Friday, September 7, 2007

နအဖ အခြေခံဥပဒေကို ငြင်းပယ်သင့်

နအဖ အခြေခံဥပဒေကို ငြင်းပယ်သင့်ကြောင်း ၈၈ ကျောင်းသားများတိုက်တွန်း
မဇ္ဈိမသတင်းဌာန
သြဂုတ်လ ၈ ရက်၊ ၂၀၀၇ ခုနှစ်။

ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ခွင့် မရှိသည့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဆန္ဒ ခံယူပွဲတွင် ကန့်ကွက် ဆန္ဒမဲ ပေးကာ ငြင်းပယ်သင့်ကြောင်း မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့တွင် တိုက်တွန်း ပြောဆိုလိုက်သည်။

၁၉ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ ဖြစ်သည့် ယနေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲနေသည့် နအဖ ၏ အမျိုးသား ညီလာခံ လုပ်ငန်းစဉ်များတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ခွင့် မရပါက ပြည်သူ့ဆန္ဒ ခံယူပွဲတွင် မဲပေးပိုင်ခွင့်ကို ပြည်သူများ အနေဖြင့် ထိရောက်စွာ အသုံးချသွားရမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အားလုံးက ပြည်သူ့ဆန္ဒ ခံယူပွဲမှာ ထောက်ခံခွင့်သာ ပေးထားတာ မဟုတ်ဘူး၊ ငြင်းပယ်ခွင့်ကိုလည်း ပေးထားတာ ဖြစ်တယ်။ ဒီ အခွင့်အရေးကို မိမိရရ အသုံးချကြဖို့ ကျနော်တို့က ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။

ယခုလ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) မှ ဦးစီးကာ လွှတ်တော် ကိုယ်စားလှယ် ၉၂ ဦး လက်မှတ်များဖြင့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ပေးစာတွင်လည်း စစ်အစိုးရ၊ အန်အယ်ဒီ အပါအ၀င် တိုင်းရင်းသား ပါတီများနှင့် အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့ ကိုယ်စားလှယ်များမှ အချိုးအစား တူညီစွာဖြင့် ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲရေး ကော်မတီ တရပ် ဖွဲ့စည်းကာ နအဖ ညီလာခံမှ ထွက်ပေါ်လာမည့် ရလဒ်နှင့် တခြား အဖွဲ့အစည်းများက ပေးလာသည့် အကြံပြုချက်များကို အခြေခံကာ လူထုထံမှ ဆွေးနွေးချက်များကိုပါ အဆုံးသတ် မူကြမ်းတွင် ပေါင်းစပ် ထည့်သွင်း သင့်သည်ဟု ရေးသားထားသည်။

အဆုံးသတ်မူကြမ်းကို ၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပါလီမန် အစည်းအဝေးကြီးမှ အတည်ပြုချက် ရယူကာ လွတ်လပ်ပြီး တရားမျှတသော လူထုဆန္ဒ ခံယူပွဲဖြင့် ဖွဲ့စည်းပုံကို အတည်ပြု ပြဋ္ဌာန်းသွားရန် ဖော်ပြထားသည်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက “ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မှု မရှိရင်၊ တဖက်သတ် ဆောင်ရွက်သွားမယ် ဆိုရင်၊ နောက်ပြီး ကာလဒေသ အလျောက် ပြုပြင်ဖို့ လိုတဲ့အခါ ပြန်လည် ပြုပြင်လို့ မရအောင် ရေးဆွဲထားမယ် ဆိုရင် ဒီလို အလားတူ ပေါက်ကွဲမှုမျိုးတွေ ဖြစ်လာနိုင်တယ် ဆိုပြီး သတိပေးထားတာပါ” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများ၏ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင်လည်း ၁၉၇၄ ခုနှစ်က မဆလ တပါတီ အာဏာရှင်များ၏ တဖက်သတ် ရေးဆွဲခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကြောင့် ၁၉၈၈ ခုနှစ်တွင် ပြည်လုံးကျွတ် အုံကြွမှု ဖြစ်ပျက်ခဲ့ရသဖြင့် အလားတူ အုံကြွ ပေါက်ကွဲမှုမျိုး ထပ်မံ ဖြစ်ပေါ်လာခြင်း မရှိစေရန် အတွက် ယနေ့ နအဖ ရေးဆွဲနေသည့် ဖွဲ့စည်း အုပ်ချုပ်ပုံတွင် တည်မှီနေသည် ဟုလည်း သတိပေး ရေးသားထားသည်။

နအဖ က ဦးစီးကာ ရေးဆွဲနေသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ မူကြမ်းသည် ၁၉၉၃ ခုနှစ်မှ ယနေ့ထိ ၁၄ နှစ်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များကို� ပါဝင် ပတ်သက်စေခြင်း မရှိခြင်းကြောင့် ယခု လုပ်ဆောင်ချက်သည် စစ်အာဏာရှင် စနစ် တည်မြဲရေး အတွက် တဖက်သတ် ရေးဆွဲနေခြင်းသာ ဖြစ်သည်ဟု အတိုက်အခံ ဒီမိုကရေစီ တိုက်ပွဲဝင်နေသူများက ဝေဖန် ပြောဆိုနေကြသည်။

ရန်ကုန်မြို့ရှိ ၀ါရင့် နိုင်ငံရေး သမားဖြစ်သူ အမျိုးသား နိုင်ငံရေး ဦးဝင်းနိုင်ကလည်း နအဖ လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များသည် ပွင့်လင်းမှု မရှိကြောင်းနှင့် ကဏ္ဍ တခုစီတိုင်းတွင် မည်သို့ လုပ်ဆောင်မည်ကိုပင် ပွင့်ပွင့်လင်းလင်း ဖော်ထုတ် ပြောဆိုထားခြင်း မရှိသည့် အတွက်ကြောင့် ပြည်သူလူထု အနေဖြင့် လွတ်လပ်စွာ မဲပေးခွင့် ရရှိမည်၊ မရရှိမည်ကိုပင် သံသယ ဖြစ်နေရသည်ဟု ပြောသည်။

“မဲပေးတယ် ဆိုတဲ့ နေရာမှာတောင် ပြည်သူလူထုက သန့်သန့်ရှင်းရှင်း မဲပေးလို့ ရမလား။ ဆိုလိုတာက အဖြူထဲ ထည့်လိုက်လို့ အမည်းထဲ ရောက်သွားမယ်၊ အမည်းထဲ ထည့်လိုက်လို့ အဖြူထဲ ရောက်သွားမယ် စသဖြင့် မဖြစ်ဘူးလို့ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူးဗျ။ အဲဒါကြောင့်မို့ ပြည်သူတွေက မဲပေးခွင့်ရသည့် တိုင်အောင် သန့်ရှင်းတဲ့ ဆန္ဒခံယူပွဲ ဖြစ်ပါ့မလားဆိုတာ အင်မတန်မှ သံသယ ဖြစ်စရာ ကောင်းပါတယ်” ဟု သူက ပြောသည်။

ယနေ့ ကျရောက်သည့် မြန်မာ့ သမိုင်းဝင် ၈၈၈၈ ရှစ်လေးလုံး ပြည်လုံးကျွတ် လူထုအုံကြွ ဆန္ဒဖော်ထုတ် ပြသခဲ့သည့် ၁၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား တရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများက ဦးဆောင်ကာ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ခြောက်ထပ်ကြီး ဘုရားရှိ သာသနာ့ သိပ္ပံ ကျောင်းတိုက်တွင် ကျင်းပခဲ့ကြသည်။

နံနက် ၅ နာရီတွင် ကျောင်းတိုက်ရှိ သံဃာတော်များကို ရှစ်လေးလုံး ဒီမိုကရေစီရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့သူများကို ရည်စူး၍ ဆွမ်းကပ်ခြင်း၊ ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် အမျှအတန်း ပေးဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သည့်အပြင် လွတ်လပ်မှုနှင့် ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲဝင်ရင်း အသက်နှင့် ဘ၀ကို စတေးခဲ့ကြသော ဒီမိုကရေစီ ဘက်တော်သားများ နည်းတူ မိမိတို့၏ ဘ၀များကိုလည်း မြန်မာ့ ဒီမိုကရေစီ အရေးအတွက် စတေးခံ နေကြောင်းနှင့် ဤမှန်ကန်သော သစ္စာစကားကြောင့် အနာဂတ် မြန်မာနိုင်ငံသည် တရားမျှတပြီး လွတ်လပ်မှုနှင့် ဒီမိုကရေစီ အပြည့်ရှိသော နိုင်ငံတော်ကြီး အဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါ ၀ံ့ကြွား နိုင်ပါစေကြောင်း ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဦးဆောင်တိုင်ပေးကာ သစ္စာ ဆိုခဲ့ကြသည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဖြစ်သူ ကိုကိုကြီးက ပြောသည်။

ယနေ့ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၊ သခင်ချန်ထွန်း အပါအ၀င် ၀ါရင့် နိုင်ငံရေး သမားများ၊ သံတမန်များ၊ စီအာပီပီ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ကျောင်းသား လူငယ်များနှင့် ဧည့်ပရိသတ်ပေါင်း ၁၃၀၀ ခန့် တက်ရောက်ခဲ့သည်။

No comments: