Wednesday, December 5, 2007

အစကတည်းက မဖြစ်နိုင်တဲ့ တွေဆုံဆွေးနွေးရေး ပျက်ရတယ် ဆိုရင်ဖြင့်


တူမောင်ညို
၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဂျာနယ်

အတိုက်အခံတွေဘက်ကပြောနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ (နအဖ) စစ်အစိုးရရဲ့ လမ်းပြမြေပုံအတိုင်း ဆက်သွားဖို့မဟုတ်ဘူး။ ထို့အတူပါပဲလမ်းပြမြေပုံရောက်ရှိနေတဲ့အဆင့် (တတိယအဆင့်) ကနေ ပါဝင်လုပ်ဆောင်ဖို့လဲ မဟုတ်ပါဘူး။

သြဂုတ်၊ စက်တင်ဘာအုံကြွမှုရဲ့ အဓိကတောင်းဆိုချက်တွေရဲ့ အနှစ်သာရက (နအဖ) စစ်အစိုးရ လမ်းပြမြေပုံကို ရပ်ပစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အခြားအတိုက်အခံတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါဝင်တွေ့ဆုံဆွေးနွေးကြဖို့သာ ဖြစ်ပါတယ်။ အခု (နအဖ) စစ်အစိုးရပြောဆိုဖေါ် ပြနေတာတွေက လမ်းပြမြေပုံကနေ တပြားသားမှ အလျော့မပေးဘူး ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း မစဉ်းစားပါဘူး။ ဆက်လက်ပြီးတော့လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနေတော့ တွေ့ဆုံ ဆွေးနွေးရေးဆိုတာဟာ ဘယ်လိုဖြစ်လာနိုင်မှာလဲ။ ဘာမှမျှော်လင့်စရာ မရှိပါဘူး။

(နအဖ) စစ်အစိုးရဟာ တကယ်တော့ အချိန်ဆွဲနေတာပါ။ အချိန်ဆွဲပြီး လမ်းပြမြေပုံ အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတာလည်း ပေါ်လွင်ပါတယ်။ ကျွန်တော်တို့ ပြည်သူများအနေနဲ့လည်း ဘယ်သူ့ကိုမှ အားကိုး လို့မရပါဘူး။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ့်အားကိုယ်ကိုးမှဖြစ်မှာပါ၊ အမေရိကန်စစ်တပ်က ၀င်တိုက်ပေးမှာကို မျှော်လင့်စိတ်ကူးယဉ် ပုံဆွဲကြည့်နေလို့လည်း အပိုပါပဲ။ ပြည်ပက စာနာမှုနဲ့ အကူအညီဆိုတာဟာ ပြည်တွင်းက တိုက်ပွဲရဲ့ အရှိန်အဟုန်အပေါ်မှာ တည်မှီနေပါတယ်။ သြဂုတ်၊ စက်တင်ဘာအုံကြွမှုကြောင့် ပြည်ပ နိုင်ငံများရဲ့ စာနာမှုနဲ့ ထောက်ထားမှု ရရှိခဲ့တာပဲ မဟုတ်ပါလား။

ဒါကြောင့် ပြည်သူလူထုထဲမှာလမ်းပြမြေပုံ အဆင့်(၄) နဲ့နောင်အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲအတွက် ရေရှည်ပြင်ဆင်တာတွေ လုပ်ထားသင့်ပါတယ်။

လမ်းပြမြေပုံအဆင့် (၄) မှာ ကုလသမဂ္ဂအကဲခတ်တွေ ၀င်ခွင့်ရရေး၊ ပြည်သူတွေ၊ တပ်မတော်သားတွေ လွတ်လပ်စွာဆန္ဒသဘောထားဖော်ထုတ်နိုင်ရေး စတဲ့ကိစ္စတွေကိုယခုအချိန်ကတည်းက ပြည်ပလော်ဘီအုပ်စု အားလုံး တညီတညွတ်တည်းသော သဘောထားနဲ့ ပြင်ဆင်ထားဖို့ အချိန်တန်ပါပြီ၊ ပြင်ဆင်သင့်ပါပြီ။

ပြည်သူလူထုနဲ့ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မှူးတပ်သားတွေဟာ လွတ်လွတ်လပ်လပ်နဲ့ ကြောက်ရွံ့စရာမရှိပဲ သူတို့ရဲ့ဆန္ဒကို လျှို့ဝှက်ဆန္ဒမဲပေးခွင့်ကျင့်သုံးပြီး ဖေါ်ပြနိုင်ခွင့်ရရင် ဒီတကြိမ်မှာလဲ (၁၉၉၀ ပြည့်။ ရွေးကောက်ပွဲမှာကဲ့သို့) သူတို့ဆန္ဒ အစစ်အမှန်ကို ထပ်မံထုတ်ဖော်ပြသကြဦးမှာပဲလို့ ကျွန်တော် အလေး အနက်ယုံကြည်ပါတယ်။

ဒီအတွက် ပြည်တွင်းပြည်ပအင်အားစုများ ပြင်ဆင်ကြဖို့လိုပါတယ်၊ အသေအချာပြင်ဆင်ဖို့လိုပါတယ်။

ဒီလိုပြင်ဆင်တဲ့နေရာမှာ အပစ်ရပ် တိုင်းရင်းသားတွေကိုလည်း ချန်မထားမိဖို့နဲ့ (နအဖ) စစ်အစိုးရဖက် တွန်းပို့လိုက်တာ မျိုးမလုပ်မိဖို့လိုပါတယ်။ သြဂုတ်၊ စက်တင်ဘာအုံကြွမှုနဲ့ပတ်သက်ပြီး သူတို့တင်ပြတဲ့ သဘောထားတွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ခွဲခြားမှုမရှိပဲ ‘သူတို့ကျောခိုင်းကြလေပြီ’ လို့ လုံးထွေးမပစ်မိဖို့လိုပါတယ်။ (နအဖ) စစ်အစိုးရကို ဆန့်ကျင်တဲ့ အင်အားစုမှန်သမျှနဲ့ စည်းလုံးနိုင်ဖို့ဖြစ်ပါတယ်။

တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (နအဖ) စစ်စိုးရကျင်းပခဲ့တဲ့ (ကျိုက္ကဆံ၊ ညောင်နှစ်ပင်) ညီလာခံကို လက်မခံလို့ အစောကြီးကထဲက ထွက်လာခဲ့တာပါ။ ပထမအကြိမ်(ကျိုက္ကဆံ) ညီလာခံ ကနေထွက် လာခဲ့တာမှာလဲ အဲဒီတုန်းက (န၀တ) စစ်အစိုးရက တစ်ဖက်သတ်အနိုင်ကျင့်ချမှတ်ထားတဲ့ ဦးတည်ချက်တွေ။ လုပ်ထုံးလုပ်နည်းတွေကို လက်မခံနိုင်လို့ ထွက်လာခဲ့တာပါ။

၂၀၀၄ ခုနှစ် (ညောင်နှစ်ပင်ညီလာခံ)ကို စတင်ကျင်းပတော့လည်း ညှိနှိုင်းနိုင်မယ်၊ ဆွေးနွေးနိုင်မယ် ထင်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိမ့်ဆုံးလိုအပ်ချက်တွေ တင်ပြကမ်းလှမ်းခဲ့တာပါ၊ ဒါပေမယ့် (နအဖ) စစ်အစိုးရက မလိုက်လျောခဲ့ပါဘူး။

အခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြနေတာတွေဟာ (နအဖ) စစ်အစိုးရသွားနေတဲ့ လမ်းပြမြေပုံမှာ ရတဲ့နေရာ၊ ရတဲ့အဆင့်က ပါဝင်လုပ်ဆောင်ဖို့ အသနားခံနေတာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရမယ်၊ ကိစ္စတိုင်းကို တစ်ဖတ်သတ်ကြိုတင် သတ်မှတ်ထားတာ မလုပ်ပဲ၊ ကိစ္စတိုင်းကို ဆွေးနွေးညှိနှိုင်း ချမှတ်ရမယ် (subject to discuss) ။ ဆွေးနွေးသည့်အဆင့်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်လို့ အတိအလင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

အခုလက်ရှိ (နအဖ) စစ်အစိုးရရဲ့ ကြေညာချက် (၁/၂၀၀၇) က အစ၊ ကြံ့ဖွံ့သင်းလုံးကျွတ်အစည်းဝေး (၂၀၀၇) တွင် ပြောသည့် (နအဖ) ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိန့်ခွန်း အလယ်၊ စင်္ကာပူမှာပြောတဲ့ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းအဆုံး အားလုံးကို လေ့လာသုံးသပ်ကြည့်တဲ့အခါ (နအဖ) စစ်အစိုးရပြောနေတဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာဟာ သူတို့သဘောနဲ့ သူတို့တစ်ဖက်သတ် ချမှတ်ထားတဲ့ လမ်းပြမြေပုံမှာ ကျန်တဲ့သူတွေက ခေါင်းငုံ့ဒူးထောက်ပြီး ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။

ဒီလိုပါဝင်ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ နေရာမှာတောင်မှ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ‘ပိတ်လေးပိတ်’ကို စွန့် လွှတ် ကြောင်း အရင်ဆုံး ကြေညာရမယ်လို့ ဆိုပါတယ်၊ ဒါမှသာ ‘သူမနဲ့ တွေ့ဆုံမည်’ လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနဲ့ နိုင်ငံတကာကို သူတို့ပြောတဲ့စကားက ရှင်းပါတယ် ‘မူဝါဒလမ်းစဉ်(၇)ရပ်ကို ထိ ခိုက်မှုရှိ မရှိ စဉ်းစားပြီး ထိခိုက်မှုမရှိမှ လက်ခံအကောင် အထည်ဖေါ်သွားမည်တဲ့’။

ဒါကလည်း ခင်ဗျားတို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘာပဲပြောနေနေ ကျုပ်တို့ (နအဖ) စစ်အစိုးရကတော့ ငါ့မြင်းငါစိုင်းမယ် ဆိုတာပဲဖြစ်ပါတယ်။ ဘယ်သူ့အကြံပြုချက်မှ လက်ခံမည်မဟုတ်၊ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ လမ်းပြမြေပုံအတိုင်းသွားမယ်ဆိုတာပဲဖြစ်ပါတယ်။

ဒါတွေကြောင့် ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာ ယခုလက်ရှိတည်ရှိနေတဲ့ အခြေအနေအောက်မှာ။ (နအဖ) စစ်အစိုးရ ကပြောနေတဲ့ သဘောထားတွေနဲ့ဆိုရင် ဘယ်လိုနည်းနဲ့မှ ဖြစ်လာနိုင်စရာမရှိပါဘူး၊ ဒါကြောင့် အချိန်ဆွဲဖို့နဲ့ လှည့်စားဖို့သက်သက် (နအဖ) စစ်အစိုးရက တင်ပြထားတဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာကို ‘တည်’ ပြီး ပြည်တွင်းပြည်ပမှာ ဘာလို့ ကျွန်တော်တို့အငြင်းပွား နေကြမှာလဲ။

လမ်းပြမြေပုံအဆင့် (၄) မှာ ပြည်သူတွေနဲ့ တပ်မတော်ထဲက တပ်မှူးတပ်သားတွေအနေနဲ့ (နအဖ) စစ်အစိုးရကို မှတ်လောက် သားလောက် ဆုံးမနိုင်ဖို့ ယခုကတည်းက စည်းရုံးပြင်ဆင်ဆောင်ရွက်ကြပါစို့။

ဒါကြောင့် အစကတည်းကမဖြစ်နိုင်တဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ပျက်ရတယ်ဆိုရင်ဖြင့်လည်း အဓိကလက်သည် တရားခံဟာ (နအဖ) စစ်အစိုးရသာလျင် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာမှုကြောင့်လည်း မဟုတ်ပါ။
ကုလသမဂ္ဂ ကြောင့်လည်း မဟုတ်ပါ။
မစ္စတာဂမ်ဘာရီကြောင့်လည်း မဟုတ်ပါ။

No comments: