မောင်လူအေး
၂၀၀၈ ဖေဖော်ဝါရီ ၁၁
မဇ္ဈိမ
မြန်မာနိုင်ငံတော်တွင် ၁၉၈၈ ခုနှစ်၌ လူထူအုံကြွမှု ဖြစ်ပေါ်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်းယူပြီး န၀တခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုနောက် ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ကြွေးကြော်ကာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ပါသည်။ ထိုအချိန်က န၀တ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီအား အာဏာ လွှဲပြောင်းပေးမည်။ တပ်မတော်သည် သမိုင်းတရားခံ မဖြစ်ချင်ဘူး၊ ရွေးကောက်ပွဲပြီးလျှင် တပ်စခန်း (Barrack)သို့ ပြန်မည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးမှာ တပ်မတော်၏ တာဝန် မဟုတ်ပါ” ဟုပြောဆိုခဲ့သည်ကို ပြည်သူအများ သတိပြုမိ နေလိမ့်မည်ဟု ယူဆပါသည်။
သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၈၄% ကျော် မဲဖြင့် အနိုင်ရရှိခဲ့သော်လည်း ကတိအတိုင်း အာဏာ လွဲပြောင်းပေးခြင်း မပြုဘဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကတိက၀တ်ကို ဖောက်ဖျက်ကာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် တပ်မတော်မှ အနားယူခိုင်းခဲ့ပါသည်။ နိုင်ငံတော်ကို ဗိုလ်ချုပ်ကြီး သန်းရွှေ (ထိုစဉ်က)မှ ရယူ ချုပ်ကိုင်ခဲ့ပါသည်။ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အသိအမှတ် မပြုခဲ့ပါ။
၁၉၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိ၍ လက်မခံ ငြင်းပယ်ခြင်း ဖြစ်သည်ဟု အကြောင်းပြ ခဲ့ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိသည်ကို သိလျက်နှင့် မည်သို့သော ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပါသနည်း၊ ထိုရွေးကောက်ပွဲမှ ရွေးချယ် တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်တရပ် ရေးဆွဲဖို့ တောင်းဆိုချက်ကို လက်မခံနိုင်ဘဲ မိမိကိုယ်တိုင် မူချမှတ် ရေးဆွဲသည့် အခြေခံ ဥပဒေကိုမှ ဘာကြောင့် လိုချင်နေပါသနည်း ဆိုသော မေးခွန်းများ မေးစရာ ဖြစ်လာနေပါသည်။
မိမိ ချမှတ်ထားသော မူအတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကို ခေါ်ယူကျင်းပကာ အမျိုးသား ညီလာခံမှ ချမှတ်ပေးသော မူများ ဖြစ်သယောင် ပြည်သူလူထုကို ပုံမှားရိုက်ခဲ့ပါသည်။ ထင်ယောင်ထင်မှားလည်း ဖြစ်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံမှ နိုင်ငံတော်၏ ဦးတည်ချက် ၆ ချက်ကိုပါ မေတ္တာရှိ ချမှတ်ပေးခဲ့ပြန်ပါသည်။ ယင်းတို့မှာ
(၁) ပြည်ထောင်စုမပြိုကွဲရေး
(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(၄) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး
(၅) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေး
(၆) နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး တို့ ဖြစ်ပါသည်။
၁။ စစ်မှန်သော ပါတီစုံစနစ် ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်း
နိုင်ငံရေး ဦးတည်ချက် အမှတ်စဉ် (၄) တွင် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးဟု ဆိုထားသော်လည်း လက်တွေ့မူများတွင် ပါတီစုံစနစ် ပေါ်လွင်မှုမရှိဘဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ် အောင် သွယ်ဝိုက်သောနည်းဖြင့် အကောင်အထည်ဖော်ထားခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်တွေ့ရှိရပါသည်။
နိုင်ငံတော် အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်သည့် သမတကို ဒုတိယသမတ ရွေးချယ်ရေးအဖွဲ့ (၃)ဖွဲ့မှ ရွေးပေးရမည် ဖြစ်ပြီး ထိုအဖွဲ့ ၃ ဖွဲ့မှ ရွေးချယ်ပေးလိုက်သော ဒုတိယသမတ (၃)ဦးအနက်မှ တဦးဦးကို ပြည်ထောင်စု လွှတ်တော် (အထက်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ခုပေါင်း)မှ သမတအဖြစ် ရွေးချယ် တင်မြှောက်ရမည် ဖြစ်ပါသည်။ အဆိုပါ ဒုတိယသမတ ရွေးချယ်ရေး အစုအဖွဲ့များမှာ
၁။ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်)
၂။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်)
၃။ ကာကွယ်ရေး ဦးစီးချုပ်မှ ရွေးချယ်ပေးလိုက်သော တပ်မတော် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ဖြစ်ပါသည်။
ဤသို့ ရွေးချယ် တင်မြှောက်လိုက်သော သမတသည် နိုင်ငံတော် အကြီးအကဲ လည်းကောင်း၊ အစိုးရအဖွဲ့ အကြီးအကဲအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့် ပါတီက အစိုးရဖြစ်ပြီး မည်သည့်ပါတီက အတိုက်အခံ ဖြစ်သည်ဟု မပေါ်လွင်နိုင်တော့ပါ။ ဤကဲသို့ ပါတီစုံ ဒီမိုကရေစီ စနစ်၏ အနှစ်သာရဖြစ်သော အတိုက်အခံပါတီ မရှိခြင်းမှာ ပါတီစုံ ဒီမိုကရေစီစနစ် မဟုတ်ကြောင်း ထင်ရှားစေပါသည်။ ထို့အပြင် ဗဟိုအဆင့်တွင် မရှိသော်လည်း ပြည်နယ်/တိုင်း လွှတ်တော်များတွင် ပြည်နယ်/တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးများသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်း လွှတ်တော်၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်ဟု မူချမှတ်ထားသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။ ပါတီစုံစနစ်တွင် အမှန်တကယ် ကျင့်သုံးလျှက် ရှိသည်မှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီ (ကိုယ်စားလှယ် ထက်ဝက်ကျော် အနိုင်ရသည့်ပါတီ) က အစိုးရဖွဲ့ပြီး ဒုတိယ အများဆုံး အနိုင်ရရှိသည့် ပါတီက အတိုက်အခံပါတီ အဖြစ် ဆောင်ရွက်ကာ အစိုးရက မိမိ ကြိုက်သက်နှစ်သည့် ပုဂ္ဂိုလ်ကို လွှတ်တော်အတွင်းဝန် (အတွင်းရေးမှူး)အဖြစ် ခန့်အပ်လေ့ ရှိပါသည်။
သို့ရာတွင် ယခုချမှတ်ထားသော အခြေခံရမည့်မူတွင် တပါတီ အာရှင်စနစ်တွင် ကျင့်သုံးလေ့ရှိသည့် လွှတ်တော် အတွင်းရေးမှူးကို ပုံသေ သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြင့် ပါတီစုံ စနစ်၏ အနှစ်သာရနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။
၂။ စစ်မှန်သော ဒီမိုကရေစီ (သို့) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟုတ်မဟုတ် ဆန်းစစ်ခြင်း
လက်ရှိ စစ်အစိုးရသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေပါသည်ဟု နိုင်ငံတကာသို့ ထုတ်ဖော် ရှင်းပြနေပါသည်။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့်မူများ ချမှတ်ရာတွင်
(၁) လွှတ်တော် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅% ပါဝင်ရမည်ဟူ၍ လည်းကောင်း။
(၂) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် လွှတ်တော်ကိုယ်စားလှယ် သုံပုံတပုံ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည် ဟူ၍လည်းကောင်း။
(၃) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် မဲပေးပိုင်ခွင့် မရှိသူ၊ ပုဂ္ဂိုလ်တဦးဦးက အဆုံးအဖြတ်မဲ ပေးစေခြင်းဖြင့် အတည်ပြုခဲ့သော အချက်များကို နောက်နောင်မှ တွေ့ရှိရပါက သက်ဆိုင်ရာ လွှတ်တော်၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ ဟူ၍လည်းကောင်း မူချမှတ်ထားသည်ကို တွေ့ရှိရပါသည်။
တဖန် ယခုကျင့်သုံးမည့် ဒီမိုကရေစီသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဟု ဆိုထားပြန်ပါသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ကမ္ဘာတွင် မည်သည့်နိုင်ငံကမျှ မကျင့်သုံးသေးသည့် စနစ် ဖြစ်ပါသည်။ ဘယ်ဟာကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်သည်ဟု မည်သူကမျှ အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကို မတွေ့ရှိရသေးပါ။ ကျနော့် အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ပြိုလဲကျဆုံးခဲ့ပြီး ဖြစ်သော အင်ဒိုနီးရှားက ကျင့်သုံးခဲ့သည့် စစ်တပ်အာဏာရှင် (စစ်ဗျူရိုကရက်) စနစ် ဖြစ်သော လမ်းညွှန်ဒီမိုကရေစီ (Guided Democracy)ကို ရည်ညွှန်းဟန် ရှိသည်ဟု ယူဆရပါသည်။)
၃။ နိုင်ငံတော်အစိုးရ ဖွဲ့စည်းပုံကို လေ့လာခြင်း
အထက်တွင် ဖော်ပြပြီးသည့် အတိုင်း နိုင်ငံတော်အစိုးရ အကြီးအကဲသည် နိုင်ငံတော် သမတ ဖြစ်ပါသည်။ သို့ရာတွင် သမတသည် မိမိအစိုးရ အဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး တို့ကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ၀န်ကြီးအဖြစ် ခန့်အပ်ရမည် ဖြစ်ပါသည်။ မည်သည့် လွှတ်တော်၏ သဘောတူညီမှုကိုမျှ ရယူရန်လည်း မလိုပါ။ ထို့အပြင် အထက်ပါ ၀န်ကြီး (၃)ဦးသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်ပါလျှက် ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦး (ဦးစီးချုပ်နှင့် ဒုဦးစီးချုပ်)၏ လက်အောက်ခံ ဖြစ်နေပါသည်။ နိုင်ငံအများက ကျင့်သုံးနေသကဲ့သို့ ကာကွယ်ရေး ၀န်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်၏ အထက်တွင် ရှိသင့်ပါသည်။ ဤသို့ စစ်တပ်သည် နိုင်ငံတော်အစိုးရ အထက်တွင် ရှိနေခြင်းမှာ သဘာဝမကျဟု ဆိုချင်ပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီမှု မရှိပါ။ တဖန် ကာကွယ်ရေး ဦးစီးချုပ်သည် ဒုတိယ သမတများနှင့် အဆင့်အတန်း တူညီသည်ဟု ဆိုထားပြန်ရာ ကာကွယ်ရေး ဦးစီးချုပ်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများထက် အဆင့်အတန်း ပိုမို မြင့်မားနေကြောင်း ပေါ်လွင် ထင်ရှားစေပါသည်။
၎။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ပတ်သက်၍ လေ့လာ သုံးသပ်ချက်
အမျိုးသား ညီလာခံမှ ချမှတ်ထားသော အခြေခံရမူ (၁၀၄)ချက်အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတရပ် ထားရှိရမည် ဖြစ်ပါသည်။ ဤကောင်စီ (National Defence and Security Council) ကို အောက်ပါအတိုင်း ဖွဲ့စည်းရန် မူချမှတ်ထားပြန်ပါသည်။
၁။ နိုင်ငံတော်သမတ
၂။ နိုင်ငံတော် ဒုတိယသမတ (၁)
၃။ နိုင်ငံတော် ဒုတိယသမတ (၂)
၎။ ပြည်သူ့လွှတ်တော် ဥက္ကဌ
၅။ အမျိုးသားလွှတ်တော် ဥက္ကဌ
၆။ ကာကွယ်ရေး ဦးစီးချုပ်
၇။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်
၈။ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
၉။ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
၁၀။ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး
၁၁။ နိုင်ငံခြားရေးရာ ၀န်ကြီးဌာန ၀န်ကြီး
တို့ဖြင့် ဖွဲ့စည်းရန် မူချမှတ်ထားပါသည်။ ဤအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို လေ့လာ ကြည့်သည့်အခါ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပိုမို များပြားနေသည်ကို တွေ့ရပါသည်။
၁။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သော သမတ အဖွဲ့ဝင်တဦး
၂။ ကာကွယ်ရေး ဦးစီးချုပ်
၃။ ဒုတိယကာကွယ်ရေး ဦးစီးချုပ်
၎။ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
၅။ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
၆။ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး
စုစုပေါင်း ၆ ဦး ဖြစ်နေပါသည်။ ထို့အပြင် ဤအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty of Pardon) ပေးသင့် မပေးသင့်၊ နိုင်ငံတော် သမတကို အကြံပေးပိုင်ခွင့်နှင့် ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားရေးတွင်ပါ နိုင်ငံတော်သမတအား အကြံပြုပိုင်ခွင့် အာဏာပေးထားသည်ကို လေ့လာ တွေ့ရှိရပါသည်။
ဤကဲ့သို့ မည်သည့်လွှတ်တော်၏ သဘောတူညီချက်ကိုမှ ရယူရန်မလိုဘဲ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အကြံပြုချက်ဖြင့်သာ နိုင်ငံတော်သမက ကာကွယ်ရေး ဦးစီချုပ်ကို ခန့်ထားရခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ကို ကြည့်မည်ဆိုလျှင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်နေပြီး နိုင်ငံတော် အစိုးရထက် အဆင့်မြင့်နေကြောင်း တွေ့ရပါသည်။
အမှန်တကယ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်မပေးသင့်၊ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ခြင်း တို့တွင် နိုင်ငံတော် သမတသည် မိမိအစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ လုပ်ဆောင်သင့်ပါသည်။ သို့ဖြစ်ရာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် ယခင် မဆလ လက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ နိုင်ငံတော် ကောင်စီနှင့် သဏ္ဍာန်တူနေပြီး အစိုးရအဖွဲ့အား Policy ချမှတ်ပေးသည့် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်နေပါသည်။
ထို့အပြင် ထိုကောင်စီသည် လွှတ်တော်၏ ထိန်းချုပ်မှုနှင့်လည်း ကင်းလွတ်ကာ သီးခြားရပ်တည် နေသော အဖွဲ့အစည်းမျိုး ဖြစ်နေပါသည်။ ဒီမိုကရေစီ နိုင်ငံများတွင် ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သော ပြည်သူ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကသာလျှင် အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ပါသည်။ နိုင်ငံတော်တွင် ရှိသည့် အဖွဲ့အစည်း မှန်သမျှ လွှတ်တော်၏ လက်အောက်ခံသာ ဖြစ်သင့်ပါသည်။ လွှတ်တော်များအား ရေးရာ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းနိုင်ခွင့်ကိုလည်း ပေးအပ်ထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် ဤကောင်စီသည် သမတ၏ အစိုးရအဖွဲ့ကို လည်းကောင်း၊ လွှတ်တော်ကို လည်းကောင်း၊ အကြံပေးရန် မဟုတ်ဘဲ လမ်းညွှန်မှု ပေးရန်သာ ရှိသည်ဟု ယူဆပါသည်။ သို့မှသာလျှင် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည် ဆိုသော အချက်နှင့် ကိုက်ညီမည် ဖြစ်ပါသည်။ မဆလခေတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျင့်သုံးခဲ့သည် နိုင်ငံတော် ကောင်စီ နှင့် ခပ်ဆင်ဆင် တူနေသည်ဟု ယူဆပါသည်။ ယင်းတွင် နိုင်ငံရေး ဦးဆောင်မှုဆိုရာ၌ တပါတီ အာဏာရှင်စနစ်ကိုသာ ကျင့်သုံးခဲ့ခြင်း ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ခြင်း မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံရေး အနေအထားအရ ကြည့်မည်ဆိုလျှင် ဤကောင်စီသည် တရုတ်မှ နိုင်ငံရေး ဦးဆောင်အဖွဲ့ (Polibureau)နှင့် တူနေသည်ကို တွေ့ရပြန်ပါသည်။ အုပ်ချုပ်ရေးဘက်မှ ကြည့်မည်ဆိုလျှင် အမြဲတမ်း ကော်မတီ (Standing Committee) နှင့်လည်း တူနေသည်။ ထိုအမြဲတမ်း ကော်မတီသည် အမျိုးသား ကွန်ဂရက် အစည်းအဝေး မရှိချိန်တွင် ထိုကွန်ဂရက်၏ တာဝန်ကိုပါ ရယူရပါသည်။ ယခု မြန်မာနိုင်ငံ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည်လည်း ထို့နည်းလည်းကောင်း ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။
၅။ ပြည်ထောင်စု ဟုတ်မဟုတ် လေ့လာသုံးသပ်ခြင်း
ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ဖွဲ့စည်းပုံကို ကြည့်လျှင် ပြည်ထောင်စု ပုံသဏ္ဍန် မဟုတ်ကြောင်း သိသာ နေပါသည်။ ပြည်နယ်/တိုင်း ၀န်ကြီးချုပ် (Chief Ministers) များကို နိုင်ငံတော် သမတက အမည်စာရင်း တင်သွင်း (Nominate) ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ သဘောတူညီချက်ကို ရယူကာ နိုင်ငံတော်သမက ခန့်အပ်ပေးရန် မူချမှတ်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။ ထို့အပြင် သမက အမည်စာရင်း တင်သွင်း ထားသော ပြည်နယ်/တိုင်း ၀န်ကြီးချုပ်လောင်းများကို အရည်အချင်း မပြည့်မီကြောင်း ခိုင်လုံသော အထောက်အထား မပြနိုင်ပါက အခြားနည်းဖြင့် ငြင်းပယ်ခွင့် မရှိကြောင်း အခြေခံ မူအဖြစ် ထပ်မံ ချမှတ်ထားပါသည်။ ထို့အပြင် ပြည်နယ်/တိုင်း ၀န်ကြီး ဌာနများကို တည်ထောင်ခွင့်နှင့် ၀န်ကြီးများ ခန့်အပ်ပိုင်ခွင့်ကိုလည်း သမတကိုပင် အာဏာ အပ်နှင်းထားပါသည်။ ဆိုလိုသည်မှာ ၀န်ကြီးဌာနများကို တိုးချဲ့ခြင်း၊ လျှော့ချခြင်း၊ ဖျက်သိမ်းခြင်းများနှင့် ၀န်ကြီးများကို ခန့်အပ်ခြင်း၊ ၀န်ကြီးအဖြစ်မှ ရပ်စဲခြင်း စသည့် အခွင့်အာဏာများကို သမတအား အပ်နှင်းထားခြင်း ဖြစ်ပါသည်။
အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့ကို သမက တိုက်ရိုက် ချုပ်ကိုင်ထားပြီး ပြည်နယ်/တိုင်း လွှတ်တော်များက သဘောထား ပေးရုံသက်သက်သာ အခွင့်အရေး ရှိသည်ကို တွေ့ရပါသည်။ သမတသည် တနိုင်ငံလုံးရှိ ၀န်ကြီးအားလုံး (ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်း ၀န်ကြီးများ) ကို ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ဤကဲ့သို့ သမတက ၀န်ကြီးအားလုံးကို ချုပ်ကိုင်ထားနိုင်သည့် စနစ်သည် မည်သို့မှ ပြည်ထောင်စုစနစ် မဟုတ်နိုင်တော့ပါ။ တပြည်ထောင် စနစ်သာ ဖြစ်ပါသည်။
ပြည်နယ်/တိုင်း ဥပဒေပြု လွှတ်တော် ရှိယုံမျှဖြင့် ပြည်ထောင်စုဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ သက်ဆိုင်ရာ လွှတ်တော် အသီးသီးသည် မိမိနှင့် သက်ဆိုင်သော အစိုးရအဖွဲ့ကို တိုက်ရိုက် စီမံခန့်ခွဲနိုင်ခွင့် ရှိရပါမည်။ ယခု ရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်နယ်/တိုင်း အစိုးရကို ဗဟိုမှ တိုက်ရိုက်ချုပ်ကိုင် ထားသည့် တပြည်ထောင်စနစ်ကို ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင် မလိမ့်တပတ်လုပ်၍ ပုံမှား ရိုက်ထားခြင်းသာ ဖြစ်ပါသည်။
အထက်ပါ အချက်များသည် လွတ်လပ်ကြိုးပမ်း ကာလကတည်းက သဘောတူညီထားသော ပင်လုံစိတ်ဓာတ်၊ ပင်လုံ ကတိက၀တ်ကို လျစ်လျူရှု ဖောက်ဖျက်ရာလည်း ရောက်နေပါသည်။ သို့ဖြစ်ရာ (Road Map) လမ်းပြ မြေပုံကြီးကို တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် လက်ခံရန် ခဲယဉ်းစေမည် ဖြစ်ပါသည်။ ထို့ကြောင့် ထိုမဟာ လမ်းပြမြေပုံကြီးသည် ယခု မျက်မှောက် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ထို့အပြင် စစ်အစိုးရသည် စစ်မှန်သော ပြည်ထောင်စု (Federal) မူကို ခွဲထွက်ရေးမူအဖြစ် သရုပ်ဖျက်ကာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုလည်း ငြင်းပယ်လျက် ရှိပြီး အလွန်နေချင့်စဖွယ် နိုင်ငံကို မည်သူမျှ မနေချင်တော့လောက်အောင် အကျဉ်းတန်သော နိုင်ငံ ဖြစ်သွားအောင် ဖန်တီးနေခြင်းမှာ အလွန် ၀မ်းနည်းဖွယ်ရာ ကောင်းလှပါသည်။
၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘာကြောင့် အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့ရသလဲ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ၄ နှစ်တိုင်တိုင် ကျင်းပခဲ့သော အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ သို့ရာတွင် ၁၉၉၆ ခုနှစ်တွင် အမျိုးသား ညီလာခံမှ ထွက်ခွာခဲ့ပြီး အမျိုးသား ညီလာခံလည်း ရပ်ဆိုင်းသွားခဲ့ပါသည်။ ဤသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံမှ နှုတ်ထွက်ခဲ့ ရခြင်းမှာ အောက်ပါ အချက်များကြောင့် ဖြစ်သည်ဟု ဆိုသည်။
၁။ ပါတီစုံစနစ်နှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရှိရခြင်း၊
၂။ ဒီမိုကရေစီစနစ်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခြင်း (တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ၂၅% ပါဝင်နေခြင်း၊ လွှတ်တော် ကိုယ်စားလှယ် သုံးပုံတပုံ အစည်းအဝေး တက်လျှင် အစည်းအဝေး အထမြောက်သည်ဟု ဆိုထားခြင်း)
၃။ ပြည်ထောင်စုစနစ် မဟုတ်ဘဲ ပြည်နယ်/တိုင်း အစိုးရများကို ဗဟိုအစိုးရ အကြီးအကဲဖြစ်သည့် သမတ က တိုက်ရိုက် ချုပ်ကိုင်ထားနိုင်သည့် တပြည်ထောင် အစိုးရစနစ် ဖြစ်နေခြင်း
၎။ ညီလာခံတွင် ဘာမျှ တင်ပြဆွေးနွေးပိုင်ခွင့် မရှိဘဲ ၎င်းတို့မှ ရှင်းပြ ဖတ်ပြသမျှကိုသာ နားထောင်နေရခြင်း၊
၅။ အစုအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေး တင်ပြခွင့် ရှိသည်ဆိုသော်လည်း ဆွေးနွေး တင်ပြချက်များကို လုပ်ငန်း ကော်မတီကို ပထမဦးစွာ တင်ပြပြီးမှ ၎င်းတို့ ချမှတ်ထားသော ဖတ်ပြ၊ ရှင်းပြခဲ့သော စာတမ်းပါ အချက်အလက်များနှင့် မကိုက်ညီပါက လက်မခံ ပယ်ချခြင်း၊
၆။ တင်းကျပ်သော ဥပဒေ ပြဌာန်းထားပြီး လွတ်လပ်စွာ သုံးသပ် ပြောဆိုပိုင်ခွင့် မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
၇။ ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာ သုံးသပ်ချက်
နိုင်ငံတော် သမတက ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေရေး ကော်မတီတရပ် ထားရှိမည် ဖြစ်ပြီး ဤကော်မတီတွင် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များက ကော်မတီဝင်များအဖြစ် ပါဝင်မည် ဖြစ်ပါသည်။ ဤကော်မတီသည် ကောင်းမွန် သင့်တော်သည်ဟု ဆိုရမည် ဖြစ်သော်လည်း ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များကို နိုင်ငံတော် သမတက တိုက်ရိုက် ကိုင်တွယ် ခန့်ထားသူများ ဖြစ်ရာ သမတကို အာခံပြီး အတိုက်အခံ ပြောဆိုဆွေးနွေးနိုင်စရာ လမ်းမမြင်ရပါ။ ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သည့် အများစု အနိုင်ရပါတီ ခေါင်းဆောင် တဦးဦးကို သက်ဆိုင်ရာ လွှတ်တော်မှ ရွေးချယ် တင်မြှောက်လိုက်သော ၀န်ကြီးချုပ် ဖြစ်ပါက မည်သို့မျှ ဆိုဖွယ်ရာ မရှိပါဟု ယုံကြည်ပါသည်။
၈။ စစ်တပ်၏ အခန်းကဏ္ဍ
ပါတီစုံ ဒီမိုကရေစီ စနစ်တွင် စစ်တပ် ပါဝင်နေခြင်းကို မည်သို့မျှ နားလည်နိုင်စရာ မရှိပါ။ စစ်တပ်သည် အခုမှ အခြေအနေအရ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခြင်း မဟုတ်ကြောင်းကို အောက်ပါ အချက်အလက်များ က သက်သေ ပြနေပါသည်။ စစ်တပ်သည် ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံရေး အာဏာကို ရယူထားခဲ့ပါသည်။ မဆလခေတ်တွင် ပါတီဥက္ကဌများသည် စစ်တပ်မှ ဗိုလ်ချုပ်များသာ ဖြစ်ခဲ့ပါသည်။ ဗဟိုတွင် ပါတီဥက္ကဌမှာ ဗိုလ်ချုပ်နေ၀င်း ဖြစ်ပြီး နယ်တွင် ဒေသပါတီ ဥက္ကဌများမှာ တိုင်းမှူးများ ဖြစ်ကြပါသည်။ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်/တိုင်း ကောင်စီများတွင်လည်း စစ်တပ်မှ ကိုယ်စားလှယ်များ ၂၅% မက ပါဝင်ခဲ့ပါသည်။ ထိုစဉ်က မဆလ ပါတီသည် နိုင်ငံရေး ဦးဆောင်အဖွဲ့လည်း ဖြစ်ပါသည်။ ဤသည်ကို လူထုက မလိုလား၍ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့ပြီး ထိုဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပျက်ပြားခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် စစ်တပ်သည် ယခုမှ နိုင်ငံရေးတွင် ပါဝင်လာခြင်း မဟုတ်ဘဲ စစ်တပ်အာဏာရှင်စနစ် ရေရှည် တရားဝင် ရပ်တည် နိုင်အောင် ပုံစံအသစ်တမျိုး တီထွင်လာခြင်းသာ ဖြစ်သည်ဟု ယူဆရမည် ဖြစ်ပါသည်။
အချို့က စစ်တပ်နှင့်ပြည်သူ အာဏာခွဲဝေ ကျင့်သုံးရေး (Power Sharing) ကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အချိန် အခိုက်အတန့်အထိသာ ပါဝင်လိမ့်မည်ဟု ထင်နေကြသည်ကိုလည်း တွေ့နေရပါသည်။ သို့ရာတွင် စစ်တပ်သည် အချိန်အခါ အခြေအနေအရ တစုံတရာသော အတိုင်းအတာ အထိသာ ပါဝင်လိုခြင်း ဟုတ်မဟုတ်ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းတွင် ဥပဒေကို လွယ်လွယ်နှင့် ပြင်ဆင်၍မရအောင် အခိုင်အမာ ပြုထားသည်ကို သတိပြုသင့်ပါသည်။
၉။ အရေးပေါ်ကာလပြဌာန်းချက်
နိုင်ငံတော်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော အစိုးရအကြီးအကဲ ဖြစ်သည့် နိုင်ငံတော် သမတနှင့် ဒုတိယသမတ များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ အပ်နှင်းထားသော တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခြင်းကြောင့် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲပေးရခြင်းမျိုး ဖြစ်ပါသည်။ မိမိတို့၏ ညံ့ဖျင်းမှုကြောင့် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲပြောင်းပေးရခြင်း ဖြစ်ရာ နိုင်ငံတော် သမတနှင့် ဒုတိယသမတ များသည်လည်း တာဝန်မှ နှုတ်ထွက်ပေးရမည် ဖြစ်ပါသည်။ သို့သော် ဤအခြေခံ ဥပဒေတွင် သမတနှင့် ဒုတိယ သမတများသည် မိမိတို့ရာထူးမှ နှုတ်ထွက်ပေးရန် မလိုသည်ကို တွေ့ရပါသည်။ ကာကွယ်ရေး ဦးစီးချုပ်သည် အရေးပေါ်ကာလ ပြီးဆုံးပါက မိမိအား လွှဲအပ်ထားသော အာဏာကို နိုင်ငံတော် သမတများထံ ပြန်လည် အပ်နှံပေးနိုင်ပါသည်။ သို့ဖြင့် နိုင်ငံတော် သမက မိမိထံ အပ်နှင်းထားသော အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား အငှားချထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့အပြင် လွှတ်တော်ကိုလည်း ယာယီ ရပ်ဆိုင်းထားခြင်းသာ ဖြစ်ပြီး အရေးပေါ်ကာလ ပြီးဆုံးပါက လွှတ်တော်လည်း အလိုအလျောက် ပြန်လည် အသက်ဝင်လာမည် ဖြစ်ပါသည်။
ဤအချက်သည် လွှတ်တော်ကို စစ်တပ်က နောက်ကွယ်မှ ကြိုးကိုင်ထားပြီး လူထုအုံကြွမှု ဖြစ်ပေါ်လာပါက စစ်တပ်မှ အာဏာသိမ်းရန် မလိုဘဲ တရားဝင် နှိမ်နင်းနိုင်ခွင့် ရရှိရေးကို ဖန်တီးထားခြင်းသာ ဖြစ်သည်ဟု သုံးသပ်မိပါသည်။
၁၀။ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို နောင်တွင် တဖြည်းဖြည်း ပြင်ဆင် ယူနိုင်ကောင်းသည်ဟု အချို့က မျှော်လင့် နေကြသည်။ ဥပဒေတခုကို တရားကိုယ်မှာ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လက်လှမ်းမီသမျှ ယိုပေါက်၊ ထွက်ပေါက်၊ ပျော့ကွက်ဟာကွက်၊ အားနည်းချက် မရှိအောင် ရေးဆွဲရသည်မျိုး ဖြစ်ပါသည်။ နောင်ကျမှ ပြင်ဆင် ယူမည်ဟု ပြီးစလွယ် ရေးသားရရိုး ထုံးစံမရှိပါ။ သို့နှင့်တိုင် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်ရသည်များ ရှိမြဲပင် ဖြစ်ပါသည်။ ယခုမူ စရေးကတည်းက ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် များစွာ ပါဝင်နေစေမည်ဆိုလျှင် နောင်တွင် ဆိုဖွယ်ရာ မရှိတော့ပါ။ ယင်းပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် များကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် ယခုရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းတွင် အလွန်အမင်း တင်းကြပ်သော အခြေခံမူများ ချမှတ်ထားခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ဤအခြေခံ ဥပဒေ၏ အရေးကြီးသော အခန်းများနှင့် ပတ်သက်၍ ပြင်ဆင်ရန် လိုအပ်လျှင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၏ ၇၅% ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း အခြေခံမူ ချမှတ်ထားသည်ကို တွေ့ရှိရပါသည်။
ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး ၏ ၂၀% လက်မှတ်ရေးထိုးအဆိုပြုတင်သွင်းမှသာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ချုပ်ထားပြန်ပါသည်။ ထို့ကြောင့် အပေါ်ယံကြည့်လျှင် လွယ်မယောင်နှင့် အလေးအနက် တွက်ချက်ကြည့်ပါက မည်သို့မျှ ပြင်ဆင်၍ ရနိုင်ဖွယ် မရှိသော အခြေခံဥပဒေ ဖြစ်မှန်းမသိ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
အတိအကျ ပြောရလျှင် လွှတ်တော်ကိုယ်စားလှယ် ၁၃၃ ဦး လက်မှတ်ရေးထိုး အဆိုပြု တင်ပြမှသာ ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးနိုင်မည့် အခြေအနေ ဖြစ်ပါသည်။ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၄၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး၊ ပေါင်း ၆၆၄ ဦး၏ ၂၀% သည် ၁၃၃ ဦး ဖြစ်နေသည်ကို သတိမူရန် လိုအပ်ပါမည်။)
ဤမျှ ပြင်ဆင်ရန် ခက်ခဲအောင် ပြုလုပ်ထားခြင်းမှာ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင် ထမ်းဆောင်ရေးကို အစဉ်တစိုက် မပယ်ဖျက်နိုင်စေရန် ကာကွယ်ထားခြင်း ဖြစ်သည်ဟု ခံစားမိပါသည်။ တဖက်တွင် နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ (အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) ပြင်ဆင်ရန် လိုလားပါက အလွယ်တကူ ပြင်ဆင်နိုင်သည်ကိုလည်း သတိမူသင့်ပါသည်။ ဥပမာ တရုတ်ပြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလားတူ ပြင်ဆင်ရန် အလွန်အမင်း ခက်ခဲအောင် ရေးဆွဲထားသော်လည်း ပေါလစ်ဗျူရို အဖွဲ့မှ ပြင်ဆင်လိုပါက အလွယ်တကူ ပြင်ဆင်နိုင်သည်ကို တွေ့ရသည်။
၁၁။ လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ယောက် ပိုင်သော ပုဂ္ဂိုလ်ကြီး
ယခုရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်သူလူထု တသောင်းမှ နှစ်သောင်းအထိ ရှိလျှင် လွှတ်တော် ကိုယ်စားလှယ်တဦး ရွေးချယ်ရမည် ဖြစ်သည်။ သို့ရာတွင် ပုဂ္ဂိုလ်ထူးကြီးတဦးက လွှတ်တော် ကိုယ်စား လှယ် ၁၆၆ ယောက် ပိုင်ဆိုင်ထားပြီး မိမိစိတ်ကြိုက် ညွှန်ကြားနိုင်ခွင့် ရှိသည်ကို တွေ့ရှိရပါသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ နိုင်ငံတော် အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးအချို့ (အထူးသဖြင့် ကာကွယ်ရေးဝန်ကြီး) ၏အထက် တွင်လည်း ရှိနေပါသည်။ ထို့ကြောင့် ပေါ်ထွက်လာဖွယ် ရှိသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မည်သို့သော ပုံသဏ္ဍာန် ရှိမည်ဆိုသည်ကို ခန့်မှန်းနိုင်ကြလောက်ပြီဟု ယူဆပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာ သုံးသပ်ကြပါကုန်။
၁၂။ လက်ရှိအာဏာရ အစိုးရ၏ လုပ်ဆောင်ချက်များအကြောင်း တစေ့တစောင်း
လက်ရှိ အခြေအနေတွင် နယကအစိုးရသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်နေပြီး တဖက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ဖွဲ့စည်းကာ ၎င်းတို့၏ လက်သပ်မွေးပါတီ တခုဖြစ်လာအောင် ဆောင်ရွက်လျက် ရှိနေပါသည်။ ထို့အပြင် ပြည်သူ့ စွမ်းအားရှင်အဖွဲ့ ဟူ၍ ဖွဲ့စည်းထားပါသည်။ ယင်း အဖွဲ့အစည်းများကို ငွေကြေး၊ အခွင့်အရေး၊ လုပ်ကိုင်ခွင့်များ ပေးပြီး စည်းရုံး ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ စစ်တပ်က မိမိပါတီကို လေ့ကျင့် တည်ထောင်ခွင့် ရှိပြီး ကျန်နိုင်ငံရေး အင်အားစု အားလုံးကို နှိပ်ကွပ်နေခြင်းမှာ အင်ဒိုနီးရှား ဆူဟာတို စစ်အစိုးရ၏ ဂေါ်(လ်)ကာပါတီကို အမှတ်ရစရာ ဖြစ်စေပါသည်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစေနိုင်သည့် နည်းလမ်းများဖြင့်သာ ရယူရန် လိုအပ်မည်ဟု ထင်ပါသည်။
၁၃။ ယခုရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ကဲ့သို့ အတည်ပြုချက် ရယူမည်နည်း။
ယခု ရေးဆွဲမည့် အခြေခံဥပဒေကို မဲပေးပိုင်ခွင့်ရှိသော ပြည်သူလူထု၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် အတည်ပြုမည်ဟု ဆိုထားပါသည်။ တဖက်တွင်လည်း ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရမည်ဟု ဆိုပြန်ပါသည်။ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ မည့်သို့သော ဥပဒေမျိုးကို ခေါ်ကြောင်း တွေးစရာ ဖြစ်လာပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုထောက်ခံမှု ၉၀.၁၉% ရရှိခဲ့သဖြင့် ခိုင်မာသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည်ဟု န၀တက ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ပြီးသည်အထိ ပြောဆို နေခဲ့သည်ကို အမှတ်ရကြဦးမည် ထင်ပါသည်။ သို့ဆိုလျှင် ဘယ်အတွက်ကြောင့် ထိုခိုင်မာလှသော အခြေခံဥပဒေကို ဖျက်သိမ်း ခဲ့ရပါသနည်း။ ထို့အတူ ယခုအသစ် ရေးဆွဲသော အခြေခံ ဥပဒေသစ်ကြီးကို ပြည်သူလူထု၏ ထောက်ခံမှု ရာခိုင်နှုန်း မည်မျှရရှိမှ ခိုင်မာသည်ဟု ဆိုဦးမည်နည်း။ ၉၀.၁၉% ထက် ကျော်လွန်ရမည်လော။ ၁၀၀%လော။ သို့မဟုတ် ရာခိုင်နှုန်း မည်မျှပင်ရရ အတည်ပြုမည်လော။ မေးစရာ မေးခွန်း တသီတတန်းကြီး ထွက်ပေါ်နေပြီ ဖြစ်ပါသည်။
ယခု ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ရှည်လျားထွေပြားလှသော ကျနော်တို့၏ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ပြေလည် ထွက်ပေါက်ရစေရန်အတွက် အခရာ ဖြစ်ပါသည်။ ဤအခြေခံဥပဒေကို ပြည်တွင်း အခြေအနေများနှင့် ကိုက်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်လည်း ညီညွတ်ပါက ပြည်သူအများကလည်း လေးစား လက်ခံနိုင်ကာ ပဋိပက္ခများကိုလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ သိုသော် ယခုရုပ်လုံး ပေါ်စပြုနေသည့် အတိုင်း မဟာလမ်းပြမြေပုံကို ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်အောင်ပြု၍ မိမိတစု၊ တဖွဲ့တည်း သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ထဲ၏ အကျိုးစီးပွားအတွက် ဦးတည်ရေးဆွဲမည် ဆိုပါက ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် အခြေအနေကို ပိုမို ဆိုးရွားလာစေမည် ဖြစ်ပါသည်။ အမျိုးသားညီလာခံမှ ချမှတ်ထားသော အခြေခံမူများအရ ရေးဆွဲထားသည့် အခြေခံဥပဒေကို အတည်ပြုနိုင်သည့်တိုင် ရေရှည်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ခက်ခဲပြီး နောင်တနေ့တွင် ပြန်လည် ပေါက်ကွဲကာ သွေးထွက်သံယိုမှုများနှင့် မလွဲမသွေ ကြုံတွေ့နိုင်ပါသည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာ ဖြေရှင်းခြင်းဖြင့်သာ တိုင်းပြည် အဓွန့်ရှည် တည်တံ့မည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါမည်။ တွေ့ဆုံ ဆွေးနွေးရေးကို သွေဖီကာ မိမိစိတ်ကြိုက် ဖန်တီးယူထားသည့် မူအတိုင်း လက်ခံရန် အတင်းအကြပ် ဆောင်ရွက်မည် ဆိုပါက တိုင်းပြည်၏ ပြဿနာကို ပိုမို ရှုပ်ထွေးလာစေမည် ဖြစ်ပါသည်။
အထက်ပါ အဖြစ်အပျက်များနှင့် ပတ်သက်၍ တရားရုံးချုပ်၊ ရှေ့နေချုပ် ရုံးတို့တွင်လည်း တာဝန်မကင်း ဟု ယူဆပါသည်။ သို့ဖြစ်၍ အချင်းချင်း အပြန်အလှန် အပြစ်ဖို့ စွတ်စွဲ ပုတ်ခတ် ပြောဆိုနေကြမည့်အစား အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဟု ထင်ပါသည်။ တိုင်းပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှုပြီး ယခု ကျင်းပလျက် ရှိသော အမျိုးသား ညီလာခံကြီးကို ပြုပြင်ပြောင်းလဲကာ ပိုမို လွတ်လပ်ခွင့် ပေးပြီး ပြည်သူတရပ်လုံးက လက်ခံနိုင်သည့် အဓွန့်ရှည် တည်တံ့ခိုင်မြဲသော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ပေါ်ပေါက်လာအောင် စိတ်ကောင်းစေတနာ ထားရှိ ဆောင်ရွက်ကြရန် လိုပြီဟု ယုံကြည်ပါသည်။ ဤနည်းဖြင့်သာလျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသော ပြဿနာ ပေါင်းစုံကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြအပ်ပါသည်။
Friday, February 29, 2008
အမျိုးသားညီလာခံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် မူများကို လေ့လာခြင်း
Labels: သုံးသပ်ချက်
Thursday, February 28, 2008
ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာ
၂၀၀၈ ဖေဖော်ဝါရီ ၁၃
ဆုံဆည်းရာဘလော့ဂ်
- RM အဆင့် (၄) မြန်မြန်လုပ်ဖို့ အကြောင်းဖန်လာတာက အဓိကအားဖြင့် ပြည်တွင်းအကြောင်းအချက်ကြောင့် ဖြစ်ပါသည်၊ NLD ကို အပြတ်ဖိနှိပ်ပစ်ဖို့က ပိုပြီးအဓိကကျသည်။ NLD ရှိနေလျှင် လူထုအုံကြွမှုက အချိန်မရွေး ပေါက်ကွဲနိုင်သည်။ `၂၀၀၇/စက်တင်ဘာ အုံကြွမှု´ က `သန်းရွှေ ကြံ့/ဖွံ့ ခေါင်းမာဂိုဏ်း´ ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ NLD ကို အပြတ်ဖိနှိပ်ပစ်ဖို့ကလည်း `အခြေခံဥပဒေ´ ကို အဆင့် (၄) မှာ အတည်ပြုပြီးမှ အကြောင်းပြချက်ကောင်းမှာ ဖြစ်သည်။ "တပြည်လုံးက `အခြေခံဥပဒေ´ ကို အတည်ပြုပေးလိုက်ပြီ၊ NLD က `ရွေးကောက်ပွဲသစ်´ ဝင်မလား၊ မဝင်ဘဲ ဖျက်သိမ်းခံမလား" လို့ `နအဖ´ က ရာဇသံပေးလာလိမ့်မည်။ DASSK နဲ့ `စကားပြောပွဲ´ ကိုလည်း အပြီးအပိုင်ရပ်စဲပစ်လိမ့်မည်။
- NLD သည် ကျွန်တော်တို့ `၁၉၈၈ အုံကြွမှု´ ရဲ့ အောင်သီးအောင်ပွင့် ဖြစ်သည်။ NLD ကို ကာကွယ်ကြရပါမည်။ NLD ကို ကာကွယ်ဖို့ ကျွန်တော်တို့ နည်းနာရှာကြရပါမည်၊ ဗကပ က ကြံဆထားတဲ့နည်းနာကို ဒီအစီရင်ခံစာမှာ တင်ပြပါမည်။ အားလုံးက ဝိုင်းဝန်းပြီး လိုတိုးပိုလျှော့လုပ်ကြဖို့ ဖြစ်ပါသည်။ သူများတွေ ကြံဆထားတဲ့နည်းနာများကိုလည်း ကျွန်တော်တို့ လေးလေးစားစား လေ့လာချင်ပါသည်။
`လွတ်လပ်ရေးတိုက်ပွဲ´ ကာလတုန်းက ဖတပလ/ဖဆပလ လုပ်ခဲ့သည့် နည်းနာကို အခု `လွတ်မြောက်ရေး တိုက်ပွဲ´ ကာလတွင် ယူသုံးသင့်ပါသည်။ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီးသုံးဖို့ ဖြစ်ပါသည်။
- ၁၉၄၅ မှာ အင်္ဂလိပ်က `စက္ကူဖြူစီမံကိန်း´ နဲ့ ပြန်ဝင်လာတာ ဖြစ်သည်။ `စက္ကူဖြူစီမံကိန်း´ က ဗမာပြည်ကို အင်္ဂလိပ်ဘုရင်ခံရဲ့ ရှေ့ဆောင်မှုနဲ့ တဖြည်းဖြည်းချင်း ဒိုမီနီယံအဆင့်အတန်းပေးဖို့ ဖြစ်သည်။ (သန်းရွှေတို့ အခုလုပ်နေတဲ့ (RM) ကလည်း အဲဒီသဘောမျိုးပဲ ဖြစ်သည်။)
- ဖဆပလ အဖွဲ့ချုပ်က ရွှေတိဂုံအလယ်ပစ္စယံညီလာခံလုပ်ပြီး စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်ပါသည်။ ညီလာခံ ဆုံးဖြတ်ချက်များမှာ လုံးဝလွတ်လပ်ရေး၊ မြေယာစနစ်ပြုပြင်ရေး၊ နယ်ချဲ့ကုမ္ပဏီများကို ပြည်သူပိုင်သိမ်းရေး၊ ၁၈ နှစ် ပြည့်သူတိုင်း မဲပေးရေး၊ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ရေး စတာတွေ ဖြစ်သည်။ ဤဆုံးဖြတ်ချက်များကို ထိုစဉ်က ဘုံအနိမ့်ဆုံးလုပ်ငန်းစဉ် Common Minimum Programmme (CMP) ဟု ခေါ်နိုင်ပါသည်။
- ယခုလည်း ကျွန်တော်တို့က (CMP) ချမှတ်ရပါမည်။ (CMP) ထဲမှာ ဘာတွေပါသင့်သည်ဆိုတာကို ဝိုင်းဝန်းဆွေးနွေးကြရပါမည်။ အများစုကြီးက လက်ခံနိုင်မှ (ဘုံ) ဟု ခေါ်နိုင်ပါမည်။ အနိမ့်ဆုံးဖြစ်မှလည်း အများစုလက်ခံနိုင်မည် ဖြစ်ပါသည်။
- ပါတီတိုင်းတွင် ချမှတ်ထားသော လုပ်ငန်းစဉ်များ ရှိကြသည်။ ဗကပ တွင်လည်း ရှိသည်။ အဲဒါတွေက အမြင့်ဆုံးလုပ်ငန်းစဉ် ဖြစ်ပါသည်။ ယခု ကြံဆရမှာက ဘယ်လောက်အထိ နှိမ့်မလဲဆိုတာ ဖြစ်ပါသည်၊ နိုင်ငံရေးလုပ်ငန်းစဉ်သာမက စက်မှု၊ မြေယာ၊ အုပ်ချုပ်ရေးစသဖြင့် ကဏ္ဍပေါင်းစုံက အနိမ့်ဆုံးလုပ်ငန်းများ ကိုလည်း ချမှတ်ရပါမည်။
- (CMP) တွင် နအဖ RM ကို တိုက်ဖျက်ရေးက နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် ရှေ့ဆုံးက ပါသင့်ပါသည်။ စက်မှုကဏ္ဍတွင် စစ်တပ်က မဆီမဆိုင်ဝင်ပြီး နေရာယူထားသော စက်မှုလုပ်ငန်းများကို ပုံမှန်ဖြစ်အောင် ပြုပြင်ရေး ပါသင့်ပါသည်။ အုပ်ချုပ်ရေး၊ သံတမန်ရေး ကဏ္ဍများတွင် စစ်ဘက်မှလူများ မဆီမဆိုင် ဝင်နေရာယူထားတာတွေကိုလည်း သင့်တော်စွာ ရှင်းလင်းရေး ပါသင့်ပါသည်။
- မုချပါသင့်တာက စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် (ကြားကာလ) ကူးပြောင်းရေး ကာလ သတ်မှတ်တာ ပါရမည်။ ကူးပြောင်းရာတွင် ချောမွေ့ပြေပြစ်စေရန် အခြေခံနည်းနာများ ပါသင့်ပါသည်။ ဒီကိစ္စ အရေးကြီးပါသည်။ သန်းရွှေတို့က စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် စစ်ဗိုလ်စစ်သားများကို နေရာချထားတာတွေ အများကြီးရှိပါသည်။ ဗဟိုမှ ကျေးလက်အထိ ဝင်ရောက်နေရာချထားတာ ဖြစ်ပါသည်။ ဤကိစ္စများကို လက်လွတ်စပယ် ဖြေရှင်းလို့ မဖြစ်ပါ။ နေဝင်း၊ သန်းရွှေတို့ကြောင့် နေရာမှားပြီး ရောက်နေသူများကို ညှာတာထောက်ထားရပါမည်။
- ကြားဖြတ်ကာလအတွင်း ဖြေရှင်းရမည့် ကိစ္စများကို တပ်မတော်ခေါင်းဆောင်များ၏ စိတ်ရောကိုယ်ပါ အကူအညီမပါဘဲ ဖြေရှင်းလို့ မရနိုင်ပါ။ ဒါ့ကြောင့် အမြော်အမြင်ရှိသည့် အမြင်ကြည်လင်သည့် တပ်မတော် ခေါင်းဆောင်များကို ကြားဖြတ်ကာလတွင် သင့်တော်သည့်အဆင့်နေရာ ပေးထားရပါလိမ့်မည်။
- ပြည်တွင်းငြိမ်းချမ်းရေး ပီပီပြင်ပြင် ဖြစ်စေဖို့ `စစ်ရပ်စဲထားသည့် အဖွဲ့များ´ နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရအောင်လည်း လုပ်ရပါဦးမည်။ ဒါကိုလည်း ကြားဖြတ်ကူးပြောင်းရေးကာလမှာ လုပ်ရပါမည်။
အချုပ်အားဖြင့် ပြောရလျှင် နှစ် (၅၀) နီးပါး ဖျက်ဆီးထားခဲ့တဲ့ဟာတွေကို ပြင်ရမှာ ဖြစ်သည်၊ ထိုသို့ ပြင်နိုင်ဖို့ ကြားဖြတ်ကူးပြောင်းရေး ကာလတခု လိုပါသည်၊ အချိန်လုံလောက်စွာယူတာကို သဘောတူပါသည်။ ဖျက်ဆီးထားတာ မှန်သမျှကိုတော့ ပြင်ရပါမည်။ မပြင်လျှင် ဗမာပြည်နိုင်ငံရေးက `ဂျာအေးသူ့အမေရိုက်´ နေပါလိမ့်မည်။ စစ်တပ်ကို နိုင်ငံရေးသမားနဲ့ ရန်တိုက်ပေးထားတာ ကြာပါပြီ။ နေဝင်းစစ်အုပ်စု စခဲ့တဲ့ မှားယွင်းတဲ့ လမ်းစဉ်ပေါ်လစီများကို ပြုပြင်ပစ်ဖို့ အရေးကြီးပါသည်။
အလုပ်တူလုပ်ဖို့ဆိုလျှင် RM အဆင့် (၄) `ဆန္ဒခံယူပွဲ´ မှာ ဘာလုပ်ကြမလဲဆိုတာက စသင့်ပါသည်။ ကျွန်တော်တို့ လုပ်စေချင်တာကို တင်ပြပါမည်။
- သပိတ်မှောက်လို့ မဖြစ်ဟု ထင်ပါသည်။ သပိတ်မှောက်လျှင် နအဖ အကြိုက် ဖြစ်သွားလိမ့်မည်။ `ကန့်ကွက်မဲ´ ပေးကြဖို့ လူထုကို စည်းရုံးသင့်သည်။ ပြည်တွင်းက စည်းရုံးရေးလုပ်တာကို ပြည်ပက ထောက်ကူပံ့ပိုးဖို့ ဖြစ်သည်။
- NLD က လူထုကို အခုကတည်းက (`ကန့်ကွက်မဲ´ ပေးကြဖို့) ဆော်သြသင့်သည်။ NLD က ရဲရဲရှေ့ဆောင်ဖို့ (၁၉၄၅/၄၆ က ဖဆပလ က ရှေ့ဆောင်ခဲ့သလို ရှေ့ဆောင်ဖို့) လိုပါသည်။
- အတွေးအခေါ်အရ ရှေ့ဆောင်ဖို့ပြောတာ ဖြစ်သည်။ ဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ DASSK ၏ ထုတ်ပြန်ချက်သည် လည်းကောင်း၊ NLD ခေါင်းဆောင်များ အခါအားလျော်စွာ ထုတ်ပြန်နေတာသည်လည်းကောင်း အတွေးအခေါ်အရ ရှေ့ဆောင်မှုပေးတာ ဖြစ်ပါသည်။
- လူထုအတွင်း ဆင်းပြီးစည်းရုံးတာကိုတော့ လူငယ်လူရွယ်များက လုပ်ပါလိမ့်မည်။ ၂၀၀၇/သြဂုတ် - စက်တင်ဘာ လှုပ်ရှားမှုတုန်းက သံဃာတွေ၊ လူငယ်တွေ ရှေ့တိုးထွက်လာတာ ရှိပါသည်။ နောက် ဒီတခါ ထူးခြားတာက ခေတ်မီနည်းပညာကို u4129 .သုံးပြုတာ ဖြစ်သည်။ ဘလော့ဂ်ဂါတွေတင်တဲ့ အတွေးအခေါ်လည်း စုံပါသည်။ NLD က `စေ့စပ်ဆွေးနွေးပွဲ´ ကျမှ ပြောမယ်ဆိုပြီး စောင့်နေလို့ မဖြစ်ပါ။ NLD က ထွက်ပြောသင့်ပါပြီ။ NLD တခွန်းပြောတာက သူများတွေ အခွန်းတရာ ပြောတာထက် တာသွားပါသည်။
ဘာပဲဖြစ်ဖြစ် `ကန့်ကွက်မဲများများပေးကြဖို့´ စည်းရုံးရပါလိမ့်မည်။ `ကန့်ကွက်မဲ´ က ၅၀% ကျော်ပြီး `အခြေခံဥပဒေ´ ကို ပယ်ချနိုင်လျှင်
- `စေ့စပ်ဆွေးနွေးရေး´ တံခါးပွင့်သွားလိမ့်မည်။ စေ့စပ်ဆွေးနွေးချင်တဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေ ပေါ်လာနိုင်သည်။ NLD က ပေါ်လာတဲ့အခွင့်ကောင်းကို အမိအရဆုပ်ကိုင်ဖို့ လိုသည်။ ဘာပေးပြီး ဘာယူမည် ဆိုတာကို NLD ပဲ ဆုံးဖြတ်ရမှာ ဖြစ်သည်။ "CMP" ရှိထားလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
- (၁၉၆၂) ခုနှစ်က စခဲ့သော `စစ်အာဏာရှင်စနစ် ဇာတ်သိမ်းခန်း´ ရဲ့ အစ ဖြစ်လာစရာ ရှိသည်။
- ရေရှည်ဆွဲပြီး လုပ်လာခဲ့သော (RM) ထိုးရပ်သွားလိမ့်မည်။ (၁၉၉၀) က ရွေးချယ်ခဲ့သော `လွှတ်တော်´၏ အခန်း ပြန်ပေါ်လာလိမ့်မည်။
`ဆန္ဒခံယူပွဲ´ မှာ အာဏာပြပြီး ထောက်ခံမဲပေးခိုင်းတဲ့နည်း ("ပြူစောထီးနည်း") ကိုတော့ ကျေးလက်တွင်လုပ်မှာ သေချာပါသည်။ `မဲခိုး မဲလိမ် မဲပုံးဖောက်တာတွေ´ ကတော့ ဒင်းကြမ်းဖြစ်လာစရာ ရှိပါသည်။ မိမိတို့က ကြိုတင်ပြီး ကြံ့ဖွံ့အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကျေးလက်အာဏာပိုင်များကို ရှင်းလင်းဖျောင်းဖျပန်ကြားတာတွေ လုပ်ရပါမည်။
မိမိတို့ပြည်သူများတွင် (၁၉၆၀) နဲ့ (၁၉၉၀) ရွေးကောက်ပွဲ အတွေ့အကြုံရှိပြီး ဖြစ်ပါသည်။ ပြည်သူတွေက တထွာပြလျှင် တတောင်မြင်တတ်ပါသည်။ ဒါကြောင့်ပဲ "NLD က ပြတ်ပြတ်သားသားရှေ့ဆောင်ပါ" လို့ ကျွန်တော်တို့ တိုက်တွန်းနေခြင်း ဖြစ်ပါသည်။
အထူးသတိပြုသင့်သည်မှာ စစ်အာဏာရှင်ကိုတိုက်လျှင် ပစ်မှတ်မကျယ်ဖို့ ဖြစ်ပါသည်။ သန်းရွှေစစ်အုပ်စုထဲက ခေါင်းမာသူများကိုပဲ ရွေးပြီးပစ်မှတ်ထားဖို့ ဖြစ်ပါသည်။ သန်းရွှေအတွင်းစည်းဝိုင်း (inner circle) ကို ပစ်မှတ်ထားဖို့ ဖြစ်ပါသည်။ နေဝင်းဖြစ်ဖြစ်၊ သန်းရွှေဖြစ်ဖြစ် လမ်းစဉ်ပေါ်လစီချမှတ်တာမှာ `အတွင်းစည်းဝိုင်း´ နှင့် ပထမဆုံးတိုင်ပင်မြဲ ဖြစ်သည်။ စည်းလားရိုက်ပြီးမှ ကျန်သည့် တပ်မတော်ခေါင်းဆောင်များကို ချပြတာ၊ လက်ခံစေတာ ဖြစ်သည်။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် `အာဏာသိမ်းပွဲ´တွေမှာ အဲဒီလို လုပ်ခဲ့တာ ဖြစ်သည်။ တချို့ဆိုလျှင် စစ်အုပ်စုထိပ်ပိုင်းမှာ ပါနေတာကို အာဏာသိမ်းကြေညာချက်ထွက်လာမှ သိကြတာ ဖြစ်ပါသည်။ DASSK ၏ ယာဉ်တန်းကို `ဒီပဲယင်း´ မှာ တိုက်ခိုက်တာလည်း `အတွင်းစည်းဝိုင်း´ က လုပ်သွားခြင်း ဖြစ်သည်။ အဲဒီကိစ္စကြီး ပြီးကတည်းက NLD ဗဟိုခေါင်းဆောင်မှု အားနည်း ကြဲကွဲသွားတာ ဖြစ်သည်ဟု ကျွန်တော်တို့ ယူဆပါသည်။ NLD ဗဟိုခေါင်းဆောင်မှုကို (ဖြစ်တဲ့နည်းနဲ့) ကြံ့ခိုင်အောင် ပြန်လည်တည်ဆောက်ဖို့ လိုပါသည်။ အတွေးအခေါ်ညှိတာကို ဘယ်လိုအခြေအနေမှာမဆို လုပ်လို့ရပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ခေါင်းဆောင်များ ဒီလိုပဲ အတွေးအခေါ်ညှိခဲ့ကြတာ ဖြစ်ပါသည်။ အတွေးအခေါ်ညှိပြီးလျှင် ကြံ့ခိုင်သည့် ခေါင်းဆောင်မှု ပေးနိုင်ပါလိမ့်မည်။
၂၀၀၇ သြဂုတ် - စက်တင်ဘာ လှုပ်ရှားမှုတွင် NLD လူရွယ်လူငယ်များ တက်ကြွသည့်အခန်းက ပါဝင်လာတာ တွေ့ရသဖြင့် အားတက်ရပါသည်။
- ဤအခွင့်အရေးမျိုး တခါမှ မပေါ်ဖူးပါ။ နောင်တွင်လည်း ပေါ်လာစရာ မရှိပါ။ စစ်အာဏာသိမ်းအစိုးရဖြစ်လို့ပဲ `ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ´ (Referendum) ကို လုပ်ရတာ ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်လည်း အသိအမှတ်မပြုချင် (လွှတ်တော်လည်း ခေါ်မပေးချင်၊ စေ့စပ်ဆွေးနွေးပွဲလည်း မလုပ်ချင်) လို့ (Referendum) နည်းကို မလုပ်မဖြစ်လို့ လုပ်ရတာ ဖြစ်ပါသည်။ ဤအခွင့်ကောင်းကို လက်လွတ်မခံသင့်ပါ။ အသုံးချသင့်ပါသည်။
- `ဆန္ဒခံယူပွဲ´ ကို နအဖ က ကမန်းကတန်းလုပ်ဖို့ ကြံစည်လာခြင်းမှာ မိမိတို့ကို စည်းရုံးလှုံ့ဆော်ချိန် မပေးလို၍ ဖြစ်သည်။ `ဆန္ဒခံယူပွဲ´ ကို (၂၀၀၈) ခုနှစ်အကုန် (၂၀၀၉) ခုနှစ် နှစ်ဆန်းပိုင်းမှာလုပ်ဖို့ တောင်းဆိုသင့်မသင့် စဉ်းစားကြစေလိုသည်။
- `ဆန္ဒခံယူပွဲ´ မှာ နအဖ စိတ်ကြိုက်ရသွားလျှင်လည်း "ဒီမိုကရေစီအရေးတော်ပုံ" က ရပ်တန့်သွားမှာ မဟုတ်ပါ။ လမ်းစဉ်သစ်၊ နည်းပရိယာယ်သစ်၊ တိုက်ပွဲသဏ္ဌန်သစ်ဖြင့် ဆက်လက်ချီတက်ဖို့ သန္နိဌာန်ချကြရမည် ဖြစ်ပါသည်။
Labels: အစီရင်ခံစာ
ရဲဘော် ဖိုးသံချောင်းနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းချက်
ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းချက်
၂၀၀၈ ဖေဖော်ဝါရီ ၁၉
ခေတ်ပြိုင်
ခေတ်ပြိုင် - ဖေဖော်ဝါရီ (၉) ရက်မှာ နအဖက ထုတ်ပြန်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လာမယ့်မေလမှာ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတာရယ်၊ ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်ဆိုတဲ့ ကြေညာချက်နှစ်ခုအပေါ် ဘယ်လိုမြင်ပါသလဲ။
ရဲဘော်ဖိုးသံချောင်း - ကျနော်တို့မြင်တာက သူတို့က အလစ်အငိုက်ယူတာလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်တခုက အဆောတလျင် အပူတပြင်း လုပ်ချလိုက်တာလည်း ဖြစ်မယ်။ ဖြစ်နိုင်တဲ့ အချက်က ဒီကိစ္စဟာ နအဖအနေနဲ့ နအဖထဲမှာတောင် ဆန့်ကျင်မှုရှိနေတဲ့အတွက် လက်ဦးမှုယူ လုပ်ချတဲ့သဘောရှိတယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေနဲ့ ကြံ့ဖွံ့ဂိုဏ်းကနေပြီးတော့ ကျန်တဲ့ နအဖခေါင်းဆောင်တွေကိုတောင်မှ သေသေချာချာမညှိနှိုင်းဘဲ လုပ်ချတဲ့ဟာမျိုး ဖြစ်နိုင်တယ်လို့ ယူဆစရာရှိတယ်။ နောက်တခုကလည်း အရေးကြီးတဲ့ အချက်တချက်က အခုခါ လမ်းပြမြေပုံကို အဓိက ဆန့်ကျင် သူလည်းဖြစ်၊ ပြည်သူလူထု ကြားမှာလည်း သြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ဦးတင်ဦး တို့လို၊ ကျောင်းသားခေါင်းဆောင်တွေ စက်တင်ဘာ အရေးအခင်းတုန်းက သံဃာ့ခေါင်းဆောင်တွေ အားလုံးဟာ ထောင်ထဲရောက်၊ အချို့လည်း ပြေးလွှားရှောင်ပြေးနေရတဲ့အနေအထားမှာ၊ ဆိုလိုတာက သူတို့ကို ဆန့်ကျင်ဖို့ ၀ါဒဖြန့်စည်းရုံးသူတွေ မရှိခင်ကာလမှာ ဒါကို လုပ်ပစ်လိုက် ခြင်းပါ။ ဒီလူတွေကို အကြာကြီး ချုပ်ထားလို့ မရဘူးဆိုတာ သူတို့သိတယ်။ ပြန်လွှတ်ရမှာ၊ အဲဒါ တွေ ပြန်လွှတ်ဖို့မတိုင်ခင် အမြန်ဆုံး လုပ်ချလိုက်ချင်းပါ။
ခေတ် - နအဖက ကြေညာချက် (၁) ရဲ့ ရလဒ်အဖြေမထွက်သေးဘဲ ရွေးကောက်ပွဲ လုပ်မယ် ဆိုပြီး ထုတ်ပြန်လိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ရဲဘော်ဖိုးသံချောင်း - နအဖဟာ အကုန်လုံးပိုင်ပြီလို့ တွက်ထားတာနဲ့ တူပါတယ်။ သူတို့လုပ်လေ့ လုပ်ထရှိတဲ့ အကျင့်ပဲ။ သူတို့ကိုယ်သူတို့ ပိုင်ပြီလို့ ယူဆထားတယ်။ စီမံပြီးသားတွေပါ။ အဲဒါတွေ ချောချောမောမော ဖြစ်လိမ့်မယ်လို့ ထင်နေတယ်။ ကျနော်တို့လည်း ဒီနှစ်ခုဟာ နီးလိမ့်မယ်လို့ ထင်တာ၊ ခွာထားတယ်။ ဘာကြောင့် ခွာထားသလဲဆိုတာ စဉ်းစားစရာရှိတယ်။ ကျနော်ထင်တာ ကြံ့ဖွံ့ကို နိုင်ငံရေးပါတီအဖြစ် အသက်သွင်းဖို့အတွက် လူထုကြားထဲ ထပ်ပြီးဖြန့်သွားဖို့ အချိန်ယူ ထားတာလို့ ထင်တယ်။ အဲဒီတော့ သူတို့ကတော့ သူတို့ကိုယ်သူတို့ အပိုင်တွက်ပြီ။ အဲဒါကို ဘယ်လိုဖျက်ကြမလဲဆိုတာ ပြည်သူလူထုကြီးနဲ့ နိုင်ငံရေးအင်အားစုအားလုံး ဒီနေရာမှာ ခေါင်းအေးအေးလည်း ထားရမယ်၊ မြန်မြန်ဆန်ဆန်လည်း ဆုံးဖြတ်ရမယ့်ကိစ္စလို့ ကျနော် ထင်တယ်။ ကျနော့်အမြင်အရ သူတို့ရဲ့ Referendum ကို သပိတ်မှောက်တဲ့ဟာမျိုးဟာ ယေဘူယျ နိုင်ငံရေးလောကမှာ လုပ်လေ့လုပ် ထရှိတဲ့ဟာမျိုးပဲ။ ဒါပေမယ့် လက်တွေ့သဘောအရ ကြည့်ရင် သပိတ်မှောက်တဲ့ဟာက နအဖ အကြိုက်ဖြစ်သွားတာ။ ဘာလို့လည်းဆိုတော့ သပိတ်မှောက်တဲ့သူက သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဆန့်ကျင်တဲ့သူတွေချည်း ဖြစ်နေတယ်။ အဲဒီမဲတွေလျော့သွားရင် သူတို့က တရားဝင် ဥပမာ နိုင်ငံခြားကလူတွေ လာပြီး ကြီးကြပ်တဲ့သူတွေရဲ့မျက်စိအောက်မှာတင် မဲပုံးတွေ ဖွင့်ပြလိုက်မယ်။ သူတို့ထောက်ခံတဲ့သူတွေ များနေရင် သူတို့ သိပ်ကြိုက်သွားမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ကတော့ ဗမာပြည်သူလူထုကြီးအနေနဲ့ ဆန့်ကျင်မဲကို တခဲနက်ပေးကြဖို့၊ လှဲနေလှေအောင်း မြင်းဇောင်းမကျန် အကုန်ထွက်လာပြီးတော့၊ ဗမာပြည်မှာ ဒီလိုအစဉ်အလာ အမြဲရှိတာပဲ။ ၁၉၆၀ ခုနှစ်၊ သန့်ရှင်း-တည်မြဲ ရွေးကောက်ပွဲတုန်းကလည်း တည်မြဲနောက်မှာ စစ်အုပ်စု၊ စစ်အာဏာရှင်တွေ ရှိနေတယ်ဆိုတာ သိတဲ့အတွက် ပြည်သူလူထုကြီးဟာ အရင် ပမညတကို မဲပေးလာတဲ့သူတွေဟာ ပမညတကို မစဉ်းစားတော့ဘဲနဲ့ ပမညတကို မဲထည့်ရင် မဲတွေ ပြားကုန်လိမ့်မယ်ဆိုပြီး သန့်ရှင်းထဲကို တခဲနက်ထည့်ခဲ့တာ။ အဲလိုနဲ့ တည်မြဲ ခွက်ခွက်လန်အောင် ရှုံးသွားတာ။ လူထုကြီး အင်အားပြခဲ့တာ ရှိပါတယ်။ နောက်တခါ အများသိကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုကြီးဟာ မဲစနစ်နဲ့ အင်အား ပြခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာပဲ။ အခုလည်း အဲဒါမျိုး လုပ်ဖို့ ပြည်သူလူထုရဲ့ ခေါင်းပေါ်မှာ ဒီတာဝန်ကြီး ကျလာပြီလို့ ကျနော်တို့ထင်တယ်။ ဒီနေရာမှာ ကျနော်တို့ တိုက်တွန်းချင်တာတခုက ဒီလိုတိုင်းပြည်ရဲ့ အကွေ့အချိုးကြီးမှာ ပြည်သူလူထုကြီး ချီတက် တိုက်ပွဲဝင်တော့မယ့်အခါမှာ ပြည်သူလူထုကြီးရဲ့ ရှေ့ကနေပြီးတော့ ပြည်သူလူထုကြီးနဲ့ လူထုရဲ့ ရှေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရဲရဲရင့်ရင့် ခေါင်းဆောင်ပြီးတော့ အတူ ချီတက်ပါ။ လမ်းညွှန်မှုပေးပါ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုဟာ သူတို့ကို ရွေးထားပြီး ဖြစ်တယ်။ သူတို့ခေါင်းရှောင်လို့လည်း မရပါဘူး။ ပြည်သူလူထုအရှိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီအလံကို မြင့်မြင့်မားမားလွှင့်ထူပါ။ ဘာကြောင့်လဲဆိုတော့ တကယ်လို့သာ ဒီ Referendum ပြီးသွားလို့ရှိရင် နအဖရဲ့ နောက်စီမံချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ချေမှုန်းရေးဖြစ်မှာပါ။ ပြည်သူလူထုအတွက်ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်ပါ ဒီတကွေ့ဟာ အသေအရှင်တိုက်ရမယ့် တိုက်ပွဲပဲ ဖြစ်ပါတယ်။
ခေတ် - လူထုဆန္ဒခံယူပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက် (၁) နဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက် (၂) ကို တပြိုင်တည်း ထုတ်ခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ရဲဘော်ဖိုးသံချောင်း - လှည့်ကွက်တွေရှိနိုင်ပါတယ်။ ဒါပေမယ့် နောက်စဉ်းစားစရာတခုက ဒီဟာကို ချပြတာဟာ နိုင်ငံတကာ ဖိအားတွေကို ရှင်းပြနေတာ။ အဲလိုစဉ်းစားလို့ရတယ်။ သူတို့ ရွေးကောက်ပွဲတွေ၊ လူထုဆန္ဒခံယူပွဲတွေ မြန်မြန်ဆန်ဆန် လုပ်စေချင်တဲ့ ပြည်ပက နိုင်ငံတွေကို ပြောပြနေတာ။ ကုလသမဂ္ဂအပါအ၀င်ပေါ့လေ။ ကျနော်တို့က အစီစဉ်ရှိပါတယ်ဆိုတဲ့ဟာ။ သူတို့ ရိုးသားပါတယ်ဆိုတာ ပြချင်တာလို့ စဉ်းစားစရာရှိတယ်။
ခေတ် - မေလမှာ လူထုဆန္ဒခံယူပွဲ လုပ်တော့မယ်ဆိုတော့ တိုတောင်းလှတဲ့အချိန်ကာလ အတွင်း လူထုရွေးကောက်ခံ အန်အယ်လ်ဒီအနေနဲ့ အခုလူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဘာတွေ ပြင်ဆင်လုပ်သင့်ပါသလဲ။
ရဲဘော်ဖိုးသံချောင်း - နအဖရဲ့လမ်းပြမြေပုံဟာ ဘာကိုရည်မှန်းပြီး လုပ်နေတယ်ဆိုတာကို အားလုံးသိပြီးသားမို့ ဒီနေရာမှာ မပြောတော့ပါဘူး။ ဒီအဆင့် (၄) အကြောင်းပဲ ပြောပါ့မယ်။ ဒီတခါနအဖရဲ့ ဆောင်ရွက်ချက်ဟာ သူတို့အကြံအစည်အားလုံးရဲ့ အခရာကျဆုံး ကွင်းဆက် ဖြစ်ပါတယ်။ နောက်ပြီး နအဖအကြောက်ဆုံး အဆင့်လည်း ဖြစ်ပါတယ်။ ညောင်နှစ်ပင် ညီလာ ခံအပါ၊ ကျန်တာအားလုံးဟာ သူတို့ခြေ၊ သူတို့လက်၊ မှောက်လိုမှောက်၊ လှန်လိုလှန် လုပ်ချင်တိုင်း လုပ်လို့ရတဲ့ အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒခံယူပွဲတို့၊ ရွေးကောက်ပွဲတို့ဆိုတာ တွေကတော့ သူတို့ချည်းလုပ်လို့ ရတာမဟုတ်ပါဘူး။ သူတို့ ဘယ်လိုပဲ ညစ်ပတ်ချင်ပေမယ့် လူထုအခန်းမပါဘဲ မပြီးပါဘူး။ တဘက်ကပြောရင်လည်း လူထုကြီးအနေနဲ့ သူတို့လုပ်နေတာ တွေကိုဟန့်တားနိုင်တာ ဒီတခါပဲရှိပါတယ်။ တခြားခြေလှမ်းတွေမှာ ဘာမှလုပ်ခွင့်မရှိပါဘူး။ ဒါကြောင့်မို့ လူထုကြီးဘက်ကလည်း အစွမ်းပြရမယ့်အချိန်ဖြစ်ပါတယ်။ နအဖရဲ့လမ်းပြမြေပုံမှာ တခြားရည်ရွယ်ချက်တွေအပြင် သူတို့ ပြောင်မကြေညာတဲ့ ရည်ရွယ် ချက်တွေလည်း ရှိပါတယ်။ အဲဒါတွေထဲက အဓိကကျတဲ့အချက်တခုကတော့ သူတို့ကိုယ်သူတို့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရဲ့ ကျိန်စာအောက်က လွတ်အောင်လုပ်ရေးနဲ့ အဲဒီကျိန်စာနဲ့အတူ သူတို့ရဲ့အာဏာကို ခြိမ်းခြောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်သွားစေဖို့၊ ဒါမှမဟုတ် အခုလို ခြိမ်းခြောက်နိုင်စွမ်းမရှိအောင် လုပ်ဖို့ဖြစ်တယ်။ ဒါကြောင့်မို့ ဒီတခါနအဖရဲ့ခြေလှမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အသက်ရှင် ရပ်တည်ရေး၊ နိုင်ငံရေးဂုဏ်သိက္ခာ စတာတို့နဲ့ တိုက်ရိုက်ဆက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလို တမျိုးသားလုံး၊ တနိုင်ငံလုံးအတွက်။ နောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စကြီးပေါ်လာချိန်မှာ ဒီချုပ်အနေနဲ့ ရှေ့တန်းက မားမား မတ်မတ်ရပ်ပြီး ရွပ်ရွပ်ချွံချွံဦးဆောင်လုပ်ကိုင်တာကို တွေ့လိုပါတယ်။ ဒီနေ့အခါမှာ စကား
တခွန်းကို၊ အထူးသဖြင့် နအဖရဲ့ဖွဲ့စည်းပုံဥပဒေကို ဆန့်ကျင်မဲပေးကြဆိုတဲ့ စကားမျိုးကို ဒီချုပ်ကပြောတာနဲ့ တခြားလူတွေပြောတာ ထိရောက်မှုချင်းမတူပါဘူး။ ဒီတကွေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစမ်းသပ်ခံရမယ့်၊ အစစ်ဆေးခံရမယ့် အကွေ့ဖြစ်ပါတယ်။
ခေတ် - ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဘာတွေ ပြင်ဆင်လုပ်သင့်ပါသလဲ။
ရဲဘော်ဖိုးသံချောင်း - ပြည်ပရောက်အဖွဲ့အစည်းတွေဟာ ပြည်တွင်းကလူတွေဆီကိုတူညီတဲ့ မက်ဆေ့ဂ်ျပေးနိုင်ဖို့ လုံးပန်းသင့်ပါတယ်။ ပြည်သူတွေ တစည်းတလုံးတည်း လုပ်ဆောင်နိုင်ဖို့ အတွက် ညှိနှိုင်းပေးတာ၊ ၀ါဒဖြန့်ပေးတာတွေ လုပ်သင့်ပါတယ်။ တခြားလည်း မြေအောက် လုပ်ငန်းသဘော အကူအညီ ပေးနိုင်တာတွေ အများကြီးလုပ်နိုင်ပါတယ်။
Labels: တွေ့ဆုံမေးမြန်းချက်
နအဖ၏ ဆန္ဒခံယူပွဲဥပဒေကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဝေဖန်
ကျော်ထင်
၂၀၀၈ ဖေဖော်ဝါရီ ၂၇
ခေတ်ပြိုင်
စစ်အစိုးရက ထုတ်ပြန်လိုက်သော ပြည့်သူ့ဆန္ဒခံယူပွဲ ဥပဒေအား (စီအာပီပီ) ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က လာမည့်မေလတွင် ပြုလုပ်မည့် ပြည်သူ့ဆန္ဒ ခံယူပွဲသည် လက်ရှိကြုံတွေ့နေသော နိုင်ငံရေး၊ စီးပွားရေးအပါအ၀င် တိုင်းရင်းသား ပြဿနာ များကို ဖြေရှင်းမည့် အဆင့်တခု မဟုတ်ဘဲ မလုပ်သင့် မလုပ်ထိုက်သည်များကို လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “တကယ် လုပ်သင့် လုပ်ထိုက်တဲ့အလုပ်ကို မလုပ်ဘဲနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ကိုလုပ်နေတာ။ တကယ်လုပ်ရမှာက ဒီနေ့ တွေ့ဆုံဆွေးနွေးရေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို တကယ် အလေးအနက်ထား လုပ်ဆောင်ရမယ့်အစား တဖက်သတ်ချထားတဲ့ ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွေကို ဟန်ပြ လုပ်နေတယ်လို့ပဲ ကျနော် ပြောချင်တယ်” ဟု ပြောသည်
ယမန်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၃/၂၀၀၈တွင် လာမည့်မေလ၌ ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် ဦးအောင်တိုး ခေါင်းဆောင်သည့် အဖွဲ့ဝင် (၄၅) ဦးပါ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်ကြောင်းနှင့် မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ပြထားသည်။
ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးအေးသာအောင်က “သူတို့ အခုလုပ်နေတာက ကိုယ့်ဖဲကို ကိုယ်ချိုး၊ ကိုယ့်ဟာကိုယ် ကုလားဖန်ထိုးနေတာကို သက်သက် လူတွေကိုခေါ်ပြီး လုပ်နေတဲ့ ကိစ္စတခုပဲ ဖြစ်တယ်။ အခုဟာက ခေါင်းပန်းလှန်မယ်ဆိုပြီး ခေါင်းပဲကျကျ၊ ပန်းပဲကျကျ စားမယ့်အလုပ်လေ” ဟု ပြောသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံကိုသာ အတည်ပြုလိုက်ပါက တိုင်းရင်းသားပြည်သူတရပ်လုံး စစ်တပ် စိုးမိုးမှု အောက်သို့ ရောက်သွားမည်ဖြစ်သောကြောင့် မည်သို့ပင် အချိန်ဇယားများ၊ ကော်မရှင်များနှင့် ဆောင်ရွက်စေကာမူ အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ပြည်တွင်းမှာရှိတဲ့ အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ သဘောတူညီမှုကို မရတဲ့အတွက် ပြည်သူတွေရဲ့ထောက်ခံမှုကိုလည်း မရနိုင်ပါဘူး။ ပြည်တွင်း နိုင်ငံရေး ငြိမ်သက်မှုကို မရတဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုကိုလည်း တကယ်လုပ်မယ်လို့ မယူဆပါဘူး။ နောက်တခုက တိုင်းရင်းသားတွေ လိုလားနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုံးဝဆန့်ကျင်နေတဲ့အတွက် ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ယခု အတည်ပြုရန် ပြင်ဆင်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် (၁၄) နှစ်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ပေါ်လာသည့် မူများအပေါ် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။ ။
Labels: သတင်း
အငြင်းပွားနေသော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံခွင့် အဆင့်အတန်း
ဒဲရက် တုံကင်
၂၀၀၈ ဖေဖော်ဝါရီ ၂၂
မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် အိမ်ထောင် ပြုခဲ့သောကြောင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက စင်္ကာပူတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားလိုက်သည်ဟု သတင်းများက ဆိုသည်။ မိုက်ကယ်အဲရစ်သည် ၁၉၉၉ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ ဤပြောကြားချက်သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါဝင်သည့် အချက်ကို ထင်ဟပ်ချက် တရပ်သာ ဖြစ်သည်။
အသေးစိတ် အခြေခံရမည့် မူများတွင် ပါဝင်သော ပြည်သူ့လွှတ်တော် (အမျိုးသားလွှတ်တော်) အတွက် ကိုယ်စားလှယ်လောင်း ဖြစ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကို နိုင်ငံတော် သမတ ရွေးကောက်ခံခွင့် အခန်းမှာကဲ့သို့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ နောက်ဆုံးမူကြမ်းတွင် တင်းတင်းကြပ်ကြပ် ပြဌာန်းချက်များ ထည့်သွင်း ပြဌာန်းထားခြင်း မရှိပါက ဦးဥာဏ်ဝင်း၏ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသို့ ပြောကြားချက်သည် ထိုနိုင်ငံခြားရေး ဝန်ကြီးများနှင့် တကမ္ဘာလုံးသို့ ရှုပ်ထွေးမှုများ ဖြစ်စေလိမ့်မည်။
အဆိုပါ ရှိသည်ဟု ဆိုနေသော ကန့်သတ်ချက်သည် ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် မပါရှိပါ။ ဦးဥာဏ်ဝင်း သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရည်ညွှန်း ပြောကြားနေခြင်း ဖြစ်သည်ဟု ကျနော် ထင်ပါသည်။ အဆိုပါ ဥပဒေ ပုဒ်မ။ ၇၄(၁)(က) တွင် ဤသို့ ဆိုထားသည်။ “နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ သို့တည်းမဟုတ်”။ ဤကန့်သတ်ချက်သည် ထိုအချိန်က မြန်မာနိုင်ငံတွင် အမြောက်အမြား ရှိနေကြသော ဗမာတိုင်းရင်းသား မဟုတ်သည့် နိုင်ငံခြားသားများ အထူးသဖြင့် လွတ်လပ်ရေး ရရှိချိန်တွင် ရှိနေကြသော အိန္ဒိယနိုင်ငံသားများကို ရည်ညွှန်းသည်ဟု ကျနော်ထင်ပါသည်။ သူတို့သည် အိန္ဒိယ လွတ်လပ်ရေးနှင့် ဆက်စပ်နေသော မူလအိန္ဒိယ တိုင်းရင်းသားများ ဖြစ်ပါသည်။
ဤအပိုဒ်ကို ၁၉၈၉ မေလ ၃၁ ရွေးကောက်ပွဲ ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။ ဤဥပဒေသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် သက်ဆိုင်ပြီး ပုဒ်မ ၁ဝ (င) အဖြစ် ပါရှိသည်။ အလားတူပင် အဆိုပါ ကန့်သတ်ချက် အပိုဒ်သည် ၃ စက်တင်ဘာ ၂ဝဝ၇ ခုနှစ်က ပြီးဆုံးသွားသည့် အမျိုးသားညီလာခံက ချမှတ်ခဲ့သည့် အသေးစိတ် အခြေခံရမည့် မူများတွင်လည်း အခန်း ၄ အပိုဒ် ၃၃ တွင် ပါရှိသည်။ ဖြစ်နိုင်သည်မှာ ထိုအပိုဒ်ခွဲ ၂ ခုကို နိုင်ငံတော် သမတရွေးအဖြစ် ရွေးကောက်ခံခြင်း အခန်းတွင် ပါရှိသည့်အတိုင်း ထပ်မံ တင်းကြပ်မှုများ ပြုလုပ်ထားလိုက်ဘွယ် ရှိပါသည်။ ထိုသမတ အခန်း၌ အခန်း ၃ ပုဒ်မ ၄ တွင် ဤသို့ ဆိုထားသည်။ “နိုင်ငံတော်သမတ ကိုယ်တိုင်နှင့် သူ၏မိဘများ၊ သားသမီးများ နှင့် အိမ်ထောင်ဘက်များသည် နိုင်ငံခြားအစိုးရ တရပ်၏ ကျေးဇူးသစ္စာကို ခံသူ၊ နိုင်ငံခြား တိုင်းပြည်တခု၏ နိုင်ငံသားသော်လည်းကောင်း နိုင်ငံခြားအစိုးရတရပ်၏ လက်အောက်ခံသော်လည်းကောင်း မဖြစ်စေရ။ ထို့ပြင် ထိုသူတို့သည် နိုင်ငံခြားတိုင်းပြည်၏ နိုင်ငံသားသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစား ခွင့်များကို ခံစားခွင့်ရှိသူ မဖြစ်စေရ”။ ဤသို့ဆိုလျှင် ဖွဲ့စည်းပုံ ဥပဒေ မူကြမ်းသည် အသေးစိတ် အခြေခံရမည့် မူများကို အခြေခံ ရေးဆွဲသည် ဆိုခြင်းမှာ အလွန်ပင် ဖြစ်နိုင်ဘွယ်မရှိဟု ယူဆပါသည်။
၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပချိန်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ ဝင်ခွင့်ကို အကြောင်း ၃ ခုပြ၍ ပယ်ချခဲ့သည်ဟု သိရသည်။ တခုမှာ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထားခြင်းကို အကြောင်းပြ၍ ပယ်ချခဲ့သည်ဟု သိရသည်။ သူမသည် “ယူနိုက်တက် ကင်းဒမ်း နိုင်ငံတွင် အကန့်အသတ်မရှိ နေခွင့် ရရှိထားသည်။ မဲပေးခွင့်မှအပ ဗြိတိသျှနိုင်ငံသားတဦး ခံစားခွင့်ရှိသော အခြား ကျေးဇူးခံစားခွင့် အားလုံးကို ခံစားခွင့်ရှိသူ ဖြစ်သည်။” (ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံရေး အခြေအနေနှင့် ဒေသတွင်း အခန်းကဏ္ဍ - ဗိုလ်မှူးကြီး လှမင်း စာ ၅၃၊ ၂၈ ကြိမ်မြောက် တည်းဖြတ်ခြင်း၊ ၁၉၉၄ ခုနှစ် ဧပြီလ)။
အကယ်၍သာ ထိုအချိန်က သူတို့အနေနှင့် ယူနိုက်တက်ကင်းဒမ်း အာဏာပိုင်များနှင့် ဆက်သွယ်မေးမြန်းခဲ့မည် ဆိုပါက ဗြိတိသျှနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသည့် မြန်မာနိုင်ငံသားတဦး ဖြစ်သော ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် မဲပေးခွင့်အပြင် အခြားနိုင်ငံသားတဦး ခံစားခွင့်ရှိသော အခွင့်အရေးများ မရရှိနိုင်ပုံ စာရင်းရှည်ကြီး တခုကို ရရှိပါလိမ့်မည်။ သူမသည် ဒေသန္တရဆိုင်ရာ၊ နိုင်ငံလုံးဆိုင်ရာနှင့် ဥရောပသမဂ္ဂ ရွေးကောက်ပွဲများတွင် မဲပေးခွင့် မရှိ၊ အဆိုပါ ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းတဦး အနေဖြင့်လည်း ဝင်ရောက် ရွေးကောက်ခံပိုင်ခွင့် မရှိ၊ ဒေသန္တရနှင့် ဗဟိုအစိုးရ ရုံးဌာနများတွင် အမြဲတမ်း ဝန်ထမ်းအဖြစ်လည်း ခန့်ထား ခံပိုင်ခွင့်မရှိ၊ လက်နက်ကိုင် တပ်ဖွဲ့များသို့ ဝင်ရောက်ခွင့်မရှိ၊ ထောက်လှမ်းရေးနှင့် အခြားလုံခြုံရေး အေဂျင်စီများတွင် လုပ်ကိုင်ခွင့် မရှိ၊ နိုင်ငံရပ်ခြားတွင် ဗြိတိသျှ ကောင်စစ်ဝန် ရုံးများ၏ အကာအကွယ်နှင့် ကူညီမှုကို ရယူခံစားပိုင်ခွင့် မရှိ။ ထို့ပြင် သူမ၏ မြန်မာနိုင်ငံကူး လက်မှတ်တွင် ဗီဇာမပါဘဲနှင့် အခြား ဥရောပနိုင်ငံများသို့ သွားရောက်ခွင့်လည်း မရှိပါ။ လူမှုဖူလုံရေး ခံစားခွင့်၊ ဆေးဝါး ကုသခွင့်၊ ပင်စင် အခွင့်အရေး ခံစားခွင့်တို့အပြင် အခြား ဆက်နွယ်နေသော နိုင်ငံတော်က ပေးအပ်သည့် အခွင့်အရေးများကို ယူကေတွင် နေထိုင်သည့် “နိုင်ငံခြားသား” တဦး မခံစား မရယူနိုင်သည့် အခွင့်အရေး တပုံတခေါင်းကြီး ရှိပါသည်။ ကန့်သတ်ချက် များစွာ ရှိပါသည်။ ထို့ပြင် ဘဏ်စာရင်း ဖွင့်ခြင်း၊ ရင်းနှီး မြှုပ်နှံခြင်း၊ အထူးသဖြင့် နိုင်ငံတော်၏ “အမျိုးသားစုငွေ” ဆိုသည့် အမျိုးအစားများအတွက် “နိုင်ငံခြားသား” များအပေါ် နောက်ထပ် လိုအပ်ချက်များ ကန့်သတ် ဖေါ်ပြထားသည်တို့လည်း ကျန်ပါသေးသည်။
အမှန်စင်စစ် ဤကိစ္စနှင့် စပ်လျဉ်း၍ ယူကေ အာဏာပိုင်များက သာလျှင် တိတိကျကျ ပြောဆိုနိုင်ပါလိမ့်မည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ယူကေနိုင်ငံသို့ ပြန်သွားခဲ့ပါက မည်သည့် အခွင့်အရေး၊ ကျေးဇူး ခံစားခွင့်တို့ကို ရယူခံစားခွင့်မရှိ ဆိုသည်ကို သံသယဖြစ်ပါက မြန်မာ အာဏာပိုင်များ အနေဖြင့် ယူကေ အာဏာပိုင်များသို့ ထိုကဲ့သို့သော အချက်များကို ရှင်းလင်း ဖေါ်ပြပေးပါရန်မေးမြန်းသင့်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အချိန်ကမျှ ဗြိတိန်နိုင်ငံသား ဖြစ်ခွင့်အတွက်လည်း လျှောက်ထားခဲ့ခြင်း မရှိ၊ သူမ၏ မြန်မာနိုင်ငံသား အဖြစ်ကိုလည်း စွန့်လွှတ်ခဲ့ခြင်း မရှိ၊ သူမ၏ မြန်မာနိုင်ငံကူး လက်မှတ်ကိုသာ ကိုင်ဆောင်ခဲ့သူ ဖြစ်သည်ဟု ကျနော် နားလည်ထားပါသည်။ ယခု ၂ဝဝ၈ ခုနှစ်တွင် သူမ၏ ယူကေနိုင်ငံတွင် နေထိုင်ခွင့်နှင့် ပတ်သက်၍လည်း ယူကေ အာဏာပိုင်များကသာ အဓိပ္ပါယ် သတ်မှတ် ဖေါ်ပြပေးနိုင်ပါသည်။ သူမသည် ၁၉၈၈ ခုနှစ်မတ်လမှ စ၍ မြန်မာနိုင်ငံတွင်သာ နေထိုင်ခဲ့သည်။ သူမ၏ ယူကေနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် အခွင့်အရေးသည် ယခုရှိသေးသလား မရှိတော့ဘူးလား ဆိုသည်ကို ကျနော် မပြောတတ်ပါ။ သူမသာ ပြန်လာမည် ဆိုပါက သူမကို အချိန်မရွေး လက်ခံကြိုဆို နေမည်သာ ဖြစ်သည်ဟုတော့ ကျနော် မျှော်လင့်ပါသည်။ သို့သော် သူမအနေဖြင့် ထုံးတမ်းစဉ်လာ လုပ်ဆောင်စရာလေးတွေကိုတော့ လုပ်ဆောင်ရန် လိုပါသေးသည်။ ထိုအရာများ အားလုံးသည်လည်း သူမအတွက်တော့ စက္ကန့် ၆ဝ လောက်ပင် မကြာနိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည် မုဆိုးမဖြစ်သည်မှာ ၁၉၉၉ ခုနှစ် ကတည်းက ဖြစ်သည်။ ယူကေနိုင်ငံသို့ ပြန်သွားရန် စိတ်ဝင်စားကြောင်းလည်း မပြခဲ့။ ဤသို့ဖြင့်ပင် သူမကို သူမတခါမှ ရရှိခံစားခွင့် မရှိခဲ့သော ဗြိတိသျှ နိုင်ငံသားတဦး၏ အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များ ရှိသည်ဟု စွပ်စွဲ ပြောဆိုနေခြင်းမှာ ရီစရာပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခွင့်မရှိဟု ပယ်ချခဲ့သည့် နောက် အကြောင်းပြချက် ၂ ခုမှာ သူမ၏ ရန်ကုန်မြို့ အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း အိမ်ခြံဝင်းအတွင်း အကြမ်းဘက် သမားတဦးကို ခိုလှုံခွင့်ပေးခဲ့ခြင်းနှင့် ထိုအကြမ်းဘက်သမားနှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ခဲ့သည် ဟူသော စွပ်စွဲချက်နှင့် သူမ၏ အမြဲတမ်း နေရပ်လိပ်စာကို အောက်စဖို့ဒ်မြို့ အမှတ် ၁၅ ပတ်ခ်လမ်းဟု ပေးထားခဲ့ခြင်းတို့ ဖြစ်သည်။ ထိုအချက်များသည် ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုသည်။ ပထမအချက်သည် ထိုဥပဒေ ပုဒ်မ ၁ဝ(ဇ) နှင့် ငြိစွန်းပြီး၊ ဒုတိယ အချက်သည် ထိုဥပဒေ ပုဒ်မ ၈(ခ) နှင့် ငြိစွန်းသည်ဟု ဆိုသည်။ အနိမ့်ဆုံးအားဖြင့် ယနေ့ကာလတွင် သူမ၏ အမြဲတမ်း နေရပ်လိပ်စာ၊ သူမကို အတင်းအကြပ် ပိတ်လှောင် နေခိုင်းထားရာ နေရာသည် အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း ဆိုသည်ကို သံသယ ဖြစ်စရာ မလိုတော့ပါ။ ထို့ပြင် ထိုနေရာ၌ “အကြမ်းဘက်သမားများ” ကို နောက်ထပ် တွေ့မြင်ရရန်လည်း အလွန်ပင် ဖြစ်နိုင်ခြေ နည်းလှပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခြင်းကို တားမြစ်ပိတ်ပင်ခြင်း မခံခဲ့ရပါ။ ယခု ၂ဝဝ၈ ခုနှစ် ဆန္ဒခံယူပွဲနှင့် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတို့တွင်လည်း ဆန္ဒမဲပေးခွင့်ကို တားမြစ် ပိတ်ပင်ခြင်းခံရရန် အကြောင်း တစုံတရာ မရှိဟု ယူဆရပါသည်။
ပြည်သူ့လွှတ်တော်တွင် ရွေးချယ်တင်မြှောက် ခံပိုင်ခွင့်အတွက် အရည်အချင်း သတ်မှတ်ချက်များကို ရွေးကောက်ပွဲ ဥပဒေသစ်တွင် တိတိကျကျ သတ်မှတ် ဖေါ်ပြထားရန် လိုလိမ့်မည် ဖြစ်သည်။ အကြောင်းမူ လာမည့် ဆန္ဒခံယူပွဲတွင် အများစု မဲရပါက အတည်ဖြစ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ပြဌာန်း အတည်ပြုပေးနိုင်မည့် နေရာသည် ပြည်သူ့လွှတ်တော် ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းတွင် တွေ့ရှိရသည့် အရည်အချင်း သတ်မှတ် ဖေါ်ပြချက်များ အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေတွင်လည်း သတ်မှတ် ဖေါ်ပြထားလိမ့်မည်ဟု ယူဆရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်၌ကမူ ရွေးကောက်ပွဲများ ကျင်းပချိန်တွင် အာဏာ တည်ဦးမည် မဟုတ်ပါ။
ကျနော့် နိဂုံးချုပ်ချက်မှာ ဤသို့ ဖြစ်သည်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးသည် သူ၏ လုပ်ဖော်ကိုင်ဘက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို အမှုမဲ့အမှတ်မဲ့ လှည့်စားမိခဲ့ခြင်း ဖြစ်ဟန်တူသည်။ သို့တည်းမဟုတ် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၏ စကားသည် မည်သို့ အဓိပ္ပါယ် သက်ရောက်သည် ဆိုသည်ကို ထို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတို့ နားမလည် သဘောမပေါက်တာလည်း ဖြစ်နိုင်သည်။ မည်သို့ ဖြစ်ပျက်ခဲ့သည် ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းကို အမှန်တကယ် ပုံနှိပ် ထုတ်ဝေသော အခါမှသာလျှင် ထိုပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ပါသည်။
(ဤစာကို ရေးသားသူ ဒဲရက်တုံကင်သည် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း ဖြစ်ပြီး ယခုအခါ မြန်မာကွန်ရက်အဖွဲ့ Network Myanmar တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိသည်) (www.networkmyanmar.org)
Labels: ဆောင်းပါး
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပြုခြင်းသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေကို ဖျက်ဆီးခြင်းဖြစ်
၂၀၀၈ ဖေဖော်ဝါရီ ၂၁
ကိုမိုးသီးဘလော့ဂ်
အေဖက်ဖ်ပီ၊ ဘန်ကောက် ၂၀၊ ၂၊ ၂၀၀၈။
“စစ်အစိုးရ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မရှိဘူးဆိုတဲ့ စစ်အစိုးရရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်ဟာ ၄င်းတို့ကြေငြာထားတဲ့ လမ်းပြမြေပုံ အပေါ်မှာရှိတဲ့ ယုံကြည်မှုတွေ ကို ဖျက်ဆီး လိုက်တာဘဲ” လို့ မြန်မာ့အရေး လေ့လာ သူ တစ်ဦး က ဗုဒ္ဓဟူးနေ့ က ပြောဆို လိုက်ပါတယ်။
စစ်အစိုးရက အံ့သြစရာကောင်းတဲ့ကြေငြာချက်တစ်ခုကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေငြာ လိုက် ပါတယ်။ အဲဒီကြေငြာချက်အရ လာမယ့်မေလအတွင်းမှာ ၄င်းတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အ ပေါ်ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီး၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အချက်ပါဘဲ။ ဒါဟာ အနှစ်နှစ် ဆယ်အတွင်းမှာ စစ်အစိုးရဘက်က ရွေးကောက်ပွဲနဲ့ပက်သက်လို့ ပထမဆုံးအကြိမ် ကြေ ငြာတဲ့အချက်ပါဘဲ။
ဒါပေမယ့်ပြီးခဲ့တဲ့ အင်္ဂါနေ့နောက်ပိုင်းမှာ စင်္ကာပူမှာ ကျင်းပပြုလုပ်တဲ့ ဒေသဆိုင်ရာအစည်းအဝေးတစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက “ဖွဲ့စည်းပုံအခြေခံဥပဒေသစ် မူကြမ်းကတော့ပြီးပါပြီ။ ဒါပေမယ့် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုဖို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တားမြစ်ထားပါတယ်” လို့ပြောသွားပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ သုတေသီတစ်ဦးဖြစ်သူ ဆူနိုင်းဖာဆက် က အဲဒီကိစ္စနဲ့ပက်သက်ပြီး
“သူတို့ခေါင်းထဲထည့်ထားတာ တစ်ခုပဲရှိတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ကိုသူတို့ရဲ့ နေရာယူမှာကို ကြောက် လို့ တားမြစ်ပိတ်ပင်တာပဲါဖြစ်တယ်။ သူမကို ရွေးကောက်ပွဲမှာ ပါဝင်မလာအောင်၊် အကြောင်းပြချက် အမျိုးမျိုးပေးလို့ရအောင် ဥပဒေတွေထဲမှာ ထည့်သွင်းရေးဆွဲထားပြီးဖြစ်တယ်၊ တကယ်လို့ စစ်အစိုးရက ဒေါ် အောင်ဆန်းစုကြည် နဲ့ စေ့စပ်ဆွေးနွေးမှု မလုပ်ဘဲ သူတို့ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ လမ်းပြ မြေပုံဟာလည်း ရှေ့ဆက်သွားလို့ရတော့မှာ မဟုတ်ဘူး”
“ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေဟာ တိုးတက်လာတယ်လို့ ဆိုလို့မရပါဘူး။ ဘာကြောင့်လဲဆို တော့ ဒီမိုကရေစီအင်အားစုတွေကို ချန်လှပ်ထားပြီး၊ ညှင်းပန်းနှိပ်စက်မှုတွေ ဆက်လက်ပြုလုပ်နေလို့ဘဲ ဖြစ်တယ်။”
“ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင်တောင် ၁၉၉၀ မှာ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရခဲ့တဲ့ ရွေးကောက် ပွဲရ လာဒ်ကို အရင် အကောင်အထည်ဖော်ရမှာပါ။” လို့ အေဖက်ဖ်ပီ ကို ပြောသွားပါတယ်။
စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်းကို ၁၄ နှစ်ကြာကြာရေးဆွဲခဲ့ပြီး စက်တင်ဘာလမှာအပြီး သတ်ခဲ့ ပါတယ်။ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားတစ်ယေက်ကို လက်ထက်လို့ ရွေး ကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူး လို့ စစ်အစိုးရဘက် က ဆိုပါတယ်။
သူမရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ ၉ နှစ်က ကင်ဆာရောဂါ နဲ့ ကွယ်လွန်ခဲ့ပြီး၊ သူမရဲ့သားနှစ်ယေက်ဟာလည်း အင်္ဂလန်နိုင်ငံသားတွေပါ။
ပြီးခဲ့တဲ့နှစ်က သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နှင်းမှုပေါ် နိုင်ငံတကာရဲ့ ဖိအား ပေးမှုတွေကြားကဘဲ မြန်မာစစ်အစိုးရဟာ လမ်းညွှန်ချက်တွေပေးပြီး ရှေ့ကို ဆက်သွားနေပါတယ်။ စက်တင်ဘာလ ဆန္ဒပြပွဲတွေဟာ ရာစုနှစ်နှစ်ခုအတွင်းမှာ စစ်အစိုးရကို အကြီးမားဆုံး စိန်ခေါ်မှုတွေဖြစ်ခဲ့ ပါ တယ်။ စစ်သားတွေကလည်း ဆန္ဒပြ လူအုပ်ကြားထဲ သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြပွဲမှာ ပစ်ခတ်သတ်ဖြတ်ခံရ သူ အနည်းဆုံး ၃၁ ယောက် ရှိပါတယ်။
အဲဒီလိုအကြမ်းဖက်နှိမ်နှင်းပြီးနောက်ပိုင်းမှာပဲ စစ်အစိုးရဟာ ကုလသမဂ္ဂကို အထူးအခွင့်အရေးတွေ ပေး သယောင်နဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အေဗရာဟမ် ဂမ်ဘာရီကို မြန်မာနိုင်ငံကို နှစ်ကြိမ်လည် ပတ်ခွင့် ပေးခဲ့ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးဖို့ ဆက်သွယ်ရေးအရာရှိတစ်ယောက် ခန့်ခဲ့ ပါသေးတယ်။
“အဲဒါတွေဟာ စစ်အစိုးရရဲ့ ၎င်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာ အများစိတ်ဝင်စားလာအောင် သွေး ဆောင်
ဖြားယောင်းခြင်းဘဲဖြစ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိဘူးလို့ အတည်ပြုပြောကြားချက်ဟာ၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အင်န်အယ်လ်ဒီ တောင် ပါဝင်ခွင့် မရှိဘူး ဆိုတာ အသိပေးလိုက်တာပါဘဲ” လို့ ဘန်ကောက် အခြေစိုက် မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းက ပြောသွား တာပါ။
ဂမ်ဘာရီက တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောသွားရာမှာ သူဟာ မြန်မာပြည်ကို မကြာခင်မှာ သွားခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့အရေးလေ့လာသူများ က ဂမ်ဘာရီဟာ စစ်အစိုးရကို သဘောထားပြောင်းလဲသွားအောင် စည်းရုံးနိုင်ပါ့မလားဆိုတဲ့ သံသယတွေတော့ ရှိနေပါတယ်။
“ကျနော်ကတော့ စစ်အစိုးရ ဟာ သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ချပြလိမ့်မယ်လို့ မမြင်ဘူး။ ပြီးတော့ ဂမ်ဟာရီဟာ စစ်အစိုးရကို ခက်ခက်ခဲခဲကိုယ်တွယ်နေတယ်။ သူ့လုပ်ဆောင်ချက်တွေကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူ့မှာ မြန်မာနိုင်ငံရေးအခြေအနေကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင် စွမ်းတော့ သိပ်မရှိပါဘူး။” လို့ နိုင်ငံတကာ အကြပ်အတည်း လေ့လာရေးအဖွဲ့၊ အရှေ့တောင်အာရှ စီမံကိန်း ဒါရိုက်တာ ဖြစ်သူ ဂျွန်ဗားဂိုးက ပြောပါတယ်။ ၎င်းကပင်ဆက်လက်ပြီး “မေးစရာမေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအင်အားစုတွေက စစ်အစိုးရ နဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေး ဖို့ နည်းလမ်း တစ်ခုကို ရှာတွေ့ဖို့ ဘယ် လောက် အချိန်ယူမှာလဲ၊ မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံမှာ သင်တို့ အသုံးချနိုင် တဲ့ အချက် အလက် တွေပါရဲ့ လားဆိုတာပါဘဲ။” လို့ မေးခွန်းသဘောမျိုး သုံးသပ်ပြသွားပါတယ်။
အခုအချိန်မှာတော့ အင်န်အယ်လ်ဒီ အနေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို စောင့်ကြည့်နေရတာပဲရှိပါတယ်။ ဒါပေမယ့် အင်န်အယ်လ်ဒီက မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်လဲရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုတော့ စစ်အစိုးရအနေနဲ့ လေးစားရမယ်လို့ သတိပေးပြောကြားပြီးဖြစ်ပါတယ်။
အင်န်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ တရာမျှတမှု ရှိမှာ မဟုတ်ကြောင်း နဲ့ စစ်အစိုးရက ပြည်သူ့ ဆန္ဒခံယူပွဲရလာဒ်ကိုတောင် မသိသေးပဲ ရွေးကောက်ပွဲလုပ် ဖို့ ပြင်ဆင် နေခြင်းကို ၎င်းအနေ နှင့် ရှုံ့ချကြောင်း ပြောကြားလိုက်ပါတယ်။
Labels: သတင်း
ဒေါ်စု ရွေးကောက်ပွဲ မ၀င်ရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်
နေသွင်
၂၀၀၈ ဖေဖော်ဝါရီ ၂၅
မဇ္ဈိမ
ချင်းမိုင်။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင် အရွေးခံခွင့်မရှိ ဟူသော ပြောဆိုချက်အပေါ် “ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်” ဟု ဆိုကာ စစ်အစိုးရအ နေဖြင့် ပြောပိုင်ခွင့် မရှိဘဲ ပြောခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ တုံ့ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာသော မြန်မာနိုင်ငံသားတဦး ဖြစ်သဖြင့် ယခု ပြောဆိုမှုသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး ထိုးချက်နှက် ဖြစ်သည်ဟု အဖွဲ့ချုပ်က ပြောသည်။
အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ဒီလို ပြောကြားခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မရှိ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလည်း မရှိသေးတဲ့ အချိန်မှာ ပြောပိုင်ခွင့် မရှိတဲ့ ပုဂ္ဂိုလ်တဦးက ပြောတာ ဖြစ်တယ်။ အခုလို ပြောကြားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကို ပြောဆိုတဲ့ ပြောဆိုချက် ဖြစ်တယ်” ဟု ပြောသည်။
ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိခြင်း၊ မရှိခြင်း ကိစ္စသည် ရွေးကောက်ပွဲ ဥပဒေအရ (သို့မဟုတ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောမည်ဖြစ်ပြီး ဥပဒေ မရှိသေးသော အချိန်တွင် ပြောကြားခြင်းသည် ပြောပိုင်ခွင့်မရှိဘဲ ပြောခြင်းဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။
ထို့အပြင် စစ်အစိုးရ၏ ကန့်သတ်ချက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၂) နှင့် (၂၁) တို့တွင် ပါဝင်သော အချက်များကို ချိုးဖောက်မှု ဖြစ်ရုံမျှမက၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း အန်အယ်ဒီက သတိပေးသည်။
ဦးဥာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့၏ တိုင်းပြည်အကျိုးအတွက် စကားပြောနေတဲ့ အချိန်မှာ အခုလို မပြောသင့်၊ မပြောထိုက်တဲ့ဟာကို ပြောတာ ဖြစ်တဲ့အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တယ်” ဟု ပြောသည်။
ယနေ့ ထုတ်ပြန်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးပါက အန်အယ်ဒီက ရွေးကောက် ပွဲဝင်မည့် သဘောလား ဟူသော မေးမြန်းချက်အပေါ် ဦးဥာဏ်ဝင်းက “အဲဒီအဆင့်က ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံက အတည်ဖြစ်လား၊ မဖြစ်လား မသိသေးဘူး။ ရွေးကောက်ပွဲဆိုတာ အဝေးကြီးပါ။ ဒီအချိန်မှာ ဒီဥစ္စာကို ဘာမှ ပြောစရာ မရှိသေးပါဘူး” ဟု တုံ့ပြန်သည်။
“ကျနော်တို့ အခုထိရှိတဲ့ ဥပဒေထဲမှာ လုံးဝမပါဘူး။ အမျိုးသား ညီလာခံက ထုတ်တဲ့ အခြေခံမူထဲမှာ သမတ အရည်အချင်းနဲ့ ပတ်သက်လို့ ပါတယ်။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲမှာ မပါဘူး” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်မ၀င်ရ
နေနေ
၂၀၀၈ ဖေဖော်ဝါရီ ၂၆
ခေတ်ပြိုင်
မကြာသေးခင်ကပဲ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက စင်ကာပူမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေရှေ့မှာ တုံးတိတိ ပြောချလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားတဦးရဲ့ ဇနီးဖြစ်တာရယ်၊ သား (၂) ယောက်စလုံးက ဗြိတိန်နိုင်ငံသားတွေ ဖြစ်တာကြောင့် ဖွဲ့စည်းပုံသစ်အရ လာမည့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးပါဘူးတဲ့။ စစ်အစိုးရက ဒီလိုထုတ်ပြော လိုက်တော့ “ဒေါ်စုကို ဘာလို့ရွေး ကောက်ပွဲဝင်ခွင့်မပေးရမှာလဲ” ဆိုပြီး ဒေါသ ထွက်ကုန်ကြပါတယ်။ အမှန်က အရင်ကတည်းက ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးဆိုတာ အဖြေရှိပြီးသားပါ။ မတ်လအစောပိုင်းမှာ မြန်မာပြည်ကို နောက် တခေါက်သွားမယ့် နိုင်ဂျီးရီးယားသံတမန်ကြီးကလည်း စစ်အစိုးရကို ဒီကိစ္စ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ အာဆီယံနိုင်ငံတွေကလည်း စစ်အစိုးရက ဒီလိုဆုံးဖြတ်လိုက်တာဟာ အံ့သြစရာ ကောင်းတယ်။ အချိန်ကာလအရလည်း လက်တွေ့မကျဘူး။ ဒါပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်ပါဘူးလို့ပြောပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကဆို “ဒါသူတို့ပြည်တွင်းရေး၊ သူတို့သမိုင်း၊ ကျနော်တို့က ဘာများတတ်နိုင်မလဲ” လို့ စိတ်ပျက်လက်ပျက်ပြောရှာပါတယ်။
ဇာတ်လမ်းအစ
ပထမဆုံး စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မြောင်းထဲပို့လိုက်တာပါ။ အမျိုးသား ညီလာခံဆိုပြီး အကြောင်းပြ၊ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ အန်အယ်လ်ဒီက ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းထားလိုက်ပါတယ်။ အမတ်တော်တော်များများကို ထောင်ထဲထည့်၊ တော်တော်များများကို တောထဲပို့လိုက်ပါတယ်။ ဒီလိုနဲ့ (၁၄) နှစ်လောက်ကြာသွားပါတယ်။ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာမလွှဲတဲ့တိုင်းပြည်ဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူးတော့ ကုလသမဂ္ဂရော၊ အာဆီယံရော၊ နိုင်ငံတကာကရော လက်မခံပါဘူး။
မျက်လှည့်ပြကွက်
ရူးချင်ယောင်ဆောင်လို့မရတဲ့အဆုံးမှာ စစ်အစိုးရက လမ်းပြမြေပုံဆိုပြီးမျက်လှည့်ပြလိုက်ပါတယ်။ အမေရိကန်၊ အီးယူစတဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီအင်အားစုတွေကလွဲလို့ ကုလသမဂ္ဂအပါအ၀င်၊ အာဆီယံနိုင်ငံများက စောင့်ကြည့်မယ် ဆိုတဲ့အဆင့်ကို လျှောကျသွားပါတော့တယ်။ ဒီလိုနဲ့ အမျိုးသားညီလာခံဆိုပြီး ညောင်နှစ်ပင်မှာ ပြန်စတော့ လုပ်နည်းလုပ်ဟန်တွေက တရားမျှတမှု မရှိဘူး။ လူထုကိုယ်စားလှယ်တွေမပါဘူးဆိုပြီး ၀ိုင်းဝေဖန်ကြပါတယ်။ ဒါပေမယ့် စစ်အစိုးရက ခပ်တည်တည်ပဲ အမျိုးသားညီလာခံကို ၂၀၀၄ အလယ်လောက်မှာ တကျော့ပြန်စပြီး၊ ၂၀၀၈ အစမှာအဆုံးသတ်လိုက်ပါတယ်။ ဘယ်သူတွေသဘောတူတူ၊ မတူတူဖွဲ့စည်းပုံမူကြမ်းကတော့ ပြီးသွားပါတယ်။
ထိပ်တိုက်တွေ့
ဖွဲ့စည်းပုံမူကြမ်းပြီးတဲ့အခါမှာ လူထုဆန္ဒခံယူပွဲမလုပ်ခင်မှာပဲ ရွှေဝါရောင် လူထုလှုပ်ရှားမှုကြီးနဲ့ တည့်တည့်တိုးပါတယ်။ စစ်အစိုးရက ထိတ်ထိတ်လန့်လန့်နဲ့ လမ်းပြမြေပုံနေရာမှာ “တွေ့ဆုံ ဆွေးနွေး” လို့ ချော်လဲရောထိုင်လုပ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေက ယုတ္တိမရှိတဲ့အချက်တွေကို တောင်းဆိုပြီး ဒါတွေကိုလိုက်လျှောလျှင် သူကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးမယ် လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ပြောလိုက်ပါတယ်။ သိကြတဲ့အတိုင်း စက်တင်ဘာအရေးအခင်း ကြောင့်တိုးလာတဲ့ ပြည်တွင်းပြည်ပ ဖိအားတွေ အကုန်ပျက်ပြယ်သွားပါတယ်။ ဘာမဆိုင်ညာမဆိုင် အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးဆိုပြီးတောင် ခန့်လိုက်တာ (၃) လလောက်ကြာပါတယ်။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ (၄) ခါ တွေ့ပါတယ်။ ဒီဆွေးနွေး ပွဲတွေကို အစကတည်းက မယုံကြည်တဲ့လူတွေလည်းရှိပါတယ်။ ဒါပေမယ့် တခုခုတော့ ထူးခြား လာကောင်းပါတယ်လို့ မျှော်လင့်တဲ့လူတွေလည်းရှိပါတယ်။ ဒီထဲမှာ ပြည်တွင်းက အန်အယ်လ်ဒီ အဖွဲ့ချုပ်လည်းပါပါတယ်။
အလိမ်ပေါ်ပုံ
ဒီကြားထဲမှာ မစ္စတာဂမ်ဘာရီကလည်း မြန်မာပြည်ကိုလာမည် တကဲကဲလုပ်နေပါတယ်။ သူလာရင် တွေ့ဆုံဆွေးနွေးနေတာနဲ့ပတ်သက်လို့အလိမ်ပေါ်မှာကို စစ်အုပ်စုကကြောက်ပြီး ဧပြီမှလာပါလို့ မေတ္တာရပ်ခံပါတယ်။ အဲဒီတော့မှ လူထုဆန္ဒခံယူပွဲတွေ အဓမ္မဖန်တီးယူပြီး မစ္စတာဂမ်ဘာရီကို ခေါ်ပြမယ်လို့ စီစဉ်ထားပုံရပါတယ်။ အကြိုတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလဆန်းပိုင်းမှာ ကြေညာချက်ထုတ်ခဲ့ပြီး ကြိုဆိုခဲ့ပါတယ်။ အရင်လို စစ်အစိုးရက “အီရောအီရော” လုပ်လို့မရအောင် ကုလသမဂ္ဂနှင့် နိုင်ငံတကာရဲ့ စောင့်ကြည့်မှုအောက်ကို ရောက်သွားအောင် လုပ်လိုက်တာလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက သူတို့လမ်းစဉ်ကို အပြောင်းအလဲမလုပ်ဘဲ အရင်လိုပဲ “အရည်မရအဖတ်မရ” လုပ်နေတော့ ဇန်န၀ါရီလ (၃၀) ရက် နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က “အကြိုဆွေးနွေးပွဲအပေါ်မှာ အားမရဘူး။ အဆိုးဆုံး အတွက်ပြင်ဆင်ထားကြပါ” လို့ အပြင်ကမ္ဘာကို သတင်းစကား ပါးလိုက်ပါတယ်။ အဲဒီမတိုင်ခင်က ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်က ပထမတကြိမ်က နှစ်ဘက်ယုံကြည်မှု တည်ဆောက်တာပါ။ ဒုတိယတကြိမ်က ဆွေးနွေးပွဲခေါင်းစဉ်တွေစဉ်းစားတာပါ။ တတိယတကြိမ်က ထပ်ဖြည့်စရာတွေကို ဆွေးနွေးတာပါလို့ပြောပါတယ်။ နောက်ထပ်တကြိမ်လည်းတွေ့ပြီးရော ဘာမှ ဆင်ခြေမပေးနိုင်ခင် အလိမ်ပေါ်သွားပါတယ်။
မထူးဇာတ်ခင်း
စစ်အစိုးရက ကုလသမဂ္ဂကိုရော၊ နိုင်ငံတကာကိုရော ထပ်လိမ်လည်း မထူးတော့ပါဘူးဆိုပြီး တွေ့ဆုံဆွေးနွေးရေးကို ဆက်မလုပ်တော့ဘူးဆိုတာကို ပြတ်ပြတ်ပြပါတော့တယ်။ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ (မေလ) လူထုဆန္ဒခံယူပွဲ နှင့် (၂၀၁၀) ရွေးကောက်ပွဲအစီအစဉ်ကို ကောက်ခါ ကြေညာလိုက်ပါတယ်။ ဒေါ်အောင်ဆန်စုကြည်က အဆိုးဆုံးကိုပြင်ဆင်ထားပါလို့ပြောတာနဲ့ (၁၀) ရက်ပဲကွာပါတယ်။ အားလုံးက မျှော်လင့်မထားတဲ့အချိန်မှာပါ။ နောက်ထပ် (၁၀) ရက်အကြာမှ ဖွဲ့စည်းပုံအချောပြီးပြီလို့ ဦးအောင်တိုးက ကြေညာပြီး၊ အဲဒီနေ့မှာပဲ စင်ကာပူရောက်နေတဲ့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ၀င်ခွင့်မပေးဘူးဆိုပြီး ထုတ်ပြောလိုက်ပါတယ်။
ကယ်တင်ရှင်ပြန်လာ
စစ်အစိုးရက ဒီလိုလည်းကြေညာလိုက်ရော တရုတ်ပြည်ကိုရောက်နေတဲ့ မစ္စတာဂမ်ဘာရီက “ကောင်းပါတယ်။ အချိန်အကန့်အသတ်နဲ့ဆိုတော့ တိုးတက်မှုရှိပါတယ်” လို့ဆိုပြန်ပါတယ်။ လွန်ခဲ့တဲ့တပတ်ကမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ပြောထားတဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ အဖြေရှာရေးကို မေ့သွားပါတယ်။ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ရေးအတွက် ကြားဝင်ဆောင်ရွက်နေတယ်ဆိုတာလည်းမေ့သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်ရရေး အတွက် သူပြောပေးမယ်လို့ဆိုလာပြန်ပါတယ်။
မမျှော်လင့်သင့်သောအရာ
စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးရေးမှာ အလိမ်မပေါ်ခဲ့ရင် ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ ကို အခုလောက် စောစောကြေညာချင်မှ ကြေညာမယ်လို့သုံးသပ်ရပါတယ်၊ ဒါပေမယ့် ဘယ်အခြေအနေ မှာပဲဖြစ်ဖြစ် သူတို့က အနှေးနဲ့အမြန် တွေ့ဆုံဆွေးနွေးရေးကိုဖျက်မှာပါပဲ။ စစ်အစိုးရဘက်က ဆန္ဒခံယူပွဲကို လုပ်ချင်သလိုလုပ်ပြီး ရွေးကောက်ပွဲလည်း လုပ်ချင်သလိုလုပ်သွားလို့ရပါတယ်။ ကုလသမဂ္ဂအပါအ၀င် တော်တော်များများက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ၀ိုင်းတွန်းရမယ့်အစား လူထုဆန္ဒအစစ်အမှန်နဲ့ဆန္ဒခံယူပွဲ၊ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲလို့ အော်လိုက် တဲ့အချိန်မှာ စစ်အစိုးရအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လွှင့်ပစ်ဖို့ အခွင့်အရေးရသွားပါတယ်၊။ နောက်တဆင့်အနေနဲ့ ဒေါ်အောင်ဆန်စုကြည်ကို ရွေးကောက်ပွဲမှာ ၀င်ခွင့်မပေးပါဘူးလို့ လည်းကြေညာလိုက်ရော တော်တော်များများက ဒေါ်စုဘာလို့ မပါရမလဲဆိုပြီး ဖြစ်သွားကြပြန်ပါတယ်။ သုံးပွင့်ဆိုင်အမျိုးသားရင်ကြားစေ့ရေးကို မေ့သွားကြပါတော့တယ်။ ဒေါ်အောင်ဆန်း စုကြည်သာ ပါခွင့်ရရင် စစ်အစိုးရကလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလက်ခံမယ်လို့ အဓိပ္ပာယ် ထွက်သွားလို့ စစ်အစိုးရအတွက် အမြတ်ချည်းပါပဲ။
၁၉၉၀ လား၊ ၂၀၁၀ လား။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ အခုအချိန်မှာ လူထုဆန္ဒနဲ့ဘယ်လောက်ကိုက်ညီသလဲဆိုတာ အငြင်းပွားစရာ မဟုတ်ပါဘူး။၊ ဥပဒေကြောင်းအရ တရားဝင်သလို လူထုဆန္ဒနဲ့လည်း ကိုက်ညီ နေတုန်းပါပဲ။ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ထောက်ခံနေဆဲဖြစ်တယ်ဆိုတာ ၂၀၀၃ ခုနှစ်ကတကြိမ်၊ ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာတကြိမ် ပြသခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ စစ်အစိုးရအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေက ၀ါဒဖြန့်ခဲ့တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုမရှိတော့ပါဘူးလို့ အမှန်တကယ် ယုံကြည်ရင် နေအိမ်အကျယ်ချုပ်က ပြန် လွှတ်လိုက်ရုံပဲရှိပါတယ်။
လှသောဂိမ်း
၂၀၁၀ မှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်တယ်၊ မ၀င်ဘူးဆိုတာ ခဏထားပြီး လောလောဆယ် မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ နိုင်ငံရေးအကျဉ်းသား (၂၀၀၀) နီးပါးကိုပြန်လွှတ်၊ လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားခွင့်ပေးလိုက်မယ်ဆိုရင် စစ်အစိုးရအတွက်ပိုပြီး သိက္ခာတက်စရာ ရှိပါတယ်။ (ဒေါ်စုလုံခြုံရေးတော့ သတိထားရမယ်)။ သတ္တိရှိရင် စစ်အစိုးရအနေနဲ့ ယခုနှစ်ကုန် သို့မဟုတ် နောက်နှစ်ဆန်းလောက်မှာ လွတ်ငြိမ်းချမ်သားခွင့်နဲ့ မတရားဖမ်းထားတဲ့ အကျဉ်းသားတွေ အားလုံးကိုပြန်လွှတ်၊ မတရားအသင်းကြေညာထားတဲ့ တိုင်းရင်းသားပါတီတွေကို ပြန်လည်တရားဝင်ခွင့်ပေး၊ ပြီးမှ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ သမိုင်းလမ်းကြောင်းက တမျိုးတဖုံဖြစ်သွားနိုင်ပါတယ်။ အန်အယ်ဒီက ပြောနေတဲ့ နိုင်ငံရေးဝန်းကျင်ကောင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက ဒီလမ်းကြောင်းကို မရွေးဖို့ သေချာသလောက်ပါပဲ။
အကြပ်အတည်း
ဒေါ်အောင်ဆန်းစုကြည်ဆက်ဖမ်းထားပြီး ရွေးကောက်ပွဲကို စစ်အစိုးရဘက်က မသမာတဲ့နည်းနဲ့ လုပ်နိုင်တယ်ထား။ နောင်တက်လာမည့် အစိုးရဟာ အမည်ခံအရပ်သားအစိုးရပဲဖြစ်မယ်ဆိုတာက ရှင်းလွန်းပါတယ်။၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကလည်း ကျသွားဖို့မရှိပါဘူး။ လူထုက သူတို့ခေါင်းဆောင်ကို ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်မျှော်ကြမှာပါပဲ။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံက နှာစေးပေးထားမယ်ဆိုရင်တောင် အမေရိကန်နဲ့ အီးယူကတော့ နောက်တက်မယ့် အစိုးရကို အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ အနှစ် (၅၀) ကျော် လက်နက်ကိုင်လာတဲ့ တိုင်းရင်းသားပြဿနာတွေကလည်း ပြေလည်သွားမယ့်ပုံ မရပါဘူး။ ဒီလိုပဲ ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီ အင်အားစုတွေကလည်း (၁၉၉၀) ရွေးကောက်ပွဲရလဒ်ဆိုတဲ့ သူတို့ရဲ့ အနိုင်ဖဲကို ဘယ်တော့ဖြစ်ဖြစ် လက်လွှတ်လိုက်ကြမယ်လို့ မမြင်ပါဘူး။ ဒီအတိုင်းဆိုရင် မစ္စတာဂမ်ဘာရီတို့ စိတ်ကူးယဉ်နေတဲ့အတိုင်း မြန်မာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းကလည်း ပြေလည်သွားစရာ အကြောင်းမရှိပါဘူး။ ။
Labels: ဆောင်းပါး
ကြေညာချက်အမှတ် ၂/၂၀၀၈
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
(ကြေညာချက်အမှတ် ၂/၂၀၀၈)
၁၃၆၉ တပို့တွဲလဆန်း ၃ ရက်
(၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်)
Labels: ကြေညာချက်
ကြေညာချက်အမှတ် ၁/၂၀၀၈
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
(ကြေညာချက်အမှတ် ၁/၂၀၀၈)
၁၃၆၉ တပို့တွဲလဆန်း ၃ ရက်
(၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်)

Labels: ကြေညာချက်
Wednesday, December 5, 2007
အစကတည်းက မဖြစ်နိုင်တဲ့ တွေဆုံဆွေးနွေးရေး ပျက်ရတယ် ဆိုရင်ဖြင့်
တူမောင်ညို
၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဂျာနယ်
အတိုက်အခံတွေဘက်ကပြောနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ (နအဖ) စစ်အစိုးရရဲ့ လမ်းပြမြေပုံအတိုင်း ဆက်သွားဖို့မဟုတ်ဘူး။ ထို့အတူပါပဲလမ်းပြမြေပုံရောက်ရှိနေတဲ့အဆင့် (တတိယအဆင့်) ကနေ ပါဝင်လုပ်ဆောင်ဖို့လဲ မဟုတ်ပါဘူး။
သြဂုတ်၊ စက်တင်ဘာအုံကြွမှုရဲ့ အဓိကတောင်းဆိုချက်တွေရဲ့ အနှစ်သာရက (နအဖ) စစ်အစိုးရ လမ်းပြမြေပုံကို ရပ်ပစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အခြားအတိုက်အခံတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါဝင်တွေ့ဆုံဆွေးနွေးကြဖို့သာ ဖြစ်ပါတယ်။ အခု (နအဖ) စစ်အစိုးရပြောဆိုဖေါ် ပြနေတာတွေက လမ်းပြမြေပုံကနေ တပြားသားမှ အလျော့မပေးဘူး ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း မစဉ်းစားပါဘူး။ ဆက်လက်ပြီးတော့လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနေတော့ တွေ့ဆုံ ဆွေးနွေးရေးဆိုတာဟာ ဘယ်လိုဖြစ်လာနိုင်မှာလဲ။ ဘာမှမျှော်လင့်စရာ မရှိပါဘူး။
(နအဖ) စစ်အစိုးရဟာ တကယ်တော့ အချိန်ဆွဲနေတာပါ။ အချိန်ဆွဲပြီး လမ်းပြမြေပုံ အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတာလည်း ပေါ်လွင်ပါတယ်။ ကျွန်တော်တို့ ပြည်သူများအနေနဲ့လည်း ဘယ်သူ့ကိုမှ အားကိုး လို့မရပါဘူး။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ့်အားကိုယ်ကိုးမှဖြစ်မှာပါ၊ အမေရိကန်စစ်တပ်က ၀င်တိုက်ပေးမှာကို မျှော်လင့်စိတ်ကူးယဉ် ပုံဆွဲကြည့်နေလို့လည်း အပိုပါပဲ။ ပြည်ပက စာနာမှုနဲ့ အကူအညီဆိုတာဟာ ပြည်တွင်းက တိုက်ပွဲရဲ့ အရှိန်အဟုန်အပေါ်မှာ တည်မှီနေပါတယ်။ သြဂုတ်၊ စက်တင်ဘာအုံကြွမှုကြောင့် ပြည်ပ နိုင်ငံများရဲ့ စာနာမှုနဲ့ ထောက်ထားမှု ရရှိခဲ့တာပဲ မဟုတ်ပါလား။
ဒါကြောင့် ပြည်သူလူထုထဲမှာလမ်းပြမြေပုံ အဆင့်(၄) နဲ့နောင်အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲအတွက် ရေရှည်ပြင်ဆင်တာတွေ လုပ်ထားသင့်ပါတယ်။
လမ်းပြမြေပုံအဆင့် (၄) မှာ ကုလသမဂ္ဂအကဲခတ်တွေ ၀င်ခွင့်ရရေး၊ ပြည်သူတွေ၊ တပ်မတော်သားတွေ လွတ်လပ်စွာဆန္ဒသဘောထားဖော်ထုတ်နိုင်ရေး စတဲ့ကိစ္စတွေကိုယခုအချိန်ကတည်းက ပြည်ပလော်ဘီအုပ်စု အားလုံး တညီတညွတ်တည်းသော သဘောထားနဲ့ ပြင်ဆင်ထားဖို့ အချိန်တန်ပါပြီ၊ ပြင်ဆင်သင့်ပါပြီ။
ပြည်သူလူထုနဲ့ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မှူးတပ်သားတွေဟာ လွတ်လွတ်လပ်လပ်နဲ့ ကြောက်ရွံ့စရာမရှိပဲ သူတို့ရဲ့ဆန္ဒကို လျှို့ဝှက်ဆန္ဒမဲပေးခွင့်ကျင့်သုံးပြီး ဖေါ်ပြနိုင်ခွင့်ရရင် ဒီတကြိမ်မှာလဲ (၁၉၉၀ ပြည့်။ ရွေးကောက်ပွဲမှာကဲ့သို့) သူတို့ဆန္ဒ အစစ်အမှန်ကို ထပ်မံထုတ်ဖော်ပြသကြဦးမှာပဲလို့ ကျွန်တော် အလေး အနက်ယုံကြည်ပါတယ်။
ဒီအတွက် ပြည်တွင်းပြည်ပအင်အားစုများ ပြင်ဆင်ကြဖို့လိုပါတယ်၊ အသေအချာပြင်ဆင်ဖို့လိုပါတယ်။
ဒီလိုပြင်ဆင်တဲ့နေရာမှာ အပစ်ရပ် တိုင်းရင်းသားတွေကိုလည်း ချန်မထားမိဖို့နဲ့ (နအဖ) စစ်အစိုးရဖက် တွန်းပို့လိုက်တာ မျိုးမလုပ်မိဖို့လိုပါတယ်။ သြဂုတ်၊ စက်တင်ဘာအုံကြွမှုနဲ့ပတ်သက်ပြီး သူတို့တင်ပြတဲ့ သဘောထားတွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ခွဲခြားမှုမရှိပဲ ‘သူတို့ကျောခိုင်းကြလေပြီ’ လို့ လုံးထွေးမပစ်မိဖို့လိုပါတယ်။ (နအဖ) စစ်အစိုးရကို ဆန့်ကျင်တဲ့ အင်အားစုမှန်သမျှနဲ့ စည်းလုံးနိုင်ဖို့ဖြစ်ပါတယ်။
တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (နအဖ) စစ်စိုးရကျင်းပခဲ့တဲ့ (ကျိုက္ကဆံ၊ ညောင်နှစ်ပင်) ညီလာခံကို လက်မခံလို့ အစောကြီးကထဲက ထွက်လာခဲ့တာပါ။ ပထမအကြိမ်(ကျိုက္ကဆံ) ညီလာခံ ကနေထွက် လာခဲ့တာမှာလဲ အဲဒီတုန်းက (န၀တ) စစ်အစိုးရက တစ်ဖက်သတ်အနိုင်ကျင့်ချမှတ်ထားတဲ့ ဦးတည်ချက်တွေ။ လုပ်ထုံးလုပ်နည်းတွေကို လက်မခံနိုင်လို့ ထွက်လာခဲ့တာပါ။
၂၀၀၄ ခုနှစ် (ညောင်နှစ်ပင်ညီလာခံ)ကို စတင်ကျင်းပတော့လည်း ညှိနှိုင်းနိုင်မယ်၊ ဆွေးနွေးနိုင်မယ် ထင်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိမ့်ဆုံးလိုအပ်ချက်တွေ တင်ပြကမ်းလှမ်းခဲ့တာပါ၊ ဒါပေမယ့် (နအဖ) စစ်အစိုးရက မလိုက်လျောခဲ့ပါဘူး။
အခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြနေတာတွေဟာ (နအဖ) စစ်အစိုးရသွားနေတဲ့ လမ်းပြမြေပုံမှာ ရတဲ့နေရာ၊ ရတဲ့အဆင့်က ပါဝင်လုပ်ဆောင်ဖို့ အသနားခံနေတာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရမယ်၊ ကိစ္စတိုင်းကို တစ်ဖတ်သတ်ကြိုတင် သတ်မှတ်ထားတာ မလုပ်ပဲ၊ ကိစ္စတိုင်းကို ဆွေးနွေးညှိနှိုင်း ချမှတ်ရမယ် (subject to discuss) ။ ဆွေးနွေးသည့်အဆင့်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်လို့ အတိအလင်း ပြောဆိုထားတာ ဖြစ်ပါတယ်။
အခုလက်ရှိ (နအဖ) စစ်အစိုးရရဲ့ ကြေညာချက် (၁/၂၀၀၇) က အစ၊ ကြံ့ဖွံ့သင်းလုံးကျွတ်အစည်းဝေး (၂၀၀၇) တွင် ပြောသည့် (နအဖ) ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိန့်ခွန်း အလယ်၊ စင်္ကာပူမှာပြောတဲ့ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းအဆုံး အားလုံးကို လေ့လာသုံးသပ်ကြည့်တဲ့အခါ (နအဖ) စစ်အစိုးရပြောနေတဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာဟာ သူတို့သဘောနဲ့ သူတို့တစ်ဖက်သတ် ချမှတ်ထားတဲ့ လမ်းပြမြေပုံမှာ ကျန်တဲ့သူတွေက ခေါင်းငုံ့ဒူးထောက်ပြီး ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။
ဒီလိုပါဝင်ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ နေရာမှာတောင်မှ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ‘ပိတ်လေးပိတ်’ကို စွန့် လွှတ် ကြောင်း အရင်ဆုံး ကြေညာရမယ်လို့ ဆိုပါတယ်၊ ဒါမှသာ ‘သူမနဲ့ တွေ့ဆုံမည်’ လို့ ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနဲ့ နိုင်ငံတကာကို သူတို့ပြောတဲ့စကားက ရှင်းပါတယ် ‘မူဝါဒလမ်းစဉ်(၇)ရပ်ကို ထိ ခိုက်မှုရှိ မရှိ စဉ်းစားပြီး ထိခိုက်မှုမရှိမှ လက်ခံအကောင် အထည်ဖေါ်သွားမည်တဲ့’။
ဒါကလည်း ခင်ဗျားတို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘာပဲပြောနေနေ ကျုပ်တို့ (နအဖ) စစ်အစိုးရကတော့ ငါ့မြင်းငါစိုင်းမယ် ဆိုတာပဲဖြစ်ပါတယ်။ ဘယ်သူ့အကြံပြုချက်မှ လက်ခံမည်မဟုတ်၊ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ လမ်းပြမြေပုံအတိုင်းသွားမယ်ဆိုတာပဲဖြစ်ပါတယ်။
ဒါတွေကြောင့် ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာ ယခုလက်ရှိတည်ရှိနေတဲ့ အခြေအနေအောက်မှာ။ (နအဖ) စစ်အစိုးရ ကပြောနေတဲ့ သဘောထားတွေနဲ့ဆိုရင် ဘယ်လိုနည်းနဲ့မှ ဖြစ်လာနိုင်စရာမရှိပါဘူး၊ ဒါကြောင့် အချိန်ဆွဲဖို့နဲ့ လှည့်စားဖို့သက်သက် (နအဖ) စစ်အစိုးရက တင်ပြထားတဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာကို ‘တည်’ ပြီး ပြည်တွင်းပြည်ပမှာ ဘာလို့ ကျွန်တော်တို့အငြင်းပွား နေကြမှာလဲ။
လမ်းပြမြေပုံအဆင့် (၄) မှာ ပြည်သူတွေနဲ့ တပ်မတော်ထဲက တပ်မှူးတပ်သားတွေအနေနဲ့ (နအဖ) စစ်အစိုးရကို မှတ်လောက် သားလောက် ဆုံးမနိုင်ဖို့ ယခုကတည်းက စည်းရုံးပြင်ဆင်ဆောင်ရွက်ကြပါစို့။
ဒါကြောင့် အစကတည်းကမဖြစ်နိုင်တဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ပျက်ရတယ်ဆိုရင်ဖြင့်လည်း အဓိကလက်သည် တရားခံဟာ (နအဖ) စစ်အစိုးရသာလျင် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာမှုကြောင့်လည်း မဟုတ်ပါ။
ကုလသမဂ္ဂ ကြောင့်လည်း မဟုတ်ပါ။
မစ္စတာဂမ်ဘာရီကြောင့်လည်း မဟုတ်ပါ။
Labels: ဆောင်းပါး
Tuesday, December 4, 2007
ဘယ်မှာလဲ တွေ့ဆုံဆွေးနွေးရေး
တူမောင်ညို
ရိုးမ ၃
(၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်)
(နအဖ)စစ်အစိုးရသည် “နိုဝင်ဘာလ ၈ ရက်နေ့တွင် မစ္စတာ ဂမ်ဘာရီမှတဆင့် ထုတ် ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ရင်ဆိုင်ရာတွင် တရားဝင်ဖွဲ့စည်းထား သော နိုင်ငံရေးပါတီအချို့၊ အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု များနှင့်ပင် မလုံလောက်တော့ချေ။
ယခုအခါ ညောင်နှစ်ပင်ညီလာခံကိုယ်စားလှယ်များ(တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် များ)ကိုပင် ဆွဲထုတ်သုံးလာရသည့် အခြေအနေသို့ ရောက်လာပါသည်။
ထိုတိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့မှာ (နအဖ)စစ်အစိုးရ စိတ်ကြိုက်ခေါင်းခေါက် ရွေးထားသော ‘ကိုယ်စားလှယ်များ’သာ ဖြစ်ပါသည်။ အရေအတွက်အားဖြင့် (၆၄၁) ဦး ရှိပါသည်။ ညောင်နှစ်ညီလာခံသို့ တက်ရောက်သည့် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် ဖြစ်ပါ သည်။
ထိုသူများက (နအဖ)စစ်အစိုးရအလိုကျ သဘောထားထုတ်ပြန်နေခြင်းမှာ ဘာမျှမဆန်းပါ။
(နအဖ)စစ်အစိုးရက ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရွေးချယ်ခန့်အပ်တာဝန်ပေးထားသူများ၊ (နအဖ)စစ်အစိုးရနှင့် အကြောင်းအမျိုးအမျိုးနှင့် မလွတ်မကင်းရှိသူများသည် (နအဖ)စစ်အစိုးရ အလိုကျ ပြော၊ ဆို၊ ရေးသား၊ ထုတ်ပြန်ကြရမည်သာဖြစ်သည်။
နေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်များတွင် ရေးသားနေကြသည့် ‘ဆောင်းပါးရှင်’ ဆိုသူများကဲ့သို့ပင် ဖြစ်ပါသည်။
(နအဖ)စစ်အစိုးရက ရေးစေဟု အခွင့်သနားလိုက်သည်နှင့် ရေးကြရတော့သည်။ စာရေး၍ အမျိုးသားရေးတာဝန်ထမ်းသည်ဟု လေလုံးထွားခဲ့ဖူးသော သမိုင်းနောက်ခံ ဆောင်းပါးများရေးသည့် စာရေးဆရာမ ဝဝကြီးကို မှတ်မိကြဦးမည်ထင်သည်။
ထိုသူများ မလွန်ဆန်ဝံ့ပါ။ လွန်ဆန်၍လည်း မရနိုင်ပါ။
ထိုသူများသည် စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုနေကြသူများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ နိုင်ငံရေးလုပ်ခွင့်၊ ကိုယ်ပိုင်သဘောထား လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်မရှိသည်မှာ သိပ်ထင်ရှားပါသည်။ (နအဖ)စစ်အစိုးရအလိုကျ နိုင်ငံရေးနှင့် (နအဖ) စစ်အစိုးရ ပြောစေလိုသည့်၊ ထုတ်ဖေါ်လိုသည့် သဘောထားကိုသာ ထုတ်ပြန်ကြေညာခွင့် ရှိပါ သည်။
(နအဖ)စစ်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်ကွဲလွဲစွာ သဘောထားဆန္ဒ ထုတ်ဖေါ် ပြသပြီဆိုလျှင်၊ လှုပ်ရှားဆောင်ရွက်ပြီဆိုလျှင် ‘တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုကို နှောင့်ယှက် ဖျက်ဆီးသူ ပြည်ပအားကိုး အမျိုးသားသစ္စာဖောက်အဖြစ်’ စွပ်စွဲပုတ်ခတ်တော့သည်။ အကြမ်း ဖက် ဖိနှိပ်ချုပ်ချယ်တော့သည်။ ဖမ်းဆီးအရေးယူတော့သည်။ ထို့နောက် နိုင်ငံရေးအကျဉ်းသား မရှိဟု မျက်နှာပြောင်တိုက်ကာ ‘ဘူး’ကွယ်တော့သည်။
ထို့နောက် ထုတ်ဖေါ်ကြေညာထားပြီးဖြစ်သည့် မူလသဘောထားအမှန်ကို အတင်း အဓမ္မ ရုတ်သိမ်းခိုင်းပြီး (နအဖ)စစ်အစိုးရအလိုကျ သဘောထားကို ပြန်လည်ထုတ်ပြန်ပေးကြရ သည်။
ယင်းအတွေ့အကြုံကို အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းအချို့ ကြုံတွေ့ခဲ့ရဖူးသည်။ အချို့က မိမိတို့၏ မူလသဘောထားအပေါ်တွင် ကြံခိုင်စွာ ရပ်တည်ကြသည်။ အချို့က မချစ် သော်လည်း အောင့်ကာနမ်းကြရသည်။ အချို့ကား တက်ကြွစွာ အလုပ်အကျွေးပြုကြသည်။
သို့ဖြင့် လူမျိးရေးအရ၊ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်၊ ရပ်တည်လှုပ်ရှားဆောင်ရွက်ခွင့် ဆုံးရှုံးရတော့သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် သတင်းစာများတွင် စတင်ထည့်သွင်းဖေါ်ပြလာသည့် ညောင်နှစ်ပင်ညီလာခံ၊ တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ထုတ်ပြန်ကြေညာချက်တွင် (နအဖ)စစ်အစိုးရ၏ (၄၊ ၁၀၊ ၀၇) ရက်စွဲပါ ကြေညာချက် အမှတ် (၁/၂၀၀၇) တွင် ပါရှိသည့် “သူမနှင့် တွေ့ဆုံမည်”ဆိုသည့် အချက်နှင့်ပတ်သက်၍ ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
“ထိုသို့ တွေ့ဆုံဆွေးနွေးခြင်းသည် အမျိုးသားညီလာခံက ချမှတ်ထားသော အခြေခံ မူများ၊ အသေးစိတ်အခြေခံရမည့် မူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးနောက် စတုတ္ထအဆင့်ဖြစ်သည့် ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပအတည်ပြုခြင်း၊ ပဉ္စမအဆင့်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ် တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်း၊ ဆဌမအဆင့်ဖြစ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်း အဝေးများ ကျင်းပခြင်း၊ သတ္တမအဆင့်ဖြစ်သည့် လွှတ်တော်မှ ရွေးကောက်တင်မြှောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်မှဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့ အစည်းများဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်း စသည့်အဆင့်များတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပူပေါင်းပါဝင် ဆောင်ရွက် ရန်သာဖြစ်သည် ဟု ယူဆပါသည်”
ဤအတိုင်းဆိုလျှင် တွေဆုံဆွေးနွေးရေးဆိုသည်မှာ (နအဖ)စစ်အစိုးရ လမ်းပြမြေပုံ၏ ကျန်ရှိနေသည့်အဆင့်တိုင်းတွင် ထောက်ခံပူးပေါင်းဆောင်ရွက်ရန်သာ ဖြစ်တော့မည်။
“နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ဟာ နိုင်ငံတော်သစ်ကြီးအဖြစ် ညင်သာစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” လို့ ကြံ့ဖွံ့သင်းလုံးကျွတ်အစည်းအဝေး (၂၀၀၇) တွင် (နအဖ)ဥက္ကဌက ပြောပါသည်။
ဒီလိုဆိုရင် စစ်မှန်သော၊ ဂုဏ်သိက္ခာရှိသော၊ နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုမျှော်လင့်နိုင်မလဲ။
‘မူဝါဒလမ်းစဉ် (၇) ရပ်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်’ လို့ ပြောနေတာဟာ တစ်ဖက်သတ် ထိပ်တိုက်ရင်ဆိုင်ဖို့ စိန်ခေါ်ခြင်းသာဖြစ်သည်။
Labels: ဆောင်းပါး
နအဖရဲ့ ရှေ့ခြေလှမ်းကိုရိုက်ချိုးဖို့ ပြင်ကြစို့
ဗသြ
ရိုးမ ၃
ဒီတခါ အာစီယံမှာ နအဖ တုံးကျော်သွားတာလား၊ သက်ပြင်းချနိုင်သွားသလား။
ဒါ ဆွေးနွေးစရာ၊ ငြင်းခုံစရာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ တကယ်တော့ ဒီ အစည်းအဝေးက ရလဒ်ဟာ ဘာကြီးပဲဖြစ်နေနေ ဗမာပြည်ပြည်သူတွေအတွက် အထူးသဖြင့် စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် သိပ်ပြီး အရေးမပါပါဘူး။ နအဖကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအလယ်မှာ သိက္ခာချနိုင်တာကလွဲလို့ သိပ်အရေးပါ ထိရောက်တာမဟုတ်ဘူး။ အဲဒီမှာ ဘာပဲဆုံးဖြတ်ဆုံးဖြတ် နအဖက ဂရုမစိုက်တာ သေချာတယ်။ သံတမာန်ရေးရာနဲ့ နိုင်ငံ တကာ ဆက်ဆံရေးအပိုင်းကို နအဖအစိုးရက နကမ္ပတိ လုပ်ထားရတာကြာပြီ။ ဂမ်ဘာရီနဲ့ ပီညဲရိုး တို့အပေါ် ဆက်ဆံပြနေပုံတွေဟာ ကုလသမဂ္ဂနဲ့ အိုင်အယ်လ်အိုကိုတောင် ဂရုမစိုက်ဘူးလို့ ပြောနေတာဖြစ်တယ်။ နောက်ပြီး ဂမ်ဘာရီရဲ့လှုပ်ရှားမှုကို တရုတ်နဲ့ အိန္ဒိယတို့က ထောက်ခံထား တယ်ဆိုတာလည်း သူတို့ မသိတာမဟုတ်ဘူး။ နအဖဟာ ဒီနယ်ပယ်မှာ သန်းခေါင်ထက် ညဥ့်မနက်ဘူးလို့ တွက်ထားပြီးဖြစ်တယ်။ သူတို့မှာ လိမ္မာထိရောက်တဲ့ သံတမန်ရေးလှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းမရှိတော့တာ ကြာပြီပဲ။ နပေနကတ်လို တုတ်တောင်းနေတာ ဖြစ်တယ်လို့ ပြောရင် ရမယ်။ အဲဒီ တုတ်ချက်လောက်ကိုတော့ စစ်ဗိုလ်ချုပ်တွေက မမှုဘူးလုပ်နေကြတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းကြီးက ရှင်းရှင်းလင်းလင်း ပြသလိုက်တဲ့ အချက်တချက်ကတော့ နအဖ တကယ်ကြောက်တာ သူတို့ကို တကယ်ကိုင်လှုပ်နိုင်တာဟာ ပြည်တွင်းက ပြည်သူတွေရဲ့ အုံကြွမှုသာဖြစ်တယ်ဆိုတာပဲ။ သူတို့တတွေ အခုထက်ထိ အရေးအခင်းရဲ့ ကျိန်စာကတော့ မလွတ်နိုင်သေးဘူးဆိုတာ အဘက်ဘက်မှာ အထင်အရှား တွေ့နေရတယ်။ အခုထက်ထိ လူတွေကို လိုက်ရှာဖမ်းဆီးနေတာဟာ နယ်ပယ်ပေါင်းစုံမှာ ဆင်ဆာအမျိုးမျိုးလုပ်နေတာ စတာတွေဟာ သူတို့ စိုးရိမ်ထိတ်လန့်နေတုန်းပဲဆိုတာကို ပြတာ ဖြစ်တယ်။ နအဖအဖို့ ငြိမ်းအဖွဲ့တွေအပေါ် မီးမသေလှဘူးဆိုတာလည်း သူ ခြေတလှမ်းလှမ်းတိုင်း တွေ့နေရတယ်။ တချို့အဖွဲ့ဟာဆိုရင် စစ်အစိုးရက လုပ်ခိုင်းသမျှကို ဆန့်ကျင်နေတဲ့ သဘောမျိုး တောင် တွေ့လာနေရပြီ။ သူတို့ချင်း ထိပ်တိုက်တွေ့မှာကို ရှောင်ဖို့ကြိုစားလို့ ရပါအုန်းမလား ဆိုတာတောင်မှ တွေးစရာဖြစ်လာနေတယ်။ နိုဝင်ဘာလ (၂၄) ရက်နေ့က ကေအိုင်အေစခန်းကို သိမ်းတာကိုထောက်ရင် နအဖ က သူတို့အပေါ်မှာ စစ်ရေးအရကိုပဲ စပြီး ဖိအားပေးလာနေပြီ ဆိုတာ သေချာတယ်။
ဒီလိုအနေအထားမှာ ပြည်တွင်းက ဆန့်ကျင်မှုကိုသာ တကယ်လန့်သူဖြစ်တဲ့ နအဖဟာ သူ့တပ်တွင်းက တုန့်ပြန်မှုကို အဓိကထားကြည့်နေတယ်။ တပ်ဟာ သူတို့ထင်သလို ခိုင်းလို့ရမရ ဆိုတာနဲ့ အခြေအနေတွေနဲ့ သူတို့ ဆက်ပြီးအုပ်စိုးလို့ ရမရဆိုတာကို သုံးသပ်တာပါ။ အခုတလော လေးမှာပဲ တပ်ထိပ်ပိုင်းမှာ နေရာတွေ၊ ရာထူးတွေ ခွဲတမ်းချ ဝေခြမ်းပြီးတဲ့နောက် သူတို့ကိုယ် သူတို့ အတော်စိတ်ချသွားဟန်တူတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ ကြံ့ဖွတ်တွေကိုပြောတဲ့ မိန့်ခွန်းမှာ သူ့ကိုယ်သူ အတော်ယုံကြည်မှုရှိတဲ့ လေသံတွေ ပါနေတာဖြစ်တယ်။
ဘယ်အခမ်းအနားမှာပဲဖြစ်ဖြစ်၊ ဘယ်ပြည်ပခေါင်းဆောင်နဲ့ တွေ့ရာမှာပဲဖြစ်ဖြစ် နအဖက တိုင်းပြည်အခြေအနေ တည်ငြိမ်နေပါတယ်လို့ ပြောနေတာဟာ သူ့တပ်ကိုသူပိုင်တယ်လို့ ယူဆပြီး ပြောနေတာသာဖြစ်တယ်။ သူတို့ပြောတိုင်းမှာ တိုင်းပြည်အခြေအနေ တည်ငြိမ်တယ်၊ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း ဆက်လုပ်မယ်ဆိုတာ အမြဲပါတယ်ဆိုတာ သတိထားမိစရာပဲ။ ဒါတွေက ပြနေတာကတော့ နအဖ အနေနဲ့ လမ်းပြမြေပုံရဲ့ အဆင့် (၄) ကို မဖြစ်မနေ လုပ်တော့မယ် ဆိုတာပဲ။
နအဖဟာ ဘာကြောင့်မို့ ဒီ ဆန္ဒခံယူပွဲဆိုတဲ့ အဆင့် (၄) ကို အင်မတန် စိတ်ထက်သန် နေရတာလဲ။ သေချာတာက သူတို့အစီအစဉ်အတိုင်းသာ ဆန္ဒခံယူပွဲလုပ်နိုင်မယ်ဆိုရင် သူတို့ အနေနဲ့ ထောက်ခံမဲ ၁၀၅ ရာခိုင်နှုန်းတောင် ရအောင်လုပ်နိုင်တယ်ဆိုတာ ဘာမှ သံသယရှိစရာ မလိုဘူး။ သူတို့ပြချင်တဲ့ ကိန်းဂဏန်းကို ပြလို့ရအောင် လုပ်နိုင်တယ်။ ၁၉၇၄ ခုနှစ်တုန်းက ဗိုလ်နေ၀င်းလုပ်ခဲ့တာနဲ့ တလောက ပါကစ္စတန်က စစ်အာဏာရှင် မူရှာရာ့ဖ် လုပ်ပြသွားတာတွေ ကိုပဲ ကြည့်တော့။
တကယ်က နအဖ အခု လုပ်နေပြောနေတာတွေမှန်သမျှဟာ တခုမှ မျက်စိလည်စရာ မရှိဘူး။ အင်မတန် ရှင်းနေတာတွေမို့ အတိုက်အခံတွေအကြားမှာ ဘာမှ အငြင်းမပွားကြဘူး။ နအဖအလိုတော်ရိတွေတောင်မှ အသံမထွက်ကြဘူး။ (သူတို့ကို နအဖက ပါးစပ်ပိတ်ခိုင်းထား လို့လည်း ဖြစ်ကောင်းဖြစ်မယ်)။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည် စကားပြောတယ် ဆိုတဲ့ လုပ်ဇာတ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဗေဒါ ရေခပ်ခိုင်းသလို လုပ်ထားတာ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မပြောနဲ့ သာမန်လူထုတောင် သိတယ်။
ဒီတော့ အတိုက်အခံတွေ၊ အထူးသဖြင့် မြေအောက်လုပ်ငန်းလုပ်နေသူတွေဟာ အဲဒီ လမ်းပြမြေပုံ အဆင့် (၄) လုပ်လာမှာအတွက် အခုကတည်းက စဉ်းစားပြင်ဆင်တာတွေ လုပ်သင့် တယ်။ အာဏာရှိတဲ့လူနဲ့ မရှိတဲ့လူနဲ့ တူတာမဟုတ်ဘူး။ အာဏာရှိတဲ့လူက လုပ်ချင်ရင် မြန်တယ်။ အချိန်ဆိုတာကလည်း ကုန်မှန်းမသိ ကုန်သွားတတ်တယ်။ ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီး တုန်းက ကိုယ်က နောက်ကလိုက်ရတာမျိုး ဖြစ်ခဲ့ကြတယ်မဟုတ်လား။
ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီးကို ပြန်ပြီးသုံးသပ်၊ နိဂုံးချုပ်ပြီး ရှေ့လုပ်စရာတွေ ချမှတ်ကြသင့်ပြီ၊ ဒါကို ပါဝင်လှုပ်ရှားခဲ့သူတွေက အဓိက လုပ်သင့်တယ်။ ဘာဖြစ်လို့ ဒီရေလှိုင်း လုံးတွေလို ဗြုံးစားကြီး ပေါ်ပေါက်လာသလဲ၊ ဘာဖြစ်လို့ တုံးတိပြတ်တောက်သွားရသလဲ၊ နအဖ တကယ်လန့်တာ ဘာလဲ၊ သူ့တပ်တွင်းကို ဘယ်လို ဂယက်ရိုက်ခဲ့သလဲ စတာတွေကို ကိုယ်ဖြစ်စေ ချင်တာ၊ ကိုယ့်ဆန္ဒအစွဲမပါဘဲ သေသေချာချာ သုံးသပ်သင့်တယ်။
အဲဒီကနေ ဘယ်လိုတိုက်ပွဲပုံစံတွေ ကျင့်သုံးလို့ရမလဲ၊ ကျင့်သုံးရင်ကောင်းမလဲ စတာ တွေကိုလည်း သုံးသပ်၊ ဆုံးဖြတ်သင့်ပြီ။ ပြီးရင် ပြင်ဆင်ရမယ်။ ဒီတိုင်းပြည်မှာက ဘယ်သူကပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ ဘယ်ပုံစုံနဲ့ဖြစ်ဖြစ် ဒီနအဖစစ်ဗိုလ်တွေကို ဆန့်ကျင်ဆန္ဒပြတယ် ဆိုတာ တရားတာ မှန်တာချည်းပဲ၊ ထောက်ခံရမှာချည်းပဲ။ ဒါကြောင့် ဒါမျိုးဟာ အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်။
ကိုယ့်ဘက်က ပြင်ဆင်မှုမရှိဘဲ တိုက်ရတယ်ဆိုတာမျိုး မဖြစ်ရင် အကောင်းဆုံးပဲ။
Labels: ဆောင်းပါး
KIO proposal for constitutional provisions and clauses
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းစေလိုသော အချက်အလက်များနှင့် ပတ်သက်၍ ကချင်အထူးဒေသ - (၂)၊ ကေအိုင်အို ဗဟို ကော်မတီမှ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌနှင့် နိုင်ငံတော်အကြီး အကဲများထံသို့ ထပ်မံဖြည့်စွက်တင်ပြတောင်းဆိုထားသော အချက်အလက်များ။
၁။ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျဉ်းသည့်အခြေခံရမည့်မူများတွင်....
(၁) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပါရှိသည်။ ၎င်းမူကို လက်တွေ့ကျင့်သုံးဖေါ်ဆောင်သွားရာ၌ ပြည်ထောင်စုစနစ်ပီပြင်ရန်နှင့် ပြည်ထောင်စု စစ်စစ်မူပိုမိုပေါ်လွင်လာရန် လိုအပ်မည်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟုခေါ်တွင်ပြီး ပြည်ထောင်စု စနစ်ကျင့်သုံးသည်ဟုဆိုထားသော်ငြားလည်း လက်တွေ့၌ ဗဟိုချုပ်ကိုင်မှု တင်းကြပ်သော တစ်ပြည်ထောင်စနစ် (Unitary System)ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုရေးဆွဲမည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ယင်းကဲ့သို့ မလိုအားအပ်သော အမှားမျိုး ထပ်မံမဖြစ်ပွားရလေအောင် ဂရုပြုဆောင်ရွက်ရန် အထူးအရေးကြီးမည် ဖြစ်ပါသည်။
(၂) နိုင်ငံတော်ကို တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခုတို့ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။ ၎င်းတိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခုတို့သည် အဆင့်အတန်း တူညီကြသည်ဟု ပါရှိသည်။ ဤအချက်ကို ပြန်လည်စဉ်းစားပေးဖို့ရန် အထူးပန်ကြားလိုပါသည်။ အဘယ် ကြောင့်ဆိုသော် ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုထား သည်ဖြစ်သဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့်များကို ထည့်သွင်းပြဌာန်းထားရန် လိုအပ် မည်ဖြစ်ပါသည်။
၂။ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်းခြားခွဲဝေခြင်းနှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူ များတွင်...
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသတ်မှတ်ထားပြီး ၎င်းအာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝင်အပ်နှင်းသည်ဟု ပါရှိသည်။ ဤတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်တွေ့ ရေးဆွဲပြဋ္ဌာန်းသည့်အခါ ၎င်းအာဏာသုံးရပ်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များသို့ ထိုက်သင့်စွာခွဲဝေအပ်နှင်းပေးထားစေလိုပါသည်။ ဥပဒေပြုအာဏာခွဲဝေရာ၌ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်များသို့ ယခုထက်ပိုမို ခွဲဝေအပ်နှင်းပေးထားသင့်သည်ဟု မြင်ပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပါတ်သက်သော ဥပဒေပြုအာဏာကို ပြည်နယ်လွှတ်တော်များသို့ လုံလောက်စွာခွဲဝေအပ်နှင်း ပေးထားစေလို ပါသည်။
ဥပမာ၊
(၁) တိုင်းရင်းသားလူမျိုးစုများ၏ စာပေများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၌ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကို သင်ကြားခွင့်ရှိရေး၊ ၎င်းတိုင်းရင်းသားစာပေကို သက်ဆိုင်ရာပြည်နယ်၏ ဒုတိယရုံးသုံးစာအဖြစ် သတ်မှတ်ရေး၊
(၂) တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင် ရေး၊
(၃) တိုင်းရင်းသား လူမျိုးစုများ၏ ဓလေ့ထုံးတမ်းအရ တရားစီရင်ရေး (Customary Law)ကို ဥပဒေပြု၍ တရားဝင်ပြဋ္ဌာန်းရေး၊
(၄) တိုင်းရင်းသားလူမျိုးစုများ၏ အရေးအရာများကို ဥပဒေပြဋ္ဌာန်း၍ ကာကွယ်စောင့်ရှောက် ပေးရေးတို့ ဖြစ်ပါသည်။
၃။ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍ၌၊
(၁) နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအပေါ် ချုပ်ကိုင် ကန့်သတ်မှုများလွန်းလျှင် ဗဟိုချုပ်ကိုင်မှုတင်းကြပ်လွန်းရာရောက်သဖြင့် တစ်ပြည်ထောင် စနစ်ပုံစံ ဖြစ်သွားနိုင်သည်ဟု မြင်ပါသည်။
(၂) ပြည်နယ်အစိုးရအကြီးအကဲ (ပြည်နယ်ဝန်ကြီးချုပ်)သည် ၎င်းပြည်နယ်ကို ကိုယ်စားပြု သော တိုင်းရင်းသားလူမျိုးစုထဲမှ ဖြစ်သင့်ပါသည်။ ဖ.ဆ.ပ.လ ပါလီမန်အစိုးရခေတ်၌ ပြည်နယ်ကောင်စီဥက္ကဌ (သို့) ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြု သော တိုင်းရင်းသား လူမျိုးစုအမတ်တဦးဦးကို ရွေးချယ်ခန့်ထားသည်ကိုလည်းကောင်း၊ မ.ဆ.လ ဆိုရှယ်လစ်အစိုးရခေတ်၌လည်း ပြည်နယ်ကောင်စီဥက္ကဌကို သက်ဆိုင်ရာပြည်နယ် ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုထဲမှ ရွေးချယ်ခန့်ထားသည်ကိုလည်းကောင်း တွေ့မြင်ရပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့် အခွင့်အရေးများကို နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြု၍ ဥပဒေပြဋ္ဌာန်းပေးခြင်းသည် ပြည်ထောင်စုကြီးအဖြစ် အပေါ်ပေါက်လာသော သမိုင်းကြောင်းအရ မှန်ကန်သင့်လျော်မှုရှိသည့်အတွက် ယခုရေးဆွဲ မည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌လည်း အလားတူဥပဒေမျိုးကို ပြဋ္ဌာန်းပေးရန် လိုလားပါ သည်။
(၃) ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍၊
(က) ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် သက်ဆိုင်ရာပြည်နယ် လွှတ်တော်၌ လျှို့ဝှက်မဲ စနစ်ဖြင့် လွှတ်တော်အမတ်အများစု၏ သဘောတူညီချက်ကို ရယူပြီး ရွေးချယ်ရန်၊ ထိုသို့ ရွေးချယ်ခံထားရသူအား နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးရန်၊
(ခ) ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြည်နယ်ဝန်ကြီးဌာန သတ်မှတ်ခြင်း၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်ခြင်း နှင့် ပြည်နယ်ဝန်ကြီးရွေးချယ်ခန့်ထားခြင်း လုပ်ငန်းများကိုဆောင်ရွက်ကာ ပြည်ထောင်စု အစိုးရ သမ္မတထံတင်ပြ၍ သမ္မတမှ အတည်ပြုခန့်အပ်ပေးရန်၊
(ဂ) ပြည်နယ်ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ကို ရယူ၍ ခန့်အပ်ရန်၊
(ဃ) ပြည်နယ် တစ်ခုအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသဥက္ကဌများနှင့် ဦးစီး အဖွဲ့ဝင်များကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်က ခန့်အပ်ပေးရန်၊
(င) ပြည်နယ်တစ်ခု၏ အစိုးရအဖွဲ့ဝင်ဝန်ကြီးတဦးဦးက နုတ်ထွက်ရန် လိုအပ်လာပါက ၎င်း၏နုတ်ထွက်စာကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်ထံ တင်သွင်းရန်၊ ပြည်နယ် ၀န်ကြီးချုပ်က နုတ်ထွက်စာကို လက်ခံယူပြီး ပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန်၊ ပြည်နယ်တစ်ခု၏ ၀န်ကြီးချုပ်တစ်ဦးက နုတ်ထွက်လိုလျှင် ၎င်း၏ နုတ်ထွက်စာကို သမ္မတထံတိုက်ရိုက် တင်သွင်းရန်၊
(စ) ပြည်နယ်တစ်ခုခုအတွင်း တည်ငြိမ်မှုစိုးရိမ်ဖွယ်ရာ အဆင့်သို့ရောက်လာလျှင် ပြည်နယ် ၀န်ကြီးချုပ်က ပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းပြီး သမ္မတထံတင်ပြရမည်။ ထိုသို့ တင်ပြလာလျှင် သမ္မတက သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းသဘောတူပြီး မှသာ ၎င်းပြည်နယ်၌ အရေးပေါ် အခြေအနေကြေညာရန်၊
(ဆ) ပြည်နယ်အစိုးရ လက်အောက်တွင် ၀န်ထမ်းခန့်ထားရေးအဖွဲ့ ဖွဲ့စည်းထားရှိ၍ အစိုးရ၀န်ထမ်းများကို ဒေသခံများအား ဦးစားပေး၍ ရွေးချယ်ခန့်ထားနိုင်ရန်၊
(ဇ) ပြည်နယ်အစိုးရ လက်အောက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက် ကွပ်ကဲခွင့်ရှိရန်၊
(ဈ) အပစ်အခတ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း များနှင့် ပြည်သူလူထုတရပ်လုံးမှ နောင်ထွက်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထောက်ခံအတည်ပြုပြီးသွားလျှင် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ပြည်ထောင်စု တပ်မတော်၏အောက်တွင် သက်ဆိုင်ရာ ပြည်နယ်၏လုံခြုံရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက်ကွပ်ကဲရန်၊
၎။ ပြည်ထောင်စုနယ်မြေသတ်မှတ်ခြင်းနှင့်၊ ပြည်နယ်တစ်ခုခု၏ နယ်နိမိတ်ကို ပြင်ဆင် ရေးဆွဲခြင်း သို့မဟုတ် ပြည်နယ်တစ်ခုခု၏ အမည်ကို ပြောင်းလဲလိုခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုများ၏အများစု သဘောတူညီချက်ကို ရရှိမှသာ ဆောင်ရွက်နိုင်ရန်။
၅။ ဘာသာ သာသနာနှင့် စပ်လျဉ်းသည့် အခြေခံမူ၌ ဘာသာ သာသနာများကို ခွဲခြားမှုမရှိဘဲ တူညီမျှတသော ဥပဒေပြဋ္ဌာန်း၍ ဘာသာရေးလွတ်လပ်ခွင့် ပြုထားရန်လိုလားပါသည်။
၆။ အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားလူမျိုးစုအရေးအရာများကို အဓိကထား ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သောကြောင့် ပြည်နယ်များမှ ကိုယ်စားလှယ် ရွေးချယ်စေလွှတ် ရာတွင် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား ကိုယ်စားလှယ်များကိုသာ ရွေးချယ်စေလွှတ်သော ဥပဒေပြဋ္ဌာန်းထားပေးရန် လိုလားပါသည်။
၇။ ပြည်ထောင်စုအစိုးရအဖွဲ့၌ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးခြားဖွဲ့စည်းထားရှိရန် လိုအပ်မည်ဟု မထင်ပါ။ နယ်စပ်လုံခြုံရေးကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က တိုက်ရိုက်ညှိနှိုင်းဆွေးနွေးပြီး သင့်တော်သလို စီမံဆောင်ရွက်သင့် ပါသည်။ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးသန့်ဖွဲ့စည်းထားခြင်းအားဖြင့် နယ်စပ် ရှိသော ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဗဟိုက ကန့်သတ်ထိန်းချုပ်ပေးရာ ရောက်သွားနိုင်သဖြင့် နောင်တွင်မလိုလားအပ်သော ပြဿနာများအပေါ်ပေါက်လာနိုင်သည် ဟု မြင်ပါသည်။
၈။ နယ်စပ်ရှိသော ပြည်နယ်များ၏ လွှတ်တော်များ၌ နယ်စပ်ဒေသ ယာယီဝင်ထွက်သွားလာ ခွင့်နှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်သော ဥပေဒများကို ပြဋ္ဌာန်းခွင့်ရှိသင့် ပါသည်။ ထိုဥပဒေနှင့်အညီ အစိုးရအဖွဲ့က လက်တွေ့ဆောင်ရွက်သွားမည်ဆိုလျှင် ပို၍ မှန်ကန်တရားမျှတမှု ရှိမည်ဖြစ်ပါသည်။
၉။ စီးပွားရေးကဏ္ဍ၌ ပြည်နယ်များအတွင်းရှိ မြေပေါ်မြေအောက် သယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ပြည်ထောင်စုအစိုးရနှင့် မျှမျှတတ အကျိုးခံစားနိုင် ရန်အတွက် ပြည်နယ်လွှတ်တော်များ၌လည်း သင့်လျော်သလို ဥပဒေပြဋ္ဌာန်းခွင့် ရှိသင့်ပါ သည်။ ဥပမာ ကျောက်မျက်ရတနာနှင့်ပတ်သက်၍ ဖြတ်တောက်ခြင်းနှင့် အချောသွေးခြင်း ကိုသာ ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့် အပ်နှင်းထားမည့်အစား ရှာဖွေ၊ တူးဖေါ်ခွင့်နှင့် ရောင်းချခွင့်တို့ကိုပါ ဖြည့်စွက်ပေးထားမည်ဆိုလျှင် ပိုမိုပြည့်စုံမည်ဖြစ်ပါသည်။ ၎င်းအပြင် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့် အပ်နှင်းထားရန် လိုလားပါသည်။
၁၀။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်.. မြေယာစီမံခန့်ခွဲမှု၊ မြေလွတ်၊ မြေရိုင်းများ ဖေါ်ထုတ်ခြင်း၊ ကြေးတိုင်နှင့် မြေစာရင်း၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေးသုတေသန၊ ရေအရင်း အမြစ် စီမံခန့်ခွဲရေး၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေး၊ စားကျက်မြေ သတ်မှတ်ရေး စသည်တို့ကို ပြည်နယ်ဥပဒေပြုစာရင်း၌ ဖြည့်စွက်ထည့်သွင်းပေးစေလို ပါသည်။
၁၁။ အခွန်အကောက်ဆိုင်ရာ အခန်းကဏ္ဍ၌ ကျွန်းနှင့်သတ်မှတ်ထားသော သစ်မာများမှအပ ကျန်သစ်များအပေါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြည်နယ်လွှတ်တော် များအား ဥပဒေပြုခွင့် အပ်နှင်းထားသည်ကို ကျွန်းမှအပ ကျန်သစ်များအားလုံးအပေါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းစေလိုပါသည်။
၁၂။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်များ၌ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ရုတ်မြင်သံကြား၊ ဂြိုလ်တုဆက်သွယ်ရေး၊ အသံလွှင့် အသံဖမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းခွင့် ဖြည့်စွက်အပ်နှင်းပေးထားရန်လိုလားပါသည်။
၁၃။ လူမှုရေးကဏ္ဍနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်များ၌ ကိုယ်ပိုင်ကျောင်းနှင့် သင်တန်းများ၊ ကုသိုလ်ဖြစ်ဆေးရုံနှင့်ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများ၊ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအား စောင့်ရှောက်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ် များနှင့် မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေပြဋ္ဌာန်းခွင့် ဖြည့်စွက်ပေးထား စေလိုပါသည်။
၁၄။ စီမံခန့်ခွဲရေးကဏ္ဍတွင် အထွေထွေအုပ်ချုပ်ရေး၊ ရွာမြေ၊ မြို့မြေစီမံခန့်ခွဲရေး၊ အိမ်ငှါး၊ မြေငှါး၊ အသင်းအဖွဲ့များ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်များကို ပြည်နေယ်လွှတ်တော်များ၏ ဥပဒပြုစာရင်း၌ ဖြည့်စွက်ပေးစေလိုပါသည်။
၁၅။ ကချင်ပြည်နယ်၏ နယ်နိမိတ်အား ကချင်ပြည်နယ်ကိုစတင်ဖွဲ့စည်းတည်ထောင်ခဲ့စဉ်က ရေးဆွဲသတ်မှတ်သည့် နယ်မိမိတ်အတိုင်း ဆက်လက်၍အတည်ပြု သွားရန်လိုအပ်ပါသည်။
၁၆။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေံဥပဒေတရပ်သည် ပြည်သူ့ဆန္ဒခံယူပြီး အများစုထောက်ခံမှုဖြင့် အတည်ပြုပြဋ္ဌာန်းရသည်ဖြစ်သဖြင့် ၎င်းအားကာကွယ်ထိန်းသိမ်ရန် အဓိကတာဝန်သည် ပြည်သူလူထုတရပ်လုံး၏ တာဝန်ဖြစ်သည်ဟု ဥပဒေပြဋ္ဌာန်းထားခြင်းသည် ပိုမိုသင့်လျော် မှန်ကန်မည်ဟု မြင်ပါသည်။
၁၇။ ပြည်ထောင်စုတစ်ခုလုံးအတွက် နိုင်ငံသား (Citizen)သတ်မှတ်သည့်နည်းတူ ပြည်နယ် များ၌လည်း ပြည်နယ်သားသတ်မှတ်သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားရှိရန် လိုမည်ဖြစ်ပါ သည်။ အကြောင်းမှာ နောင်တွင်တိုင်းပြည်၌ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲများကို ကျင်းပသွားသည့်အခါ ပြည်ထောင်စုနှင့်အလားတူ ပြုလုပ်သွားရာ၌ အရှုပ်အရှင်း အခက်အခဲပြဿနာပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်ပါသည်။
၁၈။ ပြည်နယ်အုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ သင့်လျော်သလို ရေးဆွဲထားရှိခွင့်ပြုရန်လိုလားသည်။ အဘယ့်ကြောင့်ဆိုသော် ဒေသတစ်ခုနှင့်တစ်ခု အခြေအနေခြင်းကွာခြားမှုရှိနိုင်သဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်နယ်တိုင်း၌ ရေးဆွဲထားရှိနိုင်လျှင် ပြည်ထောင်စုကြီး ပိုမိုကျစ်လစ်ခိုင်မာပြီး တနေ့တခြားပိုမို တိုးတက်ဖွံ့ဖြိုးလာမည်ဟုမြင်သည်။
၁၉။ ပြည်ထောင်စုကြီး၏ ကာကွယ်ရေးတာဝန်ကို ယူထားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော တစ်ခုတည်းသောတပ်ကို ပြည်ထောင်စုတပ်မတော်ဟု ခေါ်တွင်ပါက ပိုမိုမှန်ကန် သင့်လျော်မည်ဟု မြင်ပါသည်။
ဗဟိုကော်မတီ
ကချင်အထူးဒေသ - ၂ ၊ ကေအိုင်အို
Labels: အဆိုပြုချက်