Friday, February 29, 2008

စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းကို အင်ဒိုနီးရှား ဝေဖန်

၂၀၀၈ ဖေဖော်ဝါရီ ၂၂
ခေတ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအတိုက်အခံခေါင်းဆောင်မျာကို ပိတ်ပင်ထားပြီး စစ်အုပ်ချုပ်ရေးကို အရေခြုံထားသည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံက ပထမဆုံး ဝေဖန်လိုက်သည်။

အတိုက်အခံများ အကျိုးနှင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့များ ဆုံရှုံးနစ်နာမှု မရှိစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပမည့် မေလ မတိုင်မီ ကာလအတွင်း ပြန်လည် သုံးသပ်ကြည့်သင့်သည်ဟု အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ီရာယုဒက ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ် ထားသူဖြစ်သောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်အရွေးခံခွင့်မှ တားမြစ်လိုက်သည်ဟု နအဖမှ လူသိရှင်ကြား ကြေညာပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်လိုက်ခြင်းဖြစ်သည်။

“အခုအချိန်ကနေ မေလ မတိုင်မီ အတောအတွင်းမှာ အဲဒီအဖွဲ့အစည်းတွေပါ ပါဝင်ဆွေးနွေး တိုင်ပင်နိုင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ ပိုပြီး ပြည့်စုံသွားမယ်လို့ ကျနော်တို့ မျှော်လင့်မိတယ်။ တခြားအဖွဲ့တွေရဲ့ အကျိုးကိုလည်း ထည့်သွင်း စဉ်းစားတယ်ဆိုတဲ့ သဘောလည်း ရောက်သွားမယ်” ဟု မစ္စတာဟာဆန်က Financial Times သတင်းစာကို ပြောကြားသည်။

အရှေ့တောင်အာရှ နိုင်ငံများအတွင်း အင်ဒိုနီးရှားနိုင်ငံတခုကသာလျှင် စစ်အစိုးရ၏ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြားအတိုက်အခံများဘက်မှကြည့်ပြီး ဝေဖန်မှု ပြုလုပ်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကတော့ စစ်အစိုးရ၏ ကြေညာချက်ကို ထောက်ခံခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် စစ်အစိုးရ၏ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲနှင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ရပ်အား ထောက်ခံသကဲ့သို့ သက်ဆိုင်ရာ ပါတီများအကြား ဆွေးနွေး ပြောဆို မှုများကိုလည်း ထောက်ခံကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လီဒန်းက ဖေဖော်ဝါရီ (၂၁) တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော့ပဒွန်ပက်တမားက ထိုင်းနိုင်ငံအနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ပေါ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည်ဆိုသည့် စစ်အစိုးရ၏ အစီအစဉ် အကောင်အထည် ပေါ်ပေါက်လာနိုင်ပြီး ယုံကြည်အားထားဖွယ် ဖြစ်လာရန် မျှော်လင့်သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုသည် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်ခွင့် မရရန် စစ်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိကြချေ။

ဖိလစ်ပိုင်နိုင်ငံသမ္မတ အာရိုယိုသည် စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြန်မလွှတ်ပေးပါက သူမ၏ လွှတ်တော်အနေနှင့် အာဆီယံပဋိညာဉ်စာတမ်းကို အတည်ပြု လက်မှတ်ရေးထိုးမည် မဟုတ်ဟု ပြောကြားခဲ့သည်။ ။

No comments: