Friday, February 29, 2008

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ

၂၀၀၈ ခု၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ
၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ
(နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၁/၂၀၀၈)
၁၃၆၉ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၅ ရက်
(၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်)

စာမျက်နှာ ၁

စာမျက်နှာ ၂

စာမျက်နှာ ၃


Read More...

ပြည်သူ့ဆန္ဒခံယူပွဲသည် ဒီမိုကရေစီကျမည်မဟုတ်ဟု ၈၈ မျိုးဆက်ကျောင်းသားများပြောကြား

၂၀၀၈ ဖေဖော်ဝါရီ ၁၁
ဆုံဆည်းရာဘလော့ဂ်

တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အဓမ္မအတည်ပြုရန် ကြိုးစားမည့် ပြည်သူ့ဆန္ဒခံယူပွဲသည် ဒီမိုကရေစီကျမည်မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုထွန်းမြင့်အောင်က “လက်ရှိ နအဖ က ရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ ပြည်သူကရွေးချယ်ထားတဲ့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တွေ ပါဝင်မှုမရှိတဲ့အပြင် နအဖစိတ်တိုင်းကျ ရွေးချယ်ထားတဲ့ကိုယ်စား လှယ်တွေနဲ့ နအဖက ဖိအားပေးအကျပ်ကိုင်ထားတဲ့ တိုင်းရင်းသားအုပ်စုတွေ တင်ပြတဲ့ ပြည်ထောင်စုဆိုင်ရာ ဥပဒေကိုတောင်၊ တိုင်းရင်းသား အခွင့်အရေးတွေကိုတောင် နအဖက ဒီအထဲမှာ အသိအမှတ်ပြု ထည့်သွင်း ရေးဆွဲထားတာ မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးသားညီ လာခံကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်ကတည်းက ဒီမိုကရေစီလည်း မကျပါဘူး၊ တရားနည်းလမ်းလည်း မကျပါဘူး။ ဒီလိုဥပဒေကို အတည်ပြုမယ်ဆိုတဲ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဆိုတာဟာလည်း ဒီမိုကရေစီကျမှာမဟုတ်ပါဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရက ၎င်းတို့ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လာမည့်မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ခေါ်ယူသွားမည်ဖြစ်ပြီး ဆန္ဒခံယူပွဲပြုလုပ်ပြီးသည့်နောက် ၂၀၁၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ဆက်လက်ကျင်းပသွားမည်ဟု ပြီးခဲ့သည့်စနေနေ့ညတွင် ကြေညာ ခဲ့သည်။

ယခုနအဖရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ရေးဆွဲသည့် ပုံသဏ္ဌာန်ရော၊ ဥပဒေပါ အကြောင်းအရာများပါ လူထုအကျိုးထက် စစ်ဗိုလ်ချုပ်များ၏အကျိုးကို ဖော်ဆောင် ထားသည်ကများကြောင်း ကိုထွန်းမြင့်အောင်က ပြောသည်။

“ဒါကြောင့် ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်ဖော်ဆောင်နိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို အာမခံနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးအတွက် လူထုဟာ ညီညီညွတ်ညွတ် ရဲရဲဝံ့ဝံ့နဲ့ လှုပ်ရှား ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကမ္ဘာ့ကြီးကြပ်မှုတွေမပါဘဲ တိကျတဲ့ အချိန်ဇယားတွေ၊ တိကျတဲ့အဆင့်တွေ မပါဘဲနဲ့ ဆန္ဒခံယူပွဲလုပ်မယ့်အပေါ် ကျနော်တို့ လုံးဝကို အယုံအကြည် မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီအင်အားစုများအနေဖြင့် ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား လမ်းညွှန်ချက်များ၊ ဆုံးဖြတ် ချက်များချပြီး ပြည်သူ လူထုအပေါ် ထင်သာမြင်သာသည့် ဦးဆောင်မှုများ ပေးသွားရန် လိုအပ် သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ဆန္ဒခံယူပွဲကို နိုင်ငံတကာကြီးကြပ်မှုအောက်တွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ပါက ပြည်သူလူထုအနေဖြင့် သူတို့၏သဘောထားကို မည်သို့ ထုတ်ဖော်မည်ဆိုသည်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မည်ဖြစ်သည်ဟုလည်း ကိုထွန်းမြင့် အောင်က ပြောသည်။

“အခုလည်း နအဖဟာ ဘယ်လိုပဲ ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေ၊ အကျပ်ကိုင်မှုတွေ ရှိနေပေမယ့် သံဃာတော်တွေကို မကြာသေးမီကမှ ပူပူနွေးနွေးသတ်ထားတဲ့ စစ်အစိုးရကို ကျနော်တို့ပြည်သူလူထုဟာ မိမိတို့အနာဂတ်အတွက် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တဦး ဖြစ်သည့် ဦးအောင်သိန်းကလည်း နအဖ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းဆိုသည်မှာ မည်သူမှမသိရှိရသေးဘဲ ထွက်မလာသေး သည့် မူကြမ်းအပေါ် ထောက်ခံပွဲ အရင်လုပ်မည် ဆိုသည့်ကိစ္စသည် မဖြစ်သင့်ကြောင်း ပြောဆို သည်။

၎င်းက “အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုတောင် ပြည်သူလူထုက မသိသေးဘဲနဲ့ ထောက်ခံပွဲလုပ်ပြီးတော့ ၂၀၁၀ ခုမှာပါ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ ၁၉၉၀ ခုရွေး ကောက်ပွဲကို သိက္ခာရှိရှိနဲ့ ဘယ်လိုဆောင်ရွက်မလည်းဆိုတာ ကြည့်ရမှာပေါ့” ဟု ပြောသည်။

ပြည်သူလူထုအနေဖြင့် အခြေခံဥပဒေမူကြမ်းကို လွတ်လပ်စွာ ပြောဆိုဝေဖန်နိုင်ခွင့် ရှိရမည် ဖြစ်ကြောင်း၊ သို့သော် ဆွေးနွေးပြောဆိုဝေဖန်ခွင့်ကို အမိန့်ကြေညာချက် ၅/၉၆ ဖြင့် စစ်အစိုးရက တားမြစ်ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ထောင်ဒဏ် အနှစ် (၂၀) လောက်တောင် အရေးယူခံနိုင်ရဖွယ် ရှိတယ်လို့ဆိုထားတယ်။ ဒီဖွဲ့ စည်းပုံကြီးကို မတို့ရဲမထိရဲတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ပြည်သူ လူထုရဲ့ဆန္ဒအမှန်ဆိုတာ ဘယ်လိုဖြစ်ပေါ်စေနိုင်မလဲ၊ ဒါက အဓိကကျတဲ့ကိစ္စရပ်ပါ” ဟု ဦးအောင်သိန်းက ပြောသည်။

အန်အယ်လ်ဒီပါတီ ပြန်ကြားရေးမှ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဥာဏ်ဝင်းက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုထားသည့် အခြေခံမူများသည် ဒီမိုကရေစီနည်းမကျကြောင်း၊ စစ်အစိုးရက ယခုကဲ့သို့ အခြေခံဥပဒေအသစ်ကို အတည်ပြုရန် ဆန္ဒခံယူပွဲ လုပ်မည်ဆိုခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်အောင် ကြိုးစားသော ဆောင်ရွက်ချက်အဖြစ် မြင်ကြောင်း သတင်းဌာနများကို ပြောကြားခဲ့သည်။

နအဖစစ်အစိုးရသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုကာ ၎င်းတို့၏ အဆင့်(၇) ဆင့်ပါ လမ်းပြမြေပုံအရ ဒီမိုကရေစီကို ဖော်ဆောင်မည်ဟု ကြွေးကြော်ခဲ့ပြီး အဆင့် (၃) ဖြစ်သည့် အခြေခံဥပဒေမူကြမ်းရေးဆွဲရေး ညီလာခံကို မကြာသေးခင်က ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများကမူ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသည်။ ။

Read More...

လွတ်လပ်သော ဆန္ဒခံယူပွဲဖြစ်ရန် ပြည်တွင်းအတိုက်အခံများ တောင်းဆို

၂၀၀၈ ဖေဖော်ဝါရီ ၂၁
မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ မေလတွင် ကျင်းပမည့် ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် ပြည်သူများထံ လွတ်လပ်ခွင့်များ ပေးရန် လိုအပ်ကြောင်း ပြည်တွင်း အခြေစိုက် ဒီမိုကရေစီ လိုလားသော နိုင်ငံရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့ကြီးတခုက ယနေ့ ပြောဆိုလိုက်ကြသည်။

ပြည်သူများကို လွတ်လပ်စွာ ဝေဖန်ခွင့်၊ ဟောပြောခွင့်၊ စည်းရုံးခွင့်များ ပေးအပ်ရန် လိုအပ်သလို၊ နိုင်ငံတကာကို လွတ်လပ်စွာ လေ့လာခွင့်ပြုရေး၊ ပြည်သူများက ယုံကြည်သူများနှင့် ဆန္ဒခံယူပွဲ ကော်မရှင် ဖွဲ့စည်းပေးရေး၊ သန့်ရှင်းမျှတသော မဲပုံးစနစ်၊ ရေတွက်မှု စနစ်ကို စိတ်ချရသော ပတ်ဝန်းကျင်တွင် ပြုလုပ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave - GW) က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

“ကျနော်တို့က ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်မယ့် လမ်းကို ရွေးရတာပါ။ ဆန္ဒခံယူပွဲကို တိုက်ရင် နအဖ ကို တိုက်ရာ မရောက်ဘဲ၊ လမ်းဖွင့်ပေးရာ ရောက်သွားမှာ စိုးတယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှုနဲ့ လိုက်လျော ညီထွေမှုတို့ကို ထည့်စဉ်းစားရမယ်။ ကျနော်တို့ ပြည်သူတွေကို စည်းရုံးခွင့် ကျဉ်းသွားမလား စတဲ့ အချက်တွေကြောင့် နိုင်ငံတကာနဲ့ ပြည်သူ တသားထဲဖြစ်မယ့် ဒီလမ်းကို ရွေးရတာပါ” ဟု GW အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို မျက်ကွယ်ပြုပြီး အန်အယ်ဒီနှင့် တိုင်းရင်းသားအများ မပါရှိဘဲ ရေးဆွဲထားသော ဖွဲ့စည်းပုံဥပဒေကို အတည်ပြုမည့် ဆန္ဒခံယူပွဲ ပြုလုပ်သည်ကို လက်မခံကြောင်း GW က ဆိုသည်။
နအဖ အနေနှင့် မတ်လကုန် နောက်ဆုံးထား၍ တောင်းဆိုချက်ကို မလိုက်လျောလျှင် ဆန္ဒခံယူပွဲကို လူထု လူတန်းစားပေါင်းစုံ ပါဝင်သည့် တော်လှန်ရေးနှင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ခြင်း မရှိပါ။

အလားတူပင် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော် အစိုးအရ အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ဆန္ဒခံယူပွဲကို ကျင်းပပေးရန် လိုအပ်ကြောင်းနှင့် ပြည်သူတရပ်လုံး ပါဝင်ပြီး မိမိတို့၏ ဆန္ဒသဘောထား အစစ်အမှန်ကို ဒီမိုကရေစီ နည်းလမ်းတကျ လွတ်လပ်စွာ ဖော်ပြကြရန် လိုအပ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂွမ်မော်က “အဓိကတော့ လွတ်လပ်ပြီး တရားမျှတဲ့ စကားမှာ အကုန်လုံး ပြည့်စုံပြီ။ သိပ်အရှည်ကြီး ပြောနေရင်လည်း စည်းကမ်းချက်တွေ အများကြီးပေါ့နော်။ အဓိကတော့ လွတ်လပ်ပြီး တရားမျှတသော ဆန္ဒခံယူပွဲ ဖြစ်ရမယ်။ ဆန္ဒခံယူပွဲ ပေးသူတွေမှာလည်း လက်ရှိ အာဏာရှိသူတွေကလည်း ရွေးချယ်မှုဆိုတာ ရှိတယ်လေ။ အဲဒါကြောင့် ကျနော်တို့ လိုချင်တာက လွတ်လပ်ရမယ်၊ တရားမျှတရမယ် ဆိုတဲ့ ဘောင်ထဲမှာ ကျနော်တို့ အားလုံးက ချိန်ထိုးယူဖို့ ရှိတယ်လေ” ဟု ပြောသည်။

၂ဝ၁ဝ ခုနှစ်တွင် နအဖ မှ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း တရားမျှတမှု ရှိ၊ မရှိ သိရှိနိုင်ရန် သင့်တော်သော အကဲခတ် အဖွဲ့တဖွဲ့ ဖွဲ့စည်းပေးရန်နှင့် ပေါ်ထွက်လာသော ရွေးကောက်ပွဲ ရလဒ်ကို အားလုံးက လေးစား အသိအမှတ် ပြုရန် ဆိုသည့် အချက်များပါ အေအိုင်အို ကြေညာချက်တွင် တောင်းဆိုထားသည်။

ဗိုလ်မှူးကြီး ဂွမ်မော်က “ပါတီလုပ်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုတာ ဘာမှ ဆုံးဖြတ်ထားတာ မရှိသေးပါ။ အခုတော့ အခြေအနေကို ကြည့်ပြီးတော့ လက်ရှိ အာဏာကို ရယူထားတဲ့ စစ်အစိုးရအနေနဲ့ ဘယ်လိုလုပ်မလဲ၊ အဲဒီအချိန်မှာ ပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိမလဲ၊ ကေအိုင်အိုရဲ့ အနေအထားနဲ့ တခြားအခြေအနေတွေ ဘယ်လိုရှိမလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်ကလည်း GW ၏ ထုတ်ပြန်ကြေညာချက်အတိုင်း နအဖ အနေနှင့် အကောင်အထည် ဖော်သင့်ကြောင်း ထောက်ခံ ပြောဆိုသည်။
သူက ဆက်ပြီး “လူထုက စစ်အစိုးရရဲ့ အုပ်ချုပ်မှု၊ သူတို့ရဲ့ ဖွဲ့စည်းပုံကို မလိုချင်ဘူးဆိုတာ စက်တင်ဘာ လှုပ်ရှားမှုကြီးက ထင်ထင်ရှားရှား ပြသခဲ့ပြီးပြီ။ အသက်တွေ ဘာတွေပေးပြီးတော့။ အခုလည်း လူထုက ကန့်ကွက်မဲ ပေးချင်နေကြပါတယ်။ ဒါကို ထောက်ခံမဲပေးအောင် လုပ်သွားမယ်ဆိုရင်၊ yes အဖြေ ထွက်လာရင် အဲဒါ လိမ်တာပဲ။ အဲဒါ ညစ်ပတ်မှုပဲ။ မှန်ကန်တဲ့၊ မျှတတဲ့ ဆန္ဒခံယူပွဲဆိုရင် ကျိန်းသေပေါက် ကန့်ကွက်မဲ ထွက်ကို ထွက်ရမယ်” ဟု ပြောသည်။

Read More...

လူထုဆန္ဒခံယူပွဲသည် ဒီမိုကရေစီသို့ ဦးမတည်ဟု အန်အယ်ဒီပြော

မောင်ဒီး
၂၀၀၈ ဖေဖော်ဝါရီ ၁၈
မဇ္ဈိမ

နယူးဒေလီ။ ။ နအဖ က မေလတွင် ကျင်းပမည်ဆိုသော လူထုဆန္ဒ ခံယူပွဲသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မည်သို့မှ ဦးတည်နိုင်မည် မဟုတ်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ယနေ့တွင် ပြောဆိုလိုက်သည်။

ယခုလ ၉ ရက်နေ့တွင် နအဖ စစ်အစိုးရက လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲအသစ် ကျင်းပရေး ကြေညာချက်များ ထုတ်ပြန်ပြီးနောက်ပိုင်း အန်အယ်ဒီက ပထဆုံးအကြိမ် သဘောထား ထုတ်ပြန်ကာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကျင်းပမယ့် ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် ဆန္ဒခံယူပွဲ မဖြစ်နိုင်ဘူး ယူဆတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ၁/၉ဝ နဲ့လည်း ကွဲလွဲနေတယ်၊ ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိကဝတ်နဲ့လည်း ကွဲလွဲနေတယ်။ ဒါ့ကြောင့် ဒါတွေဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်တယ်” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွှန့်က ပြောသည်။

၁/၉ဝ ၌ ၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် အခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိသည်ဟု ဖော်ပြခဲ့သည်။

နအဖ က ၁/၂ဝဝ၈ နှင့် ၂/၂ဝဝ၈ ကြေညာချက်များ ထုတ်ပြန်ခြင်းဖြင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို ပိုမို ဆိုးရွားလာခြင်း၊ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးကို ပိုမိုထိခိုက်လာခြင်းနှင့် နိုင်ငံတကာအလယ်၌ နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းလာခြင်း စသည့် ပြဿနာများ ဖြစ်ပေါ်လာပါက တဖက်သတ် ဆောင်ရွက်သည့် အာဏာပိုင်များတွင်သာ တာဝန်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက တခဲနက် အားပေးထောက်ခံခဲ့သည့် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ မပါဘဲ ရေးဆွဲထားသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို တဖက်သတ်ရေးဆွဲကာ အတည်ပြုရန် ကြိုးစားနေခြင်းသည် ပြည်သူလူထု၏ ဆန္ဒကို လေးစားရာ မရောက်သည့်အပြင် နိုင်ငံ၏ အဓိက ပြဿနာဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အထောက်အကူ မပြုနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။

“ပြည်သူ့လွတ်တော် ရွေးကောက်ပွဲ ဥပဒေ ၁/၉ဝ ဥပဒေကို ထုတ်ပြန်တဲ့ အာဏာပိုင်တွေ ကိုယ်တိုင်က လေးစား လိုက်နာဖို့ လိုတယ်။ နောက်တခုက ပြည်သူ့ဆန္ဒကို လေးစားရမယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့ဆိုရင် ပြည်သူ့ဆန္ဒကို လေးစားရမှာပဲ” ဟု ဦးသိန်းညွှန့်က ပြောသည်။

နအဖ က ၁၉၉၃ ခုနှစ်မှ စတင်ကာ သူတို့စိတ်တိုင်းကျ ကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် ထွက်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို ပြည်သူလူထု အနေဖြင့် တစုံတရာ မှတ်ချက်ပေးခြင်း၊ ကန့်ကွက်ခြင်းတို့ ပြုလုပ်ပါက ပြစ်ဒဏ်ချနိုင်သည့် ၅၊၉၆ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းသည်လည်း ပြည်သူလူထု၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် အဆိုပါဥပဒေကို ပယ်ဖျက်သင့်ပြီဟု သူက ပြောသည်။

သူက “ပြည်သူလူထုက အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့ရဲ့ တာဝန် ဖြစ်တယ်ဆိုရင် အဲဒီဥပဒေကို ရုပ်သိမ်းလိုက်ပေါ့။ ရုပ်သိမ်းလိုက်မှ ပြည်သူတွေဟာ သူ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ပြနိုင်မှာပေါ့” ဟု ပြောသည်။

သမိုင်းဝင် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ခြင်း မရှိဘဲ ရွေးကောက်ပွဲသစ် ကျင်းပရသည့် အကြောင်းအရင်းကို မဲဆန္ဒရှင် ပြည်သူလူထုအား ဦးစွာ ရှင်းလင်းတင်ပြရန် လိုသည့်အပြင် ၅/၉၆ ကို ယခုအချိန်ထိ လက်ကိုင်စွဲထားခြင်းကြောင့် မေလတွင် ကျင်းပမည့် လူထုဆန္ဒ ခံယူပွဲသည် လွတ်လပ်ပြီး မျှတသည့် ဆန္ဒခံယူပွဲ ဖြစ်လာလိမ့်မည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။

Read More...

စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းကို အင်ဒိုနီးရှား ဝေဖန်

၂၀၀၈ ဖေဖော်ဝါရီ ၂၂
ခေတ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအတိုက်အခံခေါင်းဆောင်မျာကို ပိတ်ပင်ထားပြီး စစ်အုပ်ချုပ်ရေးကို အရေခြုံထားသည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံက ပထမဆုံး ဝေဖန်လိုက်သည်။

အတိုက်အခံများ အကျိုးနှင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့များ ဆုံရှုံးနစ်နာမှု မရှိစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပမည့် မေလ မတိုင်မီ ကာလအတွင်း ပြန်လည် သုံးသပ်ကြည့်သင့်သည်ဟု အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ီရာယုဒက ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ် ထားသူဖြစ်သောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်အရွေးခံခွင့်မှ တားမြစ်လိုက်သည်ဟု နအဖမှ လူသိရှင်ကြား ကြေညာပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်လိုက်ခြင်းဖြစ်သည်။

“အခုအချိန်ကနေ မေလ မတိုင်မီ အတောအတွင်းမှာ အဲဒီအဖွဲ့အစည်းတွေပါ ပါဝင်ဆွေးနွေး တိုင်ပင်နိုင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ ပိုပြီး ပြည့်စုံသွားမယ်လို့ ကျနော်တို့ မျှော်လင့်မိတယ်။ တခြားအဖွဲ့တွေရဲ့ အကျိုးကိုလည်း ထည့်သွင်း စဉ်းစားတယ်ဆိုတဲ့ သဘောလည်း ရောက်သွားမယ်” ဟု မစ္စတာဟာဆန်က Financial Times သတင်းစာကို ပြောကြားသည်။

အရှေ့တောင်အာရှ နိုင်ငံများအတွင်း အင်ဒိုနီးရှားနိုင်ငံတခုကသာလျှင် စစ်အစိုးရ၏ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြားအတိုက်အခံများဘက်မှကြည့်ပြီး ဝေဖန်မှု ပြုလုပ်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကတော့ စစ်အစိုးရ၏ ကြေညာချက်ကို ထောက်ခံခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် စစ်အစိုးရ၏ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲနှင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ရပ်အား ထောက်ခံသကဲ့သို့ သက်ဆိုင်ရာ ပါတီများအကြား ဆွေးနွေး ပြောဆို မှုများကိုလည်း ထောက်ခံကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လီဒန်းက ဖေဖော်ဝါရီ (၂၁) တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော့ပဒွန်ပက်တမားက ထိုင်းနိုင်ငံအနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ပေါ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည်ဆိုသည့် စစ်အစိုးရ၏ အစီအစဉ် အကောင်အထည် ပေါ်ပေါက်လာနိုင်ပြီး ယုံကြည်အားထားဖွယ် ဖြစ်လာရန် မျှော်လင့်သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုသည် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်ခွင့် မရရန် စစ်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိကြချေ။

ဖိလစ်ပိုင်နိုင်ငံသမ္မတ အာရိုယိုသည် စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြန်မလွှတ်ပေးပါက သူမ၏ လွှတ်တော်အနေနှင့် အာဆီယံပဋိညာဉ်စာတမ်းကို အတည်ပြု လက်မှတ်ရေးထိုးမည် မဟုတ်ဟု ပြောကြားခဲ့သည်။ ။

Read More...

ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု စစ်အစိုးရကို အာဆီယံ ပြောကြား

၂၀၀၈ ဖေဖော်ဝါရီ ၂၁
ခေတ်ပြိုင်

မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို အများက ယုံကြည်မှုရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့က ယမန်နေ့၌ ပြောကြားခဲ့ပြီး ယုံကြည်စိတ်ချ ဖွယ်မရှိပါက ရလဒ်သည် အာဆီယံ (၁၀) နိုင်ငံကိုပါ ထိခိုက်နိုင်သည်ဟု ပြောဆိုလိုက်သည်။

စစ်အစိုးရက မေလအတွင်း ဆန္ဒခံယူပွဲကျင်းပမည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ယခုလဆန်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အကယ်၍ ကျင်းပဖြစ်ပါက ထိုရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လျစ်လျူရှုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည်။

“ကျနော်တို့တွေ စိုးရိမ်ပူပန်နေကြတာက ဒီဖြစ်စဉ်ကို အများက ယုံကြည်လက်ခံနိုင်မှုပဲ။ လွတ် လပ်ပြီး အမှန်အကန်ဖြစ်ဖို့အတွက် စည်းကမ်းချက်တွေရှိသင့်သလို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ
တကာ ရှုထောင့်ကို လျစ်လျူရှုလို့မရကြောင်း ပြောပြထားပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေး
ဝန်ကြီး ဂျော့ခ်ျယိုက စင်ကာပူနိုင်ငံတွင်ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲနောက်ပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားတယောက်နှင့် လက်ထပ်ထားသူ ဖြစ်သောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရက ခွင့်ပြုမည်မဟုတ်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးကို ကိုးကားပြီး ယမန်နေ့ထုတ် စင်ကာပူ စထရိတ်တိုင်းမ်သတင်းစာတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ ခုတွင် ကွယ်လွန်ခဲ့သည့် ဗြိတိန်နိုင်ငံသား မိုက်ကယ်
အဲရစ်ကို အိမ်ထောင်ပြုထားသူဖြစ်ပြီး သားသမီးများမှာလည်း နိုင်ငံခြားသား နိုင်ငံကူး လက်မှတ်များကို ကိုင်ဆောင်ထားသောကြောင့် ယခုဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ ရွေးကောက်ပွဲ မ၀င်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြုလုပ်သည့် ဒေသတွင်း အစည်းအဝေးတခု၌ ပြောကြားခဲ့ကြောင်း ဂျော့ခ်ျယိုက ထပ်လောင်းပြောကြား
ခဲ့သည်။

အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဒွန် ဂျွန်ဒရိုးကလည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်မလွယ်ကူကြောင်း စစ် အစိုးရအနေနှင့် တကယ်စစ်မှန်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲရန်လိုအပ်
ကြောင်း ပြောကြားသည်။

နယူးယော့ခ်ရှိ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာရီအိုကဘီကမူ “မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို ယုံကြည်လက်ခံနိုင်မှုဆိုတာကတော့ အားလုံးပါဝင်နိုင်မယ့် ပါဝင်ခွင့် ရှိ မရှိဆိုတဲ့အပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအတွက် မြန်မာ့အရေး အတိုင်ပင်ခံဖြစ်သည့် ဒေးဗစ်စကော့ ကလည်း မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် တနေရာမှ မပေးနိုင်ကြောင်း စစ်အစိုးရက ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီတော့ ပြောရမယ်ဆိုရင် ပြည်တွင်းနိုင်ငံရေး လုပ်ရပ်အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်
မပါဝင်ရေးအတွက် စစ်အစိုးရဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး နည်းလမ်းတွေ ရှာဖွေ နေခဲ့တာဖြစ်တယ်။ ဒီတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးက လံကြုတ်ကြီးပေါ့” ဟု ဒေးဗစ်စကော့က ထိုင်းနိုင်ငံရှိ ရိုက်တာရုပ်သံတွင် ပြောကြားသွားခဲ့သည်။

Read More...

လူထုဆန္ဒခံယူပွဲ နှင့် ရွေးကောက်ပွဲသစ် ဥပဒေနှင့် မညီဟု အန်အယ်ဒီ ကြေညာ

ပီတာအောင်
၂၀၀၈ ဖေဖော်ဝါရီ ၁၉
ဆုံဆည်းရာ

နအဖစစ်အစိုးရကကျင်းပရန် စီစဉ်နေသည့် လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ်တို့သည်
စစ်အစိုးရကိုယ်တိုင် ထုတ်ပြန်ထားသည့် ကြေညာချက်ဥပဒေများနှင့် ကိုက်ညီမှုမရှိဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကြေညာသည်။

နအဖစစ်အစိုးရက အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲကို လာမည့်မေလတွင် ကျင်းပ၍ ၂၀၁၀ ပြည့်နှစ်၌ ရွေးကောက်ပွဲသစ် ပြုလုပ်မည်ဟု ယခုလဆန်းတွင် ကြေညာခဲ့သည့်အပေါ် အန်အယ်လ်ဒီ က ယမန်နေ့တွင် အထူးကြေညာချက်ထုတ်ပြန်၍ ဝေဖန်လိုက်ခြင်းဖြစ်သည်။

လူထုဆန္ဒခံယူပွဲ ပြုလုပ်မည့် စစ်အစိုးရ၏ အခြေခံဥပဒေမူကြမ်းသည် လွှတ်တော်ကိုယ်စားလှယ် များက ရေးဆွဲထားခြင်းမဟုတ်သဖြင့် န၀တ စစ်အစိုးရလက်ထက်က ကြေညာထားသော ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေရေးဆွဲရန် တာဝန်ရှိဆိုသည့်အချက်နှင့် ကွဲလွဲနေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ဖြစ်ခြင်း လုံးဝမရှိသေးဘဲ ရွေးကောက်ပွဲသစ် ကျင်းပပေးမည်ဟု ကြေညာခြင်းသည်လည်း ဥပဒေနှင့် မကိုက်ညီကြောင်း အန်အယ်လ်ဒီက ထောက်ပြသည်။

အန်အယ်လ်ဒီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “ဆန္ဒခံယူပွဲလုပ်ဖို့ဆိုရင် အခုအချိန်
အထိ မူကြမ်းလည်း မထုတ်ပြန်သေးဘူး။ ဘယ်နည်းဘယ်ပုံ အတည်ပြုမယ်ဆိုတဲ့ ဥပဒေလည်း ပြဋ္ဌာန်းပေးထားခြင်းမရှိဘူး။ ဒီမူကြမ်းကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရေးဆွဲထားတဲ့ ဥပဒေလည်းမဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က ပြောကြားချက်အရ ပြည်သူ့ကိုယ်စားလှယ် မဟုတ်ရင် အခြေခံဥပဒေ မရေးဆွဲနိုင်ဘူး၊ ရေးဆွဲရင် တရားခံဖြစ်မယ်ဆိုတဲ့ အပိုဒ်တွေကို သမိုင်းရေးရာ အထောက်အထားတွေကို ပြပြီးတော့ အဖွဲ့ချုပ်ရဲ့ သဘော ထားက ပြည်သူ့ဆန္ဒခံယူပွဲအတွက် မဖြစ်နိုင်သေးဘူးဆိုတဲ့ အချက်တွေကို တင်ပြလိုက်တာပါ။ ဥပဒေနဲ့မကိုက်ဘူးဆိုရင် တရားဝင်မှုနဲ့ပတ်သက်ပြီး စိန်ခေါ်ခံရမှာဖြစ်ပါတယ်” ဟု ပြောသည်။

အခြေခံဥပဒေသည် နိုင်ငံသားအားလုံး၏ သေရေးရှင်ရေး ပြဿနာဖြစ်သည့်အတွက် ပြည်သူ လူထုအနေဖြင့် အခြေခံဥပဒေအပေါ် ၎င်းတို့၏အမြင်များ လွတ်လပ်စွာထုတ်ဖော်ခွင့် ပြောဆိုခွင့်၊ ဆန္ဒသဘောထားများ စုဝေးဖော်ပြခွင့်များ ရရှိရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုအခွင့်အရေးများရရှိရန် စစ်အစိုးရအနေဖြင့် အမျိုးသားညီလာခံကို နှောင့်ယှက်ဟန့်တားမှုမှ ကာကွယ်သည့် ဥပဒေ အမှတ် ၅/၉၆ ကို ပြန်ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း၊ ထိုဥပဒေ အတည် ဖြစ်နေသမျှကာလပတ်လုံး လွတ်လပ်ပြီးတရားမျှတသည့် ပြည်သူ့ဆန္ဒခံယူပွဲ လုံးဝမဖြစ်နိုင် ကြောင်း အန်အယ်လ်ဒီက ပြောသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့အကြား စကားပြောဆို နေသည့် အဆင့်မှသည် နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲပေါ်ပေါက်လာပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာ အဖြေရှာနိုင်ရန် ဆက်လက်ရပ်တည် လုပ်ဆောင်သွား မည်ဟု ဦးသိန်းညွန့်က ပြောသည်။

အန်အယ်လ်ဒီ၏ ကြေညာချက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကြိုဆိုကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်ပြီး ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်များ မပါဝင်ပဲ ရေးဆွဲချပြလာမည့် အခြေခံဥပဒေမူကြမ်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သွားကြရန် ပြည်သူတို့အား တိုက်တွန်းလိုက်သည်။

Read More...

၁၉၉၀ ပြည့် စိတ်ဓါတ်ကို နောက်တကြိမ် မြင်တွေ့ကြရဦးတော့မည်

အောင်မော်ဦး
၂၀၀၈ ဖေဖော်ဝါရီ ၂၃
ရွက်မွန်

ကျနော့်အနေနှင့်သာဆိုလျှင် ထောက်ခံမဲပုံးနှင့် ကန့်ကွက်မဲပုံး တို့၏အကြား၌ “အကြံပြုစာပုံး” တပုံးကိုပါ ယှဉ်တွဲ၍ ထားလိုက်စေ ချင် သေးတော့သည်။ ဗိုလ်ချုပ် (၁၀၀) လောက် ခေါင်းခဲအောင်စဉ်းစားနေရသည့် အကျပ်အတည်းကို သန်း (၅၀) မျှသော ပြည်သူများက ရိုးရှင်းစွာ ဖြင့် ၀ိုင်းဝန်းစဉ်းစားပေးကြပါလိမ့်မည်။ သို့မှသာ လူထု၏ တကဲ့ဆန္ဒအစစ်အမှန်ကိုလည်း ရရှိနိုင်ပါ လိမ့်မည်။ တိုင်းပြည်ကောင်းစားရေးအတွက် သန်းနှင့်ချီသည့် အကြံပြုစာများကိုလည်း ရရှိနိုင်ပါလိမ့်မည်။ တိုင်းပြည်၏ တကဲ့ အခြေအနေမှာ လူထု၏ ဆန္ဒတခုတည်းကို ခံယူရုံမျှဖြင့် အလုံးစုံပြည့်စုံပြီဟု မဆိုသာ။ လူထု၏ အမြင်၊ လူထု၏ သဘောထား တို့ကို ရယူရုံမျှမက၊ လူထု၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိပါမှသာ ပြီးပြည့်စုံနိုင်မည်ဟု ထင်မိသည်။

လူအများကြားတွင် လာမည့် လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ခံစားချက် (၁) ခုနှင့် အယူအဆ (၂) ခု တပြိုင်တည်း ဖြစ်ပေါ် နေသည်ကို တွေ့ရှိရပါသည်။ ခံစားချက်(၁)ခု ဆိုသည်မှာ စစ်အစိုးရက စိဉ္စမာနဉာဏ်ကိုသုံး၍ အကောက်ကြံဦး တော့မည် ဆိုသည်ကို ဒက်ကနဲသိ၍ ကြိတ်မနိုင်ခဲမရ ဒေါသသင့်ကြရခြင်းဖြစ်ပါသည်။ အယူအဆ(၂) ခုမှာ တခုက ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ “လုံးဝမသွားဘဲနေခြင်း”ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်းဖြစ်ပါသည်။ အခြားတခုမှာ ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ သွား၍ “ကန့်ကွက်မဲပေးကြခြင်း”ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့်နည်းလမ်းဖြစ်ပါသည်။

ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ လုံးဝမသွားဘဲနေခြင်းဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်းကို ဦးစွာဆွေးနွေးလိုပါသည်။ ဤနည်းအတိုင်းဆိုပါက လူထုသည် စစ်အစိုးရကို ဗြောင်ဆန့်ကျင်ရမည့်သဘော (တနည်း) ထိပ်တိုက်ရင်ဆိုင်ရမည့် သဘော သက်ရောက်နေမည်လားဟု မဆိုနိုင်။ ပြည်တွင်းမှ မိတ်ဆွေတဦး၏အဆိုအရ လုံးဝမသွားဘဲနေပါက စစ်အစိုးရ၏ ဆင်ကွက် ထဲသို့ ၀င်သွားပေလိမ့်မည်၊ သူ့လူများချည်းမဲပေး၍ ဤမဲများဖြင့် အတည်ပြုသွားလိမ့်မည်ဟူသည့် သဘောမျိုး ဖော်ပြထား ပါသည်။ သူထောက်ပြထားပုံက ဤအတိုင်းပင် ဖြစ်ကိုဖြစ်လိမ့်မည်ဟု ပြောရမလောက်အောင် ထောင့်စေ့လွန်း နေသည်ကို တွေ့ရှိရသည်မှာ “ဘ၀က အသိကို ပြဌာန်းသည်”ဟု ဆိုရမည်လောမပြောတတ်။

ကျနော်က နည်းနည်းဖြည့်၍ ဆွေးနွေးလိုပါသည်။ (၁) လူထုအနေဖြင့် လုံးဝမသွားဘဲ နေမည်ဆိုပါက မုချပင် စစ်တပ်နှင့် ထိပ်တိုက်တွေ့ရပါလိမ့်မည်။ ကျနော့်အထင် လူထုအနေဖြင့် (ယခုလောလောဆယ်) ဤလို ထိပ်တိုက်တွေ့မည့် နည်းလမ်း မျိုး ထက် သူတို့၏ တကဲ့ဆန္ဒကိုလည်း ဖော်ပြနိုင်မည့်၊ အန္တရာယ်လည်းနည်းမည့် နည်းလမ်းမျိုးကို ရွေးချယ်ကြလိမ့်မည်ဟု ထင်ပါ သည်။ တပွဲတိုက်၍ တတပ်လုံးပြုတ်မည့်နည်းလမ်းမျိုးဖြင့် အကျိုးမရှိနိုင်ဟူသည်ကို တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝ သည့် လူထု က သိနှင့်နေပြီးဖြစ်ပေလိမ့်မည်။ (၂) လုံးဝမသွားဘဲနေခြင်းကြောင့် စကတည်းက မိမိတို့၏အခန်းကဏ္ဍကို မိမိတို့ဘာသာ ပစ်ပယ်လိုက်ရာ ရောက်ပေလိမ့်မည်။ ဤသို့ပစ်ပယ်လိုက်ခြင်းကြောင့် တဘက်လူဘာလုပ်လုပ် လုပ်သမျှ အကြုံးဝင်သွား ပေ လိမ့်မည်။ (၃) ဘက်တဘက်တည်းကို ပုံအပ်လိုက်သလိုဖြစ်သွားခြင်းကြောင့် မှန်ကန်မှုနှင့် တရားမျှတမှု ရှိ/မရှိ စစ်ဆေးနိုင် ခွင့်ကိုလည်း ဆုံးရှုံးသွားနိုင်ပါသည်။ (ဆိုလိုသည်မှာ ဤဆန္ဒခံယူပွဲကို လွတ်လပ်မှုရှိ/မရှိ၊ တရားမျှတမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး နိုင်မည့် တတိယအင်အားစု (နိုင်ငံတကာဖြစ်စေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့ဖြစ်စေ) တစုစု၏ ပါဝင်နိုင်မှုကို မရရှိနိုင် တော့ခြင်းဖြစ်ပါသည်။) (၄) ဤအမြင်အတိုင်း မဲရုံသို့မသွားကြရန် လှုံ့ဆော်/တောင်းဆိုသော်လည်း လူထုအနေဖြင့် မတတ် သာသဖြင့် မသွားမဖြစ်သွားကြရသည်ဆိုပါစို့။ ဤလှုံ့ဆော်မှု၊ ဤတောင်းဆိုမှုသည် စကတည်းက အရေးနိမ့်ရပေလိမ့်မည်။ (လူထုအဖို့ အလွယ်တကူ လိုက်ပါလုပ်ဆောင်ရန် ခက်ခဲသည့် နည်းလမ်းများသည် မသေချာလှ)

ဒုတိယအမြင်ဖြစ်သည့် မဲရုံသို့သွား၍ ကန့်ကွက်မဲထည့်သည့်နည်းလမ်းကို ဆက်လက်ဆွေးနွေးလိုပါသည်။ (၁) ဤနည်း ဖြင့် လူထုကို အန္တရာယ်နည်းစေပါသည်။ လူတိုင်းလူတိုင်း အလွယ်တကူ လိုက်ပါ လုပ်ဆောင်နိုင်ပါသည်။ (၂) လူထု အနေဖြင့် မိမိတို့ဆန္ဒကို မိမိတို့ဘာသာ ဖော်ပြနိုင်ခွင့် အခွင့်အလမ်း (တနည်း) မိမိတို့၏အခန်းကဏ္ဍကို မိမိတို့ရရှိနိုင်မည် ဖြစ်ပါသည်။ (၃) တရားမျှတမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးမည့် တတိယအင်အားစုတစု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ရရှိနိုင် ပါသည်။ (၄) လူထုအနေဖြင့် ကန့်ကွက်မဲထည့်ပြီးပါက “ငါတို့တိုင်းပြည်အတွက် ငါတို့တတ်နိုင်တဲ့ ဘက်ကနေ ငါတို့ လုပ်ခဲ့ ကြတယ်” ဟူ သည့် မိမိတို့ကိုယ်မိမိတို့၊ မိမိတို့၏ အခန်းကဏ္ဍကို မိမိတို့ ယုံကြည်မှုမျိုး ရရှိနိုင်ကြပါလိမ့်မည်။ (၅) လူထုသည် အဆုံးအဖြတ် အခန်းမှ ပါဝင်ခွင့်ရရှိကြသည့်အလျောက် ဆုံးဖြတ်နိုင်စွမ်းလည်းရှိကြသည်ဟူသည့်အချက်ကို တကမ္ဘာလုံး မျက်ဝါးထင်ထင် မြင်ကြတွေ့ကြရပေလိမ့်မည်။ (“၁၉၉၀ ပြည့် စိတ်ဓာတ်”ကို မျိုးဆက်သစ်များအကြားတွင် အခိုင်အမာ စိုက်ထူနိုင်လိုက်ခြင်းဟု ဆိုချင်သည်)

အထက်၌ မတူသည့် အမြင်(၂) ခုကို တင်ပြခဲ့ပြီးပါပြီ။ ယခု ထပ်မံတင်ပြလိုသည်မှာ ကျနော်တို့အနေဖြင့် လူထု၏ ပကတိ အခြေ အနေအမှန်ကို တိတိကျကျသိရှိအောင် ချဉ်းကပ်လေ့လာကြည့်ရှုကြရန်ဖြစ်ပါသည်။ လောလောဆယ်၌ လူထုသည် (၂)ခုအနက် (၁)ခုကို မလွဲမသွေ ရွေးချယ်ကြရမည့် နယ်နိမိတ်မျဉ်းပေါ်တွင် ရောက်ရှိနေပါသည်။ ဤအခြေအနေမျိုးကို ယခုမှ နဖူးတွေ့ဒူးတွေ့ ကြုံဖူးကြသည်တော့မဟုတ်။ ကြီးကြီးမားမားတကြိမ် (၁၉၉၀ ပြည့်ရွေးကောက်ပွဲ)နှင့် အကြိမ်ငယ် ငယ်များ (နေပူခံ ဆန္ဒ ဖော်ထုတ်ပွဲများ) အခါခါ ကြုံဖူးခဲ့ကြပြီးပေပြီ။ ဘယ်အချိန်၌ ဘာလုပ်ရမည်ကို ဆင်ခြင်တုံတရားရှိစွာ ခွဲခြားသိ၍ သိသည့်အတိုင်းလည်း မှန်မှန်ကန်ကန် ရွေးချယ်လုပ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာပြည်သူများကို စစ်အစိုးရ ကိုယ်တိုင်ပင် အထင်မသေးဝံ့။ လျှော့မတွက်ရဲ။ သွေးတိုးစမ်းကြည့်သမျှတိုင်းလည်း ခံခဲ့ရသည်ချည်းပင်။

သို့သော်ငြား မသွားဘဲနေ၍ မရသည့် လက်ငင်းခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများကလည်း ရှိနေကြပါသည်။ ဤခြိမ်း ခြောက် မှု များနှင့် အကျပ်ကိုင်မှုများသည် လူထုနှင့် စစ်အစိုးရအကြား နှစ်ပဋိစ္ဆေဒကြာမြင့်စွာ တည်ရှိနေခဲ့သည့် နှောင်ကြိုး တချောင်းဟု ဆိုမည်ဆိုက ဆိုနိုင်မည်ထင်ပါသည်။ Domestic Violence “အိမ်တွင်းအကြမ်းဖက်မှု”ဟု သုံးနှုန်းလေ့ရှိကြ သည့် မိသားစုတွင်း အကြမ်းဖက်မှုများတွင် တချို့အချက်များသည် လက်ဆုပ်လက်ကိုင်ပြရခက်သကဲ့သို့၊ “နိုင်ငံတွင်း အကြမ်းဖက် မှု”ဟု သုံးနှုန်းနိုင်သည့် စစ်အစိုးရ၏ အကြမ်းဖက်မှုများတွင်လည်း တချို့အချက်များသည် လက်ဆုပ်လက်ကိုင် ပြရန် ခက်သည် များ ရှိကောင်းရှိနိုင်ပါသည်။ (ဥပမာ-ဂမ်ဘာရီကို ပြသခဲ့သည့် နေပူခံဆန္ဒဖော်ထုတ်ပွဲများ)

ကျနော့်အထင် လူထုအနေဖြင့် မသွားဘဲနေခြင်းကြောင့် ဖြစ်လာနိုင်ဘွယ်ရှိသည့် ဆိုးကျိုးများထက်၊ သွား၍ သူတို့ လုပ်နိုင် သည်ကို လုပ်ခဲ့ကိုင်ခဲ့ကြသည့်နည်းကို ရွေးလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲ။ ထို့ကြောင့် ကန့်ကွက်မဲပေး၍ ဆန္ဒမှန် ဖော်ပြ သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်မည့် လူထုလှုပ်ရှားမှုကို တရားမျှတမှုရှိစေရေးအတွက် အကူအညီ ပေးသင့် သည်။ ကျနော်တို့အနေဖြင့် လွတ်လပ်၍ တရားမျှတမှု ရှိစေရေးအတွက် “တတိယအင်အားစုတစု၏ ကြီးကြပ်မှု အောက်၌ ပြုလုပ်ရေး”ဟူသည့်အချက်ကို လူထုကိုယ်စား တောင်းဆိုပေးသင့်သည်။ ကျနော်တို့အနေဖြင့်လည်း လူထု အတွက် ဤအချက်ကို တောင်းဆိုပေးခြင်းဖြင့် ကျနော်တို့၏ တသံတည်းထွက်မှု၊ တသဘောတည်းရှိမှု၊ စည်းလုံးညီညွတ်မှု အစရှိသည် တို့ကို ခိုင်ခိုင်မာမာဖော်ပြရာရောက်ပေလိမ့်မည်။ လူထုကို အားရှိစေပေလိမ့်မည်။

ယုတ်စွအဆုံး မေလဆန္ဒခံယူပွဲ၌ လိမ်လည်ညစ်ပတ်မှုဖြင့် “ခေတ်သစ်ကျေးကျွန်ဥပဒေ အတည်ပြုပွဲ”ကြီးကို ပြုလုပ်နိုင်ခဲ့သည် ဆိုစေဦးတော့ တိုက်ပွဲငယ်တပွဲအရေးနိမ့်ရခြင်းမျှသာ ဖြစ်ပေလိမ့်မည်။ ၂၀၁၀ ပြည့်ရွေးကောက်ပွဲ၌ ၁၉၉၀ ပြည့် ရွေးကောက် ပွဲကဲ့သို့ တိုက်ပွဲကြီးတပွဲထပ်တိုက်၍ အောင်ပွဲကြီးတပွဲ ပြန်လည်ရယူနိုင်ရန် အခွင့်အလမ်းရှိနေပေသေးသည်။ “လူထု က လုံးလုံး အရှုံးမပေးမချင်း မရှုံး”ဟု ဆိုနိုင်သကဲ့သို့ မိမိတို့က “အရှုံးပေးချင်သော်တောင်မှ မရှုံး”ဟု ဆိုရမည့် ဖြစ်စဉ် တခု ဖြစ် နေသည်။ အဘယ့်ကြောင့်ဆိုသော် လူထုသည် “ဓမ္မ”အင်အားစုဖြစ်နေသဖြင့် “အဓမ္မ”က မည်သည့်အခါတွင်မျှ အောင်ပွဲမခံ နိုင်ရာ။ လူထုသည် အဆုံးအဖြတ်အခန်းမှ ပါဝင်နေသရွေ့ လူထုသည် မရှုံး၊ သမိုင်းသည် မဆုံး။

အောင်မော်ဦး
ဖေဖော်ဝါရီ၊ ၂၃၊ ၂၀၀၈။

Read More...

No Vote

ဥတ္တရအောင်
၂၀၀၈ ဖေဖော်ဝါရီ ၂၅
ကိုမိုးသီးဘလော့ဂ်

စစ်အုပ်စုရဲ့ နောက်ဆုံး ရာဇသံ ကတော့ မေလမှာ ဥပဒေမူကြမ်းကို ဆန္ဒခံယူပွဲကျင်းပ ပြီး၊ လာမယ့် ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကို ကျင်းပမဲ့ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအချက် ကို သေချာဆန်းစစ်ကြည့်တဲ့ အခါမှာ ကျနော်တို့ ဟာ မဖြစ်မနေ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုရမယ် ဆိုတာဖြစ်တယ်။ တဖက်က ကြည့်ရင် ကျနော်တို့  အနေနဲ့ တဖက်သတ်ရေးဆွဲ ထားတဲ့ ဖွဲစည်းပုံ အခြေခံ ဥပဒေအရ စစ်တပ် ၂၅% ကိုလက်ခံရဖို့ ရှိပါတယ်။

အပေါ်ယံအားဖြင့် စစ်အုပ်စုလုပ်နေကြထုံးစံအတိုင်း လူထုနဲ့ တကွ နိုင်ငံတကာ ကို နားလှည့် ပါး ရိုက်လုပ်တယ်လို့ ထင်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ကစားကွက်က အင်မတန်လှပ သေသပ်တယ်လို့  မှတ်ချက်ပေးနိုင်ပါတယ်။ အရင်ဆုံး ဆန္ဒခံယူပွဲ နဲ့  ရွေးကောက်ပွဲဆိုတဲ့ အချက် နှစ်ချက်ကို က အတိုက်အခံတွေကို ဗဟိုချက်မဲ့အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ စစ်အုပ်စုရဲ့ ကြေငြာချက်နှစ်စောင့်ကြောင့် တိုက်ပွဲပုံစံ ၊ သဘောတရားကွဲလွဲမှုတွေ အများကြီး ဖြစ်လာနိုင်ဖို့ ရှိပါတယ်။ တချို့ က ဆန္ဒခံယူပွဲကို အဓိက အဖြစ်ယူဆသလို၊ တချို့ ကလဲ ၂၀၁၀ ရွေးကောက်ပွဲကို အဓိက အဖြစ်ယူဆတာမျိုး ရှိပါတယ်။

စစ်အုပ်စုလက်ထက်မှာ ၄င်းတို့ အာဏတည်မြဲရေးလိုအပ်ချက်အရ ဆန္ဒခံယူပွဲ၊ ရှုံ့ ချပွဲ ဆိုတဲ့ အလံရှုးပွဲတွေ အများကြီးလုပ်ခဲ့ ဖူးပါတယ်။ တစ်ခါမှမဲပုံးထောင်ကျင်းပခဲ့ခြင်း မရှိပါဘူး။နီးရာ ဝန်ထမ်း၊ကျောင်းသား နဲ့  ကြံခိုင်ရေးလို လက်ရုံးအဖွဲ့ အစည်းတွေ ကို ဘောလုံးကွင်းထဲထည့် စင်ပေါ်ကနေ ကြိုရေးလာတဲ့ စာကိုဖတ်ပြ ၊ နောက်ဆုံး မအော်မနေရ ကြွေးကြော်သံတွေနဲ့  အနား သတ်ထားလိုက်တဲ့ ဆန္ဒခံယူပွဲတွေ၊ ရှုံ့ ချပွဲတွေ နဲ့ ပြည်သူကို အကြိမ်ပေါင်းများစွာလိမ် ခဲ့ပြီးဖြစ်ပါတယ်။ မေလ ဆန္ဒခံယူပွဲကိုလဲ ထုံးစံအတိုင်း ဘောလုံးကွင်း ဆန္ဒလုယူပွဲ အဖြစ်ကျင်းပ မလား လို့ တွေးဖို့ ရှိပါတယ်။ စစ်အုပ်စုကတရားဝင် ထုတ်ပြန် တာမျိုး မရှိပါဘူး။ လက်တစ်လောမှာတော့ အတိုက်အခံတွေ အနေနဲ့ ရော ပြည်သူကပါ မေလဆန္ဒခံယူပွဲ ဟာ မဲပုံုးထောင်ကျင်းပမယ်လို့  ယုံကြည်နေတာကို တွေ့ ရပါတယ်။

စစ်အုပ်စု အနေနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ထုတ်ပြန်ထားချက် အရ မဲပုံးထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ အခြေခံ ဥပဒေကို မဖြစ်မနေ လက်ခံရမယ် ဆိုတဲ့ အချက်ကို ခိုင်မာစေတာကိုတွေ့ ရပါတယ်။ စစ်အုပ်စုအလိုကျ ကျင်းပ ခဲ့တဲ့ အမျိုးသားညီလာခံကို ဆန့် ကျင်ရင်တောင် ပုဒ်မ (၄) အရ ထောင်ဒါဏ် အနှစ် ၂၀ ထိချ မှတ်နိုင်အောင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တဲ့ အချက်ကို ကြည့်ချင်းအားဖြင့် မကြာခင်မှာလဲ အခြေခံ ဥပဒေ မူကြမ်းကို ဆန့် ကျင်ရင် ပြစ်ဒဏ်ချမှတ်နိုင်မဲ့ ဥပဒေမျိုး တဖက်လှည့်နဲ့ ပေါ်ထွက်မလာ နိုင်ဘူး လို့ မပြောနိုင်ပါဘူး။ ခုချိန်ထိလဲ ပြည်သူကို စစ်အုပ်စုရဲ့ လက်ကိုင်တုတ်အဖွဲ့ အစည်း များက အခြေခံဥပဒေ မူကြမ်းကို လက်ခံဖို့  တွင်တွင်ကြီးတိုက်တွန်းနေတာကို တွေ့ နေရပေမဲ့ ပြည်သူလူထုကို အခြေခံ ဥပဒေမူကြမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေ ကို ရှင်းလင်းပြတဲ့ အပြု အမူမျိုးကိုလဲ မတွေ့ ရသေးပါဘူး။

လေးဆယ့် ခြောက်နှစ်အတွင်း ယုံကြည်ဖို့ တစ်ကွက်မှ မရှိတဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့  အမူ အကျင့်တွေကို ခနလောက်မေ့ထားပြီး အမှန်အကန်မဲပုံးထောင် ဆုံးဖြတ်မယ်ဆိုတဲ့ အချက်၊ ၂၀၁၀ ရွေးကောက်ပွဲဟာ မေလအဖြေပေါ်မှာမူတည်ပြီးပြင်ဆင်မယ် ဆိုတဲ့ အချက် နှစ်ခုကို မတန်ရင်ကာပေးပြီးတွက်မယ်ဆိုရင် ပြည်သူလူထုဘက်က လက်မခံဘူးဆိုတဲ့ အဖြေနဲ့  လက်ခံတယ် ဆိုတဲ့ အဖြေနှစ်ခုဖြစ်လာဖို့  ရှိပါတယ်။ လက်မခံခဲ့ရင် စစ်အုပ်စုအနေ နဲ့  ပြည်သူ လက်ခံနိုင်မဲ့ အနေအထားထိ ပြင်ဆင်နိုင်ပါ့မလား။ တကယ်ပြင်ဆင်ခဲ့မယ် ဆိုရင်လဲ ဘယ်အတိုင်း အတာအထိပြင်ဆင်နိုင်ပါမလဲ။ ပြည်သူလူထု အများစု လက်မခံနိုင်တဲ့အချက် ဟာ အနာဂတ်နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်ပါဝင်ရမယ် ဆိုတဲ့ခေါင်းစဉ် အောက်က စစ်တပ် ၂၅% ဆိုတဲ့ ကိစ္စဖြစ်သလို ၊ စစ်အုပ်စုအနေနဲ့ အလျော့မပေးတမ်း ဆုပ်ကိုင်ထားမှာ ကလဲ စစ်တပ်ကိုယ်စားလှယ် ၂၅% နေရာရရှိရေး ဖြစ်ပါတယ်။ ဒါကြောင့် မူကြမ်းကို လက်မခံနိုင်ရင် ဘာဖြစ်မလဲဆိုတဲ့ ကိစ္စအတွက် အဖြေမရှိဘူးလို့ ပဲ မှတ်ချက်ပေးရ မှာဖြစ်ပါတယ်။ ပြည်သူအနေနဲ့  မူကြမ်းကို အတည်ပြုပေးလိုက်တယ် ဆိုရင်လဲ တိုင်းပြည်ရဲ့  အနာဂတ် နိုင်ငံရေး မှာစစ်တပ်ကို တရာဝင် စွက်ဖက်ခွင့် ပေးလိုက်တာ လဲ ဖြစ်ပါတယ်။

နောက်ဆုံးမျှော့သွေးစမ်း မှုကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံခြားသားနဲ့  လက်ထပ်ထားတဲ့ အတွက် ရွေးကောက်ပွဲဝင်ခွင့်မရနိုင်ဘူး ဆိုတဲ့ စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီး ရဲ့ ဒေသဆိုင်ရာ အစည်းဝေးတစ်ခုမှာ တရားဝင်ပြောကြား သွားခြင်းပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ကို နိုင်ငံရေး အရအသေသတ်မယ် ဆိုတဲ့ နောက်ကွယ် အကြံအစည်ဟာ ရွေးကောက်ပွဲ နဲ့ အတူတွယ်ဆက်နေတယ် ဆိုတာကို ခန့် မှန်းလို့ ရပါတယ်။ စစ်အုပ်စု ဆက်သွားနေတဲ့လမ်းဟာ ၄င်းတို့  အာဏာကို ကမ္ဘာအခင်း အကျင်း မှာပါ တရားဝင်ဖြစ်အောင် လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အတိုက်အခံ အဖွဲ့ အစည်းတွေ ၊ တသီးပုဂ္ဂလ အတိုက်အခံတွေ၊ ပြည်သူတွေ အနေနဲ့ ပါ ရွေးကောက်ပွဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောစရာအကြောင်း မရှိတော့ပါဘူး။

လက်ရှိရင်ဆိုင်နေရတဲ့ စုပ်လဲဆူးစားလဲရူး အနေအထားကို စိတ်ပျက်နေလို့ မရသလိုတိုင်းပြည် ကိုလဲ စစ်အုပ်စု လှည့်ကွက်ထဲ နောက်တစ်ခါ ထပ်ကျခံလို့  မဖြစ်ပါဘူး။ အတိုက်အခံများ အနေနဲ့ စစ်အုပ်စု ကို ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ဘာကြောင့် ဖျက်သိမ်းလိုက်တဲ့ အကြောင်း ရှင်းလင်းပြဖို့  ပြတ်ပြတ်သားသား တောင်းဆိုရပါလိမ့်မယ်။ စစ်အုပ်စု ဘက်က ဖြေလာနိုင်စရာ အဖြေကလဲ အဓိက အားဖြင့်တော့ အရွေးချယ်ခံ လွတ်တော်ကိုယ်စားလှယ်အများစု သက်ရှိ ထင်ရှား မရှိတော့ဘူး ဆိုတဲ့ အကြောင်း နဲ့  ၁၉၉၀ ရွေးကောက်ပွဲကျင်းပ စဉ်ကအခြေခံ ဥပဒေ မရှိခဲ့တဲ့ အတွက်တရား မဝင်ဘူးဆိုတဲ့ အဖြေကို ပေးလာဖို့ ရှိပါတယ်။ ပထမအချက်ဖြစ်တဲ့် လွတ်တော်ကိုယ်စားလှယ်အများစု သက်ရှိထင်ရှား မရှိတော့တဲ့ ကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ နဲ့  အစားထိုးရွေးချယ်လို့ ရသလို ၊ ဖွဲစည်းပုံ မရှိလို့ တရားမဝင်ဘူးဆိုတဲ့ အချက်ဟာလဲ ၁၉၉၀ ရွေးကောက်ပွဲ ဟာ နိုင်ငံသိ၊ ကမ္ဘာသိအဖြစ် စစ်အုပ်စု ကိုယ်တိုင် ဦးစီးကျင်းပထားတယ် ဆိုတဲ့ အချက်က ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် အတိုက်အခံများနဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ အခြေခံဥပဒေမူကြမ်းအတည် ပြုရေး ကို အတည်ပြုရေးမပြုရေး ၊ ရွေးကောက်ပွဲဝင်ရေးမဝင်ရေး ၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အသိမှတ်ပြုရေး မပြုရေး စတဲ့ ကိစ္စတွေကို ငြင်းခုန်နေမဲ့ အစား အနာဂတ်မြန်မာနိုင်ငံ ကို စစ်အုပ်စု လက်ထဲတရား ဝင်ပေးမလား မပေးဘူးလား ဆိုတဲ့ အချက်အပေါ်မှာပဲ ပြတ်ပြတ် သားသား ပြောဆိုဖို့  ပဲလိုပါတယ်။ စစ်အုပ်စု အနေနဲ့ ကတော့ နောက်ဆုံးတိုက်ပွဲ ကိုပြင်ဆင် နေပြီး ဆိုတာ သိထားဖို့ ကောင်းပါပြီ။ စောင့်ကြည့်နေဖို့  အချိန်မဟုတ်တော့ပါဘူး။ နောက်သုံးလ အကြာဖြစ်တဲ့ မေလမှာ တိုင်းပြည်အနာဂတ် ကို ပြတ်ပြတ်သားသား ဆုံးဖြတ် ပေးရ ပါတော့မယ်။ ကန့် ကွက်မဲ ထည့်ဖို့ တိုက်တွန်းတယ် ဆိုတာကပဲ စစ်အုပ်စု ဆင်တဲ့ အကွက်ထဲ စနင်းမိနေပြီ လို့ ပြောရပါမယ်။

တိုင်းပြည်အနာဂတ်အတွက် ဘယ်ဘက်ကကြည့်ကြည့်လက်ခံဖို့ မရှိတဲ့ အခြေခံဥပဒေမူကြမ်း ကို ဆန့် ကျင်ဖို့ အတွက် လက်ရှိကာလမှာ ဆန္ဒခံယူပွဲ မဖြစ်မြောက်ရေး (NO VOTE) အတွက် ပဲတိုက်ပွဲ ဝင်ရမှာဖြစ်ပါတယ်။ ဒါမှသာ ကျနော်တို့ အနေနဲ့  ကန့် ကွက်မဲပေးရေး (VOTE NO) ဆို တဲ့ အဆင့်ကို အမှားကာ အဖြစ်ဆက်လက် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ အခုအချိန်ကတည်းက ကန့် ကွက်မဲပေးရေး ၊ ၂၀၁၀ ရွေးကောက်ပွဲ တရားမျှတရေး စတဲ့ အချက်တွေကို ဆွဲကိုင်ထား မယ်ဆိုလို့ ကတော့ တိုင်းပြည် ရဲ့ အနာဂတ်လွတ်တော်ဟာ စစ်အာဏာရှင်မွေးမြူရေး စခန်းကြီး ဖြစ်ဖို့  ရာခိုင်းနှုန်းတော်တော်များများ သေချာနေကြောင်း သတိပေးပါရစေ။

ဥတ္တရအောင် ( မျိုးချစ်ဒီမိုကရက်တစ် တစ်ပေါင်းစု)

Read More...

အတိုက်အခိုက်များကြားက စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ

ကိုမိုးသီးဘလော့ဂ်
၂၀၀၈ ဖေဖော်ဝါရီ ၂၂


ဘန်ကောက်၊ ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၂

အင်ဒိုနီးရှားနိုင်ငံဟာ မနေ့က ဗမာစစ်အစိုးရ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပထမဆုံး အကြီးအကျယ် ဝေဖန် တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရနဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေ ကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေတွေကို ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်ဝီရာဝုဓက “မေလမှာကျင်းပမယ့် ပြည်သူ့ဆန္ဒခံယူပွဲကို မလုပ်ခင်မှာ စစ်အစိုးရ အနေနဲ့ ၎င်းတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတိုက်အခံအင်အားစုတွေနဲ့ ကျန်တိုင်းရင်းသားအုပ်စုတွေရဲ့ စိတ်ဝင်စားမှု ရှိလား၊ မရှိဘူးလားဆိုတာကို ပြန်လည်ဆန်းစစ်သင့်တယ်” လို့ ပြောသွားပါတယ်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားတစ်ယောက်ကို လက်ထက်ခဲ့တဲ့အတွက်ကြောင့် ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ လူသိရှင်ကြား ကြေငြာပြီးနောက်ပိုင်းမှာ ဟတ်ဆန် ဟာ ဗမာစစ်အစိုးရပေါ်ဝေဖန်မှုများ ပြုလုပ်ခဲ့ပါတယ်။

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ထောက်ခံဖို့ဆိုရင် ၎င်းတို့နေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးဖို့ နည်းလမ်းတစ်ခုကို အခုအချိန်ကနေ လာမယ့် မေလအတွင်းမှာ ထည့်သွင်းမှ ပြည့်စုံလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တယ်။ ဒါမှ သာ အတိုက်အခံအင်အားစုတွေကို လည်း အခွင့်အရေး ပေးရာရောက်ပါတယ်” လို့ မစ္စတာ ဟတ်ဆန်က Financial Times သို့ မနေ့က ပြောကြားသွားပါ တယ်။

ဗမာစစ်အစိုးရကတော့ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပာာ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ စည်းကမ်းကျနတဲ့ ဒီမိုကရေစီစနစ်တစ်ခု ပေါ်ထွန်းရေးအတွက် သင့်လျှော်တဲ့ အခြေခံ အုတ်မြစ် ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။

ဒါပေမယ့် အတိုက်အခံအင်အားစုများဘက်ကတော့ ဒါဟာ စစ်အစိုးရက ၎င်းတို့ရဲ့တရားမ၀င်တဲ့ စစ်ဥပဒေကို တရားဝင်ဖြစ် လာအောင် ကြိုးစားခြင်းသာဖြစ်တယ်လို့ ရှုံ့ချကြပါတယ်။ အဲဒီအချိန်မှာဘဲ NLD ပါတီက စစ် အစိုးရ ရဲ့ တဖက်သတ်ဆန်တဲ့ ပြည်သှူှ့ဆန္ဒခံယူပွဲဟာ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးစေ့စပ်ဆွေးနွေးပွဲတွေ (သို့မဟုတ်) အမျိုးသား ပြန်လည် သင့်မြတ် ရေး လမ်းစဉ် ကို အထောက်အကူ မပေးနိုင်ပါဘူး လို့ပြောပါတယ်။

စစ်အစိုးရရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းဟာ စစ်တပ် ကဘဲဖြစ်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီတော့ စစ်အစိုးရက အဓိကကျတဲ့ ၀န်ကြီးနေရာတွေကို သူတို့ စစ်တပ် အသိုင်းအ၀န်းထဲက ရွေးချယ်ပြီး နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေကြောင့်လို့ ကြေငြာပြီး အာဏာ သိမ်းနိုင်ပါတယ်။ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးဖို့နဲ့ ပြည်သူတွေ ရဲ့လွတ်လပ်ခွင့်ကို တော့ အခြေအနေပေါ်ကို မှုတည်ပြီးတော့မှ စဉ်းစားမှာပါ။ ပြီးတော့ သူတို့ထင်သလို လှည့်ကွက်တွေနဲ့ လိမ်လည်ဦးမှာပါ။ သူတို့နဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေကိုလည်း ရွေးကောက် ပွဲ မှာ ပါဝင်ခွင့် ရှိ၊ မရှိကို လည်း သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆုံးဖြတ်ဦးမှာပါ။

“ဒါဟာ နဂိုကတည်းက သူတို့ဘာသာသူတို့ စည်းဝါးကိုက်ထားပြီးသားပါ။ ဒီမိုကရေစီအတွက် တက်တက် ကြွကြွ ပါဝင်လှုပ်ရှား ဖူးသူ မည်သူမဆို (သို့မဟုတ်) စစ်အစိုးရကို တနည်းနည်း နဲ့ ဆန့်ကျင်ဖူးသူ (သို့မ ဟုတ်) ဆန့်ကျင်ဖို့အလားအလာရှိတဲ့သူတွေ အဲဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရှိမှာမဟုတ်ဘူး” လို့ ပြည်ပ ရောက် နိုင်ငံရေးသုတေသီ တစ်ဦးဖြစ်သူ ကိုအောင်နိုင်ဦး က ပြောပါတယ်။

နိုင်ငံခြားသား တစ်ယောက်ကို လက်ထပ်သူ မည်သူမဆို (သို့မဟုတ်) ၎င်းရဲ့ ခင်ပွန်း (သို့) ဇနီး၊ သားသမီး များဟာ အခြားနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသား ဖြစ်နေလျှင်၊ ဒါတင်မကသေးဘူး သံဃာတော်တွေနဲ့ ဘာ သာရေးဆိုင်ရာပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေ နဲ့ အစိုးရအမှုထမ်းတွေလည်း ပါဝင် ခွင့်မရှိပါဘူး။

ဒါပေမယ့် ရွေးကောက်ပွဲမှာ စစ်သားတွေ ပါဝင်ရွေးကောက်ခံပိုင်ခွင့်မရှိဘူးလို့တော့ မပါပါဘူး။

လွှတ်တော်အမတ်နေရာ လျှောက်ထားမယ့်သူတွေဟာ ဗမာပြည်မှာ ၁၀ နှစ်ဆက်တိုက်နေလာတဲ့သူလည်း ဖြစ်ရမယ်လို့ စစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မှာ ထည့်သွင်းရေးဆွဲထားပါသေးတယ်။

Read More...

တော်လှန်ရေးအသိ၊ နိုင်ငံရေးသတိနဲ့ ရှေ့ဆက် ချီတက်ကြပါစို့

မျိုးဆက်သစ်လူငယ်များအစည်းအရုံး
၂၀၀၈ ဖေဖော်ဝါရီ ၂၀
ကိုမိုးသီးဘလော့ဂ်

ကျနော်တို့ မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ နဲ့ ပတ်သတ်လို့ မရှင်း မလင်းဖြစ်နေတယ် ထင်မိလို့ ကျနော် အမြင်တွေကို တင်ပြပါရစေ..၊၊ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ နအဖရဲ့ ကျေညာချက်၂စောင်နဲ့ ပတ်သတ်ပြီး တယောက်တမျိုးဝေဖန် ပြောဆိုသံတွေ၊တုန့့်ပြန်မှုတွေ တော်တော်လေး ဆူဆူညံညံ ထွက်လာပါတယ်၊၊ အဲဒီ ဝေဖန်ပြောဆိုသံတွေကို(၄) ပိုင်း ခွဲပြီး မြင်မိပါတယ်။

နံပါတ် (၁) အပိုင်းက အမေရိကန်၊ ဗြိတိန် စတဲ့ အနောက်အုပ်စု ဒီမိုကရေစီများ ဘက်က ပြတ်သားတဲ့ ကန့် ကွက် တုန့် ပြန်မှုပါ။

နံပါတ် (၂) အပိုင်းက အာဆီယံနဲ့  အိမ်နီးချင်း နိုင်ငံတွေ ဘက်က ပြတ်သားတဲ့ ကြိုဆို ထောက်ခံမှုပါ။

နံပါတ်(၃) က အန်အယ်လ်ဒီ၊(၈၈)မျိုးဆက်ကျောင်းသားများ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်တကွ ပြည်တွင်း ပြည်ပမှ ဒီမိုကရေစီ အင်အားစုများရဲ့ အသံတွေ ဖြစ်ပြီး။

နံပါတ် (၄) အပိုင်းက ပြည်သူတွေရဲ့ ထင်မြင်ယူဆချက် လူထုထဲက အသံတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကတော့ သူ့ ရဲ့ ပြောရေးဆိုခွင့် လမ်းကြောင်းထဲကနေပြီး တော့ ထိန်းထိန်းသိမ်းသိမ်း ပြောဆို သွားပါတယ်။ နံပါတ် ၁ နဲ့  ၂ ကတော့ ပြည်ပ နိုင်ငံတွေရဲ့ သဘောထားတွေ သာ ဖြစ်လို့ ကျနော်တို့ အတွက် ထွေထွေထူးထူး အားတက်စရာ စိတ်ဓာတ်ကျစရာ မရှိပါဘူး။ သူတို့ က နှုတ်၏ စောင့်မ ခြင်းနဲ့ ပဲ ၀တ္တရားအရ လောကွတ်လုပ်တာ လို့ ပဲ မြင်ပါတယ်။ တကယ်လို့ နအဖ ထင်တိုင်းကြဲပြီး လုပ်တဲ့အခါ သူတို့ ဘာမှ မတတ်နိုင်ပါဘူး။

အဓိက အရေးကြီးတဲ့ အပိုင်းတွေ ကတော့ နံပါတ် ၃ အပိုင်း နဲ့  ၄ အပိုင်း ပဲ ဖြစ်ပါတယ်။ နံပါတ် ၃ အပိုင်း ဖြစ်တဲ့ ပြည်တွင်းပြည်ပ က ဒီမိုကရေစီ အင်အားစု တွေရဲ့ အပိုင်းနဲ့ ပြောရရင် အားလုံးရဲ့ အာရုံ စူးစိုက်မှုဟာ လူထုဆန္ဒခံယူပွဲ ဆိုတဲ့ Road Map ရဲ့ အဆင့်(၄) ဆီကို ရောက်နေကြတာ တွေ့ရပါတယ်။ ၈၈မျိုးဆက် ကျောင်း သားများအဖွဲ့ ၊ ရခိုင်ပြည်နယ် အန်အယ်လ်ဒီ အဖွဲ့ ချုပ်၊ ဦးပူကျင့်ရှင်းထန် ခေါင်းဆောင်တဲ့ ဇိုမီး အမျိုး သားများ အဖွဲ့  စတဲ့ အဖွဲ့ တချို့ ဆီကသာ ဒီကြေညာချက်တွေဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး၊ ပြည်သူ တရပ် လုံးကို ကိုယ်စား မပြုလို့ လုံးဝလက်မခံနိုင်ပါဘူးဆိုတဲ့ အသံတချို့ ကလွဲရင် ကျန်တဲ့အင်အားစု အတော် များများ ရဲ့  တုန့် ပြန်မှုတွေဟာ လူထုဆန္ဒ ခံယူပွဲကို ဘယ်လို ကျင်းပပေးမှာလည်း၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်  ဘယ်လောက်ထိ ပေးမှာလည်း၊ နိုင်ငံတကာ ကြီးကြပ်ခွင့်ရော ပါဝင်ခွင့် ပြုမှာလား၊ မဲရေတွက်ပုံစနစ်ဘယ်လို သွားမှာလည်း၊ ပြီးတော့ ပြည်သူတွေကိုလည်း လက်မခံကြပါနဲ့ ကန့် ကွက်မဲထည့်ကြပါ စတဲ့ အသံတွေပဲ လ္ဂမ်းမိုးနေတယ်လို့ မြင်ပါတယ်။

ပြဿနာက အဲဒီမှာ စတယ်လို့ ပြောခြင်ပါတယ်။ ဒီကြေညာချက်တွေရဲ့ ဆိုလိုရင်းဟာ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရေး၊ သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စတဲ့ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကြီးမှာ ရဟန်းရှင်လူ ပြည်သူကျောင်းသား တွေ အသက်နဲ့ ရင်းပြီး ထုတ်ဖော် တောင်းဆိုခဲ့ကြရတဲ့ ပေးဆပ်ရင်းနှီးမှုတွေ၊ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ အစစ် အမှန်တွေကို နအဖဘက်က လုံးဝ (လုံးဝ) ဂရုမစိုက်ဘူးဆိုတဲ့ သူရဲ့ ရပ်တည်ချက်ကို ထုတ်ပြစိန်ခေါ်လိုက် တယ် ဆိုတာကို မေ့သွားပြီလားလို့ မေးခြင်ပါတယ်။

နအဖက ပြည်သူတရပ်လုံးရဲ့ ရင်ထဲက တမြေ့မြေ့ကျွမ်းလောင်နေတဲ့ နာကျည်းမှုတွေ၊ တော်လှန်ရေးမီးတောက် တွေနဲ့ သူတို့ ကို ဇာတ်သိမ်းခန်း မလှမပ ကျဆုံးစေမဲ့ လူထုအင်အားနဲ့ နောက်တကြိမ် ပေါ်ထွက်လာမဲ့ အုံ့ ကြွ တော်လှန်မှုကြီးကို ရင်မဆိုင်ရဲလို့ ၊ ရင်မဆိုင်ခြင်လို့ ပြည်သူတွေရော နိုင်ငံတကာကပါ မျှော်လင့် မထားတဲ့ လှည့်ကွက်၊ တနည်းပြောရရင် သူ့ ဘက်က အပိုင် ပြင်ဆင်ထားတဲ့ ကစားကွင်းထဲကို ကျနော်တို့ ကို ရွေ့ ပြီး ကစားဖို့ ကြိုးစားလိုက်တာပါ။ ဒီနည်းနဲ့ သူ့ ရဲ့ ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေတဲ့ နိုင်ငံရေးကို ပြန်ကုဖို့ ကြိုးစားကြည့်တာပါ။

အခုကြားနေရတဲ့ အသံတွေ အရဆိုရင် လူထု ဆန္ဒခံယူပွဲ ရဲ့ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာ စည်းရုံးပြောဆိုမှု စကားတွေကို ကျနော်တို့ ဘက်က ပြောဆိုနေတယ်ဆိုရင် နအဖက တဖွဖွ ပြောဆိုနေတဲ့ တစိုက်မတ်မတ် ချီတက်ခဲ့တဲ့ Road Map ကို ဒီမိုကရေစီတွေ အင်အားစုတွေ ဘက်က ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မိပြီ ဆိုတာကိုတော့ မေ့မသွားဖို့  ပြင်းပြင်းထန်ထန် သတိပေးခြင်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီကိစ္စတွေနဲ့ အချိန်တွေကုန်၊ လူထုကို ကန့် ကွက်မဲထည့်ဖို့ တယောက်တပေါက်အော်ရင်း အလုပ်တွေရှုပ်၊ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ ဘာညာ၊ အသေးစိပ်အခြေခံရမည့် မူ(၁၀၄) ချက်က ဘယ်လို မှားနေတာ စတာ တွေ နဲ့ နပန်းလုံးနေချိန်မှာ နအဖက သူတို့ စိတ်ကြိုက်ရေးထားတဲ့ စာအုပ်ကြီးကို သူတို့ စိတ်ကြိုက် စည်းကမ်းတွေနဲ့ သူတို့ လိုခြင်တဲ့ ရလဒ်တွေ ထွက်လာအောင် ဖော်ဆောင်ဖို့ အပြင်းအထန် ကြိုးစားနေကြပါပြီ။
ကျနော်တို့ က စည်းကမ်းတွေ၊နည်းလမ်းတွေ၊တရားမျှတမှုတွေ၊ နိုင်ငံတကာကြီးကြပ်မှုတွေ ဘယ်လိုပဲ အာခေါင်ကွဲအောင် အော်နေပစေ ထွက်လာမဲ့အဖြေက ဗိုလ်ချုပ်နေ၀င်းလက်ထက်ကလိုပဲ သူတို့ စိတ်ကြိုက်ဖြစ်လာဖို့  သေချာသလောက်ရှိတာလည်း အတော်များများက မျှော်လင့်နေပြီးသားလို့ ထင်ပါတယ်။ ကလိန်ကကျစ်နည်းတွေနဲ့ ပဲပေါ့။

ဒီနေရာမှာ ကျနော်တို့ ပြန်စဉ်းစားရမှာက ကျနော်တို့ ပြည်သူလူထုကြီးလိုခြင်တာဘာလည်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊တွေ့ ဆုံဆွေးနွေးရေ စတဲ့ ကြွေးကြော်သံတွေနဲ့ တဆင့်ပြီးတဆင့် ချီတက်သွားရမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးပါ။ ဒါပေမဲ့ ဒီတောင်းဆိုချက်တွေအပေါ် နအဖရဲ့ တုန့် ပြန်မှုက ဘာလည်း။ လုံးဝဂရုမစိုက်ဘူး ငါတို့  Road Map အတိုင်းဆက်သွားမယ်။ အခု အဆင့်၎ကို ရအောင် ကျော်မယ်။ ပြီးရင် ကျန်တာက လွယ်လွယ်လေးပဲ အဖြေက ရှင်းနေပါပြီ။ ရှင်းလွန်းလို့ ကျနော်တို့ ဘက်မှာ ရှုတ်ယှက်ခတ်သွား ရတာလို့ ထင်ပါတယ်။

နအဖကို သိပ်တော်တယ်လို့ မပြောခြင်ရင်တောင် သိပ်ကောက်ကျစ်စဉ်းလဲတယ်။ သိပ်ပါးနပ်တယ်လို့ တော့ ဆိုခြင်ပါတယ်။ သူတို့ ပစ်လိုက်တဲ့ ခဲတလုံးက ငှက်ဘယ်နှစ်ကောင်ထိသွားမှန်းတောင် မသိလိုက်ရပါဘူး။
သူတို့  သွားခြင်တဲ့ Road Mapအဆင့်(၄)ကိုလည်းရောက်မယ် အတိုက်အခံတွေဘက်မှာလည်း လူထု ဆန္ဒခံ ယူပွဲ သပိတ်မှောက်ရေး၊ကန့် ကွက်မဲပေးပြီး အသံတိတ်ဆန္ဒ ဖော်ထုတ်ပြရေး ( no vote နဲ့ vote no) ဆိုပြီး လမ်းကြောင်းတွေေ၀၀ါးသွားမယ်။မူလကတောင်းဆိုနေတဲ့ တွေ့ ဆုံဆွေးနွေးရေးတို့ ၊လူထုအင်အားနဲ့ အပြတ် ချေမှုန်းရေးတို့ ဆိုတာတွေလည်း အနည်းဆုံး ခဏလောက်တော့ ရပ်သွားမယ် သို့ မဟုတ် နှေးသွားမယ်။ ဒွိဟတွေဖြစ်ကုန်မယ်၊ ပြည်သူတွေ မျက်စိလည် သွားမယ်။ နိုင်ငံတကာကလည်း တိုင်းရင်းသားအားလုံး နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ခွင့် ရှိရမယ်ဆိုပြီး တောင်းဆို လာရင်းနဲ့ သူတို့  Road Map ကိုထောက်ခံပြီး သားဖြစ်သွားမယ်။

ဒီလိုနဲ့ ၃လ ဆိုတဲ့ အချိန်ကုန်မှန်း မသိကုန်ပြီး လူထု ဆန္ဒခံယူပွဲကြီးလည်း တကယ်ဖြစ်လာပြီး နအဖစီစဉ်ထားတဲ့ အတိုင်း သူတို့ ရဲ့ အခြေခံ ဥပဒေကြီး အတည်ဖြစ်သွားပြီဆိုရင်တော့ သူတို့ ကစစ်တန်းလျားကို မပြန်ရပဲ ကျနော်တို့  အားလုံးသာ ကိုယ့်နဖားကြိုး ကိုယ်တပ်ပြီး နွားတင်းကုပ်တွေထဲရောက်ကုန်ပါလိမ့်မယ်။

ဒီအဆင့် (၄) မှာ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ပဲ ကန့် ကွက်မဲပေးပစေ သူတို့ လိုခြင်တဲ့ အဖြေရအောင် လုပ်လိမ့်မယ်ဆိုတာကို သိလျက်နဲ့တော့ ဒီကိစ္စကို ခေါင်းရှုတ်ခံပြီး မစဉ်းစားကြစေခြင်တော့ပါဘူး။ ပြည်သူတွေက သူတို့ ရဲ့  တကယ့်ဆန္ဒအရရော ဒီမိုကရေစီ အင်အားစုတွေရဲ့ နှိုးဆော်အသိပေးမှုအရပါ ကန့် ကွက်မဲ တွေထည့်ကြမယ်ဆိုတာ သံသယ ဖြစ်စရာ သိပ်ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ ဒီလို ကန့် ကွက်နေတဲ့ကြားက နအဖ ကလိန်ကျလို့ အတည်ဖြစ်သွားပြီ ဆိုပါတော့ ကျနော်တို့ ဘာဆက်လုပ်ကြရမှာလည်း၊ သူတို့ လက်ထဲမှာ သူတို့ စိတ်ကြိုက်တီထွင်ထားတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတဲ့ နိုင်ငံရေးလက်နက်ကြီး ရသွားပြီ။

အတိုက်အခံတွေရောပြည်သူလူထုတွေပါ တခုခု အသံထွက်တာနဲ့  အဲဒီလက်နက်ကြီးနဲ့ ထုတ်ထုတ်ပစ်တော့မှာ သေနတ် နဲ့ ပစ်တာထက် တုတ်နဲ့ ရိုက်တာထက် ပိုဆိုးတဲ့ အထိနာမှုတွေအောက်မှာ လည်စင်းပေးရတော့မှာ။ အဲဒီလို အခြေအနေဆိုရင် ကုလသမဂ္ဂတို့ ၊အီးယူတို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ဘာမှဝင်ပြောလို့ မရတော့ပါဘူး။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း(ဘယ်လောက်)၊ အပိုဒ် (ဘယ်လောက်) အရဆိုတဲ့ အမိန့် ကြေညာချက်တွေကိုပဲ ပါးစပ်အဟောင်းသား ထိုင်ငေးနေရတော့မှာပါ။

အကယ်၍များ နအဖက ဇာတာ စန်းလဂ် အလွန်ကျပြီး ကျွန်တော်တို့ ပြည်သူတွေက အင်မတန် ကံ ကောင်းလွန်းလို့  အခြေခံဥပဒေကြီး အတည်မဖြစ်ခဲ့ဘူးဆိုပါတော့။ ဒါဆိုရင်ရော ဘာ ဆက်လုပ်ကြမှာပါ လည်း။
တွေ့ ဆုံဆွေးနွေးရေး ပြန်သွားမှာလား၊ လွှတ်တော်ခေါ်ပြီး ကြားဖြတ်အစိုးရဖွဲ့ ကြမလား၊ ဒါမှမဟုတ်သူတို့ ကပဲ မျက်နှာပြောင်တိုက်ပြီး နောက်တခေါက် ပြန်ဆွဲပေးပါမယ်ဆိုတာကို ထိုင်ကြည့်ရမှာလား၊ အဲဒီအချိန်ကျမှ လူထုတိုက်ပွဲ ဖော်ထုတ်ရမယ်ဆိုပြီး လမ်းမပေါ် ပြန်ထွက်ကြရမှာလား၊ စဉ်းစားစရာတွေ အများကြီး ဖြစ်လာပါပြီ။ နအဖကတော့ ဒါတွေ စဉ်းစားထားပြီး ဖြစ်မှာပါ။ ဒီလို ဖြစ်လာရင်လည်း ထုံးစံအတိုင်း ဖက်စစ် လူသတ်သမားတွေ ထုံးနှလုံးမူပြီး ပွဲကြမ်းပစ်အုံးမှာပါ။ ကျွန်တော်တို့ ဘက်ကလည်း အဆင်သင့် မဖြစ်လို့ လူထုမပါတော့လို့ ဆိုတာ တွေနဲ့ ပဲ အလဲလဲအကွဲကွဲ ဖရိုဖရဲ ဖြစ်ရအုံးမှာလား။ ကြို ပြီးတွက်ချက်ထားကြဖို့ လိုအပ်နေပါပြီ။

မေးခွန်းတခု မေးခြင်ပါတယ်။ အဲဒီလို အချိန်တွေအတွက် ဒီမိုကရေစီအင်အားစုတွေဘက်က ဘာတွေ ပြင်ဆင် ပြီးပြီလဲ?

ဒီမေးခွန်းကို အန်အယ်လ်ဒီရော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ရော တိုင်းရင်းသားအဖွဲ့ အစည်းအား လုံးရော၊ ပြည်သူလူထု တရပ်လုံးပါ လေးလေးနက်နက် စဉ်းစားစေခြင်ပါတယ်။ အရမ်းလည်း အရေး ကြီးမယ်လို့ ထင်ပါတယ်။

အခု ကျွန်တော်တင်ပြခဲ့တာတွေက အပိုင်း ၃ အထိပါ။ အပိုင်း (၄)ဆိုတဲ့ ပြည်သူထဲက သဘောထားတချို့ နဲ့  အသံတချို့ ရှိပါသေးတယ်။ အခု ပြည်တွင်းမှာရော ပြောကြဆိုကြအသံတွေအရ ပြည်သူတချို့ က ဒီကြေညာ ချက် ၂ခုကို စက်တင်ဘာတော်လှန်ရေးကြီးရဲ့ ရလဒ် ရွှေဝါရောင်တော်လှန်ရေးကြီးကြောင့် နအဖက တထစ်လျှော့ပြီး လိုက်လျော ပေးလိုက်တာလို့ မြင်နေကြပါတယ်။ တချို့ ဆိုရင် လူထုဆန္ဒခံယူပွဲကို ရွေးကောက် ပွဲလို့ တောင် မြင်ပါတယ်။ တချို့ က အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာက ပိုကောင်းမှာပဲဆိုပြီး ကောင်း တဲ့ လက္ခဏာလို့ ထင်နေကြပါတယ်။ အင်မတန်မှကို ကြောက်စရာ စိုးရိမ်စရာကောင်းတဲ့ အမြင်တွေပါ။ ကိုယ့်တိုင်းပြည်ရော၊ တမျိုးသားလုံးရော၊ ကိုယ်ကိုယ်တိုင် ပါ အသူတရာ နက်တဲ့ ချောက်ကြီးထဲ ထိုးဆင်းနှစ်မြုပ်သွားကြမှာကို မသိကြနားမလည်ကြသူတွေလည်း အများကြီးပါ။ ဒါသူတို့ အပြစ်လည်း မဟုတ် ပါဘူး။ မြန်မာပြည်သူတွေ အနေနဲ့ က မဲပေးခွင့် ရတယ်ဆိုတာကိုက အင်မတန် ကံကောင်းလို့  ဆယ်စုနှစ် တွေချီမှ တခါ ကြုံခွင့်ရသလို ဖြစ်နေကြတာကိုး။အဲဒီလောက်ထိ နိုင်ငံရေးသေနေတဲ့တိုင်းပြည်မှာ သူတို့ ဒီလို မြင်ကြတယ် ဆိုတာကလည်း မဆန်းဘူးလို့ ထင်ပါတယ်။ အဲဒီအမြင်တွေနဲ့ ပတ်သတ်လို့ ရော ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ ဘက်က ဘယ်လို အသိပညာတွေ ပေးပြီး ဘယ်လို ရှင်းပြကြမှာလည်း၊ ပြဿနာ တွေ အများကြီး ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော့် ရဲ့ အမြင်၊ ခံယူချက် နဲ့ ကျွန်တော်တို့ ဦးတည်ချီတက်ရမဲ့ လမ်းကြောင်းကို ဒီမိုကရေ စီ အင်အားစုတွေကိုရော ပြည်သူလူထု တရပ်လုံးကိုပါ ပြတ်ပြတ်သားသားထုတ်ဖော်ကြေညာခြင်ပါတယ်။
နံပါတ် (၁) ကျွန်ုပ်တို့ ပြည်သူတရပ်လုံး လိုအပ်နေတာ၊ လိုခြင်နေတာ၊ ရယူဖို့ အတွက် ကြိုးစားနေတာ စစ်မှန် တဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ တရားမျှတမှု ကြီးစိုးတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကြီးပါ။ ဒီပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်တို့  တနိုင်ငံလုံး တိုင်းရင်းသားအားလုံး အသက်၊ သွေး၊ ချွေး၊ ဘ၀တွေ ရင်းပြီး ချီတက်နေကြတာပါ။ တိုက်ပွဲဝင်နေကြတာပါ။ ပန်းတိုင်ရောက်ဖို့ လည်းနီးလာပြီလို့ ယုံကြည်ပါတယ်။ ဒီလို ယုံကြည်ရတဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ အခုအခြေအနေဟာ လွန်ခဲ့တဲ့အနှစ် ၂၀နဲ့ မတူတော့ပါဘူး။ လက်ရှိအခြေအနေမှာ ပြည်တွင်းအင်အားစုတွေ ပြည်သူလူထုတွေ အပြင် တိုင်းရင်းသားအဖွဲ့ အစည်းတွေ အပါအ၀င်တမျိုးသားလုံးဟာ ဆုံ ရည်မှန်းချက် ပန်းတိုင်တစ်ခု၊ တူညီတဲ့လမ်းကြောင်းတစ်ခုပေါ်မှာ တစ်စုတစ်စည်းထဲရှိနေကြပါပြီ။ အာဏာရှင်စနစ်ဆိုးကို အပြီးအပြတ် တိုက်ဖျက်ရေး၊ လူမျိုးအားလုံး ပြည်နယ်၊ ပြည်မ တန်းတူ အားလုံးတန်းတူညီမျှ ခံစားခွင့်ရှိရေးစတဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေး တွေအတွက် တသွေးထဲ၊ တသံတည်း၊ တစိတ်တ၀မ်းထဲရှိနေကြပါပြီ။ ဒီတော့ ကျွန်တော်တို့ လုပ်ရမှာက တခုထဲပါ။ ပြည်သူလူထု တရပ်လုံး၊ တောရောမြို့ ပါမကျန် လူထုအင်အားနဲ့ အာဏာရှင်စနစ်ကို သမိုင်း စာမျက်နှာတွေပေါ်က မောင်းထုတ်ပစ်ရေးပါပဲ။အဲဒီအတွက်ပဲ ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်ခြင်ပါတယ်။ ဒါဟာကျွန်ုပ်တို့ အားလုံး တစိုက်မတ်မတ် နောက်မဆုတ်တမ်း ချီတက်တိုက်ပွဲ ၀င်ရမဲ့ တခုတည်းသော လွတ် မြောက်ရေး လမ်းကြောင်းကြီးပါပဲ။

နံပါတ် (၂) Road Map ဆိုတာက ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီပန်းတိုင်ဆီ ချီတက်ရာ လမ်းကြောင်း မှာ ခြေထိုးဖို့ ကြိုးစားတဲ့ အာဏာရုးတွေရဲ့ နအဖ ဖက်ဆစ်အုပ်စုရဲ့ ခံစစ်ဗျူဟာတွေထဲက ဆူးညှောင့် ခလုတ်တွေပါ။ အထူးသဖြင့် ဒီ အဆင့်(၄) နဲ့ ပတ်သတ်တဲ့ ကြေညာချက်တွေဟာ ကျွန်တော်တို့ ကို လမ်း ကြောင်းလွှဲဖို့  အတွေးအခေါ်အရ သွေးကွဲစေဖို့ ကောကျစ်စဉ်းလဲစွာ ထိုးထည့်လိုက်တဲ့ သပ်တစ်ချောင်းပါ။ ဒါပေမဲ့ ဒါဟာလည်း သတိထားစရာ အချက်တခုပါ။ ဒီအတွက်လည်း တဖက်ကနေ ပြီးတော့ ပြည်သူတရပ်လုံး နားလည်သဘောပေါက်အောင် ရှင်းလင်း တင်ပြပေးဖို့ အရေးကြီး ပါတယ်။ Road Map အဆင့် (၄) ကို ရောက်ရင်လည်း လုံးဝဆန့် ကျင် ကန့် ကွက်ကြဖို့ ပြည်သူတွေကို ခုထဲက ရှင်းပြထားပြီး တိုက်တွန်းနှိုးဆော် ထားရပါမယ်။ အဲဒီအချိန်မှာလည်း မူလလမ်းကြောင်းကြီး ဖြစ်တဲ့ လူထုတိုက်ပွဲကြီး ပေါ်ပေါက်လာနိုင် ပါတယ်။ ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါတွေအတွက် အထူး သတိကြီးစွာ ပြင်ဆင်ထားဖို့ လိုပါတယ်။
မရှင်းမှာစိုးလို့ အရှင်းဆုံးထပ်ပြောခြင်ပါတယ်။ ကျွန်တော်တို့ အတွက် မဟာဗျူဟာ လမ်းကြောင်းကြီးတခုထဲ ရှိပါ တယ်။ အဲဒါကတော့ လူတုတိုက်ပွဲကြီးဆင်နွှဲရေး ပါပဲ။ ဆန္ဒခံယူပွဲကို ကန့် ကွက်မဲပေးရေးတို့ ၊ သပိတ်မှောက်ရေးတို့  ဆိုတာ နည်းဗျူဟာတွေထဲက အစိတ်အပိုင်းအချို့ ပဲ ဖြစ်ပါတယ်။ ဒါတွေလည်း အရေးကြီးပါတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးက တခုထဲ ရှိပါတယ်။ “လူထုအင်အားနဲ့ အာဏာရှင်စနစ်ဆိုးကို အပြတ်ချေမှုန်း ရေး” ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ “တော်လှန်ရေးအသိနဲ့ နိုင်ငံရေးသတိ” မပြတ် ရှိဖို့ လို ပါတယ်။ နိုးကြားကြပါလို့  တောင်းဆိုခြင်ပါတယ်။

တော်လှန်ရေးကြီးအဓွန့် ရှည်ပါစေလို့ ဆုမတောင်းကြပါနဲ့ တော့။

“တော်လှန်ရေးကြီး ဒီနှစ်အတွင်း အောင်ရမယ်” လို့ အဓိဌာန် ပြုပြီး အတူတူ တိုက်ပွဲဝင်ကြပါစို့ ။

17.Feb.2008
5.35 AM
Generation Wave
မျိုးဆက်သစ်လူငယ်များ အစည်းအရုံး

Read More...

လူထုအားမှတပါး အခြားမရှိပြီ

ဏီသစ်
၂၀၀၈ ဖေဖော်ဝါရီ ၁၇
ဒေါက်တာလွဏ်းဆွေဘလော့ဂ်

မယောင်ရာ ဆီလူးနေသည်များကို ရပ်ကြပါတော့ ဟူ၍ အစပြုပြောချင်ပါတော့သည်။ နအဖကတော့ သူတို့ ဘက်က ပြင်ဆင်မှု ခိုင်မာနေပြီ၊ အခြေသာနေပြီဟု ယူဆ၍ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ ရာဇသံကိုတင်၍ ထိုးစစ်ကို စရန် အသံပြုလိုက်ပြီ ဖြစ်သည်။ ထိုအခြေအနေတွေကြောင့်ပဲ ထင်သည် ဒေါ်အောင်ဆန်းစုကြည် က “အကာင်းဆုံးကိုလည်း မျှော်လင့်ထားဖို လိုသလို … အဆိုးဆုံးကိုလည်း ပြင်ဆင်ထားပါ”ဟု မကြာခင်က မှ တပ်လှန့်ထားခဲ့ခြင်းဖြစ်သည်။ ဒေါ်စု(DASSK)၏ သတင်းပါးလိုက်သော ဤစကား၏ ဒုတိယပိုင်းဖြစ်သော အဆိုးဆုံးကို ပြင်ဆင်ထား ဆိုသည်ကို အဓိပါယ်ဖွင့်ရလျှင် … အဆိုးဆုံး အခြေအနေကို မရောက်အောင် တား ဆီးရန် ပြင်ဆင်ထားဖို့လည်း လိုသကဲ့သို့၊ ထိုအခြေအနေကို မတားဆီးနိုင်ခဲ့လျှင်လည်း အဆိုးဆုံး အခြေအ နေကို ဖြတ်သန်းကျော်ဖြတ်နိုင်ရန် ပြင်ဆင်ထားပါ … ဟူ၍ မိမိတို့ သဘောပေါက် နားလည်ထားခဲ့ပါသည်။ ထို့ကြောင့်လည်း ဤကဲ့သို့ အခြေအနေနှစ်ခုစလုံးကို ကျော်ဖြတ်နိုင်ဖို့ရန်အတွက် ဆန္ဒစွဲများကို ဖယ်ရှား၍ လက်တွေ့ပကတိ အခြေအနေတွေကို အခြေခံ၍ သုံးသပ်ပြင်ဆင်ကြရန် သမိုင်းအပူတပြင်း တောင်းဆိုနေ သည်မှာ ငြင်း၍မရသော အချက်ဖြစ်ပါသည်။ ထိုကြောင့်လည်း ပြင်ဆင်သင့်သည်များကိုလည်း ပြင်ဆင်ကြ ပါ။ လျှို့ဝှက်သင့်သည်များကိုလည်း လျှို့ဝှက်ကြပါ။ ထို့အပြင် ဤပွဲတွင် အဓိက ပါဝင်ကပြရမည့် သူများဖြစ် သည့် လူထုကိုလည်း အသိပေး ချပြသင့်သည်များကိုလည်း ချပြ၍ ပြင်ဆင်ပါစေ။

မိမိနှင့်တကွ အမြင်ညီသော မိတ်ဆွေများက အခြေအနေ ပေးလျှင်ပေးသလို နီးစပ်သူများကို၎င်း၊ မီဒီယာ စာ မျက်နှာများမှတဆင့်၎င်း နအဖအနေဖြင့် သူတို့၏ road map အဆင့် ၄ ဖြစ်သော တမတ်သား အခြေခံဥပ ဒေ ဆန္ဒခံယူပွဲကို မကြာခင်အချိန်တွင် တက်သုတ်ရိုက်၍ ကျင်းပ အကောင်အထည် ဖေါ်သွားနိုင်သည်။ ထို ကြောင့် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်မှုများကို လုပ်ထားသင့်ပြီ။ မြန်မာပြည်တ၀ှမ်းတွင်လည်း နအဖက ပြင်ဆင်မှုများ လုပ်နေသည်များကိုလည်း တွေ့နေရသည်ကိုလည်း ပြောဆိုခဲ့ပါသည်။

သို့သော် … မိတ်ဆွေတွေ တော်တော်များများကတော့ ဤကဲသို့ မယူဆခဲ့ကြပါ။ စက်တင်ဘာအရေးအခင်း အဟုန်၏ အမူးက မပြေသေးတာလည်း ဖြစ်နိုင်ပါလိမ့်မည်။ နအဖအနေဖြင့် စက်တင်ဘာ အရေးအခင်း ကြောင့် ဤမျှအကျဉ်းအကျပ်ထဲ ရောက်နေခဲ့သည်။ ထိုကဲ့သို အခြေအနေတွင် ထိပ်တိုင်ရင်ဆိုင်ရသည့် အ ခြေအနေကို ဖြစ်လာစေသည့် နိုင်ငံရေးလုပ်ကွက်မျိုးကို လုပ်လာနိုင်လိမ့်မည်မဟုတ်၊ သူတို့အတွင်းမှာလည်း အကျပ်အတည်းတွေ အများကြီးရှိနေသည်၊ ထို့ကြောင့် ဆန္ဒခံယူပွဲလိုဟာမျိုးကို နအဖအနေဖြင့် လတ်တ လောတွင် တက်သုတ်ရိုက် လုပ်လာနိုင်လိမ့်မည် မဟုတ်ဟုသာ တော်တော်များများက တုံ့ပြန်ခဲ့ကြပါသည်။ ထိုကဲသို့ သုံးလည်းသုံးသပ် ပြုမူခဲ့ကြပုံရပါသည်။

ထိုသို့ဆိုလျှင် နအဖစစ်အုပ်စုအနေဖြင့် ဘာကြောင့် ယခုကဲသို့ ခြေလှမ်းမျိုးကို လှမ်းလိုက်သနည်း။ ထိုမေးခွန်းကို ၀ိုင်းဝန်း၍ စဉ်းစားကြစေချင်ပါသည်။ တွေးမိသော အမြင်တခုတော့ ရှိပါသည်။ သို့သော် ပြည်စုံ သည့် အမြင်ဟုတော့ မဆိုလိုပါ။ နအဖက လက်ရှိ ပြည်တွင်းနိုင်ငံရေး အခြေအနေကို သူတို့ချုပ်ကိုင်ထား လိုက်နိုင်ပြီဟု ယူဆနေပုံရသည်။ ဒီပဲယင်းနောက်ပိုင်း (ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဆောင်နိုင်သူများကို ဖမ်းဆီးဖိနှိပ်ခဲ့ပြီးနောက်) အပြင်တွင် ကျန်ရှိနေသည့် ဦးဆောင်လှုပ်ရှားနိုင်သူများ (အထူးသဖြင့် ၈၈မျိုးဆက် တွေ၊ NLD လူငယ်တွေ) အားလုံးကို ဒီစက်တင်ဘာ အရေးအခင်းအတွင်းနှင့် နောက်ပိုင်းတွင် မြေလှန်လိုက် နိုင်ပြီဟု ယူဆနေပုံရသည်။ တချို့တွေကိုတော့ နောက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့သော်လည်း သူတို့၏ ဒေါက် တိုင်မျိုးစုံ၏ လက်တံရှည်ကြီးများဖြင့် ရပ်ကွက်တွေထဲထိရောက်အောင် ထိမ်းချုပ်နိုင်လိုက်ပြီဟုလည်း ယုံ ကြည်နေပုံရပါသည်။

နိုင်ငံတကာ အခြေအနေတွေကိုတော့ နအဖစစ်အုပ်စုအနေဖြင့် ကြောက်ယောင်ဆောင်ပြသည့် ယောင်ပြ တွေမှလွဲ၍ သိပ်ပြီးအာရုံရနေခဲ့ပုံ မရပါ။ ယနေ့ကမ္ဘာ၏ ကိုယ်ကျိုးစီးပွားကိုသာ အခြေခံသည့် လက်တွေနိုင်ငံ ရေးကစားကွင်းကြီးထဲမှာ နအဖကတော့ နိုင်ငံကြီးတွေ၊ အိမ်နီးချင်နိုင်ငံတွေကို ထိုအကျိုးစီးပွားဆိုသည့် အ ပေါ်တွင်ပဲ အခြေတည်၍ လိမ်ကာ၊ ကောက်ကာဖြင့် သူတို့၏ခြေကို ဖေါ်ပြကစားခဲ့ပြီးဖြစ်သည်။ တကယ် တော့လည်း ဖိအားတွေ၊ အတားအဆီးတွေဆိုသည်မှာ နအဖကို အတိုင်းအတာတခုထိ ချုပ်နှောင်ထားနိုင်ခဲ့ သည်မှာ မှန်သော်လည်း နအဖကို အသက်ရှုကျပ်သွားလောက်အောင၊် ဒူးထောက်သွားလောက်အောင် အ ခြေအနေတွေ အထိတော့ မတက်နိုင်သေးပါ။ နအဖကတော့ လက်ရှိ အခြေအနေတွေထိ သူတို့နည်း၊ သူတို့ ဟန်တွေဖြင့် ကျော်လွှားနေနိုင်သေးသည်။ သိုသော်လည်း နိုင်ငံတကာမှ မိမိတို့ရဲ့ လှုပ်ရှားမှုတွေ၊ lobby တွေကတော့ ဆက်လက်လှုပ်ရှားနေရပေမည်။ နအဖ၏ ထွက်ပေါက်များကို ပိုမို၍ ပိတ်ထားနိုင်သမျှ ပိတ်ဆို့နိုင်အောင် ထပ်မံ၍လည်း အရှိန်မြှင့် လုပ်ဆောင်ရပေလိမ့်မည်။ သို့သော် ထိုအပေါ် အာရုံပြု၍ စောင့် နေလို့တော့ မရပေ။ ဤသည်မှာ အရံတွန်းအားသာ ဖြစ်သည်။ ထိုကြောင့်လည်း နိုင်ငံတကာ သံတမန်ရေး တွေဖြင့် လူထုကို မျက်စိလည်မသွားစေဖို့ အရေးကြီးပါသည်။

ဒီတကြိမ်တွင်တော့ နအဖစစ်အုပ်စုအနေဖြင့် ၁၉၉၀ရွေးကောက်ပွဲပုံစံအဖြစ်မျိုး ထပ်ပြီး သူတို့အရောက်ခံ၍ မ ရကြောင်းကို သင်ခန်းစာယူခဲ့ပြီးပုံ ရပါသည်။ ၁၉၅၄နှင့် ၁၉၆၀ ရွေးကောက်ပွဲများ တုန်းကလို အတိုက်အခံ တွေ ပြည်သူတွေကို စစ်တပ်ကျောထောက်နောက်ခံဖြင့် ပျူစောထီးတို့ ကြံခိုင်ရေးတို့က ဖိနှိပ်မှုမျိုးဖြင့် ၁၉၇၄ ကလို အောင်ပွဲကိုယူမည်ဟု မျှော်မှန်းထားပုံလည်းရပါသည်။ တချို့က ပြောနေကြသည့် နိုင်ငံတကာ၏ မော် နီတာဆိုတာကရော …။ နအဖအနေဖြင့်ကတော့ စဉ်းစားပြင်ဆင်ထားလျှင်လည်း ထားနိုင်ပါသည်။ သို့မဟုတ် ဂရုမစိုက်ဆိုပြီး လုပ်ချင်လည်း လုပ်နိုင်ပါသေးသည်။ နောက်ဆုံးအခြေအနေသို့ ရောက်လာခဲ့လျှင်တော့ ထို ကိစ္စသည် မိမိတို့အတွက် လိုအပ်ပါသည်။ သိုသော် ပုံတော့ မအောထားသင့်ပါ။ စစ်အေးခေတ် နောက်ပိုင်း ကမ္ဘာတလွှားတွင် ဆန္ဒခံယူပွဲတွေ၊ ရွေးကောက်ပွဲတွေ အနှံအပြား ဖြစ်ပွားခဲ့သည်။ ကောင်းမွန်မျှတစွာ ပြီးဆုံး ခဲ့သည်များလည်းရှိသလို နိုင်ငံတကာ က အနီးကပ် စောင့်ကြည့်နေသူတွေများကြားမှ မျက်လှည့်ပြသွားနိုင် သူတွေကလည်း ဒုနဲ့ဒေး ရှိနေခဲ့သည်။ သိသိကြီးနှင့် လက်ဆုပ်လက်ကိုင် မပြနိုင်၍ ရောရိရောရဲတွေ ဖြစ် သွားခဲ့တာတွေလည်း ရှိခဲ့သည်။

ထို့အပြင် ပထမတန်း အနောက်နိုင်ငံတွေကလို ကွန်ပျူတာအခြေပြု မဲပေးစနစ်မျိုးမဟုတ်၊ တတိယကမ္ဘာ့နိုင် ငံတွေက မဲရုံစနစ်ပုံစံ ဖြစ်သည်ကိုလည်း သတိပြုသင့်သည်။ အရှေ့တီမောလို နိုင်ငံငယ်မှာလိုမျိုး အဆိုးဆုံး အခြေအနေတွေ၊ သွေးမြေကျမှုတွေကို ဖြတ်သန်းပြီး နိုင်ငံတကာ၏ ၀င်ရောက်ကူညီမှုကြောင့် ပန်းတိုင်တော့ ရောက်ခဲ့သည့် နိုင်ငံအနည်းငယ်တော့ ရှိခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသသည် ကျယ်ပြန့် သည်၊ ဝေးလံခေါင်သီသည်၊ အများစုသော လူဦးရေကလည်း ကျေးလက်များတွင်သာ များသည်။ မော်နီတာ တွေ လက်လှမ်းမီသည့် မြိုကြီး၊ မြို့ငယ်တွေမှာတော့ နအဖအနေဖြင့် လက်ဝင်လျှိုချင်မှ လျှိုလိမ့်မည်။ သို့ သော် ကျေးလက်တွေကိုတော့ လက်ဝါးကြီးအုပ်၍ အနိုင်ရာခိုင်နှုန်းကို ယူသွားနိုင်လိမ့်မည်ဟု နအဖက တွက်ထားပုံ ရပါသည်။ ထိုကြောင့်လည်း နိုင်ငံတကာမှ စောင့်ကြည့်နေသည်၊ အနီးကပ် မော်နီတာ လုပ်နေ သည် ဆိုတာနှင့်လည်း လူထုကို ထွေပြားအောင် မဖြစ်စေချင်ပါ။

တကယ်တော့ အချိန်က သိပ်မကျန်တော့ပါ။ ပြတ်သားတဲ့ အတွေးအခေါ်တခု လူထုဆီကို ပျံနှံ့ရောက်ရှိနေပြီး ဖြစ်သင့်ပါသည်။ နိုင်ငံတကာကို အားကိုးရမည်လော … ခေါင်းဆောင်တွေကို ထိုင်စောင့်နေရမည်လော … မိမိကိုယ်ကိုသာ ခေါင်းဆောင်တင် အားကိုးအားထားပြု၍ တော်လှန်ပြီး အောင်ပွဲခံကြမည်လော … တချို့ သော လူထုတွေကြားထဲတွင် ဤကဲ့သို အတွေးအခေါ်များ ထွေပြားနေသလို (ဒါကလည်း မိမိတို့ မညီညွတ် နိုင်မှုတွေကြောင့်လည်း သဘာဝကျနေပါသည်) မိမိတို့ တော်လှန်ရေး အင်အားစုတွေထဲမှာလည်း အတွေး တွေက မတင်မကျ ဖြစ်နေကြသေးသည် မဟုတ်ပါလား။

ဤတွင် အထူးပြု၍ ထပ်ပြောချင်ပါသည်။ အချိန်က သိပ်မကျန်တော့ပါ။ လက်ရှိ အခြေအနေသည် မိမိတို့၏ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အလံကို တင်ထားသည့် တောင်ကုန်းကို စစ်အုပ်စုက တက်သိမ်း၍ မိမိတို့တင် ထားသည့် အလံကို ဖြုတ်ချပြီး ၄င်းတို့၏ တမတ်သား အလံကိုတင်ဖို့ ကြိုးစားနေခြင်းဖြစ်သည်။ ထိုတောင် ကုန်းသည် နှစ်ဖက်စလုံးအတွက် အရေးပါသော တောင်ကုန်းလည်း ဖြစ်သည်။ နောက်ဆက်တွဲ အနိုင်အရှုံး တွေကိုလည်း ဆုံးဖြတ်ပေးနိုင်သည့် တောင်ကုန်းလည်း ဖြစ်နေသည်။ တကယ်တော့လည်း ထိုတောင်ကုန်း ကို ကာကွယ်ရန်မှာ လူထုအင်အားမှလွဲ၍ တခြားမရှိနိုင်ပါ။ ထို့ကြောင်လည်း လူထုနှင့် ပြတ်ပြတ်သားသား လက်တွဲထားရမည့်အချိန် ဖြစ်နေပါပြီ။ လူထုထဲမှ ပေါ်ထွက်လာမည့် သူရဲကောင်းများကသာ စစ်အုပ်စု၏ ထိုး စစ်ကို ရိုက်ချိုးပစ်၍ အောင်ပွဲဆီကို ခေါ်ဆောင်သွားနိုင်မှာဖြစ်သည်။ ထိုကြောင့်လည်း တော်လှန်ရဲတဲ့ စိတ် ဓာတ်နဲ့ အောင်ပွဲခံရဲတဲ့ စိတ်ဓာတ်တွေ လူထုတွေကြားထဲမှာ ပျံနှံ့နေပြီး မြန်မာပြည် တနံတလွှားတွင် မက တော့ဘဲ ဘ၀ဂ်သို့ပါ လျှံထက်လာစေအောင် အမျိုးသားညီညွတ်ရေး ထီးရိပ်အောက်တွင် မိမိတို့အားလုံး လက်တွဲ၍ ကျရာနေရာ ကျရာတာဝန်တွေကို လုပ်ဆောင်ကြပါစို့ …။

ဏီသစ်

Read More...

ဒီအချိန်မှာ ကျနော်တို့ ဘာလုပ်သင့်သလဲ၊ ဘယ်လိုပြင်ဆင်ကြမလဲ

မောင်ငြိမ်းချမ်း
၂၀၀၈ ဖေဖော်ဝါရီ ၁၉
ဒေါက်တာလွဏ်းဆွေဘလော့ဂ်

လက်ရှိအခြေအနေနဲ့ ပတ်သတ်လို့ ကျနော် ဥာဏ်မီသမျှ သုံးသပ် တင်ပြဆွေးနွေပါရစေ …။

နအဖ စစ်အစိုးရမှ ဖေဖေါ်ဝါရီ (၁၀)ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး လမ်းပြမြေပုံအတိုင်း လူထုဆန္ဒခံယူပွဲ ကို မေလအတွင်း ပြုလုပ်သွားမည်ဟု ကြေညာပြီးဖြစ်သည်မှာ အားလုံးအသိပင် ဖြစ်သည်။ ဒီအခြေခံဥပဒေမှာ စစ်တပ်မှ ၂၅% ပါဝင်ရုံမျှမက အမျိုးသားလုံခြုံရေးကောင်စီ (National Security Council) ဟုခေါ်သော စစ် အာဏာရှင်တို့ စိုးမိုးခြယ်လှယ်ထားသည့်အဖွဲ့ လွတ်တော်၏အထက်တွင် အမြဲတစေ နေရာယူထားသည်ဖြစ်၍ တပါတီဆန်ဆန်၊ ဒီမိုကရေစီနှင့် လုံးဝမကိုက်ညီသော စစ်အာဏာရှင်တို့ စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥ ပဒေကြီးဖြစ်သည်။ တော်လှန်ရေးကောင်စီမှ မဆလပါတီ တဖြစ်လဲပုံစံမျိုး မဆလ သမိုင်းဆိုးကြီး တပတ်လည် ခံရမည့် အခြေခံဥပဒေကြီး ဖြစ်သည်ဟု နားလည်သဘောပေါက်မိပေသည်။

ဒီအခြေခံဥပဒေကြီး အတည်ပြုနိုင်ခဲ့ရင် မြန်မာနိုင်ငံဒီမိုကရေစီအရေးမှာ အတော်ကလေး အလှမ်းဝေးနေပေဦး မည်။ စက်တင်ဘာမှာ စတေးခဲ့တဲ့ ရဟန်းရှင်လူတွေရဲ့ အသက်သွေးတွေကို မပြောနဲ့ ၈၈မှာပေးခဲ့ရတဲ့ အသက် သွေးတွေတောင်မှ အလကားဖြစ်ပေတော့မည်။ အခေါ်အဝေါ်ပြောင်း နားလှည့်ပါးရိုက်ခံရကာ အာဏာရှင်ဆန် တဲ့ သမိုင်ဆိုးကြီး တပတ်လည်ခံရမည်ကို အားလုံးသတိပြုကြစေလိုပါသည်။

ကျနော်၏အမြင်မှာ ဤဆန္ဒခံယူပွဲ ပြုလုပ်မည်ဆိုသည်ကို “မထောက်ခံပါဘူး။ အယုံအကြည် မရှိပါဘူး”ဟ ပြော နေရုံဖြင့် သူတို့ကို ရပ်တန့်နိုင်လိမ့်မည်ဟု မယုံကြည်။ နိုင်ငံတကာမှ မည်သို့ပင်ပြောစေ … အဖွဲ့အစည်းအသီး သီးမှ မည်သို့ပင် ကန့်ကွက်ကြပစေ ... နအဖ စစ်အစိုးရ၏ ထုံးစံအတိုင်း ဆက်လက်ခေါင်းမာစွာ လုပ်ဆောင် သွားမည်မှာ အသေအချာပင် ဖြစ်သည်။ မည်သူမှ တာဆီးနိုင်မည် မဟုတ်။ အဘယ်ကြောင့် မိမိတို့အနေဖြင့် မည်သို့ လုပ်ဆောင်သင့်သနည်း။ မည်သို့ ပြင်ဆင်သင့်သနည်း။

လူထုလှုပ်ရှားမှု

လက်ရှိအနေအထားမှာ ဖန်တီးနိုင်လောက်သည့် အခြေအနေမရှိပါဟု ပြောရပါမည်။ အကြောက်တရားအောက် က နှစ်ရှည်လများနေလာသော ပြည်သူတွေဖြစ်ခြင်း၊ နိုင်ငံရေးကို ကြောက်ရွံ့နေအောင် ဖန်တီးထားခြင်း၊ စား ၀တ်နေရေးအတွက် နေ့တဓူဝ ရုန်းကန်လှုပ်ရှား နေရခြင်းတို့ကြောင့် မကျေနပ်ပေမယ့် လက်ရှိအခြေအနေမှာ ရုတ်တရက် လူထုလှုပ်ရှားမှုကြီး ပေါ်ထွတ်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ နောက်တခုက ရှိတဲ့ အင်အားဖြင့် လှုပ်ရှားမည်ဆိုလျှင်လည်း နိုင်ငံရေးတကကြွလှုပ်ရှားသူ Activists များသာ တစတစ ဆုံးရှုံးရဖွယ် ရှိပါသည်။ မြင်သာအောင် ပြောရလျှင် လက်ရှိပြည်တွင်းအနေအထားမှာ တယောက်ဆုံးရှုံးလျှင် (၃)ယောက် လောက်က ပြည်ပကို ထွက်ပြေးရသည်။ ကျန် (၁၀)ယောက်လောက်က တွန့်သွားတတ်ကြသည်ကို သတိပြုစေ လိုပါသည်။

နအဖ၏ ၁/၂၀၀၈ နှင် ၂/၂၀၀၈ ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်း (boycott)

ဒီနည်းကိုသုံးမှာလား။ သပိတ်မှောက်ပြီး သူတို့ဆန္ဒခံယူပွဲကို မဲမပေးဘဲနေရင် လျစ်လျူရှုပြီးနေရင် သူတို့အ ကြိုက်ဖြစ်သွားမည်။ ထောက်ခံသူများနှင့်သာ မဲပေးပြီး ဥပဒေကို အတည်ပြုသွားမည်။

ပြည်သူတို့၏ အားနည်းချက်

၁။ အသိပညာ ဗဟုသုတနည်းခြင်း
၂။ အပြောင်အလဲကို လိုလားတောင့်တနေခြင်း
၃။ အေးအေးဆေးဆေး နေထိုင်လိုခြင်း
၎။ အာဏာရှင်အောက်မှာ အနေကြာလာသောကြောင့် မိမိဆန္ဒကို ရဲရဲတင်းတင်း မဖေါ်ထုတ်ရဲခြင်း၊ စိတ်ဓာတ် ပိုင်းအရ အားပျော့နေခြင်း

ဤသည်ကို နအဖအာဏာရှင်တို့က ကောင်းစွာသိနေပြီးဖြစ်၍ အားနည်းချက်များကို နင်းကာ တမျိုး၊ မသမာမှု များသုံးကာ တဖုံ အသုံးချသွားပေမည်။ ဥပမာ ၁ နှင် ၂ အရ ပြောရမည်ဆိုလျှင် အခြေခံဥပဒေဆိုတာ ဖြူလား မည်းလားမသိ၊ ထောက်ခံလိုက်လို့ နောက်တခု ပြောင်းသွားရင်တော့ ဒီထက်တော့ ကောင်းမှာပဲလေဆိုတဲ့ အ တွေးမျိုးနဲ့ ထောက်ခံမှုများ ရှိလာနိုင်သည်။

မည်သို့ ပြင်ဆင်ရမည်နည်း။ နည်းလမ်းရှာရမည်။ နအဖရဲ့ ဖွင့်တိုက်လာတဲ့ တိုက်ပွဲကို မလွဲမရှောင်သာ ရင်ဆိုင် ရတော့မည်။ ကျနော်အမြင်အရ ပြင်ဆင်ရာတွင် ပြည်တွင်းအင်အားနှင့် ပြည်ပအင်အား နှစ်ပိုင်းခွဲ၍ အကြမ်းဖျဉ်း တာဝန်ယူစေချင်ပါသည်။

၁။ ပြည်တွင်းအင်အား

နိုင်ငံရေးပါတီများ၊ တိုင်းရင်သားပါတီများ၊ ရဟန်းသံဃာများ၊ ကျောင်းသားလူငယ်များနှင့် လက်ရှိနိုင်ငံရေးတက် ကြွလှုပ်ရှားသူများ Activists များက မိမိတတ်အားသရွေ့ ဒီအခြေခံဥပဒေကို ကန့်ကွက်ကြရန် ပြည်သူလူထု အား နီးစပ်ရာအလိုက် အစွမ်းကုန်စည်ရုံးသင့်ပါသည်။ ထိုသို့ စည်းရုံးရာတွင် ဥပဒေဘောင်အတွင်းက အန္တရာယ် ကင်းနိုင်ဆုံး သတိထား၍ စည်းရုံးကာ ပြည်သူလူထုအတွင်း နိုင်ငံရေး အသိစိတ်တွေကို ၀င်လာရဲအောင် ဖန်တီး ရင် ဒီအခြေခံဥပဒေကို ကန့်ကွက်ရမည်။ ကန့်ကွက်ရမည။် ကန့်ကွက်ရမည် ဆိုသည့် အသိကို ၀င်လာအောင် စွမ်းဆောင်ပေးရမည်။

၂။ ပြည်ပအင်အား

နိုင်ငံတကာရှိ နိုင်ငံရေးအဖွဲ့အစည်း အသီးသီး၊ တိုင်းရင်းသားအဖွဲအစည်း အသီးသီးအနေဖြင့် နိုင်ငံတကာအစိုး ရများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးဆီသို့ ဒီလူထုဆန္ဒခံယူပွဲကို အတတ်နိုင်ဆုံး လွတ်လပ်ပြီး တရားမျှတမှု ရှိ စေရန် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ခွင့်ပြုရမည်ဟူသော ဖိအားမျိုးကို နအဖစစ်အစိုး ရအား ပေးနိုင်ရန် အစွမ်းကုန် ကြိုးစား တောင်းဆိုသင့်သည်။ ဤသို့တောင်းဆိုရာတွင် တဖွဲ့ချင်းအလိုက် ဆို သည်ထက် အဖွဲ့ပေါင်းစုံ (ဒုတိယ ပင်လုံကဲ့သို့) သဘောတူ လက်မှတ်ရေးထိုးကာ တင်ပြတောင်းဆိုသင့်သည်။
၎င်းအပြင် ပြည်တွင်းလှုပ်ရှားဆောင်ရွက် စည်ရုံးသူတို့အား တပ်အားသမျှ နည်းပညာ၊ ငွေကြေး အထောက်အ ပံ့များကို ပေးသွားရမည်။

ဤသို့ ပြည်တွင်းပြည်ပ အင်အားများ အချိန်တိုတိုအတွင်း တက်ညီလက်ညီ ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်မှ သာ ရလဒ်ကောင်းများ ရရှိလာပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုကြီး အရှိန်တန့်မသွားမှာ ဖြစ်သည်။

ဖြစ်နိုင်ဖွယ် ရလဒ်ကောင်းများမှာ …

၁။ နအဖက မသမာမှုဖြင့် ဇွတ်လုပ်၍ အတည်ပြုသွားခဲ့လျှင် ပူပူနွေးနွေး နိုင်ငံရေးအသိ နိုးကြားပြီးဖြစ်သော၊ ပြည်သူလူထုနှင့် စည်းလုံးပြီးဖြစ်သော အင်းအားစုတို့မှ ကန့်ကွက်ကာ နောက်တကြိမ် ကြီးမာသည့် ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးအတွက် အသင့်အနေအထား ရှိနေမည်။
၂။ နိုင်ငံတကာဖိအား ပိုမိုရရှိလာမည်။
၃။ သို့တည်းမဟုတ် စစ်အုပ်စု၏ လမ်းပြမြေပုံမှာ အားလုံးပါဝင်သည့် ဆွေးနွေးပွဲသို့ ငြိမ်းချမ်းစွာ ဦးတည်သွားနိုင် ပေသည်။

လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်းနှင့် ဒီမိုကရေစီပြည့်ဝမှု ပန်းတိုင်ကို မုချရောက်ရမည်။

ကျေးဇူးတင်စွာဖြင့် …
မောင်ငြိမ်းချမ်း (မျိုးဆက်သစ်)

Read More...

ဘီဘီစီ မြန်မာပိုင်းမှာ ဦးအောင်သူငြိမ်း ပြောခဲ့တဲ့ မှတ်ချက်

ဘီဘီစီ တပတ်အတွင်း မြန်မာနိုင်ငံသတင်း သုံးသပ်ချက်
၂၀၀၈ ဖေဖော်ဝါရီ ၂၃

သောတရှင်များရှင် ဒီသတင်းပတ်ထဲမှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲပြီးစီးသွားပြီလို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလို ပြောဆိုကြေညာမှု ထွက်ပေါ်ပြီးပြီးချင်းမှာပဲ မြန်မာနိုင်ငံရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့်ရှိတဲ့ အခြေအနေ ဖြစ်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မယ်ရီ အိုဂါဘီ က ပြောဆိုထုတ်ပြန်လိုက်ပါတယ်။

“ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံကို သွားခွင့်ရရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ လုပ်ငန်းစဉ်ကိစ္စကို ပထမဦးစားပေးအနေနဲ့ အာဏာပိုင်တွေနဲ့ကော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား သက်ဆိုင်သူ အားလုံးနဲ့ပါ ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ဟာ ဘယ်လောက်အထိ ယုံကြည် စိတ်ချရမလဲ ဆို တာ ဒီလုပ်ငန်းစဉ်ထဲ အားလုံးပါဝင်ပတ်သက်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”

အမေရိကန် ပြည်ထောင်စုကတော့ အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို လက်မခံနိုင်တဲ့ အကြောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ဖို့ ကြေညာထားတာကိုလည်း ကန့်ကွက်တဲ့အကြောင်း ထုတ်ဖော်ပြော ခဲ့ပါ တယ်။ မြန်မာအစိုးရ အပေါ် အစဉ်အမြဲ ပြတ်ပြတ်သားသား ပြောလေ့ရှိတဲ့ အမေရိကန်ဘက်က ဒီလိုပြောတာဟာ မထူးခြား လှပေမယ့် အမြဲတမ်း ဖေးဖေးမမရှိလှတဲ့ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာစီယံဘက်ကတောင်မှ စစ်အစိုးရ က ဆန္ဒခံယူပွဲ ခေါ်ယူမယ့်ကိစ္စ၊ ရွေးကောက်ပွဲ ပြုလုပ်မယ့်ကိစ္စတွေဟာ သမာသမတ်မှ ရှိပါ့မလားဆိုတာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ အတိ အလင်း ထုတ်ဖော်ပြောလာ ခဲ့တာကတော့ ထူးခြားလှပါတယ်။ အလှည့်ကျ လက်ရှိ အာစီယံ ဥက္ကဋ္ဌ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခြား ရေးဝန်ကြီး ဂျော့ရှ်ရိုး ပြောသွားတာက ....

“နအဖ အနေနဲ့ နိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုတွေကိုလည်း လစ်လျူရှုလို့ မရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ မြန်မာ နိုင်ငံဟာ အာစီယံအဖွဲ့ထဲမှာ ပါနေပါတယ်။ အဲဒီအတွက်ကြောင့်မို့လို ဒီဆန္ဒခံယူပွဲတွေကို ကိုယ့်ပြည်တွင်းကိစ္စပဲဆိုပြီး တော့ ကိုယ်လုပ် ချင်သလိုလုပ် အကာအကွယ်ယူလို့ မရပါဘူး”

ဆန္ဒခံယူပွဲကိစ္စဟာ ပြည်တွင်းကိစ္စ သက်သက် သဘောမထားသင့်ဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသွား သလို အင်ဒိုနီးရှားနိုင်ငံ ဘက်ကလည်း ဒီလုပ်ငန်းစဉ်မှာ အများယုံကြည်မှု ရှိရမယ့်အပြင် အဖွဲ့ပေါင်းစုံပါဝင်ခွင့်ရတဲ့ လုပ်ငန်းစဉ် ဖြစ်သင့်တယ်လို့ အခိုင်အမာ ပြောလာပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ခရစ်တီရာတို လက်ဂို ကို က....

“ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေအားလုံးနဲ့ လူမျိုးစုအဖွဲ့တွေအားလုံး ပါဝင်ဆွေးနွေးခွင့် ရဖို့ ကျနော်တို့က ဆက်ပြီး တိုက်တွန်းသွားမှာပါ။ အာစီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရကို ဆက်ပြီးဖြောင်းဖြစည်းရုံး သွားမှာပါ”

ဒီပြောဆိုမှုတွေကိုကြည့်ရင် မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒေသတွင်းမှာ စိုးရိမ်ကြောင့်ကြမှုတွေ ဘယ်လောက်ရှိနေ တယ်ဆို တာ မြင်သာပါတယ်။ ဒီလိုဖြစ်နေတဲ့ တချိန်တည်းမှာပဲ လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် ပြုမှာ မဟုတ်ဘူးလို့ စစ်အစိုးရဘက်က လေသံထွက်ပေါ်လာပြန်လေတော့ အာစီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီကိစ္စရပ်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြရပါတယ်။ အခုလောလောဆယ် အာရှဒေသတွင်း လှည့် လည်ပြီး မြန်မာ့အရေး ဆွေးနွေးနေတဲ့ ကုလသမဂ္ဂ အထူးအကြံပေးအရာရှိ အီဗရာဟင် ဂမ်ဘာရီကလည်း အစိုးရက ရက်သတ်မှတ် ပေးထားတဲ့ ဧပြီလထက် စောပြီး လာမယ့်မတ်လဆန်း မြန်မာနိုင်ငံကိုသွားတဲ့အခါ ဒေါ်အောင်ဆန်းစု ကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့် မပေးဘူးဆိုတဲ့ကိစ္စကို ဆွေးနွေးမယ်လို့ သိရပါတယ်။ မြန်မာအစိုးရရဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ ကြေညာချက်တို့အပေါ် နိုင်ငံ တကာက ဒီလိုတုံ့ပြန်နေတဲ့အချိန်မှာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက ပြည်တွင်းက NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တုန့်ပြန်မှုပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က NLD က ထုတ်ပြန်ခဲ့တဲ့ အထူး ကြေညာချက်မှာ လူထုဆန္ဒခံယူမယ့် စစ်အစိုးရရဲ့ အခြေခံ ဥပဒေမူကြမ်းဟာ ၁၉၉၀ ရွေးကောက်ပွဲ က ပေါ်ပေါက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရေးတာ မဟုတ်တဲ့အတွက် တရားမ၀င်ဘူးလို့ ပြောလာပါတယ်။ NLD အထူး ပြန်ကြားရေး တာဝန်ခံ ဦးသိန်းညွန့်ထောက်ပြတာက ...

