ့ အရှည်ကြာဆုံး ရေးဆွဲခဲ့ သည့် ဖွဲ့စည်းပုံ ဥပဒေဟုပင် မှတ်တမ်းဝင်သင့်သည်။ ထိုမျှမက အင်တာဗျူးတခုတွင် ဗိုလ်ချုပ်ခင်ညွန့်က အမျိုးသားညီလာခံ ကျင်းပနေသည့်ကာလ စားရိတ်အဖြစ် တရက်လျှင် ကျပ် ၁ သန်းကျော် သုံးစွဲနေခဲ့ရကြောင်း အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်ကို အမှတ်ရနေမိသေးသည်။ ဤသို့ဆိုလျှင်ဖြင့် ယခု ထွက်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် သန်းပေါင်းများစွာ တန်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်လာတော့မည်။ သို့သော် မတတ်နိုင်ပါ။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူအများက ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက် ကြရပါတော့မည်။

ယခု မေလတွင် ကျင်းပမည့် ပြည်သူ့ဆန္ဒ ခံယူပွဲက မြန်မာ့နိုင်ငံရေး သမိုင်းအတွက် အရေးကြီးသည့် အလှည့် အပြောင်းတခု ဖြစ်လာတော့မည်။ အကြောင်းမှာ ဤပြည်သူ့ဆန္ဒ ခံယူပွဲမှတဆင့် စစ်အစိုးရ၏ အခြေခံဥပဒေကို အတည်ပြုတော့မည် ဖြစ်သောကြောင့်ပင်။

ယခု ဆောင်းပါးတွင် အဓိက တင်ပြ ဆွေးနွေးလိုသည်မှာ ဖွဲ့စည်းပုံ အကြောင်းထက် စာလျှင် လတ်တလော ကြုံတွေ့ကြရတော့မည့် ပြည်သူ့ဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ကြမည်နည်း ဟူသော အချက်များကို တင်ပြလိုခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နှင့် ပတ်သက်၍ မိမိ၏ ရပ်တည်ချက်ကို အရင် ကြိုတင် ရှင်းပြထားရန် လိုအပ်ပါလိမ့်မည်။ ဖွဲ့စည်းပုံ (မူကြမ်း) ရေးဆွဲပြီးစီးခဲ့ပြီ ဆိုသော်လည်း မိမိမျက်မြင် မတွေ့ရသေးပါ။ သို့သော်လည်း ပြီးခဲ့သည့် ညီလာခံမှ ထွက်ပေါ်လာသည့် အခြေခံမူများကို ကြည့်၍ သုံးသပ်လျှင် မိမိအနေဖြင့် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို လက်ခံနိုင်ဖွယ် လုံးဝမရှိပေ။ အကြောင်းမှာ ဒီမိုကရေစီ၏ အခြေခံမူ ဖြစ်သည့် နိုင်ငံရေးအရ တန်းတူညီမျှရှိမှု (လွယ်လွယ်ဆိုရရင် လူတကိုယ်-တမဲ ပေးနိုင်သည့် အခြေအနေ) ကို လုံးဝ ပစ်ပယ်ထားသည့် အတွက်ကြောင့် ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ် ဆိုသူက မဲအများကို ချုပ်ကိုင်ထားနိုင်သူ ဖြစ်နေသည်။ ထိုမျှမက ဥပဒေကြောင်းအရ၊ ဒီမိုကရေစီ အနှစ်သာရ၊ လူမှုလွတ်လပ်ခွင့် စသည်ဖြင့် မည်သည့်ဘက်က ကြည့်ကြည့် ချို့ယွင်း အားနည်းချက်များ ပြည့်နှက်နေသည်။ အဆိုးဆုံးမှာ ဤဖွဲ့စည်းပုံ ဥပဒေအတိုင်း ကျင့်သုံးပါက လက်ရှိ မြန်မာနိုင်ငံ၏ ပဋိပက္ခများ မပြေလည် မလွတ်မြောက်နိုင်ရုံမျှ မက၊ ပိုလို့ ဆိုးရွားပြင်းထန်လာရန် အကြောင်းများ တွေ့နေရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ အုပ်ချုပ် သူ အစိုးရနှင့် အုပ်ချုပ်ခွင့် ပေးထားသည့် ပြည်သူများအကြား လူမှုရေးအရ ချုပ်ဆို ထားသော စာချုပ် ပဋိဉာဉ်တခုသာ ဖြစ် သည်။ သို့သော်လည်း စစ်အစိုးရ၏ ယခု ဖွဲ့စည်းပုံတွင် ပြည်သူများ ကျေနပ်လက်ခံစေမည့် အချက်များထက်၊ စစ်အစိုးရ ခေါင်းဆောင်များ အလိုကျ ဖန်တီးထားခြင်း ဖြစ်သည်။

အသွင် ကူးပြောင်းရေး ကာလတရပ်ကို မြန်မာနိုင်ငံ ဖြတ်သန်းနေရချိန်၌ ဒီမိုကရေစီ ၁၀၀% မဖြစ်နိုင်သည့် အခြေအနေကို မိမိ လက်ခံသည်။ ဒီမိုကရေစီစနစ်ကို ရှေ့ဆက်ပြီး လုံ့လဥသဟထုတ် တည်ဆောက်ကြရဦးမည် ဆိုသည်ကိုလည်း စွဲမြဲ မြင်ထားသည်။ သို့သော်လည်း ယခု စစ်အစိုးရက ပြဌာန်းစေမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကတော့ မြန်မာနိုင်ငံအတွက် ကိုယ်ကျိုးနည်းရမည့် ဥပဒေမျိုး ဖြစ်သည်။ မည်သည့်နည်းနှင့်မျှ လက်ခံရန် လုံးဝ မဖြစ်နိုင်ပါ။

မည်သို့ဆိုစေ မိမိတို့ ပြည်သူအများက ဤဖွဲ့စည်းပုံကို ပြည့်သူ့ဆန္ဒ ခံယူပွဲဖြင့် အတည် ပြုပေးကြရတော့မည် ဖြစ်သည်။ အချိန်ကလည်း အတော်နီးကပ်နေသည်။ ရက် (၉၀) မျှပင် မရှိတော့ပါ။ သို့သော်လည်း စစ်အစိုးရဘက်က ဆန္ဒခံယူပွဲ အတွက် ပြင်ဆင်မှုများကို သေသေချာချာ စနစ်တကျ လုပ်ဆောင်နေမှု မတွေ့ရသေးပေ။ ဆန္ဒခံယူပွဲအတွက် ကော်မရှင် လူသိရှင်ကြား မဖွဲ့စည်း မကြေငြာရသေး။ ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးများကိုလည်း ထုတ်ပြန် ကြေငြာခြင်း မရှိသေး။ ထို့အပြင် ပို၍ ဆိုးသည်မှာ လူအများက အစိုးရကို ယုံကြည် လက်ခံဖွယ်ဖြစ်အောင် အပြုသဘော ဆောင်သည့် လုပ်ရပ်၊ ခြေလှမ်းများကိုလည်း မတွေ့ရသေးပါ။ ဥပမာအားဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ်သို့ ချီတက်တော့မည်ဟု ပြောနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးသင့်သည်။ ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက် တိုးတက် ကြိုးပမ်းသင့်သည်။ ဖွဲ့စည်းပုံ ဥပဒေကို ဝေဖန် ဆွေးနွေးပိုင်ခွင့်ကို ကန့်သတ်ထား သည့် အမိန့်ကြော်ငြာစာအမှတ် (၅/၉၆) ကို ပြန်ရုပ်သိမ်းသင့်သည်။ [န၀တမှ ဥပဒေအမှတ် ၅-၉၆ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက် ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ၇၊ ဇွန်၊ ၉၆တွင် ထုတ်ပြန်သည်။ မည်သူမဆို၊ မည်သည့်အဖွဲ့ အစည်း မဆို၊ တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ ဖြစ်စေန၀တ၏ လုပ်ရပ်များကို ဆန့်ကျင်လှုံ့ဆော်၍ ဆန္ဒပြဟောပြော၊ ပြောဆို၊ ရေးသားဖြန့်ဝေခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းများ ပြုလုပ်လျင် အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အနှစ်နှစ်ဆယ် အထိ ချမှတ်မည်ဖြစ်ကြောင်း အဖွဲ့အစည်းဖြစ်ပါက မတရားအသင်း အဖြစ် ကြေညာမည် ဖြစ်ကြောင်း ပါရှိသည်။ (ကြေးမုံ ဇွန်၊ ၈၊ ၁၉၉၆)]

စစ်အစိုးရက ပါတီစုံစနစ်တွက် လက်တွဲ လုပ်ကိုင်ကြရမည့် နိုင်ငံရေး ပါတီများကို အလေးထား ဆက်ဆံသင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်း မရှိပါ။ ပိုဆိုးသည်မှာ ထပ်မံဖမ်းဆီး ပိတ်ဆို့နေခြင်းများ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး၊ အန်အယ်လ်ဒီ ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကိုပင် အကျယ်ချုပ် သက်တန်း တနှစ်ထပ်မံတိုးလိုက်သေးသည်။ နိုင်ငံခြားရေး ၀န်ကြီးကလည်း ပြည်ပတွင် ဒေါ် အောင်ဆန်းစုကြည် ရွေးချယ်ခံပိုင်ခွင့် မရှိဟု ဥပဒေ မထွက်လာမီ ကြိုတင်၍ ပြောနေသေးသည်။ မည်သို့မျှ ယုံကြည်ဖွယ် မရှိပါ။
မည်သို့ပင် ဖြစ်စေ လာမည့် မေလ၏ တရက်ရက်တွင်တော့ မိမိတို့ မြန်မာပြည်သူများက ဆန္ဒမဲ ပေးကြရတော့မည် ဖြစ်သည်။ ဆုံးဖြတ်ပေးကြရတော့မည် ဖြစ်သည်။ ဤအချိန်တွင် မိမိနှင့် နီးစပ်သူ မိတ်ဆွေများနှင့် ဆွေးနွေး၍ ရသလောက် အမြင် (၂) ခု ပေါ်ထွက်လာခဲ့သည်။ အချို့သော သူများက ယခု ဆန္ဒ ခံယူပွဲသည် လုံးဝ လက်ခံဖွယ် မရှိ၊ (ဥပဒေကြောင်း အရ လက်မခံနိုင်၊ နိုင်ငံရေးအရ၊ စစ်အစိုးရက ကတိက၀တ်တွေ ပျက်ခဲ့သည်၊ အခွင့်အရေးများ ချိုးဖောက်သည်။ ယခုကိစ္စကို ဆောင်ရွက်ရန် တရားဝင်မှု မရှိ၊ စသဖြင့် အကြောင်းပြချက် မျိုးစုံ ရှိနေသည်။) အချို့ မိတ်ဆွေများက မဲရုံကိုသွား၊ ပြီးမှ ငြင်းပယ်သည့်မဲ (No vote) ကိုထည့်ခဲ့ ဆိုသည်မျိုး အမြင် ရှိနေကြသည်။ ထောက်ခံသူတော့ မတွေ့ရပါ။

မိမိ စတင်ဆွေးနွေးလိုသည့် အချက်မှာ မြန်မာနိုင်ငံအရေး လှုပ်ရှားနေကြသည့် သူများအကြား ဤကွဲလွဲချက်ကို အမြန်ဆုံး ညှိနှိုင်း၍ တသံတည်းထွက်နိုင်အောင် ကြိုးပမ်းရေးပင် ဖြစ်ပါ သည်။ အောက်ဖော်ပြပါ အချက်များက ထည့်သွင်းစဉ်းစားဖွယ် အချက်များသာ ဖြစ်ပါသည်။ မည်သို့လုပ်ဟူ၍ မိမိတွင် ပြောပိုင်ခွင့် မရှိပါ။ ပိုမိုပြည့်စုံစွာ စဉ်းစားနိုင်ရန် တထောင့် တနေရာမှ အကြံပြုချင်းသာ ဖြစ်ပါသည်။

စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲကို လုံးဝ ငြင်းပယ်ခဲ့သော်-

  • ပြည်သူ့ဆန္ဒခံယူပွဲ ဖြစ်မလာစေရန် လုံးဝ ငြင်းခိုင်းရသည်က ပိုခက်မည် ယူဆပါသည်။ တရားမ၀င်သည့် လှုပ်ရှားမှုများ ပိုမို ဆောင်ရွက်ကြရမည်။ ဖျက်လိုဖျက်ဆီးပြုရာ ရောက်မည်။ မိမိဘက်သား ကိုယ့်အင်အားစုများ အဖမ်း ခံရနိုင်သည်။
  • ဤအချက်က စစ်အစိုးရ၏ တရားမ၀င်မှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ၏ တရားဝင်မှု (legitimacy) ကို ကိုင်တွယ်ပြီး လှုပ်ရှားသလို ဖြစ်နေသည်။ သို့သော်လည်း လက်တွေ့ နိုင်ငံရေးတွင် အိမ်နီးချင်း အာဆီယံ နိုင်ငံများ၏အမြင် အပါအ၀င်၊ ကုလ အထူးသံ မစ္စတာ ဂမ်ဘာရီတို့က အစ အသံ ပြောင်းနေကြပြီ။ ဤနည်းလမ်းအတိုင်း ဆောင်ရွက်မည် ဆိုလျှင် ယခုထက် ပိုမို ခိုင်လုံ ရှင်းလင်းစေမည့် တင်ပြချက်များ ပြည်သူအများကို ဆောင်ရွက်ရန် လိုအပ်ပါလိမ့်မည်။
  • ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ဖို့ လုံးဝ ငြင်းပယ်ခဲ့လျှင် အကြောင်းပြချက် အနေဖြင့် စစ်အစိုးရဘက်က မတရားလုပ်မှာ ဖြစ်သည့် အတွက်ကြောင့်၊ ညစ်ပတ် မဲခိုးမည့် အတွက်ကြောင့် အစောကတည်းက မသွားသင့်ဟု ပြောသူများလည်း ရှိနိုင်ပါသည်။ အချက်အလက် အရလည်း မှန်ကန်ဖွယ် ရှိပါသည်။ သို့သော်လည်း ဤအကြောင်းပြချက်ကို နိုင်ငံတကာကို ချပြရာတွင် မခိုင်မာ၊ လက်ခံရန် ခက်ခဲနိုင်ပါသည်။ စစ်အစိုးရဘက်က ဖွင့်ပေးတာကို မသွားဘူး ဆိုပြီး ဒီမိုကရေစီ အင်အားစုများဘက်က အလွန် ဖြစ်စေပါလိမ့်မည်။
  • ထိုမျှမက ပြည်သူအများက ဤလမ်းကြောင်းအတိုင်း လိုက်ပါ လုပ်ဆောင်နိုင်သည့် အနေအထား ရှိ/မရှိကိုလည်း ချိန်ဆ သင့်ပါသည်။
  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ၏ အမျိုးသားညီလာခံမှ ကျောခိုင်းထွက်ခဲ့သည့် အဖြစ်ကိုလည်း ပြန်၍ သုံးသပ် ကြည့်စေလိုပါသည်။ (ကျောခိုင်းခဲ့သည်မှာ မှန်သော်လည်း၊ မိမိမှန်ကန်ကြောင်း ထင်ထင်ရှားရှား ပြနိုင်ရန် အားနည်းခဲ့သည်ဟု သုံးသပ် မိပါသည်။) နောက်ပိုင်းတွင် စစ်အစိုးရက တဘက်သတ်ပြီးအောင် ဆက်၍ သူ့လမ်း သူလျှောက်ခဲ့သည်။

မဲရုံးကိုသွား၊ ဆန့်ကျင်မဲ (No vote) ပေးရန် အနေအထားတွင်လည်း တွေးစရာ အများအပြား ရှိနေပါသေးသည်။

  • ဤသို့ ဆောင်ရွက်စေရန်မှာလည်း မလွယ်ကူလှပါ။ မည်သူတွေက ဦးဆောင်စည်းရုံးမှာလဲ ဆိုသည့် မေးခွန်းကို ဖြေဆို ကြရပါလိမ့်မည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး လူထုကို လှုံ့ဆော် ဆောင်ရွက်သင့်သည် ဆိုသည့် သဘောထားမျိုးကို မိမိမထောက်ခံလိုပါ။ မည်သူတွေက မည်သို့ လုပ်မည်လဲ စီစဉ်ကြရပါလိမ့်မည်။
  • စည်းရုံးမှုအတွက် သူတို့ စစ်အစိုးရဘက်က အင်အားစုများ အရံသင့် ရှိနေနိုင်သည်။ ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် ကိုအေးလွင်တို့ကဲ့သို့ အင်အားစုများ ရှိနေကြသည်။ သူတို့က ပြောင်ပြောင်တင်းတင်း စည်းရုံး လှုံ့ဆော်နေချိန်တွင် ဒီမိုကရေစီ အင်အားစုများဘက်က တရားမ၀င် လှုပ်ရှားမှုများ လုပ်ဆောင်နေရသကဲ့သို့ အနေအထားမျိုးလည်း ဖြစ်နေနိုင်သည်။
  • ကန့်ကွက်မဲ ပေးသင့်သည်ဟု လှုံ့ဆော် စည်းရုံးခဲ့လျှင်ပင် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေက မကောင်းလို့ ငြင်းပယ်သည် ဟူသည့် အကြောင်းပြချက် အပြင်၊ အခြား ပြင်ဆင်ထားချက်များလည်း ရှိနေသင့်သည်။ အခြား ပိုမို ကောင်းမွန်သည့် ရွေးချယ်စရာ လမ်းကြောင်းတခု (alternative) ကိုလည်း ပြည်သူအများကို မြင်သာအောင် ပြသထားရန် လိုအပ်ပါလိမ့်မည်။ ဤရွေးလမ်းက မည်သို့ မည်ပုံ ဆိုသည်ကို ချပြနိုင်မှ ပို၍ ခိုင်မာ အားကောင်း နိုင်ပါသည်။
  • အတိုက်အခံ အင်အားစုများဖက်က နောက်လာမည့် တဆင့်အတွက် စေ့စပ်ညှိနှိုင်းရေး အသေးစိတ်အစီအစဉ်များ စနစ်တကျ ပြင်ဆင်ထားသင့်သကဲ့သို့၊ အတိုက်အခံအားလုံး တညီတညွတ် သဘောတူထားသည့် ဖွဲ့စည်းပုံ ဥပဒေ နောက်တခုကိုလည်း ပြင်ဆင်ကောင်း ပြင်ဆင်ထားနိုင်ပါသည်။
  • လူအများစုက မဲမပေးဘဲ အိမ်မှာ နေရသည်မျိုးကို စိုးရိမ်မှု ရှိကောင်း ရှိနေနိုင်သည်။ လျှို့ဝှက် မဲပေးမှု စနစ်မျိုးဆိုလျှင် မဲရုံကိုသွား၍ ကန့်ကွက်မဲ ထည့်ရသည်မှာ အရေးမကြီးပါ။ စိုးရိမ်စိတ် ကင်းကင်းဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ဆောင်ရွက် လုပ်ကိုင်နိုင်ကြပါလိမ့်မည်။
  • အကယ်၍ ဆန္ဒခံယူပွဲကို လုံးဝ မငြင်းပယ်ဘဲ ကန့်ကွက်မဲ သွားပေးကြမည် ဆိုလျှင်တောင် "နိုင်မယ်လို့ ထင်လို့လား။ သူတို့ မတရားလုပ်မှာကို ကျော်လွှားနိုင်စရာ နည်းလမ်း ရှိမှာမို့လား" စသည့် မေးခွန်းများကို ဖြေဆိုကြရပါလိမ့်ဦးမည်။ ဤကိစ္စအတွက် နိုင်ငံတကာ ကြီးကြပ် စောင့်ကြည့်မှုများကိုလည်း ရရှိအောင်၊ လျှို့ဝှက် မဲပေးမှု စနစ် ဖြစ်လာစေရန် ကြိုးပမ်းတိုက်တွန်းကြရပါလိမ့်ဦးမည်။
ချုပ်၍ ဆိုရလျှင် ဖြစ်နိုင်ချေ အားလုံးကို တွက်ဆ၍ ယခု ပြည်သူ့ဆန္ဒ ခံယူပွဲကို လုံးဝငြင်းပယ်မည်လား? သို့မဟုတ် မဲရုံ ကိုသွား ကန့်ကွက်မဲ ပေးမည့် စနစ်ကို ကျင့်သုံးစေမည်လား? ဆိုသည်ကို ပြည်ပရောက် အတိုက်အခံ အင်အားစုများ၊ ပြည်တွင်းရှိ အင်အားစုများကြားတွင် ညှိနှိုင်းတိုင်ပင်ပြီး တညီတညွတ်ထဲ အသံထွက်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါ သည်။ သို့မှသာ အခြား ခြေလှမ်းများကို စနစ်တကျ ဆက်လက် ချီတက်နိုင်ကြပါလိမ့်မည်။ မည်သို့ စုစည်းနိုင်ကြမည်နည်း။ စဉ်းစားကြရန် အချိန်သင့်နေပြီ ဖြစ်ပါသည်။

သို့သော်လည်း မည်သည့်နည်းဖြင့် သွားသွား ပြည်သူလူထု အများကို စည်းရုံး လှုံ့ဆော်ကြရမည်သာ ဖြစ်သည်။ လူတန်းစား အလွှာ အသီးသီး၊ လူအုပ်စု အသီးသီး၊ တိုင်းရင်းသား အသီးသီးက လိုက်ပါဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်မျိုးလည်း ဖြစ်ရန် လိုအပ်ပါသည်။

စက်တင်ဘာ သံဃာနှင့် လူထုဆန္ဒပြပွဲများကို ဦးဆောင် လှုပ်ရှားခဲ့ကြသည့် ပြည်သူများ၏ နိုင်ငံရေးအဆင့်မှာ မနိမ့်ပါ။ သူတို့ မည်သို့ ရပ်တည်ရမည်ကို ရင်ထဲက သိနေကြပါသည်။ သို့သော်လည်း ယခုကဲ့သို့ အရေးပေါ်၊ အချိန် အကန့်အသတ်ဖြင့် လှုပ်ရှားကြရတော့မည့် အခြေအနေတွင် ပိုမို ချိတ်ဆက်မိပြီး လှုပ်ရှားဆောင်ရွက်နိုင်ရန် အကြံပြု တင်ပြခြင်း ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

No comments: