Friday, February 29, 2008

ပြတ်ပြတ်သားသားကန့်ကွက်ကြပါစို့

အောင်ဒင်
၂၀၀၈ ဖေဖော်ဝါရီ ၂၂
မဇ္ဈိမ

(က) နိဒါန်း

၁။ စစ်အစိုးရက ၁၉၉ဝ ပြည့်နှစ် မေလမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး တရပ်ကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၃၉၂ နေရာ အနိုင်ရရှိပြီး အဖွဲ့ချုပ်ရဲ့ မဟာမိတ်များ ဖြစ်ကြတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား ပါတီများက လွှတ်တော် ကိုယ်စားလှယ် ၆၇ နေရာ အနိုင် ရရှိခဲ့ပါတယ်။ စစ်တပ်က ထောက်ခံ အားပေးတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီကတော့ လွှတ်တော် ကိုယ်စားလှယ် ၁ဝ နေရာပဲ ရွေးချယ် ခံခဲ့ရပါတယ်။ ဒါဟာဖြင့် ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများအား နိုင်ငံတော်ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများကို အာမခံချက်ပေးမယ့် နိုင်ငံတော်သစ်အဖြစ် တည်ဆောက် ဦးဆောင်သွားဖို့ တာဝန် အပ်နှင်းလိုက်တာပါပဲ ... ။

၂။ ဒါပေမဲ့လည်း “ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလြွှဲပီး စစ်တန်းလျားကို ပြန်ပ့ါမယ် ...” လို့ ကတိပေးခဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိကို ပျက်ကွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးဖို့ ငြင်းဆန်၊ အနိုင်ရပါတီကို အာဏာ လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ တိုင်းရင်းသား ပါတီများက စစ်အစိုးရနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ကျင်းပပြီး တိုင်းပြည် ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကမ်းလှမ်းတာကိုပါ ငြင်းပယ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ်ကိုလည်း ၁၉၉ဝ ရွေးကောက်ပွဲက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆန္ဒမပါ၊ စစ်မှန်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များရဲ့ ဆန္ဒ မပါဘဲ၊ တဖက်သတ် ရေးဆွဲခဲ့ပြီး အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ် မေလမှာ လူထုဆန္ဒ ခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်နေပါတယ်။

ဒါဟာဖြင့် စစ်အာဏာရှင်စနစ် အောက်က လွတ်မြောက်ပြီး အကြောက်တရားကင်းတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ နေထိုင်ချင်ကြတဲ့ ပြည်သူလူထု တရပ်လုံးကို စစ်အစိုးရက စိန်ခေါ်လိုက်တာပါပဲ။ ဒါဟာဖြင့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ငြင်းပယ်လိုက်တာပါပဲ။ စစ်အစိုးရက သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မတရားတဲ့ နည်းလမ်းများနဲ့ အတည် ပြုလိုက်နိုင်တာနဲ့ တပြိုင်နက် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ဟာ ပျက်ပြယ်သွားခဲ့ပါပြီ။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခန်းက ပြီးဆုံးသွားပါပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီ အဆင့်အတန်း ပျက်ပြယ်သွားပါပြီ။ အဆိုးဆုံးကတော့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အတူ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် အောက်ကို တရားဝင် ရောက်ရှိသွားမှာပါ။ ... ။

(ခ) အမျိုးသားညီလာခံနှင့် အခြေခံမူများ

၁။ စစ်တပ်ရဲ့ နိုင်ငံရေး အာဏာစိုးမိုးမှုကို တရားဝင်စေဖို့အတွက် ရည်ရွယ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရက နှစ်ပေါင်း ၁၄ နှစ်ကျော်ကြာအောင် အချိန်ယူပြီး စစ်တပ်က လက်ရွေးစင် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ရေးဆွဲခဲ့တာပါ။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့၊ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကိုယ်စားလှယ်အချို့ ပါဝင်ကြပေမယ့် သူတို့ဟာလည်း စစ်တပ်ရဲ့ ဖိအားပေး အကျပ်ကိုင်မှုတွေအပေါ် မလွန်ဆန်နိုင်ခဲ့ကြပါဘူး။

၂။ ဒါကြောင့် အမျိုးသားညီလာခံက ချမှတ်လိုက်တဲ့ အခြေခံမူတွေကို ထည့်သွင်း ရေးဆွဲထားတဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို အာမခံချက် ပေးမထားသလို တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ အပါအဝင် လူမျိုးစု အခွင့်အရေးများကိုလည်း ငြင်းပယ်ထားတာ တွေ့ရပါတယ်။ အထင်ရှားဆုံးကတော့ ဒီဖွဲ့စည်းပုံအရ စစ်တပ်ဟာ သီးခြား အခွင့်ထူးခံ လူတန်းစားတရပ်အဖြစ် တရားဝင် တည်ရှိလာမှာ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံရဲ့ အမြင့်ဆုံး အာဏာရှိပုဂ္ဂိုလ် ဖြစ်လာမှာပါ။ တပ်မတော် တခုလုံးကတော့ ဥပဒေရဲ့ အထက်မှာ တည်ရှိပြီး တိုင်းပြည်ရဲ့ အာဏာသုံးရပ် (-ဖြစ်တဲ့) အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ ဥပဒေပြု အာဏာတွေကို ထင်သလို ချယ်လှယ်ခွင့် ရမှာပါ။

ပြည်သူလူထု တရပ်လုံးကတော့ ဒုတိယတန်းစား နိုင်ငံသားတွေ အဖြစ်နဲ့ စစ်တပ်ကို အလုပ်အကျွေး ပြုရတော့မှာပါ။ အများနားလည်အောင် အသေးစိတ် ရှင်းပြချင်ပါတယ်။

(ဂ) ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သို့ အပ်နှင်းထားသော အာဏာများ

၁။ ကာကွယ်ရေး ဦးစီးချုပ်ဟာ စစ်တပ်ရဲ့ အရေးအရာ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်။ စစ်တပ်အင်အား တိုးချဲ့မှု၊ ရာထူး အပြောင်းအလဲ၊ စစ်တပ်နေရာ ချထားမှု၊ စစ်တပ်အတွက် နှစ်စဉ် ကုန်ကျစရိတ်၊ စစ်လက်နက် ဝယ်ယူမှု၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ စသဖြင့် စစ်တပ်ရဲ့ အရေးကိစ္စ အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်က လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိရမယ်လို့ အာဏာ အပ်နှင်းထားပါတယ်။ ဒီတော့ နိုင်ငံရဲ့ ဝန်ထမ်း အဖွဲ့အစည်း တခုသာ ဖြစ်ရမယ့် တပ်မတော်ဟာ နိုင်ငံတော် သမတရဲ့ အုပ်ချုပ်မှု အောက်မှာလည်း မရှိ၊ လွှတ်တော်ရဲ့ ဥပဒေပြုမှု အောက်မှာလည်း မရှိ၊ စစ်တပ်တွင်း ဖြစ်ပေါ်တဲ့ အမှုအခင်းများ၊ တပ်မတော်သား ရာဇဝတ်မှု ကျုးလွန်သူများကို ထောင်စစ်ခုံရုံးနဲ့ တရားစီရင်မှာ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ဟာ နိုင်ငံတော် တရားစီရင်ရေး စနစ်ရဲ့ အောက်မှာလည်း မရှိဘဲ၊ နိုင်ငံတော် အချုပ်အခြာအာဏာ သုံးရပ်စလုံးရဲ့ အထက်မှာ တည်ရှိနေပါတော့တယ်။

၂။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ အချုပ်အချာအာဏာ သုံးရပ်စလုံးရဲ့ အောက်မှာ မရှိပေမဲ့ အဲဒီအချုပ်အခြာအာဏာ သုံးရပ်စလုံးကို စိတ်တိုင်းကျ ဝင်ရောက် စွက်ဖက်ခွင့်လည်း ပေးထားပါတယ်။ အောက်မှာ အသေးစိတ် ရှင်းပြပါ့မယ်။

၃။ တကယ်လို့ တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာခဲ့ရင် တိုင်းပြည် တခုလုံးကို၎င်း၊ တစိတ်တဒေသကို၎င်း၊ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ သုံးရပ်ကို ကိုင်တွယ်ပြီး အုပ်ချုပ်ခွင့် ရှိတယ်လို့လည်း အာဏာ အပ်နှင်းထားပါတယ်။ အရေးပေါ် အခြေအနေ ဆိုတာကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတာကို ဆိုလိုတာပါ။ ဒါကြောင့် တချိန်မှာ နိုင်ငံရေး အင်အားစုတစုက ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားမယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော် အာဏာသုံးရပ်ကို ကိုင်တွယ်အုပ်ချုပ်ဖို့ တရားဝင် ခွင့်ပြုထားတာပါပဲ။ ရိုးရိုးရှင်းရှင်း ပြောရရင် စစ်တပ်ကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို အာဏာသိမ်းခွင့် တရားဝင် ပေးထားတာပါပဲ။

၎။ ပြီးတော့ အဲဒီလို စိတ်တိုင်းကျ အာဏာသိမ်းထားတဲ့ အချိန် ဖြစ်ပေါ်ခဲ့တဲ့ ပြစ်မှုများနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်နဲ့ သူက တာဝန်ပေးအပ်ထားတဲ့ တပ်မတော် အရာရှိများကို မည်သည့်နည်းနဲ့မျှ အရေးယူပိုင်ခွင့် မရှိလို့လည်း အကာအကွယ် ပေးထားပြန်ပါတယ်။

(ဃ) ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်၏ ဥပဒေပြု အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်မှာ ဗဟိုအဆင့်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော် ၂ ရပ်ရှိပြီး၊ အဲဒီလွှတ်တော် ၂ ရပ်ပေါင်းကို ပြည်ထောင်စု လွှတ်တော်လို့ ခေါ်ပါတယ်။ ပြည်သူ့လွှတ်တော်ကို မြို့နယ်များက ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး ကိုယ်စားလှယ် ၄၄ဝ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ် ၃၃ဝ ကိုသာ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပြီး၊ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိ ၁၁ဝ က ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာကြမှာပါ။ ဒီနည်းနဲ့ ပြည်သူ့လွှတ်တော်ရဲ့ လေးပုံတပုံကို ကာကွယ်ရေး ဦးစီးချုပ်က ထိန်းချုပ်ထားပါတယ်။

၂။ အမျိုးသား လွှတ်တော်ဆိုတာက ပြည်နယ်နဲ့ဒေသကြီး ၁၄ ခုက တခုကို ကိုယ်စားလှယ် ၁၆ ယောက်စီနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၂၂၄ ယောက်နဲ့ ဖွဲ့စည်းမှာပါ။ ဒါပေမဲ့ ပြည်နယ်နဲ့ ဒေသတခုကို ၁၂ ယောက်နှုန်းနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၁၆၈ ယောက်ကို လူထုက ရွေးချယ် တင်မြှောက်ခွင့်ရပြီး၊ ပြည်နယ်နဲ့ ဒေသတခုကို ၄ ယောက်နှုန်းနဲ့ ကိုယ်စားလှယ် ၅၆ ယောက်ကိုတော့ ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အရာရှိများကို ခန့်အပ် တာဝန်ပေးမှာပါ။ ဒီနည်းနဲ့ အမျိုးသားလွှတ်တော်ရဲ့ လေးပုံတပုံကို ကာကွယ်ရေး ဦးစီးချုပ်က ထိမ်းချုပ်ထားပါတယ်။

၃။ တကယ်လို့ နိုင်ငံဝန်ထမ်းများဟာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် သူတို့ရဲ့ လက်ရှိ အလုပ်အကိုင်က အနားယူရပါမယ်။ သူတို့ကို နိုင်ငံတော်က ပေးအပ်ထားတဲ့ နေအိမ်၊ ကား စတာတွေကိုလည်း စွန့်လွှတ်ရပါမယ်။ ဒါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ့် တပ်မတော် အရာရှိများကတော့ သူတို့ရဲ့ စစ်ဖက်ရာထူးများက နှုတ်ထွက်စရာ မလိုပြန်ဘူး။

၎။ တကယ်တော့ ပြည်ထောင်စု လွှတ်တော်ဆိုတာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအတွက် အမြင့်မားဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ရမှာပါ။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံအရ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဟာ စစ်တပ်ရဲ့ အရေးအရာတွေကို ဥပဒေပြဋ္ဌာန်းခွင့် မရှိပါဘူး။ စစ်တပ်ရဲ့ အရေးကိစ္စတွေနဲ့ စစ်တပ်ရဲ့ နှစ်စဉ် ဘတ်ဂျက်တွေကို တပ်မတော်အရာရှိ လွှတ်တော် ကိုယ်စားလှယ်များက သီးခြား ဆွေးနွေးကြမှာ ဖြစ်ပြီး၊ အဲဒီ တပ်မတော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကိုသာ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်များက အတည်ပြုပေးရမှာပါ။ အဲဒီလိုနဲ့ လွှတ်တော်ဟာ စစ်တပ်ရဲ့ အလိုရှိရာကို အတည်ပြုပေးရတဲ့ ရာဘာတံဆိပ်တုံး အဆင့်ကို ရောက်ရှိသွားမှာပါ။

၅။ ပြည်နယ်နဲ့ဒေသတွေမှာတော့ ပြည်နယ် (သို့) ဒေသလွှတ်တော် တရပ်သာ ရှိမှာပါ။ ပြည်နယ် (သို့) ဒေသတွင်းမှာရှိတဲ့ မြို့နယ်များက ကိုယ်စားလှယ် ၂ ယောက်စီ၊ ပြည်နယ် (သို့) ဒေသတွင်းမှာရှိတဲ့ ပြည်နယ်အဆင့် မရသေးတဲ့ တိုင်းရင်းသား လူမျိုးစုများက ကိုယ်စားလှယ် ၁ ယောက်စီနဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ် တာဝန်ပေးတဲ့၊ စုစုပေါင်း ကိုယ်စားလှယ် အရေအတွက်ရဲ့ လေးပုံတပုံရှိတဲ့ တပ်မတော် အရာရှိများနှင့် ပြည်နယ် (သို့) ဒေသ လွှတ်တော်ကို ဖွဲ့စည်းရမှာပါ။ ဒီလိုနဲ့ တပ်မတော် အရာရှိများက ရွေးကောက်ပွဲဝင်စရာ မလိုဘဲ ပြည်နယ် (သို့) ဒေသလွှတ်တော်ရဲ့ လေးပုံတပုံကို ထိမ်းချုပ်ထားမှာပါ။

၆။ ပြည်နယ်၊ ဒေသလွှတ်တော်တွေမှာလည်း ဒေသလုံခြုံရေးနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေ၊ နယ်စပ်ဒေသများနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တပ်မတော် ကိုယ်စားလှယ်များက သာလျှင် သီးခြား ဆွေးနွေးခွင့်ရှိပြီး၊ ၎င်းကိုယ်စားလှယ်များရဲ့ တင်ပြချက်ကိုသာ ပြည်နယ်၊ ဒေသလွှတ်တော်က အတည် ပြုပေးရမှာပါ။ ဒီလိုနဲ့ပဲ ပြည်နယ်၊ ဒေသလွှတ်တော်ဟာ စစ်တပ် အလိုဆန္ဒကို အတည်ပြုပေးရတဲ့ ရာဘာတံဆိပ်တုံး အဆင့်ကို ရောက်ရှိသွားမှာပါ။

(င) ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်၏ အုပ်ချုပ်ရေး အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ နိုင်ငံတော် သမတနဲ့ ဒု-သမတ နှစ်ယောက် ရှိပါလိမ့်မယ်။ လွှတ်တော်အုပ်စု သုံးစုက သမတလောင်း တယောက်စီ အမည်စာရင်း တင်သွင်းပြီး လွှတ်တော်တခုလုံး (ပြည်ထောင်စု လွှတ်တော်) က မဲပေး ရွေးချယ်ကြရမှာပါ။ မဲအများဆုံးရသူက သမတ ဖြစ်ပြီး၊ ကျန် နှစ်ယောက်က ဒု-သမတများ ဖြစ်လာမှာပါ။

၂။ လွှတ်တော်အုပ်စု ၃ စုကို ဒီလို ခွဲထားပါတယ်။

(က) ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ၃၃ဝ ဦး၊

(ခ) အမျိုးသား လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်များ ၁၆၈ ဦး၊

(ဂ) အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းမှ တပ်မတော် ကိုယ်စားလှယ်များ (၁၁ဝ + ၅၆) = ၁၆၆ ဦး၊

၃။ သမတနဲ့ ဒု-သမတ ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်း အချို့က ဒီလိုပါ

(က) လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရန်မလို။
(ခ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရင်းနှီးကျွမ်းကျင်သူ ဖြစ်ရမည်။
(ဂ) အနည်းဆုံး အသက် ၄၅ နှစ် ရှိရမည်။ နိုင်ငံအတွင်း အနည်းဆုံး အနှစ် ၂ဝ တဆက်တည်း နေထိုင်သူ ဖြစ်ရမည်။

၎။ ဒီရွေးချယ်ပုံအရ စစ်တပ်က အဆိုပြုတဲ့ ကိုယ်စားလှယ် တယောက်ဟာ သမတလောင်း ဖြစ်လာမှာပါ။ စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ရမည်ဆိုတဲ့ ကန့်သတ်ချက်အရ အခြားအုပ်စု ၂ စုက တင်သွင်းတဲ့ သမတလောင်းဟာလည်း တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ဖို့ အလားအလာ အများကြီး ရှိနေပါတယ်။ ပြီးတော့ ဒီသုံးယောက်ထဲက တယောက်ကို သမတ အဖြစ် ရွေးချယ်ကြတဲ့အခါ တပ်မတော် ကိုယ်စားလှယ်က သမတ ဖြစ်လာဖို့၊ အနိမ့်ဆုံး ဒု-သမတ ဖြစ်လာမှာပါ။ ပြည်ထောင်စု လွှတ်တော်မှာ တပ်မတော် ကိုယ်စားလှယ်က (၂၅ ရာခိုင်နှုန်း) ပါဝင်တာမို့ တပ်မတော်က ထောက်ခံတဲ့သူသာ သမတ ဖြစ်လာမှာကတော့ အသေအချာပါပဲ။

၅။ တပ်မတော် ကိုယ်စားလှယ် (သို့) တပ်မတော်က ထောက်ခံတဲ့သူသာ သမတဖြစ်လာမှာ ဆိုပေမယ့် အဲ့ဒီ နိုင်ငံတော် သမတဟာ ကာကွယ်ရေး ဦးစီးချုပ်ပေါ်မှာ သြဇာ သက်ရောက်မှု မရှိပါဘူး။ တပ်မတော်အပေါ်မှာ သြဇာ သက်ရောက်ခွင့် မရှိပါဘူး။ ပြောင်းပြန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကသာ နိုင်ငံတော်သမတ အပေါ်မှာ သြဇာသက်ရောက်မှု ရှိပါတယ်။

၆။ နိုင်ငံတော် သမတဟာ ဝန်ကြီးအဖွဲ့ကို ဖွဲ့ရာမှာ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနဲ့ နယ်စပ်ဒေသရေးရာ ဝန်ကြီး စတဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာ သုံးနေရာကို သူ့ဘာသာ ခန့်ခွင့် မရှိပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။ အလားတူပဲ ဒုတိယ ဝန်ြကီးများကို ခန့်အပ် တာဝန်ပေးရာမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးရာ ဒုတိယ ဝန်ကြီးများကို ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် သမတဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတယ်ဆိုတာ အထင်အရှားပါပဲ။

၇။ ဝန်ကြီး (သို့) ဒုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရသူဟာ နိုင်ငံဝန်ထမ်း တယောက်ဖြစ်ရင် သက်ဆိုင်ရာဌာနက အငြိမ်းစားယူရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီဝင်တယောက် ဖြစ်ရင်လည်း သက်ဆိုင်ရာ ပါတီကနေ ဝန်ကြီးသက်တမ်းတလျှောက် အနားယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် တပ်မတော်အရာရှိ ဝန်ကြီးများကတော့ စစ်ဘက်တာဝန်ကနေ အငြိမ်းစားယူစရာ မလိုပါဘူး။ ချွင်းချက် ပေးထားပါတယ်။

၈။ အလားတူပါပဲ၊ ပြည်နယ် (သို့) ဒေသဝန်ကြီးချုပ်ဟာ သူရဲ့ပြည်နယ် (သို့) ဒေသအစိုးရ အဖွဲ့မှာ လုံခြုံရေးနဲ့ နယ်စပ်ဒေသအရေး ဝန်ကြီးဌာနတွေကို ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော် အရာရှိများကိုသာ ခန့်အပ်ရမှာပါ။

၉။ အလားတူပါပဲ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံတွေမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က သက်ဆိုင်ရာ ဦးစီးအဖွဲ့ရဲ့ လေးပုံတပုံကို ခန့်အပ်မှာဖြစ်ပြီး ဒေသလုံခြုံရေးရာ အကြီးအကဲကိုလည်း ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ် တာဝန်ပေးမှာပါ။

၁ဝ။ ဒီလိုနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ နိုင်ငံတော် သမတထက် အာဏာပိုကြီးပြီး တိုင်းပြည်ရဲ့ ဗဟိုအဆင့်၊ ပြည်နယ်၊ ဒေသအဆင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းများ၊ ဇုံများအဆင့်အထိ အုပ်ချုပ်ရေးအာဏာကို လွှမ်းမိုး ဆုပ်ကိုင်ထားမှာပါ။

(စ) ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်၏ တရားစီရင်ရေး အာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်

၁။ နိုင်ငံတော်မှာ တရားစီရင်ရေးအာဏာဟာ အမြင့်မားဆုံး အာဏာသုံးရပ်ထဲက တခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော် တရားစီရင်ရေး အာဏာဟာ အဖိနှိပ်ခံ ပြည်သူများပေါ်သာ သက်ရောက်ပြီး တိုင်းပြည်ရဲ့ သီးခြားအခွင့်ထူးခံ လူတန်းစားဖြစ်တဲ့ တပ်မတော်အပေါ်မှာ သက်ရောက်ခြင်း မရှိပါဘူး။

၂။ ဒီဖွဲ့စည်းပုံအရ ကာကွယ်ရေး ဦးစီးချုပ်ဟာ တပ်မတော်ရေးရာ ကိစ္စအဝဝကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရှိပါတယ်။ အဲဒီ အရေးကိစ္စတွေမှာ တရားစီရင်ရေး ကိစ္စလည်း ပါပါတယ်။ တပ်မတော်သား တယောက်နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် စစ်ခုံရုံးကသာ ကိုင်တွယ်မှာ ဖြစ်ပြီး အရပ်ဖက် တရားရုံးများက စီရင်ခွင့် မရှိပါဘူး။ ဒီနည်းနဲ့ တပ်မတော်ဟာ ဥပဒေရဲ့ အထက်မှာ ရောက်ရှိနေပါတော့တယ်။

၃။ ဒီဖွဲ့စည်းပုံအရ နိုင်ငံတော်သမတက ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးများကို ခန့်အပ် တာဝန်ပေးရတာပါ။ နိုင်ငံတော် သမတဟာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးများကို ခန့်အပ်နိုင်သလို ဖြုတ်ချပိုင်ခွင့်လည်း ရှိပါတယ်။ တကယ်တော့ အုပ်ချုပ်မှု အာဏာနဲ့ တရားစီရင်ရေး အာဏာဟာ တန်းတူဖြစ်ပြီး တခုနဲ့တခု အပြန်အလှန် ထိန်းညှိပေးရမှာ၊ တရားစီရင်ရေးဟာ လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ရမှာက ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဒါပေမဲ့ ဒီ နအဖ ရဲ့ ဖွဲ့စည်းပုံ ဥပဒေမှာတော့ နိုင်ငံတော် သမတဟာ တရားသူကြီးများကို ခန့်အပ်ခွင့် ရှိသလို ဖြုတ်ချခွင့်လည်း ရှိတဲ့အတွက်ကြောင့် တရားစီရင်ရေး အာဏာဟာ အုပ်ချုပ်ရေး အာဏာရဲ့ လက်အောက်ခံ ဖြစ်နေပါပြီ။ တပ်မတော်ရဲ့ အရေးကိစ္စတွေကိုလည်း ကိုင်တွယ်ခွင့် မရှိတဲ့အပြင် သမတကိုယ်တိုင်က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာအောက်မှာ ရှိနေတဲ့အတွက် ကာကွယ်ရေး ဦးစီးချုပ်ဟာ တရားစီရင်ရေးမှာလည်း စိတ်တိုင်းကျ စွက်ဖက်ခွင့် ရနေပါတယ်။

(ဆ) တိုင်းရင်းသား လူမျိုးစုများအပေါ် ဖိနှိပ်ကန့်သတ်မှု

၁။ နိုင်ငံတော်ကို ဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုအဖြစ် ဖွဲ့စည်းထားတာကိုက တိုင်းရင်းသား လူမျိုးစုများ အားလုံး တန်းတူညီမျှရေးကို ငြင်းပယ်လိုက်တာပါ။

၂။ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသားများအတွက် ပြည်နယ် ၇ ခု (ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား၊ ချင်း)၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၁ ခု၊ (ဝ)နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုံ ၅ ခု (နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်) ခွဲခြား ပေးထားပါတယ်။

၃။ ဒီဖွဲ့စည်းပုံအရ ပြည်နယ်အားလုံးမှာ ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းထားရှိပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ လေးပုံတပုံက ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော် အရာရှိတွေ ဖြစ်မှာပါ။ တိုင်းရင်းသားများရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး မျှော်လင့်ချက်ဟာ ဒီမှာတင် ပျက်ပြယ်သွားပါပြီ။ ပြည်နယ်တွေရဲ့ အရေးကိစ္စကို တပ်မတော် အရာရှိများက ဝင်ရောက် ချယ်လှယ်နေကြမှာပါ။

၎။ ဒီဖွဲ့စည်းပုံမှာပဲ ပြည်နယ်ရဲ့ အကြီးအကဲဖြစ်တဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့် မရှိပါဘူး။ နိုင်ငံတော် သမတကသာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထဲမှ သူစိတ်တိုင်းကျသူ တယောက်ကို ခန့်အပ် တာဝန်ပေးမှာပါ။ တိုင်းရင်းသားတွေအဖို့ ကိုယ့်ခေါင်းဆောင်ကိုတောင် ရွေးချယ်ခွင့် မရဘဲ ပြည်မက ရွေးချယ် တာဝန်ပေးသူကိုသာ လက်ခံကြရမှာပါ။

၅။ ပြည်နယ် ဝန်ကြီးချုပ်ကလည်း ပြည်နယ် အစိုးရအဖွဲ့ကို သူ့စိတ်ကြိုက် ဖွဲ့စည်းခွင့် မရှိပါဘူး။ ပြည်နယ်ဝန်ကြီး ဖြစ်သင့်သူတွေကို ရွေးချယ်ပြီး နိုင်ငံတော် သမတထံ တင်ပြပြီး နိုင်ငံတော် သမတက သဘောတူညီမှ ခန့်အပ်ခွင့် ရှိတာပါ။ အဲဒီပြည်နယ် အစိုးရအဖွဲ့မှာလည်း လုံခြုံရေးနဲ့ နယ်စပ်ဒေသ အရေးကိစ္စတွေအတွက် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးအပ်တဲ့ တပ်မတော် အရာရှိတွေကိုပဲ ခန့်အပ်ရမှာပါ။

၆။ ပြည်နယ်တွေဟာ တရားသူကြီးတွေကိုလည်း ဒေသခံ တိုင်းရင်းသားများ ဆန္ဒနဲ့ ခန့်အပ်လို့ မရပြန်ပါဘူး။ နိုင်ငံတော် သမတကသာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တိုင်ပင်ပြီး ပြည်နယ် တရားသူကြီးများကို ခန့်အပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်များရဲ့ တရားစီရင်ရေး အာဏာဟာ ဗဟိုအစိုးရရဲ့ ကိုင်တွယ်မှု အောက်မှာပဲ ရှိပါတယ်။

၇။ အထက်မှာ ဖော်ပြခဲ့သလို ပြည်နယ်တွေမှာ လွှတ်တော်ရေးရာနဲ့ အုပ်ချုပ်ရေးရာတွေမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော် အရာရှိများက ဝင်ရောက် စွက်ဖက်နေမှာ ဖြစ်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ် တရားသူကြီးများကို နိုင်ငံတော် သမတက တိုက်ရိုက် ခန့်အပ်မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရေးများနဲ့ အဝေးကြီး ဖြစ်နေပါပြီ။

၈။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံများမှာတော့ လွှတ်တော်အစား ဦးစီးအဖွဲ့များ ဖွဲ့စည်းမှာ ဖြစ်ပြီး ဦးစီးအဖွဲ့များက အုပ်ချုပ်ရေးနဲ့ ဥပဒေပြု အာဏာကို ကိုင်တွယ်ကြမှာပါ။ ထုံးစံအတိုင်း ဦးစီးအဖွဲ့ဝင် လေးပုံတပုံဟာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော် အရာရှိများဖြစ်ပြီး လုံခြုံရေးနဲ့ နယ်စပ်ဒေသ ရေးရာများကို ကိုင်တွယ်ကြမှာပါ။ အဲဒီ ဦးစီးအဖွဲ့များရဲ့ ဥက္ကဋ္ဌများကိုလည်း နိုင်ငံတော် သမတက တိုက်ရိုက်ခန့်အပ် တာဝန်ပေးမှာပါ။

၉။ နောက်အရေးကြီးတဲ့ တချက်ကတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အခန်းကဏ္ဍပါ။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဟာ ဗဟိုအစိုးရရဲ့ လက်အောက်က ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်ပြီး ဗဟိုကနေ ပြည်နယ်၊ ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဇုံများ၊ မြို့နယ်များအထိ အဆင့်ဆင့် တည်ရှိမှာပါ။ ပြီးတော့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှာ ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ပြည်နယ်နဲ့ ဒေသ အကြီးအကဲဟာ ပြည်နယ်၊ ဒေသအစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်ပြီး သူ့ရဲ့အဖွဲ့က ပြည်နယ်၊ ဒေသအစိုးရရဲ့ ရုံးအဖွဲ့ ဖြစ်လာမှာပါ။ အလားတူပင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဇုံများက အထွေထွေ အုပ်ချုပ်ရေးဌာန အကြီးအကဲက အဲဒီ တိုင်းနဲ့ဇုံများ ဦးစီးအဖွဲ့များရဲ့ အတွင်းရေးမှူး ဖြစ်ပြီး သူ့ရုံးအဖွဲ့က ဦးစီးအဖွဲ့များရဲ့ ရုံးအဖွဲ့လည်း ဖြစ်ပါတယ်။

၁ဝ။ ဒီလိုနဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်များကို ငြင်းပယ်ထားပြီး ဗဟိုအစိုးရရဲ့ လက်အောက်ခံဘဝနဲ့ ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အရေးအရာအားလုံးမှာ ချုပ်ကိုင် ချယ်လှယ်တာကိုပဲ ခံကြရတော့မှာပါ။

(ဇ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

၁။ ဒီဖွဲ့စည်းပုံအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အဖွဲ့ဝင် ၁၁ ယောက်နဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီကောင်စီက နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခြင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသလို နိုင်ငံတော်မှာ အာဏာ အကြီးဆုံးဖြစ်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်ဖို့လည်း တာဝန်ရှိပါတယ်။

၂။ အဖွဲ့ဝင် ၁၁ ယောက်ကတော့

(၁) သမတ
(၂) ဒုသမတ-၁
(၃) ဒုသမတ-၂
(၄) ပြည်သူ့လွှတ်တော် အကြီးအကဲ
(၅) အမျိုးသား လွှတ်တော်အကြီးအကဲ
(၆) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
(၇) ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
(၈) ကာကွယ်ရေး ဝန်ကြီး
(၉) နိုင်ငံခြားရေး ဝန်ကြီး
(၁ဝ) ပြည်ထဲရေး ဝန်ကြီးနဲ့
(၁၁) နယ်စပ်ဒေသရေးရာ ဝန်ကြီးတို့ ဖြစ်ပါတယ်။

၃။ ဒီဖွဲ့စည်းမှုမှာ ကြည့်ရင် သမတဟာ တပ်မတော် ကိုယ်စားလှယ်များ ထောက်ခံမှ တက်လာမှာ ဖြစ်သလို၊ ဒု-သမတ တယောက်ဟာလည်း တပ်မတော် ကိုယ်စားလှယ်များက ရွေးချယ် တင်မြှောက်ထားသူပါ။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ဒေသ ဝန်ကြီးများဟာလည်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားသူတွေပါ။ နိုင်ငံခြားရေး ဝန်ကြီးဟာလည်း သမတက ခန့်အပ်ထားသူဆိုတော့ ဒီကောင်စီမှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အလိုဆန္ဒကို ထောက်ခံမယ့်သူက အနည်းဆုံး ၈ ယောက်ရှိပါတယ်။ ဒါကြောင့်မို့ ဒီကောင်စီဟာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အလိုဆန္ဒကို တံဆိပ်တုံးထု ထောက်ခံပေးရမယ့် အဖွဲ့သာ ဖြစ်ပါတယ်။

(ဈ) နောက်မှ ပြင်၍ မရနိုင်ပါ။

၁။ နအဖ စစ်အုပ်စုက ဒီဖွဲ့စည်းပုံကို အတည်ပြုပြီးရင် ပြန်လည်ပြင်ဆင်ဖို့ ခက်အောင် လုပ်ထားပါသေးတယ်။ ဒီလိုပါ ...

၂။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း) ကို တင်ရမှာပါ။ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် (၂ဝ ရာခိုင်နှုန်း) က ဥပဒေမူကြမ်း တရပ်အနေနဲ့ တင်ရမယ်လို့ ဆိုပါတယ်။

၃။ ဖွဲ့စည်းပုံရဲ့ အဓိက အခန်းတွေဖြစ်တဲ့ နိုင်ငံတော် အခြေခံမူဝါဒများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ၊ ဥပဒေပြု အာဏာဖွဲ့စည်းမှု၊ အုပ်ချုပ်မှု အာဏာဖွဲ့စည်းမှု၊ တရားစီရင်ရေး အာဏာဖွဲ့စည်းမှု၊ အရေးပေါ် အခြေအနေ စတဲ့ အခန်းတွေကို ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ လိုအပ်တဲ့အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ (၅ဝ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲလည်း လိုအပ်ပါတယ်။

အခြား အခန်းကဏ္ဍတွေကိုတော့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်များရဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲနဲ့ ပြင်နိုင်တယ်လို့ ဆိုပါတယ်။

၎။ လွှတ်တော် နှစ်ရပ်စလုံးမှာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော် အရာရှိများက (၂၅ ရာခိုင်နှုန်း) နေရာယူထားတာပါ။

သူတို့ မပါဘဲနဲ့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ မရနိုင်သလို၊ သူတို့ ပါဝင် ထောက်ခံဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ အတွက်ကြောင့် ဒီဖွဲ့စည်းပုံကို နောက်မှ ပြန်ပြင်ကြတာပေါ့လို့ စဉ်းစားနေရင် အကြီးအကျယ် မှားပါလိမ့်မယ်။

၅။ တကယ်လို့များ ရွေးချယ်ခံ ကိုယ်စားလှယ်များ အားလုံးကလည်း တစိတ်တည်း တဝမ်းတည်းနဲ့ (၇၅ ရာခိုင်နှုန်း) ထောက်ခံကြမယ်၊ တပ်မတော် ကိုယ်စားလှယ်တချို့က ရွေးချယ်ခံ ကိုယ်စားလှယ်များ ဘက်ပါပြီး ဖွဲ့စည်းပုံပြင်ဖို့ ထောက်ခံလို့ (၇၅ ရာခိုင်နှုန်း) ကျော် ထောက်ခံမဲ ရရင်တောင်မှ ကာကွယ်ရေး ဦးစီးချုပ်က ချက်ချင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး အာဏာသိမ်းမှာ အသေအချာပါပဲ။

(ည) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) ၏ စွက်ဖက်ချယ်လှယ်မှု

၁။ နအဖ စစ်အုပ်စုက ကြံ့ဖွံ့ကို လူထု အဖွဲ့အစည်းတရပ် အသွင်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမဲ့လည်း တဖြေးဖြေးနဲ့ ကြံ့ဖွံ့ဟာ နအဖ ရဲ့ လက်ရုံးတပ်တခု ဖြစ်လာပြီး တိုင်းသူပြည်သားများကို စောင့်ကြပ်ကြည့်ရှုရင်း နှိပ်စက် အနိုင်ကျင့်တဲ့ ယန္တယားတခု ဖြစ်လာပါတယ်။ ရပ်ကွက်ထဲ ဧည့်စာရင်းစစ်၊ ကင်းလှည့်တာကအစ ပါသလို ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စောင့်ကြည့် ထောက်လှမ်းရာမှာလည်း ပါပါတယ်။ အခုဆိုရင် ကြံ့ဖွံ့ဟာ နအဖ စစ်အာဏာရှင်များရဲ့ အားပေးမှုနဲ့ ဒီမိုကရေစီ လှုပ်ရှားသူများကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဖမ်းဆီး ထိမ်းသိမ်းခြင်းစတဲ့ ဥပဒေမဲ့ အပြုအမူများကို ရဲရဲတင်းတင်း ဆောင်ရွက်နေပါပြီ။ အဲဒီကြံ့ဖွံ့ အဖွဲ့က လာမယ့် လူထုဆန္ဒခံယူပွဲကို ကြီးကြပ် အကောင်အထည်ဖော်မှာ ဖြစ်ပြီး နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရ ရတဲ့နည်းနဲ့ အတည်ပြုမှာပါ။

၂။ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသဖြင့် အတည်ပြုပြီးရင် ဒီကြံ့ဖွံ့ဟာ နိုင်ငံရေးပါတီ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရွေးကောက်ပွဲ အသစ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ဒီနည်းနဲ့ နောက် ဖြစ်ပေါ်လာမယ့် လွှတ်တော် အသစ်တွေမှာ တပ်မတော် ကိုယ်စားလှယ် (၂၅ ရာခိုင်နှုန်း) အပြင် တပ်မတော်ရဲ့ သြဇာခံ အဖွဲ့အစည်းဖြစ်တဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်တွေကလည်း ရာခိုင်နှုန်း တစုံတရာ နေရာ ယူထားကြမှာပါ။ ဒီတော့ ဒီ နအဖ ရဲ့ မတရားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နောက်မှ ပြန်လည် ပြင်ဆင်ကြဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဘောင်ထဲကနေ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစုများ တန်းတူညီမျှရေးတွေကို တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်ကြဖို့ ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။

၃။ ရှေ့မှာ တင်ပြခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးသွားရင် စစ်တပ်ဟာ သီးခြားအခွင့်ထူးခံ လူတန်းစားတရပ် အဖြစ် တရားဝင် ပေါ်ပေါက်လာမှာ ဖြစ်ပြီး မြန်မာပြည်သူများကတော့ ဒုတိယတန်းစား နိုင်ငံသားများသာ ဖြစ်လာမယ်လို့ တင်ပြခဲ့ပါတယ်။ အမှန်တကယ်တော့ ဒီထက်ဆိုးပါတယ်။ စစ်တပ်က ထိပ်ဆုံးကနေ၊ ဥပဒေရဲ့ အထက်ကနေ သီးခြားအခွင့်ထူးခံ လူတန်းစားတရပ် ဖြစ်တည်နေသလို ကြံ့ဖွံ့နဲ့ လက်နက်ချ တိုင်းရင်းသား အဖွဲ့အစည်း တချို့ဟာလည်း စစ်တပ်ရဲ့ မျက်နှာသာပေးမှု၊ အားပေးထောက်ခံမှုနဲ့ လူထုတရပ်လုံးရဲ့ အထက်မှာ၊ ဥပဒေရဲ့ အထက်မှာ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သားများဟာ ဒုတိယတန်းတောင် မဟုတ်၊ တတိယတန်းစား နိုင်ငံသားများအဆင့်နဲ့ စစ်တပ်နဲ့ ကြံ့ဖွံ့ရဲ့ မတရားအနိုင်ကျင့်မှုတွေကို သားစဉ်မြေးဆက် ခံကြရတော့မှာပါ။

(ဋ) ဒီမိုကရေစီအင်အားစုများ ရွေးကောက်ပွဲ ဝင်ခွင့် မရနိုင်ပါ

၁။ တချို့ကလည်း မျှော်လင့်ကြပါတယ်။ ဒီမိုကရေစီ အင်အားစုများ တက်ညီလက်ညီနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ရင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစု ရနိုင်တယ်။ ပြီးတော့ လွှတ်တော်ကနေ တိုင်းပြည်ကို ကြိုးစား ကယ်တင်သင့်တယ်လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ယနေ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင် ကန့်သတ်ထားပါတယ်။

၂။ ဒီဖွဲ့စည်းပုံအရ ပြစ်မှုတခုခုနဲ့ အကျဉ်းကျဖူးသူ၊ တရားရုံးတခုခုက ပြစ်ဒဏ် ချမှတ်ခြင်း ခံရသူတွေဟာ ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ဒီကနေ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အဖွဲ့ဝင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အားလုံးနီးပါးဟာ အကျဉ်းထောင်ထဲ အကြိမ်ကြိမ် ရောက်ခဲ့ကြ၊ ရောက်နေကြတဲ့သူတွေပါ။ သူတို့တွေအတွက် ရွေးကောက်ပွဲ ဝင်နိုင်ခွင့် လုံးဝမရှိပါဘူး။

၃။ တာဝန်ရှိ အဖွဲ့အစည်းတခုခုက ရွေးကောက်ပွဲဝင်ရန် မသင့်လို့ ဆုံးဖြတ်ထားတဲ့ ပုဂ္ဂိုလ်တဦးဟာလည်း ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ၁၉၈၉ မှာ ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်မရှိလို့ ဆုံးဖြတ်ထားတဲ့အတွက် အဲဒီ ဆုံးဖြတ်ချက်ဟာ ဆက်လက် အတည်ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ခွင့်မရနိုင်ပါ။

၎။ ပြည်ပအစိုးရ တခုခုကို သြဇာခံသူတွေဟာလည်း ရွေးကောက်ပွဲ ဝင်ခွင့်မရလို့ ကန့်သတ်ထားပါတယ်။ ဒီတော့ နအဖ အစိုးရက ဒီနေ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အားလုံးကို ပြည်ပ သြဇာခံများလို့ အကြိမ်ကြိမ် စွပ်စွဲထားတာကို သတိရဖို့ပါပဲ။

၅။ ဒီဖွဲ့စည်းပုံမှာ နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ ဒီဖွဲ့စည်းပုံအရ နိုင်ငံရေးပါတီများ အားလုံးဟာ စည်းကမ်းကျတဲ့ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲ ဥပဒေများကို လိုက်နာရမယ်လို့ ဆိုပါတယ်။ နအဖ စစ်အုပ်စုရဲ့ စည်းကမ်းကျတဲ့ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ ဆိုတာကိုက အမှန်တကယ်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားတဲ့ စနစ်မို့လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီများ အနေနဲ့ လက်ခံနိုင်ဖို့ အတော်ခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဓိက အနှစ်သာရကလည်း နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အပ်နှံထးတာဖြစ်လို့ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီများအတွက် ဒီဖွဲ့စည်းပုံကို လိုက်နာဖို့ဆိုတာ အတော် ခက်ပါလိမ့်မယ်။

၆။ လက်ရှိ တည်ရှိဆဲပါတီများ အတွက်လည်း ကန့်သတ်ချက်တွေ ရှိပါသေးတယ်။ တကယ်လို့ နိုင်ငံရေး ပါတီတခုဟာ မတရားသင်း အဖွဲ့အစည်း တခုအဖြစ် ကြေညာခံရမယ် ဆိုရင်၊ သူပုန် အဖွဲ့အစည်းများကို ဆက်သွယ်တယ်၊ ထောက်ခံ အားပေးတယ်လို့ တွေ့ရှိရင်၊ နိုင်ငံရေး ပါတီတခုဟာ ပြည်ပနိုင်ငံတခုရဲ့ အစိုးရဆီက ဖြစ်စေ၊ အဖွဲ့အစည်း တခုဆီက ဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးဆီက ဖြစ်စေ၊ ငွေကြေးနဲ့ အခြား ထောက်ပံ့မှုများ ရယူရင် အဲဒီပါတီကို တရားဝင် တည်ရှိခွင့်မှ ရပ်စဲပစ်မယ်လို့ ဆိုပါတယ်။ ဒီတော့ နအဖ စစ်အုပ်စုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်ပအဖွဲ့များနဲ့ ဆက်သွယ်တယ်၊ နိုင်ငံခြားငွေကြေး အထောက်အပံ့တွေ ရယူတယ်၊ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပတ်သက်တယ် စသဖြင့် အကြိမ်ဖန်များစွာ စွပ်စွဲထားတာပါ။ ဒါကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးရင် နအဖ က အဖွဲ့ချုပ်ကို တရားဝင် တည်ရှိခွင့် ရုပ်သိမ်းလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ကျနော်တို့ ဘာကို ရွေးချယ်မလဲ

ကျနော်တို့ ပြည်သူများအတွက် ရွေးချယ်စရာ နှစ်ခုတော့ ရှိပါတယ်။ နအဖ ရဲ့ ဖွဲ့စည်းပုံကို ထောက်ခံပြီး ဘဝအဆက်ဆက်၊ သားစဉ်မျိုးဆက် စစ်တပ်ကျွန် အဖြစ်ခံမလား၊ နအဖ ရဲ့ ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသား ကန့်ကွက် ပယ်ချပြီး နအဖ ကို ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုမလား။ နအဖ ကတော့ ကျနော်တို့ကို စိမ်ခေါ်လိုက်ပါပြီ။

ကျနော်တို့ ရွေးချယ်ရမှာလည်း တခုပဲ ရှိသင့်ပါတယ်။ တသက်လုံး ကျနော်တို့ရဲ့ သားစဉ်မြေးဆက်များကို စစ်တပ်ကျွန် ဖြစ်ရမယ့် ဘဝကို မရွေးချယ်နိုင်ပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်ရတဲ့၊ တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးတွေကို ငြင်းပယ်ထားတဲ့၊ စစ်တပ်ကို သီးခြားအခွင့်ထူးခံ လူတန်းစား (သို့) အုပ်ချုပ်သူ လူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် သတ်မှတ်လိုက်တဲ့၊ ဒီ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ အားလုံး တိုင်းရင်းသား ညီအကို မောင်နှမများအားလုံး ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့။

လေးစားစွာ
အောင်ဒင်
အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂ဝဝ၈ ခုနှစ် (ပြည်ထောင်စုနေ့)

No comments: