Wednesday, April 30, 2008

ထောက်ခံမဲ ပေးကြပါစို့

  • အမျိုးဖျက် လက်နက်ကိုင် လူတစ်စုကိုချစ်စိတ် ထက်သန်သူတိုင်း
  • ဖက်ဆစ်ကျွန်ဘ၀ ရောက်ရှိရေးကို လိုလားသူတိုင်း
  • သန်းရွှေနှင့် အပေါင်းပါများ၏ အာဏာ တည်တံ့ခိုင်မြဲရေးကို လိုလားသူတိုင်း
  • ကုလားစွက်ဖက်မှု၊ တရုတ်သြဇာခံနှင့် အာဆီယံကျွန် သဘောက်ဖြစ်ရေးကို လိုလားသူတိုင်း
  • လောက်ကောင် စစ်တပ်၏ အာဏာရူး ကာကွယ်ရေးဦးစီးချုပ် ကြိုးဆွဲရာကမည့် ရုပ်သေးအစိုးရ ပေါ်ပေါက်လာမည်ကို လက်ခံလိုသူတိုင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို တစ်ခဲနက် ထောက်ခံမဲပေးကြစို့။

ယုဇနပလာဇာရှေ့တွင် တွေ့ရသော ဆိုင်းဘုတ်ကြီးကို ဖတ်ရှုခံစား ရေးသားပါသည်။ အောက်တွင်ရှု။


Read More...

Tuesday, April 29, 2008

မဲရုံမှူးတစ်ဦး၏ ဖွင့်ဟချက်

ရန်ကုန်ပြည်သူများ

လာမည့်မေလ (၁၀)ရက်နေ့ တွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆိုင်ရာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲရုံမှူးများအဖြစ် ခန့်အပ်ရန် ကျောင်းဆရာများ၊ ဆရာမများ အပါအ၀င် အခြားဝန်ထမ်းများကို မြို့နယ်၊ ရပ်ကွက်အသီးသီးတွင် သင်တန်းများ ပို့ချလျှက်ရှိသည်။

ထိုသို့ မဲရုံမှူးသင်တန်းများ ပို့ချရာတွင် အချို့သော ပို့ချချက်များသည် နအဖ စစ်အစိုးရ၏ ကောက်ကျစ်သော လှည့်ကွက်များ ပါဝင်နေကြောင်း အဆိုပါသင်တန်းကို တက်ခဲ့ရသည့် ဆရာမ တစ်ဦးက ဆိုသည်။

မဲရေတွက်ရာတွင် အခြေခံဥပဒေအား ထောက်ခံသည့် သင်္ကေတအဖြစ် အမှန်ခြစ် အမှတ်အသားအား အောက်ပါပုံတွင် ပါရှိသည့်အတိုင်း ဘောပင် မှင်ရာ မပီမပြင် မှုန်ဝါး ပြတ်တောက်နေစေကာမူ ထောက်ခံမဲဟု သတ်မှတ်ရမည် ဖြစ်ပြီး၊



ကန့်ကွက်မဲ သင်္ကေတ အမှတ်အသား ဖြစ်သည့် ကြက်ခြေခတ် အမှတ်အသားအား အောက်ဖော်ပြပါ ပုံများအတိုင်း မှင်ရာ ပြတ်တောက်ခြင်း၊ ကြက်ခြေခတ်သော်လည်း မပီသသည့်အတွက် ပယ်မဲအဖြစ် သတ်မှတ်မည်ဟု ပို့ချချက်များ ပါဝင်နေပါသည်။



အောက်ပါအတိုင်း ကြက်ခြေခတ်အမှတ်အသား ပီပီပြင်ပြင် ပေါ်မှသာ ကန့်ကွက်မဲအဖြစ် သတ်မှတ်ရမည်ဟု ပါရှိပါသည်။



၎င်းသက်မှတ်ချက်များသည် သာမာန်အားဖြင့် အရေးမပါလှဟု ထင်ရသော်လည်း အမှန်တကယ် လွန်စွာ အရေးကြီးပါသည်။ အထက်ပါ အချက်များ အတိုင်းဆိုပါက ကန့်ကွက်မဲများကို (မပီပြင်မထင်ရှား) ဟုဆိုကာ ပယ်မဲအဖြစ် သွတ်သွင်းပြီး ထောက်ခံမဲများကိုမူ များသည်ထက်များအောင် (မပီပြင်သော်လည်း မပယ်ခြင်းဖြင့်) လိမ်လည်ကာ အနိုင်ရရန် ကြိုးပမ်း ပေလိမ့်မည်။

သို့ပါ၍ ဆန္ဒမဲ ပေးကြမည့် ပြည်သူအပေါင်းတို့သည် ကြက်ခြေခတ်အမှတ်အသား ( X ) ပီပီပြင်ပြင် ရေးခြစ်၍ ကန့်ကွက်ကြပါစို့ ဟု တိုက်တွန်းလိုက်ရပါသည်။

Read More...

Thursday, April 17, 2008

NLD ကြေညာချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်သော ကြေညာချက်များ

Read More...

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ်၊ ဧပြီလ (၂) ရက်
၁၃၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၂)ရက်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့် ပတ်သက်၍
သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ

၁။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို (၇) ရက် ကြိုတင် ကြေညာရမည်ဖြစ်ပါသည်။

၂။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မိမိတို့၏အမည် ပါ မပါ ကြိုတင်လေ့လာရပါမည်။
(က) မပါလျှင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်သို့ တင်ပြနိုင်သည်။
(ခ) ဖြစ်နိုင်လျှင် သေဆုံး/ပြောင်းရွှေ့ သွားသော ဆန္ဒမဲပေးသူများ စာရင်းကို ကြိုတင်ပြုစုထားပါ။

၃။ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်သည် လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်ခြင်း ရှိ/မရှိ ဂရုစိုက်ပါ။

၎။ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်၌ မဲပုံးများတွင် ဆန္ဒမဲလက်မှတ်နှင့် အခြားပစ္စည်း တစ်စုံတစ်ရာ မရှိကြောင်း (၅) ဦးထက်မနည်း မဲပေးခွင့်ရှိသူများအား ပြသရမည်။ မဲပုံးကို လုံခြုံစွာ ပိတ်ခြင်း ရှိ/မရှိ စစ်ဆေးကြည့်ရှုပါ။

၅။ ဆန္ဒမဲလက်မှတ်တိုင်းတွင် ကော်မရှင်အမှတ်အသားနှင့် မဲရုံမှူးလက်မှတ် ပါ/မပါ စစ်ဆေးပါ။ ယင်းအမှတ်အသားနှင့် လက်မှတ်မပါလျှင် ပယ်မဲ ဖြစ်လိမ့်မည်။

၆။ လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်စေသည့် အမှတ်အသားပါသည်ဟု ယူဆလျှင် ဆန္ဒမဲလက်မှတ်ကို ပြန်လည်လဲလှယ်ပေးရန် တောင်းဆိုပါ။

၇။ ဆန္ဒမဲပေးရာတွင် ထောက်ခံလျှင် အမှန် (√) အမှတ်အသားကိုလည်းကောင်း၊ ကန့်ကွက်လျှင် ကြက်ခြေခတ် (x) အမှတ်အသားကိုလည်းကောင်း ရေးသားဖော်ပြရမည် ဖြစ်သည်။ (မိမိ၏ လွတ်လပ်သော ဆန္ဒအရ ကန့်ကွက်ကြောင်း ကြက်ခြေခတ် (x) ခြင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် လုံးဝ ငြိစွန်းခြင်းမရှိပါ)။

၈။ ပယ်မဲ မဖြစ်စေရန် သတိပြုပါ။ သတ်မှတ်ထားသည့် အမှတ်အသားမပါသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒမဲလက်မှတ်အတုဖြစ်ကြောင်း မဲရုံအဖွဲ့က စိစစ်ဆုံးဖြတ်ထားသည့်လက်မှတ်နှင့် တစ်နည်းနည်းဖျက်ဆီး၍ မဲပုံးထဲထည့်ထားသည့် ဆန္ဒမဲလက်မှတ်တို့သည် ပယ်မဲဖြစ်သည်။

၉။ လျှို့ဝှက်ဆန္ဒပြုပြီးနောက် အများမြင်သာသောနေရာတွင် ထားရှိသည့် မဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်ကို ထည့်ပါ။

၁၀။ ကိုယ်စားလှယ်အဖြစ် မဲပေးခွင့်မရှိပါ။ မျက်မမြင်များနှင့် ကိုယ်လက်အင်္ဂါ မသန်မစွမ်းသူများ မဲပေးရာတွင် လျှို့ဝှက်မဲပေးစနစ်ကို မထိခိုက်စေပဲ မဲရုံအဖွဲ့က ကူညီခြင်း ဟုတ်/မဟုတ် စောင့်ကြည့်ပါ။

၁၁။ ဆန္ဒမဲပေးချိန်မှာ နံက် (၆) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်သည်။

၁၂။ မဲရုံမပိတ်မီ မဲရုံပရ၀ဏ်အတွင်း ရောက်ရှိနေသူများအနက် ဆန္ဒမဲမပေးရသေးသူများ ရှိပါက၊ ထိုသူများအား ဆန္ဒမဲပေးချိန် (၄) နာရီ ကျော်လွန်ပြီးဖြစ်စေကာမူ ဆန္ဒမဲပေးခွင့် ပြုရမည်ဖြစ်သည်။

၁၃။ မဲရုံပိတ်ချိန်၌ (၁၀) ဦးထက်မနည်းသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း၌ ပါဝင်နိုင်ရန်ကြိုးပမ်းပါ။

၁၄။
(က) မဲပုံးကို စစ်ဆေးခြင်း၊ မဲပုံးကိုဖွင့်ပြီး ဆန္ဒမဲများ ရေတွက်ခြင်း တို့ကို ကြည့်ရှုပါ။
(ခ) ထောက်ခံမဲ၊ ကန့်ကွက်မဲ နှင့် ပယ်မဲများကို ခွဲခြား၍ ရေတွက်ခြင်းနှင့် စာရင်းပြုစုခြင်းတို့ကို ကြည့်ရှုမှတ်သားပါ။
(ဂ) ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲ နှင့် လက်ကျန်ဆန္ဒမဲများကို တစ်ထုတ်စီ လုံခြုံစွာ ထုတ်ပိုးခြင်းတို့ကို လေ့လာမှတ်သားပါ။

၁၅။ ကြိုတင်ဆန္ဒမဲပေးသူသည်လည်း အလားတူပင်ဖြစ်သည်။ ကြိုတင်၍ ဆန္ဒပြုပြီးနောက်စာအိတ်ကို အလုံပိတ်၍ ချက်ခြင်းပြန်အပ်ပါ။

၁၆။ အထက်ပါအချက်များကို တစ်ဦးဦးကဖြစ်စေ၊ အသင်းအဖွဲ့ တစ်ခုခုကဖြစ်စေ၊ ချိုးဖောက်ပါက မဲရုံမှူးထံ နှုတ်ဖြင့် ဖြစ်စေ စာဖြင့် ဖြစ်စေ တရားဝင် ချက်ချင်းကန့်ကွက်ပါ။ (စာဖြင့် ကန့်ကွက်နိုင်လျှင် ပိုကောင်းပါသည်။)

၁၇။ ဤအချက်များကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ နားလည်သဘောပေါက်အောင် အဆင့်ဆင့် ရှင်းလင်းဆွေးနွေးပါ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့

Read More...

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်



ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်

ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၂ ဧပြီ ၂၀၀၈
၁၃၆၉ ခုနှစ် တပေါင်းလပြည့်ကျော် ၁၂ ရက်

၁။ ပြည်လုံးကျွတ်ဆန္ဒခံယူမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်း လုံးဝမဟုတ်ပါ။

၂။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ၄င်းတို့ဖာသာ ၄င်းတို့စိတ်ကြိုက် ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့်သာ တဖက်သတ်ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ဖြစ်ပါသည်။

၃။ ၄င်းအပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည် ဟူသော ဒီမိုကရေစီအခြေခံမူကြီးများနှင့် ညီညွတ်ခြင်းမရှိသဖြင့် တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် ပြည်သူတရပ်လုံးက အာသာပြင်းပြစွာ လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက် မပေးနိုင်ပါ။

၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူတု ထောက်ခံမှု မရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာ သမိုင်းများက သက်သေထူလျက်ရှိသည်။

၅။ သို့ပါသဖြင့် လူထုလူတန်းစား အလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများ အားလုံးနှင့် အဖွဲ့အစည်းများက သက်ဆိုင်ရာမဲရုံများသို့ မပျက်မကွက်သွားရောက်ကြ၍ ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပေးကြရန် ပန်ကြားအပ်ပါသည်။

၂၀-၃-၀၈ နှင့် ၃၁-၃-၀၈ ရက်နေ့များတွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ -

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန ၏ သတင်းထုတ်လွှင့်ချက်မှ

Read More...

Wednesday, April 16, 2008

အထူးကြေညာချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ်၊ မတ်လ (၃၁) ရက်
၁၃၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၀)ရက်

အထူးကြေညာချက် - ၄ / ၀၃ / ၀၈

အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီနှင့် စပ်လျဉ်း၍ -
“ x x x လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကိုလုပ်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီအစစ် မဖြစ်နိုင်ဘူး။ အတုတွေသာ ဖြစ်တယ်။”
“ဒီမိုကရေစီသစ်အရ လုပ်မဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုရင် တိုင်းသူပြည်သား လူအများစုတွေ အာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေ အထက်အထိ တိုင်းပြည်အုပ်ချုပ်ရေး၊ တိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။ x x x”
ဟု ၁၉၄၇ ခုနှစ် မေလ (၁၉) ရက်နေ့တွင် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ၌ မိန့်ကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့တွင် စတင်တည်ထောင်စဉ်ကပင် ရည်ရွယ်ချက်အချို့အဖြစ် -

(က) အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာစေရန်၊

(ခ) အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်း မရှိစေရေး အတွက် ကြိုးပမ်းရန်၊
စသည်တို့ကို ချမှတ်ထားခဲ့ပြီး ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို လေ့လာကြည့်လျှင် -

(၁) နိုင်ငံတော်၏အခြေခံမူများ၌ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟု ချမှတ်ထားခြင်း၊

(၂) နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းများတွင် “စစ်ရေးအမြင်ရှိရမည်” ဟူသောအချက်ကို ထည့်သွင်းထားခြင်း၊

(၃) ဥပဒေပြုရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား (၂၅) ရာခိုင်နှုန်းပါဝင်နေခြင်း၊

(၄) လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရပါက၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်သည်ဟု သတ်မှတ်ထားပြီး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ခန့်အပ်ထားသော တပ်မတော်သား ကိုယ်စားလှယ်များကိုမူ အငြိမ်းစားယူရန် သို့မဟုတ် နှုတ်ထွက်ရန် မလိုဟု သတ်မှတ်ထားခြင်း၊

(၅) ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူရခြင်း၊

(၆) ရာထူးမှ နှုတ်ထွက်ရမည့် အထက်ပါ တပ်မတော်သားဝန်ကြီး ဒုတိယ၀န်ကြီးတို့နှင့် ပတ်သက်လျှင် နိုင်ငံတော် သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ခြင်း၊

(၇) အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းမည့် တပ်မတော်သားများ ပါဝင်နေခြင်း၊

(၈) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို (၁၁) ဦးဖြင့် ဖွဲ့စည်းထားရာ၊ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊ စုစုပေါင်း (၆) ဦးတို့ဖြင့် အများစုမဲ (majority vote) ကို တစ်ပါတည်း ရယူထားခြင်း၊

(၉) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊

(၁၀) တပ်မတော်နှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ထည့်သွင်းထားခြင်း၊

(၁၁) အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့် ရှိခြင်း၊

(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရနိုင်အောင် သတ်မှတ်ထားခြင်း၊

စသည်တို့ဖြင့် “အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်” ဟူသော ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်း မရှိဘဲ ရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အထက်ပါအချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့စဉ်ကတည်းက စာတမ်းအသီးသီးတွင် ရေးသား ဖော်ပြ၍ အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး ဖြစ်ပါသည်။

၎င်းပြင် အာဏာပိုင်တို့က ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် ၁/၉၀ အပိုဒ် - ၂၀ အရ၊ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ဤဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ရေးဆွဲခဲ့ရခြင်းလည်း မဟုတ်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်၏အခြေခံအကျဆုံးနှင့် အမြင့်ဆုံးဥပဒေဖြစ်သောကြောင့် တိုင်းပြည်၏ အသက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် ပြည်သူတို့၏ တန်းတူညီမျှသော အခြေခံအခွင့်အရေးများကို အာမခံချက်ပေးရပါသည်။ သို့ပါ၍ ယခုကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန် နှင့် အနာဂတ် အကျိုးစီးပွားများအတွက် အထူးသဖြင့် ပြည်သူလူထုသည် မိမိနှင့် နောင်လာနောက်သား မျိုးဆက်များအတွက် အလေးအနက်ထား စဉ်းစား၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးတည်လျက် ဆုံးဖြတ်ကြပြီး ဆန္ဒပြုကြရန် နှိုးဆော်လိုက်ပါသည်။ မဲရုံသို့ သွားကြပြီး ဆန္ဒပြုခြင်းသည် မိမိကိုယ်ပိုင်အခွင့်အရေးကို မဆုံးရှုံးစေရန် အသုံးပြုလိုက်ခြင်း မည်ပေသည်။

၂၀-၃-၀၈ နှင့် ၂၄-၃-၀၈ နေ့များတွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့

Read More...

Tuesday, April 15, 2008

ဒိုင် နဲ့ ထိုးသား

ဝင်းပေါ်မောင်
ဧပြီ ၁၄၊ ၂၀၀၈

မိုးမခမီဒီယာမှ ရယူသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် အနှစ်သာရအားဖြင့် စစ်အစိုးရ ဖြုတ်ချရေး ပြည်လုံးကျွတ် ဆန္ဒပေးပွဲ အဖြစ်သို့ တရွေ့ရွေ့ အသွင်ပြောင်းလာနေပြီ ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များကို ကြည့်လျှင် စစ်တပ်မှ လွှမ်းမိုးချုပ်ကိုင် လုပ်ဆောင်သည့် ကိစ္စရပ်တိုင်း၌ ပြင်ပ အသွင်သဏ္ဌာန်နှင့် အတွင်း အနှစ်သာရတို့ အမြဲတစေ ကွဲပြားနေလေ့ ရှိသည်ကို တွေ့နိုင်ပါသည်။ အရေးပါသည့် ကိစ္စရပ်များ ဖြစ်သည့် ၁၉၅၈, ၁၉၆၂, ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှုများ၊ ၁၉၆၀၊ ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲများနှင့် ၁၉၇၃ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတို့တွင် အသွင် နှင့် အနှစ် ကွဲပြားနေသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။

စစ်တပ်က အာဏာသိမ်းမှုတိုင်းတွင် `ယိုယွင်းနေသော တိုင်းပြည်အခြေအနေအရ မလွှဲမရှောင်သာ အာဏာယူရခြင်း´ ဖြစ်ကြောင်း မွဲပြာပုဆိုး အကြောင်းပြချက်ကို ထပ်တလဲလဲ ပေးခဲ့မြဲ ဖြစ်သည်။ အမှန်မှာ `အာဏာ´ကို လိုချင်၍ `သိမ်း´ခြင်းသာ ဖြစ်ပါသည်။

စစ်တပ်က လုပ်ပေးသော ပါတီစုံ ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရန် ကြီးကြပ်ပေးသည်ဟု အသံကောင်းဟစ်သော်လည်း၊ လက်တွေ့တွင် စစ်တပ်က ၄င်းတို့ လိုလားသည့်ဘက်မှ ပင်းခဲ့မြဲ ဖြစ်သည်။

တပါတီစနစ်ကျင့်သုံးမည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ပြိုင်ဘက်မရှိဘဲ တယောက်တည်း ဟန်ရေးပြသည့် `လုပ်ပွဲ´တခုသာ ဖြစ်ပါသည်။

သို့ရာတွင် စစ်တပ်က ဘယ်လိုပင် အကြောင်းပြပြ၊ ဘယ်လောက်ပင် အသံကောင်းဟစ်ဟစ် မြန်မာလူထုက အသွင်နှင့် အနှစ်ကို ကောင်းစွာ ခွဲခြား နားလည်ပြီးသား ဖြစ်သည်။ ချက်ဆို နားခွက်က မီးတောက်ပြီး ဖြစ်သည်။ စကားလုံး အကြီးအကျယ် အလှအပများနှင့် ဘယ်လိုပင် တန်ဆာဆင် ပြောနေစေကာမူ အတွင်းအနှစ်သာရကို ဇတ်ခနဲ ဆွဲထုတ် ကောက်ယူပြီး ဖြစ်သည်။

မေလတွင် ကျင်းပမည်ဟု ကြေညာထားသည့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၏ အနှစ်သာရကိုလည်း မြန်မာလူထုက အတော်စောစောကပင် ကောက်ယူပြီး ဖြစ်သည်။ စစ်တပ် လုပ်ဆောင်ချက်အပေါ် မြန်မာလူထု၏ ဘာသာပြန်ချက်က နိုင်ငံရေး ဆန်ချင်မှ ဆန်မည်။ သို့သော် ရှင်းလင်းသည်။ စကားလုံး လှချင်မှ လှမည်။ သို့သော် တိကျသည်။

ဆန္ဒခံယူပွဲကို လူထု အဓိပ္ပာယ်ဖွင့်ပုံက “ဒါ သူတို့ ဆင်းမပေးဖို့ လုပ်တာ” ဟူ၍ ဖြစ်ပါသည်။

၁၉၉၀ ဒိုင်

ဗိုလ်နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရက ၁၉၆၀ ဖေဖော်ဝါရီလတွင် `တတိယအကြိမ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ´ ကို ၄၇ အခြေခံဥပဒေနှင့်အညီ ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဒိုင်ဖြစ်သည့် အိမ်စောင့်အစိုးရ (စစ်တပ်) က တည်မြဲဖဆပလ ဘက်မှ ပင်းခဲ့သည်။ ယင်းသို့ ပင်းခဲ့ကြောင်း သက်သေထူသည့်အချက်မှာ ရွေးကောက်ပွဲအတွင်း မသမာမှုများတွင် တာဝန်ရှိသည်ဟုဆိုကာ တပ်မှူးကြီး ၁၃ ယောက်ကို ဗိုလ်နေ၀င်းက ဖြုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

၁၉၉၀ တွင် ဗိုလ်စောမောင် ဦးဆောင်သည့် န၀တ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲမှာ အခြေခံဥပဒေ တခုမျှ မရှိသည့် အခြေအနေတွင် ကျင်းပခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကို ၁၉၄၇ ကကဲ့သို့ `တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ´ ဟုလည်း အတိအလင်း မဆိုထား။ အာဏာလွှဲပြောင်းရေးကိုလည်း တိတိကျကျ မပြဋ္ဌာန်းထား။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက် တင်မြောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။” ဟူ၍ ပြဋ္ဌာန်းထားသော်လည်း လွှတ်တော် ခေါ်ယူရေးအတွက် အချိန်ကာလ တိတိကျကျ မသတ်မှတ်ထား။

ထိုသို့ ပျော့ကွက်များ ရှိနေသော်ငြား န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ပါတီစုံ ရွေးကောက်ပွဲ ပြီးရင် ဘာလုပ်ကြမလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဖို့ပဲ ဖြစ်တယ်။ … အခြေခံ ဥပဒေကို အရွေးခံရတဲ့ ပါတီအဖွဲ့အစည်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လုပ်ကြရမယ့် ကိစ္စ” ဟူ၍ ရွေးကောက်ပွဲ မတိုင်မီကရော ရွေးကောက်ပွဲ အပြီးတွင်ပါ ကမ္ဘာသိ ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအပြီး နှစ်လအကြာတွင် ထုတ်ပြန်သည့် ၁/၉၀ ကြေညာချက်တွင် စစ်အစိုးရက လွှတ်တော် ခေါ်ယူပေးရေးကို တာဝန်ခံပြီး၊ လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေ ရေးဆွဲရေးကို တာဝန်ယူရန် ထပ်မံ အတည်ပြုခဲ့သည်။

ထိုအချက်များအရ စစ်အစိုးရက မိမိကိုယ်ကိုယ် အိမ်စောင့်အစိုးရကဲ့သို့ သဘောထားကာ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ ပြည်သူလူထု အများစုကလည်း ဤသို့ပင် ရှုမြင်ခဲ့ကြပါသည်။ စစ်အစိုးရက ဒိုင် ဖြစ်သည်။

စစ်အစိုးရက ဒိုင်နေရာကို ယူခဲ့သော်လည်း ကစားပွဲကို အဆုံးသတ်အောင် မဆောင်ရွက်ပါ။ အကြောင်းမှာ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ ရလဒ်က မိမိလိုလားသည့်အတိုင်း မဟုတ်တော့၍ ဖြစ်ပါသည်။ စစ်အစိုးရ အနေနှင့် ရွေးကောက်ပွဲတွင် ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မည် မဟုတ်ဟု တထစ်ချ တွက်ဆထားခဲ့ပုံ ရပါသည်။ ပါတီများအချင်းချင်း အားပြိုင်နေလျှင် စစ်တပ်က အဆုံးအဖြတ်ပေးနိုင်သည့် အုပ်စု ဖြစ်လာမည်ဟု ထင်မြင်ထားပုံ ရပါသည်။ သို့မဟုတ် စစ်တပ် ထောက်ခံသည့် ပါတီက အသာစီးရလာမည်ဟု ယူဆထားပုံ ရပါသည်။ ထိုယူဆချက်မှာ ဗိုလ်နေ၀င်း၏ အိမ်စောင့်အစိုးရခေတ် ယူဆချက်နှင့် ထပ်တူနီးပါး ဖြစ်ပါသည်။

ဗိုလ်နေ၀င်းခေတ် ရွေးကောက်ပွဲတွင် သိသိသာသာ ဘက်လိုက်ခဲ့သည့်တိုင် စစ်တပ်အားပေးသည့် ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့သည်။ ဗိုလ်စောမောင်ခေတ် ရွေးကောက်ပွဲတွင်လည်း စစ်တပ် လိုလားသည့်ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့ပြန်သည်။

ဘက်လိုက်၍ မနိုင်သောအခါ ဗိုလ်နေ၀င်းသည် နောင်နှစ်နှစ်အကြာတွင် အာဏာသိမ်းခဲ့သည်။ လိုလားသည့်ဘက်က မနိုင်သောအခါ ဗိုလ်စောမောင်သည် လွှတ်တော်ခေါ်ပေးရန် ငြင်းဆန်လိုက်တော့သည်။

ထိုရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ပြည်သူလူထုက စစ်တပ်လွှမ်းမိုးမှုကို မလိုလားကြောင်းနှင့် ဒီမိုကရေစီကိုသာ လိုလားကြောင်း ထင်ထင်ရှားရှား ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူလူထု ဆန္ဒနှစ်ခုစလုံးကို စစ်တပ်က ဆန့်ကျင် ပစ်ပယ်ထားဆဲ ဖြစ်သည်။

စစ်အစိုးရသည် မြတ်မလားလို့ ဒိုင်ကိုင်ခဲ့သည်။ သူဘက်လိုက်ထားသည့် ထိုးသားနှင့် ဝေစားမျှစား လုပ်ရန် ပြင်ဆင်ထားသည်။ သို့သော် ရလဒ်က သူလိုချင်သည့်အတိုင်း မဟုတ်တော့သောအခါ ယခု သူကိုယ်တိုင် ထိုးသား အဖြစ် ၀င်ရောက်လာတော့သည်။

၂၀၀၈ ထိုးသား

၉၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပါတီစုံ ရွေးကောက်ပွဲများအနက် မဲလိမ် မဲခိုးမှု အကင်းရှင်းဆုံး ဖြစ်ခဲ့သည်။ ပါတီချင်း အုပ်စုချင်း ဥပဒေမဲ့ တိုက်ခိုက်မှုများ ကင်းစင်ခဲ့သည်။ စစ်တပ်နှင့် အာဏာပိုင်များ၏ အလွန်အကျူး ဖိအားပေးမှုများ လျော့နည်းသွားသည်။ သို့သော် လုံးဝ လွတ်လပ်၍ တရားမျှတသည်ဟုတော့ မဆိုနိုင်ပါ။ တင်းကျပ်သော အကန့်အသတ်များကြားမှ စည်းရုံးလှုပ်ရှားခဲ့ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ရွေးကောက်ပွဲကို အားလုံးက `လွတ်လပ်၍ တရားမျှတ´ သည်ဟု အသိအမှတ် ပြုခဲ့ကြပြီး၊ ရလဒ်ကိုလည်း တရားဝင် အတည်ပြုခဲ့သည်။

ထိုအချိန်က စစ်တပ်ပိုင်ပါတီ မရှိပါ။ စစ်တပ်ပိုင်ပါတီ အဖြစ်မှ ဈာန်လျောလာသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသာ ရှိပါသည်။ အာဏာကို လက်လွှတ်ခဲ့ရသည့် မဆလ တဖြစ်လဲ တစညပါတီသည် ငွေအင်အား လူအင်အား အတောင့်တင်းဆုံး ဖြစ်သည်။ အင်အားကြီးပါတီ ဖြစ်၍ ရွေးကောက်ပွဲတွင် အနိုင်ရမည်၊ သို့မဟုတ် အဓိက အတိုက်အခံ ဖြစ်လာမည်ဟု စစ်တပ်က တွက်ဆထားပုံရပါသည်။ ထိုသို့ ဖြစ်လာလျှင် တစညနှင့် စစ်တပ် လက်ချင်း ချိတ်ထားနိုင်မည်။ စစ်တပ်အနေနှင့် ကိုယ်ပိုင်ပါတီ မရှိသော်လည်း မဟာမိတ်ပါတီ ရှိနေမည့် သဘောဖြစ်သည်။

သို့သော် သမိုင်းက ထိုသို့ မဖြစ်ခဲ့ပါ။ ဒိုင်ကိုင်သူ စစ်တပ်သဘောကို နောကျေအောင် သိနေသော လူထုက လွှတ်တော်အတွင်း ပါတီချင်းအားပြိုင်မှု မပေါ်ပေါက်လာစေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းကို ပုံအော၍ မဲပေးခဲ့သည်။ တစညမှာ သူရသည့်မဲများကို စုပေါင်းလိုက်လျှင် အဖွဲ့ချုပ်နောက်မှ ဒုတိယလိုက်သည် မှန်သော်လည်း အမတ်နေရာ ၁၀ ခုသာရ၍ လွှတ်တော်တွင်း၌ အတိုက်အခံနေရာကိုပင် မရနိုင်တော့ပါ။

ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရသည် တစညနှင့် အိုးစားခွဲကာ၊ ထာဝရ အာဏာဆွဲကိုင်ရေး လမ်းစဉ်ကို သူ့နည်းသူ့ဟန်ဖြင့် စတင်ခဲ့တော့သည်။ ပါတီတခုခုနှင့် မဟာမိတ်လုပ်ကာ အာဏာခွဲစားမည့် လမ်းစဉ်မှ စစ်တပ်ကိုယ်တိုင် နိုင်ငံရေးနယ်တွင် လွှမ်းမိုးချုပ်ကိုင်ရေး လမ်းစဉ်သို့ ပြောင်းလဲခဲ့သည်။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဆိုသည့်အချက်ကို ပြောင်ပြောင်တင်းတင်း တောင်းဆိုလာသည်။ ဤအချက်ကို တောင်းဆိုနိုင်ရေးအတွက် `အမျိုးသားညီလာခံ´ကို ဇွတ်တရွတ် ဖန်တီးခဲ့သည်။ တချိန်တည်းမှာပင် တောင်းဆိုချက်ကို ထောက်ခံပေးမည့် `ကြံ့ဖွံ့´ကို စစ်တပ်ပိုင်အဖွဲ့အစည်း အဖြစ် မဟားဒရား တည်ဆောက်ခဲ့သည်။

နအဖသည် လွှတ်တော်ခေါ်ယူရေးကို ငြင်းဆန်၍ အမျိုးသားညီလာခံကို ကျင်းပနိုင်ရန် သုံးနှစ်မျှ အချိန်ယူခဲ့ရသည်။ ညီလာခံကို အတွင်းအပြင် ဖိအားပေးခြင်းနှင့် အချိန်ဆွဲဆန့်ခြင်း ဗျူဟာများဖြင့် ကိုင်တွယ်ခဲ့သည်။ စင်စစ် ၉၆ ခုနှစ်တွင် အဖွဲ့ချုပ် နုတ်ထွက်လိုက်ချိန်မှ စ၍ အမျိုးသားညီလာခံမှာ အသက်မရှိသော အဆာသွပ်ရုပ်လုံးသက်သက် ဖြစ်သွားပြီ ဖြစ်သည်။

ညီလာခံက လျှောမွေးလေး ဖြစ်သွားချိန်တွင် ကြံ့ဖွံ့က ဘီလူး ဖြစ်လာခဲ့သည်။ သို့နှင့် ၁၄ နှစ်အကြာတွင် စစ်အစိုးရ၏ တောင်းဆိုချက်သည် ညီလာခံ၏ အခြေခံမူအဖြစ် မွေးဖွားလာပြန်သည်။

ယခု အဆိုပါတောင်းဆိုချက်ကို လူထုဆန္ဒခံယူခြင်းသည် စစ်အစိုးရကိုယ်တိုင် `ထိုးသား´ ဖြစ်လာခြင်းပင် ဖြစ်သည်။ စစ်အစိုးရ ဒိုင်ကိုင်စဉ်က ပါတီများကို လွှတ်တော်သက်တမ်း `တကြိမ်စာ´ အတွက် ယှဉ်ပြိုင်ခိုင်းခဲ့သည်။ စစ်အစိုးရကိုယ်တိုင် ထိုးသားဝင်လုပ်သည့် ယခုအခါတွင် လွှတ်တော်သက်တမ်း `တသက်စာ´ အတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ပြင်ဆင်နေသည့် ဆန္ဒခံယူပွဲသည် ပြင်ပအသွင်သဏ္ဌာန်အားဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး” ဖြစ်ပြီး၊ အတွင်းအနှစ်သာရအားဖြင့် “စစ်တပ်အုပ်ချုပ်မှုဥပဒေ အတည်ပြုရေး” ဖြစ်နေပါသည်။

ထိုးသားဖြစ်လာသည့် နအဖသည် အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံကို အိတ်သွန်ဖာမှောက် ထုတ်သုံးမည် အသေအချာ ဖြစ်သည်။ ဘယ်နည်းနဲ့ နိုင်နိုင်, နိုင်ရင်ပြီးရော ဆိုသည့် စိတ်နှင့် မတရားမှုအပေါင်း သရဖူဆောင်းကြမည် ဖြစ်သည်။ ထိုကိစ္စအားလုံးကို ကြံ့ဖွံ့အမည်ခံ၍ လုပ်ကိုင်နေကြပြီ ဖြစ်သည်။

ကန့်ကွက်မဲအလွန်

ယခုပွဲတွင် `ဒိုင်´ မရှိတော့ပါ။ အကြောင်းမှာ နအဖသည် `သူပဲ ဒိုင်, သူပဲ ထိုးသား´ အဖြစ် ရယူထားသောကြောင့် ဖြစ်သည်။ ဆန္ဒခံယူပွဲအတွင်း တစုံတရာ ပြဿနာပေါ်ပေါက်ပါက တိုင်ကြားဖြေရှင်းရန် `တရားရုံး´ လည်း မရှိတော့ပါ။ အကြောင်းမှာ နိုင်ငံတော်တရားသူကြီးချုပ် ကိုယ်တိုင် ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ နေရာယူထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆန္ဒခံယူပွဲသည် တဖက်နှင့်တဖက် `ပွဲပြတ်´ ဖြစ်ကိုဖြစ်မှရမည့် အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ပွဲမပြတ်လျှင် အခြေအနေက ပိုမိုရှုပ်ထွေးနိုင်ပြီး `ကင်ညာ ပြီးတော့ မြန်မာ´ ဖြစ်သွားနိုင်ပါသည်။

ထိုအချက်ကို နအဖကလည်း လက်ခံထားပုံရသည်။ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားသူ ကိုယ်တိုင် ထောက်ခံမဲထည့်ရေး စည်းရုံးနေသည်ကို ထောက်လျှင် သူတို့ဘက်က ထောက်ခံမဲ အပြတ်ရရေးအတွက် မသေချာသေးဟု တွက်ဆနိုင်ပါသည်။ သို့မဟုတ် စိတ်ချသေချာအောင် ၀ါယမစိုက်ထုတ်နေသည်ဟုလည်း ဆိုနိုင်ပါသည်။ သို့မဟုတ် ဒီတကြိမ် ရှုံးလျှင် ငါတို့ ဇီဝိန်ချုပ်လိမ့်မည်ဟု စစ်အစိုးရ လိပ်ပြာလန့်နေတာလည်း ဖြစ်နိုင်ပါသည်။

ညီလာခံက ချမှတ်လိုက်သော အခြေခံမူ၏ အဓိကကျသော အချက်နှစ်ချက်ကို အခြေခံဥပဒေ မူကြမ်းတွင် ပြင်ထားလိုက်ခြင်းက နအဖသည် အလွန်အမင်း ကြောက်စိတ်ဝင်နေကြောင်း ဖော်ပြနေသည်။ ပုဒ်မ ၄၄၁ တွင် အခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ၂၆ ရာခိုင်နှုန်းလိုအပ်ကြောင်း ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၄၃၆ (က) တွင် အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ (ရာနှုန်း ၁၀၀) လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ (အမှားပြင်ဆင်ချက်။ ။ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ ရာနှုန်း ၅၀ လိုအပ်ကြောင်း) ထိုအချက်များမှာ ဒီမိုကရေစီစနစ်နှင့် ညီညွတ်ဖို့ နေနေသာသာ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်သော အခြေခံမူနှင့်ပင် မညီညွတ်တော့ပါ။ ထိုအချက်က နဂိုက ထောက်ခံချင်သူများကိုပင် ကန့်ကွက်အောင် တွန်းပို့ပေးလိုက်နိုင်ပါသည်။

မြန်မာလူထု အများစုက စစ်အစိုးရကို မလိုလားတာ အသေအချာ ဖြစ်သည်။ သို့သော် ထောက်ခံရမှာလား ကန့်ကွက်ရမှာလား မသဲမကွဲ ဖြစ်နေသည်။ လူထုအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အချက်အလက် ပြည့်ပြည့်စုံစုံ မရသေးပါ။ ရသည့်တိုင်အောင် အချိန် မလုံလောက်ပါ။ လုံလောက်သည့်တိုင်အောင် ရှင်းလင်းဆွေးနွေးခွင့် ရနိုင်မည် မဟုတ်ပါ။ ယခု ဧပြီ ၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို ကန့်ကွက်မဲထည့်ရန် အတိအလင်း နှိုးဆော်လိုက်ပြီ ဖြစ်၍ သဲသဲကွဲကွဲ ဖြစ်သွားပြီ ဖြစ်သည်။ မှောက်ရေး မည်းရေး ကိစ္စလည်း အဆုံးသတ်ပြီဟု ဆိုနိုင်ပါသည်။ သပိတ်မှောက်စရာ ရှိခဲ့လျှင် ကန့်ကွက်မဲထည့်ပြီးမှ မှောက်ကြရန် ပြင်ဆင်ထားဖို့ ဖြစ်သွားပါသည်။

ကန့်ကွက်မဲလှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ လူထုယုံကြည်မှုနှင့် ဆုံးဖြတ်ချက် ပီပြင်ခိုင်မာလာမည် ဖြစ်ပါသည်။ လူထုအနေနှင့် ပွဲပြတ်မှ ဖြစ်မည်ကို သိလာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ ကန့်ကွက်မဲသည် ဒီမိုကရေစီကို အပြီးသတ် ဆွတ်ချူပေးမည် မဟုတ်သည့်တိုင် ပန်းတိုင်ဆီသို့ တိုး၍လျှောက်လှမ်းလိုက်သည့် ခြေတလှမ်း ဖြစ်သည်။ ထိုအချက်ကို လူထုအနေနှင့် ကောင်းစွာ နားလည်လာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ အရေးကြီးဆုံး အချက်မှာ ဆန္ဒမဲလက်မှတ်ကို လုံခြုံလွတ်လပ်စွာ ရေးခြစ်နိုင်ခွင့် ရဖို့ပင် ဖြစ်ပါသည်။

ကန့်ကွက်မဲတွေ အများစု ဖြစ်ပြီဆိုလျှင်…

အချို့က ကန့်ကွက်မဲထည့်လိုက်လျှင် နအဖက ဒီအတိုင်း ဆက်လက်အုပ်ချုပ်သွားလိမ့်မည်ဟု ပြောကြပါသည်။ ထိုစကားမှာ ထောက်ခံမဲထည့်ရန် မလှိမ့်တပတ် စည်းရုံးသော စကားသာ ဖြစ်ပါသည်။ အချို့က ဒီဥပဒေကို ကန့်ကွက်လျှင် နောက် ဥပဒေတခုကို ထပ်ရေးလိမ့်ဦးမည်၊ အချိန်ဆွဲထားလိမ့်ဦးမည်ဟု ပြောကြပါသည်။ ထိုစကားမှာလည်း ထောက်ခံမဲရရန် ဆင်ခြေပေးခြင်း တမျိုးသာ ဖြစ်ပါသည်။ ထိုစကားမျိုး ပြောသူတို့မှာ ရှေ့ဘာဖြစ်မည် အသေအချာ မသိဘဲ ကိုယ်ထင်ရာ ဗရမ်းဗတာ လျှောက်ပြောခြင်းသာ ဖြစ်ပါသည်။

ကန့်ကွက်မဲအလွန်တွင် ဘာတွေဖြစ်မည်ကို မည်သူမျှ တပ်အပ် မပြောနိုင်ပါ။ ကန့်ကွက်မဲ ဖြစ်ခဲ့လျှင် ဘာလုပ်မည်ဟု ရေးသားထားသော ဥပဒေလည်း မရှိ။ ယုံကြည်ရလောက်သည့် အခြေအနေမျိုးလည်း မရှိ။ နအဖကလည်း ဘာမျှ မပြော။

သို့သော် ပြောနိုင်တာတခုတော့ အသေအချာ ရှိပါသည်။ ယင်းမှာ “မြန်မာပြည်သူလူထုက စစ်အစိုးရတောင်းဆိုချက်ကို အကြွင်းမဲ့ ပယ်ချလိုက်သည်” ဟု ကမ္ဗည်း မော်ကွန်း စိုက်ထူနိုင်မည်။ လက်နက်ကိုင် စစ်အစိုးရကို လက်နက်မဲ့ ပြည်သူများက နှလုံးရည်ဖြင့် အောင်နိုင်မည်။ နအဖသည် လူထုမလိုလား လက်မခံသော တရားမ၀င် အစိုးရဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာနိုင်မည်။

ဒါ နောက်ဆုံးလား

လူထု ထည့်မည့် ကန့်ကွက်မဲသည် `အခြေခံဥပဒေကို ကန့်ကွက်ခြင်း´ ဆိုသည်ထက် ပိုလွန်စွာ “စစ်အစိုးရ ဖြုတ်ချရေး ဆန္ဒမဲ” အဖြစ်သို့ ရောက်ရှိသွားတော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူထုကန့်ကွက်မဲ အများစုရခဲ့လျှင် နအဖ၏ ဖ၀ါးခုနစ်လှမ်း နိုင်ငံရေး အစီအစဉ်ကြီးသည် တုံ့ခနဲ ရပ်တန့်သွားမည် ဖြစ်သည်။ လူထုက `ရပ်´ ဟု တားမြစ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ တောင်းဆိုထားသည့် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ကို မြန်မာလူထုက `ခွင့်မပြု´ ဟု အဓိပ္ပာယ်ထွက်ပါသည်။

ဤတွင် အဖွဲ့ချုပ်၏ ပြည်သူသို့ ပန်ကြားချက်ပါ အပိုဒ် ၄ ကို အထူးသတိပြုသင့်သည်ဟု ထင်ပါသည်။

၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထု ထောက်ခံမှု မရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက် ရှိသည်။
ထိုအချက်က ဆန္ဒခံယူပွဲသည် ဥပဒေကိစ္စမျှသာ မဟုတ်၊ စစ်အစိုးရ ဆက်လက် တည်ရှိရေး မရှိရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ဖော်ပြနေပါသည်။ ဥပဒေထဲတွင်ပါသည့် အနာဂတ်၌ စစ်တပ် ဦးဆောင်မှုကို လူထုက မထောက်ခံဘူး ဆိုသည်မှာ၊ ယခု အုပ်ချုပ်နေသည်ကိုလည်း လက်မခံဟု ဆိုလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူထုအနေဖြင့် ဥပဒေကို ကန့်ကွက်မဲ ပေးခြင်းသည် `နအဖ အလိုမရှိ´ဟု ကြွေးကြော်လိုက်ခြင်းပင် ဖြစ်သည်။ မဲစာရွက်များဖြင့် ဖော်ပြလိုက်သော ကြွေးကြော်သံက စစ်အစိုးရ ဆက်လက်တည်မြဲမှုကို အကြီးအကျယ် ကိုင်လှုပ်နိုင်မည်ဟု အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။

အကယ်၍ စစ်အစိုးရကို စိမ်ခေါ်နိုင်လောက်သည့် ကန့်ကွက်မဲ မရလျှင် `အဆိုးဆုံး´ အခြေအနေနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ အလုံးစုံ ပျက်သုဉ်းရေးလား၊ အလုံးစုံ ပြောင်းလဲရေးလား ဝေခွဲရန် မလွယ်သေးပါ။ ဒီတပွဲမှာ လူထုဘက်က စွန့်စားရမှာတွေ အများအပြား ရှိသလို၊ နအဖဘက်မှာလည်း စွန့်စားစရာတွေ ဒုနှင့်ဒေး ရှိနေပါသည်။

လောလောဆယ်တွင် နအဖက ဖ၀ါးခုနစ်လှမ်း လမ်းစဉ်အတိုင်း အပြင်းအထန် ချီတက်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုပွဲကို အရန်လမ်းစဉ် သို့မဟုတ် ချွေးသိပ်သည့်လမ်းစဉ် အဖြစ် လုပ်ဆောင်နေသည်။ အကယ်၍ ကန့်ကွက်မဲကြောင့် သူ့အစီအစဉ်ကို ဖ၀ါးလေးလှမ်းမြောက်တွင် ရပ်ပေးရလျှင် အရန်လမ်းစဉ်ကို ပိုမိုချဲ့ထွင်၍ အခြေအနေကို ထိန်းထားနိုင်အောင် ကြိုးစားမည်ဟု ယူဆရပါသည်။

နိုင်ငံတကာနှင့် မြန်မာ့သမိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိခဲ့သည်မှာ အစိုးရတရပ်သည် အလွန်အမင်း အကြပ်အတည်းနှင့် ရင်ဆိုင်ရလျှင် အပြောင်းအလဲ တခုကိုတော့ လုပ်ကြရစမြဲ ဖြစ်သည်။ မှောက်ထားသော ရေခွက်ကို ဆွဲလှန်လိုက်သလို အားလုံး ပြောင်းသွားမည်ဟု မမျှော်လင့်ပါ။ သို့သော် အလွန်ခေါင်းမာသော စစ်ဗိုလ်ချုပ်ကြီးများသည် သူတို့ အဖေကြီး ဗိုလ်နေ၀င်း၏ လမ်းစဉ်မျိုးလောက်တော့ ပြောင်းနိုင်ကောင်းသည်ဟု မရဲတရဲ ယူဆမိပါသည်။

အမြင့်ဆုံး အပြောင်းအလဲမှာ ဗိုလ်သန်းရွှေနှင့် ထိပ်ပိုင်းလူအချို့ ကန့်လန့်ကာနောက်သို့ ၀င်သွားခြင်းမျိုး ဖြစ်နိုင်ပါသည်။ အနိမ့်ဆုံး အပြောင်းအလဲမှာ ဆန္ဒခံယူပွဲကို တာဝန်ခံရသူတို့ ဓားစာခံအဖြစ် ထိုးကျွေးခံရဖွယ် ရှိပါသည်။ ပြယုဂ်ဖြစ်သည့် လူအပြောင်းအလဲများနှင့်အတူ နိုင်ငံရေး အစီအစဉ်သစ်တရပ်ရပ် ပေါ်ထွက်လာနိုင်ပါသည်။ သို့သော် ရှေ့သို့လမ်းစဉ်လား၊ နောက်သို့လမ်းစဉ်လား ဆိုသည်ကတော့ တိုင်းပြည်၏ ကံကြမ္မာပေါ်တွင် မူတည်နေပါသည်။

ကံကြမ္မာကို ကန့်ကွက်မဲက မွေးဖွားပေးမည်ဟု ယုံကြည်မိပါသည်။ ။

Read More...

Saturday, April 12, 2008

ကန့်ကွက်မဲသာ သွားထည့်ပါ

ခင်မင်းဇော်

၂၀၀၈ မတ် ၂၄

ခုတလော ကြားနေရတာတွေက ပြည်သူ့ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲသွားထည့်မလား။ မဲသွားမထည့်ပဲ သပိတ်မှောက်မလား ။ ဒီလူထုဆန္ဒခံယူပွဲ ကိုပဲ အပျက်ဖျက်မလား။ ဒါတွေကို ပဲ ကိုယ့်အယူအဆနဲ့ ကိုယ် ပြောနေကြတာတွေကို ဖတ်နေကြားနေရပါတယ်။

မဲသွားမထည့်စေချင်သူတွေက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မပျက်စေချင်ရင် မဲသွားမထည့်ပါနဲ့တဲ့။ ကျမကတော့ အဲလိုမတွေးမိဘူး။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို ထပ်မံအတည်ပြုပေးဖို့ ကန့်ကွက်မဲကို သွားထည့်ဖြစ်အောင် ထည့်ပေးရပါ့မယ်။

ဒီဆန္ဒခံယူပွဲကို အသိအမှတ်မပြုဘူး ဆိုပြီး သပိတ်မှောက်မှာကိုတော့ မကြိုက်မိပါဘူး။ နိုင်ငံတကာ နားလည်မှုအရ မဲမထည့်သူတွေကို ကြားနေအဖြစ် မသတ်မှတ်ကြဘူး။ ကြားနေသူတွေဟာ ဘာတွေပဲ လုပ်လုပ် ထောက်ခံတယ်လို့ ယူဆကြလို့ပါပဲ။ ဒါ့ကြောင့် မဲမထည့်ခဲ့ရင် ဒီဥပဒေကြီးကို ဘယ်အဖွဲ့က ဘာပဲ လုပ်လုပ် လက်ခံတယ်လို့ သဘောသက်ရောက်သွားပါမယ်။

သပိတ်မှောက်ကြလို့ ပြောတာတခုတည်းအရဆိုရင်တော့ ဒါဟာ နအဖ အကြိုက် ဖြစ်သွားပါဦးမယ်။ ဘာ့ကြောင့်ဆို ကန့်ကွတ်မဲ လာမထည့်လေ သူတို့ မဲလိမ်ရတာ ပိုလွယ်လေ ဖြစ်ကုန်တော့မပေါ့။ မဲသွားမထည့်ပဲ သပိတ်မှောက်ရန် တိုက်တွန်းကြသူများသည် နုအဖ ကို အားပေးသယောင် ဖြစ်နေပြီး လူထုကိုတွေဝေအောင် လုပ်နေသလို ဖြစ်နေလေပြီ။ မဲမထည့်ပဲ အိမ်ထဲမှာ နေရုံနဲ့ ပြီးမလား။ လုံးဝ ပြီးပြည့်စုံခြင်း မဟုတ်နိုင်တော့ပေ။ မဲမထည့်သည့် သပိတ်ကို ဆင်နွဲတော့မယ် ဆိုရင်ဖြင့် မဲဆန္ဒခံယူပွဲကို လုံးဝ လက်မခံကြောင်း ၊ ဒီဆန္ဒခံယူပွဲ ကျင်းပမည့် နအဖကို လုံးဝ ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ အင်တိုက်အားတိုက် ဆင်နွဲပြီး ပြမှသာ သပိတ်မှောက်ခြင်း ထိရောက်ပါလိမ့်မယ်။ မဲသွားမထည့်နဲ့ သပိတ်မှောက်ကြလို့ တိုက်တွန်းပြီး ဒီတိုင်း ထိုင်နေသူများကိုတော့ လူလည်ကြီးများဟုသာ နာမည်ပေးလိုက်ချင်ပါတယ်။

နောက်တခုက ဆန္ဒခံယူပွဲကို ပျက်အောင် ဖျက်ဖို့ ကိစ္စ။ ဒါကိုတော့ လက်ခံပါတယ်။ ဘယ်လိုပျက်အောင် ဖျက်မလဲ။ နည်းမျိုးစုံ အကြမ်းနည်း အနုနည်း အစုံသုံးပြီး ဖျက်ရပါ့မယ်။ အဲဒါကို နအဖက အပျက်ခံမလား။ သူတို့ကလည်း သူတို့ လုပ်ချင်ရာ လုပ်နိုင်ဖို့ ဒီအဆင့်ကို ဖြတ်ကို ဖြတ်မှာမို့ နည်းနည်းတော့ ခက်ခဲနိုင်ပါတယ်။ နောက်ဆုံး တနိုင်ငံလုံး မဲရုံ ၄ ၊ ၅ ခုကျန်ရင်တောင် အဲဒါလေးနဲ့ လုပ်မယ့် သဘောရှိပါတယ်။ မဲသွားမထည့်ပဲ နေတာ ထက်စာရင် ဆန္ဒခံယူပွဲ မပျက်ဖျက်အောင် ဖျက်မယ့် အချက်ကို ကျမက လက်ခံပါတယ်။ ဒီလူထုဆန္ဒခံယူပွဲ ပျက်အောင် ဖျက်ဖို့က မစမချင်း လုပ်ကိုလုပ်ရမယ်။ မေလ ဆန္ဒခံယူပွဲ မစမချင်း ဒီအစိုးရပြုတ်ကျ သွားသည်ထိ တိုက်ထုတ်နိုင်မယ်ဆိုရင် အကောင်းတကာ့ အကောင်းဆုံး ဖြစ်မှာပါ။

ကဲ ပျက်အောင် ဖျက်နေရက်နဲ့ လုပ်ခဲ့ရင်တော့ ကန့်ကွတ်မဲ ပေးကို ပေးရမယ်။ လူထုက သူတို့ နအဖတွေ လိုရာဆွဲရေးထားတဲ့ ဥပဒေကို လုံးဝလက်မခံဘူး ဆိုတာကို တခဲနက် ပြသင့်တယ်။ ကန့်ကွက်မဲ ပေးတာဟာ လမ်းပေါ်မှာ ထွက် ဆန္ဒပြတာထက် စာရင် လူတိုင်း လုပ်နိုင်တဲ့ အလုပ်ဖြစ်နေပါသေးတယ်။

နောက် တချို့က မေးထားတယ်။ ကန့်ကွက်လိုက်လို့ နောက်ဥပဒေအသစ် ထပ်ရေးမယ် ဆိုရင် ထပ်စောင့်ရမှာ လား တဲ့။ ကန့်ကွတ်ပြီး နိုင်လိုက်ပါပြီတဲ့ ဘာဆက်လုပ်ကြမလဲတဲ့။

ဒီဥပဒေကို ၁၄ နှစ်လောက်ဆွဲတာတောင် မကြိုက်ဘူး။ ဘာ့ကြောင့်မကြိုက်လဲဆို ပြည်သူ့လွှတ်တော်တွေ မပါလို့။ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြု။ ၉၀ တုန်းက ပြည်သူ့ဆန္ဒတွေကို အသိအမှတ်မပြုလို့ ၊ စစ်ဗိုလ် ၂၅ ကျပ်သားနဲ့ အာဏာအကုန် ယူထားမှုကို လက်မခံနိုင်လို့၊ ဒါ့ကြောင့် ပြတ်ပြတ်သားသား လက်မခံကြောင်း ကန့်ကွတ်မဲပေးထားတယ်။ ဥပဒေ ရေးဆွဲခွင့်ရှိသူတွေကိုသာ ရေးဆွဲခွင့်ပေးဖို့ လူထုက ဆက်လက် တိုက်ပွဲဝင်ရတော့မှာပေါ့။ သူတို့တွေ ၁၉၉၀တုန်းကလို ငါတို့နိုင်မှာပဲ ဆိုပြီး အယုံကြည်လွန်ပြီး မဲမလိမ်နိုင်ခဲ့လို့ ကန့်ကွက်သူတွေ နိုင်ခဲ့ရင်လဲ လူထု ဆန္ဒပြပွဲတွေနဲ့ ဆက်လက် ဖိအားပေးရမယ်။ မဲလိမ်ခံလိုက်ရလို့ ရှုံးတယ်ဆိုရင်လဲ မဲလိမ်တာတွေ ဖော်ထုတ်လို့ ဆန္ဒပြပွဲတွေ ဆက်လက် ဖော်ဆောင်ရဦးမယ်။

လူထုတိုက်ပွဲကို သိတာပေါ့။ ဒါပြီးရင် ဘာဖြစ်ဦးမလဲ ဘာလုပ်ရဦးမှာလဲ ဆက်မေးချင်သူတွေ ရှိနေပါဦးမယ်။ အင်း … လူထုကို ဘယ်လောက် လိုက်ပါနိုင်အောင် စည်းရုံးနိုင်မလဲ ဆိုတဲ့အဖြေပေါ်မှာ မူတည်နေပါသေးတယ် ဆိုတာကိုပဲ ဖြေထားလိုက်ပါဦးမယ်။ ဘာ့ကြောင့်ဆို ကျမကိုယ်တိုင်က လူထုနဲ့ အတူ ရှိမနေနိုင်သေးချိန် မဟုတ်ပါလား။

နအဖ အနေနဲ့ကတော့ ဒီလူထု ဆန္ဒခံယူပွဲကို ဖြစ်အောင်လုပ်မယ် ။ နိုင်အောင် လုပ်မယ်။ ဒါသူတို့ လုပ်ကို လုပ်မယ့် အရာဆိုတာကိုတော့ ပြတ်ပြတ်သားသား လက်ခံထားနိုင်ရမယ်။ အခုတောင် ၀န်ကြီး ဌာနတွေအလိုက် မဲထည့်ရမယ်။ ၀န်ထမ်းတွေ ကိုယ့်ရုံးမှာ ကိုယ်မဲထည့်ရမယ်။ ၀န်ထမ်းမိသားစုတွေ လဲ မဲကို ရုံးမှာ ပဲ သွားထည့်ရမယ် အဲလိုတွေ ကြားနေရပါတယ်။ သူတို့ မနိုင် နိုင်အောင် လုပ်မယ့် လက္ခဏာတွေပါပဲ။ ၀န်ထမ်းတွေ မဲမထည့်ပဲ နေရဲမလား။ အဲဒါကို ထည့်တွက်ပေးရပါဦးမယ်။

ဒါ့အပြင် ဘယ်လို မဲထည့်တဲ့စနစ်လဲ ဆိုတာ ခုထိမပြောသေးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက ကိုယ်ထောက်ခံမဲ ထည့်မယ့် ပါတီရဲ့ ဘေးမှာ ကြက်ခြေခတ် တံဆိပ်နှိပ်ခိုင်းတာကို မှတ်မိဦးမယ် ထင်ပါတယ်။ ကိုယ်ထောက်ခံရင် အမှန်ပဲ ခြစ်ပေးနေကျ ပြည်သူ လူထုကို ယောင်မှား သွားလောက်အောင်ကို ညစ်ခဲ့ဖူးတာပါ။ အဲဒီအချိန်တုန်းက လူထုကြားထဲကို ဆင်းပြီး မဲထည့်ပုံထည့်နည်းကို သင်ကြားပေးဖို့ အချိန်အနည်းငယ် ရရှိခဲ့ပေမယ့် ခုတော့ အဲဒီလို အခွင့်အရေးတောင်မှ မရနိုင်သေးပါဘူး။ ကန့်ကွက်မဲကို ဘယ်လိုတံဆိပ်နှိပ်ရမယ်။ မဲတပုံးထဲမှာလား ။ ထောက်ခံ ကန့်ကွတ် ၂ ပုံးထားမှာလား ဘာကိုမှ မကျေညာသေးပဲ နအဖက ကလိမ်ဥာဏ် ဆင်ဖို့ စောင့်နေဆဲပါ။

ဘာတွေ ဘယ်လိုပဲ ညစ်ညစ် ပြည်သူတွေရဲ့ အသဲကြားက မဲတပြားကိုတော့ တန်ဖိုးရှိရှိ သုံးစေချင်ပါတယ်။ ကိုယ်ရဲ့ တာဝန်သိတတ်မှုနဲ့ နအဖကို တွန်းချဖို့ မဲရုံတွေကို သွားရောက်မဲထည့်ဖို့ နှိုးဆော်ပေးသင့်ပါတယ်။ လုံးဝမဲမထည့်ရေးဟာ နအဖ အတွက် အကြိုက်တွေ့သွားမယ့် အစီအစဉ်ပါပဲ။ မဲလာထည့်သူတွေရဲ့ ၅၀ ရာနှုန်းကျော် ထောက်ခံခဲ့ရင် အတည်ဖြစ်သွားမယ်လို့ ပြောထားပြီးသားကိုလည်း မမေ့သင့်ပါဘူး။
နောက်ဆုံးမှာ သူတို့ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ လုံးဝကို ရောက်လာစရာ အကြောင်းမရှိဘူး။ ထည့်ကို တွက်စရာမလိုဘူးလို့ ကိုယ်ပိုင် အတွေးနဲ့ ထင်မြင်ထားပါတယ်။

ချစ်ခင်စွာဖြင့်

Read More...

ဒါဖတ်ပြီးမှ မဲပေးပါ (၁)


ဦးစိန်ကျော်လှိုင်

ခေတ်ပြိုင် သတင်းဂျာနယ်မှ ရယူသည်။

၂၀၀၈ ဧပြီ ၇

ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဟာ လူတယောက်၊ ပါတီတဖွဲ့၊ အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မကြာခင်က ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောတာ မှန်မမှန် စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို မြေလှန် ဆန်းစစ်ဖို့ လိုလာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲဖို့ အမျိုးသား ညီလာခံ စကျင်းပတဲ့ လွန်ခဲ့တဲ့ (၁၄) နှစ်ကို ပြန်ကြည့်ရင် ညီလာခံဦးတည်ချက် (၆) ချက် သတ် မှတ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတွက် အခြေခံမူတွေ အမျိုးသားညီလာခံက တဆင့် ရေးဆွဲရာမှာ ဒီဦးတည်ချက် (၆) ချက်နဲ့ မလွတ်စေဖို့ စစ်အစိုးရက ကြိုတင် ဘောင်ခတ် ထားတာပါ။

ညီလာခံဦးတည်ချက် နံပါတ် (၆) အချက်မှာ အနာဂတ် နိုင်ငံတော် အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်ပါဝင်ထမ်းဆောင်ရေးလို့ အတိအလင်း ရေးထားပါတယ်။ ဒါကြောင့် စကတည်းက စစ်တပ် အကျိုးအတွက် ရည်ရွယ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဆိုတာ ရှင်းနေပါတယ်။ ဒီအချက်ကို ညီလာခံတက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အတော်များများ လက်မခံပေမယ့် နောက်ဆုံးအလျှော့ပေးခဲ့ရပါတယ်။

ဒိနောက် အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ကြိုးကိုင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ထဲမှာ စစ်တပ်ကဏ္ဍတွေကို ပြဋ္ဌာန်းနိုင်အောင် ညီလာခံကိုယ်စားလှယ် (၆) ဦးပါတဲ့ အဖွဲ့တခုက အဆိုအမျိုးမျိုး တင်သွင်းခဲ့ပါတယ်။ ဒီကိုယ်စားလှယ်တွေကတော့ တချိန်က အန်အယ်လ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေ ဖြစ်ပါတယ်။

မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၁) က ဦးကြည်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၂) က ဦးတင် ထွန်းမောင်၊ တွံတေး မဲဆန္ဒနယ် အမှတ် (၂) က ဦးမြလှိုင်၊ ကျိုက်လတ် မဲဆန္ဒနယ် အမှတ် (၂) က ဦးတင်ဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ် အမှတ် (၁) က ဦးသိန်းကြည်နဲ့ မင်းဘူး မဲဆန္ဒနယ် အမှတ် (၂) က ဦးလှစိုးတို့ (၆) ဦးဖြစ်ပါတယ်။ အန်အယ်လ်ဒီက ထုတ်ပယ်ထားတဲ့ ဒီအမတ် (၆) ဦးဟာ အမျိုးသားညီလာခံမှာ တပ်မတော်အခန်းကဏ္ဍ သမ္မတလုပ်ပိုင်ခွင့်စတဲ့ အရေးပါတဲ့ ကဏ္ဍတွေကို အကြံပြုခဲ့သူတွေ ဖြစ်ပါတယ်။

စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရာမှာ ညီလာခံ ဦးတည်ချက် (၆) ချက်နဲ့ ဘောင်ခတ်ရုံသာမက စစ်တပ်ကဏ္ဍ ပစ်ပယ်သွားတာမျိုး မဖြစ်ရအောင် အခြေခံမူ (၁၀၄) ချက် ဆိုတာပါ မူလကတည်းက သတ်မှတ်ပြီး ဒီဘောင်ထဲက ရေးရမယ်လို့ ထပ်ပြီး ပြဋ္ဌာန်းပြန်ပါတယ်။ စစ်အစိုးရ သတ်မှတ်တဲ့ အခြေခံမူ (၁၀၄) ချက်ကို ဆင့်ပွားပြီး အမျိုးသားညီလာခံ အဆင့်ဆင့်မှာ ညီလာခံကိုယ်စားလှယ်တွေ အသေးစိတ် အဆိုပြုတာကိုတော့ အသေးစိတ် အခြေခံရမယ့်မူတွေ လို့ သုံးနှုန်းပါတယ်။ အမျိုးသားညီလာခံက အတည်ပြုထားတဲ့ အသေးစိတ်အခြေခံရမယ့်မူတွေကို အခြေခံပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းဆိုပြီး စစ်အစိုးရက ပုဒ်မတတ် ထုတ်ပြန်တာ ဖြစ်ပါ တယ်။

ဒါကြောင့် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ကြည့်ရင် အနာဂတ်နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင်အောင် ခုလို အဆင့်ဆင့် ခြေကုတ်ယူ ပြဋ္ဌာန်းထားတာ တွေ့ရမှာဖြစ်ပါတယ်။

-နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အခန်း (၃)၊ ပုဒ်မ ၅၉ (ဃ) မှာ ပြဋ္ဌာန်းပါတယ်။ မူလက နိုင်ငံတော်သမ္မတကို စစ်ရေးအတွေ့ အကြုံရှိသူ ဖြစ်ရမယ်လို့ အဆိုပြုပြီးကာမှ ညီလာခံတွင်း ဝေဖန်မှုတွေ မကျေနပ်မှုတွေဖြစ်ပြီးနောက် နိုင်ငံတော်သမ္မတကို စစ်ရေးအမြင် ရှိသူဖြစ်ရမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တနည်းပြောရရင် လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေထဲက အငြိမ်းစားယူပြီး သမ္မတလုပ်ချင်သူ လုပ်နိုင်အောင် လမ်းဖွင့်ပေးထားတဲ့ အချက်လို့ တချို့လေ့လာသူတွေက တွက်ပါတယ်။

-လွှတ်တော်ကိုကြည့်ရင်လဲ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာနှုန်းပါရမယ်လို့ ဥပဒေ ပြုရေး အခန်း (၄) ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ (၁၀၉) မှာ ပြဋ္ဌာန်းထားပါတယ်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄၄၀) အနက် စစ်တပ်က တင်မြှောက်လိုက်တဲ့ စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၁၀) ရှိရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းနဲ့တွက်ရင် စစ်တပ်က လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း ပါဝင်တဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။

-အခြေခံမူ (၁၀၄) ချက် အရေးပေါ်ကာလ အခန်းကို ကြည့်ရင် စစ်တပ်ကို အာဏာသိမ်းခွင့်ရှိ တယ်လို့ မူချထားပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ် ညီလာခံကာလ ဝေဖန်ဆန့်ကျင်မှုတွေ များခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ထွက်လာတဲ့အခါ တိုင်းပြည်အရေး ကြုံလာရင် စစ်တပ်က တိုက်ရိုက် အာဏာသိမ်းခွင့်ရှိတယ်လို့ မသုံးနှုန်းတော့ဘဲ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို တိုင်းပြည် တည်ငြိမ် အေးချမ်းသည်ထိ အများဆုံး တနှစ်တိတိ အာဏာလွှဲနိုင်တယ်ဆိုတဲ့သဘောနဲ့ နားလှည့်ပါးရိုက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ (အခန်း (၁၁) အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ)

ဒိထက်ဆိုးတာက အဲသလို တိုင်းပြည်ငြိမ်ဝပ်ပိပြားအောင် ကာကွယ်ရေးဦးစီးချုပ်က တာဝန်ယူ ထားတဲ့ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်း၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် တွေကို လုံးဝတရားစွဲဆိုခွင့်မရှိလို့ ပုဒ်မ (၄၃၂) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သဘော ကတော့ ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းလို ကိစ္စမျိုး၊ ၈၈ အရေးအခင်းမျိုး အနာဂတ်မှာ ဖြစ်လာလို့ စစ်တပ်က လူသတ်သတ်၊ ဓားပြတိုက်တိုက် ဘယ်လို နှိမ်နင်းနှိမ်နင်း အရေးယူခွင့်မရှိဆိုပြီး အခြေခံဥပဒေနဲ့ ကြိုတင် အကာအကွယ်ယူထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

-အရေးပေါ်အခြေအနေ ကြေညာတဲ့နေရာမလည်း သမ္မတဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီနဲ့ တိုင်ပင်ပြီး လိုအပ်သလို အမိန့်ထုတ်ပြန်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ (ပုဒ်မ ၄၁၀၊ ၄၁၁၊ ၄၁၂ )။ ဒီနေရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဘယ်သူတွေနဲ့ ဖွဲ့ထားသလဲကြည့်ဖို့လိုပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ် (ပုဒ်မ ၂၀၁) ။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၁) ဦးကိုကြည့်ရင် သမ္မတက စစ်ရေး အမြင်ရှိသူ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ်နှစ်ဦးက စစ်သား၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကိုလည်း စစ်တပ်ကပဲ ကိုင်ထား မှာဆိုတော့ (၁၁) မဲမှာ စစ်တပ်က (၆) မဲအပိုင်ရထားတာမို့ တိုင်းပြည်အရေးပေါ်ကာလ ဆုံးဖြတ် ချက်တွေကို စစ်တပ်လိုချင်သလို ခြယ်လှယ်ခွင့်ရှိမှာ ဖြစ်ပါတယ်။

-နိုင်ငံရေးအပိုင်းကို ကြည့်ပြန်တော့ နိုင်ငံ ၀န်ထမ်းချင်းအတူတူ အရပ်သား ၀န်ထမ်းကိုတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း
ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည ) မှာ ပြဋ္ဌာန်းထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ် စစ်သားပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ်ဘက်ဝန်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ်အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရ မယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ပုဒ်မ ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတာ တွေ့ရပါတယ်။

-စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ (၃၄၀) ကို ကြည့်ရင်လည်း စစ်တပ်ဦးဆောင်
မှုနဲ့ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

-စစ်ဘက်တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်စေရမယ်။ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ဆိုထားပြန်ပါတယ်။ (ပုဒ်မ ၃၄၃ ) သဘောကတော့ စစ်သားက ရာဇ၀တ်မှုကျူးလွန်ရင် အရပ်ဘက် တရားစီရင်ရေးက အရာမရောက်တော့ဘူးလို ဖြစ်နေတဲ့ အတွက် အနာဂတ် တရားစီရင်ရေးဟာ ရင်လေးစရာဖြစ်တယ်လို့ ရန်ကုန်ရှေ့နေ အသိုင်းအ၀ိုင်းက ထောက်ပြပါတယ်။

ထူးခြားတဲ့အချက်က သမ္မတအပါအ၀င် နိုင်ငံဝန်ထမ်း အကြီးအကဲတွေကို စစ်အစိုးရ အသုံး အနှုန်းအရ စွပ်စွဲပြစ်တင်ခွင့် သတ်မှတ်ပြဌာန်းထားပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ ဘာလုပ်လုပ် ကွင်းလုံးကျွတ်ဖြစ်အောင် အခြေခံဥပဒေနဲ့ ကာကွယ်ပေးထားပါတယ်။ ဒါတင်မက ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်အတန်းဟာ ဒု-သမ္မတအဆင့်နဲ့ တပြေးညီဖြစ်ရမယ်လို့ အသေးစိတ် အခြေခံရမယ့်မူတွေမှာ ပြဋ္ဌာန်းထားပြန်ပါတယ်။

-စစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘက်စုံက ကျားကန်ထားရုံမက စစ်တပ်မိသားစုတွေရဲ့
စားဝတ်နေရေးကိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကာကွယ်ပေးထားပြန်ပါတယ်။ ကျဆုံးသွားတဲ့ စစ်သားရဲ့ ကလေးတွေကို နိုင်ငံတော်က တာဝန်ယူစောင့်ရှောက်ရမယ်။ မသန်စွမ်းတဲ့ စစ်သား တွေအတွက် အသက်မွေးပညာ အခမဲ့သင်ယူခွင့်ပေးရမယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၃၂ (က)(ခ) မှာ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန် ထမ်းတာချင်းအတူတူ အရပ်ဘက်ဝန်ထမ်းထက် စစ်ဘက်ဝန်ထမ်းက ပိုအရေးပါတယ်ဆိုပြီး အခြေခံဥပဒေသုံး အလွဲသုံးစားလုပ်၊ ပြောင်ကျကျ ခွဲခြားပြီး တိုင်းပြည်ဘဏ္ဍာ ဖြုန်းဖို့ အခွင့်အရေး ယူထားတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးပါ အချက်တွေကို စစ်အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းနဲ့တိုက် မင်နီတား ဖတ်ကြည့်မယ်ဆိုရင် ဘယ်သူ့အကျိုးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလဲဆိုတာ မျက်ဝါးထင်ထင် မြင်ရမှာဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ပြောနေပေမယ့် တကယ်တမ်း စစ်အစိုးရလုပ်ရပ်က (ဆရာကြီး သခင်ကိုယ်တော်မှိုင်းစကားနဲ့ပြောရရင်) ဗြဟ္မာ့ဘုံ နွားခုန်တက်သလို ဖြစ်နေတယ်ဆိုတာ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။

Read More...

အမှားပြင်ဆင်ခြင်း

စစ်အစိုးရက အမှားပြင်ဆင်ပြီး ဖြစ်ကြောင်း
ဓာတ်ပုံသတင်း

မိုးမခမှ ရယူသည်။
ဧပြီ ၁၁၊ ၂၀၀၈



အခြေခံဥပဒေကို ပြင်ဆင်ခွင့်ကို ခဲယဉ်းအောင် ထည့်သွင်းထားသည့် စာပိုဒ်သည် အမျိုးသားညီလာခံမူနှင့် ကွဲလွဲနေကြောင်း သတင်းဌာနများက ထောက်ပြပြီးနောက် စစ်အစိုးရက အမှားပြင်ဆင်ကြောင်း ကြေညာလိုက်သည်။ ထို အမှားပြင်ဆင်ထားသည့် ဖြည့်စွက်ချက်ကို သည်လိုဖော်ပြထားပၝသည်။

Read More...

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) အပေါ် သုံးသပ်ချက်

မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) အပေါ် သုံးသပ်ချက်

စောကပီ

မဇ္ဈိမ သတင်းဌာနမှ ရယူသည်။

၂၀၀၈ ဧပြီ ၁၂

ပြည်ထောင်စုစနစ် အစစ်အမှန်လား၊ ဒါမှမဟုတ် တပ်မတော် ကြိုးကိုင် တပြည်ထောင်စနစ်လား

မြန်မာစစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ဖို့ အတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကို လာမည့် မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ မူကြမ်းကိုတော့ ဧပြီလ ၈ ရက်နေ့ကစပြီး စတင်ဖြန့်ဝေတယ်လို့ သိရပါတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းဟာ အင်တာနက်ပေါ်မှာတော့ အတော့်ကို ပြန့်နှံ့နေခဲ့တာ ရက်အနည်းငယ် ရှိခဲ့ပါပြီ။ ပုံနှိတ်ထုတ်ဝေဖို့ ပေးလိုက်တဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်အချို့ကနေတဆင့် ပြန့်ပွားခဲ့တာလို့လဲ ဆိုကြပါတယ်။ ယခု တရားဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်တဲ့ ဒီနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတိုချုပ် လေ့လာ သုံးသပ်လိုပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း အခန်း (၁) နိုင်ငံတော် အခြေခံမူများ ဆိုတဲ့အခန်းမှာ "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်" ဆိုပြီး ပါရှိတာကို တွေ့ရပါတယ်။ ပြီးတော့တခါ "နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည်" ဟူ၍ အတိအလင်း ပြဌာန်းထားပါတယ်။ ဒီနေရာမှာ "ပြည်ထောင်စု" (Union) ဆိုတဲ့ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ လက္ခဏာနဲ့ ပတ်သက်ပြီး အနည်းငယ် အဓိပ္ပါယ်ဖွင့်ဆို ဆွေးနွေးလိုပါတယ်။

"ပြည်ထောင်စု" ဆိုတဲ့ စကားလုံးရဲ့ အရိုးဆုံးနဲ့ အရှင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ ပြည်နယ်များ ပေါင်းစုပြီး သဘောတူညီချက် တရပ်ဖြင့် အချုပ်အခြာ အာဏာရှိတဲ့ တိုင်းပြည်တခုအဖြစ် တည်ထောင် ထားတဲ့ တိုင်းပြည်မျိုးပါ။ အဲဒီ ပြည်ထောင်စုနဲ့ ဆန့်ကျင်ဖက် (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံတော်ရဲ့ အသွင်လက္ခဏာ မရှိပဲ ဗဟိုအစိုးရ တရပ်ကသာ ကြိုးကိုင်အုပ်ချုပ်တဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မျိုးကိုတော့ တပြည်ထောင်နိုင်ငံလို့ ခေါ်ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှား နိုင်ငံဟာ "တပြည်ထောင်စနစ်" (Unitary System) နဲ့ တည်ထောင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် နိုင်ငံထဲမှာရှိတဲ့ နယ်မြေဒေသ (သို့မဟုတ်) ပြည်နယ်တွေဟာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာသာ ရှိပြီး သူတို့မှာ အုပ်ချုပ်ရေးရာ ကိစ္စရပ်များ၊ တရားဥပဒေပြုရေးရာနဲ့ တရားစီရင်ရေးတွေမှာ ဗဟိုအစိုးရရဲ့ သဘောတူညီမှု၊ ညွှန်ကြားမှုမပါပဲ ဆုံးဖြတ်နိုင်ခွင့် မရှိပါဘူး။

ပြည်ထောင်စု နိုင်ငံရဲ့ အဓိက အင်္ဂါရပ်ကတော့ ဒီပြည်ထောင်စုထဲမှာ ရှိတဲ့ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသတွေဟာ ပြည်ထောင်စု အစိုးရရဲ့ လက်အောက်မှာ တိုက်ရိုက် ထိမ်းချုပ်ခံထားမှုမျိုး မဟုတ်ဘဲ ကိုယ်ပိုင်ပြဌါန်းခွင့် အာဏာဆိုတာ ရှိရပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်ထောင်စုနိုင်ငံတွေမှာ ပြည်ထောင်စု အစိုးရဟာ ပါဝင်ဖွဲ့ထားတဲ့ ပြည်နယ်များရဲ့ အပေါ်မှာ အချုပ်အခြာအာဏာ အားလုံးမရှိပါဘူး။ နိုင်ငံတော်ရဲ့ အဓိက အချုပ်အခြာ အာဏာခက်မကြီး သုံးခုဖြစ်တဲ့ ဥပဒေပြုရေး အာဏာ (Legislative Power)၊ အုပ်ချုပ်ရေး အာဏာ (Executive Power) နဲ့ တရားစီရင်ရေး အာဏာ (Judiciary Power) တွေဟာ ပြည်နယ်က လူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေရဲ့ လက်ထဲမှာလဲ ရှိရပါတယ်။ ပို၍ တိကျအောင် ပြောရရင် ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတွေကြားမှာ အထက်က ပြောခဲ့တဲ့ အာဏာသုံးရပ်ကို ခွဲဝေထားရှိရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတွေကြား အာဏာ ခွဲဝေအပ်နှင်းမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စု နိုင်ငံတော်တွေရဲ့ အမျိုးအစားနဲ့ အဆင့်အတန်းတွေဟာလဲ အမျိုးမျိုး ကွဲပြားကြတာကိုတွေ့နိုင်ပါတယ်။

ယခု မြန်မာစစ်အစိုးရရဲ့ တင်းကြပ်စွာ ထိမ်းချုပ်မှု၊ ပိတ်ပင်မှုတွေ အမျိုးမျိုးနဲ့ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်တဲ့ အခြေခံ မူတွေအတိုင်း ရေးဆွဲခဲ့တဲ့ အနာဂတ် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းထဲမှာတော့ "နိုင်ငံတော်၏ အာဏာသုံးရပ်လုံးကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်" ဟူ၍ ပါရှိပါတယ် [အခန်ုး (၁) ပုဒ်မ ၁၁ (ခ)]။ ယေဘူယျအားဖြင့်တော့ ဒါဟာ ပြည်ထောင်စု နိုင်ငံတော်တခုရဲ့ ဖွဲ့စည်းပုံမှာရှိရမဲ့ သဘောလက္ခဏာကို ထည့်သွင်း ပြဌါန်းထားခြင်း ဖြစ်ပါတယ်။

သို့သော် ဒီအခြေခံဥပဒေ မူကြမ်းမှာပါရှိတဲ့ အသေးစိတ် အာဏာခွဲဝေရေး (power sharing) ဆိုင်ရာ ပုဒ်မတွေကို ကြည့်တဲ့ အခါမှာတော့ နိုင်ငံတော် ဗဟိုအစိုးရက နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ အများစုကို ရယူထားပြီး၊ အရေးမကြီးလှတဲ့ အာဏာ အစိတ်အပိုင်းများကိုသာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရဲ့ လက်ထဲမှာ ထားတာကို တွေ့ရပါတယ်။

ဥပဒေပြုခွင့် အာဏာ (Legislative Power) ဆိုင်ရာ ပြဌါန်းချက်များကို ကြည့်မယ်ဆိုရင်၊ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အဓိက ကိစ္စရပ်များမှာ ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုခွင့် အာဏာ ရရှိမှာ ဖြစ်တယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော်ကသာလျှင် ရဲတပ်ဖွဲ့၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် စသည့် အဆင့်မြင့် ပညာဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် သင်တန်းများ၊ စာပေရုပ်ရှင်ဆိုင်ရာ ဥပဒေပြုခွင့် အာဏာများကို ရရှိထားတာ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်း ဒေသကြီး လွှတ်တော်များကတော့ စည်ပင်သာယာရေး၊ အိမ်တွင်း အသေးစား စက်မှုလက်မှုလုပ်ငန်း၊ အပန်းဖြေစခန်း၊ တိရိစ္ဆာန် ဥယျာဉ်အစရှိတဲ့ အရေး သိပ်မပါလှသော ကိစ္စရပ်များတွင်သာ ဥပဒေပြုခွင့် အာဏာရှိတာ ဖြစ်ပါတယ်။ အမည်အားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ခေါ်တွင်ရန် ပြဌါန်းထားသော်လည်း ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းပါ ဥပဒေပြုရေးဆိုင်ရာ ပြဌါန်းချက်များအရ ဗဟိုကြိုးကိုင် တပြည်ထောင်နိုင်ငံကိုသာ အသားပေး တည်ဆောက်နေခြင်း ဖြစ်ပါတယ်။

အုပ်ချုပ်ရေးအာဏာ (Executive Power) အပိုင်းကို ကြည့်ပြန်တော့လည်း၊ နိုင်ငံတော်သမ္မတ လုပ်သူကသာ အာဏာအများစုကို ရယူထားပြီး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရဲ့ ၀န်ကြီးချုပ်တွေကိုလည်း ရွေးချယ် ခန့်ထားနိုင်တဲ့ အာဏာတွေကို ပေးထားတာ တွေ့ရပါတယ်။ အဲဒီတော့ အုပ်ချုပ်ရေးအပိုင်းမှာ ပြည်ထောင်စု အစိုးရလို့ခေါ်တဲ့ ဗဟို အစိုးရကသာ ပြည်နယ်နဲ့တိုင်း ဒေသကြီးများကို ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများရဲ့ ၀န်ကြီးချုပ်များ ကနေတဆင့် ဆင့်ကဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်တွေမှာ သူတို့ပြည်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာ လုံးဝ မရှိသလောက်ပါ။

ထိုသို့ ခန့်အပ်ရာမှာ (ပုဒ်မ ၂၆၁၊ အပိုဒ် ၈ အရ) နိုင်ငံတော်သမ္မတဟာ ပြည်နယ်လွှတ်တော်၏ သဘောတူညီမှုကို ရယူရန် လိုအပ်သော်လည်း အပိုဒ် (ဃ) မှာတော့ "တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ၀န်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ" လို့ ဆိုထားပြန်ပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ ပြည်နယ်လွှတ်တော် အမတ်များထဲမှာ ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူရန် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံမည့်သူ တဦးထက်ပို၍ ရှိနိုင်သော်လည်းပဲ၊ နိုင်ငံတော် သမ္မတသာ စိတ်ကြိုက် ရွေးချယ် ခန့်အပ်နိုင်တာကို တွေ့ရပါတယ်။

အလားတူစွာပင် နိုင်ငံတော်သမတဟာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများအတွက် တရားသူကြီးချုပ်ကို စိတ်ကြိုက် ရွေးချယ်ခန့်ထားနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်သမတက ပြည်နယ် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းတဲ့အခါမှာ ပြည်နယ် လွှတ်တော် အမတ်အများစုရဲ့ ထောက်ခံမဲကို ရရှိစရာ မလိုဘဲ၊ "သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်းကို ပြည်နယ်လွှတ်တော်မှ အထင်အရှား မပြသနိုင်ပါက အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့် မရှိစေရ" လို့ အတိအလင်း ပြဌါန်းထားပါတယ်။ ဒီတော့ တရားစီရင်ရေး အာဏာ (Judiciary Power) အပိုင်းမှာလဲ နိုင်ငံတော် သမတကသာ အာဏာကို ထိမ်းချုပ်ထားပြီး တိုင်းရင်းသား ပြည်နယ်များရဲ့ တရား စီရင်ရေး ကိစ္စတွေမှာ တိုက်ရိုက် ဩဇာ သက်ရောက်နေနိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အစရှိတဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ အမတ်များထဲမှ လေးပုံတပုံဟာလည်း နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းပြီး ခန့်အပ်ထားတဲ့ တပ်မတော်သားများ ဖြစ်ရမယ်လို့ ဆိုထားပြန်ပါတယ်။ ဒီတော့ သတ်မှတ်ထားသော နိုင်ငံတော် သမ္မတရဲ့ ရှိရမည့် အရည်အချင်းများအရ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များထဲမှ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရဖို့ သေချာသလောက် ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ ပြည်နယ် ၀န်ကြီးချုပ်တွေဟာလည်း နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်း ခန့်အပ်နိုင်တာဖြစ်လို့ တပ်မတော်သားများထဲကပဲ ဖြစ်လာဖို့ များပါတယ်။

အတိုချုပ်ပြီး ပြောရရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ တပ်မတော် ကြိုးကိုင်ဗဟိုအစိုးရဲ့ လုံးဝ လက်အောက်ခံသဖွယ် ဖြစ်ပြီး၊ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာ အားလုံးတို့မှာ နိုင်ငံတော် သမ္မတရဲ့ တိုက်ရိုက်ကြိုးကိုင်မှုကို ခံရမှာ ဖြစ်တယ်။ ဒီတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ကိုယ်ပိုင် ပြဌါန်းခွင့် ဆိုတာဟာလဲ အနှစ်သာရအားဖြင့် လုံးဝမရှိနိုင်ဘူးလို့ ဆိုရမှာ ဖြစ်တယ်။ တနည်းအားဖြင့်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုများ လိုလားတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ပြဌါန်းခွင့်ရှိတဲ့ ပြည်ထောင်စုမျိုးကို ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းက လုံးဝ ဆန့်ကျင် မျက်ကွယ်ပြုထားတာ ဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

Read More...

ဖွဲ့စည်းပုံကို ကန့်ကွက်ကြရန် ရှမ်းနိုင်ငံရေးသမားကြီး တိုက်တွန်း

ဒုတိယတန်းစား ပြည်ထောင်စုသားများ မဖြစ်ရေး ဖွဲ့စည်းပုံကို ကန့်ကွက်ကြရန်
ရှမ်းနိုင်ငံရေးသမားကြီး တိုက်တွန်း

ခေတ်ပြိုင်ဂျာနယ်မှ ရယူသည်။
၁၁ ဧပြီ ၂၀၀၈

စစ်အစိုးရ၏ အခြေခံဥပဒေကို လက်ခံလိုက်ပါက ရှမ်းပြည်သည် ဒုတိယတန်းစား ပြည်ထောင် စုသားများအဖြစ် ရောက်ရှိသွား မည်ဖြစ်၍ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်မဲပေးကြရန် ရှမ်း တိုင်းရင်းသား နိုင်ငံရေးသမားကြီး ဦးရွှေအုံးက ရှမ်းပြည်သူလူထု သို့ ပန်ကြားလိုက်သည်။

ယနေ့နေ့စွဲဖြင့် ထုတ်ပြန်သည့် ဦးရွှေအုံး၏ ရှမ်းပြည်နယ်လူထုသို့ ပန်ကြားလွှာ၌ ရှမ်းပြည်၏ ကံကြမ္မာသည် ဆိုးပြီးရင်း ဆိုးလာပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက် ပေးထား သည့် ပင်လုံသဘောတူညီချက်များနှင့် ဝေးသည်ထက် ဝေးကွာလာသည် ဟု ဖော်ပြထားသည်။

နအဖ၏ ဖွဲ့စည်းပုံအခြေခံ မူကြမ်းအရ ရှမ်းပြည်နယ် တခုလုံးသည် နိုင်ငံရေးအရ အဆင့်အတန်း နိမ့်ကျသွားရုံသာမက နေရာတကာ စစ်တပ်၏ လက်ဝါးကြီးအုပ်ခြင်းကို ခံရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် စစ်တပ်က (၂၅) ရာခိုင်နှုန်း အပိုင်စီးထားပြီး သမ္မတမှစ၍ အဆင့်မြင့် ရာထူးများ အားလုံး ယူထားကာ တပ်မတော်သည် တမိုးလုံး ဖျောက်ဆိပ် ဖြစ်လာမည်ဖြစ်ကြောင်း နအဖ၏ အခြေခံဥပဒေကို ဝေဖန် ထောက်ပြထားသည်။

ဦးရွှေအုံးက “မေလ (၁၀) ရက်နေ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် ကျွန်ုပ်တို့အတွက် နောက်ဆုံး ထွက်ပေါက်ဖြစ်သည်။ ထိုထွက်ပေါက်မှ နောက်ဆုံး မထွက်နိုင်ကြလျှင် ကျွန်ုပ်တို့ကံကြမ္မာသည် ပြန်လမ်း ရှိတော့မည်မဟုတ်၊ ထို့ကြောင့် ဆန္ဒမဲပေးခြင်းကို မိမိနှင့် မဆိုင်သလို လျစ်လျူမရှုပါနှင့်။ သေရေး ရှင်ရေးတမျှ အရေးကြီးသည်ကို သဘောပေါက်ကြပါ။ မဲရုံကို သပိတ်မှောက်ကြခြင်းသည် ထိရောက်မှု မရှိနိုင်။ ထွက်ပေါက်အတွက် ရရှိထားပါလျက် သော့ကို မသုံးတတ်သူ ဖြစ်သွားပါလိမ့် မည်။ မဲရုံသို့ သွားကြပါ။ ကန့်ကွက်မဲ ဆက်ဆက်ပေးခြင်းဖြင့် မိမိတို့၏ အသက်ကို မိမိကိုယ်တိုင် ကယ်ကြပါ ” ဟု ပန်ကြားလွှာတွင် ပြောကြားထားသည်။

ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ ၀ ၊ ပအိုဝ့်၊ ပလောင်၊ ကိုးကန့်၊ ဓနု စသောလူမျိုးစုများကို အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတိုင်းများအဖြစ် ခွဲခြားသတ်မှတ် ပေးထား သော်လည်း ယင်းဒေသများတွင် စစ်တပ် ကိုယ်စားလှယ်များ ၀င်ရောက်ခြယ်လှယ် လာကြဦး မည်ဖြစ်သဖြင့် အထပ်ထပ် စဉ်းစားဝေဖန်၍ မိမိတို့၏ ကံကြမ္မာသည် ကျန်ရှမ်းပြည်သားများ နှင့်အတူ တထပ်တည်း ဖြစ်သည်ဟု ခံယူကြရန်လည်း ၎င်းက မေတ္တာရပ်ခံထားသည်။

ဦးရွှေအုံးသည် ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်းနှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာပတိအဖွဲ့ဝင်ဟောင်းတဦး ဖြစ်ပြီး ၎င်း၏ နိုင်ငံရေး ခံယူချက်နှင့် သဘောထားများကို အခါအားလျော်စွာ လူသိရှင်ကြား ထုတ်ပြန် ကြေညာလေ့ရှိသူဖြစ်သည်။ ။

Read More...

Monday, April 7, 2008

ကြည့်လုပ်ကြပါဦး

အခြေခံဥပဒေ မူကြမ်းနဲ့ အမျိုးသားညီလာခံမူတို့ ကွဲလွဲချက်များ - ကြည့်လုပ်ကြပါအုံး
စာဖတ်သူတဦး (ရန်ကုန်)

မိုးမခ မီဒီယာမှ ရယူသည်

ဧပြီ ၆၊ ၂၀၀၈



၁။ (က) အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများ စာအုပ် စာမျက်နှာ (၂၂၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄ (က) တွင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲ ဖြင့်သာ ပြင်ဆင်ရမည်။” ဟုရေးသားထားပါသည်။



(ခ) ၄င်းစာပိုဒ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈စာအုပ် ၊ စာမျက်နှာ (၁၇၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄၃၆ (က) တွင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲ ဖြင့်သာ ပြင်ဆင်ရ မည်။” ဟု ပြင်ဆင် ရေးသားထားပါသည်။

(ဂ) ၄၃၆ (က)သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ၁၀၀% ဟုဆိုလိုကြောင်းတွေ့ရပါသည်။ မူလ အခြေခံဥပဒေအသစ်ကို အတည်ပြုတဲ့အချိန်မှာတောင် မဲပေးခွင့်ရှိသူအားလုံ၏ တစ်ဝက်ကျော်သာ မဲပေးဘို့လိုအပ်ပြီး၊ လာပေးခဲ့တဲ့လူဦးရေရဲ့ မဲတစ်ဝက်ကျော် ၊ တနည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံးရဲ့ ၂၆% ခန့်နဲ့ အတည်ပြုမယ်လို့ လုပ်ခဲ့တဲ့ဥပဒေကို ပြန်ပြင်တဲ့အခါကျမှ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ၁၀၀% လို့ ပြင်လိုက်တာလို့ နားလည်ရပါတယ်။

အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများ စာအုပ် စာမျက်နှာ (၂၂၇)၊ အခန်း(၁၄)၊ ကူးပြောင်းရေးကာလပြဌာန်းချက်များအခန်း၊ အပိုဒ်-၁ တွင် “ဤ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည်။” ဟုရေးသားထားပြီး။

ယခု ဥပဒေမူကြမ်း စာအုပ်စာမျက်နှာ (၁၇၇)၊ အခန်း(၁၄)၊ ကူးပြောင်းရေးကာလ ပြဌာန်းချက်များအခန်း၊ အပိုဒ်-၄၄၁ တွင် “ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့်အတည်ပြု ပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည်” ဟု ပြင်ဆင်ရေးသားထားသည်ကို တွေ့ရပါသည်။

(က) အချက်(၂)ချက်ပြင်ဆင်ထားတဲ့အထဲမှာ ပထမအချက်က အခြေခံရမဲ့မူများမှာ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၅၀.၁% ခန့် ထောက်ခံမဲပေးမှ အတည်ဖြစ်တယ်လို့ ဆိုလိုပြီး၊ ပြန်ပြင်လိုက်တဲ့အချက်မှာတော့ မဲပေးခွင့်ရှိသူရဲ့ ၂၅.၁% ခန့် ထောက်ခံမဲပေးရင် အတည်ဖြစ်တယ်လို့ တွေ့ရပါတယ်။

(ခ) ဒုတိယအချက်က ၂၀၀၈ခုနှစ်၊ မေလအတွင်းမှာ ဆန္ဒမဲခံယူပြီး အတည်ဖြစ်ခဲ့လို့ရှိရင် အတည်ဖြစ်ကြောင်း ကြေငြာတဲ့ ၂၀၀၈ခုနှစ်၊ မေ (သို့မဟုတ်) ဇွန်လမှာ ဥပဒေ က အတည်ဖြစ်ပါမည်။ ပြန်ပြင် လိုက်တာကတော့ အတည်ဖြစ်ပြီးရင်တောင် ၂၀၁၀ခုနှစ် မှာ ရွေးကောက်ပွဲလုပ် ၂၀၁၀ (သို့) ၂၀၁၁ မှ လွတ်တော်ခေါ်၊ စခေါ်တဲ့နေ့မှ အာဏာတည်မှာလို့ တွေ့ရပါတယ်။

Read More...

Wednesday, April 2, 2008

ပြတ်ပြတ်သားသား ကန်ႛကွက်မှဖြစ်ပၝလိမ့်မယ်

အောင်ဒင်
မတ် ၃၀၊ ၂၀၀၈
မိုးမခ

မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား

မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအတွင်း ပြည်တွင်းမှာရော ပြည်ပမှာပါ သဘောထား ၂ ရပ် ကွဲပြားနေတာ တွေ့ရပါတယ်။

တစုက ဒီဆန္ဒခံယူပွဲကို လုံးလုံးလျားလျား သပိတ်မှောက်ရေးဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်မဲမပေးကြဖို့ လှုံ့ဆော်နေကြပါတယ်။ နောက်တစုကတော့ ဒီဆန္ဒခံယူပွဲမှာ လူထုရဲ့အသဲကြားက မဲတပြားကို အကျိုးရှိရှိ အသုံးချဖို့ဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်ပြီး ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော် တိုက်တွန်းနေကြပါတယ်။

အားလုံးရဲ့ တူညီမှုကတော့ နအဖက တဖက်သတ်ရေးဆွဲထားတဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းပြီး မြန်မာပြည်သူတွေကို ရာသက်ပန် စစ်ကျွန်ဇာတ်သွင်းမဲ့ အခြေခံဥပဒေ အတုအယောင်ကို ကန့်ကွက်ကြခြင်းပါပဲ။

အခု ကျွန်တော်တို့ နအဖရဲ့ အခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်ရပါပြီ။ သူတို့ ရှေ့က ကြိမ်ဖန်များစွာ ပြောထား သလိုပါပဲ၊ ကျနော်တို့ အားလုံး မျှော်လင့်ထားသလိုပါပဲ၊ ဒီအခြေခံဥပဒေမူကြမ်းဟာ ၁၄ နှစ်ကျော်ကြာ လက်ရွေးစင် ခေါင်းခေါက်ရွေးချယ်ထားတဲ့ လက်ပါးစေများနဲ့ ကျင်းပတဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူများ၊ အသေးစိတ်မူများနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီအခြေခံမူတွေကိုပဲ ပုဒ်မနံပါတ် တပ်လိုက်တာပါ။

ဒီအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုဖို့၊ ကာကွယ်ရေးဦးစီးချုပ်ကို အမြင့်ဆုံးအာဏာတွေ ပေးဖို့နဲ့ စစ်တပ်ဆိုတာကို တိုင်းပြည်ရဲ့ အခွင့်ထူးခံလူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် အသက်သွင်းဖို့ ရေးဆွဲထားတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။

ပြီးတော့ ဒီအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုရေး ပြဿနာတွေကိုလည်း မဖြေရှင်းနိုင်တဲ့အပြင် ပိုပြီးဆိုးဝါးစေလိမ့်မယ်ဆိုတာကိုလည်း အထူးပြောဖို့ မလိုတော့ပါ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ နအဖကထပ်ပြီး ဖန်တီးထားတဲ့ ကောက်ကျစ်စဉ်းလဲမှု၊ လှည့်ဖျားမှု တခုကိုတော့ အရေးတကြီး ထောက်ပြချင်ပါတယ်။

အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူများ ထဲမှာ အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ ပုဒ်မ(၁)မှာ ဒီလို ဆိုထားပါတယ်။

"ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဋ္ဌာန်းပြီးသည့်နေ့မှ စ၍ နိုင်ငံတော်တ၀ှမ်းလုံး၌ အာဏာတည်သည်"

ဒီပြဋ္ဌာန်းချက်အရဆိုရင် မြန်မာနိုင်ငံလူဦးရေ ၅၄သန်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက်၊ နအဖ အနေနဲ့ ဒီဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံး ၁၆ သန်းကျော် ထောက်ခံမဲရဖို့ လိုပါတယ်။

ဒါပေမယ့် ယခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရဲ့ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ ပုဒ်မ(၄၄၁) မှာတော့ ဒီလိုပြောင်းလဲသွားပါတော့တယ်။

"ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တ၀ှမ်းလုံး၌ အာဏာတည်သည်"

ဒီပြဋ္ဌာန်းချက်အရဆိုရင် နအဖဟာ သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုဖို့ အတွက် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများထဲမှ ၅၀% ကျော်က မဲပေးပြီး၊ အဲဒီထဲက မဲအများစုကိုပဲ ရဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ရှိတယ်လို့ ခန့်မှန်းထားတာမို့ ၁၆ သန်းကျော်က မဲရုံကိုလာပြီး မဲပေးရင် ဆန္ဒခံယူပွဲ အထမြောက်တယ်၊ အဲဒီထဲကမှ ၈ သန်းကျော်က ထောက်ခံမဲပေးရင် သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ ဆိုပါတယ်။ ဒါဟာဖြင့် နအဖအနေနဲ့ သူကိုယ်တိုင် ၁၄ နှစ်ကျော် ရေးဆွဲလာခဲ့တဲ့ အခြေခံမူကို ဖေါက်ဖျက်လိုက်တာပါပဲ။

ဒါဟာဖြင့် နအဖဟာ အမျိုးသားညီလာခံကို မလွှဲမရှောင်သာ တက်ရောက်ခဲ့ရတဲ့ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကို ဘယ်လောက်တောင် ကြောက်ရွံနေတယ် ဆိုတာကို ထုတ်ဖေါ် ပြသလိုက်တာပါပဲ။

ကျနော်တို့ သတိထားရမယ့် အချက်ကလေးတွေ ထပ်ရှင်းပြချင်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့နောက် တရုတ်နဲ့ နအဖစစ်အုပ်စု ဆက်ဆံရေးပြေလည်မှုကြောင့် ယူနန်ပြည်နယ်ကနေ တရုတ်တွေ မြန်မာနိုင်ငံတွင်းကို အလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့ကြတာ အခုဆို ၂ သန်းကျော် ၃ သန်းလောက် ရှိနေပါပြီ။

စစ်အစိုးရက အထူးအခွင့်အရေးတွေ ပေးထားလို့ စီးပွား ဖြစ်ချမ်းသာနေကြတဲ့ ဒီတရုတ်တွေဟာ မန္တလေး၊ လားရှိုး၊ ကျောက်မဲ စတဲ့ မန္ဆလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဒေသတွေမှာ စုဝေးနေထိုင်ကြပြီး နိုင်ငံသားကဒ် (သို့) ဧည့်နိုင်ငံသားကဒ်တွေ ကိုင်ထားကြပါတယ်။ အခု နအဖရဲ့ ဆန္ဒခံယူပွဲ ဆိုင်ရာဥပဒေမှာလည်း ထူးထူးခြားခြား ဧည့်နိုင်ငံသားတွေ၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုထားပါတယ်။ ဒီတရုတ်တွေက နအဖ အလိုကျ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ နအဖအလိုကျ ထောက်ခံမဲ ပေးကြမယ့် လက်နက်ချတိုင်းရင်းသားအဖွဲ့တွေ၊ ကိုးကန့်နဲ့ "၀" ဘိန်းဘုရင်တွေ၊ ကြံ့ဖွံ့တွေ၊ စစ်တပ်မိသားစုတွေ ပေါင်းလိုက်ရင် နအဖဟာ ဆန္ဒခံယူပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်သလို လိုအပ်တဲ့ ထောက်ခံမဲ ၈ သန်းကျော်ကိုလည်း အလွယ်တကူ ရနိုင်မှာပါ။

ဒီတော့ ကျနော်တို့အတွက် ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာ နည်းလမ်းမဟုတ်ပါ။ ကျနော်တို့လူတွေ ဆန္ဒခံယူပွဲကို မသွားလေ၊ နအဖက ကြိုက်လေ ဖြစ်ပါလိမ့်မယ်။ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးခြင်းနဲ့ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ခြင်းကသာ နအဖရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ပြုရေးစီမံချက်ကို အကောင်းဆုံး တိုက်ဖျက်နိုင်မှာပါ။

နအဖကတော့ ကောက်ကျစ်တဲ့နည်းလမ်းများနဲ့ အနိုင်ရဖို့ကြိုးစားမှာပါ။ ဒါပေမယ့်လည်း မဲပေးတဲ့သူ များလေလေ၊ ကန့်ကွက်မဲပေးသူ များလေလေ သူ့အတွက် လိမ်ဖို့ခက်လေ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မဲရုံအားလုံးမှာ ကျနော်တို့ရဲ့ပြည်သူတွေ၊ သံဃာတွေက စောင့်ကြပ်ကြည့်ရှုနေကြမယ်ဆိုရင် ဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ဖေါ်ထုတ်နိုင်မှာပါ။ နောက်ဆုံး နအဖက သူ့ရဲ့ဖွဲ့စည်းပုံကို အတင်းအဓမ္မ အတည်ပြုလိုက်ရင်တောင်မှ ဆန္ဒခံယူပွဲဟာ မတရားလို့၊ မမျှတလို့၊ ဒီဥပဒေကို အသိအမှတ် မပြုကြဖို့ ဆက်ပြီးတိုက်ပွဲ ၀င်နိုင်မှာပါ။

တချို့လည်း ပြောကြပါတယ်။ လူထုက ကန့်ကွက်လို့ ဒီဖွဲ့စည်းပုံကို နအဖက အတည်မပြုနိုင်ရင်လည်း "တစ်" က ပြန်စလိမ့်မယ်။ အစက ပြန်ပြီးရေးဆွဲရင် နောက်ထပ် ၁၄ နှစ် ကြာအုန်းမယ်။ ဒါကြောင့် ဒီဥပဒေကိုပဲ လက်ခံ အတည်ပြုလိုက်ကြပါစို့ လို့ စည်းရုံးလှုံ့ဆော် နေတာလည်း ရှိပါသေးတယ်။

လုံးဝမှားပါတယ်။ ဒီဖွဲ့စည်းပုံကို လူထုက ကန့်ကွက်တာဟာ (၁) နအဖက တဖက်သတ်ရေးဆွဲထားတာ ဖြစ်လို့ (၂) လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များရဲ့ ပါဝင်မှု မရှိလို့ (၃) တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုရေး ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမရှိလို့ပါ။ ပြီးတော့ လူထုက ဖွဲ့စည်းပုံတခုတည်းကိုသာ ကန့်ကွက်တာ မဟုတ်ပါဘူး။ နအဖရဲ့ စစ်အုပ်စိုးမှု တခုလုံးကိုပါ ကန့်ကွက်တာပါ။

ဒါကြောင့် နအဖက အဆင့်(၁)က ပြန်စလိမ့်မယ်လို့ ယုံကြည်တာ မှားပါတယ်။ ပြန်စရင် တောင်မှ အဲဒီလို ပြန်စမှုဟာ ၁၉၉၀ ရွေးကောက်ပွဲအ နိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ ပြန်စတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို လူထုက ပြတ်ပြတ်သားသား ငြင်းပယ်ပြီးတဲ့ နောက် နအဖကို တဖက်သတ် လုပ်ငန်းစဉ်တွေ ပြန်စဖို့ လူထုကရော တိုင်းရင်းသား အဖွဲ့အစည်းများကရော နိုင်ငံတကာ မိသားစုကြီးကပါ ခွင့်ပြုမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။

ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်း မဟုတ်တော့ဘူး။

ကျနော်တို့ အားလုံး တညီတညာတည်း၊ တသံတည်းနဲ့ လူထုကို၊ ၀န်ထမ်းတွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ၊ ကြံ့ဖွံ့တွေ၊ အားလုံးသောလူထုကို ဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ပြတ်ပြတ်သားသား လှုံ့ဆော်ကြပါစို့။ ။

လေးစားစွာ
အောင်ဒင်
U.S. Campaign for Burma
မတ်လ ၂၈၊ ၂၀၀၈

Read More...

မှောက်မှောက် မည်းမည်း လုလု

ဝင်းပေါ်မောင်
မတ် ၂၇၊ ၂၀၀၈ မတ် ၂၇
မိုးမခ

ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲသည် မြန်မာ့နိုင်ငံရေး၏ အလှည့်အပြောင်း တခုကို အမှန်တကယ် ဖြစ်ထွန်းစေပါ့မလား။ ပြည်သူလူထုက မည်သို့ရွေးချယ် တုံ့ပြန်မည်ကို ယတိပြတ် ပြောဆိုနိုင်သည့်အချိန် ရောက်ပြီလား။ မြန်မာလူထု၏ နိုင်ငံရေး လိမ္မာပါးနပ်မှုက အကြပ်အတည်းများကို ကျော်လွှားနိုင်ပါ့မလား။

နှစ်ဖက် သုံးစု

မေလတွင် ပြုလုပ်မည့် အခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ ထောက်ခံမဲ ရရှိရေးအတွက် နအဖ အာဏာပိုင်များနှင့် ၄င်းတို့၏ လက်ပါးစေများက အပြင်းအထန် ကြိုးစားနေကြချိန်တွင်၊ ဒီမိုကရေစီ လိုလားသူများက ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးနှင့် ကန့်ကွက်မဲထည့်ရေး အပြင်းအထန် ငြင်းခုံလျက် ရှိနေကြပါသည်။

မြန်မာပြည်၌ စစ်တပ် ထာဝရအုပ်ချုပ်ရေး စနစ်ကို ထူထောင်လိုသော ဘက်နှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ထူထောင်လိုသော ဘက်တို့၏ အနှစ်နှစ်ဆယ်အတွင်း ဒုတိယမ္ပိ အမြင့်ဆုံး ထိပ်တိုက်ရင်ဆိုင်ပွဲတွင်၊ လက်တွေ့လုပ်ကိုင်မည့် နည်းလမ်းက သုံးစု ကွဲနေသည့် အခြေအနေ ဖြစ်ပါသည်။


ယခုအချိန်အထိ ဆန္ဒခံယူပွဲ အထမြောက်မမြောက်ကို မည်ကဲ့သို့ သတ်မှတ်မည် ရှင်းရှင်းလင်းလင်း မသိကြရသေးပါ။ အခြေခံဥပဒေကို မည်ကဲ့သို့ အတည်ပြုမည်ကိုလည်း သဲသဲကွဲကွဲ မသိကြရသေးပါ။ မဲပေးခွင့်ရှိသူ ဘယ်လောက်ရှိနိုင်သည်၊ ထောက်ခံမဲ၊ ကန့်ကွက်မဲ ဘယ်လောက်ရနိုင်သည်၊ မဲမထည့်သူ ဘယ်လောက် ရှိနိုင်သည်၊ စသည့် ခန့်မှန်းချက် စာရင်းဇယားများကိုလည်း အစအနပင် မမြင်ရသေးပါ။ စမ်းသပ် မဲပေးပွဲများကိုလည်း ပြုလုပ်နိုင်မည့် အခြေအနေမျိုး မရှိပါ။ လူထုဆန္ဒကို အလွတ်သဘော စောကျောကြည့်ရန်ပင် သိပ်မလွယ်ကူလှပါ။ ဤသို့ ရှုပ်ထွေးေ၀၀ါးသည့် အခြေအနေကြောင့် အငြင်းအခုံပြုစရာများ ဖြစ်ပေါ်လာရသည်မှာ သဘာဝတရား ဖြစ်ပါသည်။

နအဖနှင့် အပေါင်းပါများဘက်ကတော့ `တဖက်-တစု´ ဖြစ်၍ ရှင်းပါသည်။ ဒီမိုသမားများဘက်က `တဖက်-နှစ်စု´ ဖြစ်နေသည်မှာလည်း လွတ်လပ်စွာ ကွဲလွဲခြင်းသာ ဖြစ်ပါသည်။ နှစ်ဘက်အမြင်များကို ပြန့်နှံ့အောင် တင်ပြလာနိုင်သည့် အချိန်၊ အခြေခံကျသည့် အချက်အလက်များ ပြည့်စုံခိုင်မာလာသည့်အချိန်တွင် မည်သည့်နည်းလမ်းက အများစု လိုက်လုပ်လိုသည့် နည်းလမ်းဖြစ်သည်ကို ဆုံးဖြတ်နိုင်လိမ့်မည် ဖြစ်ပါသည်။

ဒီမိုကရေစီ လိုလားသော လူထုဆန္ဒမှာ စစ်တပ် ထာဝရအုပ်ချုပ်ရေးစနစ်ကို အတည်မပြုနိုင်ရေး တခုတည်း ဖြစ်ပါသည်။ ဦးတည်ချက် တူညီပြီးသားဖြစ်၍ နည်းလမ်းရွေးချယ်မှု အပေါ်တွင် အစွဲအလမ်းကြီးနေကြမည် မထင်ပါ။ မြန်မာပြည်သူများသည် အချိန်တန်လျှင် အသင့်လျော်ဆုံးကို ရွေးချယ် လုပ်ဆောင်သွားကြမည်ဟု ယုံကြည်ပါသည်။

ထိုးစစ် ခံစစ်

မြန်မာ့ဒီမိုကရေစီခရီးသည် အနှစ်နှစ်ဆယ်ကြာသည့်တိုင် အဖြေ မထွက်လာသေးသည်မှာ နှစ်ဖက်စလုံးတွင် အင်အားချင်း တူမျှနေ၍ ဖြစ်ပါသည်။

လက်တွေ့အရ နအဖက နိုင်ငံအာဏာကို ချုပ်ကိုင်ထားသည် ဆိုသော်ငြား၊ ဒီမိုအင်အားစုများကို အဆုံးတိုင် မချေမှုန်းနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နေ့ဖျက်မယ် ညဖျက်မယ်, ဥပဒေအရ ဖျက်လို့ရတယ်နှင့် နှုတ်သီးကောင်းလျှာပါး လုပ်နေသော်လည်း တကယ် မဖျက်နိုင်သည်မှာ လက်တွေ့ ဖြစ်ပါသည်။

ပြည်တွင်း ပြည်ပ ဒီမိုအင်အားစုများက ဖိအားအမျိုးမျိုး ထိုးနှက်ချက်အမျိုးမျိုးဖြင့် နအဖကို ဇက်သတ်ထားနိုင်သည် ဆိုသော်ငြား အဆုံးတိုင် မဖယ်ရှားနိုင်ပါ။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ထောက်ခံမှုအား, စီးပွားရေး ဒဏ်ခတ်မှုအား, နိုင်ငံရေး အံတုမှုအား, စစ်ရေး ဟန့်တားမှုအားတို့က နအဖကို ဟိန်းနိုင်ဟောက်နိုင်သော်လည်း တကယ် မချုပ်ကိုင်နိုင်သေးသည်မှာ လက်တွေ့ဖြစ်ပါသည်။

အနှစ်နှစ်ဆယ်အတွင်း ထိုးစစ် ခံစစ် သူတလှည့် ကိုယ်တလှည့် ဖြစ်ခဲ့ကြသည်မှာ အရှည်အလျား ဖြစ်ပါသည်။

နအဖက ထိုးစစ်ခံစစ်ဖြင့် ရာနှုန်းပြည့် အောင်ပွဲရယူမည် ဆိုသည့် အတွေးအခေါ်ကို ယနေ့တိုင် ဆုပ်ကိုင်ထားသဖြင့် စားပွဲဝိုင်းကို ကျောခိုင်းထားခြင်း ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးရေး, ကြားဝင်စေ့စပ်ရေး, ပူးပေါင်းလုပ်ဆောင်ရေး ဆိုသည်များကို ခံစစ်နည်းဗျူဟာများ အဖြစ်သာ ကျင့်သုံးနေခြင်း ဖြစ်ပါသည်။ စိတ်ကူးယဉ်မှုနှင့် အာဏာယစ်မူးမှုအတွင်း နစ်မြုပ်နေသည့် နအဖက ၄င်းတို့၏ ထိုးစစ်ဖြင့် အောင်ပွဲရနိုင်သည်ဟု ထင်မြင်နေဆဲ ဖြစ်ပါသည်။

မြန်မာအမျိုးသား အားလုံး၏ အကျိုးတူထွက်ပေါက် ဖြစ်သည့် `တွေ့ဆုံဆွေးနွေး အဖြေရှာ၍ အမျိုးသား သင့်မြတ်ရေးကို တည်ဆောက်ရန်´ လမ်းစဉ်ကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟာဗျူဟာအဖြစ် ကမ်းလှမ်းထားသည်ကို မြန်မာလူထုက ထောက်ခံကြောင်း ရွှေဝါရောင်တော်လှန်ရေးဖြင့် ပြသလိုက်သောအခါ နအဖသည် ၄င်း၏ နောက်ဆုံးထိုးစစ်ကို အကြီးအကျယ် မြှင့်တင်လိုက်ပါတော့သည်။

နအဖက နိုင်ငံရေးလမ်းစဉ် ၇ ချက်ကို ထုတ်ပြပြီး၊ စစ်တပ် ထာဝရအုပ်ချုပ်ရေုး တည်ဆောက်မည် ဆိုသောအခါ ဒီမိုသမားများက ထိုခုနစ်ချက်ကို အဆင့်တိုင်းမှာ ဆန့်ကျင်တိုက်ဖျက်ပစ်မည်ဟု တန်ပြန်လမ်းစဉ် ချမှတ်ခဲ့ကြပါသည်။ နအဖကလည်း အတင်း ဇွတ်တိုး, ဒီဘက်ကလည်း အတင်းဆန့်ကျင်။ ဤသို့နှင့် အဆင့် ၄ ဖြစ်သည့် ဆန္ဒခံယူပွဲ လုပ်တော့မည် ဆိုသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

ဘာကြောင့် မှောက်/မည်း

မှောက်


မည်း

ဆန္ဒခံယူပွဲကို မဲသွားမထည့်ဘဲ သပိတ်မှောက်လိုသူများက အောက်ပါ အချက်များကို လက်ကိုင် ပြုကြပါသည်။


ဆန္ဒခံယူပွဲသို့သွားပြီး ကန့်ကွက်မဲထည့်ရန် လိုလားသူများက အောက်ပါ အချက်များကို လက်ကိုင် ပြုကြပါသည်။ *

· နအဖ နိုင်ငံရေးလမ်းစဉ် ၇ ချက်ကို ဆန့်ကျင်သည့် ဗျူဟာအရ မှောက်


· နအဖ နိုင်ငံရေးလမ်းစဉ် ၇ ချက်ကို ရပ်တန့်သွားစေရန် မည်း

· မဲသွားထည့်လျှင် နအဖလုပ်သည်ကို လက်ခံရာ ရောက်မည်စိုး၍ မှောက်


· ခိုင်လုံသည့် ဆန္ဒမဲရရှိမှ ဥပဒေ အတည် ဖြစ်/မဖြစ် ရှင်းလင်းမှာဖြစ်၍ မည်း

· လွတ်လပ် တရားမျှတသည့် ဆန္ဒခံယူပွဲ မဖြစ်နိုင်၍ မှောက်


· ဒီမိုကရေစီ ကျင့်စဉ်အရ ဆန္ဒမဲပေးခြင်းဖြင့် ဆန္ဒဖော်ထုတ်ခြင်းက အများလက်ခံနိုင်မည်ဖြစ်၍ မည်း

· နအဖ ဖွဲ့စည်းပုံကို (ထောက်ခံ/ကန့်ကွက်) မဲပေးခြင်းသည် ၉၀ ရွေးကောက်ပွဲကို ပယ်ဖျက်ရာရောက်၍ မှောက်


· ဥပဒေ အတည်မဖြစ်လျှင် ၉၀ ရွေးကောက်ပွဲရလဒ် မထိခိုက်နိုင်သဖြင့် မည်း

· ကတိ မတည်သူ နအဖ၏ နောက်ထပ် ကတိကို မယုံနိုင်၍ မှောက်


· လူထုအနေဖြင့် အထိအခိုက်နည်းပြီး လက်တွေ့လုပ်နိုင်မည် ဖြစ်၍ မည်း

· လူထုကိုယ်စားလှယ်များက ရေးဆွဲတာ မဟုတ်သည့် ဥပဒေဖြစ်၍ မှောက်


· လူထုအနေဖြင့် ရလာသည့် အခွင့်အရေး ဖြစ်၍ ရယူသင့်ပြီး မည်း

· နိုင်လျှင် (ကန့်ကွက်မဲ အများရ) လည်း အခြေအနေ မထူးနိုင် (နအဖက ဆက်အုပ်ချုပ် မှာဖြစ်) ၍ မှောက်


· လူထုထောက်ခံမဲ မရဘဲ နအဖက ဥပဒေကို အတည်ပြုလျှင် သို့မဟုတ် ဆက်အုပ်ချုပ်လျှင် သပိတ်မှောက်ပွဲကို ဆက်လက် လုပ်နိုင်သေး၍ မည်း

· လူထုအင်အားဖြင့် လူထုအစိုးရ ထူထောင်နိုင်မှ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှာဖြစ်၍ မှောက်


· ငြိမ်းချမ်းသောနည်းကိုသာ လိုလားကြောင်း ပြသရန် ဆန္ဒခံယူပွဲကို လက်ခံ၍ မည်း




* ယခင်တုန်းက သဘောမတူလျှင် အမည်း (အနက်) ရောင် မဲပုံးထဲ မိမိ မဲပြားကို ထည့်ရသည့် စနစ် ကျင့်သုံးခဲ့သဖြင့် အမည်းရောင်သည် ကန့်ကွက်/သဘောမတူသည့် သင်္ကေတ ဖြစ်လာခဲ့ပါသည်။ ယခုတော့ မဲစာရွက်စနစ် ဖြစ်၍ ကန့်ကွက်ကြောင်း အမှတ်အသား လုပ်ရမည် ဖြစ်ပါသည်။ သို့သော် အထာကျနေပြီဖြစ်သည့် `မည်း´စကားကပင် တွင်ကျယ်နေပါသည်။


ဖြစ်နိုင်ခြေ

ဤတွင် မထောက်မညှာတမ်း မေးစရာ ဖြေစရာများ ရှိလာပါသည်။

၁။ မေး — နအဖ လမ်းစဉ်ကို အဆင့်တိုင်းမှာ တိုက်ဖျက်ပစ်မည်ဆိုသည့် ဗျူဟာအရ ဆန္ဒခံယူပွဲ အဆင့်ထိ ရောက်မလာအောင် တိုက်ဖျက်နိုင်ခဲ့သလား။

ဖြေ — မတိုက်ဖျက်နိုင်ခဲ့ပါ။ ဆန္ဒခံယူပွဲ မကျင်းပလာဖြစ်အောင် ဒီမိုသမားများ မတိုက်ဖျက်နိုင်ခဲ့သည်ကို ပကတိအတိုင်း လက်ခံဖို့ လိုအပ်ပါသည်။ လွန်ခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးသည် နအဖလမ်းစဉ်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ လူထုလိုလားချက်ကို ဖော်ပြနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖအကြား ဆွေးနွေးပွဲ ပြန်လည် ပြုလုပ်နိုင်ခဲ့သည်။ သို့သော် နအဖလမ်းစဉ် ပြောင်းလဲ သို့မဟုတ် ရပ်တန့်သွားသည် အထိတော့ အောင်ပွဲ မရသေးပါ။

၂။ မေး — ဆန္ဒခံယူပွဲကို လက်ခံ၍ မဲထည့်ခြင်းက နအဖလမ်းစဉ်ကို လက်ခံရာ ရောက်သလား။

ဖြေ — ရောက်ပါသည်။ စိတ်ခံစားမှုအရ နအဖလမ်းစဉ်နောက် လိုက်လုပ်ဖို့ စိတ်ပါလက်ပါ မရှိနိုင်တာ မှန်ပါသည်။ ကိုယ် မလိုလားသည့် အရာကို လက်ခံနိုင်ဖို့ အတော်ခက်သည်မှာ လူ့သဘာဝ ဖြစ်ပါသည်။ သို့သော် ဆန္ဒခံယူပွဲကို လက်ခံခြင်းဖြင့် ကိုယ့်အတွက်လည်း အခွင့်အရေးများ ရှိနေပါသည်။ စိတ်ခံစားမှုကို ဦးစားမပေးဘဲ လက်ခံလျှင် ဘာရမလဲ၊ လက်မခံလျှင် ဘာရမလဲ ဆိုသည့် အချက်ကိုလည်း အလေးထား စဉ်းစားသင့်ပါသည်။ ဤကိစ္စအတွက် အကောင်းဆုံး ဥပမာမှာ ၉၀ ရွေးကောက်ပွဲပင် ဖြစ်ပါသည်။

စင်စစ် ၉၀ ရွေးကောက်ပွဲမှာ မဆလအစိုးရ (ဒေါက်တာမောင်မောင်) ချပေးခဲ့သည့် လမ်းစဉ် ဖြစ်ပါသည်။ ထိုလမ်းစဉ်ကို န၀တ (နအဖ) က တာဝန်ခံ၍ အကောင်အထည်ဖော်သည်။ ထိုအချိန်က န၀တလုပ်ပေးမည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိ ဆိုကာ ဆန့်ကျင်ခဲ့ကြသည့် ပါတီ အများအပြား ရှိခဲ့ပါသည်။ လူထုလှုပ်ရှားမှု အရှိန်အဟုန်ကလည်း ကောင်းနေဆဲ ဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲကို လက်ခံကြပါစို့ဟူ၍ အများစုက ဆုံးဖြတ်ခဲ့ကြသည်။

ထိုရွေးကောက်ပွဲ ရလဒ်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အာဏာရပိုင်ခွင့် တရားဝင် ရရှိသူ ဖြစ်လာခဲ့သည်။ ထိုရလဒ်ကြောင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည် အုပ်စုတခု, ဒေသတခု, မျိုးနွယ်တခု၏ တော်လှန်ရေး မဟုတ်ဘဲ တမျိုးသားလုံး၏ တော်လှန်ရေး ဖြစ်လာသည်။ ထိုရလဒ်ကို မည်သူမျှ ဖျက်၍မရ။ ထို တရားဝင်မှုသည် မည်သည့်နည်းနှင့်မျှ ပျောက်ပျက်သွားမည် မဟုတ်။ နအဖသည် လွှတ်တော် ခေါ်မပေးဘဲ ပေကပ်နေသည့်တိုင် ရလဒ်ကိုတော့ အသိအမှတ် ပြုခဲ့ရပြီး ဖြစ်သည်။ နအဖ ကိုယ်တိုင်က လွတ်လပ် တရားမျှတ၍ အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်သည်ဟု ကြေညာပြီးဖြစ်၍ ရလဒ်ကို သူကိုယ်တိုင် ပြန်ဖျက်ရန် အခွင့်အလမ်း မရှိတော့ပါ။

ယခု ဆန္ဒခံယူပွဲ လက်ခံခြင်းကြောင့် ပြည်သူလူထု၏ ဆန္ဒကို တရားဝင် ထပ်မံဖော်ထုတ်ခွင့် ရနိုင်ပါသည်။ နအဖက ဆန္ဒခံယူပွဲသည် သူ့အတွက် အခွင့်အလမ်း ဖြစ်မည်ယူဆထားသလို၊ လူထုအတွက်လည်း အခွင့်အလမ်းတခု ဖြစ်နေပါသည်။

၃။ မေး — ဆန္ဒခံယူပွဲကို လက်ခံခြင်းသည် အခြေခံဥပဒေကို လက်ခံရာ ရောက်ပါသလား။

ဖြေ — မရောက်ပါ။ ဆန္ဒခံယူပွဲကို လက်ခံ၍ ထောက်ခံမဲ ထည့်မှသာ အခြေခံဥပဒေကို လက်ခံရာ ရောက်ပါသည်။ ကန့်ကွက်မဲထည့်လျှင် အခြေခံဥပဒေကို လက်ခံရာ မရောက်ပါ။

၎။ မေး — ဆန္ဒခံယူပွဲကို လက်ခံခြင်းသည် ၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ရာ ရောက်ပါသလား။

ဖြေ — မရောက်ပါ။ အခြေခံဥပဒေ အတည်ဖြစ်သွားမှသာ ၉၀ ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်ရာ ရောက်ပါသည်။

၅။ မေး — ဆန္ဒခံယူပွဲ ဖြစ်ရေး မဖြစ်ရေးနှင့် အခြေခံဥပဒေ အတည်ဖြစ်ရေး မဖြစ်ရေး အကြောင်းရပ်နှစ်ခုတွင် ဘယ်အကြောင်းရပ်က အဓိက ဖြစ်ပါသလဲ။

ဖြေ — အခြေခံဥပဒေ အတည်ဖြစ်ရေး မဖြစ်ရေးက အဓိကအကြောင်းရပ် ဖြစ်ပါသည်။ နအဖအဖို့ လမ်းစဉ်အဆင့် ၅, ၆, ၇ ကို ဆက်လက်လုပ်ဆောင်ရန် အဆင့် ၄ တွင် အခြေခံဥပဒေကို အတည်ပြုနိုင်မှ ဖြစ်ပါမည်။

အဖြောင့်စဉ်းစားလျှင် ဆန္ဒခံယူပွဲအောင်မြင်မှ ဥပဒေ အတည်ပြုနိုင်မည်။ ဆန္ဒခံယူပွဲ မအောင်မြင်လျှင် ဥပဒေ အတည်ပြုရေးမှာ အလိုအလျောက် ပျက်ပြယ်သွားပြီ။ ထို့ကြောင့် ဆန္ဒခံယူပွဲကို ပျက်အောင်ဖျက်ကြရမည်ဟု ဆိုနိုင်ပါသည်။ သို့သော် နအဖ၏ လက်ရှိ ထုတ်ပြန်ချက်/ဥပဒေများအရ ``ဆန္ဒခံယူပွဲ မဖြစ်လျှင် သို့မဟုတ် အထမမြောက်လျှင် ဥပဒေကို စစ်အစိုးရက အတည်မပြုပါ´´ ဟု အဓိပ္ပာယ် မကောက်ယူနိုင်သလို၊ ``ဆန္ဒခံယူပွဲ ဖြစ်တာနှင့် သို့မဟုတ် အထမြောက်တာနှင့် တပြိုင်နက် အခြေခံဥပဒေ အတည်ဖြစ်မည်´´ ဟုလည်း အဓိပ္ပာယ် မကောက်ယူနိုင်ပါ။

ဤအချက်မှာ နအဖက တမင်တကာကို မရှုပ်မရှင်း လုပ်ထားတာ ဖြစ်နိုင်ပါသည်။

၆။ မေး — ဆန္ဒခံယူပွဲ ရလဒ်နှင့် ဥပဒေအတည်ပြုရေး မည်သို့ ဆက်စပ်နေပါသလဲ။

ဖြေ — ရှင်းရှင်းလင်းလင်း မရှိပါ။ ဥပဒေ အတည်ပြုရမည့် သတ်မှတ်ချက်ကို တခါတရံ ဆန္ဒခံယူပွဲ ဥပဒေတွင် ဖော်ပြထားလေ့ရှိပြီး၊ တခါတရံ အတည်ပြုမည့် ဥပဒေတွင် ဖော်ပြထားလေ့ ရှိတတ်ပါသည်။ ယခု ဆန္ဒခံယူပွဲ ဥပဒေတွင် ဖော်ပြမထားပါ။ အခြေခံဥပဒေတွင် ဖော်ပြထားမထား မသိရသေးပါ။

ဆန္ဒခံယူပွဲဥပဒေ ပုဒ်မ ၂၃ တွင် ``ကော်မရှင်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးစီးသည့်အခါ … ဆန္ဒမဲ စာရင်းများနှင့် … ကြိုတင်ဆန္ဒမဲလက်မှတ် စာရင်းများကို တစ်ပေါင်းတည်း စာရင်းချုပ်၍ ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ၊ ဆန္ဒမဲပေးသူ ဦးရေ၊ ထောက်ခံဆန္ဒမဲပေးသူ ဦးရေနှင့် ယင်းတို့၏ နှိုင်းယှဉ်ချက်ကို ရာခိုင်နှုန်းဖြင့် ကြေညာရမည်။´´ဟူ၍ ပါရှိပါသည်။

ဤအချက်ကိုထောက်၍ နအဖက ဥပဒေ အတည်ပြုကြောင်း ကြေညာရန် တခုတည်းအတွက်သာ ပြင်ဆင်ထားသည်ဟု တွက်ဆနိုင်ပါသည်။

၇။ မေး — နအဖမှာ အခြေခံဥပဒေကို အတည်ပြုရန် အခြားနည်း ရှိနိုင်ပါသလား။

ဖြေ — ရှိနိုင်ပါသည်။ နအဖက ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ရနိုင်လျှင် ဒီအတိုင်း ဆက်သွားပြီး ဥပဒေကို အတည်ပြုမည်။ ထောက်ခံမဲ မရနိုင်လျှင် ဆန္ဒခံယူပွဲကို ပျက်အောင်ဖျက်၍ ဥပဒေကို အခြား တနည်းနည်းဖြင့် အတည်ပြုမည်ဟု ယူဆနိုင်ပါသည်။ ပွဲပျက်အောင်ဖျက်ရာတွင် ပွဲမတိုင်မီ ကြိုတင်ဖျက်နိုင်သလို၊ ပွဲအတွင်းမှာလည်း ဖျက်နိုင်ပါသည်။

အခြားတနည်းနည်းဖြင့် အတည်ပြုရာတွင် ကြိုတင်ဆန္ဒမဲများ (၀န်ထမ်း, စစ်တပ်, နိုင်ငံရေးပါတီနှင့် လူထုအဖွဲ့အစည်းများကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ခိုင်းခြင်း)၊ လူစုလူဝေးအင်အားပြပွဲများ (ကြံ့ဖွံ့, လက်ကိုင်တုတ်နှင့် စစ်ခွေးများကို လမ်းပေါ်ထွက်ခိုင်းခြင်း)၊ လိမ်မဲခိုးမဲများဖြင့် အတည်ပြုမည်ဟု တွက်ဆနိုင်ပါသည်။

၈။ မေး — မဲသွားမထည့်ဘဲ နေလျှင် သပိတ်မှောက်ရာ ရောက်သလား။ သို့မဟုတ် ကြားနေရာ ရောက်သလား။

ဖြေ — သပိတ်မှောက်ရာလည်း မရောက်၊ ကြားနေရာလည်း မရောက်ပါ။ သပိတ်မှောက်သည်ဆိုလျှင် သပိတ်မှောက်ကြောင်း သိသာထင်ရှားအောင် တနည်းနည်းဖြင့် ဖော်ပြနိုင်ရမည် ဖြစ်ပါသည်။ ယခု ဆန္ဒခံယူပွဲတွင် ကြားနေမဲဟူ၍ မရှိပါ။ မဲလာမထည့်လျှင် ကြားနေမဲအဖြစ် သတ်မှတ်မည်ဟုလည်း မဆိုလိုပါ။ မဲသွားမထည့်ဘဲ နေခြင်းသည် နိုင်ငံရေးဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်မှု မရှိသည့်သဘော သို့မဟုတ် မိမိဆန္ဒကို မဖော်ပြသည့်သဘောသာ ဖြစ်နိုင်ပါသည်။

၉။ မေး — ကန့်ကွက်မဲ အများစုထည့်လျှင် ဥပဒေကို အတည်မပြုကြောင်း နအဖက ကြေညာမှာလား။

ဖြေ — မသေချာပါ။ နအဖ ကြေညာချက်တွင် အတည်ပြုရန်အတွက်သာ ပါရှိပါသည်။ အတည်မပြုရန်အတွက် မပါရှိပါ။ သို့ရာတွင် လူထုအနေဖြင့် ရရှိသည့် အခွင့်အရေးကို လက်မလွှတ်ဘဲ ကန့်ကွက်ကြောင်း အခိုင်အမာ ဖော်ပြထားနိုင်မှသာလျှင် ရှေ့ဆက်ရမည့် နောက်တလှမ်းအတွက် ကိုယ့်ဘက်က သေချာမည် ဖြစ်ပါသည်။ နအဖအနေနှင့် အများစုက တရားဝင် ကန့်ကွက်ထားလျှင် ဇွတ်တိုးရန် အတော်ခက်ပါလိမ့်မည်။

၁၀။ မေး — ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲအများစု ပေးသည့်တိုင် နအဖက သူ့လမ်းစဉ်ကို တဇွတ်ထိုး ဆက်လုပ်မည်ဆိုလျှင် ဘာဆက်လုပ်နိုင်မလဲ။

ဖြေ — လူထုတိုက်ပွဲများကို ဖော်ဆောင်ရမည် ဖြစ်ပါသည်။

၁၁။ မေး — ဆန္ဒခံယူပွဲပြီးလျှင်လည်း လူထုတိုက်ပွဲတွေ ဆက်လုပ်ရဖွယ်ရှိတဲ့ အတူတူ ပွဲမတိုင်ခင်ကတည်းက သပိတ်မှောက်ပစ်လိုက်တာ မကောင်းဘူးလား။

ဖြေ — အခြေအနေချင်း များစွာ ကွာခြားနိုင်ပါသည်။ ကြိုတင် သပိတ်မှောက်ပွဲသည် “လူထုအာဏာ ထူထောင်နိုင်သည်အထိ” လုပ်နိုင်လျှင် ကောင်းပါသည်။ နှစ်စုမကွဲဘဲ လူထုအားလုံး ပါဝင်နိုင်လျှင် ကောင်းပါသည်။ ကန့်ကွက်မဲ အများစုရပြီးမှ မဖြစ်မနေ အခြေအနေကြောင့် လူထုတိုက်ပွဲ ပေါ်လာလျှင် နှစ်စုကွဲစရာအကြောင်း မရှိမှာတော့ သေချာပါသည်။

၁၂။ မေး — အကယ်၍ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ အများစု ဖြစ်သွားလျှင် ဘာဆက်လုပ်မလဲ။

ဖြေ — ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ပါ။

လု ခိုး တည်

နအဖ၏ လက်ကိုင်တုတ် ကြံ့ဖွံ့အဖွဲ့အစည်းက လူထုအတွင်းဆင်း၍ ထောက်ခံမဲထည့်ရန် စည်းရုံးနေကြပါသည်။ ထောက်ခံမဲထည့်လိုက်မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မည်၊ ကန့်ကွက်မဲထည့်လျှင် စစ်အစိုးရက ဆက်လက်အုပ်ချုပ်နေလိမ့်မည်ဟု မလှိမ့်တပတ် ပြောဆိုစည်းရုံးမှုများ ရှိနေပါသည်။

ဒေသအာဏာပိုင်များ ဦးဆောင်၍ ကျေးရွာ ရပ်ကွက်များအတွင်း ဆင်းကာ ဘာလုပ်ပေးမည် ညာလုပ်ပေးမည် မက်လုံးများပေးကာ ထောက်ခံဖို့ စည်းရုံးနေကြပါသည်။ မှတ်ပုံတင်များ ချက်ချင်းလုပ်ပေးခြင်း၊ ယာယီမှတ်ပုံတင်များ ထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မဲစာရင်းများ ကောက်ယူခြင်းတို့ကို အလျင်စလို လုပ်ဆောင်ကာ ထောက်ခံမဲ အရေအတွက် အတိအကျ ရရှိနိုင်အောင် ပြင်ဆင်နေသည်ကို တွေ့နေရပါသည်။

ဝန်ကြီးတွေ တိုင်းမှူးတွေကိုယ်တိုင် ရုံးတကာ နယ်တကာလှည့်ပြီး ဖုန်းပေးမည်, ငွေချေးမည်, လစာတိုးပေးမည် စသည့် မက်လုံးများပေးပြီး စည်းရုံးနေကြပါသည်။ ခြိမ်းခြောက်နေကြပါသည်။ ဥပဒေမဲ့စွာ, သိက္ခာမဲ့စွာ, အရှက်မဲ့စွာ မျက်နှာပြောင်တိုက်နေသည့် သတင်းများကို နေ့စဉ်လိုလို ကြားသိနေရပါသည်။ ယင်းလုပ်ရပ်များမှာ နအဖက ထောက်ခံမဲကို ဓားပြတိုက် `လု´ ယူနေခြင်း ဖြစ်ပါသည်။

နအဖနှင့် ၄င်းတို့လက်ပါးစေများ ကြီးကြပ်သည့် ဆန္ဒခံယူပွဲတွင်လည်း မသမာမှုများ, မဲလိမ်, မဲခိုး, မဲဓားပြတိုက်မှုများကို နားမဆံ့အောင် ကြားရဦးမည် ဖြစ်ပါသည်။

ထို့နောက် အခြေခံဥပဒေကို ဇွတ်အတင်း အတည်ပြုရန် ကြိုးစားဦးမည် ဖြစ်ပါသည်။

သို့ရာတွင် လူထုရင်ထဲမှ ဆန္ဒအမှန်ကို ကြောက်စိတ်ဖြင့် လုယူနိုင်ဖို့ ကြိုးစားလေ၊ အမုန်းစိတ်တွေ ပိုများလေ ဖြစ်လာတတ်ပါသည်။

ကျန်တာကြည့် ရွေးတာသိ

မကြာမီအချိန်တွင် ဒီမိုကရေစီ လိုလားသော မြန်မာလူထုအတွင်း မှောက်မလား မည်းမလား တခုခုကို အများစုဆန္ဒဖြင့် အပြီးသတ် ရွေးချယ်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

မြန်မာ့ဒီမိုကရေစီတော်လှန်ရေးတွင် နိုင်ငံရေး ဦးဆောင်မှုကို တရားဝင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ အထူးကြေညာချက်များ ထုတ်ပြန်ထားပါသည်။

အထူးကြေညာချက် ၁ နှင့် ၂ တွင် နအဖ၏ ကြေညာချက် ၁/၂၀၀၈ နှင့် ၂/၂၀၀၈ တို့နှင့် စပ်လျှဉ်း၍ နအဖ စစ်အစိုးရသည် ကတိက၀တ် မတည်ကြောင်း၊ ဥပဒေနှင့် မညီညွတ်ကြောင်း၊ ကုလသမဂ္ဂ အကြံပြုချက်နှင့် ဆန့်ကျင်နေကြောင်း၊ အာဏာပိုင်တို့၏ တဖက်သတ် ဆောင်ရွက်ချက်များသည် အများပြည်သူ ယုံကြည်လက်ခံနိုင်ခြင်း မရှိကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်း စသဖြင့် ပါရှိပါသည်။ ကြေညာချက် ၃ တွင် မဲပေးရမည့် အခြေခံဥပဒေမူကြမ်းကို လူထုလက်ဝယ်ရောက်အောင် ဆောင်ရွက်ပေးဖို့လိုကြောင်း ပါရှိပါသည်။

ထိုကြေညာချက်များကို ကြည့်လျှင် နအဖ၏ နိုင်ငံရေးလမ်းစဉ်ကို လက်မခံနိုင်ကြောင်း မူဝါဒအရ ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။

မတ်လ ၁၉ ရက်နေ့ ညပိုင်း ဘီဘီစီမှ ထုတ်လွှင့်သည့် အင်တာဗျူးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က အောက်ပါအတိုင်း ပြောဆိုသွားပါသည်။

ဘီဘီစီ — ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ လုပ်စရာနည်းကတော့ သုံးခုရှိတယ်ပေါ့နော်။ သပိတ်မှောက်မယ် ကန့်ကွက်မဲထည့်မယ် ထောက်ခံမဲထည့်မယ် ပေါ့လေ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အန်အယ်ဒီက ဘယ်လိုသဘောရပါသလဲ။

ဦးဉာဏ်ဝင်း — ကျနော်တို့ အခုပြောနိုင်တာ ပြောရမယ်ဆိုရင်၊ သပိတ်မှောက်တဲ့အလုပ်ကို ကျနော်တို့ မလုပ်ဘူး။ ဘာလုပ်မလဲဆိုတာ ကျနော်တို့ ကြိုတင်ပြီးတော့ မပြောနိုင်ပါဘူး။

ဘီဘီစီ — တချို့ကကျတော့လည်း ထောက်ခံမဲပေးပြီး အစိုးရနဲ့ လက်တွဲပြီး ကိုယ်လိုတဲ့ ပုံစံမျိုးနဲ့ ပူးပေါင်းလုပ်ဆောင်သွားရင် ပိုကောင်းလိမ့်မယ်လို့ ပြောနေတာတွေလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ကော အန်အယ်ဒီအနေနဲ့ ဘယ်လိုသဘောရပါသလဲ။

ဦးဉာဏ်ဝင်း — ကျနော်တို့ အဲဒီနည်းလမ်းက ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်တဲ့အဖြေ မရနိုင်ဘူးလို့ ယုံကြည်ပါတယ်။

အထက်ပါ အမေးအဖြေကို ကြည့်လျှင် (၁) သပိတ်မှောက် (၂) ကန့်ကွက်မဲထည့် (၃) ထောက်ခံမဲထည့် သုံးခုအနက် ဦးဉာဏ်ဝင်းက နှစ်ခုကို ငြင်းပယ်သွားတာ တွေ့ရပါလိမ့်မည်။ မေးသူကလည်း မမေး, ဖြေသူကလည်း မဖြေဘဲ ချန်ထားခဲ့တာက ကျန်တခုတည်းသာ ဖြစ်ပါသည်။

ငြင်းတာ ကျန်တာကို ကြည့်လျှင် ရွေးတာကိုလည်း သိနိုင်ပါသည်။

Read More...