Friday, September 7, 2007

နအဖ အခြေခံဥပဒေကို ငြင်းပယ်သင့်

နအဖ အခြေခံဥပဒေကို ငြင်းပယ်သင့်ကြောင်း ၈၈ ကျောင်းသားများတိုက်တွန်း
မဇ္ဈိမသတင်းဌာန
သြဂုတ်လ ၈ ရက်၊ ၂၀၀၇ ခုနှစ်။

ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ခွင့် မရှိသည့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဆန္ဒ ခံယူပွဲတွင် ကန့်ကွက် ဆန္ဒမဲ ပေးကာ ငြင်းပယ်သင့်ကြောင်း မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့တွင် တိုက်တွန်း ပြောဆိုလိုက်သည်။

၁၉ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ ဖြစ်သည့် ယနေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲနေသည့် နအဖ ၏ အမျိုးသား ညီလာခံ လုပ်ငန်းစဉ်များတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ခွင့် မရပါက ပြည်သူ့ဆန္ဒ ခံယူပွဲတွင် မဲပေးပိုင်ခွင့်ကို ပြည်သူများ အနေဖြင့် ထိရောက်စွာ အသုံးချသွားရမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အားလုံးက ပြည်သူ့ဆန္ဒ ခံယူပွဲမှာ ထောက်ခံခွင့်သာ ပေးထားတာ မဟုတ်ဘူး၊ ငြင်းပယ်ခွင့်ကိုလည်း ပေးထားတာ ဖြစ်တယ်။ ဒီ အခွင့်အရေးကို မိမိရရ အသုံးချကြဖို့ ကျနော်တို့က ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။

ယခုလ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) မှ ဦးစီးကာ လွှတ်တော် ကိုယ်စားလှယ် ၉၂ ဦး လက်မှတ်များဖြင့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ပေးစာတွင်လည်း စစ်အစိုးရ၊ အန်အယ်ဒီ အပါအ၀င် တိုင်းရင်းသား ပါတီများနှင့် အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့ ကိုယ်စားလှယ်များမှ အချိုးအစား တူညီစွာဖြင့် ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲရေး ကော်မတီ တရပ် ဖွဲ့စည်းကာ နအဖ ညီလာခံမှ ထွက်ပေါ်လာမည့် ရလဒ်နှင့် တခြား အဖွဲ့အစည်းများက ပေးလာသည့် အကြံပြုချက်များကို အခြေခံကာ လူထုထံမှ ဆွေးနွေးချက်များကိုပါ အဆုံးသတ် မူကြမ်းတွင် ပေါင်းစပ် ထည့်သွင်း သင့်သည်ဟု ရေးသားထားသည်။

အဆုံးသတ်မူကြမ်းကို ၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပါလီမန် အစည်းအဝေးကြီးမှ အတည်ပြုချက် ရယူကာ လွတ်လပ်ပြီး တရားမျှတသော လူထုဆန္ဒ ခံယူပွဲဖြင့် ဖွဲ့စည်းပုံကို အတည်ပြု ပြဋ္ဌာန်းသွားရန် ဖော်ပြထားသည်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက “ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မှု မရှိရင်၊ တဖက်သတ် ဆောင်ရွက်သွားမယ် ဆိုရင်၊ နောက်ပြီး ကာလဒေသ အလျောက် ပြုပြင်ဖို့ လိုတဲ့အခါ ပြန်လည် ပြုပြင်လို့ မရအောင် ရေးဆွဲထားမယ် ဆိုရင် ဒီလို အလားတူ ပေါက်ကွဲမှုမျိုးတွေ ဖြစ်လာနိုင်တယ် ဆိုပြီး သတိပေးထားတာပါ” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများ၏ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင်လည်း ၁၉၇၄ ခုနှစ်က မဆလ တပါတီ အာဏာရှင်များ၏ တဖက်သတ် ရေးဆွဲခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကြောင့် ၁၉၈၈ ခုနှစ်တွင် ပြည်လုံးကျွတ် အုံကြွမှု ဖြစ်ပျက်ခဲ့ရသဖြင့် အလားတူ အုံကြွ ပေါက်ကွဲမှုမျိုး ထပ်မံ ဖြစ်ပေါ်လာခြင်း မရှိစေရန် အတွက် ယနေ့ နအဖ ရေးဆွဲနေသည့် ဖွဲ့စည်း အုပ်ချုပ်ပုံတွင် တည်မှီနေသည် ဟုလည်း သတိပေး ရေးသားထားသည်။

နအဖ က ဦးစီးကာ ရေးဆွဲနေသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ မူကြမ်းသည် ၁၉၉၃ ခုနှစ်မှ ယနေ့ထိ ၁၄ နှစ်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များကို� ပါဝင် ပတ်သက်စေခြင်း မရှိခြင်းကြောင့် ယခု လုပ်ဆောင်ချက်သည် စစ်အာဏာရှင် စနစ် တည်မြဲရေး အတွက် တဖက်သတ် ရေးဆွဲနေခြင်းသာ ဖြစ်သည်ဟု အတိုက်အခံ ဒီမိုကရေစီ တိုက်ပွဲဝင်နေသူများက ဝေဖန် ပြောဆိုနေကြသည်။

ရန်ကုန်မြို့ရှိ ၀ါရင့် နိုင်ငံရေး သမားဖြစ်သူ အမျိုးသား နိုင်ငံရေး ဦးဝင်းနိုင်ကလည်း နအဖ လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များသည် ပွင့်လင်းမှု မရှိကြောင်းနှင့် ကဏ္ဍ တခုစီတိုင်းတွင် မည်သို့ လုပ်ဆောင်မည်ကိုပင် ပွင့်ပွင့်လင်းလင်း ဖော်ထုတ် ပြောဆိုထားခြင်း မရှိသည့် အတွက်ကြောင့် ပြည်သူလူထု အနေဖြင့် လွတ်လပ်စွာ မဲပေးခွင့် ရရှိမည်၊ မရရှိမည်ကိုပင် သံသယ ဖြစ်နေရသည်ဟု ပြောသည်။

“မဲပေးတယ် ဆိုတဲ့ နေရာမှာတောင် ပြည်သူလူထုက သန့်သန့်ရှင်းရှင်း မဲပေးလို့ ရမလား။ ဆိုလိုတာက အဖြူထဲ ထည့်လိုက်လို့ အမည်းထဲ ရောက်သွားမယ်၊ အမည်းထဲ ထည့်လိုက်လို့ အဖြူထဲ ရောက်သွားမယ် စသဖြင့် မဖြစ်ဘူးလို့ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူးဗျ။ အဲဒါကြောင့်မို့ ပြည်သူတွေက မဲပေးခွင့်ရသည့် တိုင်အောင် သန့်ရှင်းတဲ့ ဆန္ဒခံယူပွဲ ဖြစ်ပါ့မလားဆိုတာ အင်မတန်မှ သံသယ ဖြစ်စရာ ကောင်းပါတယ်” ဟု သူက ပြောသည်။

ယနေ့ ကျရောက်သည့် မြန်မာ့ သမိုင်းဝင် ၈၈၈၈ ရှစ်လေးလုံး ပြည်လုံးကျွတ် လူထုအုံကြွ ဆန္ဒဖော်ထုတ် ပြသခဲ့သည့် ၁၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား တရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများက ဦးဆောင်ကာ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ခြောက်ထပ်ကြီး ဘုရားရှိ သာသနာ့ သိပ္ပံ ကျောင်းတိုက်တွင် ကျင်းပခဲ့ကြသည်။

နံနက် ၅ နာရီတွင် ကျောင်းတိုက်ရှိ သံဃာတော်များကို ရှစ်လေးလုံး ဒီမိုကရေစီရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့သူများကို ရည်စူး၍ ဆွမ်းကပ်ခြင်း၊ ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် အမျှအတန်း ပေးဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သည့်အပြင် လွတ်လပ်မှုနှင့် ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲဝင်ရင်း အသက်နှင့် ဘ၀ကို စတေးခဲ့ကြသော ဒီမိုကရေစီ ဘက်တော်သားများ နည်းတူ မိမိတို့၏ ဘ၀များကိုလည်း မြန်မာ့ ဒီမိုကရေစီ အရေးအတွက် စတေးခံ နေကြောင်းနှင့် ဤမှန်ကန်သော သစ္စာစကားကြောင့် အနာဂတ် မြန်မာနိုင်ငံသည် တရားမျှတပြီး လွတ်လပ်မှုနှင့် ဒီမိုကရေစီ အပြည့်ရှိသော နိုင်ငံတော်ကြီး အဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါ ၀ံ့ကြွား နိုင်ပါစေကြောင်း ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဦးဆောင်တိုင်ပေးကာ သစ္စာ ဆိုခဲ့ကြသည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဖြစ်သူ ကိုကိုကြီးက ပြောသည်။

ယနေ့ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၊ သခင်ချန်ထွန်း အပါအ၀င် ၀ါရင့် နိုင်ငံရေး သမားများ၊ သံတမန်များ၊ စီအာပီပီ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ကျောင်းသား လူငယ်များနှင့် ဧည့်ပရိသတ်ပေါင်း ၁၃၀၀ ခန့် တက်ရောက်ခဲ့သည်။

Read More...

Road Map To Instability

Alternative ASEAN Network for Burma မှ ရေးသားထုတ်ဝေသော Road Map To Instability

ဖိုင်ရယူရန်

Read More...

Online Burma Library

Online Burma Library တွင် စုဆောင်းထားရှိသော အခြေခံဥပဒေ နှင့် ပတ်သက်သည့် စာတမ်းများ၊ အထောက်အထားများကို ဤနေရာတွင် သွားရောက်ဖတ်ရှုနိုင်သည်။

Read More...

အခြေခံမူ (၁၀၄) ချက် အဓိပ္ပါယ်

အခြေခံမူ (၁၀၄) ချက်အပေါ်
စ၀်ပြည်ငြိမ်း (မောရှမ်းပြည်) ၏
အသေးစိတ် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်

ဖိုင်ရယူရန်

Read More...

မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အချိန်ကိုက်ဗုံး

ဧရာဝတီ အင်တာနက်မဂ္ဂဇင်း
မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အချိန်ကိုက်ဗုံး
စက်တင်ဘာ ၃၊ ၂၀၀၇

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခုရှိခြင်းသည် မရှိတာထက်စာလျင် ပို၍ကောင်းပါသည်။ တရားလက်လွတ်အုပ်ချုပ်နေ သော စစ်အစိုးရအောက်မှာထက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခုအောက်မှာ ဒီမိုကရေစီအခွင့်အရေးများအတွက် တိုက်ပွဲဝင်ခြင်းသည် ပို၍ ထိရောက်မှု ရှိနိုင်ပါသည်။ ထို့အပြင် မည်သည့်နိုင်ငံကမျှ နှစ်အနည်းငယ်အတွင်း ဒီမိုကရေစီစနစ် ကို တည်ဆောက်နိုင်ခဲ့ကြခြင်းမရှိကြောင်း သမိုင်းက ပြသနေပါသည်။

အထက်ပါအချက်များသည် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည့် တိုင်းရင်းသားအုပ်စုများက အမျိုးသားညီလာခံတွင် အဘယ်ကြောင့် ပါဝင်တက်ရောက်နေကြရသည် ဆိုသည့် အကြောင်းပြချက်များဖြစ်ပါသည်။ အဆိုပါအကြောင်းပြချက်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအခွင့်အရေးများရရှိနိုင်မည့် နောက်ဆုံးအခွင့်အလမ်းတခုအတွက် ပြည်တွင်း ပြည်ပရှိ နိုင်ငံရေးသမားနှင့် ပညာရှင်အများအပြား၏မျှော်လင့်ချက်များထဲတွင် ပါဝင်သည်။

သို့သော် ၎င်းတို့ကိုယ်တိုင်ကအမျိုးသားညီလာခံအတွင်းရေးဆွဲနေသောဖွဲ့စည်းပုံတွင် သူတို့၏အခွင့်အရေးများကိုကိုယ်တိုင် တိုက်ပွဲဝင်ရယူနိုင်ပါသလား။ အကယ်၍ယခုအချိန်အထိ ချမှတ်ပြီးသမျှသော အခြေခံမူများအတိုင်း မပြောင်းမလဲဘဲ ဆက်သွားမည်ဆိုပါက အဖြေမှာ မဖြစ်နိုင်ဟုပင် ပြောရပါလိမ့်မည်။

အမျိုးသားညီလာခံအဆုံးသတ်ရန်အချိန်နီးလာသည်နှင့်အမျှ မြန်မာနိုင်ငံကိုစစ်တပ်ကလွှမ်းမိုးထိန်းချုပ်ထားမည့် “အမိန့် ပေး ဒီမိုကရေစီစနစ်” ဖြင့် မောင်းနှင်သွားတော့မည်ဖြစ်ကြောင်းပိုထင်ရှားလာပါသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင် ရ ပုဂ္ဂိုလ်များအပါအ၀င် တိုင်းရင်းသားနိုင်ငံရေးအင်အားစုအသီးသီး၏ ဆန္ဒကိုဆန့်ကျင်၍ ထင်ရာစိုင်းသွားတော့မည် ဖြစ်ပါ သည်။

အမျိုးသားညီလာခံမှ ချမှတ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်၏ အခြေခံမူများအရဆိုလျှင် ဖွဲ့စည်းပုံဘောင် အတွင်း၌ စစ်တပ်က “အခွင့်အရေး နှစ်ဆ” ရအောင် စနစ်တကျလှည့်ဖျားထားပါသည်။

ပထမအချက်မှာ လွှတ်တော်အသစ်၏ ကိုယ်စားလှယ်နေရာ (၄၄၀) တွင် ၂၅% ဖြစ်သည့် နေရာ (၁၁၀) ကို စစ်တပ်က အသေအချာ ရယူထားပါသည်။ ဒုတိယအချက်မှာ ခန့်မှန်းခြေအားဖြင့် အင်အား (၄၅၀, ၀၀၀) ခန့်ရှိမည့် စစ်တပ်က မဲဆန္ဒ ပေးပိုင်ခွင့်ရှိနေပြီး စစ်တပ် တပ်ရင်းများစခန်းချရာ မဲဆန္ဒနယ်များတွင် စစ်တပ်ကိုလိုလားသည့် ကိုယ်စားလှယ်များကို မဲထည့်ကြပါလိမ့်ဦးမည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလတွင် စစ်သားများက အဓိကအတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ကြသည့် အမှားအယွင်းမျိုးကို စစ်အစိုးရအနေနှင့် ယခုတကြိမ်တွင် ထပ်မံမဖြစ် စေရန် အသေအချာ လုပ်ဆောင်လာတော့မည် ဖြစ်ပါသည်။

ဤကဲ့သို့သော အခြေအနေအောက်တွင် ကိုယ်စားလှယ် (၃၃၀) နေရာအနက် အများစုကို ဒီမိုကရေစီလိုလားသော နိုင်ငံ ရေးပါတီက အနာဂတ်ရွေးကောက်ပွဲတွင် နိုင်သည်ဆိုဦးတော့ ပြည်သူများ၏ လူမှုရေး၊ နိုင်ငံရေး အခွင့်အရေးများကို အာမခံမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲရေးအတွက် မဖြစ်နိုင်တော့ပါ။ အကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲမည်ဆိုလျှင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅% ကျော်၏ ကြိုတင်အတည်ပြုချက်ရယူရန် လိုအပ်သည်” ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။

ထို့အပြင် ၎င်းတို့အာဏာ ပိုမိုခိုင်မြဲစေရန်အတွက် “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း” ကဏ္ဍ၊ အခန်း (၄) (က) တွင် စစ်ဗိုလ်ချုပ်များက အပိုဒ်တခုကိုပင် ထပ်မံ ထည့်သွင်းထားပါသေးသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၅% ၏ ထောက်ခံချက်ဖြင့် ပြင်ဆင်ဖြည့်စွက်မည့်ဥပဒေကို တင်သွင်းလာသည်ဆိုစေဦးတော့ ဤအဆိုပြုထားသော ပြင်ဆင် ဖြည့်စွက်ချက်ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၅၀% အထက် ထောက်ခံရန်လိုအပ်ပါသည်။

ဤသို့ဆောင်ရွက်ထားသော်လည်း စစ်ဗိုလ်ချုပ်များက သူတို့အာဏာအတွက် စိတ်မအေးနိုင်ကြပါ။ “နိုင်ငံတော် အရေးပေါ် ကာလ ပြဌာန်းချက်” အခန်းတွင် ဤအချက်ကို ပို၍သိသာစေပါသည်။ ထိုအခန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်အခြေအနေ ပြဌာန်းကြေညာခွင့် ပေးထားပြီး အရေးပေါ်အခြေအနေတွင် “နိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ (၃) ရပ်ကို ကျင့်သုံးနိုင်ခွင့်” ပေးထားပါသေးသည်။

ဤပြဌာန်းချက်အရ စစ်တပ်အကျိုးစီးပွားကို ဆန့်ကျင်လာမည့် ဥပဒေပြင်ဆင်ပြဌာန်းချက်များ ပြုလာပါက စစ်ဗိုလ်ချုပ်များ သည် လွှတ်တော်ကို ဖျက်သိမ်းခွင့်ရှိရုံမျှမက ၀န်ကြီးအဖွဲ့ကိုပါ ဖျက်သိမ်းခွင့်ပေးထားသကဲ့သို့ ရှိစေပါသည်။

၎င်းတို့၏ အာဏာချုပ်ကိုင်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ဖြစ်စေရန် စစ်အစိုးရက ဒီမိုကရေစီနည်းမကျသော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာအခြေခံမူများ ပြဌာန်းဆောင်ရွက်လာမည့်အရေးကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် အခြားတိုင်းရင်းသားပါတီများက အမျိုးသားညီလာခံကို အစဉ်တစိုက် ဆန့်ကျင်နေခဲ့ကြပါသည်။

ယခုတကြိမ်သည် အမျိုးသားညီလာခံ တက်ရောက်နေကြသော အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့များ၏အလှည့် ပင် ဖြစ်ပါသည်။ စစ်အစိုးရက သူတို့ကို စီးပွားရေးအကျိုးအမြတ်များဖြင့် တုပ်နှောင်၍ ဖွဲ့စည်းပုံတွင် စစ်တပ်၏အုပ်ချုပ်ခွင့် ကို လက်ခံရန် အတင်းအကျပ်ဖိအားပေးခံနေရပါသည်။

ဤအခြေအနေကို ကြည့်၍ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က အမျိုးသားညီလာခံ၏ နောက်ဆုံးအကြိမ် အစည်းအဝေးတွင် တိုင်းရင်းသားအခွင့်အရေးများပိုမိုရရှိစေရန် အဆိုပြုခဲ့ပါသေးသည်။ သို့အတွက်ကြောင့် စစ်ဗိုလ်ချုပ်များ အမျက်တော်ရှ၍ ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို၏ စီးပွားရေးလုပ်ငန်းများကို အကြီးအကျယ်ဖိအားပေးခံခဲ့ရပါသည်။

ထိုမျှမက ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ စစ်သားများကလည်း အနာဂတ်တွင် စစ်အစိုးရနှင့် ဖြစ်လာ နိုင်မည့် စစ်ပွဲများအတွက် ပြင်ဆင်နေကြရပေပြီ။ ထိုသို့စစ်ရေးပြင်ဆင်မှုများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ၀တပ်ဖွဲ့များကို ၎င်းတို့၏ဗဟိုဌာနချုပ် ပန်ဆန်းသို့ ပြောင်းရွှေ့ရန် မြန်မာစစ်အစိုးရက ပေးလာသောအမိန့်ကို ၀ခေါင်းဆောင်များက ငြင်းဆန်လိုက်ပြီးနောက်ပိုင်းတွင် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အချိန်ကိုက်ဗုံးပေါ်တွင် ထိုင်နေသည့်နှယ် ရှိနေပါသည်။ စစ်အစိုးရက မစေ့စပ်ရေးမူကို စွဲကိုင်ထားခြင်း သည် စနက်တံသဖွယ် ဖြစ်နေပါသည်။ ၎င်းတို့၏တန်းတူရေး နှင့် ကိုယ်စားပြုပြောရေးဆိုပိုင်ခွင့်ကို ဥပဒေကြောင်းအရ အာမခံခြင်းမရှိပါသော အနာဂတ်ပြည်ထောင်စုတွင် တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေးအဖွဲ့များအတွက် နေရာမရှိပါက ပေါက်ကွဲမှုများက အချိန်မရွေးဖြစ်လာနိုင်ဖွယ် ရှိနေပါတော့သည်။ ။

၂၀၀၇ ခုနှစ်ထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Burma's Constitutional Time Bomb (Editorial)ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

Read More...

Burma’s Constitutional Time Bomb

Burma’s Constitutional Time Bomb (Editorial)
By The Irrawaddy
September 3, 2007

Any constitution is, of course, better than none. The fight for democratic rights is more effective within a constitutional framework than under a military regime ruling without any such guidelines. Also, history tells us that no country can build a democracy within just a few years.

These are some of the reasons why Burmese ethnic ceasefire groups have been participating in Burma’s National Convention. They also encapsulate the dreams of many Burmese politicians and scholars, both within and outside the country, for one last chance to win their constitutional rights.

But can they really fight for their rights within the constitutional framework being drawn up by the National Convention? The answer is “no,” if the basic principles for the new constitution that have now been adopted are anything to go by.

As the National Convention comes to a close, the Burmese generals are leading the country to a military-dominated “command democracy” against the will of all parties, including the 1990 election victors and the ethnic minority groups.

The new constitutional guidelines adopted by the National Convention reveal that the generals have carefully maneuvered themselves into the position of possessing “double rights” under the terms of the constitution.

First, the military is guaranteed 110 seats in a future parliament—25 percent of the 440 seats in the new assembly. Second, an estimated 450,000 members of the armed forces, who also have the vote, will be called upon to elect pro-military representatives in the constituencies where the military deploys its battalions. The regime won’t make the same mistake as it did in the 1990 election, when most members of the armed forces voted for the main opposition party, the National League for Democracy.

In such a situation, even a democratic party that wins a majority of 330 seats in future elections will be unable to amend the constitution to adopt laws guaranteeing more civil and political rights for the people, because the parliament will need “the prior approval of more than 75 percent of all the members of the Pyidaungsu Hluttaw (people’s assembly).”

In order to cement their power even more strongly, the generals inserted a clause in Section 4 (a) of the chapter “Amendment of the Constitution” stipulating that after adopting the amended law with the approval of more than 75 percent of the parliament, the proposed amendment would have to be approved by more than 50 percent of voters in a national referendum.

Even at this stage, the generals can’t feel certain of their grip on power. They make this clear again in the chapter entitled “Provisions on State of Emergency,” which allows the commander-in-chief of the armed forces “to declare a state of emergency” and to exercise countrywide “legislative, executive and judicial powers.”

The provision gives the generals the power to dissolve not only the elected parliament but also the state cabinet if they try to amend or enact a law against the will of the military.

In the face of such undemocratic principles adopted by the military to legitimate their power in accordance with the constitution, the NLD and other ethnic parties have consistently opposed the National Convention.

Now it’s the turn of the ethnic ceasefire groups attending the convention. Because of their economic interests, they have been coerced by the regime to accept the constitutional right of military rule.

In the final session of the National Convention, for instance, the Kachin Independence Organization submitted a proposal for more ethnic rights, fueling the generals’ anger and leading to immense pressure on the KIO’s business interests in Kachin State.

In addition, soldiers of the United Wa State Army have begun preparation for possible future battles with the military regime after the group’s leaders refused to follow an official order to move their units deployed near the Thai-Burmese border to the group’s headquarters in Panghsang.

Burma is now sitting on a time bomb. The regime’s uncompromising insistence on holding onto power is the fuse. The explosion can occur whenever the ethnic ceasefire groups lose their place in a future union that holds the promise of equal rights and representation under the law.

Read More...

ယနေ့ ရွေးကောက်ပွဲနဲ့ မနက်ဖန် အလားအလာ

ဆောင်းပါး ( မဇ္ဈိမအင်တာနက်သတင်း )
ယနေ့ ရွေးကောက်ပွဲနဲ့ မနက်ဖန် အလားအလာ
၁၄ သြဂုတ် ၂၀၀၇

ဆယ်စုနှစ်တခုမက ကြာအောင် ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဟာ အခုအချိန်မှာ ဆက်လက် ကျင်းပနေဆဲလည်း ဖြစ်သလို မကြာခင် အဆုံးသတ်တော့မယ်လို့လည်း ပြောသံများ ကြားရပါတယ်။ အမျိုးသား ညီလာခံနဲ့ ပတ်သက်လို့ ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေရဲ့ တောက်လျှောက် တုံ့ပြန်တဲ့ အခြေအနေကတော့ ညီလာခံဟာ စစ်အစိုးရ အလိုကျ သူတို့ အကျိုးအတွက် တဖက်သတ်ဆန်ဆန် ကျင်းပနေတာကြောင့် လက်မခံနိုင်ဘူး ဆိုတဲ့ အသံတွေပါ။ အထူးသဖြင့် ၈၈ ကျောင်းသားတွေ၊ ၀ါရင့် နိုင်ငံရေး သမားကြီးတွေ၊ တိုင်းရင်းသား အုပ်စုများစွာ၊ စီအာပီပီနဲ့ အမတ်များစွာတို့ရဲ့ အသံတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အင်မတန် သဘာဝကျပါတယ်။ အာဏာရှိသူကလည်း ငါ အာဏာရှိတုန်း အသာစီးရတုန်း ကိုယ့်ဘက် ကိုယ်ယက်ပြီး လုပ်လိုတာ အကုန်လုပ်သလို အဖိနှိပ်ခံတွေ ဘက်ကလည်း နိုင်သလောက် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ စစ်အစိုးရဟာ အမျိုးသား ညီလာခံကို တကယ်တမ်း အဆုံးသတ်မယ် ဆိုရင်တော့ အရပ်သား အစိုးရတခု ပေါ်ပေါက်ရေးကို ဦးတည်တဲ့ နိုင်ငံရေး လမ်းကြောင်း တခုကို ဖော်နေပြီလို့ ဆိုရပါမယ်။

အာဏာ ကုလားထိုင်မှာ အဓိက ကျတာက အန်အယ်ဒီ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဦးဆောင် နိုင်ငံရေး ပါတီဖြစ်တဲ့ အန်အယ်ဒီ ကတော့ ဒေါ်စု အပါအ၀င် ခေါင်းဆောင်တွေကို လွှတ်ပေးဖို့၊ ပြီးရင် အမျိုးသား ညီလာခံရဲ့ ပြင်ပမှာ စကားဝိုင်းထိုင် ညှိနှိုင်းဖို့ကိုပဲ အစဉ်တစိုက် တောင်းဆိုနေပါတယ်။ ဒီတောင်းဆိုချက်ဟာ လက်တွေ့မှာ ဖြစ်နိုင်ချေ မရှိသေးပါဘူး။ သို့သော် အန်အယ်ဒီဟာ တခုတည်းသော ရွေးကောက်ပွဲ အနိုင်ရ ပါတီကြီးတခုဖြစ်တယ်။ တပြည်လုံး အတိုင်းအတာအရ အဆင့်ဆင့် ဖွဲ့စည်း တည်ဆောက်ထားတဲ့ အင်အားကြီးသော တရားဝင် အဖွဲ့အစည်းကြီး တခုလည်း ဖြစ်တယ်။ ဒီတော့ စစ်အစိုးရကလည်း သတိထား ကိုင်တွယ်နေသလို အန်အယ်ဒီ ခေါင်းဆောင်ပိုင်းကလည်း အမှားမခံဘဲ နောက်ဆုံး အခြေအနေကို ရောက်ရင် အရေးကြီးတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပေးရတော့မှာ ဖြစ်ပါတယ်။

အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် (စီအီးစီ) အနေနဲ့ လက်ရှိ လုပ်ကိုင်နေပုံအရ လူငယ်ထုကို ပိုမို ကျစ်လစ်အောင် စုဆောင်းနေပုံကိုက နောက်ဆုံးတနေ့မှာ ထိပ်တိုက် ရင်ဆိုင်ရမယ်လို့ ယူဆရပါတယ်။ ဒေါ်စု ပြောခဲ့တဲ့ စကားတခွန်း အရ စစ်ခေါင်းဆောင်တွေရွေးတဲ့ လမ်းကြောင်း ဖြစ်တဲ့အတွက် တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံရင် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းကို လျှောက်ကြဖို့ပဲ ရှိပါတယ်။

ပြည်ပက အယူအဆတွေကို လေ့လာကြည့်တဲ့အခါ ကိုမိုးသီးဇွန်၊ ကိုဘိုဘိုကျော်ငြိမ်းတို့ ဦးဆောင်တဲ့ ပညာရှင်ဆန်ဆန် သုံးသပ် လေ့လာချက်များ ကတော့ အမေရိကန်၊ တရုတ် အပါအ၀င် နိုင်ငံတကာ အကူအညီနဲ့ စစ်အစိုးရကို ဖျောင်းဖျ နားချကာ အရပ်သားနဲ့ စစ်အုပ်စုတို့ အာဏာခွဲဝေပေးတဲ့ အခြေအနေ တရပ်ကို ဦးတည်တဲ့ လှုပ်ရှားမှုကို ဇောင်းပေးနေပါတယ်။

လတ်တလောမှာ အမေရိကန် အကြံပေးချက်အရ ပါကစ္စတန်မှာလည်း စစ်ဦးစီးချုပ် ကိုယ်တိုင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စစ်တပ်တို့ အာဏာခွဲဝေရေးကို စတင်နေပြီ ဖြစ်တော့ ဒါဟာလည်း နည်းလမ်းတခုလို့ ဆိုရမှာပါ။ သို့သော် ပါကစ္စတန်မှာ စစ်ဦးစီးချုပ်ကို ကျောချမ်းသွားစေတဲ့ သူ့ကို လုပ်ကြံမှုတွေ၊ အသေခံ ဗုံးခွဲမှုတွေ ဆိုတာ အရေးကြီးတဲ့ ကိစ္စရပ်တွေပါ။ စစ်ခေါင်းဆောင်တွေ နားလည်နိုင်မယ့် ဝေါဟာရတွေထဲမှာ အသေခံ ပြောက်ကျားနည်း ကွန်မန်ဒို ချောင်းမြောင်း လုပ်ကြံမှု ဆိုတာတွေဟာ အရေးပါ ပါတယ်။

ကွန်မြူနစ်ပါတီ ရဲ့ အယူအဆနဲ့ လမ်းစဉ်ကတော့ စစ်အစိုးရ ဖော်ဆောင်နေတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်တဲ့ အထိ အဆင့်ဆင့် ခြေလှမ်းတွေ၊ အခြေအနေတွေ၊ လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုကို မြေအောက် ယူဂျီတွေကတဆင့် စည်းရုံးပြီး ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်မယ့် လူထုအုံကြွမှု ပေါ်ပေါက်ရေးအထိ ဦးတည်ကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး လမ်းစဉ်ကို ကြိုးပမ်းမယ်လို့ ယူဆရပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေဟာ ဒီလို ဖြစ်လာမယ့် နိုင်ငံရေး ရေချိန်တရပ်၊ နိုင်ငံရေး အနေအထား တရပ်အထိ ရောက်လာမှာ မလွဲမသွေဘဲလို့လည်း တွက်ထားပါတယ်။

ဒီလိုဆိုရင် ပြည်သူလူထုရဲ့ အမြင်နဲ့ ခံစားချက်ကတော့ ဘယ်လို နေပါလိမ့်မလဲ ဆိုတာကတော့ အရေးကြီးတဲ့ အပိုင်းအဖြစ် စဉ်းစားရပါမယ်။ ဦးနု ကတော့ သူ့ရဲ့ တာတေ စနေသားမှာ “ဒို့လူထုကြီးဟာ ခံစားချက်ကို ပိုမို ဦးစားပေးတယ်။ ဦးနှောက်က စဉ်းစားတာထက် နှလုံးသား ခံစားတာက ပိုများတယ်” လို့ ကိုယ်နဲ့နှိုင်းကာ သုံးသပ်ပါတယ်။ ကွန်မြူနစ် ပါတီရဲ့ အယူအဆကတော့ “ကျနော်တို့ လူထုကြီးဟာ နိုင်ငံရေး အတွေ့အကြုံတွေ လွန်စွာ ရင့်ကျက်တယ်” လို့ သုံးသပ်ပါတယ်။ ဖဆပလ ကို စဖွဲ့လိုက်တော့ လူထုဟာ ပါလာတဲ့ စိန်ရွှေ လက်ဝတ် ရတနာတွေကိုတောင် ဖဆပလ ရန်ပုံငွေ အတွက် ချွတ်လှူခဲ့တဲ့ ကျနော်တို့ လူထုဟာ အခုအချိန်မှာ စားစရာတောင် မရှိအောင် ငတ်ပြတ်ဆင်းရဲ၊ ပညာမတတ်၊ ရောဂါ အမျိုးမျိုးနဲ့ အလွန် ခံစားနေရတဲ့ အခြေအနေ ဖြစ်တော့ကာ ချွတ်လှူစရာ ရွှေငွေနတ္ထိ အခြေအနေ ဖြစ်ပါတယ်။ ဒီနေရာမှာ လူထုအမြင် ဆိုတာနဲ့ ပတ်သက်လို့ ရှေးကာလက ဖြစ်ရပ်တခုကို ပြန်ပြောင်း တင်ပြလိုပါတယ်။

မင်းတုန်းမင်း နန်းတက်ခါစမှာ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားဟာ သာမန် ဆင်းရဲသားအသွင်နဲ့ ရုပ်ဖျက်ကာ မြို့ပြင်ထွက်ပြီး စနည်းနာတော်မူပါတယ်။ အဲဒီအခါ ကျေးလက်က မြို့တက်ပြီး ဈေးရောင်းဈေးဝယ် လာတဲ့ ကုန်သည်တွေ အုပ်စုထဲမှာ ပါလာတဲ့ သက်ရွယ်ကြီးရင့်တဲ့ အဖိုးအို တယောက်ကို ချဉ်းကပ်မိပါတယ်။ အဖိုးအိုဟာ မင်း ၅ ဆက်ကို သိမှီလိုက်ပါသတဲ့။ ဒီတော့ ကနောင်မင်းသားလည်း အဖိုးအိုထံ စုံစမ်းတဲ့ အနေနဲ့ မေးလိုက်ပုံက ‘အဖိုး … ဘယ်မင်းလက်ထက်မှာ အကောင်းဆုံးပါလဲ’ လို့ စကားစလိုက်တော့ အဖိုးအိုက ‘ဘယ် မအေ --- တက်တက် ဘာမှ မထူးပါဘူးကွာ’ လို့ ပြန်ဖြေပါသတဲ့။

အဓိပ္ပာယ်ကတော့ သက်ဦးဆံပိုင် ဘုရင်လက်ထက်မှာ ကျေးလက်တောရွာ ဆင်းရဲသူ ဆင်းရဲသား၊ လက်လုပ်လက်စား ပြည်သူတွေအဖို့ ဘယ်သူတက်တက် ဘာမှမထူးခြားဘဲ နီးရာသူကြီး၊ ဆယ်အိမ်ခေါင်း၊ ရွာစိုး စတဲ့ အာဏာပိုင်တွေ အနိုင်ကျင့်တာခံရတဲ့ ဘ၀ဖြစ်လို့ပါပဲ။ ပဒေသရာဇ် ခေတ်ရဲ့ ပြယုဂ် ဖြစ်ပါတယ်။ မင်းတုန်းမင်း ခေတ်နှောင်းပိုင်းနဲ့ သီပေါမင်း လက်ထက်တို့မှာ ၀န်ကြီးတွေကစပြီး အထက်ပိုင်းမှသည် အောက်ခြေ အဆင့်ဆင့် အာဏာပိုင် များစွာတို့ရဲ့ ဓားထက်လှစွာဖြင့် မတရား ညှဉ်းဆဲမှု၊ အနိုင်ကျင့်မှုတွေဟာ အလွန်ဆိုးဝါးတဲ့ အတွက် ဆင်းရဲတွေနဲ့ လူလတ်တန်းစားတွေဟာ မခံမရပ် နိုင်လွန်းတော့ အောက်ပြေအောက်ရွာ အင်္ဂလိပ်မင်း လက်အောက် သွားရောက် နေရတာကမှ သက်သာသေးတယ် ဆိုကာ အမြောက်အမြား ပြောင်းရွှေ့ကုန်ကြကြောင်း မှတ်သား တွေ့ရှိပါတယ်။ ဒါကို ကျွန်စိတ်ပေါက်တယ်လို့ အပြစ်တင်လို့ မရပါဘူး။ သာမန် ပြည်သူတွေအဖို့ ကိုယ့်ဘုရင် အုပ်ချုပ်တဲ့ ဘ၀ထက် အင်္ဂလိပ် အုပ်ချုပ်တာက ပိုပြီး သက်သာသေးတယ် ဆိုတဲ့ ဘ၀အမြင် တရပ်၊ အခြေအနေ တရပ်ကို စဉ်းစားဆင်ခြင် သင့်ပါတယ်။

ဒီအခြေအနေဟာ တကယ်တော့ သာမန် ပြည်သူတွေရဲ့ အဲဒီကာလက ဖြစ်နေတဲ့ ဖြစ်ရပ်တခုပါ။ ဒီဖြစ်ရပ်ကို ကျနော်တို့ဟာ ဆိုးဆိုး၊ ကောင်းကောင်း အမှန်အတိုင်း သမိုင်းတင်ပြီး သင်ခန်းစာယူဖို့ လိုပါတယ်။ ကျနော်တို့ သမိုင်းဖြစ်စဉ်တွေကို ဖော်ပြ ရေးသားကြရာမှာ အုပ်ချုပ်သူနဲ့တကွ အုပ်ချုပ်သူကို တော်လှန် ပုန်ကန်တဲ့ အာဏာလုဘက်၊ ပြိုင်ဘက် နိုင်ငံရေး ဖြစ်စဉ်တွေကိုတော့ ဖော်ပြပါရဲ့။ သာမန် ပြည်သူလူထုရဲ့ အခြေအနေ၊ အမြင်၊ ခံစားချက်၊ ရပ်တည်ချက်ကိုတော့ အရေးတယူ ဖော်ပြခဲ့တာ နည်းပါးလှတာကို တွေ့ရလို့ပါပဲ။

ဦးနေ၀င်းရဲ့ ၂၆ နှစ်တာကာလကို အကျဉ်းချုပ်လိုက်ရင် လူတွေကို ဆင်းရဲ စုတ်ပြတ်အောင် လုပ်ထားပြီး လူထုအင်အား ချိနဲ့ပါမှ စစ်အာဏာရှင် တပါတီ အာဏာရှင် စနစ်ကို စိတ်ကြိုက် ထူထောင် အုပ်ချုပ်လို့ ရမယ်လို့ ယူဆတယ်။ ဒီတော့ လူတွေကို မွဲနေအောင်၊ မွဲလွန်းလို့ မခံနိုင်တော့ဘူး ထင်ရင် နဲနဲ ထွက်ပေါက်လေး ပေးလိုက်တယ်။ ဒီလိုချော့လိုက်၊ ချောက်လိုက်၊ ပေးလိုက်၊ ညှဉ်းဆဲလိုက် လုပ်ထားကာ ၂၆ နှစ်ကို ဆွဲဆန့်ခဲ့ရပါတယ်။ ကွန်မြူနစ်၊ စစ်အေးတိုက်ပွဲ ခေတ်ကို ဖြတ်သန်းခဲ့တဲ့ ဦးနေ၀င်းရဲ့ လက်ထက်မှာ တိုင်းပြည်ဟာ ဘာမျှော်လင့်ချက်မှ မရှိနိုင်ခဲ့ပါဘူး။ နိုင်ငံတကာ အမြင်လည်း မရှိခဲ့ပါဘူး။

စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ဖို့ အတွက် လူတွေ ပင်ပန်း ဆင်းရဲနေဖို့ လိုတယ်ဆိုတဲ့ ဒီအတွေးအခေါ်ဟာ ဘယ်လောက်ထိ မှန်သလဲ ဆိုတာ ဒီကနေ့ခေတ်မှာ မသေချာတော့ပါဘူး။ ဒီကနေ့ခေတ်ဟာ အရာရာ ပွင့်လင်း လွတ်လပ်လာတဲ့ ခေတ်ဖြစ်ပါတယ်။ အင်တာနက်၊ ကွန်ပြူတာနဲ့ လက်ကိုင်ဖုန်းတွေ ကိုင်ပြီး ဈေးကွက် စီးပွားရေးကို လှုပ်ရှားနေကြတဲ့ ခေတ်ဖြစ်ပါတယ်။ ဒီလိုခေတ်မှာ လူထုဟာ ထွက်ပေါက် မရှိရင် ရှာကြံပြီးတော့ စီးပွားရေးနဲ့ ဘ၀ အဆင်ပြေရေး တို့ကို ဖြစ်တဲ့နည်းနဲ့ ဖြစ်သလို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဦးနေ၀င်းရဲ့ ဆိုးမွေခံ ဗိုလ်ချုပ်ကြီးတွေ လက်ထက် ဒီကနေ့ အခြေအနေကို ကြည့်ရင် လူထုကြီးဟာ မကြုံစဖူး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကျပ်အတည်း များစွာတွေနဲ့ နေ့စဉ် ရင်ဆိုင် ဖြေရှင်းနေရတော့ အပြောင်းအလဲ တခုခုကို တောင်းတ မျှော်ကိုးနေတာ ဖြစ်ပါတယ်။ ဒေါ်စုကို ပြန်လွှတ် ပေးလိုက်တဲ့ ၂၀၀၂ ခုနှစ်တုန်းကလည်း ဘာပဲဖြစ်ဖြစ် လူထုဟာ ဖြစ်လာမယ့် အပြောင်းအလဲကို မြင်ချင်လှပါပြီ။
ပိုဆိုးရင်လည်း ဆိုးပါစေတော့။ လက်ရှိ အခြေအနေအတိုင်း ဒီလိုမျိုးချည်းတော့ ဆက်လက် မနေလိုတော့တာပါ။ ဒါကြောင့် အပြောင်းအလဲကို ဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးမယ့်သူဟာ ဒေါ်စု တဦးတည်းသာ ဖြစ်နိုင်မယ်ဆိုတဲ့ ခံစားချက်နဲ့ လူထုဟာ ဒေါ်စုအပေါ် ဘာပဲဖြစ်ဖြစ် ပုံအောထားခဲ့ပါတယ်။ စစ်အစိုးရကလည်း လူထုရဲ့ ဒီစိတ်ဓာတ်ကို သွေးလန့်ဟန်တူပါတယ်။ ဒေါ်စုမှတပါး တခြားသူ တစုံတဦးကို ဒီကနေ့ထိ လူထုအနေနဲ့ မမြင်နိုင်သေးတာကလည်း မြန်မာပြည် နိုင်ငံရေးရဲ့ ထူးဆန်းမှု တခုလို့ ဆိုရမှာပါ။

စစ်အစိုးရ အနေနဲ့ကတော့ လက်ရှိ အခြေအနေကို မဖြစ်မနေ ဆွဲလို့ ရသလောက် ဆွဲနေချင်အုံးမှာ။ အချိန်ဆွဲဆန့် နိုင်သလောက် ဆွဲနေရမှာ ဖြစ်ပါတယ်။ ဆက်ပြီး ဆွဲဆန့်ထားလို့ ရသေးလား ဆိုတာကတော့ အသေးစိတ် လေ့လာဖို့ လိုပါမယ်။ ဆွဲဆန့်လို့ မရတာကတော့ ထိပ်ပိုင်း စစ်ခေါင်းဆောင် ၂ ဦးရဲ့ ဇရာနဲ့ ကျန်းမာရေး ဖြစ်ပါတယ်။ အနားမယူ မဖြစ်ဆိုတဲ့ ကာလဟာလည်း နီးကပ်လာပါတယ်။ နောက်ပိုင်းလူတွေကို လွှဲပြောင်းပေးဖို့ ညင်သာ ချောမွေ့တဲ့ အပြောင်းအလဲ တခု ဖြစ်ဖို့ဆိုတာ လက်ရှိ ခေါင်းဆောင် ၂ ဦးအနေနဲ့ ဦးနေ၀င်းရဲ့ ဖြစ်စဉ်ကို နမူနာယူပြီး ဖြစ်နေပါလိမ့်မယ်။

အချိန်ကို ဆွဲဆန့်ရာမှာ အထောက်အကူ ဖြစ်စေတဲ့ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ ဆည်တွေတည် လုပ်ထားတော့ ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာရင် ပိုမို တိုးတက်လာပါရဲ့။ သို့ပေမဲ့ စီးပွားရေး အခြေအနေဟာ ပြောင်းလဲ တိုးတက်လာတာကို အရိပ်အယောင်မျှ မတွေ့ရသေးပါဘူး။ တိုင်းပြည်ကို ထိန်းထားနိုင်မယ့် နောက်ပိုင်း မျိုးဆက်၊ တပည့်၊ လက်သား လူငယ် ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကလည်း လူကြီးတွေ မျက်စေ့ ကျလောက်အောင် လုပ်ပြနိုင်သူ ရှိဟန်မတူပါဘူး။ ပြောရရင် စီးပွားရေး ကဏ္ဍမှာ တခြား တေဇ တွေ စစ်အုပ်စုအဖို့ ရှားပါးနေဟန် တူပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်လောက်တောင် အမျိုးသား စီးပွားရေး လုပ်ငန်းရှင်တွေကို မွေးထုတ်ပေးနိုင်မယ့် အခြေအနေမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် လိုအပ်ရင် ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ ဗိုလ်ခင်ညွန့်ကို လာမယ့် ရွေးကောက်ပွဲမှာ ပါတီတခုရဲ့ ခေါင်းဆောင်အဖြစ် မြင်ကြည့်နေပြီလား ဆိုတာ တွေးစရာပါ။

လတ်တလော ကျင်းပနေတဲ့ အမျိုးသား ညီလာခံဟာ အနှစ်သာရ အားဖြင့် စစ်အစိုးရ အလိုကျ အရပ်သား အစိုးရတခု ထွက်ပေါ်ရေး ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးနေ၀င်း လုပ်ခဲ့တဲ့ မဆလပါတီ၊ မဆလအစိုးရနဲ့ အခြေအနေချင်း များစွာ ကွာခြားသွားလေတော့ သိပ်ပြီး လွယ်ကူဟန် မတူတဲ့အတွက် အချိန်များစွာ ယူခဲ့ရသလို အတိုက်အခံ အနှောင့်အယှက် များစွာကိုလည်း ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

တိုင်းပြည် ခေါင်းဆောင်တွေရဲ့ အရည်အချင်းတွေကို လေ့လာကြည့်တဲ့အခါ အာဏာကို ထိန်းထားတဲ့ အရည်အချင်း၊ လူထုကို စည်းရုံးနိုင်တဲ့ အရည်အချင်း၊ အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ် လည်ပတ်စေနိုင်တဲ့ အရည်အချင်း စတဲ့ အမျိုးမျိုးသော အရည်အချင်းတွေထဲမှာ စစ်အုပ်စု အနေနဲ့ သူတို့စိတ်ကြိုက် အရည်အချင်း ရှိသူတွေ စစ်အစိုးရဘက်မှာ အလုံအလောက် ရထားပြီးရင်တော့ သူတို့ရဲ့ အမျိုးသား ညီလာခံကို အဆုံးသတ်ကာ သူတို့ ရေရှည်သွားလို့ရမယ့် လမ်းကြောင်းတခုကို ဖော်ဖို့ အချိန်တန်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီတော့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဘယ်လိုရှိပါမလဲ ဆိုတဲ့ စကားအစကို ပြန်ကောက်ရရင် ကနောင်မင်းသား မေးခွန်းကို ဖြေသွားတဲ့ အဖိုးအို စကားလို ဘယ်သူတက်တက် မထူးပါဘူး။ သို့သော် ထူးတာက စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေ တက်ရင်တော့ ထူးမယ်လို့ လူထုက ခံစားမှာ ဖြစ်ပါတယ်။ ဘာထူးမလဲ ဆိုတော့ ကိုသာဆိုး တို့ တက်လာတယ်ဆိုတဲ့ အမြင်နဲ့ ပိုမိုဆိုးဝါးတဲ့ ဖိနှိပ်မှုကို လုပ်တော့မှာပဲလို့ ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ မလုပ်ရင်လည်းပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လို၊ ဗိုလ်နေ၀င်း ၂၆ နှစ်နဲ့ န၀တ၊ နအဖ နှစ် ၂၀ တို့ကို ကောင်းကောင်း သဘောပေါက်နေပြီး ဖြစ်လို့ပါပဲ။

စစ်ခေါင်းဆောင်တို့ ညစ်တတ်ပုံကို ဥပမာတခု အနေနဲ့ ပြောရရင် ကြေးမုံ ဦးသောင်း ရေးခဲ့တဲ့ ပြဇာတ်ဆန်ဆန် တကယ့် ဖြစ်ရပ်တခု ရှိခဲ့ဘူးပါတယ်။ ဖဆပလ နှစ်ခြမ်းကွဲတော့ ဗိုလ်နေ၀င်းက စစ်အရာရှိကြီးတွေ ဖြစ်တဲ့ အောင်ကြီး၊ မောင်မောင်၊ တင်ဖေ တို့ကို ဦးနုရဲ့ ၀န်ကြီးချုပ်အိမ်ကို လွှတ်ကာ အာဏာ အပ်ခိုင်းပါတယ်။ ကံအားလျော်စွာ သက်သေ ဖြစ်ချင်တော့ ဂါးဒီးယမ်း ဦးစိန်ဝင်းနဲ့ ကြေးမုံ ဦးသောင်းတို့ကလည်း ဦးနုရဲ့အိမ်မှာ ရောက်နေခိုက်ပါ။ သူတို့ နှစ်ဦးရှေ့မှာပဲ ဦးနုက ရွေးကောက်ပွဲလုပ်ပေးဖို့ ခံဝန်ချက်နဲ့ တရားဝင် အာဏာအပ်မယ်လို့ ဆိုခဲ့ပါသတဲ့။ ဒါပေမဲ့ ဗိုလ်နေ၀င်း ကလည်း လူပါးပဲ။ ရွေးကောက်ပွဲမှာ ဦးကျော်ငြိမ်းတို့ တည်မြဲအုပ်စုက နိုင်သွားရင် တည်မြဲထံကနေ အာဏာကို ပြန်သိမ်းဖို့ မလွယ်ဘူးလေ။ ဒီတော့ တည်မြဲကို ပြည်သူက ပိုပြီး ချဉ်ဖတ် ဖြစ်စေရမယ်။ ဒီလိုလုပ်ဖို့ အဲဒီတုန်းက လူထုမုန်းနေတဲ့ စစ်တပ်က တည်မြဲအတွက်ကို စစ်အာဏာ သုံးကာ မဲဆွယ်ပေးခဲ့တယ်။ ဒီလို လုပ်လိုက်တော့ လူထုက တည်မြဲကို ပိုမိုမုန်းတီးကာ ရွေးကောက်ပွဲမှာ ဦးနုက ၇၅ ရာနှုန်းနဲ့ ကျန် ၂၅ ရာနှုန်းကို ပမညတ ကရပြီး ဦးနု နိုင်တယ်။ ပြီးတော့ မကြာခင် အာဏာ သိမ်းတယ်။ ဒီလိုမျိုး သမိုင်းကြောင်းကလည်း ရွေးကောက်ပွဲ ခွင်မှာ ဗိုလ်နေ၀င်း ဆင်ခဲ့၊ ကခဲ့၊ ညစ်ခဲ့တဲ့ ဖြစ်ရပ်တခုအဖြစ် သမိုင်းသက်သေ ပူပူနွေးနွေး ရှိနေဆဲပါ။ ဒါကိုကြည့်ပြီး ဗိုလ်နေ၀င်း တပည့်တွေဟာ ဗိုလ်နေ၀င်းထက် ပိုမို လက်စောင်းထက်မယ်လို့ တွက်လို့ ရပါတယ်။

နိဂုံးချူပ် အနေနဲ့ ပြောရရင် စစ်အစိုးရဟာ လက်ရှိ တိုင်းပြည် အခြေအနေကို အလွန်ဆုံး ဆွဲဆန့်ထားနိုင်ရင် ၂ နှစ် အလွန်ဆုံးပါ။ နောက်ဆုံး တိကျတဲ့ အဖြေတခု ပေးရဖို့ ဖြစ်ပါတယ်။ ရှေ့ဆက်တိုးကာ အန်အယ်ဒီနဲ့ သွေးချောင်းစီး ဇာတ်လမ်းကို ဆက်ကမယ် ဆိုရင်တော့ ကွန်မြူနစ် ပါတီက ပြင်ဆင်ထားတဲ့၊ မျှော်လင့်ထားတဲ့ ဖြစ်ရပ်မျိုးတွေနဲ့ လူထုအုံကြွမှု ဆိုတာ မလွဲမသွေ ရင်ဆိုင်ရဖို့ဖြစ်ကြောင်း ထင်မြင်မိပါတယ်။

တင်ဝင်းသိန်း
သြဂုတ်လ ၁၁ ရက်၊ ၂၀၀၇

(ဆောင်းပါးပါ အချက်အလက်များကို ထောက်ပံ့ ဝေဖန် ဆွေးနွေး၊ ဦးနှောက်သွေးပေးသော ဆေးတက္ကသိုလ်မှ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါသည်။)

Read More...

နအဖရဲ့ ရွေးကောက်ပွဲသစ် ဘယ်တော့လဲ

အင်တာဗျူး
နအဖရဲ့ ရွေးကောက်ပွဲသစ် ဘယ်တော့လဲ
ကိုဒီး (မဇ္ဈိမသတင်းဌာန)
မတ်လ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။

နအဖ ဗိုလ်မှူးချုပ် ကျော်ဆန်းက ယခု ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ၎င်းတို့ အနေဖြင့် လမ်းပြ မြေပုံကို အမြန်ဆုံး အဆုံးသတ် လုပ်ဆောင် သွားမည်ဟု သတင်းထောက် များကို ထုတ်ဖော် ပြောကြား ခဲ့သလို၊ နအဖ နှင့် ငြိမ်းချမ်းရေး ရယူ ထားသည့် မွန်ပြည်သစ် ပါတီကို ၂၀၀၈ ခုနှစ် အတွင်း ရွေးကောက်ပွဲ လုပ်မည် ဖြစ်သဖြင့် အဆင်သင့် ပြင်ဆင် ထားကြရန် အကြောင်း ကြားခဲ့သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ် လာခဲ့သည်။ ဤ ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ မြန်မာ့အရေး လေ့လာသူများနှင့် နိုင်ငံရေး သမားများကို ဆက်သွယ်ကာ ‘နအဖ ကျင်းပမည့် ရွေးကောက်ပွဲသစ် ဘယ်တော့ ကျင်းပနိုင်မလဲ’ ဟု မေးမြန်း ခဲ့ပါသည်။

အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း

ကျနော်တို့တော့ မထင်ဘူးဗျ။ အခု ဒီလောက် ကြာနေတာကိုက မပြီးချင်လို့ ကြာနေတာ မို့လို့ ဒီလောက်မြန်မြန် ပြီးလိမ့်မယ်လို့ မထင်ဘူးဗျ။ အခု ဒီ လမ်းပြမြေပုံ ဆိုတာလည်း ပြောနေတာလည်း တော်တော် ကြာပြီ။ ညီလာခံ ဆိုတာလည်း ၁၃ နှစ်လောက် ရှိနေပြီ။ အဲဒီလောက် ကြန့်ကြာ နေတာက မပြီးချင်လို့ မပြီးတာ လို့ပဲ ကျနော် ယူဆတယ်။ ဒီအပေါ်မှာ ကျနော်တို့က မဖြစ်နိုင် သေးဘူးလို့ ထင်ပါတယ်။

ဌာနဆိုင်ရာမှာ အပြောင်းအလဲတွေ လုပ်နေတယ် ဆိုတာကတော့ ၆၂ ခုနှစ် တုန်းက ပြန်ကြည့်ရင် ဒီအတိုင်း ချည်းပါပဲ။ အပြောင်းအလဲ တွေက လုပ်နေကြတာပဲ။ ဘာလို့လဲ ဆိုတော့ သူတို့ ရာထူး တည်မြဲရေးက မသေချာ ကြဘူး။ တစုံတယောက်သော အာဏာ ရှိတဲ့သူက ပြောလိုက်ရင် ပြောင်းသွား ကြတာပဲ။ အဲဒီတော့ ဒီ ပြောင်းလဲမှု တွေဟာ စစ်အုပ်ချုပ်မှုရဲ့ ဖြစ်ရိုးဖြစ်စဉ် လို့ပဲ မြင်ပါတယ်။

ကေအိုင်အို ခေါင်းဆောင် ဒေါက်တာတူးဂျာ

အဲဒါက တကူးတက စီစဉ်ပြီး လုပ်တဲ့ ဆွေးနွေးပွဲ ဆိုတာ မရှိပါဘူး။ ကိုယ့်အလုပ်နဲ့ ကိုယ် သွားရင်း လာရင်းနဲ့ ဆုံကြပြီး စကား ပြောကြတာ တွေတော့ ရှိတတ် ပါတယ်။ ကြိုတင် အချိန်းအချက် လုပ်ပြီး ဆွေးနွေးကြတာ မဟုတ်ပါဘူး။

သတင်းစာတို့၊ ရေဒီယိုတို့မှာ ကျနော်တို့လည်း ကြားနေ၊ သိနေ ရတယ်။ ၂၀၀၇၊ ၂၀၀၈ အတွင်းမှာ အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်မယ်၊ အခြေခံ ဥပဒေ ပေါ်လာမယ်၊ လမ်းပြမြေပုံ အဆုံးပိုင်း ရောက်လာမယ် အစ ရှိသဖြင့်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကို တရားဝင် အသိပေးတဲ့အပိုင်း၊ တရားဝင် သတင်းစာထဲမှာ ထုတ်ဖော် ရေးသားတာ၊ တရားဝင် လူရှေ့သူရှေ့ ပြောတာတွေတော့ မရှိသေး ဘူးဗျ။ ကျနော်ကတော့ မသုံးသပ် တတ်ပါဘူး။ ဒါပေမဲ့ အခုက အမျိုးသား ညီလာခံလည်း ပြီးတော့မယ်လေ။ ပြီးသွားတဲ့ နောက်ပိုင်း အခြေခံ ဥပဒေ အကြမ်း ရေးဆွဲတာ၊ လူထုဆန္ဒ ခံယူတာတွေ လုပ်သွားမယ်လို့ ကြားရတာပဲ။ ဒါတွေက ဒီကြားမှာ အချိန် ဘယ်လောက်ယူပြီး လုပ်ကြမလဲ ဆိုတာ ရှိတယ်လေ။ ကျနော်တို့ ထင်တာကတော့ သိပ်ကြီးလည်း အချိန် ဆွဲလိမ့်မယ် မထင်ဘူး။ ဘာလို့လဲ ဆိုတော့ ဒီကိစ္စအပေါ် လူတွေ အားလုံးကလည်း စိတ်ဝင်စား နေကြတယ် ဆိုတော့ သူတို့ အနေနဲ့ အမြန်ဆုံး ပြီးအောင် အတတ်နိုင်ဆုံး လုပ်ကြ လိမ့်မယ်လို့ ကျနော် ထင်တယ်လေ။

အမျိုးသားရေး ဦးဝင်းနိုင်

ဒီကိစ္စကတော့ အစိုးရပေါ်မှာပဲ မူတည် ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး၊ ပြည်သူ့ဆန္ဒ ခံယူပွဲ ဆိုတဲ့ ကိစ္စတွေဟာ သူတို့မှာ အစောကြီး ကတည်းက စာရင်းဇယားနဲ့ ပြင်ဆင် ထားပြီးသားပဲ။ အဲဒီတော့ မြန်မြန် လုပ်ချင်လည်း သူတို့ သဘောပဲဗျ။ နှေးနှေး လုပ်ချင်တယ် ဆိုရင်လည်း သူတို့ သဘောပဲ။ အဲဒီတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ သူတို့ရဲ့ အနေအထား၊ လက်ရှိ အစိုးရရဲ့ အားနည်းချက်၊ အားသာချက်၊ အဲဒီဟာတွေ အပေါ် မူတည်ပြီးတော့ သူတို့ အားကောင်းလာရင် တမျိုး၊ အားနည်းလာတယ် ဆိုရင် တမျိုး၊ အကျပ်အတည်းတွေ ရှိလာမယ် ဆိုရင် တမျိုး၊ သူတို့က အဲလို ကစားနေခဲ့ကြတဲ့ အတွက် အခု ၁၆ နှစ် ၁၇ နှစ် ကြာလာခဲ့တာ လို့ပဲ မြင်ပါတယ်။ သူတို့က အခု မြန်မြန် လုပ်ချင်တယ် ဆိုရင်လည်း လုပ်နိုင်တာပဲ။ ၂၀၀၈ မပြောနဲ့ ၂၀၀၇ အတွင်းမှာ ပြီးအောင် လုပ်ချင်တယ် ဆိုရင်တောင် ပြီးသွား နိုင်တာပဲ။ သူတို့က ခုနကပြောသလို ကစားလွန်း အားကြီးတော့ သူများတွေ ပြောနေကြတဲ့ ၂၀၀၈ အတွင်း ဆိုတာ ဖြစ်နိုင်တယ်၊ သို့သော်လည်း ဖြစ်လိမ့်မယ်လို့တော့ အတိအကျ ကျနော်က မပြောရဲ သေးဘူး။

တကယ်လို့ ၂၀၀၈ ခုနှစ်အတွင်း ဖြစ်မယ် ဆိုရင်လည်း ဖြစ်ဖို့ အလားအလာ တော်တော်လေး ကောင်းတယ်လို့ ပြောနိုင်တယ်။ ဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေ ကတော့ အစကတည်းက ရှိပြီးသားပါ။ လုပ်နိုင်တဲ့ အနေအထားလည်း ရှိတယ်။ ဒါပေမဲ့ သူတို့ လုပ်ချင်တယ်၊ မလုပ်ချင်ဘူး ဆိုတဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်။ အဲဒီတော့ သိပ်ပြီးလည်း ရှေ့ဆက် အချိန် ဆွဲဖို့လည်း မကောင်းတော့ဘူးလို့ ထင်တယ်။ ဘာလို့လည်း ဆိုတော့ ၁၆၊ ၁၇ နှစ် ကြာလာခဲ့ပြီ။ ကမ္ဘာ့သမိုင်းမှာ မကြုံဖူး လောက်အောင် အချိန်ယူတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲရေး ပုံစံ ဖြစ်လာတာကလည်း ပြည်တွင်းရော၊ ပြည်ပရော၊ နိုင်ငံတကာကပါ ပြောစရာ၊ ဆိုစရာ ဖြစ်လာတာ ကြာလာပြီလေ။

မြန်မာ့အရေး လေ့လာသုံးသပ်သူ အောင်နိုင်ဦး

သူတို့ လမ်းပြမြေပုံ အတိုင်း ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲက ၂၀၀၉၊ ၂၀၁၀ လောက်မှာ ဖြစ်လိမ့်မယ်လို့ မှန်းတယ်။ ၂၀၀၈ နှစ်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တယ်။ စစ်အစိုးရရဲ့ လမ်းပြ မြေပုံကိုပဲ ကြည့်မယ် ဆိုရင် ဒီနှစ်မှာ အမျိုးသား ညီလာခံ ပြီးမယ်ပေါ့ဗျာ။ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ရေးသားတဲ့ အဆင့်။ ၂၀၀၈ နဲ့ ၂၀၀၉ အတွင်းမှာ လူထုဆန္ဒ ခံယူပွဲ။ ၂၀၀၉ နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲနဲ့ အစိုးရ သစ်ပေါ့။ ဆိုတော့ ကျနော် ပြောချင်တာက အစိုးရသစ်က ၂၀၁၀ လောက်မှာ ဖြစ်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက် ပေါ့ဗျာ။ နအဖ မြေပုံအရ ခန့်မှန်း ပြောရတာ ၂၀၀၉၊ ၂၀၁၀ လောက်မှာ ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖြစ်လာနိုင်တယ် ပေါ့ဗျာ။

၂၀၀၈ ခုနှစ်မှာ ရွေးကောက်ပွဲ ဖြစ်ဖို့က တော်တော် စောတယ်လို့ ကျနော်မြင်တယ်။ စစ်အစိုးရက အဆင်သင့် မဖြစ်သေးဘူးလေ။ စစ်အစိုးရက အဆင်သင့် မဖြစ်သေးလို့ ရွေးကောက်ပွဲက ချက်ချင်း မဖြစ်နိုင်ဘူး။ ရှင်းရှင်း ပြောရရင် အမျိုးသား ညီလာခံ ပြီးသွားလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံမယ့် ပြည်သူ့ဆန္ဒ ခံယူပွဲ ဆိုတာ လိုသေးတယ်။ ပြည်သူ့ဆန္ဒ ခံယူပွဲ ဆိုတာကလည်း ဘယ်လို ဖြစ်မယ် ဆိုတာ ကျနော်တို့ အတိအကျ မပြောနိုင် သေးဘူး။ စစ်အစိုးရက လုပ်မယ်ဆိုရင် သေချာ လုပ်မှာပဲ။ အဲဒီတော့ ၂၀၀၈ ခုနှစ်လောက် ရွေးကောက်ပွဲ ဖြစ်နိုင်တယ် ဆိုတာတော့ သိပ်စောတယ်လို့ ကျနော့် အနေနဲ့ ထင်တယ်။

စစ်အစိုးရက ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကို တင်ပြီး တိုက်မယ်ဆိုရင် ကြံ့ခိုင်ဖွံ့ရေးက အဆင်သင့် မဖြစ်သေးဘူးဗျ။ ကြံ့ဖွံ့တွေက ရွေးကောက်ပွဲ ၀င်နိုင်တဲ့ ပါတီတခု မဖြစ်နိုင်သေးဘူး။ ဆိုတော့ အဲဒီဟာ တချက်ထဲနဲ့ ၂၀၀၈ ခုနှစ်မှာ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ သိပ်တော့ အလားအလာ မမြင်သေးဘူး။ အစိုးရရဲ့ သီးခြား ပြင်ဆင်မှုတွေ ရှိသေးတယ်။ စစ်တပ်ထဲမှာ အပြောင်းအလဲ လုပ်တဲ့ ကိစ္စတို့၊ စစ်တပ်ထဲက လူတွေကို ပြည်သူ့ဝန်ထမ်း လုပ်ငန်းခွင်တွေ ဆီကို ထည့်ပေးတဲ့ ကိစ္စတို့၊ စုစုပေါင်း ဆိုရင် ၂ နှစ် ၃ နှစ် အတွင်းမှာ လူအယောက် ၈ ထောင်လောက် စစ်တပ်ထဲက ထုတ်ပြီး ပြောင်းဖို့ ရှိတယ်။ အဲဒါတွေက ချက်ချင်း လုပ်လို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။ ဖြေးဖြေးချင်း သွားရမယ့် ကိစ္စတွေ ဖြစ်တယ်။ နောက်ပြီး စစ်တပ်ထဲမှာ သန်းရွှေ ပြီးရင် ဘယ်သူက သူ့နေရာ ဆက်ခံမလဲ ဆိုတဲ့ ပြဿနာတွေ ရှိနေတယ်။ ဆိုတော့ ကျနော့်အနေနဲ့ ၂၀၀၈ အတွင်းမှာ ဖြစ်မယ် ဆိုတာတော့ ဖြစ်နိုင်ချေ နည်းတယ်။ ၂၀၀၉၊ ၂၀၁၀ လောက်မှာ ဖြစ်နိုင်ချေ နည်းနည်း ပိုများတယ်လို့ ကျနော် မြင်တယ်။

သူ့ဘက်က သေသေချာချာ ထိန်းချုပ် နိုင်ပြီ၊ သေချာ ထိန်းချုပ်နိုင်ပြီ ဆိုတဲ့ အနေအထားမျိုး။ ဥပမာ- အတိုက်အခံတွေ သိပ်ပြဿနာ မရှာတော့ဘူး။ တိုင်းရင်းသားတွေလည်း - နောက်ဆုံး ကျန်တဲ့ ကရင်တွေလည်း အပစ်အခတ် ရပ်စဲခြင်း မရှိတောင်မှ လုံးဝကို မလှုပ်နိုင်တော့တဲ့ အနေအထားမျိုး ရောက်တဲ့ အထိပေါ့။ အဲလို သေသေချာချာလေး ဖြစ်ပြီးတော့မှ၊ သူ့ဘက်က ပိုင်လောက်ပြီ ဆိုတဲ့ အခြေအနေ ရောက်မှ ဖြစ်မယ်။ အဲလို ပိုင်ဖို့ဆိုတာ အခု လောလောဆယ် နည်းနည်းလေး ပြောဖို့ ခက်နေတယ်။ ၂၀၀၈ မှာလို့ ပြောနေကြတာ ရှိပေမယ့် ၂၀၀၈ မှာ မဖြစ်နိုင်သေးဘူး။ သိပ် နီးနေတယ်လို့ ကျနော် ထင်တယ်။

Read More...

မင်းကိုနိုင် ၏ အမျိုးသားညီလာခံအပေါ် ရပ်တည်ချက်

မင်းကိုနိုင် ၏ အမျိုးသားညီလာခံအပေါ် ရပ်တည်ချက်
လူတွေ့မေးမြန်းခန်း


Get this widget | Share | Track details


Read More...

Wednesday, August 29, 2007

အဆင့် (၄) အတွက် ကြိုတင်ပြင်ဆင်


ရေးသားသူ - တူမောင်ညို
ခေတ်ပြိုင်ဂျာနယ်
၁၀ ဇူလိုင် ၂၀၀၇

ညောင်နှစ်ပင်ညီလာခံကို လာမည့် ဇူလိုင်လ (၁၈) ရက်တွင်ပြန်လည်ကျင်းပမည်ဟု ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်က ထုတ်ဖော်ပြောဆိုခဲ့ပြီ။

နောက်ဆုံးအကြိမ်ကျင်းပမည့် ညီလာခံဟုလည်း ထည့်သွင်းပြောကြားသွားသည်။

ဒီတခါတော့ ခြေခင်းလက်သာသည့်အချိန်၊ အားလုံးအတွက် သင့်လျော်သည့်အချိန်ကား မိုးထဲ ရေထဲမှာပါလား။ တောင်သူလယ်သမားကြီးများရဲ့ စိုက်ချိန် ပျိုးချိန်နဲ့တိုက်ဆိုင်နေပါပေါ့လား။

ညောင်နှစ်ပင်ညီလာခံသည် ၂၀၀၇ ခုနှစ်အတွင်း အမှန်တကယ်ပင် အဆုံးသတ်တော့မှာလား။

ဘယ်လိုပင်အဆုံးသတ်သတ်။ ဘယ်တော့ပဲအဆုံးသတ်သတ် ညောင်နှစ်ပင်ညီလာခံရလဒ်သည် တိုင်းပြည်နှင့် လူထုကို အကျိုးရှိစေလိမ့်မည်မဟုတ်။ ထိုရလဒ်ကို ကျွန်တော်တို့ ဆန့်ကျင်ကြရ မည်ဖြစ်သည်။ ထိုညောင်နှစ်ပင်ညီလာခံတွင်ရရှိခဲ့သော အခြေခံမူများ၊ အသေးစိတ်အခြေခံမူများ အပေါ် အခြေခံပြီး ရေးဆွဲချမှတ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဆန့်ကျင်ကြရမည်သာ ဖြစ်သည်။

အချို့က ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြားသွားသည့်အထဲက “တချို့အချက်များကို ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်သွားကြရမှာဖြစ်ကြောင်း” ဆိုသည့် စကားလုံးများကို ဆန္ဒစွဲသန်သန်နှင့် စိတ်ကူးဖဲရိုက်နေကြသည်။ ထင်တလုံးနဲ့ တွက်နေချက်နေကြသည်။ တချို့က အခြေခံဥပဒေတရပ် ဖြစ်လာတဲ့အခါ ရွေးကောက်ပွဲဝင်ဖို့အထိ စိတ်ကူးအရမ်းမြန်စွာ ယဉ်နေကြ ပါသည်။

ညောင်နှစ်ပင်ပြန်စတော့ ဒီချုပ်က ပျော့ပျောင်းစွာဖြင့် (နအဖ) စစ်အစိုးရထံ ချဉ်းကပ်ခဲ့သည်။ အဆိုပြုတင်ပြခဲ့သည်။ ကမ်းလှမ်းခဲ့သည်။ တိုင်းရင်းသားအပစ်ရပ်အင်အားစုများကလည်း ထိုနည်းတူ အဆိုပြုကမ်းလှမ်းခဲ့သည်။ (နအဖ) စစ်အစိုးရကား ဆုပ်ထားသောလက်ကိုမဖြည်ခဲ့ချေ။

သို့ဖြင့် ဒီချုပ်သည် “အမျိုးသားညီလာခံတွင် ပါဝင်ခြင်းအားဖြင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည်ဟု မယုံကြည်သောကြောင့် အမျိုးသားညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်” ဟူ၍ ၂၀၀၄ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ တိုင်းပြည်နှင့်လူထုထံ အသိပေး တင်ပြခဲ့သည်။

သို့ဖြင့် ၁၉၉၆ ခုနှစ်ကတည်းက ယာယီအားဖြင့် ရပ်ဆိုင်းထားခဲ့ရသည်ဆိုသော အမျိုးသားညီလာခံ သည် ၂၀၀၄ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ပြန်လည်စတင်ခဲ့သည်။ ယခု ထိုညောင်နှစ်ပင် ညီလာခံကို မကြာမီ အဆုံးသတ်တော့မည်။

လမ်းပြမြေပုံ၏ ပထမအဆင့်ပြီးစီးသွားပြီဆိုလျှင် ဒုတိယ၊ တတိယအဆင့်များ လာပေတော့မည်။ ဒုတိယအဆင့်နှင့်ပတ်သက်၍ လမ်းပြမြေပုံ (၇) ချက်ထဲတွင် ဤသို့ဖော်ပြထားသည်။ “အမျိုးသား ညီလာခံကြီး အောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ဖြစ်ထွန်းရေးအတွက် လိုအပ်သောဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကို တဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်ခြင်း” ဟု ဖော်ပြထားပါသည်။

“လိုအပ်သော ဆောင်ရွက်ဖွယ်ရာလုပ်ငန်းစဉ်များကို တဆင့်ပြီးတဆင့်ဆက်လက်ဆောင်ရွက်ခြင်း” ဟု ဖော်ပြထားပါသည်။

မည်သို့သော ကိစ္စများကိုဆောင်ရွက်မှာလဲ။

မည်သူက၊ မည်သည့်အဖွဲ့အစည်းကဆောင်ရွက်မှာလဲ။

အချိန်ကာလ မည်မျှကြာမြင့်မှာလဲ၊ ဘာကိုမျှရှင်းရှင်းလင်းလင်းဖော်ပြမထားချေ။

ပထမအဆင့် (ညောင်နှစ်ပင်ညီလာခံကျင်းပခြင်း) သည် ပင်လျှင် ၂၀၀၄ ခုနှစ် မေလ (၁၇) ရက် နေ့က စတင်ရေတွက်ကြည့်လျှင် (၃) နှစ်နီးပါး အချိန်ယူခဲ့ပါသည်။ ဒုတိယအဆင့် အချိန်ကာလ ဘယ်လောက်ကြာမည်နည်း။

ပထမအဆင့်တွင် ပါဝင်ခဲ့ကြသည့် အစုအဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ရမည် မဟုတ်သည် မှာတော့ သေချာပါသည်။

နောက်တစ်ခုသေချာသည်မှာ ကြံ့ဖွံ့၊ မီးသတ်၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း စသည့် (နအဖ) ၏ “အင်န်ဂျီအိုအဖွဲ့များ” အစွမ်းပြလှုပ်ရှားလာကြပါလိမ့်မည်။

ကြံ့ဖွံ့အသင်း၏ “မြန်မာ့ရေးရာနှင့် အပြည်ပြည်ဆိုင်ရာလေ့လာမှုသင်တန်းအမှတ်စဉ် (၁၂) သင်တန်း ဆင်းပွဲ” တွင် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးက “သင်တန်းကာလအတွင်းတွင် နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီး၌ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေရန် ဆွေးနွေးခဲ့ကြသည့် အပြင် ကိုယ်တိုင်ပါဝင်သည့် မိမိတို့၏ နယ်မြေအသီးသီး၌ ရှိနေကြသော ပြည်သူများ၏ အကျိုး အတွက် လက်တွေ့ဆောင်ရွက်နိုင်သည့် နည်းလမ်းများကိုလည်း စုပေါင်းညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး ဖော်ထုတ်ပြုစုနိုင်ခဲ့ကြကြောင်း” ပြောကြားထားသည်နှင့် ဆက်စပ်ကြည့်ရန်ဖြစ်ပါသည်။

“လက်တွေ့ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဖော်ထုတ်ပြုစုနိုင်ခဲ့ကြပြီ” ဟု ဆိုနေပါသည်။ သူတို့သည် ကျရာတာဝန်ကို ထမ်းဆောင်ကြလိမ့်မည်။ ယခုပင်လျင် လူအုပ်ဖြင့် အကြမ်းဖက်ရန်ပြု နေပြီ။

တတိယအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရန်ဖြစ်သည်။ လမ်းပြမြေပုံ စတုတ္ထ အဆင့်မှာ “ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခြင်း” ဖြစ်ပါသည်။

“ဥပဒေရေးဆွဲရေးအဖွဲ့က ပြုစုပြီးတဲ့အခါပြည်သူ့ဆန္ဒခံယူသွားမှာဖြစ်တယ်” လို့ စတုတ္ထအကြိမ် ညောင်နှစ်ပင်ညီလာခံ အပိတ်မိန့်ခွန်းတွင် ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌက ထပ်မံပြောကြားထား ခဲ့ပြီးလည်း ဖြစ်ပါသည်။

ထိုနေ့တွင် ပြည်သူတို့၏ ပြည်လုံးကျွတ်ဆန္ဒအစစ်အမှန်ကို ထုတ်ဖော်ပြသကြရပေလိမ့်မည်။ ညောင်နှစ်ပင်မူများဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို “ကန့်ကွက်မဲ” ပေးကြ ရလိမ့်မည်။

ထိုသို့ ကန့်ကွက်မဲပေးနိုင်ရန် ယခုကတည်းကပြင်ဆင်ထားကြရမည်။ အင်အားစုဆောင်းထားကြ ရမည်။ (နအဖ) စစ်အစိုးရကလည်း ကြံ့ဖွံ့အင်အား (၂၄) သန်းဆိုသည်နှင့် အတည်ပြုနိုင်ဖို့ကြိတ်ပြီး ပြင်ဆင်နေသည်။ လှုံ့ဆော်နေသည်။

လူရမ်းကားစွမ်းအားရှင်များအားကိုးဖြင့် အကြမ်းဖက်မှုများ၊ ဖမ်းဆီးမှုများလုပ်လာပါလိမ့်မည်။ ကျနော်တို့၏ လှုပ်ရှားနိုင်မှုမှန်သမျှကို ကန့်သတ်ပိတ်ပင်လာလိမ့်မည်မှာ နည်းနည်းမှ သံသယ ရှိစရာမလိုပါ။ သို့အတွက် ပြင်ဆင်မှုကောင်းရန်လိုအပ်ပါသည်။ ပြည်သူများ ရဲရဲတင်းတင်း ကန့်ကွက်မဲပေးနိုင်စေဖို့ နည်းလမ်းရှိသမျှ ပြင်ဆင်ကြရလိမ့်မည်။

သို့ပါ၍ ပဏာမအဆင့်ပြင်ဆင်မှု ခြေလှမ်းအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိသော အဆိုပါ ညောင်နှစ်ပင်ညီလာခံက ချမှတ်လာမည့် အခြေခံမူများကို တိုင်းပြည်နှင့် ပြည်သူလူထု ဒေသတွင်းနှင့် နိုင်ငံတကာ မိသားစုများ ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်၍ ဆန်ကျင့်ကန့်ကွက် ပယ်ချနိုင်ကြစေရန်အလို့ငှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများသည် မိမိတို့၏ သဘောထားအမြင်များ၊ ခံစားချက်များကို အကျယ်တ၀င့် တင်ပြ လှုံ့ဆော်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ ။

Read More...

ညောင်နှစ်ပင်ကို မျှော်လင့်စိတ်ကူးယဉ်လို့ မဖြစ်ပါ


ရေးသားသူ - တူမောင်ညို
ခေတ်ပြိုင်ဂျာနယ်
၃ သြဂုတ် ၂၀၀၇

ဇွန်လ (၅) ရက်နေ့က ညောင်နှစ်ပင် အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌရဲ့ ပြော စကားကို ထင်မှတ်မှား တွက်ချက်ခဲ့မှု။ မျှော်လင့်စိတ်ကူးယဉ်မှုများကို ဇူလိုင်လ (၁၈) ရက်နေ့ “နောက်ဆုံးညောင်နှစ်ပင်ညီလာခံ” ဖွင့်ပွဲ မိန့်ခွန်းနဲ့ ဗိုလ်သိန်းစိန်က အခုလို အဆုံးသတ်ပေးခဲ့ပါ တယ်။

“ယခုတကြိမ်ဟာ နောက်ဆုံးအကြိမ်ဖြစ်တာနဲ့အညီ ချမှတ်ခဲ့တဲ့ အခြေခံမူများနဲ့ အသေးစိတ် အခြေခံရမယ့် မူများကို ရှေ့နောက်ညီညွတ်ဆီလျော်အောင် အစအဆုံး ပြန်လည်သုံးသပ်ကြဖို့ လိုပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မူလဦးတည်ချက်များနဲ့ ချမှတ်ခဲ့တဲ့ အသေးစိတ် အခြေခံရမယ့် မူများရဲ့ သဘောအဓိပ္ပာယ်မှ ကွဲလွဲမှု မရှိစေဘဲ လိုအပ်သမျှကိုသာ ဆောင်ရွက်ကြရန်ဖြစ်ပါတယ်”

ကျနော်တို့ ဒီပြောဆိုချက်ကို သူတို့စပြောကတည်းက အယုံအကြည်မရှိပါဘူး။ မယုံကြည်ရတဲ့ အဓိကအကြောင်းအချက် (၂) ခု ရှိပါတယ်။

၁။ (န၀တ- နအဖ) စစ်အစိုးရဟာ သူတို့ပေးထားတဲ့ကတိကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာ ဖြစ်ပါ တယ်။ (န၀တ) ရဲ့ တာဝန်ကြီးလေးရပ်မှာ နောက်ဆုံးတာဝန်ဟာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပြောင်း ပေးပြီး တပ်က စစ်တန်းလျားပြန်မယ်လို့ ထိုစဉ်က (န၀တ) ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်က တိုင်းသိပြည်သိ ပြောကြားခဲ့တာပါ။

ဒီချုပ်က တခဲနက်အနိုင်ရတော့ သူတို့ပေးခဲ့တဲ့ ကတိကိုဖျက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ရာထူးက ထွက်သွားရပါတယ်။ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပြီလို့ လိမ်ညာပြောဆိုခဲ့ပြီး နောက်ဆုံးမှာ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ပါတယ်။ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့အထိ ဖမ်းဆီးထားပါတယ်။ ဒီပဲယင်းအကြမ်းဖက်မှုကို အဖြစ်မှန် ပေါ်ပေါက်အောင် လေ့လာစုံစမ်းမှု မပြုဝံ့ပါဘူး။

၂။ ညီလာခံဦးတည်ချက် အခြေခံမူ (၁၀၄) လုပ်ထုံးလုပ်နည်းတွေနဲ့ ဒီချုပ်နဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေ တင်ပြခဲ့တဲ့ အချက်အလက်တွေကို လေ့လာကိုးကားပြီး ပြောတာဖြစ်ပါတယ်။ ညောင်နှစ်ပင်ညီလာခံ မစတင်ခင် ၂၀၀၄ ခုနှစ် မေလ (၁၄) ရက်နေ့ ဒီချုပ်ထုတ်ပြန်ချက်၊ အပစ်ရပ်အဖွဲ့များ၏ ၂၀၀၄ ခုနှစ် မေလ (၁၁) ရက်နေ့စွဲဖြင့် ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြချက်၊ ညီလာခံလုပ်ထုံးလုပ်နည်းတွေထဲမှာ…

  • ဆွေးနွေးမည့် ညီလာခံကိုယ်စားလှယ်များသည် ဦးတည်ချက် (၆) ချက် ဘောင်အတွင်းမှ မိမိတို့ တင်ပြလိုသော ဆန္ဒသဘောထားများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြခွင့်ရှိသည်။ သို့သော် ယင်းသို့ဆွေးနွေးရာတွင် ဤလုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားသော တားမြစ်ချက်များကို ချိုးဖောက်ခြင်းမပြုရ။
  • ညီလာခံ၏ ဆွေးနွေးပြီးပြတ်ပြီးဖြစ်သော ကိစ္စတရပ်ရပ်ကို ထပ်မံတင်ပြခြင်းမပြုရ။
  • အမျိုးသားညီလာခံ အစည်းအဝေးများသည် ညီလာခံကိုယ်စားလှယ်အားလုံး၏ ၅၀ ရာခိုင်နှုန်း တက်ရောက်လျှင် အထမြောက်သည်။
စသဖြင့် တိတိလင်းလင်း ဖော်ပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မယုံကြည်မှုကို အထက် ဖော်ပြပါ အချက်အလက်များအရ ရှင်းရှင်းလင်းလင်း မယုံကြည်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သိန်းစိန်ရဲ့ ဇွန်လ (၅) ရက်နေ့ ပြောကြားချက် “ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်သွားကြရမှာဖြစ်ကြောင်း” ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပဲ နားလည်ခဲ့ပါတယ်။

နောက်တခုက ကုန်လွန်ခဲ့တဲ့ နှစ် (၂၀) နီးပါးကာလအတွင်း (န၀တ-နအဖ) စစ်အစိုးရဟာ လှည့်စားမှု၊ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုကို တည်ရှိနေတဲ့ အချိန်ကာလကိုလိုက်ပြီး ကျင့်သုံး နေခဲ့တာပဲမဟုတ်ပါလား။

(န၀တ-နအဖ) စစ်အစိုးရရဲ့ စိတ်ကောင်းစေတနာရှိမှုဆိုတာကို မျှော်လင့်နေတယ်ဆိုရင် အဲဒီလို မျှော်လင့်နေသူဟာ ရိုးအ မိုက်မဲသူသာ ဖြစ်ပါလိမ့်မယ်။

(နအဖ) ပြုလုပ်နေတဲ့ အမျိုးသားညီလာခံဆိုတာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစစ်စစ် နိုင်ငံတည်ဆောက်ရေးကို ဦးတည်နေတာမဟုတ်ပါဘူး။

စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက် အာဏာယူထားနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ လိုပါတယ်။ ဒီလို မမြင်နိုင်ရင်တော့ ဟိုလိုလို ဒီလိုလိုနဲ့ စိတ်ကူးယဉ်ပြီး (နအဖ) စစ်အစိုးရရဲ့ လှည့်ဖြားမှုကို ခံရပါလိမ့်မယ်။

(ကေအိုင်အို) တင်ပြချက်

တင်ပြချက်တခုလုံးကို ခြုံငုံသုံးသပ်ရရင် (နအဖ) စစ်အစိုးရရဲ့ လက်ရှိ ညောင်နှစ်ပင်ညီလာခံက ချမှတ်နေတဲ့၊ ချမှတ်ထားခဲ့တဲ့ အခြေခံမူတွေ၊ အသေးစိတ် အခြေခံရမည့်မူတွေကို လက်မခံနိုင် ဘူးဆိုတာ အထင်အရှား ဖော်ပြလိုက်တာဖြစ်ပြီး၊ ဘယ်လိုအခြေခံမူတွေ လိုချင်တယ်ဆိုတာကို တပြိုင်နက် တင်ပြထားတာလည်း ဖြစ်ပါတယ်။

(ကေအိုင်အို) က တင်ပြထားတဲ့ အချက် (၁၉) ကို လေ့လာကြည့်တဲ့အခါ အခြေခံအကျဆုံး အချက်တွေကို တင်ပြထားတာ တွေ့ရပါတယ်။ ဒီအချက်တွေကို ကြည့်လိုက်ရင်ပဲ စစ်အစိုးရ အတင်းအဓမ္မချမှတ်ထားတဲ့ အခြေခံမူတွေ၊ အသေးစိတ်အခြေခံရမယ့် မူတွေကို လက်မခံနိုင် ဘူးဆိုတာကို အထင်အရှားသိရှိနိုင်ပါတယ်။

ဒီလိုသဘောထားဟာ တိုင်းရင်းသားလူမျိုးစုတိုင်းရဲ့ ပင်ကိုယ်သဘောထားရပ်တည်ချက်နဲ့ တကယ့်လိုလားချက်ကို ထင်ဟပ်နေပါတယ်။ တိုင်းရင်းသားတိုင်းက တန်းတူရည်တူရှိတဲ့ ဒီမိုကရေစီရှိတဲ့ ပြည်ထောင်စုစစ်စစ်ကိုပဲ လိုလားတာ ဖြစ်ပါတယ်။

ဥပဒေဘောင်အတွင်းဝင်လာခဲ့ပြီ။ ဘယ်အစိုးရလက်ထက်မှာမှ မရရှိခဲ့တဲ့ ငြိမ်းချမ်းမှုတွေရရှိ နေပြီလို့ အော်နေပေမယ့် မည်သည့်အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းတိုင်း မိမိအဖွဲ့အစည်းကို စည်းရုံးခွင့် တိုးချဲ့ခွင့် မရှိပါဘူး။ သက်ဆိုင်ရာ မိမိအမျိုးသားများရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေကို လုပ်ဆောင်ခွင့်မရှိပါဘူး။

ညီလာခံမှာပင် လူမျိုးရေးအရ၊ နိုင်ငံရေးအရ ကိုယ်စားပြု တက်ရောက်ခွင့်မရပါဘူး။ အခြားဖိတ်ကြားသင့်သူများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တက်ရတာပါ။ ဒါဟာ လူမျိုးရေးအရ၊ နိုင်ငံရေးအရ အသိအမှတ်မပြုတာပဲဖြစ်ပါတယ်။ ညီလာခံမှာ (နအဖ) စစ်အစိုးရ စိတ်ကြိုက်ရွေးချယ်ထားတဲ့ တိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့ရဲ့ အရေအတွက်ဟာ ညီလာခံကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ရှိပါတယ်။ (၆၃၃) ဦးဖြစ်ပါတယ်။

ညောင်နှစ်ပင်ညီလာခံမှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ်အစုအဖွဲ့ (၈) ဖွဲ့အနက် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသောကိုယ်စားလှယ်၊ အခြား ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ၊ အစုအဖွဲ့ (၃) ခုကလွဲရင် ကျန်ကိုယ်စားလှယ်အစုအဖွဲ့ (၅) ကို (နအဖ) စစ်အစိုးရ စိတ်ကြိုက်ခေါင်းခေါက် ရွေးထားတွေပဲဖြစ်ပါတယ်။

အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအစုအဖွဲ့မှာပင်လျှင် အကြွင်းမဲ့လက်နက်ချထားတဲ့အဖွဲ့တွေ၊ (နအဖ) စစ်အစိုးရက ထည့်သွင်းထားတဲ့ အစိုးရ၀န်ထမ်းဟောင်းတွေ ရောပြွမ်းပါဝင်နေတာပဲ မဟုတ်ပါလား။ (နအဖ) စစ်အစိုးရက အဲဒီလို အဘက်ဘက်က ချုပ်ကိုင်ချယ်လှယ်စီမံဖန်တီးထားတဲ့ “ညောင်နှစ်ပင်ညီလာခံ” ကို “အမျိုးသားညီလာခံ” လို့ အမည်တပ်ခေါ်လို့ မဖြစ်နိုင်ပါဘူး။ မရနိုင်ပါဘူး။ ဒါကြောင့် ညောင်နှစ်ပင်ညီလာခံကနေလည်း တိုင်းပြည်နဲ့ပြည်သူအတွက် အကျိုးရှိမယ့် အခြေခံအချက်အလက်တွေကို မျှော်လင့်ဖို့လည်း မဖြစ်နိုင်ပါဘူး။

စစ်မှန်သော အမျိုးသားညီလာခံတရပ်ဖြစ်ဖို့ဆိုရင် တိုင်းပြည်မှာရှိတဲ့ အင်အားစုအားလုံးပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ တန်းတူမှုနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အ၀ရှိနေဖို့ လိုအပ်ပါတယ်။ ညီလာခံ ဦးတည်ချက်တွေ၊ အခြေခံမူတွေ၊ လုပ်ထုံးလုပ်နည်း၊ ညီလာခံကိုယ်စားလှယ်ရွေးချယ်မှု၊ အရေအတွက် သတ်မှတ်မှု စတဲ့အချက်တွေကို အင်အားစုအသီးသီး ပါဝင်တက်ရောက် ဆွေးနွေးညှိုနှိုင်း ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။

ညောင်နှစ်ပင်ညီလာခံမှာ အထက်က တင်ပြချက်တွေ လုံးဝမရှိပါဘူး။ အားလုံးကို (နအဖ) စစ်အစိုးရ စိတ်ကြိုက်စီမံဖန်တီး ချယ်လှယ်ထားတွေသာ ဖြစ်ပါတယ်။ ဒီတော့ ညောင်နှစ်ပင်ညီလာခံ ရရှိချက်တွေကလည်း (နအဖ) စစ်အစိုးရ လိုလားချက်တွေသာ ချမှတ်လာမှာဖြစ်ပြီး၊ ပြည်သူလူထု လိုလားချက်တွေ ပါရှိလာမှာ မဟုတ်ဘူးဆိုတာ သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့ မလိုတော့ပါဘူး။

တိုင်းပြည်နဲ့လူထုအတွက် အကျိုးမရှိတဲ့ ညောင်နှစ်ပင်ညီလာခံ။ ဒီညောင်နှစ်ပင်ညီလာခံက ချမှတ်ထားတဲ့အခြေခံမူတွေနဲ့ ရေးဆွဲချပြလာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ကို အဆင့်(၄) ဖြစ်တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်မဲပေးနိုင်ဖို့ ပြည်သူလူထုကို လှုံ့ဆော်စည်းရုံးကြပါစို့။

“ရွေးကောက်ပွဲ” ကိုမျှော်လင့်နေမယ့်လူတွေ ရှိနေဦးမယ်ဆိုတာကို ကျနော်တို့ မေ့လို့မဖြစ်ဘူးနော်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကို စစ်အစိုးရကလုပ်ပေးခဲ့တာပါ။ အသိအမှတ်မပြုတာလည်း စစ်အစိုးရပဲ ဖြစ်တယ်ဆိုတာလည်း မမေ့ကြနဲ့ဦး။ လွဲမှားသော စိတ်ကူးယဉ်မှုတိုင်းကို စစ်စိုးအရကဖန်တီးနေပြီး၊ စစ်အစိုးရက အဆုံးသတ်ပေးနေတာကိုလည်း သတိရှိကြပါ။

အစွဲမကြီးဖို့နဲ့ အညှာမလွယ်ဖို့ဆိုတဲ့ စကားနဲ့ နိဂုံးချုပ်ပါတယ်။ ။

Read More...

အမျိုးသားညီလာခံကျင်းပရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ


ရေးသားသူ - အမျိုးသားညီလာခံကျင်းပရေးကော်မရှင်
၁ ဇန်န၀ါရီ ၁၉၉၃

ဖိုင်ရယူရန်

Read More...

အနာဂတ်မြန်မာနိုင်ငံမြေပုံအညွှန်း

အနာဂတ်မြန်မာနိုင်ငံမြေပုံအညွှန်း
ဖွဲ့စည်းပုံအသစ် နှင့် ပြည်သူတို့၏ အဆုံးအဖြတ်အာဏာ

ရေးသားသူ - မင်းဟန်
ခေတ်ပြိုင်ဂျာနယ်
ဇူလိုင် ၂၀၀၇

  • အပိုင်း (၁) အခြေခံဥပဒေ၏ တူရှုချက်နှင့် စစ်အုပ်စု၏ အနာဂတ်
  • အပိုင်း (၂) လွှတ်တော်အတွင်းစစ်တပ်ပါဝင်မှုနှင့် အင်ဒိုနီးရှားသင်ခန်းစာ
  • အပိုင်း (၃) ဘ၀ရှင်မင်းတရားကြီးဖြစ်စေမည့် သမ္မတ၏အချုပ်အခြာအာဏာ
  • အပိုင်း (၄) နိုင်ငံတော်စုဖွဲ့မှုနဲ့ တိုင်းရင်းသားပြဿနာ
  • အပိုင်း (၅) စည်းကမ်းပြည့်ဝ ဒီမိုကရေစီနှင့် လူတဦးချင်းအခွင့်အရေး


အပိုင်း (၁)
အခြေခံဥပဒေသစ်၏တူရှုချက်နှင့်စစ်အုပ်စု၏အနာဂတ်
လက်နဲ့ရေးခြေနဲ့ဖျက်


လွတ်လပ်ရေးရရှိပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ (၂) ခုကို စစ်တပ်ဟာ (၂) ကြိမ်တိုင်တိုင် အာဏာသိမ်းပြီး ဖျက်ဆီးပစ်ခဲ့ကြတယ်၊ တကြိမ်က ၁၉၆၂ ခုနှစ်က ဖြစ်တယ်။ အဲဒီတုန်းက စစ်တပ်ကို ဗိုလ်ချုပ်ကြီးနေ၀င်းက ဦးဆောင်ခဲ့တယ်။ နောက်တကြိမ်ကတော့ ၁၉၈၈ ခုနှစ်က ဖြစ်တယ်။ အဲ့ဒီမှာစစ်တပ်ကို ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့က ဦးဆောင်ခဲ့ကြတာဖြစ်တယ်။ အခုထိလည်း နအဖဆိုပြီး စစ်တပ်ကို ဦးဆောင်နေဆဲဖြစ်တယ်။ အဲ့ဒီလိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်ဆီးခဲ့ကြတဲ့စစ်အုပ်စု နအဖဟာ အခုတော့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေသစ် တခုရေးဆွဲဖို့အတွက် အားကြိုးမာန်တက် လုပ်လာကြပြန်တယ်။

တည်ရှိပြီးဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကို ဖျက်ဆီးပစ်တတ်တဲ့ စစ်တပ်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသစ်တခုကို ရေးဆွဲရေးလုပ်နေတာဟာ ဘယ်လိုပဲကြည့်ကြည့် အဆီ
အငေါ် မတည့်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် (နအဖ) စစ်အုပ်စုကတော့ အတင်းအကျပ်ကို လုပ်နေ ကြတယ်။ ဘာကြောင့်လဲ ဒါကိုကြည့်ဖို့လိုလာတယ်။ စစ်တပ်ရဲ့ဖွဲ့စည်းပုံသစ်ရေးဆွဲရေး လုပ်ဆောင် နေတာတွေကို သတိထား လေ့လာဖို့လိုလာတယ်။ ဒီနေရာမှာ စစ်အုပ်စုရေးဆွဲနေတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ဆောင်မှုမှာ ပြည်သူလူထုဘယ်လောက် ပါဝင်ခွင့်ရနေသလဲ၊ နောက်ပြီး အခြေခံဥပဒေတခုကို ရေးဆွဲပိုင်ခွင့်ရှိတဲ့ သူတွေကောပါရဲ့လား၊ ဒါတွေကို ကြည့်ကြရမယ်၊ လေ့လာကြရပါမယ်။

၁/၉၀လား၊ ၁၁/၉၂ လား

လေ့လာတယ်ဆိုတော့ကာ လောလောလတ်လတ် အခြေအနေကိုကြည့်ရုံနဲ့မပြီးဘူး။ အတိတ် ကိုလည်း ပြန်ကြည့်ဖို့လိုပါလိမ့်မယ်၊ ၁၉၈၈ မှာ လူထုအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တယ်။ လူထု တရပ်လုံးက ̏ ဒို့အရေး ̋ တောင်းဆိုကြလို့ “ပါတီကောင်စီ ̋ ပြုတ်ကျခဲ့ရတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ကျတော့ စစ်တပ်က ̏ ဒို့အရေး ̋ တောင်းဆိုတဲ့ လူထုကြီးကို ပစ်ခတ်ပြီး အာဏာသိမ်းခဲ့ကြတယ်။ (န၀တ) ဆိုပြီး စစ်အစိုးရဖွဲ့တယ်၊ အဲ့ဒီန၀တကပဲ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးလို့ ဒေါ်စုဦးဆောင်တဲ့ NLD က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်။ အနိုင်ရခဲ့တဲ့ NLD က န၀တစစ်အုပ်စုကို အာဏာလွှဲပေးဖို့ပြောတယ်။

လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ဖို့လုပ်တယ်၊ အဲဒီမှာ (န၀တ) က ဖွဲ့စည်းပုံအခြေခံဥပဒေတခုမရှိဘဲ အာဏာမလွှဲပေးနိုင်ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ရေးဆွဲကြရမယ်။ ဒီရေးဆွဲရေးတာဝန်ဟာ မဲအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေပဲလို့ (၁၉၉၀) ခုနှစ်၊ ဇူလိုင်လ (၂၇) ရက် နေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး ကြေညာခဲ့တယ်။ န၀တရဲ့ ကြေညာချက် (၁/၉၀) ဆိုတာဖြစ်တယ်။

(၂) နှစ်လောက်ကြာတော့ န၀တစစ်အုပ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲနိုင်ရေးအတွက် အခြေခံမူများချမှတ်ဖို့အတွက် အမျိုးသားညီလာခံတရပ်ကို ကျင်းပမယ်လို့ပြောလာပါတယ်။ ပြီးတော့ အခြေခံရမယ့် လမ်းညွှန်မှု (၆) ရပ်ကိုလည်း စစ်အုပ်စုကသတ်မှတ်ပြန်ပါတယ်၊ အဲဒီအထဲမှာ အဓိကအချက်ကတော့ စစ်တပ်သည် အနာဂတ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာ အမြဲတမ်း ဦးဆောင်ပါဝင်ရေးပဲဖြစ်တယ်။ ၁၉၉၃ခုနှစ်မှာ န၀တဟာ အမျိုးသားညီလာခံကို စတင်ကျင်းပတယ်။

ညီလာခံကိုယ်စားလှယ် (၇၀၂) ဦးရှိတဲ့အနက် (၉၀)ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအနိုင်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်က (၉၉) ဦးပဲပါတယ်။ ရာခိုင်နှုန်းအရဆိုရင် (၁၄) ရာခိုင်နှုန်း ပဲရှိတယ်။ ၁၉၉၅ ခုနှစ် ရောက်တော့ NLD က တောင်းဆိုချက်များတင်ပြပြီးတော့ ညီလာခံကို ဆက်မတက်တော့ဘူး။ အဲ့ဒီကစလို့ န၀တစစ်အုပ်စုကလည်း သူ့ရဲ့ညီလာခံကို ရပ်ဆိုင်းပစ်ခဲ့တယ်။ န၀တပြုလုပ်ခဲ့တဲ့ ၁၉၉၃ ခုနှစ်က ၁၉၉၅ ခုနှစ်အတွင်း အမျိုးသားညီလာခံမှာ အတင်းရော၊ အဓမ္မရော၊ ခြိမ်းခြောက် တာရောပြုလုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရာမှာ အခြေခံရမယ့် အခြေခံမူပေါင်း (၁၀၄) ချက်ကို ရေးဆွဲခဲ့ကြတယ်။

လူထုသဘောထားဟူသည်

အမျိုးသားညီလာခံကို ရပ်ဆိုင်းထားခဲ့ရတဲ့အချိန်အတွင်းမှာ စစ်အုပ်စုဟာ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို အမျိုးသားညီလာခံတက်ရောက်ဖို့ စည်းရုံးတယ်။ NLD နဲ့ မဲအနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ မတက်ရောက်တော့တဲ့ သူတို့ရဲ့ညီလာခံကို တိုင်းရင်းသားလူမျိုးစုကိုယ်စား လှယ်များ တက်ရောက်စေခြင်းနဲ့ မျက်နှာပြကောင်းအောင် လုပ်နေတာပဲဖြစ်တယ်။ အဲ့ဒီလို လုပ်နေပေမယ့် တဘက်ကတော့ စစ်အုပ်စုဟာ ပြည်သူလူထုတရပ်လုံး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ်ဆွေးနွေးတာပဲဖြစ်ဖြစ်၊ စာနဲ့ရေးသားအကြံပြုတာပဲဖြစ်ဖြစ်၊ သဘောထားထုတ်ဖော်ခွင့်၊ ပါဝင်ခွင့်တွေအားလုံးကို ခွင့်မပြုဘူး။ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ ထားတယ်။

၁၉၉၆ ခုနှစ်မှာ စစ်အုပ်က ဥပဒေအမှတ် (၅/၉၆) ကို ထုတ်ပြန်ခဲ့တယ်။ အဲ့ဒီဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကို ပြည်သူလူထုအနေနဲ့ မရေးဆွဲရဘူး။ သူတို့သာရေးမယ်။ ပြည်သူ လူထုကရေးဆွဲရင် ပြင်းထန်စွာအရေးယူမယ်ဆိုတာပဲဖြစ်တယ်။ ဒီတော့ လူထုကြီးဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ၊ ဖြစ်စေချင်တာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ ပါဝင်စေအောင် ဖော်ပြလို့မရဘူး။ ဒီလို လူထုရဲ့ဆန္ဒ၊ လူထုရဲ့သဘောထား၊ လူထုရဲ့မျှော်မှန်းချက်တွေ မပါရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာမျိုးဟာလည်း ရေရှည်မှာ တည်တံ့နိုင်မှာမဟုတ်ဘူး။ နောက်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်မှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့လည်း ဖြစ်ပေါ်လာနိုင်မှာမဟုတ်ဘူး။

ထွေးလိုက်၊ မြိုလိုက်

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ နအဖစစ်အုပ်စုမှာ အဓိကပြဿနာတခုက ရှိနေတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းထဲမှာ ပါဝင်ရေးပဲဖြစ်တယ်။ ဒါကလဲ စစ်အုပ်စုကိုယ်တိုင်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် (၁/၉၀) ကြောင့်ပဲဖြစ်တယ်။ အဲ့ဒီကြေညာချက်အရ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်များအနေနဲ့ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲရန် တာဝန်ရှိတယ်လို့ ဆိုတာ ကြောင့်ပဲဖြစ်တယ်။ ဒါကလဲ ဖြစ်ရမယ့် ကိစ္စပဲဖြစ်တယ်။ စစ်အုပ်စုရဲ့ ကတိပေးမှုကြောင့်ပဲဖြစ်ဖြစ်၊ ဥပဒေဆိုင်ရာအရပဲဖြစ်ဖြစ် ငြင်းမရတဲ့ကိစ္စတွေပဲ ဖြစ်တယ်။ ဒါပေမယ့် စစ်အုပ်စုဟာ အားလုံးကို ဖောက်ဖျက်ခဲ့တယ်။ နောက်ဆုံးသူတို့ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေ၊ ကတိတွေကိုတောင် ဖောက်ဖျက် ပစ်ခဲ့ကြတယ်။ အဲဒီလိုဖောက်ဖျက်ပြီး စစ်အုပ်က ̏ညောင်နှစ်ပင် ̋ မှာ အမျိုးသားညီလာခံကို ဒုတိယ အကြိမ် ပြန်စခဲ့ပြန်တယ်။

တကယ်တော့ ၁၉၉၅ မှာ ချမှတ်ခဲ့တဲ့ အခြေခံမူ (၁၀၄) ချက်ကိုပဲပြန်ယူပြီး အခြေခံဥပဒေသစ် ရေးဆွဲဆဲဖြစ်တယ်၊ ဒီတော့ အခြေခံမူု (၁၀၄) ဆိုတာ ဘာတွေလဲ။ ဒီအခြေခံမူ (၁၀၄) ချက်နဲ့ စစ်အုပ်စုဟာ ရေရှည်တည်တံ့ခိုင်မြဲမယ့် စစ်အာဏာရှင်နိုင်ငံ ပေါ်ထွန်းရေးအတွက် အုတ်မြစ် တည်နေတာလား။ ဒါမှမဟုတ် မြန်မာနိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်ထိန်းသိမ်းပေးမယ့် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် အုတ်မြစ်ချပေးနေတာလားဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်းသိအောင် လေ့လာကြဖို့ လိုလာပါပြီ။ ဒီနေရာမှာ အခြေခံမူတွေဆီကို မသွားခင် ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ်အတွက် စစ်တပ်က ဖြစ်ချင်နေတဲ့ သူတို့ရဲ့ ဦးတည်ချက် ဆိုတာတွေကို အရင် ဆန်းစစ်ကြည့်ရင် ကောင်းမယ်ထင်ပါတယ်။ ဒီတော့...

စစ်တပ်ရဲ့ အိမ်မက်ရှည်

နအဖစစ်အုပ်စုက သူဖြစ်စေချင်တဲ့အနာဂတ်နိုင်ငံအတွက် ဦးတည်ချက်တွေက ဘာတွေလဲ။
အဲဒါတွေကတော့...
(၁) ပြည်ထောင်စုမပြိုကွဲရေး
(၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
(၄) စစ်မှန်သည့်ပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေး
(၅) နိုင်ငံတော်တွင် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုစသော လောကပါလ တရားထွန်းကားရေး
(၆) အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးတွင် စစ်တပ်က ဦးဆောင်သည့်အခန်းမှပါဝင်ရေး...
စတဲ့ (၆) ချက်ပါ။ ဦးတည်ချက် (၁) ကနေပြီး (၄) အထိကတော့ နေ့စဉ်လိုလို ရေဒီယိုနဲ့ သတင်းစာ တွေမှာ ကြားနေ၊ တွေ့နေရတဲ့ စစ်အုပ်စုရဲ့ ကြွေးကြော်သံတွေပါ။ ထားလိုက်ပါတော့။ ဦးတည်ချက် (၅) (၆) ကတော့ ပြောစရာရှိပါမယ်။ ဒီတော့ (၅) (၆) ကို ကြည့်ကြရအောင်ပါ။

စစ်ဖိနပ်အောက်က လောကပါလတရား

ဦးတည်ချက် (၅) က နိုင်ငံတော်တွင် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုစသော လောကပါ လတရား ထွန်းကားရေးလို့ ဆိုပါတယ်။ သဘောတရားအရဆိုရင်တော့ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု စတဲ့တရားတွေဟာ လူတဦးချင်းစီရဲ့ စံတန်ဖိုးတရားတွေဖြစ်သလို လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးစံများလည်း ဖြစ်ကြပါတယ်။ လက်တွေ့အရ ဒီတရားတွေကို အကောင်အထည်ဖော် တည် ဆောက်ထားနိုင်ဖို့ရာမှာတော့ လူတန်းစားအလွှာများအကြား အဆင်ပြေ ပေါင်းစည်းညီညွတ်နေမှုရှိဖို့ လိုအပ်ပါတယ်။

ဥပမာဗျာ... လယ်သမားလူတန်းစားနဲ့ လက်နက်ကိုင်အလွှာများအကြား အဆင်ပြေသဟဇာတ မဖြစ်ဘူးဆိုရင် ဒီတရားတွေ ထွန်းကားလာနိုင်စရာအကြောင်းမရှိပါဘူး။ လက်နက်ကိုင်လူတန်းစားက ကျန်လူတန်းစားတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးနေမယ်ဆိုရင် တရားမျှတမှုနဲ့ လွတ်လပ် မှုတို့ဟာ ဘယ်လိုမှ ကျန်လူတန်းစားအလွှာတွေမှာ မရှိနိုင်တော့ဘူး။ ဒီလောကပါလတရားတွေ ထွန်းကားစေဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ လူမျိုးစု များရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးထားနိုင်ရမှာဖြစ်ပါတယ်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး အာဏာ (၃) ရပ်ကြားမှာ အပြန် အလှန် ထိန်းချုပ်တဲ့ပုံစံရှိရမှာဖြစ်သလို တရားဥပဒေစိုးမိုးရေးရှိပြီး လွတ်လပ်တဲ့လူထုအသင်းအဖွဲ့များ တည်ရှိခြင်းနဲ့ အရွယ်ရောက်သူတိုင်းက မဲပေးခွင့်ရှိပြီး ရွေးကောက်ပွဲက တင်မြှောက်တဲ့ အစိုးရထူထောင်ဖွဲ့စည်းရေးတို့ကို ကျင့်သုံးလာနိုင်မှသာ လောကပါလတရားများ ထွန်းကားလာစေ နိုင်မှာဖြစ်ပါတယ်။ အခု (နအဖ) ရဲ့ အခြေခံဥပဒေသစ်အတွက် ရေးဆွဲချမှတ်ထားတဲ့ အခြေခံမူ များကိုကြည့်ရင် အဲ့ဒီအချက်တွေ ကင်းမဲ့နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လောကပါလတရားများထွန်းကားရေးဆိုတာ လက်တွေ့မှာ ဘယ်လိုမှ ဖြစ်ပေါ်လာနိုင်စရာ မရှိပါဘူး။

ငါတို့သာ ဦးဆောင်မယ်

ဦးတည်ချက် (၆) ကတော့ အနာဂတ်မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်က အမြဲဦးဆောင် ပါဝင်ရေးပဲဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ အခုချမှတ်ပြီးသားဖြစ်တဲ့ နအဖရဲ့အခြေခံမူတွေအရဆိုရင် စစ်တပ်က စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ခံစရာမလိုဘဲ အလိုအလျောက် အစိုးရအဆင့်ဆင့် အဖွဲ့မှာ ပါဝင်ခွင့် ရကြရမယ်လို့ ဆိုထားပါတယ်။ သမ္မတလည်းလုပ်မယ်။ ၀န်ကြီးအဖွဲ့မှာလည်း ပါဝင်မယ်။ ပြည်နယ်၊ တိုင်း၊ ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့မှာလည်း ၀င်လုပ်မယ်။ ပြီးတော့ ဥပဒေ ပြုမယ့် လွှတ်တော်အဆင့်ဆင့်မှာလည်း (၂၅) ရာခိုင်နှုန်းပါဝင်မယ်။

ကိုင်း...မလွန်လွန်းဘူးလား။ သေနတ်ချိန်ပြီး နေရာတွေ တောင်းထားလိုက်တာ။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆိုတာ လူထုကအာဏာဆင်းသက်ဖို့ အခုတော့ တလောကလုံးက လက်ခံထားတဲ့ ဒီမိုကရေစီကျင့်စဉ်ကို ဆန့်ကျင်ချိုးဖောက်နေတာဖြစ်နေပြီလေ။ ဤအခြေခံဥပဒေဆိုတာ လူ့အဖွဲ့အစည်းအတွင်း ရှိတဲ့လူတန်းစား လူ့အလွှာအမျိုးမျိုးကို ယှဉ်ပြိုင်ခွင့်ပေးထားရတယ်။

အခုတော့ နအဖစစ်အုပ်စုရဲ့အခြေခံမူတွေက အဲဒီလိုမဟုတ်ဘူး။ မြန်မာနိုင်ငံအတွင်းရှိတဲ့ လူတန်းစား အလွှာတွေကို ခွဲခြားထားတယ်။ လက်နက်ကိုင်ထားတဲ့ စစ်တပ်လူတန်းစားက အလုပ်သမား၊ လယ်သမား၊ ကုန်သည်ပွဲစားစတဲ့ လူတန်းစားအလွှာအသီးသီးရဲ့အထက်မှာ ရှိနေတယ်။ အခွင့်ထူးခံလူတန်းစား ဖြစ်နေတယ်။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် နိုင်ငံရေးပါတီတွေ၊ လူထုအသင်းအဖွဲ့တွေ အနေနဲ့ အဖွဲ့အစည်းအဖြစ် ရှိနေပေမယ့် ဘာမှ အရေးပါမှု ရှိမနေတော့ဘူး။

ပါလီမန်ဒီမိုကရေစီရဲ့ အဓိကအသက်သွေးကြောက အတိုက်အခံပြုနိုင်တဲ့ နိုင်ငံရေးပါတီများ ရှိနေနိုင်မှုပဲဖြစ်တယ်။ ဒီအခြေအနေတွေ ချို့တဲ့နေစေခြင်းကိုက ̏ နအဖရဲ့အခြေခံမူများဟာ စစ်တပ် ကြီးစိုးတဲ့ အတုအယောင်သမ္မတစနစ် ̋ ကို ဖော်ထုတ်နေတယ်ဆိုတာကို သက်သေပြနေတာပဲ ဖြစ်တယ်။ နအဖရဲ့အခြေခံမူများက နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကို သတ်မှတ်ပါရှိ နေတဲ့အတွက် မြန်မာနိုင်ငံသားများအတွင်းမှာ လူတန်းစားနှစ်ရပ်ကို ဖန်တီးထားလိုက်တာဖြစ်တယ်။ စစ်တပ်ဟာ ပြည်သူလူထုရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အဖြစ်ကို ဖန်တီးနေတာလည်း ဖြစ်တယ်။

ရဲဘော်သုံးကျိပ်မတောင်းဆိုခဲ့

မြန်မာ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် (၁၉၄၇) ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေရေးဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ရဲဘော်သုံးကျိပ်တွေက စစ်တပ်အတွက် အနာဂတ်နိုင်ငံရေးတွင် ဦးဆောင် အခန်းကဏ္ဍရဖို့အတွက် မတောင်းဆိုခဲ့ကြပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် တပ်မတော်ကထွက် ပြည်သူလူထုထံအရွေးကောက်ခံပြီးမှ နိုင်ငံရေးခေါင်းဆောင်မှုကို ယူခဲ့တာပဲဖြစ်တယ်။ နောက်ပြီး ဗိုလ်ချုပ်ကြီး နေ၀င်းတောင်မှ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါမှာ စစ်တပ်ရဲ့နေရာကို နိုင်ငံရေးဦးဆောင်မှုမှာ ဘောင်းဘီဝတ်၊ သေနတ်ခါးချိတ်လျက် ပေးဖို့ မတောင်းဆိုခဲ့ပါဘူး။ မဆလ ပါတီဖွဲ့ပြီးမှသာ နိုင်ငံရေးအာဏာကိုသိမ်းယူခဲ့တာပါ။ ဒီတော့...နအဖစစ်အုပ်စုအနေနဲ့စစ်တပ်ကို နိုင်ငံရေးဦးဆောင်မှုရယူခြင်းဟာ တပ်မတော်ရဲ့အစဉ်အလာကောင်းနဲ့ ဆန့်ကျင်ပြီး ဒီမိုကရေစီ အစဉ်အလာနဲ့လည်း ကိုက်ညီမှုမရှိပါဘူး။

-------------------------------------------------------------------
ရည်ညွှန်း
  • အမျိုးသားညီလာခံကျင်းပရေးညှိနှိုင်းဆွေးနွေးပွဲ ( ၂၃၊၆၊၉၂ အလုံလမ်း၊ သမ္မတအိမ်တော်ဝင်း )
  • န၀တ၏ကြေညာချက်အမှတ် (၁/၉၀)
  • န၀တ၏ကြေညာချက်အမှတ် (၁၁/၉၂)
  • NLD ၏ အမျိုးသားညီလာခံနှင့်ပါတ်သတ်၍ သဘောထားထုတ်ပြန်ကြေညာချက် (၁၉၉၆)
  • မြန်မာနိုင်ငံရှေ့နေများကောင်စီမှထုတ်ဝေသည့် အခြေခံဥပဒေရေးရာစာစောင် (အမှတ် -၁၈၊ ၂၀၀၄ ခုနှစ်၊ ဧပြီ)
  • အောင်မိုးစံ၏ တမျိုးသားလုံးအရေး၊ တမျိုးသားလုံးအကျိုးစီးပွားကို ဖော်ဆောင်မည့် အမျိုးသား ညီလာခံကြီး ဆောင်းပါး (မြန်မာ့အလင်းသတင်းစာ ၊ ၂၀၀၅၊ မတ်၊ ၁၄)


အပိုင်း (၂)
လွှတ်တော်အတွင်းစစ်တပ်ပါဝင်မှုနှင့် အင်ဒိုနီးရှားသင်ခန်းစာ

(နအဖ) ၏ အခြေခံမူများအရ ပြည်ထောင်စုလွှတ်တော်သည် တနိုင်ငံလုံးတွင် အမြင့်ဆုံးဥပဒေပြု အဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုသတ်မှတ်ထားတဲ့ ဥပဒေပြုလွှတ်တော်ကြီးထဲမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တာမဟုတ်တဲ့ စစ်တပ်က ခန့်အပ်ပေးလိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်နေကြရတာဟာ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးအနှစ်သာရကို ဖောက်ဖျက်နေတာပဲ ဖြစ်ပါ တယ်။

ပြဿနာက ပြည်ထောင်စုလွှတ်တော်ရဲ့ လွှတ်တော်နှစ်ရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ လူမျိုး စုလွှတ်တော် (၂) ရပ်လုံးမှာ လူထုက ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ စစ်တပ်ကခန့်အပ်တဲ့ စစ်တပ်ကိုယ်စားလှယ်များ ပါဝင်နေခြင်းပါပဲ။ ဒီလိုမျိုးကို ဘယ်ကမ္ဘ့ာဒီမိုကရေစီနိုင်ငံ များမှာမှ မကြားဘူး၊ မရှိခဲ့ဖူးပါဘူး။ စစ်တပ်က ဥပဒေပြုလွှတ်တော်ထဲမှာ ပါဝင်နေရာယူမှုတွေနဲ့ ပါတ်သက်လို့ သူတို့ရဲ့ အခြေခံမူတွေဟာ ဘယ်လိုဖော်ပြထားသလဲဆိုတာကို လေ့လာကြည့်ကြ ရအောင်...။

ဘယ်လိုပြည်ထောင်စုလွှတ်တော်လဲ

ပြည်ထောင်စုလွှတ်တော်ကို လွှတ်တော်နှစ်ရပ်နဲ့ ဖွဲ့စည်းပါတယ်။ တခုက ပြည်သူ့လွှတ်တော်ပါ။ ပြည်သူ့လွှတ်တော်ကို လူဦးရေအပေါ်အခြေခံပြီး မဲဆန္ဒနယ် သတ်မှတ်လို့ ပြည်သူလူထုတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းပေးပြီး ပါဝင်မယ့် စစ်တပ်ကိုယ်စားလှယ်များရယ်ဆိုပြီး (၂) ခုပေါင်းလို့ ဖွဲ့စည်းပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်အားလုံးပေါင်း (၄၄၀) ယောက်ရှိပါတယ်။ အဲ့ဒီထဲမှာ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်က (၃၃၀) ပါဝင်ပြီး စစ်တပ်က အမည်စာရင်းပေးပြီး ပါဝင်တဲ့ စစ်တပ်ကိုယ်စားလှယ်က (၁၁၀) ယောက် ပါရှိပါတယ်။ နောက်တခုက လူမျိုးစုလွှတ် တော်ပါ။ လူမျိုးစုလွှတ်တော်ကိုလည်း တိုင်းဒေသကြီးများနဲ့ ပြည်နယ်များက ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း ပေးထားတဲ့ စစ်တပ်ကိုယ်စားလှယ်ရယ် ဆိုပြီး (၂) ခုပေါင်းလို့ ဖွဲ့စည်းပါတယ်။

လူမျိုးစုလွှတ်တော်မှာ ကိုယ်စားလှယ်ပေါင်း (၂၂၄) ဦး ရှိပါတယ်။ ပြည်ထောင်စုနယ်မြေအပါအ၀င် တိုင်းဒေသကြီးတခုကို ကိုယ်စားလှယ် (၁၂) ဦးနှုန်းနဲ့ တိုင်းဒေသကြီး (၇) ခုအတွက် ကိုယ်စားလှယ် (၈၄) ယောက်ကို လူထုက ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ရပါတယ်။ နောက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်း၊ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတခုစီက ကိုယ်စားလှယ် (၁) ဦးစီ အပါအ၀င် ပြည်နယ်တခုကို ကိုယ်စားလှယ် (၁၂) ဦးနှုန်းနဲ့ ပြည်နယ် (၇) ခုအတွက် ကိုယ်စားလှယ်(၈၄) ယောက်ကို ပြည်နယ်လူထုက ရွေးကောက်တင်မြှောက်ရပါတယ်။ လူထုက ရွေးချယ်တင် မြှောက်ခွင့်ရတဲ့ တိုင်းဒေသကိုယ်စားလှယ်နဲ့ ပြည်နယ်ကိုယ်စားလှယ် အားလုံးပေါင်း (၁၆၈) ယောက်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးတဲ့ စစ်တပ်ကခန့်အပ်တဲ့သူ(၅၆) ယောက် ပါရှိပါတယ်။

အင်ဒိုနီးရှားသင်္ခန်းစာ

ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးနေရာတွေမှာ စစ်တပ်အနေနဲ့ဦးဆောင်ပြီး နေရာရယူရေး ကြိုးပမ်း ဆောင်ရွက်နေတာတွေနဲ့ပါတ်သက်ရင် စစ်အုပ်စုအနေနဲ့ကော မြန်မာပြည်သူလူထုကြီးပါ အင်ဒို နီးရှားနိုင်ငံရဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူသင့်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံ (၂) ခုဟာ ဆင်တူသလိုလိုရှိပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အခြေအနေတွေက မြန်မာနိုင်ငံကို သင်ခန်းစာများ ပေးနိုင်လို့ပါပဲ။ အင်ဒိုနီးရှားစစ်တပ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တာနဲ့ ပါတ်သက်လို့ အင်ဒိုနီးရှားစစ်ခေါင်းဆောင်တွေက လွတ်လပ်ပြီး အင်ဒိုနီးရှားနိုင်ငံရေးမှာ ဦးဆောင်တဲ့ နေရာမှာနေပြီး အမြဲတမ်းရသင့်တယ်လို့ ဆိုကြပါတယ်။

တာဝန် (၂) ခုထမ်းဆောင်တဲ့အယူဝါဒပါ။ ဒီအယူအဆအရ အင်ဒိုနီးရှားစစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးတာဝန် ကိုလည်း ယူတယ်။ ပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေးမှာလည်း ဦးဆောင်မှု နေရာက ပါမယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ အင်ဒိုနီးရှားတပ်မတော်နဲ့ အင်ဒိုနီးရှားအမျိုးသား လွတ်လပ်ရေးသမိုင်းကို ပြန်ကြည့်ဖို့လိုပါတယ်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့မှာ သာမန်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့များဟာ စစ်ရေးတိုက်ပွဲ သက်သက်နဲ့ လွတ်လပ်တဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံကို တည်ထောင်ယူခဲ့ကြတာပါ။ အဲ့ဒီမှာ နိုင်ငံရေးအင်အားစုများက တည်ထောင်တဲ့ တပ်ပေါင်းစုပဲဖြစ်ဖြစ်၊ နိုင်ငံရေးတိုက်ပွဲပဲဖြစ်ဖြစ် ပါဝင်မှုမရှိသလောက်ပါပဲ။ ဆိုလိုချင်တာက အင်ဒိုနီးရှားလွတ်လပ်ရေးကို အင်ဒိုနီးရှားပြောက်ကျားတပ်တွေက စစ်ရေး သက်သက်နဲ့တော်လှန်ပြီး ရယူခဲ့တယ်ဆိုတာပါပဲ။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု တိုက် ပွဲမှာ ဒို့ဗမာအစည်းအရုံး၊ ပြီးတော့ ဖဆပလ လို့ခေါ်တဲ့ နိုင်ငံရေးအင်အားစုတွေဟာ အဓိကအခန်းက ပါဝင်ဦးဆောင်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေးနဲ့ တော်လှန်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါ။ ဒီနေရာမှာ မြန်မာ့တပ်မတော် ဆိုတာဟာ ဒို့ဗမာအစည်းအရုံးလို့ခေါ်တဲ့ သခင်အဖွဲ့အစည်းက နိုင်ငံရေးခေါင်းဆောင် တွေက ဖွဲ့စည်းခဲ့လို့ ပေါ်ပေါက်ခဲ့ရတဲ့စစ်တပ်ပါ။

ဒီတော့ မြန်မာ့စစ်တပ်ဆိုတာဟာ အရပ်သားနိုင်ငံရေးသမားများက ဖန်တီးတည်ဆောက်ခဲ့တဲ့ စစ်အဆောက်အအုံတခုပါ။ ဒီတော့ နှိုင်းယှဉ်မှုအရကြည့်မယ်ဆိုရင်တောင် မြန်မာ့စစ်တပ်ဟာ အင်ဒိုနီးရှားစစ်တပ်လို နိုင်ငံရေးဦးဆောင်မှုနေရာမှာ တောင်းဆိုဖို့ သမိုင်းခြင်းမတူတဲ့အတွက် တောင်းဆိုဖို့မသင့်ပါဘူး။ နောက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေနဲ့တောင်မှ ငြင်းစရာ၊ ခုန်စရာတွေ ဖြစ်နေရပါပြီ။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ အဓိကအယူအဆဖြစ်တဲ့ အရပ် သားများကြီးစိုးရေးအယူအဆကို ဆန့်ကျင်နေလို့ပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ စစ်တပ်အုပ်စိုးမှုအောက်မှာ နှစ်ပေါင်း (၅၀) ကျော် အဘက်ဘက်က ပျက်စီးယိုယွင်း လာခဲ့ပါတယ်။ အဲ့ဒီအခြေအနေတွေကို အင်ဒိုနီးရှား ကျောင်းသားတွေက စတင်ပုန်ကန် ဆန့်ကျင်ခဲ့ကြလို့ (၁၉၉၈) ခုနှစ်မှာ စစ်ဘက်ဦးဆောင်မှုပါဝင်နေတဲ့ အုပ်ချုပ်ရေးကနေပြီး အရပ် ဘက်လူထုအုပ်ချုပ်ရေးဆီကို ပြောင်းခဲ့ကြရပါတော့တယ်။

ကလိချေ (လ်) ကိုစွန့်

မျက်မှောက်အခြေအနေတွေကိုကြည့်ရင် အရှေ့တောင်အာရှနိုင်ငံတွေအားလုံးလိုလိုဟာ စစ်ဘက်က နိုင်ငံရေးနယ်ပယ်ကနေပြီး ဆုတ်ခွာနေကြတာကို တွေ့ရမှာပါ။ လိုလိုလားလားနဲ့ကို စစ်ဘက်ခေါင်းဆောင်တွေက အတွေးအခေါ်အမြင်များပြောင်းပြီး အောင်မြင်စွာဆုတ်ခွာခြင်းပါ။ အခုအခါမှာ အင်ဒိုနီးရှားစစ်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်က နိုင်ငံရေးမှာ လူထုလွှမ်းမိုးရေးအယူအဆကို ယုံယုံကြည်ကြည်နဲ့ ကျင့်သုံးလာနေကြပါပြီ။

ဒါကြောင့်မို့လည်း ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲပြီးလျှင် အင်ဒိုနီးရှားဥပဒေပြုလွှတ်တော်ထဲကနေပြီး စစ်တပ်ကိုယ်စားလှယ်အားလုံးကို ဖယ်ပေးဖို့ အင်ဒိုနီးရှားစစ်တပ်က သဘောတူခဲ့ကြပြီးဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာမှ မြန်မာ့စစ်တပ်က အခြေခံမူတွေဆွဲပြီး လွှတ်တော်များမှာ စစ်တပ်ကိုယ် စားလှယ် (၂၅) ရာခိုင်နှုန်းပေးဖို့ လုပ်ဆောင်နေတာဟာ အံ့သြစရာပါပဲ။ နောက်ပြီးအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ဒီမိုကရေစီမူဝါဒနဲ့ ဖောက်ဖျက်ဆန့်ကျင်နေသလို ဥပဒေစိုးမိုးရေးအပေါ် အခြေခံတဲ့ စစ်မှန်တဲ့ တရားဝင်မှုဆိုင်ရာ ပြဌာန်းချက်ဖြစ်တဲ့ “ရွေးချယ် တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်များကသာ တိုင်းပြည်ကို အုပ်ချုပ်ရမည်” ဆိုတဲ့ အချက် ကိုလည်း ဆန့်ကျင်နေတာပါတယ်။
--------------------------------------------------
ရည်ညွှန်းချက်
  • ၁၉၉၄၊ စက်တင်ဘာလ (၂၈) ရက်နေ့ အမျိုးသားညီလာခံဖွင့်ပွဲအခမ်းအနား၌ ဦးဆောင်ကျင်းပရေးကော်မတီ ဥက္ကဌမှ ပြောကြားသည့်မိန့်ခွန်း
  • မြန်မာ့အလင်းသတင်းစာများ (၁၉၉၄၊ စက်တင်ဘာ)
  • အခြေခံမူ (၁၀၄) ချက်


အပိုင်း (၃)
ဘ၀ရှင်မင်းတရားကြီးဖြစ်စေမည့် သမ္မတ၏အချုပ်အခြာအာဏာ

(နအဖ) ရဲ့ အခြေခံမူတွေအရကတော့ သမ္မတလုပ်မယ့်သူတွေဟာ စစ်ရေးကိစ္စနဲ့ပါတ်သက်လို့ အတွေ့အကြုံအသိအမြင်ရှိရမယ်လို့ ဆိုပါတယ်။ ဒါဘာလဲဆိုတော့ စစ်တပ်ကမဟုတ်တဲ့သူဆိုရင် သမ္မတလုပ်ဖို့ အရည်အချင်းမရှိဘူးလို့ ဆိုတာဖြစ်တယ်။ သမ္မတလုပ်မယ့်သူအတွက် နောက်ထပ် လိုအပ်ချက်က နိုင်ငံထဲမှာ နှစ်ပေါင်း (၂၀) တိတိဆက်တိုက်နေထိုင်နေတဲ့သူဖြစ်ရမယ်လို့ ကန့် သတ်ပြန်ပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီးသတ်မှတ်တယ်လို့ ထင်ရပါတယ်။

စစ်တပ်ရဲ့ သမ္မတနေရာ

စစ်အုပ်စုရဲ့ အခြေခံမူတွေအရဆိုရင် သမ္မတဦးဆောင်တဲ့အစိုးရစနစ်ကို ထူထောင်မှာဖြစ်တယ်။ အဲ့ဒီအတွက် သမ္မတကို ရွေးကောက်ကြရမယ်။ ဘယ်လိုရွေးကောက်မလဲဆိုတော့ အဖွဲ့သုံးဖွဲ့ပါတဲ့ သမ္မတရွေးကောက်ရေးအဖွဲ့က ရွေးချယ်မှာဖြစ်တယ်လို့ဆိုတယ်။ ဒီတော့ သမ္မတရွေးချယ်ရေး အဖွဲ့ဆိုတာကို ဘယ်လိုဖွဲ့စည်းသလဲဆိုတာကို ကြည့်ကြရအောင်ပါ။ ဒါကအရေးကြီးပါတယ်။ သမ္မတရွေးချယ်ရေးအဖွဲ့ကို အောက်မှာဖော်ပြတဲ့ အစုတခုစီက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပါတယ်။

၁။ လူမျိုးစုလွှတ်တော်က ပြည်သူလူထုရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ။
၂။ ပြည်သူ့လွှတ်တော်က ပြည်သူလူထုရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ။
၃။ လွှတ်တော်နှစ်ရပ်စလုံးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပြီး ပါနေကြတဲ့ စစ်တပ်ကိုယ်စားလှယ်တွေဖြစ်တယ်။ ပြီးရင်လူမျိုးစုလွှတ်တော်က ပြည်သူလူထု ရွေးချယ်တင်မြှောက်ကြရတဲ့ (၇၅) ရာခိုင်နှုန်း ကိုယ်စားလှယ်တွေထဲက သမ္မတလောင်းတယောက် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ကြရတဲ့ (၇၅) ရာခိုင်နှုန်းကိုယ်စားလှယ်တွေထဲက သမ္မတ လောင်း တယောက်နဲ့ လွှတ်တော် (၂) ရပ်လုံးမှာပါနေကြတဲ့ (၅၀) ရာခိုင်နှုန်း၊ စစ်တပ်ကိုယ်စား လှယ်တွေထဲက သမ္မတလောင်းတယောက်စီကို အုပ်စုတခုစီက သမ္မတလောင်း အမည်စာရင်း တင်သွင်းကြရပါတယ်။ ဒီတော့ သမ္မတလောင်း (၃) ယောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ သမ္မတရွေးချယ်ရေးအဖွဲ့က သမ္မတကြီးတဦးကို ရွေးချယ်ကြရမယ်။ ဒီတော့ သမ္မတတဦးနဲ့ ဒု-သမ္မတ (၂) ဦးဖြစ်သွားမယ်။ ဘယ်လိုပဲရွေးရွေး စစ်တပ်က စစ်ဗိုလ်ဟာ သမ္မတကြီး ဖြစ်ရင် လည်းဖြစ်၊ ဒါမှမဟုတ်ရင်တော့ ဒု-သမ္မတကတော့ ဖြစ်မှာသေချာနေပြီ။ ဒါဟာ စစ်တပ်က၀င်ပြီး နေရာယူထားတာပဲဖြစ်တယ်။

ဘယ်ပုံစံနဲ့မှမတူ

သမ္မတဦးဆောင်တဲ့စနစ်ကိုကျင့်သုံးပြီး အုပ်ချုပ်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရအဖွဲ့ရဲ့ အကြီး အကဲလည်းဖြစ်၊ အမြင့်ဆုံးအုပ်ချုပ်ရေး အာဏာကိုလည်း ပိုင်တဲ့သူဖြစ်တော့ သမ္မတကိုရွေးချယ် ကြတဲ့နေရာမှာ ဒီမိုကရေစီ ကျနိုင်သမျှကျအောင် လုပ်ဆောင်ကြရတယ်။ အများအားဖြင့်တော့ လူတိုင်းမဲပေးခွင့်ကို အခြေခံပြီး တိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့ပုံစံကို ကျင့်သုံးကြတယ်။

ဖိလစ်ပိုင်နိုင်ငံမှာဆို သမ္မတကိုလူတိုင်းက တိုက်ရိုက်မဲပေးပြီး ရွေးချယ်ကြရတယ်။ အမေရိကန်ပြည်ထောင်စု မှာတော့ သမ္မတရွေးချယ်ရာမှာ ပြည်သူလူထုက သမ္မတရွေးကောက်ရေးအဖွဲ့ဝင်တွေကို ပထမရွေးချယ်ပေးကြရတယ်။ ပြီးတော့မှ အဲ့ဒီသမ္မတရွေးကောက်ရေးအဖွဲ့ဝင်တွေက သမ္မတကို ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ကြရတယ်။ အဲ့ဒီမှာ တိုက်ရိုက်မဟုတ်ဘူးလို့ ဆိုလို့မရဘူး။ ဘာလို့လည်းဆိုတော့ ပြည်သူလူထုက အဆိုပြုဆန္ဒပေးထားတဲ့ သမ္မတကိုပဲ ရွေးကောက်ရေးအဖွဲ့ဝင်တွေက မပြောင်းလဲပဲ အဆိုပြုဆန္ဒပေးရွေးချယ်ကြရလို့ဖြစ်တယ်။ လုပ်ပုံကိုင်ပုံအရ သွယ်ဝိုက်ရွေးကောက်ပွဲဆန်သော်လည်း အနှစ်သာရကတော့ လူထုက တိုက်ရိုက်ရွေးချယ်ကြတာပဲဖြစ်ပါတယ်။

ဒီမိုကရေစီမကျ

နအဖရဲ့ အခြေခံမူတွေအရဆိုရင် မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေသစ်မှာ သမ္မတရွေးချယ်မှုပုံစံဟာ သွယ်ဝိုက်ရွေးချယ်မှုပုံစံဖြစ်တယ်။ အဲ့ဒီအတွက် မြန်မာပြည်သူလူထုဟာ မိမိတို့ ကြိုက်နှစ်သက်တဲ့ သမ္မတကို တိုက်ရိုက်မဲပေးခွင့် မရှိကြတော့ဘူး။ ပြည်သူလူထုက ကြိုက်ကြိုက်၊ မကြိုက်ကြိုက် စစ်ဘက်က စစ်ဗိုလ်တယောက်ကတော့ ပါနေမှာပဲ။ ဒီတော့ (နအဖ) စစ်အုပ်စုရဲ့ အခြေခံမူအရ သမ္မတစနစ်ဟာ ဒီမိုကရေစီမကျဘူးလို့ ဆိုရမှာပဲဖြစ်တယ်။ ဒါကိုပြင်မယ်ဆိုရင်တော့ လူတိုင်း မဲပေးခွင့်ရပြီး တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ပုံစံကိုပဲ ပြောင်းသင့်ပါတယ်။

ဒီလိုပြောင်းလဲပြီး တိုက်ရိုက်လူတိုင်းက မဲပေးရွေးချယ်မယ်ဆိုရင်တောင် ပြဿနာတခုက ရှိနေ ပြန်သေးတယ်လို့ဆိုရမယ်။ အဲ့ဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ ဗမာလူမျိုးက လူဦးရေအများဆုံး ဖြစ်နေတယ်။ အားလုံးရဲ့ (၅၀) ရာခိုင်နှုန်းကျော်နေတယ်။ ဒီတော့ လူတိုင်းတိုက်ရိုက် မဲပေးတဲ့အခါ ကျရင် ဗမာလူမျိုးစုထဲကပဲ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်မယ့်အရေးကို ဆုံးဖြတ်နိုင်ခွင့်ရနေသလိုဖြစ်နေ တယ်။ အဲ့ဒီမှာ တန်းတူရေးနဲ့ ညီညွတ်ရေးဟာ ပြဿနာဖြစ်လာနိုင်ပြန်တယ်။ (နအဖ) ရဲ့ အခြေခံ မူတွေအတိုင်းဆိုရင်တော့ တန်းတူညီညွတ်ရေးပြဿနာတင်မကပဲ ဒီမိုကရေစီမကျမှုပါ ဖြစ်ပေါ် နေစေတယ်။

သမ္မတရဲ့ အုပ်ချုပ်ရေးအဖွဲ့

နအဖစစ်အုပ်စုရဲ့ အခြေခံမူအရ သမ္မတဟာ နိုင်ငံရဲ့ အကြီးအကဲဖြစ်တယ်။ သမ္မတက အုပ်ချုပ်ရေး အာဏာတွေကို နေရာ (၃) ခုမှာ ဖြန့်ခွဲပေးထားတယ်လို့လည်းဆိုတယ်။ ဒါပေမယ့် ဘယ်အာဏာ တွေကို ဖြန့်ခွဲပေးတာလဲ။ မရှင်းလင်းဘူး။ နောက်ပြီး အာဏာကိုလွှဲပေးတာလား။ ခွဲပေးတာလား။ ဒါလည်းရှင်းရှင်းမဖော်ပြပြန်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနဲ့ ပါတ်သက်လို့ အခြေခံဥပဒေက သတ်မှတ်ပေးမယ်လို့ ဆိုတယ်။ အသေးစိတ်ကျတဲ့မူတွေကိုတော့ တခုမှမချမှတ်ထားပြန်ဘူး။

အခြေခံမူ (၁၀၄) ချက်ထဲမှာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းထားမှုကိုတော့ ရေးထားတယ်။ အစိုးရ အဖွဲ့ထဲမှာ သမ္မတ၊ ဒု-သမ္မတ၊ ရှေ့နေချုပ်နဲ့ ပြည်ထောင်စု ၀န်ကြီးတွေပါတယ်လို့ဆိုတယ်။ ပြည်ထောင်စုဝန်ကြီး ဘယ်နှစ်ယောက်ထားမယ်ဆိုတာကိုလည်း သမ္မတကပဲ သတ်မှတ်မယ်လို့ ဆိုတယ်။ အတည်ပြုချက်ကိုတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရမယ်လို့ သတ်မှတ် ထားတယ်။ တကယ်လို့ ပြည်ထောင်စုလွှတ်တော်က အတည်မပြုပေးပဲ ငြင်းပယ်ခဲ့ရင် ဘာဖြစ်မလဲ။ ဘယ်လိုဆက်လုပ်မလဲ။ ဒါတွေကိုတော့ မဖော်ပြထားဘူး။ ဒါဟာေ၀၀ါးရှုပ်ထွေးမှုတွေဖြစ်စေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့အလုပ်မဖြစ်နိုင်အောင် ဖန်တီးထားသလိုဖြစ်နေတယ်။

ပါလီမန်အစိုးရ စနစ်ပုံစံမှာတော့ ၀န်ကြီးအဖွဲ့ဟာ အုပ်ချုပ်ရေးအဖွဲ့အစစ်အမှန်ဖြစ်ပြီး တကယ့် အာဏာကို ကိုင်တွယ်ကြရပါတယ်။ ပြီးလျှင် ပါလီမန်ကို တာဝန်ခံရပါတယ်။ ပါလီမန်ကို တာဝန်ခံ တယ်ဆိုတာက ပြည်သူလူထုကို တာဝန်ခံထားတာပဲဖြစ်ပါတယ်။ နအဖစစ်အုပ်စုရဲ့ အခြေခံ မူတွေမှာတော့ သမ္မတဟာ ဘယ်သူ့ကိုမှ တာဝန်မခံရပါဘူး။ ၀န်ကြီးအဖွဲ့ကလည်း သမ္မတကိုပဲ တာဝန်ခံပြီး လွှတ်တော်ကိုတော့ တာဝန်မခံရပါဘူး။ လွှတ်တော်ဆိုတာက ဘာပဲပြောပြော (၇၅) ရာခိုင်နှုန်းကတော့ ပြည်သူလူထုကြီးကို ကိုယ်စားပြုနေသေးတာ ဖြစ်တယ်လို့ ဆိုရမယ့် နေရာပါ။

အခု နအဖရဲ့ ဖွဲ့စည်းပုံသစ်အတွက် အခြေခံမူတွေမှာတော့ သမ္မတကို ပြည်သူလူထုအနေနဲ့ တိုက်ရိုက်ရွေးကောက်တာလည်း မဟုတ်သလို သမ္မတကို ရွေးကောက်တင်မြှောက်ရေး အဖွဲ့ ထဲမှာလည်း လူထုကရွေးကောက်ထားတာမဟုတ်တဲ့ စစ်ဘက်က ပုဂ္ဂိုလ်တွေက (၃) ပုံ (၁) ပုံ ပါနေပြန်တော့ သမ္မတဟာ စစ်ဘက်ယူနီဖောင်းဝတ်ထားတဲ့ ဗိုလ်ချုပ်ကြီးလည်း ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ တကယ်လို့ စစ်ဘက်က ဗိုလ်ချုပ်ကြီး တယောက်ယောက်သာ သမ္မတဖြစ်ခဲ့ရင် ဥပဒေပြုအဖွဲ့ဖြစ်တဲ့ လွှတ်တော်အပေါ် သြဇာလွှမ်းမိုးနေပြီး သမ္မတဟာ ယူနီဖောင်းဝတ်တဲ့ စစ်ဘက်က တရားဝင် အာဏာရှင်ကြီး ဖြစ်လာစေမှာ ဖြစ်ပါတယ်။

သမ္မတအောက်က တရားစီရင်ရေးမဏ္ဍိုင်

ဘယ်ရပ်ရွာ၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တရားရေးစနစ်ပုံမှန်လည်ပတ်နေဖို့အတွက် တရားစီရင်ရေး အဖွဲ့ဟာ အဓိကအချက်အချာကျပါတယ်။ တရားစီရင်ရေးအဖွဲ့အနေနဲ့ လက်တွေ့မှာ အောင်အောင် မြင်မြင်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုရင်တော့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ပါဝင်စွက်ဖက်မှု မရှိဖို့ လိုပါတယ်။ ဒါကလည်း ဒီမိုကရေစီနိုင်ငံအများစုက အသိအမှတ်ပြုလက်ခံထားတဲ့ စံတခုပါပဲ။

အာဏာရှင်နိုင်ငံတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း (၁၉၄၇) ခုနှစ် ဖွဲ့စည်းပုံ အရဆိုရင် (၁၉၄၈ မှ (၁၉၆၂) ခုနှစ်အထိအတွင်းမှာ တရားစီရင်ရေးအဖွဲ့ဟာ လွတ်လပ်တဲ့ အခြေ အနေများရှိခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့မူအရဆိုရင် တရားစီရင်ရေးအဖွဲ့ဟာ သက်ဆိုင်ရာနိုင်ငံရဲ့ အမျိုးသားတရားရေး စနစ်ဘောင်ထဲကနေပြီး အုပ်စိုးသူအစိုးရရဲ့ လေးစား ရိုသေ တန်ဖိုးထားမှုကို ခံရစေမှာဖြစ်ပါတယ်။

တရားစီရင်ရေးအဖွဲ့ရဲ့ လွတ်လပ်မှုအာမခံချက်တွေကို အခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်း ထားပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့ဆိုရင်တော့ အဓိကကျတာက အာဏာခွဲခြားမှုစနစ် ကျင့်သုံး ရေးပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအကြား အာဏာခွဲခြား ထားရ မှာဖြစ်ပါတယ်။ ဒါပေမယ့် နအဖရဲ့ အခြေခံမူတွေအရဆိုရင်တော့ ကုလသမဂ္ဂရဲ့ ပြဌာန်းဖော်ပြထားတဲ့ အခြေခံစံနှုန်းတွေ ပါရှိတယ်ဆိုတာကို တခုတလေမှ မတွေ့ရပါဘူး။

နအဖရဲ့ အခြေခံမူတွေကိုကြည့်ရင်တော့ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ကို ခန့်အပ်နိုင်ပါတယ်။ သမ္မတက အမည် စာရင်းတင်သွင်းတဲ့ တရားသူကြီးချုပ်လောင်းကို ပြည်ထောင်စုလွှတ်တော်က ပယ်ချဖို့ဆိုရာမှာလည်း အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ရဲ့ အရည်အချင်းများနဲ့ မပြည့်မှီကြောင်းကို ခိုင်ခိုင်လုံလုံသက်သေပြနိုင်ပါမှ ပယ်ချခွင့်ရတာပါ။ လွယ်လွယ်နဲ့ငြင်းပယ်လို့တော့ ရစေမှာမဟုတ်ပါဘူး။

ဒီတော့ သမ္မတဟာ ပြည်ထောင်စုတရားသူကြီးချုပ် ခန့်အပ်ရေးမှာ အင်မတန်သြဇာတန်ခိုးကြီး လွန်းနေပါတယ်။ ပြည်ထောင်စုလွှတ်တော်ကပင် တရားသူကြီးချုပ်လောင်းကို ငြင်းပယ်ဖို့ရာမှာ အရည်အချင်းဆိုတဲ့ စံတခုတည်းနဲ့ပဲ ပယ်ချခွင့်ရထားပါတယ်။ တခြားဘယ်လို အကြောင်းကြောင်း သော အကြောင်းပြချက်တွေနဲ့မှ ငြင်းပယ်ခွင့်မရှိပါဘူး။ ဒီတော့ ပြည်ထောင်စုတရားသူကြီးချုပ် လုပ်မယ့်သူဟာ ဥပဒေပညာရပ်ဆိုင်ရာ အရည်အချင်းကတော့ ရှိကြမှာပါပဲ။ အဲ့ဒီလို အရည် အချင်းရှိပြီး သမ္မတနဲ့ အဆင်ပြေမယ်၊ သမ္မတကိုရိုကျိုးမယ်၊ သြဇာခံမယ်ဆိုရင် သမ္မတဟာ သူ့လူကို သူအမည်တင်ပြီး တရားသူကြီးချုပ်အဖြစ် ခန့်လို့ရနေတော့တာပါပဲ။

(၁၉၄၇) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိခဲ့တဲ့ တရားသူကြီးချုပ်ခန့်အပ်ရေးနဲ့ပါတ်သက်လို့ ပြန်ကြည့်မယ်ဆိုရင် သမ္မတဟာ ၀န်ကြီးချုပ်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး တရားသူကြီးချုပ်လောင်းကို ရွေးချယ်ရပါတယ်။ ပြီးမှ လွှတ်တော် (၂) ရပ် ပူးတွဲအစည်းအဝေးမှာ တင်ပြပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူကြရပါတယ်။ ပြီးတော့ (၁၉၄၇) ခုနှစ် အခြေခံဥပဒေကိုကြည့်ရင် သမ္မတဟာ အုပ်ချုပ်ရေးအာဏာပိုင်သူမဟုတ်ပါဘူး။ ၀န်ကြီးချုပ်ကသာ ပိုင်တာပါ။ လွှတ်တော်မှာ ဆိုရင်လည်း သမ္မတကတင်သွင်းလာတဲ့ တရားသူကြီးချုပ်နဲ့ ပါတ်သက်ပြီး လွတ်လပ်စွာ သဘောထားပေး ဆွေးနွေးငြင်းခုန်လို့ရပါတယ်။ ငြင်းပယ်မယ်ဆိုရင်လည်း ငြင်းပယ်လို့ရပါတယ်။

အခု နအဖရဲ့ အခြေခံမူအရဆိုရင်တော့ သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ် ခန့်အပ်ရေး အတွက် တဦးတည်းသော အာဏာပိုင်ကြီး ဖြစ်နေစေတော့တာပါပဲ။ ဒီတော့ သမ္မတရဲ့ အုပ်ချုပ် ရေးဟာ တရားသူကြီးချုပ်ရဲ့ တရားစီရင်ရေးအပေါ် မစခင်ကတည်းက သြဇာလွှမ်းမိုးနေပြီဖြစ်တယ်လို့ ဆိုရမှာပါပဲ။ ကဏ္ဍတခုနဲ့တခုအကြား လွတ်လပ်ရမယ်၊ သြဇာမသက်ရောက်စေရဆိုတဲ့ တရားစီရင်ရေးအဖွဲ့ရဲ့ အခြေခံမူတွေဟာ ဘယ်လိုမှ တည်ရှိလာစရာ အကြောင်းမရှိတော့တာ ကတော့ သေချာနေပါပြီ။ ဒီတော့ နအဖရဲ့ အခြေခံမူအရ တရားစီရင်ရေးအဖွဲ့ဟာ သမ္မတရဲ့ လက်အောက်ခံအဖွဲ့အဖြစ် ရှိနေရမှာဖြစ်ပါတယ်။ ခန့်အပ်ရာမှာလည်း တရားရုံးချုပ်ရဲ့ တရားသူကြီး ချုပ်ကစပြီး အောက်ခြေတရားရုံး တရားသူကြီးတွေအထိ သမ္မတက ဒိုင်ခံခန့်အပ်ဖို့ဖြစ်နေပါတယ်။

တရားသူကြီးတွေကို ရာထူးဖြုတ်ချပိုင်ခွင့်ရဲ့ သမ္မတအခွင့်အာဏာကိုကြည့်ရင်လည်း တရားစီရင် ရေးစနစ် အောင်မြင်စွာ လည်ပတ်နေမှုကို အဟန့်အတားရောက်စေသလို ဖြစ်နေပါတယ်။ သမ္မတဟာ တရားသူကြီးချုပ်နဲ့ တရားသူကြီးများကို တဦးတည်းမောင်ပိုင်ဖြုတ်ချပိုင်ခွင့် အခွင့်အာဏာကို ပိုင်ဆိုင်သူဖြစ်နေလို့ပါပဲ။ ပါလီမန်ဒီမိုကရေစီစနစ်မှာတော့ တယောက်တည်းကို တဦးတည်း မောင်ပိုင် အာဏာပေးမထားပါဘူး။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့လွှတ် တော်ကသာ ဆောင်ရွက်စေရတာပါ။

သမ္မတကို သေနတ်နှင့်ချိန်ထားသည့် စစ်ဦးစီးချုပ်

စစ်အုပ်စုရဲ့ သမ္မတစနစ်ပုံစံဟာ ရောမခေတ်က ဘုရင်ဆီဇာရဲ့ သမ္မတစနစ်ပုံစံဖြစ်နေပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီဆိုတာ မရှိဘူးဖြစ်နေတယ်။ မူမှန်မှုမရှိတဲ့ အာဏာစုစည်းမှုက အကျင့် ပျက်ခြစားခြင်းရဲ့ အခြားမဖြစ်သင့်တာတွေကို ဖြစ်လာဖို့ လမ်းဖွင့်ပေးနေသလို ဖြစ်နေစေတယ်။ အကြီးမားဆုံးပြဿနာက သမ္မတဟာ နိုင်ငံရေးပါတီတခုနဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ထောက်ခံတဲ့ ကျောထောက်နောက်ခံပြုမှုမရှိခြင်းပဲ ဖြစ်တယ်။ ဒါကြောင့် အားကောင်းတဲ့ခေါင်းဆောင်မှုကို သမ္မတဟာ ပေးနိုင်မှာ မဟုတ်နိုင်ပါဘူး။ ပြီးတော့ သမ္မတကို ဖြုတ်ချနိုင်ရေးနဲ့ပါတ်သက်လို့ ကြည့် ရင်လည်း သမ္မတကို စွဲချက်တင်ပြီး ဖြုတ်ချမယ်ဆိုရင် လွှတ်တော် (၂) ရပ်က အဖွဲ့ဝင် (၂၅) ရာခိုင် နှုန်းက တောင်းဆိုဖို့ လိုအပ်တယ်လို့ ပြဌာန်းထားတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးထားလို့ လွှတ်တော် (၂) ရပ်မှာ ရောက်ရှိ နေကြတဲ့ စစ်ဗိုလ်တွေဟာ (၂၅) ရာခိုင်နှုန်းရှိကြပါတယ်၊ ဒီတော့ စစ်တပ်က တိုင်းပြည်အုပ်ချုပ်ရေး ဒါမှမဟုတ် နိုင်ငံတော်ရဲ့အကြီးအကဲကို မနှစ်သက်ရင် “အမြဲပဲဖြုတ်ချမလား” ဆိုတာကို ခြိမ်းခြောက် နိုင်နေတဲ့ သေနတ်ကိုင်ထားရသူတွေလို ဖြစ်နေပါတယ်။ ရှင်းရှင်းပြောရရင်တော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့သူတွေဟာ သမ္မတရဲ့အထက်မှာ အာဏာရှိတဲ့ပုဂ္ဂိုလ် ဖြစ်နေတာပါပဲ။
-----------------------------------------
ရည်ညွှန်း
  • န၀တ၏ အခြေခံမူ (၁၀၄) ချက်
  • မြန်မာနိုင်ငံရှေ့နေများကောင်စီမှထုတ်ဝေသည့် အခြေခံဥပဒေရေးရာစာစောင်(အမှတ် - ၁၈ ၊ ၂၀၀၄၊ ဧပြီ)
  • မြန်မာ့အလင်းသတင်းစာ (၂၀၀၅၊ မတ်လ၊ ၈)
  • အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ ရှင်းလင်းတင်ပြချက်(၂၀၀၅၊ မတ်လ၊ ၇ ရက် ညောင်နှစ်ပင်စခန်း)


အပိုင်း (၄)
နိုင်ငံတော်စုဖွဲ့မှုနဲ့ တိုင်းရင်းသားပြဿနာ

ဘယ်လိုပြည်ထောင်စုမျိုးလဲ
နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းတည်ထောင်တယ်လို့ဆိုတယ်။ ဒီတော့... “ပြည်ထောင်စု စနစ် ̋ ဆိုတာ ဘာလဲဆိုတာသိရအောင် နိုင်ငံတကာက နိုင်ငံများရဲ့ အခြေခံဥပဒေတွေကို လေ့လာ ကြည့်ရအောင်။ တိုင်းပြည်တည်ဆောင်ပုံနဲ့ပတ်သက်ရင် ပုံစံ (၂) မျိုးပဲရှိတာကို တွေ့ရမယ်။ တခုက တပြည်ထောင်စနစ်ဖြစ်ပြီး နောက်တမျိုးက ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပဲဖြစ်တယ်။

တပြည်ထောင်စနစ်က အာဏာဟာ ဗဟိုတခုတည်းမှာပဲရှိတယ်။ အဲဒီဗဟိုကပဲ အုပ်ချုပ်ရေး တခုလုံးကို ဆောင်ရွက်တယ်။ အုပ်ချုပ်ရေးအာဏာကို ဗဟိုက ချပေးတယ်။ လက်အောက်ခံ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လုပ်ကိုင်မှုတွေကို ဗဟိုကသဘောမကျရင် အာဏာတွေကို ချက်ချင်းဗဟိုက ပြန်ရုပ်သိမ်းပစ်နိုင်တယ်။ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေဟာ တပြည်ထောင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်ကြတယ်။

ဖယ်ဒရယ်ပြည်ထောင်စုစနစ် အုပ်ချုပ်ရေးဆိုတာကတော့ ဗဟိုနဲ့ ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်ကြတဲ့ ပြည်နယ်တွေအကြားမှာ နိုင်ငံတော်ရဲ့အာဏာကို စေ့စေ့စပ်စပ် အသေးစိတ် ခွဲဝေထားကြတယ်။ ပါဝင်တဲ့ပြည်နယ်တွေဟာ ကိုယ့်ဒေသအကျိုးအတွက် အာဏာကျင့်သုံးနိုင်ဖို့ အထူးသီးသန့် အခွင့်အာဏာတွေလဲရှိကြပြီး ဖယ်ဒရယ်အဆင့်မှာတော့ သီးသန့်အာဏာကို ဖယ်ဒရယ်ပြည်ထောင်စုအတွင်းမှာ ခွဲခြမ်းထားရှိပြန်တယ်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးစတဲ့ လုပ်ငန်းရပ်များအားလုံးကို ကြီးကြပ်ထိန်းကွပ်ဖို့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကိုလည်း ထူထောင်ထားရှိပြန်တယ်။ ဒီတော့ မြန်မာပြည်သူများဟာ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့အခြေအနေအရပ်ရပ်အရ အကောင်းဆုံးဖြစ်မယ့် နိုင်ငံတော် တည်ဆောက်ရေး ပုံစံတခုခုကို ရွေးချယ်ကြရတော့မှာဖြစ်ပါတယ်။

၄၇/၇၄ ဘယ်လိုလဲ

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့နိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံနဲ့ သင့်တော်မည့် အခြေခံဥပဒေကို ရွေးချယ်ကြရာမှာ နိုင်ငံရဲ့အတိတ်သမိုင်းမှာ ကြုံတွေ့ခဲ့ကြရတဲ့ အကြောင်းအရင်းအမှန် ပြဿနာတွေကို ဖော်ထုတ်ပြီး ထည့်တွက်စဉ်းစားဖို့ လိုပါမယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်မှုကို ပြည်ထောင်စုစနစ်လို့ သတ်မှတ်ခေါ်ဆိုကြပေမယ့် အမှန်မှာတော့ ဖယ်ဒရယ်တပိုင်းသာဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီအခြေခံဥပဒေဟာ နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု ပေးခဲ့တာရှိခဲ့ပေမယ့်လည်း တိုင်းရင်းသားလူမျိုးစုများ အတွက်တော့ တန်းတူအခွင့်အရေးဆိုရာမှာ ထိထိရောက်ရောက် အာမခံတာမျိုးမရှိခဲ့ပါဘူး။

ဗိုလ်ချုပ်နေ၀င်းရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်ရင် ဖွဲ့စည်းမှုပုံသဏ္ဌာန်မှာ ပြည်နယ်၊ တိုင်း (၇) ခုစီနဲ့ ဖွဲ့စည်းထားတာကို တွေ့ရမှာပါ။ ပြီးတော့... တပါတီစနစ်ရဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ဖိနှိပ်ထားပြီး တိုင်းရင်းသားလူမျိုးစုများဟာ တန်းတူအခွင့်အရေး ဆိုတာ လုံးဝမရှိခဲ့ကြပါဘူး။ နောက်ထပ် ဆိုးတာက လူတဦးချင်းစီရဲ့ အခွင့်အရေးတွေပါ ဆုံးရှုံး နေရတာပါပဲ။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး

မြန်မာနိုင်ငံမှာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ အငြင်းပွားစရာအဖြစ်ဆုံးကိစ္စဖြစ်နေတယ်။ ဒါကလည်း ခွဲထွက်ခွင့်ရှိတယ်၊ မရှိဘူးဆိုတဲ့အပေါ် အဓိပ္ပာယ်ဖွင့်ဆိုရလို့ပဲဖြစ်တယ်။ နှစ်ပေါင်း (၅၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစုအသီးသီးကတော့ ဖယ်ဒရယ်ပြည်ထောင်စုအတွင်းကပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။

ဒီတော့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ကျင့်သုံးနိုင်ရေးနဲ့ ပတ်သက်လို့ အခြေခံမူထဲမှာ ဗဟိုနဲ့ပြည်နယ် ဥပဒေပြုအဖွဲ့တွေအကြားမှာ ဘယ်လိုအာဏာခွဲဝေမလဲဆိုတာတွေကို ရှင်းရှင်း လင်းလင်းဖော်ပြဖို့ လိုပါတယ်။ ဒါပေမယ့် နအဖရဲ့ အခြေခံမူတွေမှာ ပြည်ထောင်စုနဲ့ပြည်နယ်တွေ အကြားဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတွေ ခွဲဝေရေးနဲ့ ပတ်သက်လို့ ဘာပြဋ္ဌာန်းချက်မှ မတွေ့ရပါဘူး။ ပြည်ထောင်စုကပဲဖြစ်ဖြစ် ၊ ပြည်နယ်တွေကပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တဲ့ အာဏာစာရင်းဆိုပြီး မရှိပါဘူး။

နောက်ပြီး ပြည်ထောင်စုကလာပြီး မထိပါးနိုင်တဲ့ ပြည်နယ်တွေအတွက် အာဏာများဆိုတာကိုလည်း သတ်မှတ်ပေးထားတာ မတွေ့ရပြန်ပါဘူး။ ဘဏ္ဍာငွေကြေးနဲ့ သက်ဆိုင်ရင်လည်း ပြည်နယ်များရဲ့ စီမံခန့်ခွဲနိုင်တဲ့ပိုင်ခွင့်တွေကိုလည်း မဖော်ပြထားပါဘူး။ အဲဒါတွေအပြင်ကို အခြေခံမူတွေမှာ ပြည်ထောင်စုနဲ့ပြည်နယ်တွေအကြားမှာ အုပ်ချုပ်ရေးဆက်စပ်မှုတွေကိုလည်း ဖော်ပြထားဖို့ လိုပါတယ်။

နောက် လူများစုရဲ့ ဗဟိုချုပ်ကိုင်အနိုင်ကျင့်မှုတွေကို တားဆီးတဲ့ပြဋ္ဌာန်းချက်ဆိုတာများလဲ ပါရှိ သင့်ပါတယ်။ ဒါပေမယ့် အခုစစ်အုပ်စုရဲ့ အခြေခံမူများက အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ ဘာမှ မဖော်ပြထားပဲ ရှိနေပါတယ်။ ထားတော့။ ဒီတော့မဖော်ပြထားတာကို မကြည့်တော့ပဲ နအဖရဲ့ ဖော်ပြထားတဲ့အခြေခံမူတွေကိုပဲ ကြည့်မယ်ဆိုရင်တော့၊ ဘယ်လိုပြည်ထောင်စုမျိုးနဲ့ ဘယ်လို အာဏာခွဲဝေထားသလဲ ဆိုတာကိုပါ တဖြည်းဖြည်း ရုပ်လုံးပေါ်လာမှာပါ။

နအဖရဲ့ အခြေခံမူအရဆိုရင် နိုင်ငံတော်သမ္မတက ပြည်နယ်ရှိ လွှတ်တော်အမတ်တွေထဲကနေပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးပေးရပါမယ်။ ပြည်နယ်လွှတ်တော်ရဲ့အကြံပြုချက်ကို ယူရမယ်ဆိုတာ ပါပေမယ့် သမ္မတက ရွေးပေးမယ့် ပြည်နယ်ဝန်ကြီးချုပ်လောင်းဟာ အရည်အချင်းမပြည့်မီသူ ဖြစ်ကြောင်း ဖော်ပြနိုင်မှ ငြင်းပယ်လို့ရပါတယ်။ အရည်အချင်းဆိုတာကလည်း အသက်အရွယ်တို့ ပညာအရည်အချင်းတို့ ဆိုတာလောက်ပါ။ ဒီတော့ ငြင်းပယ်ဖို့ဆိုတာမလွယ်ဘူး။ သမ္မတကခန့်တယ်ဆိုတဲ့သူကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရုံပါပဲ။ ပြီးရင် သမ္မတခန့်ထားတဲ့သူလို့ပြောလို့ရတဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ဒေသရေးရာ ပြည်နယ်ဝန်ကြီးနှစ်နေရာကို စစ်တပ်က စစ်သားကို ခန့်ပေး ထားရမယ်။ ပြီးတော့ ပြည်နယ်ဝန်ကြီးတွေ ခန့်တဲ့နေရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်က အမည် စာရင်းပေးတဲ့သူတွေကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရပါမယ်။

ငြင်းပယ်ခွင့်ရှိတယ်ဆိုပေမယ့်လည်း အရည်အချင်းမပြည့်မီသူလို့ ခိုင်လုံကြောင်းတခုတည်းနဲ့ပဲ ငြင်းလို့ရပါတယ်။ နောက်ဆုံးတော့ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်ပြီးတော့ ပြည်နယ် ၀န်ကြီးချုပ်က ပြည်နယ်ဝန်ကြီးအဖွဲ့ကို ခန့်ဆိုတာပါပဲ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေကလဲ သမ္မတကိုပဲ တာဝန်ခံကြရပါတယ်။ ပြည်နယ်ဥပဒေအရာရှိတွေကို ခန့်အပ်ရာမှာလဲ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုပြီးရင်တောင် မရသေးပါဘူး။ နောက်ဆုံး သမ္မတက သဘောတူ အတည်ပြုမှရပါတယ်။ ဒီတော့ ဗဟိုကဖြစ်တဲ့ သမ္မတမှာ အာဏာအပြည့်ဖြစ်နေတယ်ဆိုတာ ပေါ်လွင်လွန်းလှနေပါပြီ။

တန်းတူရေးဘယ်မှာလဲ

တန်းတူရေးဆိုတဲ့ပြဿနာမှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ပြီးတဲ့အချိန်ကစပြီး စိန်ခေါ်နေခဲ့တဲ့ ကိစ္စပါပဲ။ ဒီကိစ္စကို အခုအခြေခံမူတွေက ဘယ်လိုအာမခံချက်ပြုထားပါသလဲ။ ဒါအရေးအကြီး ဆုံးမေးခွန်းပဲ။ တန်းတူညီမျှခွင့်ကို ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ ၊ တရားစီရင်ရေးစတဲ့ နိုင်ငံတော် အဆောက်အအုံအားလုံးရဲ့ ဖွဲ့စည်းမှုမှာ ကျင့်သုံးရမှာဖြစ်တယ်။

နအဖရဲ့ အခြေခံမူတွေမှာ ရွေးချယ်တင်မြှောက်တဲ့စနစ်ကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါကြောင့် လက်ရှိမဲပေးစနစ်ဖြစ်တဲ့ မဲအများစုရသူ နိုင်တဲ့စနစ်ကိုပဲ ကျင့်သုံးမှာပဲလို့ ထင်ရပါတယ်။ ဒီတော့ လူဦးရေများတဲ့ ဗမာလူမျိုးများက အခြားတိုင်းရင်းသားလူမျိုးစုတွေအပေါ် အသာစီးရပြီး လွှတ်တော် (၂) ရပ်ရဲ့ (၇၅) ရာခိုင်နှုန်းနေရာမှာ အများစုရဖို့ သေချာနေပါတယ်။ ဒီအတိုင်းဆိုရင် တန်းတူ ညီမျှရေးဆိုတဲ့ အရေးဟာ ပြေလည်နိုင်ပါဦးမလား။ ဒီတော့ တန်းတူညီမျှရေးပြဿနာကို ဖြေရှင်း ပြေလည်ဖို့ဆိုရင် မဲပေးမှုပုံစံစနစ်မှာ “ အချိုးကျ ကိုယ်စားပြုစနစ်” တခုကို ကျင့်သုံးဖို့ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားဖို့ လိုပါမယ်။

နအဖရဲ့ ပြည်ထောင်စု

နအဖက သူတို့ရဲ့ အခြေခံမူတွေအရ နိုင်ငံတော်ကို တည်ဆောက်ဖွဲ့စည်းရာမှာ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းမှုပုံသဏ္ဌာန်ကိုတော့ ပြည်နယ် (၇) ခု၊ တိုင်း (၇) ခု ပုံဏ္ဌာန်အတိုင်း ပြည်ထောင်စုကို ပုံပျက်ပန်းပျက်နဲ့ လုပ်လာနေပြန်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ မှာမရှိခဲ့တဲ့ ပြည်ထောင်စု နယ်မြေဆိုပြီး ပြည်ထောင်စုဖွဲ့စည်းရာမှာ ထည့်လာပါတယ်၊ နအဖရဲ့ အခြေခံမူတွေကိုကြည့်ရင် ပြည်နယ် (၇) ခု ၊ တိုင်း (၇) ခုတို့ဟာ တခုချင်းစီ အဆင့်အတန်း တူညီကြတယ်လို့ သတ်မှတ်ပါတယ်။ တိုင်းဒေသ (၇) ခုရဲ့ တည်ရှိရာဒေသတိုင်းမှာက ဗမာလူမျိုး အများစုနေထိုင်ကြတာဖြစ်ပါတယ်။

ဒီတော့ တိုင်းရင်းသားလူမျိုး တခုစီရဲ့ ပြည်နယ် (၁) ခုစီဟာ တိုင်းဒေသ (၇) ခုနဲ့မှ တန်းတူညီမျှသလို ဖြစ်နေရပါတော့တယ်။ တိုင်းရင်းသားလူမျိုးစု (၁) ခုနဲ့ ဗမာလူမျိုး (၇) ခုနဲ့ တန်းတူ ညီမျှမှုရယ်လို့ ဖြစ်နေပါတယ်။ နောက်ပြီး နအဖစစ်အုပ်စုရဲ့ အခြေခံမူများအရ တိုင်းပြည် အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးတွေ ၊ ပြည်နယ်တွေ၊ ပြည်ထောင်စုနယ်မြေတွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေဟာ နိုင်ငံတော်ကနေပြီး ဘယ်တော့မှ ခွဲမထွက်စေရဘူးလို့ဆိုထားပါတယ်။

ဒီအချက်ကိုကြည့်ရင် စစ်အုပ်စုရဲ့ ချဉ်းကပ်ပုံအမြင်ဟာ အပျက်သဘောဆောင်တဲ့ဘက်မှ ရှုမြင်နေတာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းထားတာမျိုးဟာ နိုင်ငံတကာမှာရှိတဲ့ ဖွဲ့စည်းပုံတွေထဲမှာဆိုရင် အရင်ကရှိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု တနိုင်ငံတည်းမှာပဲရှိခဲ့၊ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ တကယ်မှာတော့ ဖယ်ဒရယ်စနစ်နဲ့ကိုက်ညီတဲ့ အခြေခံဥပဒေတခုကို အပြုသဘောဆောင်တဲ့ ထူထောင်မှုမျိုးရှိခဲ့ရင် ပြည်ထောင်စုမှ ခွဲထွက်ရေးဆိုတာ ပေါ်ပေါက် လာစရာမရှိပါဘူး။

နအဖစစ်အုပ်စုအနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို နှိုင်းယှဉ်လေ့လာပြီး မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တူညီတာ ကွဲပြားတာတွေကို ကြည့်ရှုသုံးသပ်ပြီး မိမိတို့နိုင်ငံရဲ့ထူးခြားတဲ့ အခြေအနေတွေကို စူးစမ်းလေ့လာပြီး ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတခုကို ထူထောင်လုပ်ဆောင်သွားဖို့ပဲရှိပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့အနာဂတ်ဟာ ငြိမ်းချမ်းမှု၊ စုပေါင်းညီညွတ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတတ်မှုတွေဆီကို ဦးတည်စေနိုင်မယ်ဆိုတာ ကောက်ချက်ချလို့ ရပါလိမ့်မယ်။

စစ်တပ်ရဲ့နေရာ

မြို့တော်ဖြစ်တဲ့ကြပ်ပြေးနေပြည်တော်ကို ပြည်ထောင်စုနယ်မြေအဖြစ် အခြေခံမူမှာ သတ်မှတ် ထားတယ်။ သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာရှိရမယ်။ သမ္မတက ကြပ်ပြေးနေပြည်တော် ကောင်စီကို တည်ထောင်ဖွဲ့စည်းရမှာဖြစ်တယ်။ ကောင်စီဥက္ကဋ္ဌ အပါအ၀င် ကောင်စီဝင်ဦးရေကို သမ္မတက သတ်မှတ်ပေးရမယ်။ ကောင်စီထဲမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်က စစ်ဗိုလ် ပါရမယ်။ ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်အားလုံးဟာ နိုင်ငံရေးပါတီဝင်တွေထဲကတော့ တယောက်မှ ပါဝင်ခွင့်မရှိပြန်ဘူး။

ကောင်စီဥက္ကဋ္ဌဟာ ပြည်ထောင်စုဝန်ကြီးတဦး အဆင့်နဲ့အတူတူပါပဲ။ အဆိုးဆုံးက... လိုအပ်ရင် ကောင်စီဝင်အားလုံးကို စစ်တပ်က စစ်ဗိုလ်တွေနဲ့ပဲ ခန့်လို့ရတယ်ဆိုတာပါပဲ။ သမ္မတက ကောင်စီဝင်တွေထဲက ဖြုတ်မယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က သဘောတူအတည်ပြုမှရတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ဗဟိုချက်မကို စစ်တပ်က ချုပ်ကိုင်ထားလိုက်တာပဲ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်တယ်။
---------------------------------------------
ရည်ညွှန်း
  • ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ - ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်မိန့်ခွန်း(၂၀၀၆၊ ဇူလိုင်၊ ၂၉)
  • ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ - ဦးအောင်တိုး၏ညီလာခံကျင်းပရေး ကော်မရှင် အစည်းအဝေးတွင် ရှင်းလင်းတင်ပြချက် (၂၀၀၆၊ အောက်တိုဘာ ၊ ၁၀)
  • အခြေခံမူ (၁၀၄) ချက်
  • ဒေါင်းအိုးဝေနှင့် ဦးဒယ်နီရယ်အောင် တွေ့ဆုံမေးမြန်းခန်း


အပိုင်း (၅) နိဂုံး
စည်းကမ်းပြည့်ဝ ဒီမိုကရေစီနှင့် လူတဦးချင်းအခွင့်အရေး


အခြေခံလူ့အခွင့်အရေးဆိုရာဝယ်

မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ၀င်နိုင်ငံတခုဖြစ်တာနဲ့အမျှ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာရမှာဖြစ်တယ်။ ဒါပေမယ့် နအဖဟာ အခြေခံဥပဒေသစ် ရေးဆွဲဖို့ကြိုးပမ်းရာမှာတော့ သူ့ရဲ့အခြေခံမူထဲမှာ လူသားတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေနဲ့ အခြေခံအခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်ဖို့ လုပ်ဆောင်တာဆိုပြီး ဘာမှမတွေ့ရပါဘူး။ မခိုင်မလုံနှင့် ဖမ်းဆီး ထိန်းသိမ်းခြင်းမှ လွတ်လပ်ဖို့နဲ့ တရားမျှတတဲ့ တရားစီရင်ပိုင်ခွင့်စတဲ့ နိုင်ငံတကာ သဘောတူစာချုပ်ရဲ့ ပုဒ်မ(၉) မှာ လူများအား လက်လွတ်စပယ် ဖမ်းဆီးထိန်းသိမ်းခြင်းမှ အကာအကွယ်ပေးထားပြီး တရား စီရင်နိုင်ရေး၊ အာဏာကျင့်သုံးနိုင်ခွင့်ပြုထားတဲ့ တရားသူကြီး ရှေ့မှောက်ကို အမြန်ဆုံးခေါ်ယူပြီး တရားစီရင်စစ်ဆေးရန် ပြဋ္ဌာန်းထားတယ်။

ဒါ့အပြင် ထိန်းသိမ်းခံရသူများက မိမိကို ဖမ်းဆီးထားတာကို ဥပဒေနဲ့ ညီမညီကို အချိန်နှောင့်နှေး အောင် ဆွဲမနေရဘဲ တရားရုံးမှာ အမှုကြားနားခွင့်လည်း ရကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အုပ်စိုးသူအစိုးရနဲ့ နိုင်ငံရေးအရ ဆန့်ကျင်ကွဲလွဲသူလို့ မသကာင်္ခံရရင်၊ ဆန္ဒပြရင် တရားဝင် နိုင်ငံရေး အဖွဲ့အစည်းပါတီဝင်တွေရဲ့ ဆွေမျိုးတော်နေရင်၊ မိတ်ဆွေဖြစ်လို့ ပေါင်းသင်းဆက်ဆံရင်တော့ အဲဒီလူဟာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတော့တာပါပဲ။

အဲဒီလို လက်လွတ်စပယ် ထိန်းသိမ်းမှုတွေဟာ စစ်အုပ်စုအဆက်ဆက်လက်ထက်မှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေရတော့တာပါပဲ။ ဒါကြောင့် နိုင်ငံသားတိုင်းကို အခြေခံဥပဒေအရ ကာကွယ်ပေး ထားဖို့လိုတယ်။ ဒါပေမယ့်လည်း စစ်အုပ်စုရဲ့ အခြေခံမူတွေထဲမှာတော့ ပြည်သူပြည်သား တဦးချင်းစီကို ဥပဒေမဲ့ ဖမ်ဆီးချုပ်နှောင်မှုတွေ လွတ်ကင်းအောင် အကာအကွယ်ပေးတဲ့မူရယ်လို့ တခုမှမရှိပါဘူး။ ဒါဟာ တမင်သက်သက် လျစ်လျုရှုထားတာပဲလို့ ပြောရမှာပဲ။

နောက်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန်ကာလ သတ်မှတ်ချက်အတွင်းမှာ ဘက်မလိုက်တဲ့ တရား စီရင်ရေးအဖွဲ့နဲ့ အမှုကိုကြားနာဖို့ ထည့်သွင်းထားတာကိုလည်း မတွေ့ရပြန်ပါဘူး။ ဒါကြောင့် နအဖ စစ်အုပ်စုရဲ့ အခြေခံမူတွေကိုကြည့်ရင် နိုင်ငံသားတွေအပေါ် လက်လွတ်စပယ် ဖမ်းဆီးထိန်းသိမ်း မှုတွေဟာ ဆက်ပြီးရှိနေမှာပဲဆိုတာနဲ့ တရားမျှတတဲ့ အမှုစစ်ဆေးရင်ဆိုင်ခွင့်ကိုလည်း ပြည်သူများက ရကြမှာမဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်

လောလောဆယ်အခြေအနေမှာ စစ်အုပ်စုဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေး အားလုံးကို အတင်းအကျပ်ချိုးဖောက်ပိတ်ပင်ထားပါတယ်။ အစိုးရရဲ့ပေါ်လစီကို ဆန့်ကျင်တဲ့ အရာမှန်သမျှကို ချိုးဖောက်ပိတ်ပင်တာပါ။ အစိုးရရဲ့ပေါ်လစီဆိုတာကလဲ စစ်အုပ်စုရဲ့ အာဏာ တည်မြဲရေးပဲဖြစ်ပါတယ်။

ချိုးဖောက်မှုတွေနဲ့ အရေးယူခြင်းခံကြရတာကတော့ နေရာတိုင်းမှာပါပဲ။ အထူးသဖြင့်ကတော့ စာနယ်ဇင်း၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်စတဲ့ အနုပညာနယ်ပယ်နဲ့ လူထုဆက်သွယ်ရေးတွေဖြစ်တဲ့ ဖုန်းတို့၊ ဖက်စ်တို့ စတဲ့နေရာတွေမှာ အဆိုးဝါးဆုံးပါပဲ။ အခုရေးဆွဲထားတဲ့ စစ်အုပ်စုရဲ့ အခြေခံ မူတွေထဲမှာလည်း လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ဘယ်လိုမှ ဖော်ပြပါရှိထားခြင်းမရှိပါဘူး။

လွတ်လပ်စွာဖွဲ့စည်းခွင့်

လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်ဆိုတာ လူတဦးချင်းနဲ့ဆိုင်သလို စုပေါင်းမှုနဲ့လည်း ဆိုင်ပါ တယ်။ ယုံကြည်ရာ၊ လုပ်ငန်းသဘောတူရာတွေစုပြီး လွတ်လပ်စွာ အသင်းဖွဲ့ခွင့်တွေရှိပါတယ်။ နအဖစစ်အုပ်စုရဲ့ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့လိုတော့ မဟုတ်ဘူးပေါ့။ အဲ့ဒါတွေက စစ်အုပ်စုရဲ့ ယုံကြည်ချက်ကို လုပ်ကိုင်ပေးဖို့ စုထားတဲ့ စစ်အုပ်စုရဲ့လက်ကိုင်ဒုတ် အဖွဲ့တွေဖြစ်လို့ပါပဲ။

နိုင်ငံတကာမှဆိုရင်လဲ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးတွေဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ဆိုတာ ရှိပါတယ်။ အဲဒီထဲက ပုဒ်မ (၈) မှာ ဘာပါလဲဆိုတာ ဗဟုသုတအဖြစ် ကြည့်ရအောင်။ ဘယ်သူမဆို အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်နဲ့ ကိုယ်ကြိုက်တဲ့သမဂ္ဂတွေမှာ ပါဝင်ခွင့်ရှိကြရပါတယ်။ ပြီးရင် အလုပ်သမားသမဂ္ဂတွေတိုင်းဟာ ဥပဒေအရပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေကလွဲရင် အဟန့်အတားမရှိဘဲ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရှိရမယ်လို့လည်း ဆိုထားပါတယ်။

နအဖရဲ့ အခု ရေးနေတဲ့အခြေခံမူထဲမှာတော့ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေကို နှုတ်ပိတ် ထားပါတယ်။ ကြည့်ရတာကတော့ အခြေခံလူ့အခွင့်အရေးတွေကို စစ်တပ်က ထပ်ပြီးဖိနှိပ်ထားဦး မယ်ဆိုတာပဲဖြစ်ပါတယ်။

လွတ်လပ်စွာ စုဝေးခွင့်

နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းထဲမှာ လူတိုင်းဟာငြိမ်းချမ်းစွာ စုဝေးခွင့်ရှိရမယ်လို့ ဆိုထားတယ်။ နောက်ပြီး အများပြည်သူနဲ့ နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်မှာလည်း အမျိုးသားလုံခြုံရေး၊ အများပြည်သူအန္တာရာယ် ကင်းရေး၊ အများ ပြည်သူအေးချမ်းသာယာရေး၊ အများပြည်သူ ကျန်းမာရေး၊ ကိုယ်ကျင့်တရားကို ကာကွယ် စောင့်ရှောက်ရေး ဒါမှမဟုတ် အခြားသူတွေရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကို ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သတ်ရင်သာ ဥပဒေနဲ့အညီ လွတ်လပ်စွာစုဝေးခွင့် အခွင့်အရေးနဲ့ ပတ်သက်ပြီး ကန့်သတ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် စစ်အုပ်စုကတော့ အခုရော နောင်ရောမှာပါ ဥပဒေနဲ့ ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ ၎င်းတို့ တားချင်၊ ဆီးချင်၊ ဖမ်းချင်၊ ပစ်ချင်တယ်ဆိုရင်တော့ ဘယ်လူစုလူဝေးနဲ့ စုဝေးမှုကိုပဲဖြစ်ဖြစ် နှိပ်ကွပ်မှာပဲ။ ဒီတော့ ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသနိုင်ရေးဆိုတာ ဘယ်တော့မှ ရလာနိုင်မယ့် အခွင့်အရေးမဟုတ်တော့ပါဘူး။

စစ်တပ်မှ တရားဝင်လူ့အခွင့်အရေးချိုးဖောက်ခွင့်လိုင်စင်

ဖွဲ့စည်းပုံအတွက် အခြေခံမူတွေကို ရေးဆွဲနေတဲ့သူကလည်း နအဖစစ်အုပ်စု ကိုယ်တိုင်ဖြစ်နေတော့ လက်ရှိ သူ့ရဲ့လုပ်ဆောင်နေမှုတွေကိုပဲ ပြန်ကြည့်ပြီး နေရပါတယ်။ ပုဂလိကပစ္စည်းပိုင်ဆိုင်ခွင့်ဆိုတာ ဒီစစ်အစိုးရ လက်အောက်မှာ လုံးဝမရှိဘူးလို့ တိတိကျကျပဲဖြေရမှာပါပဲ။ လယ်တွေကိုစိုက်ထားတဲ့ သီးနှံမရိတ်သိမ်းမှီမှာပဲ စစ်တပ်ကလိုလို့ သိမ်းမလား သိမ်းရဲ့။ ခြံတွေကိုဖျက်ခိုင်းရင်လည်း ဖျက်ပေး ရတာပါပဲ။ တရွာလုံး ပြောင်းရွှေ့မှုတွေ လုပ်မလား ရှိတာပါပဲ။ လူနေအိမ်တွေပေါ်တက်ပြီး အိမ်ရှင်က သဘောမကျလည်း စားစရာကစလို့ စစ်သားတွေဟာ ယူကြတာပါပဲ။

ဒီတော့ ချုပ်ပြောရရင်တော့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဆိုတာ စစ်အုပ်စုရဲ့ လက်အောက်မှာမရှိပါဘူး။ နောင်အတည်ပြုလာနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာလည်း ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့် ဆိုတာနဲ့ပတ်သက်လို့ တပိုဒ်မှ ထည့်သွင်းကာကွယ်ပေးထားတာ မတွေ့ရပါဘူး။ ကျွန်စနစ် ပပျောက်ရေးကို တကမ္ဘာလုံးရဲ့ တာဝန်ဝတ္တရားကြီးအဖြစ်နဲ့ လုပ်ဆောင်လာနေခဲ့တာ ကြာပါပြီ။

၁၉၅၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အဓမ္မလုပ်အားပေးစနစ်ဖျက်သိမ်းရေး သဘောတူစာချုပ်ဟာ နိုင်ငံ တကာ လက်ခံလိုက်နာနေတဲ့ စာချုပ်ပါ။ ဒါကို စစ်အုပ်စုကလဲလိုက်နာရမှာပါပဲ။ ဒါကို မလိုက်နာဘဲ စစ်အုပ်စုဟာ ပြည်သူလူထုကြီးကို အဓမ္မလုပ်အားပေးနည်းပေါင်းများစွာနဲ့ လုပ်ခိုင်းနေတာ ကြာပါပြီ၊ အဆိုးဆုံးက စစ်မြေပြင်မှာ ပေါ်တာခိုင်းခြင်းပါပဲ။ အဲဒီလိုလုပ်ခိုင်းနေတာကို နိုင်ငံတကာက သိတော့ စစ်အုပ်စုဟာ ထန်းလက်နဲ့ကာတဲ့ အဖြေပေးပြီး နိုင်ငံတကာမှာ မျက်နှာပြောင်တိုက်နေ ပါတယ်။

သေနတ်နဲ့ချိန်ပြီးခိုင်းနေတာကိုပင် မြန်မာ့ယဉ်ကျေးမှုအရ ပြည်သူလူထုကြီးက လုပ်အား ပေးနေ တာပါလို့ ဆိုနေတာပါပဲ။ အခုရေးထားတဲ့ အခြေခံမူဆိုရင် စစ်တပ်ဟာ ကာကွယ်ရေးဆိုင်ရာ ကိစ္စ တွေမှာ ပြည်သူလူထုကို ကြိုက်နှစ်သက်သလို အသုံးပြုခွင့်ရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီတော့ နောင်လာမယ့် ဖွဲ့စည်းပုံအသစ်အရဆိုရင် စစ်တပ်ဟာ ဥပဒေအရပြည်သူလူထုကို ပေါ်တာထမ်းခိုင်း တာပါလို့ တရားဝင်လုပ်ဆောင်မှာပါပဲ။

လူနည်းစုအခွင့်အရေး

လူနည်းစုအခွင့်အရေးများနဲ့ပတ်သက်လို့ အများပြည်သူနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ရဲ့ ပုဒ်မ (၂၇) မှာ ဘာဖော်ပြထားသလဲဆိုရင် “လူမျိုးအရ၊ ဘာသာ ရေးအရ၊ ဘာသာစကားအရ လူနည်းစုများတည်ရှိနေတဲ့နိုင်ငံများမှာ အဲ့ဒီလူမျိုးစုဝင်တွေအတွက် သူ့လူမျိုးစုအလိုက် အတူတကွ စုစည်းကာ သူတို့ရဲ့ယဉ်ကျေးမှု ဓလေ့ကျင့်သုံးခံစားခွင့်၊ သူတို့ရဲ့ ကိုယ်ပိုင်အယူဝါဒ ကိုးကွယ်ကျင့်ကြံခွင့်၊ ကိုယ်ပိုင်ဘာသာ စကားသုံးစွဲခွင့်တို့ကို မပိတ်ပင်ရဘူး” လို့ ဆိုထားပါတယ်။

ဒါက နိုင်ငံတကာက စံထားတဲ့ သဘောတူချက်ပါ။ ဒါတွေကို နအဖစစ်အုပ်စုရဲ့ ဖွဲ့စည်းပုံမူများထဲမှာ ဖော်ပြပါရှိဖို့ အဲဒီိအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လုံးဝမပါရှိပါဘူး။ ဒီတော့စစ်အုပ်စုအနေနဲ့ ဘာလုပ်ချင်သလဲဆိုတာ ရှင်းနေပါတယ်။ လူမျိုးစုတွေက သူတို့ရဲ့လူနည်းစုအခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်ဖို့ တောင်းဆိုလာရင် ဖိနှိပ်ပစ်မယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဖြစ်ပွားခဲ့ရတဲ့ ပြည်တွင်းစစ်ဟာ နှစ်ပေါင်း (၅၀) ကျော်ကြာခဲ့ရပြီး လူမျိုးစုံပြည်သူများက စစ်ရဲ့ဒဏ်ကိုကျောကော့အောင် ခံနေကြရတာပါပဲ။ အခုစစ်အုပ်စုအခြေခံမူအရ ဖြစ်လာမယ့်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ်ဟာလည်း အဲဒီလမ်းကိုပဲ ရွေးထားတာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့စည်းကမ်းပြည့်ဝဒီမိုကရေစီဆိုတာဘာလဲ

နအဖစစ်အုပ်စုရဲ့ ဒီမိုကရေစီ အယူအဆက “စည်းကမ်း” အယူအဆနဲ့တွဲထားပြီး လုံခြုံမှုရဲ့ အရေး ကြီးမှုကို အလေးပေးထားတယ်။ ဒီအတွက် လုံခြုံမှုဆိုတာကိုအဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုလာပါတယ်။ လုံခြုံမှုဆိုတဲ့ အနှစ်သာရကကော ဘာပါလဲ။ စစ်ကြောဖို့ ဖြစ်လာပါတယ်။ လူမှုဒဿန ပညာရှင် တဦးကတော့ လုံခြုံမှုကို ဖွင့်ဆိုရာတွင် လုံခြုံဆိုရာမှာ လူသားတဦးတွင် လုံခြုံမှုရှိနေပါက ပြည်တွင်း လုံခြုံရေးနဲ့ အစိုးရရဲ့ လုံခြုံရေး တို့အတွက် စိုးရိမ်စရာအန္တာရာယ်မကျရောက်နိုင်ပါဘူး။

ဒါကြောင့် လုံခြုံမှုဆိုတာ လူသားတဦးချင်း လုံခြုံမှုကိုသာ ဆိုလိုကြောင်း အဓိပ္ပါယ်သက်ရောက်ပါ တယ်။ ဒီတော့... မြန်မာပြည်ရဲ့ အခြေအနေအရ လူသားလုံခြုံမှုဆိုတာ ဘာပါလဲ။ အဓိပ္ပါယ်က ဘယ်လိုလဲ။ ငတ်မွတ်ဆင်းရဲခြင်းလျော့ပါးရေးကို ဆိုလိုတာလား။ ဒါမှမဟုတ် အစိုးရအဖွဲ့ရဲ့ လုံခြုံရေးကို ၀ိုင်းဝန်းမြှင့်တင်ရေးလား။ မေးစရာများ ရှိနေပါတော့တယ်။ တကယ်တော့ လုံခြုံမှုဆိုတာ လူသားဆိုင်ရာ လွတ်လပ်မှုနဲ့ ပြည့်ဝမှုများကို အထောက်အကူဖြစ်စေမယ့်နည်းတွေနဲ့ လူတွေရဲ့ဘ၀ကို ကာကွယ်စောင့်ရှောက်ခြင်းလို့ ဆိုရမယ်။

လုံခြုံမှုကို ပြည်သူတို့ရဲ့ခွန်အားနဲ့ မျှော်မှန်းချက်တွေအပေါ်မှာ တည်ဆောက်ကြရမှာဖြစ်တယ်။ လုံခြုံမှုဆိုတာ ပြည်သူလူထုအတွက် အသက်ရှင်ရပ်တည်နေထိုင်နိုင်မှု၊ အသက်မွေးဝမ်းကြောင်းနိုင်မှုနဲ့ လူ့ဂုဏ်သိက္ခာတို့ကို အာမခံမှုပေးနိုင်တဲ့နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ ယဉ်ကျေးမှုစနစ်တွေ ဖန်တီးထားတာကို ဆိုလိုတာဖြစ်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးများနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးတို့ကိုလည်း လေးစားလိုက်နာဖို့ ပါဝင်
ပါတယ်။ လူသားလုံခြုံမှုအတွက် အဓိက ဟန့်တားနှောင့်ယှက်စေတာကတော့ အကြမ်းဖက်မှုပဲဖြစ် ပါတယ်။ ဒီအတွက် မြန်မာပြည်ရဲ့အခြေအနေမှာ လုံခြုံမှုဆိုတာဟာ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ပြည်သူများကိုယ်တိုင်က ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိလာအောင် အရည် အသွေးစွမ်းရည်ဖြည့်ပေးနိုင်ဖို့ပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။

လွန်ခဲ့တဲ့ နှစ် (၄၀) လောက်အတွင်းမှာ ပြည်သူလူထုကို အရည်အသွေး စွမ်းရည်တိုးတက်လာ
အောင် ဖြည့်စွမ်းဆောင်ရွက်စေတဲ့ လုပ်ရပ်တွေ၊ လုပ်ဆောင်ချက်တွေဆိုတာ နည်းနည်းမှ မရှိခဲ့
ပါဘူး။ အဲဒီအတွက်လည်း မြန်မာပြည်သူလူထုဟာ ယုံကြည်မှုနည်းလာကြပြီး စုပေါင်းလုပ်ကိုင် ဆောင်ရွက်ကြဖို့ကို ကြောက်လန့်စိုးရွံ့လာခဲ့ကြတော့တာပါပဲ။

ဒီအခြေများဆီမှနေ၍ ပြည်သူလူထုကြီးရဲ့ စွမ်းဆောင်ရည်အရည်အသွေးများ ပြည့်မီလာဖို့ဆိုရင် အနာဂတ်မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အတိုက်အခံများအတွက် လွတ်လပ်တဲ့ နေရာများရှိရပါမယ်။ အဲဒီနေရာတွေဟာ အစိုးရနဲ့ အစိုးရကို လိုလားတဲ့သူတွေရဲ့ ၀င်ရောက်ချုပ်ကိုင်မှု ကင်းလွတ်ရမှာဖြစ်သလို အောက်ခြေလူထုအဖွဲ့အစည်းများနဲ့ လူထုတွေအကြားမှာ လွတ်လပ်စွာဆွေးနွေး အငြင်းအခုံတွေ လုပ်နိုင်ဖို့ကိုလည်း ခွင့်ပြုပြီး အားပေးရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေကို “စည်းကမ်း” ဆိုတဲ့ အကြောင်းပြချက်ကြီးပြပြီး မပိတ်ပင်ရပါဘူး။

နောက်တခုက နအဖစစ်အုပ်စုခေါင်းဆောင်တွေကိုယ်တိုင်က နိုင်ငံတော် လုံခြုံရေးအစီအစဉ်ထဲမှာ လူသားလုံခြုံမှု အတွေးအခေါ် အယူအဆကို သဘောမပေါက် နားမလည်ခြင်းဘဲဖြစ်ပါတယ်။ ပိုလို့ ဆိုးတာက လူသားလုံခြုံမှုဆိုတာ လူသားတဦးချင်း၏ လွတ်လပ်မှုအား ပိုမိုခွင့်ပြု ကျင့်သုံးနေ တယ်ဆိုတာကို စစ်အုပ်စုက လုံးဝသဘောမပေါက်တာဘဲဖြစ်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ တကယ်တော့ လုံခြုံမှုအစီအစဉ်ဆိုတာဟာ ပြည်သူလူထုကသာ ဖန်တီးချမှတ်ကြရမှာဖြစ်တဲ့အတွက် စစ်အုပ်စုအနေနဲ့ အာဏာကို လက်ဝါးကြီး အုပ်မထားသင့်ပါဘူး။

ဒါပေမယ့် စစ်အုပ်စုဟာ မြန်မာပြည်သူတွေကို မလှုပ်နိုင်အောင် လုပ်ထားတယ်။ ဒီအတွက် စစ်တပ်ရဲ့ နိုင်ငံတော်လုံခြုံရေး သဘောတရားဟာ နိုင်ငံအတွင်း ပျက်စီးခြင်းမျိုးစုံကိုသာ ဖြစ်ပေါ် လာစေခဲ့ပါတယ်။ ပြည်သူတို့ ဆင်းရဲတွင်းနက်ခဲ့ကြပြီး တချိန်လုံး မတည်မငြိမ်ဖြစ်မှု အခြေအနေ တွေကိုသာ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီနောက်မှာတော့ အခြေခံမူလအခွင့်အရေးများ ဖောက်ဖျက် လာခဲ့ပြီး လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေမှုတွေကသာ ကြီးစိုး၍နေတော့တာပါပဲ။ ။
----------------------------------------------------
ရည်ညွှန်း
  • အမျိုးသားညီလာခံနှင့်စပ်လျဉ်း၍ သုံးသပ်ချက်အကျဉ်း (မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ထုတ်ဝေသည့် အခြေခံဥပဒေရေးရာစာစောင် အမှတ် (၁၈) ၂၀၀၄ ဧပြီ)
  • NDD မှ အပတ်စဉ်ပြည်တွင်းသတင်းသုံးသပ်ချက် (အမှတ်စဉ် -၂၈၄)
  • မြန်မာ့အလင်းသတင်းစာ (၂၀၀၅၊ မတ်လ ၇၊ ၈၊ ၉ ရက်နေ့)


Read More...

ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ညီမျှမှု ဆိတ်သုဉ်းခြင်း

Lack of Democracy, Lack of Equality

န၀တ အမျိုးသားညီလာခံမှ ချမှတ်သည့် အခြေခံဥပဒေ မူများ အပေါ် နိုင်ငံရေးသုံးသပ်ချက်
ရေးသားသူ - မြန်မာနိုင်ငံ ရှေ့နေများကောင်စီ
အောက်တိုဘာ ၁၉၉၅

ဖိုင်ရယူရန်

Read More...

ယခင်တည်ရှိခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေများ

Read More...

ဦးအောင်ထူး၏ ဆွေးနွေးချက်များ

ဒီမိုကရက်တစ် မြန်မာ့အသံတွင် ဖော်ပြထားသော ဦးအောင်ထူး၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြပါသည်။


Read More...