ရေးသားသူ - တူမောင်ညို
ခေတ်ပြိုင်ဂျာနယ်
၁၀ ဇူလိုင် ၂၀၀၇
ညောင်နှစ်ပင်ညီလာခံကို လာမည့် ဇူလိုင်လ (၁၈) ရက်တွင်ပြန်လည်ကျင်းပမည်ဟု ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်က ထုတ်ဖော်ပြောဆိုခဲ့ပြီ။
နောက်ဆုံးအကြိမ်ကျင်းပမည့် ညီလာခံဟုလည်း ထည့်သွင်းပြောကြားသွားသည်။
ဒီတခါတော့ ခြေခင်းလက်သာသည့်အချိန်၊ အားလုံးအတွက် သင့်လျော်သည့်အချိန်ကား မိုးထဲ ရေထဲမှာပါလား။ တောင်သူလယ်သမားကြီးများရဲ့ စိုက်ချိန် ပျိုးချိန်နဲ့တိုက်ဆိုင်နေပါပေါ့လား။
ညောင်နှစ်ပင်ညီလာခံသည် ၂၀၀၇ ခုနှစ်အတွင်း အမှန်တကယ်ပင် အဆုံးသတ်တော့မှာလား။
ဘယ်လိုပင်အဆုံးသတ်သတ်။ ဘယ်တော့ပဲအဆုံးသတ်သတ် ညောင်နှစ်ပင်ညီလာခံရလဒ်သည် တိုင်းပြည်နှင့် လူထုကို အကျိုးရှိစေလိမ့်မည်မဟုတ်။ ထိုရလဒ်ကို ကျွန်တော်တို့ ဆန့်ကျင်ကြရ မည်ဖြစ်သည်။ ထိုညောင်နှစ်ပင်ညီလာခံတွင်ရရှိခဲ့သော အခြေခံမူများ၊ အသေးစိတ်အခြေခံမူများ အပေါ် အခြေခံပြီး ရေးဆွဲချမှတ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဆန့်ကျင်ကြရမည်သာ ဖြစ်သည်။
အချို့က ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြားသွားသည့်အထဲက “တချို့အချက်များကို ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်သွားကြရမှာဖြစ်ကြောင်း” ဆိုသည့် စကားလုံးများကို ဆန္ဒစွဲသန်သန်နှင့် စိတ်ကူးဖဲရိုက်နေကြသည်။ ထင်တလုံးနဲ့ တွက်နေချက်နေကြသည်။ တချို့က အခြေခံဥပဒေတရပ် ဖြစ်လာတဲ့အခါ ရွေးကောက်ပွဲဝင်ဖို့အထိ စိတ်ကူးအရမ်းမြန်စွာ ယဉ်နေကြ ပါသည်။
ညောင်နှစ်ပင်ပြန်စတော့ ဒီချုပ်က ပျော့ပျောင်းစွာဖြင့် (နအဖ) စစ်အစိုးရထံ ချဉ်းကပ်ခဲ့သည်။ အဆိုပြုတင်ပြခဲ့သည်။ ကမ်းလှမ်းခဲ့သည်။ တိုင်းရင်းသားအပစ်ရပ်အင်အားစုများကလည်း ထိုနည်းတူ အဆိုပြုကမ်းလှမ်းခဲ့သည်။ (နအဖ) စစ်အစိုးရကား ဆုပ်ထားသောလက်ကိုမဖြည်ခဲ့ချေ။
သို့ဖြင့် ဒီချုပ်သည် “အမျိုးသားညီလာခံတွင် ပါဝင်ခြင်းအားဖြင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည်ဟု မယုံကြည်သောကြောင့် အမျိုးသားညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်” ဟူ၍ ၂၀၀၄ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ တိုင်းပြည်နှင့်လူထုထံ အသိပေး တင်ပြခဲ့သည်။
သို့ဖြင့် ၁၉၉၆ ခုနှစ်ကတည်းက ယာယီအားဖြင့် ရပ်ဆိုင်းထားခဲ့ရသည်ဆိုသော အမျိုးသားညီလာခံ သည် ၂၀၀၄ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ပြန်လည်စတင်ခဲ့သည်။ ယခု ထိုညောင်နှစ်ပင် ညီလာခံကို မကြာမီ အဆုံးသတ်တော့မည်။
လမ်းပြမြေပုံ၏ ပထမအဆင့်ပြီးစီးသွားပြီဆိုလျှင် ဒုတိယ၊ တတိယအဆင့်များ လာပေတော့မည်။ ဒုတိယအဆင့်နှင့်ပတ်သက်၍ လမ်းပြမြေပုံ (၇) ချက်ထဲတွင် ဤသို့ဖော်ပြထားသည်။ “အမျိုးသား ညီလာခံကြီး အောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ဖြစ်ထွန်းရေးအတွက် လိုအပ်သောဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကို တဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်ခြင်း” ဟု ဖော်ပြထားပါသည်။
“လိုအပ်သော ဆောင်ရွက်ဖွယ်ရာလုပ်ငန်းစဉ်များကို တဆင့်ပြီးတဆင့်ဆက်လက်ဆောင်ရွက်ခြင်း” ဟု ဖော်ပြထားပါသည်။
မည်သို့သော ကိစ္စများကိုဆောင်ရွက်မှာလဲ။
မည်သူက၊ မည်သည့်အဖွဲ့အစည်းကဆောင်ရွက်မှာလဲ။
အချိန်ကာလ မည်မျှကြာမြင့်မှာလဲ၊ ဘာကိုမျှရှင်းရှင်းလင်းလင်းဖော်ပြမထားချေ။
ပထမအဆင့် (ညောင်နှစ်ပင်ညီလာခံကျင်းပခြင်း) သည် ပင်လျှင် ၂၀၀၄ ခုနှစ် မေလ (၁၇) ရက် နေ့က စတင်ရေတွက်ကြည့်လျှင် (၃) နှစ်နီးပါး အချိန်ယူခဲ့ပါသည်။ ဒုတိယအဆင့် အချိန်ကာလ ဘယ်လောက်ကြာမည်နည်း။
ပထမအဆင့်တွင် ပါဝင်ခဲ့ကြသည့် အစုအဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ရမည် မဟုတ်သည် မှာတော့ သေချာပါသည်။
နောက်တစ်ခုသေချာသည်မှာ ကြံ့ဖွံ့၊ မီးသတ်၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း စသည့် (နအဖ) ၏ “အင်န်ဂျီအိုအဖွဲ့များ” အစွမ်းပြလှုပ်ရှားလာကြပါလိမ့်မည်။
ကြံ့ဖွံ့အသင်း၏ “မြန်မာ့ရေးရာနှင့် အပြည်ပြည်ဆိုင်ရာလေ့လာမှုသင်တန်းအမှတ်စဉ် (၁၂) သင်တန်း ဆင်းပွဲ” တွင် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးက “သင်တန်းကာလအတွင်းတွင် နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီး၌ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေရန် ဆွေးနွေးခဲ့ကြသည့် အပြင် ကိုယ်တိုင်ပါဝင်သည့် မိမိတို့၏ နယ်မြေအသီးသီး၌ ရှိနေကြသော ပြည်သူများ၏ အကျိုး အတွက် လက်တွေ့ဆောင်ရွက်နိုင်သည့် နည်းလမ်းများကိုလည်း စုပေါင်းညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး ဖော်ထုတ်ပြုစုနိုင်ခဲ့ကြကြောင်း” ပြောကြားထားသည်နှင့် ဆက်စပ်ကြည့်ရန်ဖြစ်ပါသည်။
“လက်တွေ့ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဖော်ထုတ်ပြုစုနိုင်ခဲ့ကြပြီ” ဟု ဆိုနေပါသည်။ သူတို့သည် ကျရာတာဝန်ကို ထမ်းဆောင်ကြလိမ့်မည်။ ယခုပင်လျင် လူအုပ်ဖြင့် အကြမ်းဖက်ရန်ပြု နေပြီ။
တတိယအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရန်ဖြစ်သည်။ လမ်းပြမြေပုံ စတုတ္ထ အဆင့်မှာ “ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခြင်း” ဖြစ်ပါသည်။
“ဥပဒေရေးဆွဲရေးအဖွဲ့က ပြုစုပြီးတဲ့အခါပြည်သူ့ဆန္ဒခံယူသွားမှာဖြစ်တယ်” လို့ စတုတ္ထအကြိမ် ညောင်နှစ်ပင်ညီလာခံ အပိတ်မိန့်ခွန်းတွင် ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌက ထပ်မံပြောကြားထား ခဲ့ပြီးလည်း ဖြစ်ပါသည်။
ထိုနေ့တွင် ပြည်သူတို့၏ ပြည်လုံးကျွတ်ဆန္ဒအစစ်အမှန်ကို ထုတ်ဖော်ပြသကြရပေလိမ့်မည်။ ညောင်နှစ်ပင်မူများဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို “ကန့်ကွက်မဲ” ပေးကြ ရလိမ့်မည်။
ထိုသို့ ကန့်ကွက်မဲပေးနိုင်ရန် ယခုကတည်းကပြင်ဆင်ထားကြရမည်။ အင်အားစုဆောင်းထားကြ ရမည်။ (နအဖ) စစ်အစိုးရကလည်း ကြံ့ဖွံ့အင်အား (၂၄) သန်းဆိုသည်နှင့် အတည်ပြုနိုင်ဖို့ကြိတ်ပြီး ပြင်ဆင်နေသည်။ လှုံ့ဆော်နေသည်။
လူရမ်းကားစွမ်းအားရှင်များအားကိုးဖြင့် အကြမ်းဖက်မှုများ၊ ဖမ်းဆီးမှုများလုပ်လာပါလိမ့်မည်။ ကျနော်တို့၏ လှုပ်ရှားနိုင်မှုမှန်သမျှကို ကန့်သတ်ပိတ်ပင်လာလိမ့်မည်မှာ နည်းနည်းမှ သံသယ ရှိစရာမလိုပါ။ သို့အတွက် ပြင်ဆင်မှုကောင်းရန်လိုအပ်ပါသည်။ ပြည်သူများ ရဲရဲတင်းတင်း ကန့်ကွက်မဲပေးနိုင်စေဖို့ နည်းလမ်းရှိသမျှ ပြင်ဆင်ကြရလိမ့်မည်။
သို့ပါ၍ ပဏာမအဆင့်ပြင်ဆင်မှု ခြေလှမ်းအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိသော အဆိုပါ ညောင်နှစ်ပင်ညီလာခံက ချမှတ်လာမည့် အခြေခံမူများကို တိုင်းပြည်နှင့် ပြည်သူလူထု ဒေသတွင်းနှင့် နိုင်ငံတကာ မိသားစုများ ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်၍ ဆန်ကျင့်ကန့်ကွက် ပယ်ချနိုင်ကြစေရန်အလို့ငှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများသည် မိမိတို့၏ သဘောထားအမြင်များ၊ ခံစားချက်များကို အကျယ်တ၀င့် တင်ပြ လှုံ့ဆော်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ ။
Wednesday, August 29, 2007
အဆင့် (၄) အတွက် ကြိုတင်ပြင်ဆင်
Labels: ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment