တူမောင်ညို
၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဂျာနယ်
အတိုက်အခံတွေဘက်ကပြောနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ (နအဖ) စစ်အစိုးရရဲ့ လမ်းပြမြေပုံအတိုင်း ဆက်သွားဖို့မဟုတ်ဘူး။ ထို့အတူပါပဲလမ်းပြမြေပုံရောက်ရှိနေတဲ့အဆင့် (တတိယအဆင့်) ကနေ ပါဝင်လုပ်ဆောင်ဖို့လဲ မဟုတ်ပါဘူး။
သြဂုတ်၊ စက်တင်ဘာအုံကြွမှုရဲ့ အဓိကတောင်းဆိုချက်တွေရဲ့ အနှစ်သာရက (နအဖ) စစ်အစိုးရ လမ်းပြမြေပုံကို ရပ်ပစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အခြားအတိုက်အခံတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါဝင်တွေ့ဆုံဆွေးနွေးကြဖို့သာ ဖြစ်ပါတယ်။ အခု (နအဖ) စစ်အစိုးရပြောဆိုဖေါ် ပြနေတာတွေက လမ်းပြမြေပုံကနေ တပြားသားမှ အလျော့မပေးဘူး ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း မစဉ်းစားပါဘူး။ ဆက်လက်ပြီးတော့လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနေတော့ တွေ့ဆုံ ဆွေးနွေးရေးဆိုတာဟာ ဘယ်လိုဖြစ်လာနိုင်မှာလဲ။ ဘာမှမျှော်လင့်စရာ မရှိပါဘူး။
(နအဖ) စစ်အစိုးရဟာ တကယ်တော့ အချိန်ဆွဲနေတာပါ။ အချိန်ဆွဲပြီး လမ်းပြမြေပုံ အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတာလည်း ပေါ်လွင်ပါတယ်။ ကျွန်တော်တို့ ပြည်သူများအနေနဲ့လည်း ဘယ်သူ့ကိုမှ အားကိုး လို့မရပါဘူး။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ့်အားကိုယ်ကိုးမှဖြစ်မှာပါ၊ အမေရိကန်စစ်တပ်က ၀င်တိုက်ပေးမှာကို မျှော်လင့်စိတ်ကူးယဉ် ပုံဆွဲကြည့်နေလို့လည်း အပိုပါပဲ။ ပြည်ပက စာနာမှုနဲ့ အကူအညီဆိုတာဟာ ပြည်တွင်းက တိုက်ပွဲရဲ့ အရှိန်အဟုန်အပေါ်မှာ တည်မှီနေပါတယ်။ သြဂုတ်၊ စက်တင်ဘာအုံကြွမှုကြောင့် ပြည်ပ နိုင်ငံများရဲ့ စာနာမှုနဲ့ ထောက်ထားမှု ရရှိခဲ့တာပဲ မဟုတ်ပါလား။
ဒါကြောင့် ပြည်သူလူထုထဲမှာလမ်းပြမြေပုံ အဆင့်(၄) နဲ့နောင်အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲအတွက် ရေရှည်ပြင်ဆင်တာတွေ လုပ်ထားသင့်ပါတယ်။
လမ်းပြမြေပုံအဆင့် (၄) မှာ ကုလသမဂ္ဂအကဲခတ်တွေ ၀င်ခွင့်ရရေး၊ ပြည်သူတွေ၊ တပ်မတော်သားတွေ လွတ်လပ်စွာဆန္ဒသဘောထားဖော်ထုတ်နိုင်ရေး စတဲ့ကိစ္စတွေကိုယခုအချိန်ကတည်းက ပြည်ပလော်ဘီအုပ်စု အားလုံး တညီတညွတ်တည်းသော သဘောထားနဲ့ ပြင်ဆင်ထားဖို့ အချိန်တန်ပါပြီ၊ ပြင်ဆင်သင့်ပါပြီ။
ပြည်သူလူထုနဲ့ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မှူးတပ်သားတွေဟာ လွတ်လွတ်လပ်လပ်နဲ့ ကြောက်ရွံ့စရာမရှိပဲ သူတို့ရဲ့ဆန္ဒကို လျှို့ဝှက်ဆန္ဒမဲပေးခွင့်ကျင့်သုံးပြီး ဖေါ်ပြနိုင်ခွင့်ရရင် ဒီတကြိမ်မှာလဲ (၁၉၉၀ ပြည့်။ ရွေးကောက်ပွဲမှာကဲ့သို့) သူတို့ဆန္ဒ အစစ်အမှန်ကို ထပ်မံထုတ်ဖော်ပြသကြဦးမှာပဲလို့ ကျွန်တော် အလေး အနက်ယုံကြည်ပါတယ်။
ဒီအတွက် ပြည်တွင်းပြည်ပအင်အားစုများ ပြင်ဆင်ကြဖို့လိုပါတယ်၊ အသေအချာပြင်ဆင်ဖို့လိုပါတယ်။
ဒီလိုပြင်ဆင်တဲ့နေရာမှာ အပစ်ရပ် တိုင်းရင်းသားတွေကိုလည်း ချန်မထားမိဖို့နဲ့ (နအဖ) စစ်အစိုးရဖက် တွန်းပို့လိုက်တာ မျိုးမလုပ်မိဖို့လိုပါတယ်။ သြဂုတ်၊ စက်တင်ဘာအုံကြွမှုနဲ့ပတ်သက်ပြီး သူတို့တင်ပြတဲ့ သဘောထားတွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ခွဲခြားမှုမရှိပဲ ‘သူတို့ကျောခိုင်းကြလေပြီ’ လို့ လုံးထွေးမပစ်မိဖို့လိုပါတယ်။ (နအဖ) စစ်အစိုးရကို ဆန့်ကျင်တဲ့ အင်အားစုမှန်သမျှနဲ့ စည်းလုံးနိုင်ဖို့ဖြစ်ပါတယ်။
တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (နအဖ) စစ်စိုးရကျင်းပခဲ့တဲ့ (ကျိုက္ကဆံ၊ ညောင်နှစ်ပင်) ညီလာခံကို လက်မခံလို့ အစောကြီးကထဲက ထွက်လာခဲ့တာပါ။ ပထမအကြိမ်(ကျိုက္ကဆံ) ညီလာခံ ကနေထွက် လာခဲ့တာမှာလဲ အဲဒီတုန်းက (န၀တ) စစ်အစိုးရက တစ်ဖက်သတ်အနိုင်ကျင့်ချမှတ်ထားတဲ့ ဦးတည်ချက်တွေ။ လုပ်ထုံးလုပ်နည်းတွေကို လက်မခံနိုင်လို့ ထွက်လာခဲ့တာပါ။
၂၀၀၄ ခုနှစ် (ညောင်နှစ်ပင်ညီလာခံ)ကို စတင်ကျင်းပတော့လည်း ညှိနှိုင်းနိုင်မယ်၊ ဆွေးနွေးနိုင်မယ် ထင်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိမ့်ဆုံးလိုအပ်ချက်တွေ တင်ပြကမ်းလှမ်းခဲ့တာပါ၊ ဒါပေမယ့် (နအဖ) စစ်အစိုးရက မလိုက်လျောခဲ့ပါဘူး။
အခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြနေတာတွေဟာ (နအဖ) စစ်အစိုးရသွားနေတဲ့ လမ်းပြမြေပုံမှာ ရတဲ့နေရာ၊ ရတဲ့အဆင့်က ပါဝင်လုပ်ဆောင်ဖို့ အသနားခံနေတာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရမယ်၊ ကိစ္စတိုင်းကို တစ်ဖတ်သတ်ကြိုတင် သတ်မှတ်ထားတာ မလုပ်ပဲ၊ ကိစ္စတိုင်းကို ဆွေးနွေးညှိနှိုင်း ချမှတ်ရမယ် (subject to discuss) ။ ဆွေးနွေးသည့်အဆင့်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်လို့ အတိအလင်း ပြောဆိုထားတာ ဖြစ်ပါတယ်။
အခုလက်ရှိ (နအဖ) စစ်အစိုးရရဲ့ ကြေညာချက် (၁/၂၀၀၇) က အစ၊ ကြံ့ဖွံ့သင်းလုံးကျွတ်အစည်းဝေး (၂၀၀၇) တွင် ပြောသည့် (နအဖ) ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိန့်ခွန်း အလယ်၊ စင်္ကာပူမှာပြောတဲ့ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းအဆုံး အားလုံးကို လေ့လာသုံးသပ်ကြည့်တဲ့အခါ (နအဖ) စစ်အစိုးရပြောနေတဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာဟာ သူတို့သဘောနဲ့ သူတို့တစ်ဖက်သတ် ချမှတ်ထားတဲ့ လမ်းပြမြေပုံမှာ ကျန်တဲ့သူတွေက ခေါင်းငုံ့ဒူးထောက်ပြီး ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။
ဒီလိုပါဝင်ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ နေရာမှာတောင်မှ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ‘ပိတ်လေးပိတ်’ကို စွန့် လွှတ် ကြောင်း အရင်ဆုံး ကြေညာရမယ်လို့ ဆိုပါတယ်၊ ဒါမှသာ ‘သူမနဲ့ တွေ့ဆုံမည်’ လို့ ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနဲ့ နိုင်ငံတကာကို သူတို့ပြောတဲ့စကားက ရှင်းပါတယ် ‘မူဝါဒလမ်းစဉ်(၇)ရပ်ကို ထိ ခိုက်မှုရှိ မရှိ စဉ်းစားပြီး ထိခိုက်မှုမရှိမှ လက်ခံအကောင် အထည်ဖေါ်သွားမည်တဲ့’။
ဒါကလည်း ခင်ဗျားတို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘာပဲပြောနေနေ ကျုပ်တို့ (နအဖ) စစ်အစိုးရကတော့ ငါ့မြင်းငါစိုင်းမယ် ဆိုတာပဲဖြစ်ပါတယ်။ ဘယ်သူ့အကြံပြုချက်မှ လက်ခံမည်မဟုတ်၊ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ လမ်းပြမြေပုံအတိုင်းသွားမယ်ဆိုတာပဲဖြစ်ပါတယ်။
ဒါတွေကြောင့် ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာ ယခုလက်ရှိတည်ရှိနေတဲ့ အခြေအနေအောက်မှာ။ (နအဖ) စစ်အစိုးရ ကပြောနေတဲ့ သဘောထားတွေနဲ့ဆိုရင် ဘယ်လိုနည်းနဲ့မှ ဖြစ်လာနိုင်စရာမရှိပါဘူး၊ ဒါကြောင့် အချိန်ဆွဲဖို့နဲ့ လှည့်စားဖို့သက်သက် (နအဖ) စစ်အစိုးရက တင်ပြထားတဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတာကို ‘တည်’ ပြီး ပြည်တွင်းပြည်ပမှာ ဘာလို့ ကျွန်တော်တို့အငြင်းပွား နေကြမှာလဲ။
လမ်းပြမြေပုံအဆင့် (၄) မှာ ပြည်သူတွေနဲ့ တပ်မတော်ထဲက တပ်မှူးတပ်သားတွေအနေနဲ့ (နအဖ) စစ်အစိုးရကို မှတ်လောက် သားလောက် ဆုံးမနိုင်ဖို့ ယခုကတည်းက စည်းရုံးပြင်ဆင်ဆောင်ရွက်ကြပါစို့။
ဒါကြောင့် အစကတည်းကမဖြစ်နိုင်တဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ပျက်ရတယ်ဆိုရင်ဖြင့်လည်း အဓိကလက်သည် တရားခံဟာ (နအဖ) စစ်အစိုးရသာလျင် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာမှုကြောင့်လည်း မဟုတ်ပါ။
ကုလသမဂ္ဂ ကြောင့်လည်း မဟုတ်ပါ။
မစ္စတာဂမ်ဘာရီကြောင့်လည်း မဟုတ်ပါ။
Wednesday, December 5, 2007
အစကတည်းက မဖြစ်နိုင်တဲ့ တွေဆုံဆွေးနွေးရေး ပျက်ရတယ် ဆိုရင်ဖြင့်
Labels: ဆောင်းပါး
Tuesday, December 4, 2007
ဘယ်မှာလဲ တွေ့ဆုံဆွေးနွေးရေး
တူမောင်ညို
ရိုးမ ၃
(၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်)
(နအဖ)စစ်အစိုးရသည် “နိုဝင်ဘာလ ၈ ရက်နေ့တွင် မစ္စတာ ဂမ်ဘာရီမှတဆင့် ထုတ် ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ရင်ဆိုင်ရာတွင် တရားဝင်ဖွဲ့စည်းထား သော နိုင်ငံရေးပါတီအချို့၊ အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု များနှင့်ပင် မလုံလောက်တော့ချေ။
ယခုအခါ ညောင်နှစ်ပင်ညီလာခံကိုယ်စားလှယ်များ(တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် များ)ကိုပင် ဆွဲထုတ်သုံးလာရသည့် အခြေအနေသို့ ရောက်လာပါသည်။
ထိုတိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့မှာ (နအဖ)စစ်အစိုးရ စိတ်ကြိုက်ခေါင်းခေါက် ရွေးထားသော ‘ကိုယ်စားလှယ်များ’သာ ဖြစ်ပါသည်။ အရေအတွက်အားဖြင့် (၆၄၁) ဦး ရှိပါသည်။ ညောင်နှစ်ညီလာခံသို့ တက်ရောက်သည့် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် ဖြစ်ပါ သည်။
ထိုသူများက (နအဖ)စစ်အစိုးရအလိုကျ သဘောထားထုတ်ပြန်နေခြင်းမှာ ဘာမျှမဆန်းပါ။
(နအဖ)စစ်အစိုးရက ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရွေးချယ်ခန့်အပ်တာဝန်ပေးထားသူများ၊ (နအဖ)စစ်အစိုးရနှင့် အကြောင်းအမျိုးအမျိုးနှင့် မလွတ်မကင်းရှိသူများသည် (နအဖ)စစ်အစိုးရ အလိုကျ ပြော၊ ဆို၊ ရေးသား၊ ထုတ်ပြန်ကြရမည်သာဖြစ်သည်။
နေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်များတွင် ရေးသားနေကြသည့် ‘ဆောင်းပါးရှင်’ ဆိုသူများကဲ့သို့ပင် ဖြစ်ပါသည်။
(နအဖ)စစ်အစိုးရက ရေးစေဟု အခွင့်သနားလိုက်သည်နှင့် ရေးကြရတော့သည်။ စာရေး၍ အမျိုးသားရေးတာဝန်ထမ်းသည်ဟု လေလုံးထွားခဲ့ဖူးသော သမိုင်းနောက်ခံ ဆောင်းပါးများရေးသည့် စာရေးဆရာမ ဝဝကြီးကို မှတ်မိကြဦးမည်ထင်သည်။
ထိုသူများ မလွန်ဆန်ဝံ့ပါ။ လွန်ဆန်၍လည်း မရနိုင်ပါ။
ထိုသူများသည် စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုနေကြသူများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ နိုင်ငံရေးလုပ်ခွင့်၊ ကိုယ်ပိုင်သဘောထား လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်မရှိသည်မှာ သိပ်ထင်ရှားပါသည်။ (နအဖ)စစ်အစိုးရအလိုကျ နိုင်ငံရေးနှင့် (နအဖ) စစ်အစိုးရ ပြောစေလိုသည့်၊ ထုတ်ဖေါ်လိုသည့် သဘောထားကိုသာ ထုတ်ပြန်ကြေညာခွင့် ရှိပါ သည်။
(နအဖ)စစ်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်ကွဲလွဲစွာ သဘောထားဆန္ဒ ထုတ်ဖေါ် ပြသပြီဆိုလျှင်၊ လှုပ်ရှားဆောင်ရွက်ပြီဆိုလျှင် ‘တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုကို နှောင့်ယှက် ဖျက်ဆီးသူ ပြည်ပအားကိုး အမျိုးသားသစ္စာဖောက်အဖြစ်’ စွပ်စွဲပုတ်ခတ်တော့သည်။ အကြမ်း ဖက် ဖိနှိပ်ချုပ်ချယ်တော့သည်။ ဖမ်းဆီးအရေးယူတော့သည်။ ထို့နောက် နိုင်ငံရေးအကျဉ်းသား မရှိဟု မျက်နှာပြောင်တိုက်ကာ ‘ဘူး’ကွယ်တော့သည်။
ထို့နောက် ထုတ်ဖေါ်ကြေညာထားပြီးဖြစ်သည့် မူလသဘောထားအမှန်ကို အတင်း အဓမ္မ ရုတ်သိမ်းခိုင်းပြီး (နအဖ)စစ်အစိုးရအလိုကျ သဘောထားကို ပြန်လည်ထုတ်ပြန်ပေးကြရ သည်။
ယင်းအတွေ့အကြုံကို အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းအချို့ ကြုံတွေ့ခဲ့ရဖူးသည်။ အချို့က မိမိတို့၏ မူလသဘောထားအပေါ်တွင် ကြံခိုင်စွာ ရပ်တည်ကြသည်။ အချို့က မချစ် သော်လည်း အောင့်ကာနမ်းကြရသည်။ အချို့ကား တက်ကြွစွာ အလုပ်အကျွေးပြုကြသည်။
သို့ဖြင့် လူမျိးရေးအရ၊ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်၊ ရပ်တည်လှုပ်ရှားဆောင်ရွက်ခွင့် ဆုံးရှုံးရတော့သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် သတင်းစာများတွင် စတင်ထည့်သွင်းဖေါ်ပြလာသည့် ညောင်နှစ်ပင်ညီလာခံ၊ တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ထုတ်ပြန်ကြေညာချက်တွင် (နအဖ)စစ်အစိုးရ၏ (၄၊ ၁၀၊ ၀၇) ရက်စွဲပါ ကြေညာချက် အမှတ် (၁/၂၀၀၇) တွင် ပါရှိသည့် “သူမနှင့် တွေ့ဆုံမည်”ဆိုသည့် အချက်နှင့်ပတ်သက်၍ ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
“ထိုသို့ တွေ့ဆုံဆွေးနွေးခြင်းသည် အမျိုးသားညီလာခံက ချမှတ်ထားသော အခြေခံ မူများ၊ အသေးစိတ်အခြေခံရမည့် မူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးနောက် စတုတ္ထအဆင့်ဖြစ်သည့် ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပအတည်ပြုခြင်း၊ ပဉ္စမအဆင့်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ် တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်း၊ ဆဌမအဆင့်ဖြစ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်း အဝေးများ ကျင်းပခြင်း၊ သတ္တမအဆင့်ဖြစ်သည့် လွှတ်တော်မှ ရွေးကောက်တင်မြှောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်မှဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့ အစည်းများဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်း စသည့်အဆင့်များတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပူပေါင်းပါဝင် ဆောင်ရွက် ရန်သာဖြစ်သည် ဟု ယူဆပါသည်”
ဤအတိုင်းဆိုလျှင် တွေဆုံဆွေးနွေးရေးဆိုသည်မှာ (နအဖ)စစ်အစိုးရ လမ်းပြမြေပုံ၏ ကျန်ရှိနေသည့်အဆင့်တိုင်းတွင် ထောက်ခံပူးပေါင်းဆောင်ရွက်ရန်သာ ဖြစ်တော့မည်။
“နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ဟာ နိုင်ငံတော်သစ်ကြီးအဖြစ် ညင်သာစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” လို့ ကြံ့ဖွံ့သင်းလုံးကျွတ်အစည်းအဝေး (၂၀၀၇) တွင် (နအဖ)ဥက္ကဌက ပြောပါသည်။
ဒီလိုဆိုရင် စစ်မှန်သော၊ ဂုဏ်သိက္ခာရှိသော၊ နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုမျှော်လင့်နိုင်မလဲ။
‘မူဝါဒလမ်းစဉ် (၇) ရပ်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်’ လို့ ပြောနေတာဟာ တစ်ဖက်သတ် ထိပ်တိုက်ရင်ဆိုင်ဖို့ စိန်ခေါ်ခြင်းသာဖြစ်သည်။
Labels: ဆောင်းပါး
နအဖရဲ့ ရှေ့ခြေလှမ်းကိုရိုက်ချိုးဖို့ ပြင်ကြစို့
ဗသြ
ရိုးမ ၃
ဒီတခါ အာစီယံမှာ နအဖ တုံးကျော်သွားတာလား၊ သက်ပြင်းချနိုင်သွားသလား။
ဒါ ဆွေးနွေးစရာ၊ ငြင်းခုံစရာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ တကယ်တော့ ဒီ အစည်းအဝေးက ရလဒ်ဟာ ဘာကြီးပဲဖြစ်နေနေ ဗမာပြည်ပြည်သူတွေအတွက် အထူးသဖြင့် စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် သိပ်ပြီး အရေးမပါပါဘူး။ နအဖကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအလယ်မှာ သိက္ခာချနိုင်တာကလွဲလို့ သိပ်အရေးပါ ထိရောက်တာမဟုတ်ဘူး။ အဲဒီမှာ ဘာပဲဆုံးဖြတ်ဆုံးဖြတ် နအဖက ဂရုမစိုက်တာ သေချာတယ်။ သံတမာန်ရေးရာနဲ့ နိုင်ငံ တကာ ဆက်ဆံရေးအပိုင်းကို နအဖအစိုးရက နကမ္ပတိ လုပ်ထားရတာကြာပြီ။ ဂမ်ဘာရီနဲ့ ပီညဲရိုး တို့အပေါ် ဆက်ဆံပြနေပုံတွေဟာ ကုလသမဂ္ဂနဲ့ အိုင်အယ်လ်အိုကိုတောင် ဂရုမစိုက်ဘူးလို့ ပြောနေတာဖြစ်တယ်။ နောက်ပြီး ဂမ်ဘာရီရဲ့လှုပ်ရှားမှုကို တရုတ်နဲ့ အိန္ဒိယတို့က ထောက်ခံထား တယ်ဆိုတာလည်း သူတို့ မသိတာမဟုတ်ဘူး။ နအဖဟာ ဒီနယ်ပယ်မှာ သန်းခေါင်ထက် ညဥ့်မနက်ဘူးလို့ တွက်ထားပြီးဖြစ်တယ်။ သူတို့မှာ လိမ္မာထိရောက်တဲ့ သံတမန်ရေးလှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းမရှိတော့တာ ကြာပြီပဲ။ နပေနကတ်လို တုတ်တောင်းနေတာ ဖြစ်တယ်လို့ ပြောရင် ရမယ်။ အဲဒီ တုတ်ချက်လောက်ကိုတော့ စစ်ဗိုလ်ချုပ်တွေက မမှုဘူးလုပ်နေကြတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းကြီးက ရှင်းရှင်းလင်းလင်း ပြသလိုက်တဲ့ အချက်တချက်ကတော့ နအဖ တကယ်ကြောက်တာ သူတို့ကို တကယ်ကိုင်လှုပ်နိုင်တာဟာ ပြည်တွင်းက ပြည်သူတွေရဲ့ အုံကြွမှုသာဖြစ်တယ်ဆိုတာပဲ။ သူတို့တတွေ အခုထက်ထိ အရေးအခင်းရဲ့ ကျိန်စာကတော့ မလွတ်နိုင်သေးဘူးဆိုတာ အဘက်ဘက်မှာ အထင်အရှား တွေ့နေရတယ်။ အခုထက်ထိ လူတွေကို လိုက်ရှာဖမ်းဆီးနေတာဟာ နယ်ပယ်ပေါင်းစုံမှာ ဆင်ဆာအမျိုးမျိုးလုပ်နေတာ စတာတွေဟာ သူတို့ စိုးရိမ်ထိတ်လန့်နေတုန်းပဲဆိုတာကို ပြတာ ဖြစ်တယ်။ နအဖအဖို့ ငြိမ်းအဖွဲ့တွေအပေါ် မီးမသေလှဘူးဆိုတာလည်း သူ ခြေတလှမ်းလှမ်းတိုင်း တွေ့နေရတယ်။ တချို့အဖွဲ့ဟာဆိုရင် စစ်အစိုးရက လုပ်ခိုင်းသမျှကို ဆန့်ကျင်နေတဲ့ သဘောမျိုး တောင် တွေ့လာနေရပြီ။ သူတို့ချင်း ထိပ်တိုက်တွေ့မှာကို ရှောင်ဖို့ကြိုစားလို့ ရပါအုန်းမလား ဆိုတာတောင်မှ တွေးစရာဖြစ်လာနေတယ်။ နိုဝင်ဘာလ (၂၄) ရက်နေ့က ကေအိုင်အေစခန်းကို သိမ်းတာကိုထောက်ရင် နအဖ က သူတို့အပေါ်မှာ စစ်ရေးအရကိုပဲ စပြီး ဖိအားပေးလာနေပြီ ဆိုတာ သေချာတယ်။
ဒီလိုအနေအထားမှာ ပြည်တွင်းက ဆန့်ကျင်မှုကိုသာ တကယ်လန့်သူဖြစ်တဲ့ နအဖဟာ သူ့တပ်တွင်းက တုန့်ပြန်မှုကို အဓိကထားကြည့်နေတယ်။ တပ်ဟာ သူတို့ထင်သလို ခိုင်းလို့ရမရ ဆိုတာနဲ့ အခြေအနေတွေနဲ့ သူတို့ ဆက်ပြီးအုပ်စိုးလို့ ရမရဆိုတာကို သုံးသပ်တာပါ။ အခုတလော လေးမှာပဲ တပ်ထိပ်ပိုင်းမှာ နေရာတွေ၊ ရာထူးတွေ ခွဲတမ်းချ ဝေခြမ်းပြီးတဲ့နောက် သူတို့ကိုယ် သူတို့ အတော်စိတ်ချသွားဟန်တူတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ ကြံ့ဖွတ်တွေကိုပြောတဲ့ မိန့်ခွန်းမှာ သူ့ကိုယ်သူ အတော်ယုံကြည်မှုရှိတဲ့ လေသံတွေ ပါနေတာဖြစ်တယ်။
ဘယ်အခမ်းအနားမှာပဲဖြစ်ဖြစ်၊ ဘယ်ပြည်ပခေါင်းဆောင်နဲ့ တွေ့ရာမှာပဲဖြစ်ဖြစ် နအဖက တိုင်းပြည်အခြေအနေ တည်ငြိမ်နေပါတယ်လို့ ပြောနေတာဟာ သူ့တပ်ကိုသူပိုင်တယ်လို့ ယူဆပြီး ပြောနေတာသာဖြစ်တယ်။ သူတို့ပြောတိုင်းမှာ တိုင်းပြည်အခြေအနေ တည်ငြိမ်တယ်၊ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း ဆက်လုပ်မယ်ဆိုတာ အမြဲပါတယ်ဆိုတာ သတိထားမိစရာပဲ။ ဒါတွေက ပြနေတာကတော့ နအဖ အနေနဲ့ လမ်းပြမြေပုံရဲ့ အဆင့် (၄) ကို မဖြစ်မနေ လုပ်တော့မယ် ဆိုတာပဲ။
နအဖဟာ ဘာကြောင့်မို့ ဒီ ဆန္ဒခံယူပွဲဆိုတဲ့ အဆင့် (၄) ကို အင်မတန် စိတ်ထက်သန် နေရတာလဲ။ သေချာတာက သူတို့အစီအစဉ်အတိုင်းသာ ဆန္ဒခံယူပွဲလုပ်နိုင်မယ်ဆိုရင် သူတို့ အနေနဲ့ ထောက်ခံမဲ ၁၀၅ ရာခိုင်နှုန်းတောင် ရအောင်လုပ်နိုင်တယ်ဆိုတာ ဘာမှ သံသယရှိစရာ မလိုဘူး။ သူတို့ပြချင်တဲ့ ကိန်းဂဏန်းကို ပြလို့ရအောင် လုပ်နိုင်တယ်။ ၁၉၇၄ ခုနှစ်တုန်းက ဗိုလ်နေ၀င်းလုပ်ခဲ့တာနဲ့ တလောက ပါကစ္စတန်က စစ်အာဏာရှင် မူရှာရာ့ဖ် လုပ်ပြသွားတာတွေ ကိုပဲ ကြည့်တော့။
တကယ်က နအဖ အခု လုပ်နေပြောနေတာတွေမှန်သမျှဟာ တခုမှ မျက်စိလည်စရာ မရှိဘူး။ အင်မတန် ရှင်းနေတာတွေမို့ အတိုက်အခံတွေအကြားမှာ ဘာမှ အငြင်းမပွားကြဘူး။ နအဖအလိုတော်ရိတွေတောင်မှ အသံမထွက်ကြဘူး။ (သူတို့ကို နအဖက ပါးစပ်ပိတ်ခိုင်းထား လို့လည်း ဖြစ်ကောင်းဖြစ်မယ်)။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည် စကားပြောတယ် ဆိုတဲ့ လုပ်ဇာတ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဗေဒါ ရေခပ်ခိုင်းသလို လုပ်ထားတာ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မပြောနဲ့ သာမန်လူထုတောင် သိတယ်။
ဒီတော့ အတိုက်အခံတွေ၊ အထူးသဖြင့် မြေအောက်လုပ်ငန်းလုပ်နေသူတွေဟာ အဲဒီ လမ်းပြမြေပုံ အဆင့် (၄) လုပ်လာမှာအတွက် အခုကတည်းက စဉ်းစားပြင်ဆင်တာတွေ လုပ်သင့် တယ်။ အာဏာရှိတဲ့လူနဲ့ မရှိတဲ့လူနဲ့ တူတာမဟုတ်ဘူး။ အာဏာရှိတဲ့လူက လုပ်ချင်ရင် မြန်တယ်။ အချိန်ဆိုတာကလည်း ကုန်မှန်းမသိ ကုန်သွားတတ်တယ်။ ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီး တုန်းက ကိုယ်က နောက်ကလိုက်ရတာမျိုး ဖြစ်ခဲ့ကြတယ်မဟုတ်လား။
ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီးကို ပြန်ပြီးသုံးသပ်၊ နိဂုံးချုပ်ပြီး ရှေ့လုပ်စရာတွေ ချမှတ်ကြသင့်ပြီ၊ ဒါကို ပါဝင်လှုပ်ရှားခဲ့သူတွေက အဓိက လုပ်သင့်တယ်။ ဘာဖြစ်လို့ ဒီရေလှိုင်း လုံးတွေလို ဗြုံးစားကြီး ပေါ်ပေါက်လာသလဲ၊ ဘာဖြစ်လို့ တုံးတိပြတ်တောက်သွားရသလဲ၊ နအဖ တကယ်လန့်တာ ဘာလဲ၊ သူ့တပ်တွင်းကို ဘယ်လို ဂယက်ရိုက်ခဲ့သလဲ စတာတွေကို ကိုယ်ဖြစ်စေ ချင်တာ၊ ကိုယ့်ဆန္ဒအစွဲမပါဘဲ သေသေချာချာ သုံးသပ်သင့်တယ်။
အဲဒီကနေ ဘယ်လိုတိုက်ပွဲပုံစံတွေ ကျင့်သုံးလို့ရမလဲ၊ ကျင့်သုံးရင်ကောင်းမလဲ စတာ တွေကိုလည်း သုံးသပ်၊ ဆုံးဖြတ်သင့်ပြီ။ ပြီးရင် ပြင်ဆင်ရမယ်။ ဒီတိုင်းပြည်မှာက ဘယ်သူကပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ ဘယ်ပုံစုံနဲ့ဖြစ်ဖြစ် ဒီနအဖစစ်ဗိုလ်တွေကို ဆန့်ကျင်ဆန္ဒပြတယ် ဆိုတာ တရားတာ မှန်တာချည်းပဲ၊ ထောက်ခံရမှာချည်းပဲ။ ဒါကြောင့် ဒါမျိုးဟာ အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်။
ကိုယ့်ဘက်က ပြင်ဆင်မှုမရှိဘဲ တိုက်ရတယ်ဆိုတာမျိုး မဖြစ်ရင် အကောင်းဆုံးပဲ။
Labels: ဆောင်းပါး
KIO proposal for constitutional provisions and clauses
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းစေလိုသော အချက်အလက်များနှင့် ပတ်သက်၍ ကချင်အထူးဒေသ - (၂)၊ ကေအိုင်အို ဗဟို ကော်မတီမှ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌနှင့် နိုင်ငံတော်အကြီး အကဲများထံသို့ ထပ်မံဖြည့်စွက်တင်ပြတောင်းဆိုထားသော အချက်အလက်များ။
၁။ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျဉ်းသည့်အခြေခံရမည့်မူများတွင်....
(၁) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပါရှိသည်။ ၎င်းမူကို လက်တွေ့ကျင့်သုံးဖေါ်ဆောင်သွားရာ၌ ပြည်ထောင်စုစနစ်ပီပြင်ရန်နှင့် ပြည်ထောင်စု စစ်စစ်မူပိုမိုပေါ်လွင်လာရန် လိုအပ်မည်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟုခေါ်တွင်ပြီး ပြည်ထောင်စု စနစ်ကျင့်သုံးသည်ဟုဆိုထားသော်ငြားလည်း လက်တွေ့၌ ဗဟိုချုပ်ကိုင်မှု တင်းကြပ်သော တစ်ပြည်ထောင်စနစ် (Unitary System)ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုရေးဆွဲမည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ယင်းကဲ့သို့ မလိုအားအပ်သော အမှားမျိုး ထပ်မံမဖြစ်ပွားရလေအောင် ဂရုပြုဆောင်ရွက်ရန် အထူးအရေးကြီးမည် ဖြစ်ပါသည်။
(၂) နိုင်ငံတော်ကို တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခုတို့ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။ ၎င်းတိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခုတို့သည် အဆင့်အတန်း တူညီကြသည်ဟု ပါရှိသည်။ ဤအချက်ကို ပြန်လည်စဉ်းစားပေးဖို့ရန် အထူးပန်ကြားလိုပါသည်။ အဘယ် ကြောင့်ဆိုသော် ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုထား သည်ဖြစ်သဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့်များကို ထည့်သွင်းပြဌာန်းထားရန် လိုအပ် မည်ဖြစ်ပါသည်။
၂။ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်းခြားခွဲဝေခြင်းနှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူ များတွင်...
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသတ်မှတ်ထားပြီး ၎င်းအာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝင်အပ်နှင်းသည်ဟု ပါရှိသည်။ ဤတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်တွေ့ ရေးဆွဲပြဋ္ဌာန်းသည့်အခါ ၎င်းအာဏာသုံးရပ်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များသို့ ထိုက်သင့်စွာခွဲဝေအပ်နှင်းပေးထားစေလိုပါသည်။ ဥပဒေပြုအာဏာခွဲဝေရာ၌ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်များသို့ ယခုထက်ပိုမို ခွဲဝေအပ်နှင်းပေးထားသင့်သည်ဟု မြင်ပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပါတ်သက်သော ဥပဒေပြုအာဏာကို ပြည်နယ်လွှတ်တော်များသို့ လုံလောက်စွာခွဲဝေအပ်နှင်း ပေးထားစေလို ပါသည်။
ဥပမာ၊
(၁) တိုင်းရင်းသားလူမျိုးစုများ၏ စာပေများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၌ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကို သင်ကြားခွင့်ရှိရေး၊ ၎င်းတိုင်းရင်းသားစာပေကို သက်ဆိုင်ရာပြည်နယ်၏ ဒုတိယရုံးသုံးစာအဖြစ် သတ်မှတ်ရေး၊
(၂) တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင် ရေး၊
(၃) တိုင်းရင်းသား လူမျိုးစုများ၏ ဓလေ့ထုံးတမ်းအရ တရားစီရင်ရေး (Customary Law)ကို ဥပဒေပြု၍ တရားဝင်ပြဋ္ဌာန်းရေး၊
(၄) တိုင်းရင်းသားလူမျိုးစုများ၏ အရေးအရာများကို ဥပဒေပြဋ္ဌာန်း၍ ကာကွယ်စောင့်ရှောက် ပေးရေးတို့ ဖြစ်ပါသည်။
၃။ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍ၌၊
(၁) နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအပေါ် ချုပ်ကိုင် ကန့်သတ်မှုများလွန်းလျှင် ဗဟိုချုပ်ကိုင်မှုတင်းကြပ်လွန်းရာရောက်သဖြင့် တစ်ပြည်ထောင် စနစ်ပုံစံ ဖြစ်သွားနိုင်သည်ဟု မြင်ပါသည်။
(၂) ပြည်နယ်အစိုးရအကြီးအကဲ (ပြည်နယ်ဝန်ကြီးချုပ်)သည် ၎င်းပြည်နယ်ကို ကိုယ်စားပြု သော တိုင်းရင်းသားလူမျိုးစုထဲမှ ဖြစ်သင့်ပါသည်။ ဖ.ဆ.ပ.လ ပါလီမန်အစိုးရခေတ်၌ ပြည်နယ်ကောင်စီဥက္ကဌ (သို့) ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြု သော တိုင်းရင်းသား လူမျိုးစုအမတ်တဦးဦးကို ရွေးချယ်ခန့်ထားသည်ကိုလည်းကောင်း၊ မ.ဆ.လ ဆိုရှယ်လစ်အစိုးရခေတ်၌လည်း ပြည်နယ်ကောင်စီဥက္ကဌကို သက်ဆိုင်ရာပြည်နယ် ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုထဲမှ ရွေးချယ်ခန့်ထားသည်ကိုလည်းကောင်း တွေ့မြင်ရပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့် အခွင့်အရေးများကို နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြု၍ ဥပဒေပြဋ္ဌာန်းပေးခြင်းသည် ပြည်ထောင်စုကြီးအဖြစ် အပေါ်ပေါက်လာသော သမိုင်းကြောင်းအရ မှန်ကန်သင့်လျော်မှုရှိသည့်အတွက် ယခုရေးဆွဲ မည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌လည်း အလားတူဥပဒေမျိုးကို ပြဋ္ဌာန်းပေးရန် လိုလားပါ သည်။
(၃) ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍၊
(က) ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် သက်ဆိုင်ရာပြည်နယ် လွှတ်တော်၌ လျှို့ဝှက်မဲ စနစ်ဖြင့် လွှတ်တော်အမတ်အများစု၏ သဘောတူညီချက်ကို ရယူပြီး ရွေးချယ်ရန်၊ ထိုသို့ ရွေးချယ်ခံထားရသူအား နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးရန်၊
(ခ) ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြည်နယ်ဝန်ကြီးဌာန သတ်မှတ်ခြင်း၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်ခြင်း နှင့် ပြည်နယ်ဝန်ကြီးရွေးချယ်ခန့်ထားခြင်း လုပ်ငန်းများကိုဆောင်ရွက်ကာ ပြည်ထောင်စု အစိုးရ သမ္မတထံတင်ပြ၍ သမ္မတမှ အတည်ပြုခန့်အပ်ပေးရန်၊
(ဂ) ပြည်နယ်ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ကို ရယူ၍ ခန့်အပ်ရန်၊
(ဃ) ပြည်နယ် တစ်ခုအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသဥက္ကဌများနှင့် ဦးစီး အဖွဲ့ဝင်များကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်က ခန့်အပ်ပေးရန်၊
(င) ပြည်နယ်တစ်ခု၏ အစိုးရအဖွဲ့ဝင်ဝန်ကြီးတဦးဦးက နုတ်ထွက်ရန် လိုအပ်လာပါက ၎င်း၏နုတ်ထွက်စာကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်ထံ တင်သွင်းရန်၊ ပြည်နယ် ၀န်ကြီးချုပ်က နုတ်ထွက်စာကို လက်ခံယူပြီး ပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန်၊ ပြည်နယ်တစ်ခု၏ ၀န်ကြီးချုပ်တစ်ဦးက နုတ်ထွက်လိုလျှင် ၎င်း၏ နုတ်ထွက်စာကို သမ္မတထံတိုက်ရိုက် တင်သွင်းရန်၊
(စ) ပြည်နယ်တစ်ခုခုအတွင်း တည်ငြိမ်မှုစိုးရိမ်ဖွယ်ရာ အဆင့်သို့ရောက်လာလျှင် ပြည်နယ် ၀န်ကြီးချုပ်က ပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းပြီး သမ္မတထံတင်ပြရမည်။ ထိုသို့ တင်ပြလာလျှင် သမ္မတက သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းသဘောတူပြီး မှသာ ၎င်းပြည်နယ်၌ အရေးပေါ် အခြေအနေကြေညာရန်၊
(ဆ) ပြည်နယ်အစိုးရ လက်အောက်တွင် ၀န်ထမ်းခန့်ထားရေးအဖွဲ့ ဖွဲ့စည်းထားရှိ၍ အစိုးရ၀န်ထမ်းများကို ဒေသခံများအား ဦးစားပေး၍ ရွေးချယ်ခန့်ထားနိုင်ရန်၊
(ဇ) ပြည်နယ်အစိုးရ လက်အောက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက် ကွပ်ကဲခွင့်ရှိရန်၊
(ဈ) အပစ်အခတ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း များနှင့် ပြည်သူလူထုတရပ်လုံးမှ နောင်ထွက်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထောက်ခံအတည်ပြုပြီးသွားလျှင် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ပြည်ထောင်စု တပ်မတော်၏အောက်တွင် သက်ဆိုင်ရာ ပြည်နယ်၏လုံခြုံရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက်ကွပ်ကဲရန်၊
၎။ ပြည်ထောင်စုနယ်မြေသတ်မှတ်ခြင်းနှင့်၊ ပြည်နယ်တစ်ခုခု၏ နယ်နိမိတ်ကို ပြင်ဆင် ရေးဆွဲခြင်း သို့မဟုတ် ပြည်နယ်တစ်ခုခု၏ အမည်ကို ပြောင်းလဲလိုခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုများ၏အများစု သဘောတူညီချက်ကို ရရှိမှသာ ဆောင်ရွက်နိုင်ရန်။
၅။ ဘာသာ သာသနာနှင့် စပ်လျဉ်းသည့် အခြေခံမူ၌ ဘာသာ သာသနာများကို ခွဲခြားမှုမရှိဘဲ တူညီမျှတသော ဥပဒေပြဋ္ဌာန်း၍ ဘာသာရေးလွတ်လပ်ခွင့် ပြုထားရန်လိုလားပါသည်။
၆။ အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားလူမျိုးစုအရေးအရာများကို အဓိကထား ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သောကြောင့် ပြည်နယ်များမှ ကိုယ်စားလှယ် ရွေးချယ်စေလွှတ် ရာတွင် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား ကိုယ်စားလှယ်များကိုသာ ရွေးချယ်စေလွှတ်သော ဥပဒေပြဋ္ဌာန်းထားပေးရန် လိုလားပါသည်။
၇။ ပြည်ထောင်စုအစိုးရအဖွဲ့၌ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးခြားဖွဲ့စည်းထားရှိရန် လိုအပ်မည်ဟု မထင်ပါ။ နယ်စပ်လုံခြုံရေးကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က တိုက်ရိုက်ညှိနှိုင်းဆွေးနွေးပြီး သင့်တော်သလို စီမံဆောင်ရွက်သင့် ပါသည်။ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးသန့်ဖွဲ့စည်းထားခြင်းအားဖြင့် နယ်စပ် ရှိသော ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဗဟိုက ကန့်သတ်ထိန်းချုပ်ပေးရာ ရောက်သွားနိုင်သဖြင့် နောင်တွင်မလိုလားအပ်သော ပြဿနာများအပေါ်ပေါက်လာနိုင်သည် ဟု မြင်ပါသည်။
၈။ နယ်စပ်ရှိသော ပြည်နယ်များ၏ လွှတ်တော်များ၌ နယ်စပ်ဒေသ ယာယီဝင်ထွက်သွားလာ ခွင့်နှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်သော ဥပေဒများကို ပြဋ္ဌာန်းခွင့်ရှိသင့် ပါသည်။ ထိုဥပဒေနှင့်အညီ အစိုးရအဖွဲ့က လက်တွေ့ဆောင်ရွက်သွားမည်ဆိုလျှင် ပို၍ မှန်ကန်တရားမျှတမှု ရှိမည်ဖြစ်ပါသည်။
၉။ စီးပွားရေးကဏ္ဍ၌ ပြည်နယ်များအတွင်းရှိ မြေပေါ်မြေအောက် သယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ပြည်ထောင်စုအစိုးရနှင့် မျှမျှတတ အကျိုးခံစားနိုင် ရန်အတွက် ပြည်နယ်လွှတ်တော်များ၌လည်း သင့်လျော်သလို ဥပဒေပြဋ္ဌာန်းခွင့် ရှိသင့်ပါ သည်။ ဥပမာ ကျောက်မျက်ရတနာနှင့်ပတ်သက်၍ ဖြတ်တောက်ခြင်းနှင့် အချောသွေးခြင်း ကိုသာ ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့် အပ်နှင်းထားမည့်အစား ရှာဖွေ၊ တူးဖေါ်ခွင့်နှင့် ရောင်းချခွင့်တို့ကိုပါ ဖြည့်စွက်ပေးထားမည်ဆိုလျှင် ပိုမိုပြည့်စုံမည်ဖြစ်ပါသည်။ ၎င်းအပြင် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့် အပ်နှင်းထားရန် လိုလားပါသည်။
၁၀။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်.. မြေယာစီမံခန့်ခွဲမှု၊ မြေလွတ်၊ မြေရိုင်းများ ဖေါ်ထုတ်ခြင်း၊ ကြေးတိုင်နှင့် မြေစာရင်း၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေးသုတေသန၊ ရေအရင်း အမြစ် စီမံခန့်ခွဲရေး၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေး၊ စားကျက်မြေ သတ်မှတ်ရေး စသည်တို့ကို ပြည်နယ်ဥပဒေပြုစာရင်း၌ ဖြည့်စွက်ထည့်သွင်းပေးစေလို ပါသည်။
၁၁။ အခွန်အကောက်ဆိုင်ရာ အခန်းကဏ္ဍ၌ ကျွန်းနှင့်သတ်မှတ်ထားသော သစ်မာများမှအပ ကျန်သစ်များအပေါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြည်နယ်လွှတ်တော် များအား ဥပဒေပြုခွင့် အပ်နှင်းထားသည်ကို ကျွန်းမှအပ ကျန်သစ်များအားလုံးအပေါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းစေလိုပါသည်။
၁၂။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်များ၌ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ရုတ်မြင်သံကြား၊ ဂြိုလ်တုဆက်သွယ်ရေး၊ အသံလွှင့် အသံဖမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းခွင့် ဖြည့်စွက်အပ်နှင်းပေးထားရန်လိုလားပါသည်။
၁၃။ လူမှုရေးကဏ္ဍနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်များ၌ ကိုယ်ပိုင်ကျောင်းနှင့် သင်တန်းများ၊ ကုသိုလ်ဖြစ်ဆေးရုံနှင့်ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများ၊ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအား စောင့်ရှောက်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ် များနှင့် မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေပြဋ္ဌာန်းခွင့် ဖြည့်စွက်ပေးထား စေလိုပါသည်။
၁၄။ စီမံခန့်ခွဲရေးကဏ္ဍတွင် အထွေထွေအုပ်ချုပ်ရေး၊ ရွာမြေ၊ မြို့မြေစီမံခန့်ခွဲရေး၊ အိမ်ငှါး၊ မြေငှါး၊ အသင်းအဖွဲ့များ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်များကို ပြည်နေယ်လွှတ်တော်များ၏ ဥပဒပြုစာရင်း၌ ဖြည့်စွက်ပေးစေလိုပါသည်။
၁၅။ ကချင်ပြည်နယ်၏ နယ်နိမိတ်အား ကချင်ပြည်နယ်ကိုစတင်ဖွဲ့စည်းတည်ထောင်ခဲ့စဉ်က ရေးဆွဲသတ်မှတ်သည့် နယ်မိမိတ်အတိုင်း ဆက်လက်၍အတည်ပြု သွားရန်လိုအပ်ပါသည်။
၁၆။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေံဥပဒေတရပ်သည် ပြည်သူ့ဆန္ဒခံယူပြီး အများစုထောက်ခံမှုဖြင့် အတည်ပြုပြဋ္ဌာန်းရသည်ဖြစ်သဖြင့် ၎င်းအားကာကွယ်ထိန်းသိမ်ရန် အဓိကတာဝန်သည် ပြည်သူလူထုတရပ်လုံး၏ တာဝန်ဖြစ်သည်ဟု ဥပဒေပြဋ္ဌာန်းထားခြင်းသည် ပိုမိုသင့်လျော် မှန်ကန်မည်ဟု မြင်ပါသည်။
၁၇။ ပြည်ထောင်စုတစ်ခုလုံးအတွက် နိုင်ငံသား (Citizen)သတ်မှတ်သည့်နည်းတူ ပြည်နယ် များ၌လည်း ပြည်နယ်သားသတ်မှတ်သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားရှိရန် လိုမည်ဖြစ်ပါ သည်။ အကြောင်းမှာ နောင်တွင်တိုင်းပြည်၌ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲများကို ကျင်းပသွားသည့်အခါ ပြည်ထောင်စုနှင့်အလားတူ ပြုလုပ်သွားရာ၌ အရှုပ်အရှင်း အခက်အခဲပြဿနာပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်ပါသည်။
၁၈။ ပြည်နယ်အုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ သင့်လျော်သလို ရေးဆွဲထားရှိခွင့်ပြုရန်လိုလားသည်။ အဘယ့်ကြောင့်ဆိုသော် ဒေသတစ်ခုနှင့်တစ်ခု အခြေအနေခြင်းကွာခြားမှုရှိနိုင်သဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်နယ်တိုင်း၌ ရေးဆွဲထားရှိနိုင်လျှင် ပြည်ထောင်စုကြီး ပိုမိုကျစ်လစ်ခိုင်မာပြီး တနေ့တခြားပိုမို တိုးတက်ဖွံ့ဖြိုးလာမည်ဟုမြင်သည်။
၁၉။ ပြည်ထောင်စုကြီး၏ ကာကွယ်ရေးတာဝန်ကို ယူထားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော တစ်ခုတည်းသောတပ်ကို ပြည်ထောင်စုတပ်မတော်ဟု ခေါ်တွင်ပါက ပိုမိုမှန်ကန် သင့်လျော်မည်ဟု မြင်ပါသည်။
ဗဟိုကော်မတီ
ကချင်အထူးဒေသ - ၂ ၊ ကေအိုင်အို
Labels: အဆိုပြုချက်