“ဒီ အခြေခံဥပဒေကို ရေးဆွဲတဲ့အခါမှာ ၁/၉၀ အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရေးဆွဲရပါလိမ့်မယ်။ ဒါ ကျနော်တို့ ဥပဒေအပေါ်မှာ ရပ်တည်ထားတဲ့အချက်ပါ။ ရပ်တည်တာလည်း တခြားမဟုတ်ဘူး။ ဒီ ဥပဒေဟာ သက်ဆိုင်ရာ အာဏာပိုင် တွေ ထုတ်ပြန်ထားတဲ့အတွက် အာဏာပိုင်တွေဘက်ကလည်း ဒီဥပဒေအတိုင်း လိုက်နာရဖို့ တာဝန်ရှိပါတယ်။ ကြေညာချက် အမှတ် ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ မှာ ပြည်သူ့လွှတ်တော် ဥပဒေ ရွေးကောက်ပွဲနဲ့ကော ကြေညာချက် အမှတ် ၁/၉၀ နဲ့ကော လုံးဝကိုက်ညီခြင်း မရှိဘဲ ဖြစ်နေတယ်။ အဲဒီလို ကိုက်ညီခြင်းမရှိတဲ့အတွက်၊ ပေးထားတဲ့ ကတိက၀တ် တွေနဲ့လည်း ကွဲလွဲနေ တဲ့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ကျနော်တို့ မီးမောင်း ထိုးပြထားပြီးဖြစ်ပါတယ်”

အရင်တုန်းက မြန်မာစစ်အစိုးရ ထုတ်ပြန်ပြောဆိုခဲ့တာတွေအပေါ် NLD ဘက်က ပထမဆုံးအကြိမ် ယှဉ်ပြီးချပြခဲ့တဲ့ ကြေညာ ချက်ကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ထောက်ခံကြပါတယ်။ NLD က ဒီကြေညာချက်ကို ထုတ်ပြန်ပြီး နောက်တနေ့မှာပဲ (KIO) ကချင်လွတ်မြောက်ရေးအဖွဲ့က စစ်အစိုးရရဲ့ ကြေညာချက်ကို ထောက်ခံလိုက်ပါတယ်။ လက်ရှိအနေအထားမှာ စစ်အစိုးရ ကကြေညာခဲ့တဲ့ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲလမ်းကြောင်းက ဖြစ်နိုင်ချေအရှိဆုံးလို့ ယူဆတဲ့အတွက် ထောက်ခံရ တာလို့ KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိန်းလွန်းဒေါင် က ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် အခုဦးဆောင်သွားနေတဲ့ဥစ္စာကို ဒါ အခုလက်တွေ့ရှိနေတဲ့ဟာတွေကို ဒါကတော့ ထောက်ခံတဲ့ပုံစံ အနေနဲ့ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့အမြင်ကတော့ ၁၉၆၂ ခုနှစ်ကနေ ဒီနေ့အထိ ဘယ်တခုမှ ၀ိုင်းအော်တာပဲ ရှိတယ်၊ တခုမှ လက်တွေ့ကျမလာဘူး။ အဲ့တော့ ဒါတွေဟာ လက်တွေ့ကျတဲ့ တခုခုပုံစံနဲ့စဖို့ကောင်းတယ်ဆိုတဲ့ ခံယူချက်ရှိတယ်”

စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားရှိတဲ့ KIO အဖွဲ့က NLD ရဲ့ ကြေညာချက်ထွက်လာအပြီး နောက်တရက်မှာ အစိုးရဘက်ကို ထောက်ခံလိုက်တာဟာလည်း ထူးခြားလှပါတယ်။ ဒီလို အခြေအနေမျိုးမှာပဲ NLD ပါတီအနေနဲ့ အခုထက်ပိုပြီး လူထုကို ပြတ်ပြတ်သားသား ဦးဆောင်ပြဖို့ လိုတယ်လို့ မြင်နေကြသူ တွေလည်း အများအပြားရှိပါတယ်။ အဲဒီအထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပါပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းရဲ့အမြင်က ...

“ဒီတကွေ့ဟာ ဗမာပြည်ပြည်သူလူထုကြီးအတွက်ကော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ရော အင်မတန် အရေးကြီး တဲ့ အကွေ့အချိုးကြီးဖြစ်ပါတယ်။ ဒီအကွေ့အချိုးကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ် တုန်းက ပြည်သူလူထုကြီး တရပ်လုံးက ပုံအောပြီး မဲပေးခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ထားပြီးတော့ သူတို့ဟာ ရှေ့ကထွက်ပြီးတော့ ဦးဆောင်ရတော့ မယ့် အချိန်ဖြစ်တယ်လို့ ထင်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ဒါဟာ Do or Die အခြေအနေပါ။ အဲ့တော့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို အားကိုးရမယ်၊ ကျန်တဲ့ အမျိုးသား နိုင်ငံရေး အင်အားစုတွေအားလုံးကို စည်းရုံးပြီးတော့ အတူချီတက်ပြီးတော့ ရင်ဆိုင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ခေါင်းရှောင်လို့ မရတော့ပါဘူး”

ရဲဘော်ဖိုးသံချောင်းက ဒီလိုမြင်သလိုပဲ NLD ရွေးကောက်ခံအမတ်တယောက်ဖြစ်ပြီး MPU ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များအဖွဲ့က တွဲဖက်အတွင်းရေးမှူး ခွန်မြင့်ထွန်းကလည်း NLD ဟာ မူအားဖြင့်သာမက လှုပ်ရှားမှုအပိုင်းကိုပါ ပြတ်ပြတ် သားသား ပိုပြီးဦးဆောင်မှုပေးစေချင်တယ်လို့ ဆိုပါတယ်။

“အဖွဲ့ချုပ်အနေနဲ့က ပြည်သူလူထုကို ဒီထက်ကို ပိုမိုရှင်းလင်းတဲ့ဟာကို ပြောစေချင်တယ်၊ မူပိုင်းဆိုင်ရာကို ပြတ်ပြတ် သား သား ဦးဆောင်မှုပေးသလို လှုပ်ရှားမှုအပိုင်းကိုလည်းပဲ အဖွဲ့ချုပ်အနေနဲ့က ပြတ်ပြတ်သားသား ဦးဆောင်မှုပေး စေချင်ပါ တယ်။ ဒီထက်ပိုမိုပြီး ပေးစေချင်တာပါ”

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား။ ကန့်ကွက်မဲထည့် ကြ မလားဆိုတာနဲ့ပတ်သက်လို့လည်း အမြင်တွေအမျိုးမျိုးရှိနေကြပါတယ်။ ဒီတော့ ဘယ်လမ်းကိုရွေးရင် ဘယ်လို ရိုက်ခတ်မှု တွေ ရှိလာနိုင်ပါသလဲ။ သူ သတိထားမိတဲ့ အချက်တချက်ပေါ် မူတည်ပြီး ခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။

“ကျနော်တဦးတည်းအမြင်အရပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံ အသွင်ကူးပြောင်းရေးကာလဆိုတဲ့ အချက်ထဲမှာ အချက်တချက်က ဘာပါလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ အတည်ပြု ပြဋ္ဌာန်းမယ်လို့ ပါတယ်၊ ဟို မဲလာပေးတဲ့လူ ထက်ဝက်ကျော် မဟုတ်ဘူးနော်၊ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော့် တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူ လူထုအနေနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့်တဦးတည်းသဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမယ့်လို့ ပြည်သူလူထုကတော့ သူ့ ဘ၀ လက်တွေ့အခြေအနေမှာတော့ရင် သေနတ်နဲ့ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါ ဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေး သွားမှာပါပဲ။ အဲဒီအခြေအနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ ကျနော်တို့ မြင်ပါတယ်”

ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်းကတော့ လူထုက ဆန္ဒမဲမပေးဘဲ နေကြမယ်ဆိုရင်လည်း စစ်အစိုးရက သူ့နည်း သူ့ဟန် နဲ့ ထောက်ခံမှုရအောင်လုပ်နိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။

“စစ်အစိုးရမှာပေါ့နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကလည်း အင်အား ၁၁ သန်းလောက်ရှိပါတယ်။ (အမှား ပြင်ဆင်ချက်။ ကြံ့ဖွံ့မှာ အင်အား ၂၄ သန်း ရှိတယ်လို့ သိရပါတယ်။ သို့သော်လည်း ကျောင်းသားအရွယ် ကလေးငယ်များပါ ပါဝင်တဲ့အတွက် မဲပေး နိုင်သူ ဦးရေ တ၀က်ခန့် ခန့်မှန်းတွက်ချက်ပြောခဲ့ခြင်း ဖြစ်ပါတယ်။) နောက်တခါ သူ့ဝန်ထမ်း တွေလည်း ရှိတယ်၊ စစ်တပ် လည်းရှိတယ်ပေါ့၊ ဆိုတော့ အဲ့ဒီအနေအထားမှာ တခုက ကျနော်တို့ပြည်သူအားလုံးက သပိတ်မှောက်တယ်ထားဦး၊ သူ့လူနဲ့သူ မဲထည့်ခိုင်းပြီးတော့ အတည်ðပလိုက်နိုင်တဲ့အနေအထားရှိပါတယ်။ ဆိုတော့ နောက်တခုက ဒါက ကျနော် အားနည်းချက်လို့ မြင်တာပေါ့နော်၊ တခုက ကျနော်တို့က မဲရုံကိုသွားပြီးတော့ ကန့်ကွက်မဲပေးမယ် ဆိုပါစို့၊ ဒါပေမယ့် အခုအချိန်ကြတော့လည်း ပြောရခက်တာက ပြည်သူ့ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး တော့ ဥပဒေတွေက ဘယ်လိုထွက်လာ မလဲဆိုတာလည်း တိတိကျကျ မသိရသေးတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် လူတွေက ကိုယ်ဖာသာကိုယ် မဲရုံထဲသွားပြီးတော့ လျို့ဝှက်ဆန္ဒမဲနဲ့ ကန့်ကွက် မဲ ပေးခွင့်ရမယ်ဆိုရင်တော့ ကျနော် ထင်တယ်၊ ကျနော်တို့ပြည်သူတွေက လုပ်ရဲတယ်လို့ ယူဆပါတယ်။ ညစ်နိုင်တာတော့ ညစ်နိုင်တာပေါ့ခင်ဗျ၊ အဲဒီအနေအထားမှာလည်း ဖြစ်နိုင်ရင်တော့ နိုင်ငံတကာက စောင့်ကြည့်လေ့လာမှု စသည်ဖြင့် ရမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ”

ဘယ်နည်းနဲ့ပဲမဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာအစိုးရဘက်က အတည်ပြုနိုင်မယ်ဆိုရင် အဓိက ဘယ်သူတွေ ထိခိုက် နစ်နာ နိုင်ဖွယ်ရှိပါသလဲ။ ဦးအောင်သူငြိမ်းသုံးသပ်တာက ....

“အဓိက နစ်နာမှာတော့ ကျနော်တို့ပြည်သူတွေပဲ ခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်း အကျပ် အတည်ပြုခိုင်းလိုက်တယ်ဆိုရင် နောက်တခါကျတော့ ဖွဲ့စည်းပုံရဲ့သဘောမှာ သူတို့ လုပ်ထားတာကလည်း ပြန်ပြင်ဆင်ဖို့ ခက်တဲ့အနေအထား လုပ်ထားတော့ ဒီလိုပုံစံမျိုးနဲ့ ရေရှည်သွားလို့ရှိရင် တိုင်းပြည်ပြဿနာတွေ က ပိုကြီးပြီးတော့ ကျနော်တို့ တိုင်းပြည် ပြည်သူလူထုတွေပဲ ပိုနစ်နာဖို့ရှိပါတယ်”

မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ဒီလိုအမြင်တွေရှိနေကြတဲ့အချိန်မှာ ပြည်တွင်းက ၀ါရင့်နိုင်ငံသမားကြီးများအဖွဲ့ ကတော့ အဆိုးဆုံးကိုတွက်ထားတဲ့ လက္ခဏာဆောင်တဲ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအဖွဲ့က မြန်မာနိုင်ငံမှာ ဖြစ် နေတဲ့ လက်ရှိနိုင်ငံရေး ပြဿနာကို သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနည်းနဲ့သာ ဖြေရှင်းနိုင်လိမ့်မယ် လို့ အခိုင်အမာ စွဲကိုင် ထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က နိုင်ငံတကာနဲ့ ဒီမိုကရေစီအင်အားစုတွေ တောင်း ဆိုနေကြတာတွေကို ထည့်သွင်း မစဉ်းစားဘဲ ဆန္ဒခံယူပွဲကို ဆက်လုပ်မယ်ဆိုရင်လည်း နည်းမှန်လမ်းမှန်နဲ့ လုပ်ဆောင် ဖို့လိုတယ်လို့ ထောက်ပြ တောင်းဆို လိုက်တာပါ။ အခြေခံဥပဒေမူကြမ်းကို လူထုလေ့လာနိုင်လောက်တဲ့ အချိန်ပေးဖို့၊ လွတ်လွတ်လပ်လပ် မဲပေးနိုင်ရေး အတွက် စနစ်တကျ ကူညီဆောင်ရွက်ပေးဖို့၊ ဆန္ဒခံယူပွဲပြုလုပ်တာကို ကုလသမဂ္ဂ အဖွဲ့ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာလေ့လာသူ တွေနဲ့ သတင်းသမားတွေကို လေ့လာခွင့်ပြုဖို့ စတဲ့အချက်တွေ အပါအ၀င် အချက် ၇ ချက်ကို ထောက်ပြ ပန်ကြားထားတာပါ။ ဒါကြောင့် ဒီတပတ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက ထုတ်ဖော် ပြောလာတဲ့ အချက်တွေအားလုံးကို ပြန် ကြည့်ရရင် မြန်မာစစ်အစိုးရအနေနဲ့ ပြည်သူ လူထုရဲ့ဆန္ဒအစစ်အမှန်ကို ပစ်ပယ် ထားဖို့မသင့်ဘူး၊ မိမိရဲ့ဆန္ဒသဘောအတိုင်း ဇွတ်ရှေ့တိုး မလုပ်ဆောင်ဘဲ လူထုဆန္ဒ ကိုလည်း ထည့်သွင်းဖို့အတွက် ပြန်လည် သုံးသပ်သင့်ပါတယ်လို့ အားလုံးက ထောက်ပြ နေတာကို တွေ့ရပါတယ်ရှင်။

Read More...

စစ်အစိုးရက ပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲအပေါ် ဒူးဝါးဇော်အောင် နှင့် ဦးအောင်သူငြိမ်းတို့၏ အမြင်

ဘီဘီစီ အင်တာဗျူး
၂၀၀၈ ဖေဖော်ဝါရီ ၁၉ (နံနက်ပိုင်း)

မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ဟာ စစ်အစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေနဲ့ မကိုက်ညီဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ပြောကြားလိုက်ပါတယ်။ စစ်အစိုးရ က ၁၉၉၀ ပြည့် ရွေးကောက်ပွဲကနေ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံဥပဒေ ရေးဆွဲဖို့ တာဝန်ရှိတယ်လို့ ကြေညာခဲ့ကြောင်း၊ အခု စစ်အစိုးရက လူထုဆန္ဒခံယူမယ့် အခြေခံဥပဒေကို လွှတ်တော် ကိုယ်စား လှယ်တွေ ရေးဆွဲထားတာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အခြေခံဥပဒေကို လူထုကြားထဲ ချပြဆွေးနွေးတာ မရှိသေး သလို လူထုအနေနဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ မရနိုင် အောင် တားဆီးထားတဲ့ ကန့်သတ် ချက်တွေလည်း ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် နအဖအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့အညီ ပြည်သူ့လွတ်တော်ခေါ်ယူပေးဖို့ တာဝန်ရှိကြောင်း ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ပြထားပါတယ်။ မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းကို ဒီနှစ်ထဲမှာ လူထုဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်သလို ၂၀၁၀ ခုနှစ်ကျရင် ရွေးကောက်ပွဲအသစ် ကျင်းပမယ်လို့ ဒီလအစော ပိုင်းတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

နအဖရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီက မနေ့က သူတို့ဘက်က သဘောထားကို ထုတ်ပြန်ကြေညာ ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြည်ပရောက် နိုင်ငံရေးအင်အားစုတချို့ရဲ့ သဘောထား အမြင် တွေကို နားဆင်ကြည့်ပါမယ်။ အခုအရင်ဆုံး အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀ိုင်းမော် လွှတ်တော် ကိုယ်စားလှယ် ဒူးဝါးဇော်အောင်က ပြည်သူ့ဆန္ဒခံယူပွဲကို သပိတ်မှောက်ရမယ်ဆိုပြီးတော့ ယူဆတာကို နားဆင်ကြည့်ပါခင်ဗျ။

ဒူးဝါးဇော်အောင် ။ ။ စစ်အစိုးရက သူရေးဆွဲတဲ့ အခြေခံဥပဒေမူကြမ်းကလည်းပဲ ပြည်သူလူထုဆန္ဒ မပါဘူးလေ၊ မကြာခင် Refrendum လုပ်မယ်ဆိုတာ ပြည်သူလူထုက ဘာလုပ်ထားမှန်းလည်း မသိဘူး။ ဒါ မတရားဘူးပေါ့၊ ရွေးကောက်ပွဲမှာ နိုင်တဲ့ သူတွေကို သူရဲ့ ၁/၉၀ အရ ကျနော်တို့ပဲ ရေးဆွဲရမယ့်ဥစ္စာ အခု သူဟာနဲ့သူ လုပ်ချင်တယ် ဆိုတာ မတရားဘူးပေါ့လေ။

ဘီဘီစီ ။ ။ မတရားဘူးဆိုတာတော့ ဟုတ်ပါပြီ။ အခု အစိုးရကနေပြီးတော့ အတင်းဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ခေါ်နေတဲ့ အခါမှာ အန်ကယ်လ်တို့ဘက်ကနေပြီးတော့ အစိုးရကနေပြီးတော့ခေါ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်လို လုပ်ဖို့ အစီအစဉ် ရှိလဲ။

ဒူးဝါး ။ ။ အဲဒါက ဟိုဒင်းလေ ပြည်မမှာလည်း အန်အယ်လ်ဒီ ဌာနချုပ်ရှိတယ်လေ၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် တဦးချင်းအနေနဲ့တော့ ကျနော်တို့ ဘယ်လိုမှ မလုပ်တတ်ဘူးလေ၊ ဒါပေမယ့် ကန့်ကွက်ရမှာပေါ့၊ သူတို့ပဲ လုပ်တဲ့အခါမှာ ဘယ်သူမှ မဲရုံမသွားနဲ့ပေါ့၊

ဘီဘီစီ ။ ။ ရွေးကောက်ပွဲမသွားဘဲ သပိတ်မှောက်ကြရမယ်ပေါ့။

ဒူးဝါး ။ ။ ဆန္ဒခံယူပွဲရောက်လာတဲ့အခါမှာ ဘယ်သူမှမဲရုံကို မသွားရုံပဲလေ။ တချို့ တခါတလေ တီဗွီတွေမှာကြား တာက အေး သွားမယ်တဲ့ ထည့်မယ်တဲ့ ကန့်ကွက်မဲထည့်မယ်တဲ့၊ ကန့်ကွက်မဲဆိုရင်လည်း အဲဒီ မဲပုံးဟာ တယောက်တည်း ရှိတယ်၊ စစ် အစိုးရပဲရှိတော့တာ၊ ဟို မဆလတုန်းကလည်းပဲ ကန့်ကွက်မဲက မဲပြားကို ဘယ်သူမှမရှိတော့အခါ ကျတော့၊ မဲထည့်တဲ့သူ တွေ ပြန်သွားတဲ့အခါကျတော့ အားလုံးထောက်ခံမဲမှာ ထည့်လိုက်တယ်လေ။ နောက် ကမ္ဘာကို အားလုံးက ထောက်ခံတယ်လို့ လိမ်တယ်လေ။ အခုလည်း ဒီလိုလုပ်မှာပဲ။ ဒါကြောင့် ကန့်ကွက်မဲလည်း မထည့်နဲ့ ထောက်ခံမဲလည်းပဲ ဘယ်သူမှ မဲမထည့်တာ အကောင်းဆုံးပဲ။ ဒါက ကျနော်အမြင်ပြောတာပါ။ ကုလသမဂ္ဂလို စောင့်ကြပ်ပေးတဲ့ အဖွဲ့ရှိရင် တော့ ကန့်ကွက်မဲထည့်ရင် တော့ ရမှာပဲလို့ ယူဆတယ်။

ဒါကတော့ အန်အယ်လ်ဒီ ၀ိုင်းမော်လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးဇော်အောင်က သူ့ရဲ့အမြင်ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာ အမေရိကန်နိုင်ငံမှာပဲရှိနေတဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်းကတော့ ပြည်သူလူထု ကို အန်အယ်လ်ဒီ အနေနဲ့ အဆုံးအဖြတ်ပေးခိုင်းသင့်ပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ အန်အယ်လ်ဒီက ကျနော်မြင်တာကတော့ လူထုတွေလှုပ်ရှားဖို့တို့ ဘာတို့ အဲဒီလိုခေါ်ရင် မဖြစ်နိုင်ဘူး ထင်တယ်။ အခြေအနေအရပေါ့၊ သူတို့လုပ်သင့်တာကတော့ Referendum ဖြစ်လာမယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး တရားမျှတ အောင်ဖြစ်မလဲ အဲလို ၅/၉၆ ကို ရုတ်ခိုင်းတာတို့ ဘာတို့ ဒီလောက်ပဲလုပ်နိုင်မယ် ထင်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ ဒါပေမယ့် အန်အယ်လ်ဒီပြောတဲ့ဟာက အဲလောက်အထိ ပြတ်ပြတ်သားသားမရှိဘူးနဲ့ တူတယ်။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်တယ်။ မရှိဘူး။ သူ့ကြေညာချက်မှာ ကျနော်ဖတ်ကြည့်တော့ အဲလိုသဘော မပါဘူး။

ဘီဘီစီ ။ ။ အန်အယ်လ်ဒီအနေနဲ့က သူ့ရပိုင်ခွင့်တွေတောင်းဆိုတာအပြင် ဒီထက်ပိုပြီးတော့ ဘာများလုပ်ဆောင်နိုင် သေးလဲ လို့ အပြင်လူတယောက်အနေနဲ့ မြင်မိလဲခင်ဗျ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာက အန်အယ်လ်ဒီက ဒီ အခု ၂၀၀၈ အစမှာကတည်းက သူတို့နှစ်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကို သူတို့အာဂျင်တာ အနေနဲ့ ဆုံးဖြတ်ထားတဲ့ သဘောမျိုးလုပ်ထားတာလည်း ရှိပါတယ်။ ဆိုတော့ အဲဒီ အနေအထားမှာတော့ အန်အယ်လ်ဒီအနေနဲ့ ဒီဥစ္စာကို ဖျက်ပြီးတော့ နောက်ထပ် ပြည်သူလူထုကို လှုံ့ဆော်ဖို့ ဘာဖို့ စသည် ဖြင့် လုပ်ဖို့လည်း ခက်ပါတယ်။ နောက်တခုကတော့ အခု ပြည်သူ့ဆန္ဒခံ ယူပွဲလုပ်မယ် ဘာမယ် ဆိုတာကလည်း ကျနော် ထင်တယ် လာမယ့် ရက် ၉၀ လောက်အတွင်းမှာ ဖြစ်မယ်ဆိုတော့ အချိန်က သိပ်တိုတောင်းနေပါပြီ။ အဲတော့ အန်အယ်လ်ဒီ အနေနဲ့ လုပ်နိုင်တာကတော့ ကျနော်မြင်တာ ဒီဆန္ဒခံယူပွဲ ကို လူထုကို အဆုံးဖြတ်ခံခိုင်းတာကတော့ ကျနော်ထင်တယ် အကောင်းဆုံးပဲထင်ပါတယ်။ အခုဟာက န၀တက မညှိနှိုင်းတော့ဘဲနဲ့ သူ့ဖာသာနဲ့သူ သွားတော့မယ့် ပုံစံမျိုးလည်း ဖြစ်နေ ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တော့ မဲမလိမ်အောင် မညစ်အောင် စသည်ဖြင့် ဒါမျိုး ဘယ်လိုလုပ်နိုင်မလဲပေါ့၊ နောက်တခုက နိုင်ငံတကာ စောင့်ကြည့်မှုတွေရအောင် တောင်းဆိုတာမျိုးတို့၊ နောက်တခုက ဒါ အနိမ့်ဆုံး လုပ်နိုင်မယ် လို့ တော့ ထင်ပါတယ်။

ဘီဘီစီ ။ ။ အန်အယ်လ်ဒီက စောစောကပြောသလို အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်က သိပ်ပြီးတော့ ရှင်းရှင်း လင်းလင်းမရှိ သေးဘူးဆိုတဲ့အခါကျတော့ ပြည်သူလူထုက အန်အယ်လ်ဒီဆီကနေပြီးတော့ clear message ပေါ့၊ တိကျပြတ်သားတဲ့ သင်္ကေတ တခုခု ထွက်မလာတဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့က ပြည်သူ့ဆန္ဒခံယူပွဲကို ရင်ဆိုင်ဖို့ အနေအထားမှာ အခက်အခဲများရှိမနေနိုင်ဘူးလား။

ဦးအောင်သူငြိမ်း ။ ။ အဲလိုမျိုးဆိုရင်တော့ ရှိနိုင်ပါတယ်ခင်ဗျ၊ ဒါပေမယ့် ကျနော်မြင်တာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း ကျနော်တို့ အင်အားစုတွေက သိပ်ပြီးတော့ မတွန်းသင့်ဘူးလို့ထင်ပါတယ်။ ကျနော်ထင်တာကတော့ ပြည်ပ ရောက်နေတဲ့ အဖွဲ့အစည်းတွေရော တခြားဒီမိုကရေစီအင်အားစုအသီးသီးကတော့ ဒီဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့၊ နောက်တခါ ဖွဲ့စည်းပုံအသစ်နဲ့ပတ်သက်လို့ ကျနော်တို့သဘောထားတွေကို ကျနော်တို့ဘာသာ ကျနော်တို့ ထုတ်ဖော်ပြီး ပြောတာတော့ ပိုကောင်းတယ် ထင်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျနော်အစောပိုင်းတုန်းက အန်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးဇော်အောင် ကို ကျနော် ဖုန်းဆက်ပြီးမေးကြည့်တော့ သူ့တဦးတည်းအမြင်ကို ပြောတယ်ခင်ဗျ၊ အဲဒါကတော့ ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်သူ့မှ မသွားကြဘဲနဲ့ ကန့်ကွက်သပိတ်မှောက်ကြ ဆိုပြီးတော့ သူက သူ့ရဲ့တဦးတည်းအမြင်ကို ပြောတယ်ပေါ့ လေ၊ အကယ်၍ တခြားသူတွေကလည်း အမြင်အမျိုးမျိုး ရှိနေမယ်ဆိုလို့ရှိရင် ညီညီညွတ်ညွတ်ရှိတဲ့ မဟာဗျူဟာ တခုမျိုး ပေါ်လာဖို့ ခက် မနေ ပေဘူးလား၊ အဲဒီအခါကျလို့ရှိရင် ဒီမိုကရေစီအင်အားစုတွေဘက်က အားနည်းသလိုမျိုး ဖြစ်မနေဘူးလား။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်ပါတယ်ခင်ဗျ၊ အခုလက်ရှိ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တသံတည်းထွက်ပြီးတော့ အားလုံးညီညီညွတ်ညွတ်နဲ့ ဘာလုပ်ပါဆိုတဲ့ဟာမျိုး လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်မြင်တာကတော့ မတူတဲ့အင်အားစုတွေ အသီးသီးမှာ မတူတဲ့နည်းနဲ့ ဆန့်ကျင် နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဥပမာအားဖြင့် ရှေ့နေတွေ တရားရေးဥပဒေ ကျမ်းကျင်သူတွေဘက်ကလည်း ဒီ ဖွဲ့စည်းပုံအသစ်ရဲ့ အားနည်းချက်ကို ထောက်ပြ ဆွေးနွေးတာမျိုး လုပ်နိုင်သလို၊ နောက်တခုက လူ့အခွင့်အရေးအဖွဲ့ တွေ၊ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေကလည်း သူတို့ရဲ့ အခွင့်အရေးကဏ္ဍနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံမှာ ဘယ်လို အားနည်းချက်တွေရှိတယ် စသည်ဖြင့် ကျနော်တို့ ရှင်းပြစည်းရုံးတာ တွေလည်း လုပ်နိုင်ပါတယ်။ နောက်တခုက တိုင်းရင်းသားတွေဘက်က အခွင့်အရေးပေါ့၊ ဒါ တိုင်းရင်းသားတွေဘက်လည်း သူ့အမြင် ရှုထောင့်က ပြောနိုင်တာ တွေ လည်းရှိပါတယ်။ ဆန္ဒခံယူပွဲကို လုံးဝ မသွားတာထက်စာရင်တော့ လူကိုယ်တိုင် သွား ပြီးတော့ ကန့်ကွက်မဲပေး တာက ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ယူဆပါတယ်။

ဘီဘီစီ ။ ။ တချို့ လေ့လာတဲ့သူတွေကလည်း ပြောကြတယ်၊ ဗမာပြည်သူလူထုကို တခါတလေကျလို့ရှိရင် တချို့က လျှော့တွက် မိကြတယ်ပေါ့လေ၊ ဒီမိုကရေစီအင်အားစုတွေဘက်ကပဲဖြစ်ဖြစ်၊ နအဖဘက်ကပဲဖြစ်ဖြစ်။ တခါတလေကျ လို့ရှိရင် ပြည်သူ လူထုက မထင်မှတ်ဘဲနဲ့ သူတို့ဖာသူတို့ ရှေ့ရောက်နေတတ်တယ်။ ဥပမာ စက်တင်ဘာအရေး အခင်းဆိုလို့ရှိရင်လည်း ပြည်သူလူထုက သူဟာနဲ့သူ သူလိုချင်တာရအောင်လို့ ထုတ်ပြီးတော့ ပြောလာတာမျိုး ရှိတယ်။ အဲလို အလားအလာမျိုးရော ကျနော်တို့တွေ့လာရနိုင်တဲ့ အလားအလာမျိုးရှိနိုင်လား။

ဦးအောင်သူငြိမ်း ။ ။ ဖြစ်နိုင်ပါတယ်ခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ထင်တာ တခါတလေကျတော့ လူထု တွေက စစ်အစိုးရအပေါ်မှာ မကြိုက်တဲ့ဟာကို သူတို့ နည်းမျိုးစုံနဲ့ပြတဲ့ဟာမျိုး။ ကျနော်တို့ အထင်ရှားဆုံးကတော့ ပြီးခဲ့တဲ့ စက်တင် ဘာသံဃာ့ လှုပ်ရှားမှုက ကျနော်ထင်တယ် အထူးခြားဆုံးပါပဲ။ အခုလို လာမယ့် ပြည့်သူ့ဆန္ဒခံယူပွဲ တွေ ဘာတွေ လုပ်မယ် ဆိုရင်လည်း ကျနော်ထင်တာကတော့ ပြည်သူလူထုကတော့ သူတို့ဘယ်လိုရပ်တည်ရမလဲ ဆိုတာ ကောင်းကောင်းသိတယ်လို့ ထင်ပါတယ်။

အန်အယ်လ်ဒီရဲ့ သဘောထားထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်တဲ့ တုန့်ပြန်ချက်တွေကို ကြားခဲ့ရတာဖြစ်ပါတယ်။

Read More...

မေလဖွဲ့စည်းပုံသစ် ပြည်သူ့ဆန္ဒခံယူပွဲအတွက် ဘာလုပ်ကြမလဲ

အောင်သူငြိမ်း
၂၀၀၈ ဖေဖော်ဝါရီ ၂၁
မဇ္ဈိမ

မြန်မာစစ်အစိုးရက ပြီးခဲ့သည့် အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၁၉၊ ၂၀၀၈) မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲ ပြီးစီးကြောင်း ကြေငြာခဲ့သည်။ ဤသတင်းအရ ဆိုလျှင်ဖြင့် ကမ္ဘာ့အကြာဆုံး ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ ဥပဒေ ပြီးစီးခဲ့ပြီဟု ဆိုနိုင်သည်။ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှ စတင်၍ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ ပြီးပေတော့မည်။ စစ်အစိုးရက ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးအတွက် (၁၅) နှစ် (၁) လနှင့် (၉) ရက် အချိန်ယူ ရေးဆွဲခဲ့ရသည်။ ကမ္ဘာ့ အရှည်ကြာဆုံး ရေးဆွဲခဲ့ သည့် ဖွဲ့စည်းပုံ ဥပဒေဟုပင် မှတ်တမ်းဝင်သင့်သည်။ ထိုမျှမက အင်တာဗျူးတခုတွင် ဗိုလ်ချုပ်ခင်ညွန့်က အမျိုးသားညီလာခံ ကျင်းပနေသည့်ကာလ စားရိတ်အဖြစ် တရက်လျှင် ကျပ် ၁ သန်းကျော် သုံးစွဲနေခဲ့ရကြောင်း အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်ကို အမှတ်ရနေမိသေးသည်။ ဤသို့ဆိုလျှင်ဖြင့် ယခု ထွက်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် သန်းပေါင်းများစွာ တန်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်လာတော့မည်။ သို့သော် မတတ်နိုင်ပါ။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူအများက ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက် ကြရပါတော့မည်။

ယခု မေလတွင် ကျင်းပမည့် ပြည်သူ့ဆန္ဒ ခံယူပွဲက မြန်မာ့နိုင်ငံရေး သမိုင်းအတွက် အရေးကြီးသည့် အလှည့် အပြောင်းတခု ဖြစ်လာတော့မည်။ အကြောင်းမှာ ဤပြည်သူ့ဆန္ဒ ခံယူပွဲမှတဆင့် စစ်အစိုးရ၏ အခြေခံဥပဒေကို အတည်ပြုတော့မည် ဖြစ်သောကြောင့်ပင်။

ယခု ဆောင်းပါးတွင် အဓိက တင်ပြ ဆွေးနွေးလိုသည်မှာ ဖွဲ့စည်းပုံ အကြောင်းထက် စာလျှင် လတ်တလော ကြုံတွေ့ကြရတော့မည့် ပြည်သူ့ဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ကြမည်နည်း ဟူသော အချက်များကို တင်ပြလိုခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နှင့် ပတ်သက်၍ မိမိ၏ ရပ်တည်ချက်ကို အရင် ကြိုတင် ရှင်းပြထားရန် လိုအပ်ပါလိမ့်မည်။ ဖွဲ့စည်းပုံ (မူကြမ်း) ရေးဆွဲပြီးစီးခဲ့ပြီ ဆိုသော်လည်း မိမိမျက်မြင် မတွေ့ရသေးပါ။ သို့သော်လည်း ပြီးခဲ့သည့် ညီလာခံမှ ထွက်ပေါ်လာသည့် အခြေခံမူများကို ကြည့်၍ သုံးသပ်လျှင် မိမိအနေဖြင့် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို လက်ခံနိုင်ဖွယ် လုံးဝမရှိပေ။ အကြောင်းမှာ ဒီမိုကရေစီ၏ အခြေခံမူ ဖြစ်သည့် နိုင်ငံရေးအရ တန်းတူညီမျှရှိမှု (လွယ်လွယ်ဆိုရရင် လူတကိုယ်-တမဲ ပေးနိုင်သည့် အခြေအနေ) ကို လုံးဝ ပစ်ပယ်ထားသည့် အတွက်ကြောင့် ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ် ဆိုသူက မဲအများကို ချုပ်ကိုင်ထားနိုင်သူ ဖြစ်နေသည်။ ထိုမျှမက ဥပဒေကြောင်းအရ၊ ဒီမိုကရေစီ အနှစ်သာရ၊ လူမှုလွတ်လပ်ခွင့် စသည်ဖြင့် မည်သည့်ဘက်က ကြည့်ကြည့် ချို့ယွင်း အားနည်းချက်များ ပြည့်နှက်နေသည်။ အဆိုးဆုံးမှာ ဤဖွဲ့စည်းပုံ ဥပဒေအတိုင်း ကျင့်သုံးပါက လက်ရှိ မြန်မာနိုင်ငံ၏ ပဋိပက္ခများ မပြေလည် မလွတ်မြောက်နိုင်ရုံမျှ မက၊ ပိုလို့ ဆိုးရွားပြင်းထန်လာရန် အကြောင်းများ တွေ့နေရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ အုပ်ချုပ် သူ အစိုးရနှင့် အုပ်ချုပ်ခွင့် ပေးထားသည့် ပြည်သူများအကြား လူမှုရေးအရ ချုပ်ဆို ထားသော စာချုပ် ပဋိဉာဉ်တခုသာ ဖြစ် သည်။ သို့သော်လည်း စစ်အစိုးရ၏ ယခု ဖွဲ့စည်းပုံတွင် ပြည်သူများ ကျေနပ်လက်ခံစေမည့် အချက်များထက်၊ စစ်အစိုးရ ခေါင်းဆောင်များ အလိုကျ ဖန်တီးထားခြင်း ဖြစ်သည်။

အသွင် ကူးပြောင်းရေး ကာလတရပ်ကို မြန်မာနိုင်ငံ ဖြတ်သန်းနေရချိန်၌ ဒီမိုကရေစီ ၁၀၀% မဖြစ်နိုင်သည့် အခြေအနေကို မိမိ လက်ခံသည်။ ဒီမိုကရေစီစနစ်ကို ရှေ့ဆက်ပြီး လုံ့လဥသဟထုတ် တည်ဆောက်ကြရဦးမည် ဆိုသည်ကိုလည်း စွဲမြဲ မြင်ထားသည်။ သို့သော်လည်း ယခု စစ်အစိုးရက ပြဌာန်းစေမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကတော့ မြန်မာနိုင်ငံအတွက် ကိုယ်ကျိုးနည်းရမည့် ဥပဒေမျိုး ဖြစ်သည်။ မည်သည့်နည်းနှင့်မျှ လက်ခံရန် လုံးဝ မဖြစ်နိုင်ပါ။

မည်သို့ဆိုစေ မိမိတို့ ပြည်သူအများက ဤဖွဲ့စည်းပုံကို ပြည့်သူ့ဆန္ဒ ခံယူပွဲဖြင့် အတည် ပြုပေးကြရတော့မည် ဖြစ်သည်။ အချိန်ကလည်း အတော်နီးကပ်နေသည်။ ရက် (၉၀) မျှပင် မရှိတော့ပါ။ သို့သော်လည်း စစ်အစိုးရဘက်က ဆန္ဒခံယူပွဲ အတွက် ပြင်ဆင်မှုများကို သေသေချာချာ စနစ်တကျ လုပ်ဆောင်နေမှု မတွေ့ရသေးပေ။ ဆန္ဒခံယူပွဲအတွက် ကော်မရှင် လူသိရှင်ကြား မဖွဲ့စည်း မကြေငြာရသေး။ ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးများကိုလည်း ထုတ်ပြန် ကြေငြာခြင်း မရှိသေး။ ထို့အပြင် ပို၍ ဆိုးသည်မှာ လူအများက အစိုးရကို ယုံကြည် လက်ခံဖွယ်ဖြစ်အောင် အပြုသဘော ဆောင်သည့် လုပ်ရပ်၊ ခြေလှမ်းများကိုလည်း မတွေ့ရသေးပါ။ ဥပမာအားဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ်သို့ ချီတက်တော့မည်ဟု ပြောနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးသင့်သည်။ ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက် တိုးတက် ကြိုးပမ်းသင့်သည်။ ဖွဲ့စည်းပုံ ဥပဒေကို ဝေဖန် ဆွေးနွေးပိုင်ခွင့်ကို ကန့်သတ်ထား သည့် အမိန့်ကြော်ငြာစာအမှတ် (၅/၉၆) ကို ပြန်ရုပ်သိမ်းသင့်သည်။ [န၀တမှ ဥပဒေအမှတ် ၅-၉၆ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက် ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ၇၊ ဇွန်၊ ၉၆တွင် ထုတ်ပြန်သည်။ မည်သူမဆို၊ မည်သည့်အဖွဲ့ အစည်း မဆို၊ တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ ဖြစ်စေန၀တ၏ လုပ်ရပ်များကို ဆန့်ကျင်လှုံ့ဆော်၍ ဆန္ဒပြဟောပြော၊ ပြောဆို၊ ရေးသားဖြန့်ဝေခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းများ ပြုလုပ်လျင် အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အနှစ်နှစ်ဆယ် အထိ ချမှတ်မည်ဖြစ်ကြောင်း အဖွဲ့အစည်းဖြစ်ပါက မတရားအသင်း အဖြစ် ကြေညာမည် ဖြစ်ကြောင်း ပါရှိသည်။ (ကြေးမုံ ဇွန်၊ ၈၊ ၁၉၉၆)]

စစ်အစိုးရက ပါတီစုံစနစ်တွက် လက်တွဲ လုပ်ကိုင်ကြရမည့် နိုင်ငံရေး ပါတီများကို အလေးထား ဆက်ဆံသင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်း မရှိပါ။ ပိုဆိုးသည်မှာ ထပ်မံဖမ်းဆီး ပိတ်ဆို့နေခြင်းများ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး၊ အန်အယ်လ်ဒီ ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကိုပင် အကျယ်ချုပ် သက်တန်း တနှစ်ထပ်မံတိုးလိုက်သေးသည်။ နိုင်ငံခြားရေး ၀န်ကြီးကလည်း ပြည်ပတွင် ဒေါ် အောင်ဆန်းစုကြည် ရွေးချယ်ခံပိုင်ခွင့် မရှိဟု ဥပဒေ မထွက်လာမီ ကြိုတင်၍ ပြောနေသေးသည်။ မည်သို့မျှ ယုံကြည်ဖွယ် မရှိပါ။
မည်သို့ပင် ဖြစ်စေ လာမည့် မေလ၏ တရက်ရက်တွင်တော့ မိမိတို့ မြန်မာပြည်သူများက ဆန္ဒမဲ ပေးကြရတော့မည် ဖြစ်သည်။ ဆုံးဖြတ်ပေးကြရတော့မည် ဖြစ်သည်။ ဤအချိန်တွင် မိမိနှင့် နီးစပ်သူ မိတ်ဆွေများနှင့် ဆွေးနွေး၍ ရသလောက် အမြင် (၂) ခု ပေါ်ထွက်လာခဲ့သည်။ အချို့သော သူများက ယခု ဆန္ဒ ခံယူပွဲသည် လုံးဝ လက်ခံဖွယ် မရှိ၊ (ဥပဒေကြောင်း အရ လက်မခံနိုင်၊ နိုင်ငံရေးအရ၊ စစ်အစိုးရက ကတိက၀တ်တွေ ပျက်ခဲ့သည်၊ အခွင့်အရေးများ ချိုးဖောက်သည်။ ယခုကိစ္စကို ဆောင်ရွက်ရန် တရားဝင်မှု မရှိ၊ စသဖြင့် အကြောင်းပြချက် မျိုးစုံ ရှိနေသည်။) အချို့ မိတ်ဆွေများက မဲရုံကိုသွား၊ ပြီးမှ ငြင်းပယ်သည့်မဲ (No vote) ကိုထည့်ခဲ့ ဆိုသည်မျိုး အမြင် ရှိနေကြသည်။ ထောက်ခံသူတော့ မတွေ့ရပါ။

မိမိ စတင်ဆွေးနွေးလိုသည့် အချက်မှာ မြန်မာနိုင်ငံအရေး လှုပ်ရှားနေကြသည့် သူများအကြား ဤကွဲလွဲချက်ကို အမြန်ဆုံး ညှိနှိုင်း၍ တသံတည်းထွက်နိုင်အောင် ကြိုးပမ်းရေးပင် ဖြစ်ပါ သည်။ အောက်ဖော်ပြပါ အချက်များက ထည့်သွင်းစဉ်းစားဖွယ် အချက်များသာ ဖြစ်ပါသည်။ မည်သို့လုပ်ဟူ၍ မိမိတွင် ပြောပိုင်ခွင့် မရှိပါ။ ပိုမိုပြည့်စုံစွာ စဉ်းစားနိုင်ရန် တထောင့် တနေရာမှ အကြံပြုချင်းသာ ဖြစ်ပါသည်။

စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲကို လုံးဝ ငြင်းပယ်ခဲ့သော်-

  • ပြည်သူ့ဆန္ဒခံယူပွဲ ဖြစ်မလာစေရန် လုံးဝ ငြင်းခိုင်းရသည်က ပိုခက်မည် ယူဆပါသည်။ တရားမ၀င်သည့် လှုပ်ရှားမှုများ ပိုမို ဆောင်ရွက်ကြရမည်။ ဖျက်လိုဖျက်ဆီးပြုရာ ရောက်မည်။ မိမိဘက်သား ကိုယ့်အင်အားစုများ အဖမ်း ခံရနိုင်သည်။
  • ဤအချက်က စစ်အစိုးရ၏ တရားမ၀င်မှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ၏ တရားဝင်မှု (legitimacy) ကို ကိုင်တွယ်ပြီး လှုပ်ရှားသလို ဖြစ်နေသည်။ သို့သော်လည်း လက်တွေ့ နိုင်ငံရေးတွင် အိမ်နီးချင်း အာဆီယံ နိုင်ငံများ၏အမြင် အပါအ၀င်၊ ကုလ အထူးသံ မစ္စတာ ဂမ်ဘာရီတို့က အစ အသံ ပြောင်းနေကြပြီ။ ဤနည်းလမ်းအတိုင်း ဆောင်ရွက်မည် ဆိုလျှင် ယခုထက် ပိုမို ခိုင်လုံ ရှင်းလင်းစေမည့် တင်ပြချက်များ ပြည်သူအများကို ဆောင်ရွက်ရန် လိုအပ်ပါလိမ့်မည်။
  • ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ဖို့ လုံးဝ ငြင်းပယ်ခဲ့လျှင် အကြောင်းပြချက် အနေဖြင့် စစ်အစိုးရဘက်က မတရားလုပ်မှာ ဖြစ်သည့် အတွက်ကြောင့်၊ ညစ်ပတ် မဲခိုးမည့် အတွက်ကြောင့် အစောကတည်းက မသွားသင့်ဟု ပြောသူများလည်း ရှိနိုင်ပါသည်။ အချက်အလက် အရလည်း မှန်ကန်ဖွယ် ရှိပါသည်။ သို့သော်လည်း ဤအကြောင်းပြချက်ကို နိုင်ငံတကာကို ချပြရာတွင် မခိုင်မာ၊ လက်ခံရန် ခက်ခဲနိုင်ပါသည်။ စစ်အစိုးရဘက်က ဖွင့်ပေးတာကို မသွားဘူး ဆိုပြီး ဒီမိုကရေစီ အင်အားစုများဘက်က အလွန် ဖြစ်စေပါလိမ့်မည်။
  • ထိုမျှမက ပြည်သူအများက ဤလမ်းကြောင်းအတိုင်း လိုက်ပါ လုပ်ဆောင်နိုင်သည့် အနေအထား ရှိ/မရှိကိုလည်း ချိန်ဆ သင့်ပါသည်။
  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ၏ အမျိုးသားညီလာခံမှ ကျောခိုင်းထွက်ခဲ့သည့် အဖြစ်ကိုလည်း ပြန်၍ သုံးသပ် ကြည့်စေလိုပါသည်။ (ကျောခိုင်းခဲ့သည်မှာ မှန်သော်လည်း၊ မိမိမှန်ကန်ကြောင်း ထင်ထင်ရှားရှား ပြနိုင်ရန် အားနည်းခဲ့သည်ဟု သုံးသပ် မိပါသည်။) နောက်ပိုင်းတွင် စစ်အစိုးရက တဘက်သတ်ပြီးအောင် ဆက်၍ သူ့လမ်း သူလျှောက်ခဲ့သည်။

မဲရုံးကိုသွား၊ ဆန့်ကျင်မဲ (No vote) ပေးရန် အနေအထားတွင်လည်း တွေးစရာ အများအပြား ရှိနေပါသေးသည်။

  • ဤသို့ ဆောင်ရွက်စေရန်မှာလည်း မလွယ်ကူလှပါ။ မည်သူတွေက ဦးဆောင်စည်းရုံးမှာလဲ ဆိုသည့် မေးခွန်းကို ဖြေဆို ကြရပါလိမ့်မည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး လူထုကို လှုံ့ဆော် ဆောင်ရွက်သင့်သည် ဆိုသည့် သဘောထားမျိုးကို မိမိမထောက်ခံလိုပါ။ မည်သူတွေက မည်သို့ လုပ်မည်လဲ စီစဉ်ကြရပါလိမ့်မည်။
  • စည်းရုံးမှုအတွက် သူတို့ စစ်အစိုးရဘက်က အင်အားစုများ အရံသင့် ရှိနေနိုင်သည်။ ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် ကိုအေးလွင်တို့ကဲ့သို့ အင်အားစုများ ရှိနေကြသည်။ သူတို့က ပြောင်ပြောင်တင်းတင်း စည်းရုံး လှုံ့ဆော်နေချိန်တွင် ဒီမိုကရေစီ အင်အားစုများဘက်က တရားမ၀င် လှုပ်ရှားမှုများ လုပ်ဆောင်နေရသကဲ့သို့ အနေအထားမျိုးလည်း ဖြစ်နေနိုင်သည်။
  • ကန့်ကွက်မဲ ပေးသင့်သည်ဟု လှုံ့ဆော် စည်းရုံးခဲ့လျှင်ပင် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေက မကောင်းလို့ ငြင်းပယ်သည် ဟူသည့် အကြောင်းပြချက် အပြင်၊ အခြား ပြင်ဆင်ထားချက်များလည်း ရှိနေသင့်သည်။ အခြား ပိုမို ကောင်းမွန်သည့် ရွေးချယ်စရာ လမ်းကြောင်းတခု (alternative) ကိုလည်း ပြည်သူအများကို မြင်သာအောင် ပြသထားရန် လိုအပ်ပါလိမ့်မည်။ ဤရွေးလမ်းက မည်သို့ မည်ပုံ ဆိုသည်ကို ချပြနိုင်မှ ပို၍ ခိုင်မာ အားကောင်း နိုင်ပါသည်။
  • အတိုက်အခံ အင်အားစုများဖက်က နောက်လာမည့် တဆင့်အတွက် စေ့စပ်ညှိနှိုင်းရေး အသေးစိတ်အစီအစဉ်များ စနစ်တကျ ပြင်ဆင်ထားသင့်သကဲ့သို့၊ အတိုက်အခံအားလုံး တညီတညွတ် သဘောတူထားသည့် ဖွဲ့စည်းပုံ ဥပဒေ နောက်တခုကိုလည်း ပြင်ဆင်ကောင်း ပြင်ဆင်ထားနိုင်ပါသည်။
  • လူအများစုက မဲမပေးဘဲ အိမ်မှာ နေရသည်မျိုးကို စိုးရိမ်မှု ရှိကောင်း ရှိနေနိုင်သည်။ လျှို့ဝှက် မဲပေးမှု စနစ်မျိုးဆိုလျှင် မဲရုံကိုသွား၍ ကန့်ကွက်မဲ ထည့်ရသည်မှာ အရေးမကြီးပါ။ စိုးရိမ်စိတ် ကင်းကင်းဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ဆောင်ရွက် လုပ်ကိုင်နိုင်ကြပါလိမ့်မည်။
  • အကယ်၍ ဆန္ဒခံယူပွဲကို လုံးဝ မငြင်းပယ်ဘဲ ကန့်ကွက်မဲ သွားပေးကြမည် ဆိုလျှင်တောင် "နိုင်မယ်လို့ ထင်လို့လား။ သူတို့ မတရားလုပ်မှာကို ကျော်လွှားနိုင်စရာ နည်းလမ်း ရှိမှာမို့လား" စသည့် မေးခွန်းများကို ဖြေဆိုကြရပါလိမ့်ဦးမည်။ ဤကိစ္စအတွက် နိုင်ငံတကာ ကြီးကြပ် စောင့်ကြည့်မှုများကိုလည်း ရရှိအောင်၊ လျှို့ဝှက် မဲပေးမှု စနစ် ဖြစ်လာစေရန် ကြိုးပမ်းတိုက်တွန်းကြရပါလိမ့်ဦးမည်။
ချုပ်၍ ဆိုရလျှင် ဖြစ်နိုင်ချေ အားလုံးကို တွက်ဆ၍ ယခု ပြည်သူ့ဆန္ဒ ခံယူပွဲကို လုံးဝငြင်းပယ်မည်လား? သို့မဟုတ် မဲရုံ ကိုသွား ကန့်ကွက်မဲ ပေးမည့် စနစ်ကို ကျင့်သုံးစေမည်လား? ဆိုသည်ကို ပြည်ပရောက် အတိုက်အခံ အင်အားစုများ၊ ပြည်တွင်းရှိ အင်အားစုများကြားတွင် ညှိနှိုင်းတိုင်ပင်ပြီး တညီတညွတ်ထဲ အသံထွက်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါ သည်။ သို့မှသာ အခြား ခြေလှမ်းများကို စနစ်တကျ ဆက်လက် ချီတက်နိုင်ကြပါလိမ့်မည်။ မည်သို့ စုစည်းနိုင်ကြမည်နည်း။ စဉ်းစားကြရန် အချိန်သင့်နေပြီ ဖြစ်ပါသည်။

သို့သော်လည်း မည်သည့်နည်းဖြင့် သွားသွား ပြည်သူလူထု အများကို စည်းရုံး လှုံ့ဆော်ကြရမည်သာ ဖြစ်သည်။ လူတန်းစား အလွှာ အသီးသီး၊ လူအုပ်စု အသီးသီး၊ တိုင်းရင်းသား အသီးသီးက လိုက်ပါဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်မျိုးလည်း ဖြစ်ရန် လိုအပ်ပါသည်။

စက်တင်ဘာ သံဃာနှင့် လူထုဆန္ဒပြပွဲများကို ဦးဆောင် လှုပ်ရှားခဲ့ကြသည့် ပြည်သူများ၏ နိုင်ငံရေးအဆင့်မှာ မနိမ့်ပါ။ သူတို့ မည်သို့ ရပ်တည်ရမည်ကို ရင်ထဲက သိနေကြပါသည်။ သို့သော်လည်း ယခုကဲ့သို့ အရေးပေါ်၊ အချိန် အကန့်အသတ်ဖြင့် လှုပ်ရှားကြရတော့မည့် အခြေအနေတွင် ပိုမို ချိတ်ဆက်မိပြီး လှုပ်ရှားဆောင်ရွက်နိုင်ရန် အကြံပြု တင်ပြခြင်း ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

Read More...

စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ဘယ်လဲ၊ ဘာလဲ

အောင်သူငြိမ်း
၂၀၀၈ ဖေဖော်ဝါရီ ၁၀
မဇ္ဈိမ

စနေနေ့ညက စစ်အစိုးရက ထုတ်ပြန်ကြေငြာချက် တခု လုပ်လာခဲ့သည်။ ယခုနှစ် မေလတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်မည်။ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ အသစ်များ လုပ်မည်ဟု ကြေငြာသွားခဲ့သည်။ ဗိုလ်ချုပ် တင်အောင်မြင့်ဦး လက်မှတ်နှင့် ထုတ်ပြန်လာခြင်း ဖြစ်ပြီး အများက မျှော်လင့်မထားသည့် အချိန်တွင် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် သံဃာနှင့် လူထုဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ချေမှုန်းခဲ့ပြီး၊ လူအများ၏ မကျေနပ်ချက်များ တအုံနွေးနွေး ရှိနေသေးချိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်နေပါသည်ဟု ပြောထားသည့် အချိန်၌ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သေချာသည်ကတော့ စစ်အစိုးရက သူတို့ဘာသာ တလမ်းသွား တုန်းတိုက်တိုက် ကျားကိုက်ကိုက် မောင်းတော့မည်။

ဤသို့ဖြင့် တရွတ်ဆွဲလာခဲ့သည့် လမ်းပြမြေပုံ နောက်တဆင့် တက်တော့မည် ဆိုသော်လည်း ၀မ်းသာဖွယ် သတင်းမဟုတ် ပါ။ ၁၉၈၈ ခုနှစ်၊ အာဏာသိမ်းချိန်မှစ၍ (၂၂) နှစ်အကြာ၊ ၂၀၁၀ ခုနှစ်တွင် အရပ်သား ဒီမိုကရေစီ အစိုးရ ပြန်လည် ရရှိတော့မည် ဆိုသော်လည်း ၀မ်းသာဖွယ် ဖြစ်မနေခဲ့ပါ။ စစ်အစိုးရ ရေးဆွဲနေသည့် ဖွဲ့စည်းပုံ အခြေခံက ဆယ်စုနှစ်ကျော် အချိန်ယူခဲ့ပြီး၊ ပြဿနာများ၊ မကျေလည်မှုများ၊ အဖုအထစ်များဖြင့် လုံးချာလည်နေခဲ့သည်။ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ မကျေလည်သဖြင့် ထွက်ခွါခဲ့ကြသည်။ တိုင်းရင်းသား အပစ်အခတ်ရပ် အဖွဲ့များ၏ တင်ပြချက်များကိုလည်း အကျေအလည် ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိ။ ထို့အပြင် ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲပြီးစီးပြီဟု နိဂုံးချုပ် ပွဲသိမ်းသည့် အချိန်တွင်လည်း အောင်ပွဲမခံနိုင်ခဲ့ပါ။ ပြည်သူအများက ရွှေဝါရောင် တော်လှန်ရေးဖြင့် တုံ့ပြန် ဆန့်ကျင်ပြခဲ့သည်။ ယခု လမ်းပြမြေပုံ နောက်တဆင့် တရွတ်ဆွဲလာပြန်ပြီ ဖြစ်သည်။

စစ်အစိုးရ၏ အမျိုးသားညီလာခံမှ ပေါ်ထွက်လာခဲ့သည့် ဖွဲ့စည်းပုံဥပဒေ အခြေခံမူ (၁၀၄) ချက်နှင့် ပတ်သက်၍လည်း လူ အများက ဝေဖန်ချက် အများအပြား ရှိနေခဲ့သည်။ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်စေရေးအတွက် ပြင်ဆင် ချမှတ်ထားသည့် အခြေခံဥပဒေဟု ဝေဖန်မှုများ အများအပြား ရှိနေသည်။ သို့သော်လည်း ဤကိစ္စကို ယခုဆောင်းပါးတွင် ဆွေးနွေးလိုရင်း မဟုတ်သောကြောင့် ထားဦးတော့။ ဤဆန္ဒခံယူပွဲ ကြေငြာချက်အပေါ် သက်သက်ကြည့်လျှင်လည်း စစ်အစိုးရ အတွင်း မည်မျှ ကျေလည်၍ ဤကြေငြာချက် ထုတ်ပြန်လာသည်ကပင်လျှင် သံသယရှိဖွယ် ဖြစ်နေသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ဤသို့သော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်မျိုးသည် စစ်အစိုးရအတွက် အရေးကြီးသော ခြေလှမ်းများ ဖြစ်ပြီး၊ (နအဖ) စစ်ကောင်စီဝင်များ၊ တပ်မှူးများ၏ ၄-လ ပတ် အစည်းအဝေးဖြင့်သာ ဆုံးဖြတ်လေ့ရှိသည်။ ယခုတွင်မူ ဤသို့ ၄-လ ပတ်အစည်းအဝေးများက မလုပ်နိုင်သည်မှာ ကြာပြီ။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပရမည့် အစည်းအဝေးကို ဆိုင်းငံ့ထားခဲ့သည်။ တဖန် ၂၀၀၈ နှစ်ဆန်းပိုင်း၊ ဇန်န၀ါရီလတွင် ကျင်းပရမည့် ၄-လပတ် အစည်းအဝေးကိုလည်း မကျင်းပနိုင်သေး။ သေချာသည်မှာ ယခုဆုံးဖြတ်ချက်က "နေပြည်တော်အုပ်စု" ဟု ခေါ်နေကြသည့် သက်တော်ရှည် ၀န်တစုက ဆုံးဖြတ်ချက်သာ ဖြစ်မည်။ မေလတွင် ကျင်းပမည် ဆိုသောကြောင့် အချိန်ကာလ အရလည်း အလွန်တိုတောင်း လွန်းနေသည်။

ထိုမျှမက ယခု ၂၀၀၈ တွင် ပြည်သူက အတည်ပြုပေးရမည့် နိုင်ငံတခု၏ အသက်သဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် နှိုင်းယှဉ်လျှင် ထားလိုက်ဦး။ ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲခဲ့သည့် စံနှုန်းများနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မရှင်တွင် ဗိုလ်ချုပ်စန်းယုက ဥက္ကဋ္ဌအဖြစ် ကြီးကြပ်ခဲ့ပြီး၊ ပထမမူကြမ်း၊ ဒုတိယ မူကြမ်း အကြိမ်ကြိမ် ထုတ်ဝေ၍ ပြည်သူထံ ချပြ ဆွေးနွေးစေခဲ့ကြသည်။ အပြန်ပြန် အလှန်လှန် ဆွေးနွေးပွဲများလည်း ရှိခဲ့ကြသည်။ ဖွဲ့စည်းပုံ ဥပဒေအတွက် အကြံပြုစာများကိုလည်း တနိုင်ငံလုံးရှိ ပြည်သူများမှ ဖိတ်ခေါ်ခဲ့သည်။ (လက်တွေ့တွင်မူ အကြံပြုစာ ပေးပို့၍ အဖမ်းဆီး ထိန်းသိမ်း ခံရသူများလည်း ရှိခဲ့သည်။) နိုင်ငံတော်သီချင်း အသစ်အတွက်လည်း အနုပညာရှင်များနှင့် သီချင်းစပ်ဆိုစေရန် စေခိုင်းမှုများ ရှိခဲ့သေးသည်။ ပြည်သူ့ဆန္ဒ ခံယူပွဲ မတိုင်မီတွင် ပြည်သူလူထုကို လှုံ့ဆော် စည်းရုံးမှုများလည်း ရှိခဲ့ပြီး၊ ထိုစဉ်က အဆိုတော် အောင်ကိုလတ်၏ "မဲရုံ... မဲရုံကိုလာ" သီချင်းသည် ထိုအချိန်က လူထုအကြား ရေပန်းစားသည့် သီချင်းတပုဒ်လည်း ဖြစ်ခဲ့သေးသည်။ အချိန်ကာလအားဖြင့် (၂) နှစ်ကျော်မျှ ယူခဲ့သည်ဟု သိရပါသည်။
ယခု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို မေလတွင် ဆောင်ရွက်မည် ဆိုသောကြောင့် အချိန် (၃) လမျှသာ ကျန်ပါတော့ သည်။ ၎င်း (၃) လတာ ကာလအတွင်း ပြည်သူသို့ မည်သို့ ချပြမည်နည်း။ မဲဆန္ဒပေးနိုင်သူ လူဦးရေနှင့် ပတ်သက်၍လည်း ပြဿနာ ရှိနေနိုင်သေးသည်။ ၁၉၇၄ ဖွဲ့စည်းပုံ ရေးဆွဲမှု မတိုင်မီက ၁၉၇၃ ခုနှစ်၊ ဧပြီလတွင် သန်းကောင်စာရင်း ကောက်ယူမှု လုပ်ခဲ့သေးသည်။ နိုင်ငံဧရိယာ၏ ၁၅%၊ (လူဦးရေ၏ ၃%) တွင် သန်းကောင်စာရင်း မကောက်ယူနိုင်ခဲ့ဟု ဆိုသော် လည်း တစုံတရာ လုံလောက်သော စာရင်းဇယားများ ရယူနိုင်ခဲ့သေးသည်။ ယခု ၂၀၀၈ ဆန္ဒခံယူပွဲအတွက်မူ သန်းကောင် စာရင်း ကောက်ယူမှုများ စနစ်တကျ မတွေ့ခဲ့ရသေးပါ။ ထားဦးတော့။ ထို့အပြင် မြန်မာနိုင်ငံ၏ လူဦးရေ ပျမ်းမျှ တွက်ချက်မှု သန်း (၅၀) ဆိုလျှင်၊ အိမ်ထောင်စု (၁၀) သန်းခန့် အနည်းဆုံး ရှိမည်ဟု တွက်ချက်ထားနိုင်ပါသည်။ (လူ ၅ ဦး၊ တအိမ် ထောင်နှုန်း)။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြည်သူ့ ဆန္ဒခံယူပွဲ ပြုစဉ်က အိမ်ထောင်စု တခုလျှင် ဖွဲ့စည်းပုံ မူကြမ်း တအုပ်နှုန်း ဝေငှဖြန့်ချိခဲ့ပါသည်။ အလားတူ အခြေအနေနှင့် တွက်ဆမည်ဆိုလျှင် ဖွဲ့စည်းပုံ မူကြမ်း စာအုပ် (၁၀) သန်းကို ရိုက်နှိပ်ရန်အတွက် ၃-လ အတွင်း ဖြစ်နိုင်ပါမည်လော။ ဤစာအုပ်များကို ဝေးလံခေါင်ဖျားသည့် တောင်ပေါ် ဒေသများ အပါအ၀င်၊ အိမ်တိုင်းစေ့သို့ ဖြန့်ချိရန်အတွက် မြန်မာနိုင်ငံ၏ စာတိုက်စနစ်၊ သယ်ယူပို့ဆောင်ရေး စနစ်များနှင့် ဖြစ်နိုင်ပါမည်လော။ ဤဖွဲ့စည်းပုံနှင့် ပတ်သက်၍ လူထုအများ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင် နိုင်ရန်အတွက် အချိန် လောက်ငှ ပါမည်လော။ ဝေဖန် ဆွေးနွေးနိုင်ရန် အတွက်လည်း အခင်းအကျင်း ရှိပါမည်လော။ ပြည်သူလူထုများက ပြန်လည်တင်ပြချက်များ ပြုလာမည်ဆိုပါက ပြန်လည် ပြင်ဆင်ထည့်သွင်းချက် မပြုဘဲ ၎င်းမူလ အတိုင်း ပြည်သူ့ဆန္ဒ ခံယူစေတော့မည်လော။ ပြည်သူလူထုများက အကြံပြု တင်ပြချက်များ ဆောင်ရွက်လာမည်ဆိုလျှင် လက်ခံမည့် စာတိုက်ပုံး၊ ထည့်သွင်းစဉ်းစားပေးမည့် ပညာရှင်အဖွဲ့များ၊ ရုံး များ၊ တင်ပြနိုင်ရန် လမ်းကြောင်းများ မရှိတော့ ပြီလော။ ယခု အမျိုးသားညီလာခံက ချမှတ်ထားသည့် (၁၀၄) ချက်ကိုပင် ပြည်သူအများက မချစ် မနှစ်သက်သော်လည်း၊ ဓါးမိုးထား၍ အောင့်ကာ နမ်းကြရတော့မည်လော။ အတော် ပြဿနာ ရှိနေပါသည်။ အထူးသဖြင့် အုပ်ချုပ်သူများနှင့် အုပ်ချုပ်ခံ ပြည်သူများအကြား လူမှုစာချုပ် ပဋိဉာဉ် (social contract) တခုသဖွယ် ဖြစ်နေသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတခုကို ဤနည်းဖြင့် အတည်ပြုမည်ဆိုလျှင် အကြီးအကျယ် ပြဿနာ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ ကာလကြာရှည် မပြေလည်ဘဲ ရှိနေခဲ့သော ပဋိပက္ခများ၊ ပြဿနာများကို ချုပ်ငြိမ်းစေမည့် အစား၊ တိုး၍ ဆိုးဖွယ် ပေါက်ကွဲဖွယ်ရာ အခြေအနေသို့သာ ဦးတည်စေမည် ဖြစ်ပါသည်။

နိုင်ငံတကာတွင် ပြည်သူ့ဆန္ဒ ခံယူပွဲတခု ပြုတော့မည် ဆိုလျှင် မည်သည့် စံချိန်စံနှုန်းများ ရှိရမည်ဟူသော တင်ပြဆွေးနွေး ချက်များ ရှိပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို စောင့်ကြည့် အထောက်အကူ ပြုနေသည့် အင်တာနေရှယ်နင် အိုင်ဒီအီးအေ (International IDEA) အဖွဲ့က တင်ပြထားချက်များ ရှိပါသည်။ (မြန်မာဘာသာဖြင့် ရယူလိုပါက မြန်မာနိုင်ငံ ရန်ပုံငွေအဖွဲ့ (Burma Fund) ၏ အင်တာနက် စာမျက်နှာတွင် ရှိပါသည်။) ဤအချက်များကို အနှစ်ချုပ် တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ယခုဆောင်ရွက်မည့် ၂၀၀၈ ပြည်သူ့ဆန္ဒ ခံယူပွဲနှင့်လည်း နှိုင်းယှဉ်စဉ်းစားနိုင်ရန် ဖြစ်သည်။

  • ပထမအချက်တွင် ဤဆန္ဒ ခံယူပွဲသည် အာဏာတည်မြဲရန် (ဥပဒေအဖြစ် ပြဌာန်းရန်) အတွက်လော၊ လူအများထံမှ အကြံပြုချက် ရယူရန် အတွက်လောဟု မဲပေးသူ ပြည်သူအများကို ရှင်းနေစေရပါမည်။
  • ထို့အပြင် မည်သည့် အခြေအနေမျိုးတွင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပနိုင်သည်ကိုလည်း ရှင်းလင်းတိကျသည့် ဖော်ပြထားချက်များ ဖွဲ့စည်းပုံ ဥပဒေအရ ပြဌာန်းထားရန်လည်း လိုပါသည်။
  • နောက်တချက်မှာ ပြည်သူ့ဆန္ဒ ခံယူပွဲ ဆောင်ရွက်မည့် "မေးခွန်းများ" ဖြစ်ပြီး၊ ဤမေးခွန်းများကို လွယ်ကူ ရှင်း လင်းစေရန်၊ အစိုးရကသော် လည်းကောင်း၊ သီးခြား လွတ်လပ်သည့် ပညာရှင်များကသော် လည်းကောင်း ရေးသားစေရန် စေခိုင်းနိုင်ပါသည်။
  • ထိုမျှမက ဤပြည်သူ့ဆန္ဒ ခံယူပွဲ ရလဒ်ကို မည်သို့ ဆုံးဖြတ်မည်ကိုလည်း တိတိကျကျ ဖော်ပြထားရပါမည်။ ဆိုလိုသည်မှာ "လူအများစု၏ မဲရရှိမှု ပမာဏ သတ်မှတ်ချက် အနိမ့်ဆုံးမျဉ်း" ကို သတ်မှတ် ထားရပါလိမ့်မည်။ ပို၍ ရှင်းပြရမည် ဆိုပါက မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူများ၏ မည်သည့် ရာခိုင်နှုန်း မဲပေးမှ ဆန္ဒခံယူပွဲ အထမြောက်ပါသနည်း။ လူ (၁၀၀) တွင် အများက သပိတ်မှောက်၍ လူ (၁၀) ဦး ပေးသည့်မဲဖြင့် ဆုံးဖြတ်လိုက်ပါက တရားမျှတမှု မရှိ နိုင်ပါ။ ထိုမျှမက ရရှိသည့် အတည်မဲများ၏ (၅၀)% ကျော်က ထောက်ခံမဲ ရရှိမှသာလျှင် (simple majority) အတည်ပြုမည်လော၊ သို့မဟုတ် (၇၅%) ကျော်မှ "ထောက်ခံမဲ" (ဧရာမ မဲအများဟု) အတည်ပြုမည်လော။ စသဖြင့် တိတိကျကျ ပြဌာန်းသတ်မှတ်ရန် လိုအပ်ပါသည်။
  • ပို၍ အရေးကြီးသည့် အချက်မှာ ဤသို့ ဆန္ဒခံယူပွဲများ ဖြစ်လာစေရန်၊ သို့မဟုတ် ဆန္ဒခံယူပွဲများအတွင်း ပြည်သူ အများက ဦးဆောင် ပါဝင်နိုင်ခွင့် (citizen initiatives) အခန်းကဏ္ဍပင် ဖြစ်သည်။ ဆန္ဒခံယူပွဲအတွက် လှုံ့ဆော် စည်းရုံးကြရာ၌ အဆိုကို ထောက်ခံသူများ ဘက်ကရော၊ ကန့်ကွက်သူများ (မတူကွဲပြားသည့် အမြင်များ) ဘက်ကပါ တန်းတူရည်တူ စည်းရုံး လှုံ့ဆော်ခွင့် ရှိရပါမည်။ ဤသို့ ဆောင်ရွက်ကြရာ၌ ပြည်သူတဦးချင်း သာမက၊ အကျိုး စီးပွားတူရာ အစုအဖွဲ့များ (interest groups) အလိုက်လည်း စည်းရုံး လှုပ်ရှားခွင့် ရှိရပါလိမ့်မည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပို၍ ကျယ်ပြန့်သောကြောင့် အကျိုးစီးပွား မတူသည့် အုပ်စုများ အမျိုးမျိုးက စည်းရုံးလှုပ်ရှား၍ မိမိတို့ အမြင်ကို တင်ပြနိုင်ကြရပါမည်။ အမျိုးသမီး အုပ်စုများကလည်း ဖွဲ့စည်းပုံကို သူတို့ အခွင့်အရေးရှုထောင့်က သုံးသပ်ပါလိမ့်မည်။ တိုင်းရင်းသားများကလည်း သူတို့ ရရှိမည့် တိုင်းရင်းသား အခွင့်အရေးကဏ္ဍအတွက် အမြင်ထုတ်ဖော်ခွင့် ရှိရပါလိမ့်မည်။ ထိုမျှမကပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများ၊ စီးပွားရေး လုပ်ငန်းရှင် များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများ၊ ဥပဒေပညာရှင်များ ကလည်း သူတို့ရှုထောင့်နှင့်သူ သုံးသပ်ချက်များ၊ စည်းရုံး လှုံ့ဆော် အကြံပေးမှုများ ရှိရပါလိမ့်မည်။
  • သို့သော် အထက်ဖော်ပြပါ စည်းရုံးလှုံ့ဆော်မှုများကို အစိုးရက စနစ်ကျစေလိုလျှင်ဖြင့် မှတ်ပုံတင်ခွင့်ပေး၍ တရားဝင် ဆောင်ရွက်စေနိုင်ပါသည်။ ထိုအဖွဲ့များကို ဘဏ္ဍာရေးအရ ထိန်းချုပ်မှုများ (နိုင်ငံရပ်ခြား ထောက်ပံ့မှုများ၊ အခွန်ဆိုင်ရာ ကိစ္စများ စသဖြင့်) ရှိနိုင်သကဲ့သို့၊ အစိုးရကလည်း တန်းတူရည်တူ ထောက်ပံ့ပေးမှု ဂရန့်များလည်း ပြုပေးရန် လိုအပ်ပါသည်။ အစိုးရက ထောက်ပံ့မှုပေးရာ၌ ငွေကြေးမဟုတ်သည့် ကူညီ ပံ့ပိုးမှုများလည်း ပေးနိုင်ပါသေးသည်။ ဥပမာအားဖြင့်- မဲဆန္ဒရှင်များ ကျေကျေလည်လည် ဆုံးဖြတ်နိုင်စေရေးအတွက် မတူကွဲပြားသည့် အမြင်များကို ရုပ်မြင်သံကြား၊ ရေဒီယိုများမှ တင်ပြနိုင်စေရေးအတွက် အချိန် ကန့်သတ်ပေး၍ ထုတ်လွှင့်စေခြင်း ဖြစ်ပါသည်။ မိမိလိုသမျှကိုသာ တဘက်သတ် အတည်ပြုခိုင်းပါက တရားမျှတသည့် ပြည်သူ့ဆန္ဒ ခံယူပွဲ ဖြစ်လာလိမ့်မည် မဟုတ်ပါ။
  • အခြား အရေးကြီးသည့် အချက်မှာ လွတ်လပ်သည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍနှင့် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများ ပါဝင်ကြီးကြပ် လေ့လာခွင့်ရှိရေးပင် ဖြစ်သည်။ တရားမျှတသည့် ပြည်သူ့ဆန္ဒ ခံယူပွဲတခုဟု ဆိုပါက မိမိတို့ ပြည်သူများက အဖွဲ့များစုဖွဲ့၍ လေ့လာ စောင့်ကြည့်ခွင့် ရှိရမည့် အပြင်၊ လွတ်လပ်သည့် သတင်း မီဒီယာများ၊ နိုင်ငံတကာ လေ့လာသူများကလည်း စောင့်ကြည့် လေ့လာခွင့် ပြုရပါမည်။ သို့မှသာ ၎င်းအတည်ပြု လိုက်သည့် ဆန္ဒခံယူပွဲ ဆုံးဖြတ်ချက်သည် တရားမျှတကြောင်း ပို၍ယုံကြည်မှု ရလိမ့်မည် ဖြစ်ပါသည်။ ဤသို့ လေ့လာခွင့် ပြုသည် ဆိုရာ၌လည်း မဲပေးချိန်မှစ၍၊ လုပ်ငန်းစဉ် အဆင့်တလျှောက်လုံး၊ ထိုမျှမက လိုအပ်သည့် ရုံးဌာနများ (ဥပမာ- လူဦးရေ တွက်ချက်မှုနှင့် ဆိုင်သည့် စာရင်းဇယားများ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်သူ့ ဆန္ဒခံယူပွဲ ကော်မရှင်၊ အတိုက်အခံ နိုင်ငံရေး ပါတီများ စသဖြင့်) သို့လည်း သွားရောက် မေးမြန်းသဘောထား ရယူနိုင်ခွင့် ရှိရပါလိမ့်မည်။
ယခု ထုတ်ပြန်လာသည့် စစ်အစိုးရ၏ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြပါ အချက်အလက်များအတွက် ရှင်းလင်း ဖော်ပြ ထားခြင်း မရှိပါ။ ထိုမျှမက အချိန်ကာလ အပိုင်းအခြားအရလည်း လက်တွေ့ မကျနိုင်လောက်အောင် တိုတောင်းလွန်းနေ ပါသည်။ စစ်အစိုးရကတော့ လမ်းပြမြေပုံကို ၎င်းတို့၏ ထွက်ပေါက်အဖြစ် မြင်ကောင်းမြင်၍ အရေးပါသည့် ခြေတလှမ်း အဖြစ် ယခုလို ပြည်သူ့ဆန္ဒ ခံယူပွဲကို အလောသုံးဆယ် ကြေငြာလာခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း မိမိအမြင်တွင် စစ်အစိုးရ၏ အုပ်ချုပ်မှု ယန္တယားအတွင်း စနစ်တကျ မရှိမှုများက အတိုင်းသား ပေါ်နေခဲ့ပါသည်။ လက်တွေ့မကျသည့် ဆုံးဖြတ်ချက်များ ပို၍ ပို၍ ပြုလာခဲ့ပြီး၊ လိုက်လံ အကောင်အထည် ဖော်ရန်ပင် အတော်ခက်ခဲသည့် ဆုံးဖြတ်ချက်များ ဖြစ်လာပါသည်။ ပို၍ ဆိုးလာသည်မှာ ပြည်သူလူထု အများ၏ ဆန္ဒ၊ သဘောထားများကို မျက်ကွယ်ပြု ကျောခိုင်းသည့် ခြေလှမ်းများ ဖြစ်ပြီး၊ ပြည်သူလူထု၏ ဆန္ဒကို ကျောခိုင်း၍ လမ်းလွဲသို့ ဝေး၍ ဝေး၍ ချီတက်နေပါတော့သည်။

(ယခု ပြည်သူ့ဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍ ဒီမိုကရေစီ အင်အားစုများက လုပ်ဆောင်နိုင်ဖွယ်များကို ဆက်လက်အကြံပြု တင်ပြပါမည်။)

International IDEA အဖွဲ့၏ "ပြည်သူ့ဆန္ဒခံယူပွဲ ဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် ပတ်သက်သော ပြဿနာများ" စာတန်းကို (မြန်မာဘာသာဖြင့်) Burma Fund အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ရယူလေ့လာနိုင်ပါသည်။

Read More...